အပိုင်း ၆၉
Viewers 10k

Chapter 69




ယဲ့ကျားက သူ့ကိုယ်သူအားပေးကာ ဝူစူးထိုင်ခဲ့သည့် ထိုင်ခုံတွင် ဝင်ထိုင်ရင်း ကိုယ်ရေးအကျဉ်းအား ဖတ်ကြည့်လိုက်၏။

သူ့အကြည့်က ပထမစာမျက်နှာတွင် ရပ်တန့်သွားခဲ့ရသည်။

ပတ်စပို့ပုံဘေးတွင် နာမည်တစ်ခုပါရှိနေ၏။

ချန်ချင်းယဲ့…

ယဲ့ကျားက သူ့ရှေ့ရှိ ရက်ဒ်အား မော့ကြည့်လိုက်မိသည်။

ဓာတ်ပုံနှင့် အပြင်ရှိလူက ထပ်တူကျနေကာ ခေါက်ရိုးရာများ ကင်းစင်သည့် ဝတ်စုံပြည့်ကို ဝတ်ဆင်ထားလေသည်။ သူ၏ ဒူးပေါ်လက်တင်ကာ ထိုင်နေပုံကပင် အလွန်ပနံသင့်လှ၏။

သူက သူ့ကိုယ်သူ ဖုံးကွယ်ထားရန် မရည်ရွယ်ခဲ့ပုံရသည်။

ထို့ကြောင့် ယခင်ပုံနှင့် အလွန်ကွဲပြားနေလျှင်ပင် ယဲ့ကျားက သူ့ရှေ့ရှိလူအား ကစားသူတစ်ဦးနှင့် ချက်ချင်း ဆက်စပ်မိခဲ့၏၊၊

ရက်ဒ်…အမှတ်စဉ်ဇယားတွင် ဆယ်ဦးမြောက် ချိတ်ဆွဲသူ။

အလွန်…နားလည်ရခက်သူတစ်ဦး…

အမှန်စင်စစ် ယဲ့ကျားက သူ့ကိုယ်သူဖော်ပြလိုက်သည်နှင့် ရက်ဒ် ပေါ်လာမည်မှန်း ခန့်မှန်းထားခဲ့သည်။ သို့သော် ဤမျှမြန်မြန် ထွက်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ၊၊

ယဲ့ကျားက အားတင်းကာ မေးလိုက်သည်။ 

“အင်း…ဘယ်လို ရာထူးမျိုးကို လျှောက်ချင်တာလဲ မသိဘူး…”

ချန်းချင်းယဲ့: “တစ်ယောက်ယောက်ကို ရှာချင်တာအပြင်လား…”

သူက ခဏတွေးကာ စိတ်အားထက်သန်စွာ ဖြေကြားလာခဲ့သည်။ 

“ဖြစ်နိုင်ရင်တော့ ထောက်ပံ့ပို့ဆောင်ရေး အသင်းမှာ ပါဝင်ချင်ပါတယ်…ဒါပေမယ့် ကျွန်တော် မတိုက်ခိုက်ချင်ဘူး…ကျွန်တော့်မှာ သဘာဝလွန်ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး လုံလောက်တဲ့ အတွေ့အကြုံရှိပါတယ်…ဒါ့ကြောင့် မတိုက်ခိုက်ရရင်တောင် အများကြီး အသုံးဝင်မှာပါ...”

ယဲ့ကျား: “……”

နောက်မေးခွန်းအတွက် သူဦးနှောက်အား အလုပ်ပေးနေချိန်တွင် ဝူစူးပြန်ဝင်လာခဲ့သည်။

သူက စိတ်လွတ်နေပုံဖြင့် မီးမညှိရသေးသော စီးကရက်ကို လက်ကြားညှပ်ထားသည်။ ညှော်နံ့က သူ့လက်ချောင်းများမှ ထွက်ပေါ်နေ၏။

တစ်ချက်ကြည့်ရုံနှင့်ပင် ဝူစူး အေ့စ်အား ဆက်သွယ်ရန် ကြိုးစားခဲ့ကြောင်း ယဲ့ကျားသိလိုက်သည်။

