အပိုင်း ၆၈
Viewers 10k

Chapter 68



ဝေ့ရွှယ်ချူး မျက်မှောင်ကြုတ်လိုက်သည်။ သူမက တစ်ဖက်လူပြောသည်ကို နားမလည်ချေ။

ဝူစူးက ဆက်ပြောလာခဲ့၏။

“အဲဒါက အေ့စ်နောက်ကိုလိုက်လာပြီးတော့ ကျွန်တော်တို့ မကောင်းဆိုးဝါးတွေကို ဖြေရှင်းတဲ့နေရာမှာ ကူညီပေးခဲ့တာ…တစ်ဝက်လောက်က သူ့ကြောင့် ကိစ္စတုံးသွားခဲ့တာပဲ…”

ဝေ့ရွှယ်ချူး : “အိုး…ဟမ်…”

ဝူစူးက ခေါင်းညှိတ်ကာ သက်ပြင်းချလိုက်သည်။ “ခုနက အကောင်ပဲလို့ ကျွန်တော်ထင်တယ်…”

ထိုနေ့က သွေးအရိုးငါးကို တွေ့လိုက်သော အခြားအသင်းဝင်များသည်လည်း ခေါင်းညှိတ်လိုက်ကြသည်။

သူမ မျက်ဝန်းများက ဝိုင်းစက်သွားခဲ့၏။ “ဒါပေမယ့်…”

ဝူစူး၏ အမူအရာက ပို၍ပင် ရှုပ်ထွေးလာခဲ့သည်။ “ကောလဟာလတွေအကြောင်း ကြားပြီးပြီလား…”

ကောလဟာလများအရ အေ့စ်သည် ဂိမ်းကို ရှင်းလင်းပြီးသည့်နောက် တစ္ဆေဘုရင်အား စွန့်ပစ်ခဲ့သည်ဟု ဆိုကြသည်။ ထို့ကြောင့် ကျီရွှမ်က အေ့စ်၏ အချက်အလက်အတွက် ဆုကြေးများစွာ ထုတ်ထားခဲ့ခြင်းဖြစ်၏။ သူက လက်စားချေချင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြသည်။

ဝေ့ရွှယ်ချူး : “အဲဒါက ကောလဟာလတွေပါ…”

ဝူစူး သက်ပြင်းချလိုက်သည်။ “ကျွန်တော်လည်း အစက အဲဒီ့လိုပဲထင်တာ…”

ဝေ့ရွှယ်ချူး : “အစကလား…”

ဝူစူး : “အရင်က တစ္ဆေတော်တော်များများ ဖမ်းပြီးတော့ ဂိမ်းပျက်စီးသွားတာတောင် hatred leaderboard ကရှိနေတုန်းဆိုတာ ကျွန်တော် သူတို့ဆီကနေ သိလိုက်ရတယ်…အေ့စ်က အမှတ်စဉ်ပြဇယားမှာ ရှိနေတုန်းပဲ…ဒါပေမယ့် ရုတ်တရက် အေ့စ်နာမည်ကို ဖြုတ်ချလိုက်တယ်လေ…ကြည့်ရတာ အဲဒီ့လို ဖြုတ်ချလိုက်တာက တစ္ဆေဘုရင်ကျီရွှမ် ဖြစ်တဲ့ပုံပဲ…”

ဝေ့ရွှယ်ချူး : “…”

ဝူစူးက ဝေ့ရွှယ်ချူး၏ ပုခုံးကိုပုတ်ကာ သက်ပြင်းချလိုက်သည်။ 

“ဝန်ခံတဲ့ ကိစ္စကို ပြောပါတယ်…ခင်ဗျား မေ့လိုက်တာပိုကောင်းမယ်နော်…”

ဝေ့ရွှယ်ချူး : “…”



ကျီရွှမ်၏ ခဏ ဟူသောအချိန်သည် နောက်တစ်နေ့အထိပင် ကြာမြင့်သွားလိမ့်မည်ဟု ယဲ့ကျား မမျှော်လင့်ထားခဲ့ချေ။

သူ့ခေါင်းအုံးအောက်ရှိဖုန်းက နှစ်ကြိမ် တုန်ခါလာခဲ့သည်။

သူက မျက်ဝန်းများကိုဖွင့်ကာ ဖုန်းဖွင့်ကြည့်လိုက်၏။

ကျီရွှမ်၏ စာက ရောက်ရှိလာခဲ့သည်။

“တွေ့ပြီ…”

သူက လိပ်စာပို့လိုက်ခြင်းဖြစ်သည်။ ထိုနောက်တွင် ကပ်လျှက်ပါလာသည်က လူတစ်ဦးခုန်နေသည့် အီမိုဂျီပုံ ဖြစ်၏။

ယဲ့ကျား : “…”

သူ့လက်ချောင်းများက စခရင်ထက်တွင် စက္ကန့်အတော်ကြာ ရပ်တန့်နေခဲ့သည်။ ထို့နောက် ရိုးရှင်းသော စကားလုံးကိုသာ ပြန်ရိုက်လိုက်၏၊၊

“နားလည်ပြီ…”

ကျီရွှမ်က ထိုစကားစုလေးကို ခဏကြာသည်အထိ ကြည့်နေမိသည်။ သူ့နှုတ်ခမ်းထောင့်များက မြင့်တက်လာခဲ့ရ၏။

သူက စခရင်ရှော့ရိုက်ကာ သိမ်းထားလိုက်လေသည်။

ကျီရွှမ်က သူ့နံဘေးတွင် ထိုင်လျှက်ရှိနေသော အရုပ်ကလေးဘက်သို့ လှည့်လိုက်သည်။ သူက အရုပ်ကလေးကို ညှင်သာစွာပုတ်ရင်း ကြက်သွေးရောင် မျက်ဝန်းများက အပြုံးဖြင့်ကျဉ်းမြောင်းသွားခဲ့ရလေသည်။

--ကောကော…ဒါကျွန်တော့်ကို ပထမဆုံး စာပို့တာပဲ…

ဘယ်လောက်တောင် ကောင်းလိုက်သလဲ…

အခြားတစ်ဖက်တွင်…

ယဲ့ကျားစာပြန်နေကြောင်း တွေ့ချိန်၌ လက်မဲလေးက တစ်ဖက်လူ ဖုန်းချလိုက်သည်နှင့် အနားသို့ တစ်လက်မချင်း ချဉ်းကပ်လာခဲ့သည်။

ဖုန်းပေါ်ရှိ ပြန်စာကို တွေ့သောအခါ ၎င်း၏အမူအရာက စိတ်ဓာတ်ကျသွားသကဲ့သို့ ဖြစ်သွားခဲ့၏။

“အာ…ကင်းနဲ့ထပ်တွေ့မလို့လား…”

ယဲ့ကျားက မျက်ခုံးပင့်လိုက်သည်။ “ဘာဖြစ်လို့လဲ…”

လက်မဲလေး၏ အသံက တိမ်ဝင်သွားခဲ့၏။

“ကင်းကို အားလုံးကြောက်တာပဲလေ…”

ယဲ့ကျား မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ “သူမင်းကို ခြိမ်းခြောက်ခဲ့လို့လား…”

လက်မဲလေး : “…”

သူ၏မျက်ဝန်းများက မျက်ရည်များဖြင့် ပြည့်နှက်လာခဲ့သည်။ သူက တကယ့်ကို ခေါင်းညှိတ်ပြလိုက်ချင်၏။

--ဟုတ်တယ်…သူကျွန်တော့်ကို ခြိမ်းခြောက်ခဲ့တာ…ကျွန်တော့်အနံ့ကို သခင့်ကိုယ်ပေါ်မှာရတာနဲ့ ကျွန်တော့်ကို သတ်ပစ်မယ်တဲ့…

သို့သော် လက်မဲလေးက ယဲ့ကျားနှင့် ချည်နှောင်ထားခြင်းဖြစ်ရာ ခပ်ဝေးဝေးတွင် နေ၍မရချေ။ ထို့ကြောင့် ကျီရွှမ်အား ရှောင်ရှားရန်သာ သူတတ်နိုင်လေသည်။ တစ်ဖက်လူ သူ့ကိုမမြင်သရွေ့ ခြိမ်းခြောက်မှု အမှန်တကယ်မရှိဟု သတ်မှတ်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် လက်မဲလေးသည် ရေခဲလွှာပါးပါးပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ နေ့ရက်တိုင်းကို အထိတ်ထိတ်အလန့်လန့်ဖြင့် ဖြတ်သန်းနေရရှာ၏။ သို့သော် သူက ထိုကိစ္စအား ယဲ့ကျားထံ ပြန်မတိုင်ဝံ့ချေ။