သို့သော် အေ့စ်ထံမှ ပြန်စာရရှိခဲ့မည် မဟုတ်ချေ။

ယဲ့ကျားက ထရပ်ကာ ဘေးသို့ဖယ်လိုက်သည်။  “ခေါင်းဆောင်ဝူ…ထိုင်ပါ…”

ဝူစူးက စီးကရက်ကို ကိုက်လိုက်မိရင်း ဆိုလာခဲ့၏။

“ဘာ…ဘာပြောနေကြတာလဲ…”

ယဲ့ကျား : “ဒီ…မစ္စတာချန်က ထောက်ပံ့ပို့ဆောင်ရေးအသင်းမှာ အလုပ်လျှောက်ချင်တယ်တဲ့…”

ဝူစူး: “ဘာကြီး…”

သူမျက်လုံးပြူးသွားကာ မော့ကြည့်လိုက်၏။ စီးကရက်သည်လည်း ပါးစပ်ထဲမှ ပြုတ်ကျသွားခဲ့သည်။

ဝူစူးက ပြန်ပင်မကောက်နိုင်ပဲ ချန်ချင်းယဲ့ကိုသာ မယုံနိုင်ဟန်ဖြင့် ကြည့်နေခဲ့သည်။ 

“နေပါဦး…ထောက်ပံ့ပို့ဆောင်ရေး အသင်းတဲ့လား…တိုက်ခိုက်ရေးဌာနမှာ မပါဘူးလား…”

ဝူစူးက မမျှော်လင့်ထားသည့် သတင်းကြောင့် အံ့ဩနေစဉ် ယဲ့ကျားက လစ်ထွက်ရန် ပြင်လိုက်သည်။

ချန်ချင်းယဲ့၏ အကြည့်က တစ်ဖက်လူ အခန်းပြင်ရောက်သည်အထိ လိုက်ပါသွားခဲ့သည်။

ဝူစူး၏ အသံက ထပ်မံထွက်ပေါ်လာခဲ့သည်။  “တကယ်ကြီးလား…”

ချင်ချင်းယဲ့ အာရုံပြန်ရလာခဲ့၏။

သူက ဝူစူးကို ကြည့်ကာ တည်ငြိမ်စွာ ဆိုလာခဲ့သည်။

“သေချာတာပေါ့…ကျွန်တော့်အထင် ထောက်ပံ့ပို့ဆောင်ရေးအသင်းရဲ့ အရေးပါမှုကလည်း တိုက်ခိုက်ရေးအသင်းအောက် မကျလောက်ဘူး…ဒီတော့ ကျွန်တော် ထောက်ပံ့ရေးအသင်းမှာ အစွမ်းကုန်အကျိုးပြုချင်လို့ပါ…”

ထိုသို့ ပြောပြီးသည့်နောက် သူက အင်္ကျီအား ပြန့်ပြူးစေလိုက်သည်။

ဝူစူးအတွက် လက်ခံရခက်ခဲနေဆဲပင်။

“ဒါ…ဒါပေမယ့်…….”

ထောက်ပံ့ပို့ဆောင်ရေး ဌာနနှင့် တိုက်ခိုက်ရေးဌာနတို့၏ အရေးပါမှုမှာ အတူတူပင် ဖြစ်သော်လည်း တိုက်ခိုက်ရေးဌာနသည် ဗျူရို၏ ထောက်တိုင်ဖြစ်သည်။ အပြင်ဘက်တွင် တစ္ဆေများစွာ လျှောက်သွားနေသည့်အလျှောက် ဌာနတစ်ခုလုံး ဖိအားများနေပြီး ဝန်ထမ်းပြတ်လပ်ခြင်းကိုလည်း ရင်ဆိုင်နေရသည်။ အမှတ်စဉ်ဇယား၏ ဆယ်ယောက်မြောက် ရက်ဒ်အဖို့ တိုက်ခိုက်ရေးဌာနတွင်သာ အစွမ်းကုန် အကျိုးပြုနိုင်မှာဖြစ်၏။

ထိုအချိန်တွင် ချန်ချင်းယဲ့က မေးလာခဲ့သည်။

“စကားမစပ်…ခုနကလူက ဘယ်သူလဲမသိဘူး…”

အံ့ဩမှု မပြယ်သေးသည့် ဝူစူးက အမှတ်တမဲ့ ပြန်ဖြေလာခဲ့သည်။

“သူက ထောက်ပံ့ပို့ဆောင်ရေး ဌာနကပါ…အလုပ်သမားဟောင်းဆိုပါတော့...”