“မဟုတ်…မဟုတ်ပါဘူး…”

ယဲ့ကျား ခေါင်းညှိတ်လိုက်သည်။

“ငါသူနဲ့ ပြောလိုက်မယ်…”

လက်မဲလေးက မျက်ရည်များ ကျဆင်းလာခဲ့၏။

--ဝါး…မာမားက အကောင်းဆုံးပဲ…

ယဲ့ကျားက တစ်စုံတစ်ခုကို ရုတ်တရက်တွေးမိသွားကာ မေးမြန်းလိုက်၏။

“စကားမစပ်…မင်းခုရက်ပိုင်း နောက်ကျတဲ့အထိ ဂိမ်းဆော့တာ မမြင်မိသလိုပဲ…”

အတိတ်က လက်မဲလေး အားလပ်သည်နှင့် ဖုန်းပေါ်ရှိ ဂိမ်းများကို ဆော့ကစားလေ့ရှိသည်။ ယဲ့ကျား အလွန်အလုပ်များနေခဲ့သဖြင့် ယခုမှသာ ဂိမ်းဆော့သည့် အသံများ တိတ်ဆိတ်နေကြောင်း သတိပြုမိခြင်းဖြစ်၏။ သို့သော် လက်မဲလေး၏ ဖုန်းသုံးချိန်ကမူ အရင်ကထက် အနည်းငယ်ပင် လျော့ကျမသွားခဲ့ချေ။

တစ်ခါတစ်ရံ သူက တခစ်ခစ်ရယ်နေသည်ကိုပင် ယဲ့ကျားတွေ့မိသေးသည်။

တစ်ခုခုတော့ မှားနေပြီ…

လက်မဲလေးက ရုတ်တရက်ဆိုသလို အပြစ်ရှိစိတ်ဖြင့် ဖုန်းကိုဖွက်လိုက်သည်။

“ဟား…ဟား…ဘာမှမဟုတ်ပါဘူး…ဒီတိုင်း လျှောက်ကြည့်နေရုံပါ…”

အနောက်ဘက်ရှိ ဖုန်းစခရင်က လင်းနေဆဲဖြစ်သည်။

စခရင်ပေါ်တွင် မြင်နေရသည်မှာ “တစ္ဆေနှင့် လက်ထပ်ခြင်း : ယုံကြည်မှုလွန်ကဲနေတဲ့ တစ္ဆေဘုရင်က ငါနဲ့ချစ်ကျွမ်းဝင်သွားတယ်” ၅၂ ရာခိုင်နှုန်းဖတ်ရှုပြီး။

လာမည့်နောက်ဆက်တွဲ အခန်း : တစ္ဆေကလေးလေးအား ကိုယ်ဝန်ဆောင်ရခြင်း။

ယဲ့ကျားက မျက်ဝန်းများကို မှေးကျဉ်းကာ မယုံနိုင်သလို ကြည့်လိုက်သည်။

မေ့လိုက်တော့…အရင်ကလို ပိုက်ဆံမဖြုန်းသရွေ့ လုပ်ချင်တာသာလုပ်…

ယဲ့ကျားက အကြည့်လွှဲလိုက်ပြီးနောက် သူ့အင်္ကျီများကိုဝတ်ကာ အပြင်သွားရန် ပြင်လိုက်သည်။

အပြင်မသွားခင် သူက လက်မဲလေးကို ပြန်ကြည့်လိုက်၏။

“မင်း လူသားကမ္ဘာအကြောင်း တော်တော်လေး သိပြီမဟုတ်လား…”

ဖုန်းနှင့်ပတ်သတ်သည့် ကိစ္စအား ဒီအတိုင်း လွှတ်ပေးလိုက်သဖြင့် လက်မဲလေးက သက်ပြင်းချကာ ရင်ကော့၍ဖြေလိုက်သည်။

“ဒါပေါ့…”

ယဲ့ကျားက မေးလာခဲ့၏။

“ဒါဆို ကလေးတွေ ဘာကြောက်တတ်လဲ သိလား…”

“အသက်ဘယ်လောက်လဲ…”

ယဲ့ကျားက ခဏတွေးလိုက်ကာ ဖြည်းညှင်းစွာ ဆိုလာခဲ့သည်။

“သဏ္ဍာန်ပြောင်း အရုပ်တွေနဲ့ ဆော့ရတာကြိုက်တဲ့ အရွယ်လောက်ပေါ့…”



ဗျူရိုတွင် ဖြစ်သည်။


ဝူစူးက ပျင်းရိစွာဖြင့် သန်းဝေလိုက်၏။

ချန်ချဲ့ကျီ တိုက်ခိုက်ခံရချိန်မှစ၍ သူက တိုက်ပွဲအတွေ့အကြုံ နည်းပါးသည့် အလုပ်သမားများအား အင်တာဗျူးရန် လွှတ်မထားရဲတော့ပဲ ရုံးသို့လာကာ အခြေအနေအား စောင့်ကြည့်နေရလေသည်။

ယနေ့တွင်လည်း သူက အလုပ်သမားကောင်းများ ရှိလိုရှိငြား လာရောက်၍ စစ်ဆေးခြင်းဖြစ်သည်။

သို့ရာတွင် လူအများအပြားကို အင်တာဗျူးပြီးချိန်အထိ သင့်တော်သည့်လူ အနည်းငယ်ကိုသာ ရှာတွေ့ခဲ့၏။

ဝူစူးက မျက်ဝန်းထောင့်ရှိ မျက်ရည်များကို သုတ်လိုက်သည်။ သူက သူ့ဆုံးဖြတ်ချက်ကို နောင်တရနေပြီဖြစ်၏။

အရမ်းပျင်းဖို့ကောင်းတာပဲ…ဝေ့ရွှယ်ချူးနဲ့ ရင်ဆိုင်ရတာမှ ပိုကောင်းဦးမယ်…

သူထွက်သွားရန် ပြင်ချိန်မှာပင် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးက ရုံးထဲသို့ လျှောက်လာခဲ့သည်။

သူ၏ အသွင်အပြင်များမှာ သာမန်သာဖြစ်သော်လည်း အမူအရာကမူ တောင့်တင်းနေ၏။ အနောက်တိုင်းဝတ်စုံက သူနှင့်ကွက်တိကျမနေခဲ့ချေ။ ထို့အပြင် အနက်ရောင်ကိုင်းနှင့် မျက်မှန်ကိုလည်း တပ်ဆင်ထားခဲ့လေသည်။

ထိုအမျိုးသားက သူ၏ ကိုယ်ရေးအကျဉ်းကို စားပွဲပေါ်သို့ တလေးတစားဖြင့် တင်လိုက်ကာ ညှင်သာစွာတွန်းပို့လိုက်ရင်း စားပွဲတစ်ဖက်စွန်းတွင် ထိုင်လိုက်၏။

ဝူစူးက ကိုယ်ရေးအကျဉ်းကို လှန်ကြည့်လိုက်သည်။

ဂုဏ်သတင်းကြီးတဲ့ တက္ကသိုလ်ကနေ ဘွဲ့ရထားတယ်…ဒီဇိုင်နာလုပ်တယ်…ဆုတွေအများကြီး ရထားတယ်ပေါ့…

အရာအားလုံးက ပုံမှန်ပင်ဖြစ်သည်။

ဝူစူးက ပါဝင်သည့် အကြောင်းအရာများကို အကြမ်းဖျဉ်း လိုက်ဖတ်လိုက်ကာ နောက်ဆုံး စာကြောင်းတွင် ရပ်တန့်သွားခဲ့သည်။

သဘာဝလွန်ဖြစ်ရပ်များနှင့် ကြုံတွေ့ဖူးခြင်းရှိမရှိ မေးခွန်းတွင် ထိုသူက ကြုံတွေ့ဖူးသည် ဟူ၍ အမှန်ခြစ်ထည့်ထားလေသည်။

ဝူစူးက အနည်းငယ် အံ့ဩသွားခဲ့သည်။ သူက ခေါင်းမော့ကာ စိတ်ဝင်တစား မေးမြန်းလိုက်သည်။

“ဘယ်လို သဘာဝလွန်အဖြစ်အပျက်မျိုးကို ကြုံခဲ့ဖူးတာလဲ…”

အမျိုးသား၏ အမူအရာက တောင့်တင်းသွားခဲ့ပြန်၏။ သူက ခုံကို စားပွဲနားသို့ ရွှေ့လိုက်ကာ တီးတိုးဆိုလာခဲ့သည်။

“ကျွန်တော် ဂိမ်းထဲဝင်ပါဖူးတယ်…”