သူက မော့ကြည့်ကာမေးလိုက်၏။ “ဘာဖြစ်လို့လဲ…”

ချန်ချင်းယဲ့က ခေါင်းယမ်းကာ ပြန်ဖြေလာခဲ့သည်။ “ဘာမှမဟုတ်ပါဘူး….”

ဝူစူးက ထပ်ပြီးမဆွဲဆောင်ပဲ မနေနိုင်ခဲ့ချေ။

သူက အသက်ပြင်းပြင်းရှူကာ တည်ငြိမ်စွာမေးလိုက်သည်။ 

“အမ်း…ဘာလို့ တိုက်ခိုက်ရေးဌာနအစား ထောက်ပံ့ပို့ဆောင်ရေး ဌာနကိုရွေးလဲ သိခွင့်ရှိမလား…”

ချန်ချင်းယဲ့၏ မျက်နှာက တမဟုတ်ချင်း မှောင်မဲသွားခဲ့သည်။ သာမန်ဉပဓိရုပ်က အနည်းငယ်ပို၍ ကြောက်မက်ဖွယ် ကောင်းလာ၏။

“ကျွန်တော့်ကလေးတွေ ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘူး...”

သူက လက်ဖဝါးကို လှန်ပြလာခဲ့သည်။

နောက်တစက္ကန့်တွင် ဝူစူး အသက်ရှူရပ်သွားခဲ့ရ၏။

တစ်ဖက်လူ၏ အင်္ကျီလက်အောက်မှ ပိုးကောင်များ တွားထွက်လာခဲ့သည်။ တစ်ကောင်က ကင်းခြေမျှားနှင့်တူပြီး ယင်စွမ်းအင်ဖြင့် မွမ်းမံထားသည့် သတ္တုကဲ့သို့ အနက်ရောင်အခွံမာရှိ၏။ မရေမတွက်နိုင်သော ခြေထောက်ရှည်များက ၎င်း၏ခန္ဓာကိုယ် ဘေးဘက်မှ ထွက်နေလေကာ မျက်လုံးများရှိသည့် အပေါက်ငယ်ကလေးများမှာလည်း ခန္ဓာကိုယ်အနှံ့ပင်။ ထို့အပြင် ကျောဘက်တွင် သွားစွယ်ချွန်များနှင့် အရောင်အဆင်းမရှိသည့် အရည်များစီးကျနေသော ပါးစပ်ကြီးများ ပါရှိသည့် ရောင်စုံပိုးကောင်နှစ်ကောင်လည်း ၎င်းနောက်မှ တွားထွက်လာခဲ့ကြသည်။

ချန်ချင်းယဲ့က လက်ကိုင်ပုဝါကိုထုတ်ကာ ၎င်းတို့၏ သွားရည်များကို ချစ်ခင်စွာဖြင့် သုတ်ပေးလိုက်သည်။

ဝူစူး: “………”

သူ ထွက်ပြေးချင်လာခဲ့၏။

သို့သော် ထွက်ပြေးရန်မှာ အလွန်နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ချန်ချင်းယဲ့က လက်ကိုင်ပုဝါကို ပြန်သိမ်းကာ အံကြိတ်လျှက် ဆိုလာခဲ့သည်။

“အထူးသဖြင့် အေ့စ် သူတို့အမေအပေါ် လုပ်သွားခဲ့တဲ့ ကိစ္စပေါ့….”

.......

စင်္ကြံလမ်းတွင်…..