ဝူစူး : “…”

အမျိုးသားက ဆက်ပြောလာသည်၊၊ “ကျွန်တော့်နာမည်က ရက်ဒ်(Red) လေ…”

ဝူစူး : “…”

သောက်ကျိုးနည်း…

အမှတ်ပေးဇယားက ဆယ်ဦးမြောက် ရက်ဒ်လား…

သူ့ရှေ့ရှိလူက အနက်ရောင်မျက်မှန်ကိုင်းကို ပင့်မလိုက်ရင်း သတိကြီးစွာ မေးမြန်းလာခဲ့သည်။

“အေ့စ်က ဒီမှာလား…”

ဝူစူး၏ အမူအရာက ဗလာဖြစ်သွားခဲ့၏။ သူက မေးလိုက်သည်။

“ဘာ…ဘာလို့ သူ့ကိုလိုက်ရှာနေတာလဲ…”

ရက်ဒ်က နှုတ်ခမ်းအသာကိုက်ကာ ရှက်ရွံ့စွာ ပြုံးလိုက်၏။ “လက်စားချေမလို့…”



သတင်းကြားရပြီး မကြာခင်မှာပင် ယဲ့ကျားက ကျီရွှမ်ပို့လိုက်သည့် တည်နေရာသို့ ရောက်ရှိလာခဲ့သည်။

၎င်းမှာ မြို့ဆင်ခြေဖုံးအနီးတွင်ရှိသည့် ဗီလာတစ်ခုဖြစ်ပြီး အနီးတဝိုက်တွင် လူအနည်းငယ်သာ နေထိုင်ကြ၏။

သူ တစ္ဆေပိုင်နက်အတွင်းမှ ထွက်ပြီးသည်နှင့် ရင်းနှီးနေသော ယင်စွမ်းအင်ကို ခံစားလိုက်ရသည်။

ကျီရွှမ်က ခပ်လှမ်းလှမ်းတွင် သူ့ကိုစောင့်နေလေသည်။

သူက ယဲ့ကျားအား ဗီလာတစ်ခုထံသို့ ခေါ်လာခဲ့ခြင်း ဖြစ်လေသည်။

ဗီလာအတွင်းပိုင်းက ယင်စွမ်းအင်ဖြင့် ပြောင်းလဲခံထားရကာ အပြင်ဘက်မှ မြင်ရသည်ထက် နှစ်ဆပိုမိုကျယ်ဝန်းလေသည်။ နေရာအတွင်းရှိ စင်များပေါ်တွင် နာကျင်မှု၊ ကြောက်ရွံ့မှု အစရှိသည့် တွန့်လိမ်နေသော မျက်နှာအမူအရာများဖြင့် အရုပ်အရွယ်အစားများစွာ ရှိနေခဲ့သည်။

အခန်းအလယ်တွင် ထိုင်ခုံတစ်ခုံသာ ချထားခဲ့သည်။

ရုပ်သေးသခင်အား ထိုထိုင်ခုံပေါ်၌ ချည်နှောင်ထား၏။ သူ၏ သေးငယ်သော မျက်နှာလေးက ရက်စက်မှုများဖြင့် ရှုံ့တွနေခဲ့ကာ သူ၏မျက်ဝန်းနက်များ၌မူ ကလေးပုံစံနှင့် မလိုက်ဖက်လှသော အမုန်းတရားများ ပျော်ဝင်လျှက်ရှိလေသည်။

ကျီရွှမ်က လက်ဆစ်များကို ချိုးလိုက်သည်။

“ငါမင်းကို အရေခွံခွာ…” ရုပ်သေးသခင်က ကလေးဆန်သော အသံကလေးဖြင့် ကျိန်စာတိုက်လိုက်သည်။

ကျီရွှမ်က မျက်ဝန်းများကို အေးစက်စွာ မှေးကျဉ်းလိုက်သည်။

နောက်တစ်စက္ကန့်တွင် ရုပ်သေးသခင်၏ အသံက မမြင်နိုင်သောအရာတစ်ခု၏ ပိတ်ဆို့ခြင်းခံလိုက်ရကာ ဝူးဝူးဝါးဝါးအသံများသာ ထွက်လာခဲ့လေသည်။

ယဲ့ကျား ပြုံးလိုက်မိ၏။

“ပုံမှန်အတိုင်း ပြောလို့ရပြီလား…”

ရုပ်သေးသခင်က သူတို့နှစ်ဦးအား မှောင်မိုက်စွာ စိုက်ကြည့်လိုက်သည်။ သို့သော် သူ၏ အခြေအနေက မဟန်သည့်အလျှောက် ဒေါသများကို ပြန်လည်ရုတ်သိမ်းကာ ခေါင်းညှိတ်လိုက်ရသည်။

အဆုံးသတ်တွင် သူ့အား ချုပ်နှောင်ထားသည့် အရာက ပြေလျော့သွားခဲ့၏။

ရုပ်သေးသခင်က ချောင်းတဟွတ်ဟွတ်ဆိုးပြီးနောက် ကလေးဆန်သော အသံလေးဖြင့် ဆိုလာခဲ့သည်။

“မင်းတို့ ဘာလုပ်ချင်နေမှန်း ငါသိတယ်…ငါ့ရဲ့ စုဆောင်းမှုတွေနဲ့ ခြိမ်းခြောက်ဖို့ ပြောနေတာမလား…ငါ့အတွက် အဲဒါတွေအားလုံးက တန်ဖိုးရှိတယ်ဆိုတာ ငါဝန်ခံပါတယါ…ဒါပေမယ့် ငါအမေ့ကို သစ္စာဖောက်မှာမဟုတ်ဘူး…ဒီတော့ မင်းတို့အဲဒါတွေကို ဘယ်လိုပဲ ဖျက်ဆီးဆီး ဘာမှအသုံးမဝင်ဘူး…”

သူက ထိုသို့ဆိုနေသော်ငြား ပတ်ဝန်းကျင်ရှိ စင်များကိုမူ ကြည့်မနေခဲ့ချေ။ အကယ်၍ ကြည့်လိုက်မိပါက သူရင်နာလာ၍ ဖြစ်သည်။

ယဲ့ကျား၏ ပယင်းရောင်မျက်ဝန်းများက နူးညံ့သောအလင်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

“ငါတို့ မင်းအရုပ်တွေကို မထိပါဘူး…”

ရုပ်သေးသခင် : “…”

ယဲ့ကျားက ကြင်နာစွာ ဆိုလာ၏။ “မင်းအရုပ် ဖျက်ဆီးခံရမလားဆိုတာ မင်းပဲ ဆုံးဖြတ်ရမှာပါ…”
 
ရုပ်သေးသခင် : “…”

မကြာခင်မှာပင် သူ့ရှေ့ရှိလူရွယ်က သူ၏လက်ချောင်းများကို ယှက်နွယ်လိုက်သည်။

လက်မဲလေးတစ်ဖက်က ရုပ်သေးသခင်၏ ရှေ့သို့ ပစ္စည်းများစွာကို ပစ်ထုတ်လိုက်သဖြင့် လေထဲတွင် ဖုန်များပင် ထသွားခဲ့ရသည်။

ရုပ်သေးသခင်က သူ့ရှေ့ရှိ ပစ္စည်းများကို ငုံ့ကြည့်လိုက်၏။ သူ့မျက်နှာသေးသေးလေးက ရယ်စရာကောင်းလောက်အောင် ရှုံ့တွသွားခဲ့သည်။

ဒါက…ဒါကဘာလဲ…

“အက္ခရာသင်္ချာ : အခြေခံမှ ရှုပ်ထွေးသော အယူအဆများအထိ” “အဆင့်မြင့် သင်္ချာ” “ပေါင်းစပ်ခြင်း အယူအဆများ”

သူက တစ်လုံးချင်းစီကို ရှင်းရှင်းလင်းလင်း ကြားလိုက်သော်လည်း မည်သည့်အရာကိုပြောမှန်း နားမလည်ခဲ့ချေ။

“ဂိမ်းဆော့ရအောင်…ငါမင်းကို မင်းတန်ဖိုးထားရတဲ့ စုဆောင်းမှုတွေကို ကာကွယ်နိုင်မယ့် အခွင့်အရေးပေးမယ်…”

ယဲ့ကျားက ခပ်ဖွဖွရယ်လိုက်သည်။

“ဂိမ်းရဲ့ စည်းမျဉ်းတွေက ရိုးရှင်းပါတယ်…၂၄ နာရီကြာတာနဲ့ စာမေးပွဲဖြေရုံပဲ…အဖြေမှားတစ်ခုချင်းအတွက် အရုပ်တစ်ရုပ်ကို ဖျက်ဆီးပစ်မှာ ဖြစ်ပြီးတော့ အဖြေမှန်တစ်ခုချင်းအတွက် အရုပ်တစ်ရုပ်ကို ကယ်ဆယ်ခွင့်ရမယ်…”