ယဲ့ကျားက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။

အမှန်အတိုင်းဆိုရပါက သူ့နောက်လိုက်လာခဲ့သော ရက်ဒ်အား မည်သို့ ကိုင်တွယ်ရမည်ကို မသိရှိချေ။

အဆုံးသတ်၌ သူတို့ကြားရှိ ရန်ငြိုးမှာ စကားလုံးအနည်းငယ်ဖြင့် ရှင်းပြရန် ခက်ခဲပေသည်။

သို့သော် မဖြစ်မနေရှင်းပြရမည်ဆိုပါက …

၎င်းမှာ မတော်တဆဖြစ်ရပ်သာ ဖြစ်၏။

ယဲ့ကျား တစ်ခါက ရက်ဒ်နှင့် တစ်သင်းထဲကျခဲ့သည်။ ထိုအချိန်က အပိုမစ်ရှင်အား ဖြေရှင်းရန် စိတ်ရောက်နေသဖြင့် ပြိုင်ပွဲ၏ ဘော့စ်အား တခြားလူများထက် နောက်ကျမှ ရှာတွေ့ခဲ့သည်။ သူရောက်သွားချိန်၌ တိုက်ပွဲမှာ ပြီးသွားပြီဖြစ်ပြီး ခြေရာလက်ရာများသာ ကျန်ရှိတော့၏။ တစ်စုံတစ်ဦးက သူ့ထက်အရင် စောရောက်ကာ ဘော့စ်အား အနိုင်ယူခဲ့ပုံရသည်။ 

၎င်းမှာ နှမြောစရာကောင်းသော်လည်း အပိုမစ်ရှင်သည် ကောင်းမွန်သော ဆုတစ်ခုကို ပေးအပ်ခဲ့လေသည်။

ယဲ့ကျားက ပြန်လှည့်ထွက်ရန် ပြင်လိုက်၏။

နောက်တစ်စက္ကန့်တွင်—–သူ့အောက်မှ ချွတ်ခနဲ့ အသံကြားလိုက်ရသည်။

ယဲ့ကျားက ခေါင်းငုံ့ကာ စစ်ဆေးလိုက်၏။ လက်မအရွယ်ခန့်ရှိသော အဖြူရောင် ပိုးကောင်တစ်ကောင်အား သူတက်နင်းမိခြင်း ဖြစ်လေသည်။

ထိုအချိန်မှာပင် နှလုံးကြေကွဲသွားသလို အသံက အဝေးမှ ပဲ့တင်ထပ်လာခဲ့သည်။ —— “ရှောင်ပိုင်…”

ယဲ့ကျား: “…….”

ထိုအချိန်တွင် ဂိမ်းက ဘော့စ်သေဆုံးသွားကြောင်း သတိပြုမိသွားခဲ့၏။ ကစားသူများအားလုံးကို နေရာအသီးသီးသို့ ပို့ဆောင်လိုက်လေသည်။

ပြိုင်ပွဲမှ ထွက်ခွာပြီးချိန်မှသာ ထိုပိုးကောင်သည် ကစားသူရက်ဒ် မွေးထားခဲ့သည့် ကူပိုးကောင်ဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းက ဘော့စ်ကို စားလိုက်ပြီးနောက် အစာခြေဖျက်ရန် မူလသွင်ပြင်သို့ ပြန်ပြောင်းလိုက်ပြီး…..

သူတက်နင်းခြင်း ခံလိုက်ရသည်………

ယဲ့ကျားက လက်မြှောက်ကာ မျက်နှာကို အုပ်လိုက်သည်။ သူအလွန်ရှက်ရွံ့နေ၏။

သူက ထိုကိစ္စဖြစ်ပြီးနောက် ရက်ဒ်နှင့် စကားပြောချင်ခဲ့သည်။ သို့သော် သူတို့ ပြိုင်ပွဲတစ်ခုထဲ ကျသည်နှင့် တစ်ဖက်လူက သူ၏ကူပိုးကောင်များကို စေလွှတ်ကာ ရှောင်ပိုင်အတွက် လက်စားချေခိုင်းတော့သည်ပင်။

အရမ်း ကိုင်တွယ်ရ ခက်ခဲတာပဲ…

ထိုစဉ် ကျောင်းသုန်က အမြန်လျှောက်လာခဲ့သည်။ ယဲ့ကျားကို တွေ့ချိန်၌ သူ့မျက်လုံးများ လင်းလက်သွားခဲ့၏။

“ဟေး…ခေါင်းဆောင်ဝူကို တွေ့မိသေးလား…”

ယဲ့ကျား ခေါင်းညှိတ်ကာ သူ့နောက်ရှိတံခါးကို ညွှန်ပြလိုက်သည်။

ကျောင်းသုန်က တံခါးခေါက်ရန်ပြင်လိုက်စဉ် တံခါးက အရင်ပွင့်သွားခဲ့ကာ ဝူစူး၏ မျက်နှာပေါ်လာခဲ့သည်။ “ဘာလဲ…”