ရုပ်သေးသခင်က ပုံနှိပ်စာအုပ်များကို ငုံ့ကြည့်လိုက်ပြီးနောက် သူ့ရှေ့တွင် ရပ်နေသော လူနှစ်ဦးကို ကြည့်လိုက်မိသည်။ သူက စိတ်လှုပ်ရှားနေပြီး တစ်ချိန်ထဲတွင် ဝေခွဲမရဖြစ်နေပုံ ရ၏။ ထို့ကြောင့် ဂရုတစိုက်မေးလိုက်သည်။

“ဒီတော့ မင်းတကယ်ပဲ ငါ့အရုပ်တွေကို ဘာမှမလုပ်ဘူးပေါ့…”

ရုပ်သေးသခင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

သို့သော် သူက စိတ်လှုပ်ရှားနေမှုကို ချုပ်တည်းကာ တည်ငြိမ်ယောင် ဆောင်နေဆဲဖြစ်သည်။

သူက တစ်ဖက်လူသည် သူ့အရုပ်များကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လိမ့်မည်ဟု တွေးထင်ထားခဲ့ခြင်း ဖြစ်သည်။

ရုပ်သေးသခင်က အမေ့အပေါ် သစ္စာရှိသော်လည်း အရုပ်များ ဖျက်ဆီးခံရခြင်းက သူ့နှလုံးသားကို နာကျင်စေမြဲ ဖြစ်လေသည်။

ထိုနှစ်ယောက်က တုံးအစွာဖြင့် စာမေးပွဲကိုသုံးကာ သူ့အား စိန်ခေါ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

“ဟီးဟီးဟီး…” ရုပ်သေးသခင်က လှောင်ပြောင်လိုက်သည်။ “မင်းတို့နှစ်ယောက်က ရွေးချယ်မှုမှားသွားပြီ…ဒါပေမယ့် ရပါတယ်…မင်းတို့ ငါ့အရုပ်တွေကို မထိသရွေ့ ငါမင်းတို့နဲ့ ဒီဂိမ်းကို ဆော့ပေးမှာပါ…”

ယဲ့ကျားက ကျီရွှမ်အား ကြည့်လိုက်သည်။ “မင်းဒီနေရာကို မင်းရဲ့တစ္ဆေပိုင်နက်ထဲ ထည့်ထားတာဆိုတော့ အချိန်စီးဆင်းမှုကိုလည်း ထိန်းချုပ်နိုင်တယ်မဟုတ်လား…”

ကျီရွှမ်၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားခဲ့သည်။ “ဒါပေါ့…”

ယဲ့ကျားက သဘောကောင်းစွာဖြင့် ဆိုလာခဲ့၏။ “ဒါဆို နှစ်ဝက်ကနေ စလိုက်ကြရအောင်…”


.......


အခန်းက လုံးဝတိတ်ဆိတ်သွားခဲ့သည်။

ဝူစူးက သူနားကြားလွဲသည်ဟု သံသယရှိသွားခဲ့သည်။ သူက မျက်တောင်နှစ်ကြိမ်ခတ်ကာ ထပ်မေးလိုက်၏။

“အမ်…အခုဘာပြောလိုက်တာလဲ…”

သူ့ရှေ့တွင် ထိုင်နေသည့် အမျိုးသားက မျက်မှန်ကို ပင့်မလျှက် စိတ်ရှည်စွာ ပြန်ဖြေလာခဲ့သည်။  “လက်စားချေမလို့ပါ…..”

ဝူစူး: “……..”

သူက ဘာလုပ်သင့်လဲ…

သူဘာလုပ်ရမည်မသိ ဖြစ်နေစဉ်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။

တံခါး သုံးချက်ခေါက်သံက အခန်းတွင်းရှိ ကြောင်တောင်တောင် အခြေအနေအား ပြောင်းပြန်လှန်လိုက်၏။ ဝူစူးက လျှင်မြန်စွာ အော်လိုက်သည်။

“ဝင်ခဲ့ပါ…”

အရောင်ဖျော့ဖျော့ ဆံနွယ်များနှင့် ပယင်းရောင်မျက်ဝန်းများ ရှိသော အမျိုးသားက စာရွက်အထပ်လိုက်ကို ကိုင်လျှက် အခန်းတွင်းသို့ ဝင်လာခဲ့သည်။

ယဲ့ကျား : “ခေါင်းဆောင်ဝူ…ဒါက………”

ဝတ်စုံပြည့်နှင့်အမျိုးသားက လှည့်ကြည့်လာခဲ့ရာ သူတို့အချင်းချင်း အကြည့်ချင်းဆုံသွားကြ၏။

ယဲ့ကျား: “………”

ဝူစူးက အမြန်ထရပ်ကာ စာရွက်များကိုယူလိုက်ရင်း ချောင်းအသာဟန့်လိုက်၏။

“အရေးကြီးလို့လား…”

ယဲ့ကျား သတိပြန်ဝင်လာခဲ့သည်။ 

“တကယ်တော့…..”

၎င်းတို့မှာ ပုံမှန်စာရွက်စာတမ်းများသာ ဖြစ်သည်။ လက်မှတ်ထိုးရုံသာ ရှိ၏။

သို့သော် ဝူစူး၏ မျက်လုံးများမှ အချက်ပြမှုကြောင့် သူ စကားအမြန် ပြောင်းပြောလိုက်သည်။ “ဟုတ်တယ်….”

ဝူစူးက သက်ပြင်းချကာ စာရွက်များကို ယူလိုက်သည်။ ထို့နောက် စားပွဲတစ်ဖက်တွင် ထိုင်နေသည့် ရက်ဒ်ကို ကြည့်ကာ အားနာဟန်ဖြင့် ဆိုလိုက်၏။

“စိတ်မရှိပါနဲ့…ကျွန်တော် လုပ်စရာလေး ပေါ်လာလို့ပါ…ခင်ဗျား…….”

ဝူစူး၏ မျက်ဝန်းများက အပြစ်ကင်းသော ယဲ့ကျားထံ ကျရောက်သွားခဲ့သည်။ 

“သူနဲ့အရင် ပြောထားလိုက်နော်…ကျွန်တော် မကြာခင် ပြန်လာခဲ့ပါ့မယ်…”
 
ရက်ဒ်က ခေါင်းညှိတ်လိုက်သည်။  “ကောင်းပါပြီ..အေးဆေးလုပ်ပါ...”
 
ထိုသို့ပြောပြီးနောက် သူက နောက်မှတစ်စုံတစ်ခု လိုက်နေသည့်အတိုင်း အမြန်ပြေးထွက်သွားတော့သည်။ သူ အေ့စ်ကို ဆက်သွယ်ရန် လိုအပ်လေသည်။

ဒီလိုဟာမျိုးက ဖြစ်မလာသင့်ဘူးလေ…သူလည်း ဒါကို မကိုင်တွယ်တတ်ဘူး…

—-သို့ရာတွင် အေ့စ်အစစ်ဟုတ်သူကမူ ရက်ဒ်အား အင်တာဗျူးရန်အတွက် ထိုင်ခုံ၌ ဝင်ထိုင်လိုက်ရလေသည်။

ယဲ့ကျား : “………”

ဖာခ့်……
 
သူအခုမှ ဗြူရိုကို ရောက်တာလေ…

တစ္ဆေပိုင်နက် အတွင်းရှိ အချိန်မှာ ထိန်းချုပ်၍ရသော်လည်း နှစ်ဝက်သည် မူလကမ္ဘာ၏ ရက်အနည်းငယ်နှင့် ညီမျှလေသည်။ ထို့ကြောင့် ယဲ့ကျားက ရုပ်သေးသခင် သူလိုချင်သည့် အဖြေများ ပေးလာမည်ကို မစောင့်တော့ပဲ ကျီရွှမ့်လက်သို့အပ်ကာ ဗြူရိုသို့ ပြန်ခဲ့ခြင်းဖြစ်သည်။

သို့သော် သူရောက်ရောက်ချင်း လျှိုကျောက်ချန်က စာရွက်စာတမ်းများပေးကာ ဝူစူးထံ သွားပို့ခိုင်းမည်ဟု မမျှော်လင့်ထားခဲ့ချေ။

—-ထို့နောက် မမျှော်လင့်ထားသည့် အရာများ ဖြစ်ပျက်လာခဲ့လေသည်။


Xxxxx