“အာ…..” ကျောင်းသုန်က ထိတ်လန့်မှုမှ ရုန်းထွက်ကာ “အိုး…အထက်က ကျွန်တော်တို့ကို ယင်စွမ်းအင်တွေ ရှင်းလင်းဖို့ ညွှန်ကြားလိုက်တယ်…ခေါင်းဆောင် ဘယ်အသင်းကို လွှတ်ချင်လဲ မေးမလို့ပါ…”

ပုံမှန်အားဖြင့် ယင်စွမ်းအင်ကျင်းများသည် မကြာခဏရှင်းလင်းရန် မလိုအပ်ချေ။

အဘယ့်ကြောင့်ဆိုသော် မြို့တွင်းမှ ယင်စွမ်းအင်များ စုစည်းလာနိုင်သော်လည်း အရှိန်မှာ အလွန်နှေးလွန်းပြီး ဆယ်နှစ်ကြာသည်အထိ အန္တာရယ် ဖြစ်စေမည်မဟုတ်ချေ။

သို့သော် လတ်တလော ဖြစ်ပျက်သွားသည့် ကိစ္စရပ်များအရ မြို့ထဲတွင် ဒေါသထွက်နေသော တစ္ဆေနှင့်မကောင်းဆိုးဝါးများ လှည့်လည်သွားလာနေရာ ယင်စွမ်းအင်စုစည်းနှုန်းက ဒုံးကျည်ကဲ့သို့ မြင့်တက်လာခဲ့သည်။ သတိပေးစက်များကို နေရာချထားသော်လည်း အထက်က သူတို့အဖွဲ့အား ယင်စွမ်းအင်ကျင်းများကို စစ်ဆေးရန် သို့မဟုတ် ရှင်းလင်းရန် မကြာခဏညွှန်ကြားလေ့ရှိသည်။

ယေဘူယျအားဖြင့်ဆိုပါက ထိုအသင်းတွင် တိုက်ခိုက်ရေး အသင်းဝင် သုံးဦးနှင့် ထောက်ပို့အသင်းဝင် ၂ဦး ပါရှိရမည်ဖြစ်သည်။

ဝူစူး၏ မျက်လုံးများက လင်းလက်သွားခဲ့ရ၏။

သူက အနောက်ရှိ ချန်ချင်းယဲ့ကို လှည့်ကြည့်ကာ ဆိုလိုက်သည်။ “အချိန်ကိုက်ပဲ…ဒီတစ်ယောက်က ထောက်ပံ့ပို့ဆောင်ရေး ဌာနမှာ အလုပ်လာလျှောက်တာလေ…”

“ဒါကို မင်းဒီအလုပ်နဲ့ သင့်လျော်လားဆိုတာ စမ်းသပ်မယ့် အစမ်းခန့်ကာလအဖြစ် သတ်မှတ်လိုက်ရင်ရော…”

ချန်ချင်းယဲ့က မတ်တပ်ရပ်ကာ သူထိုင်နေခဲ့သည့် ထိုင်ခုံအား မူလပုံစံအတိုင်း ပြန်ရွှေ့လိုက်သည်။

“ကိစ္စမရှိပါဘူး...”

ဝူစူးက တိတ်တဆိတ်သက်ပြင်းချလိုက်၏။

သူက အေ့စ်နှင့်ရက်ဒ်ကြားရှိ ရန်ငြိုးကို မသိရာ ချက်ချင်းတန်းခန့်ရန် မဝံ့ရဲချေ။ ထို့အပြင် ချန်ချင်းယဲ့မှာ အနည်းငယ် ထူးဆန်းသော်လည်း အမှတ်စဉ်ဇယား၏ ဒဿမမြောက်ဖြစ်ရာ တိုက်ခိုက်ရေးဌာနအား အားဖြည့်ရန် သူ အမှန်တကယ် မျှော်လင့်မိသည်။ ဝူစူးက တစ်ဖက်လူသည် နောက်ဆက်တွဲကိစ္စများကို ရှင်းလင်းသည့်အလုပ်ထက် တိုက်ခိုက်ရေးဌာနနှင့် ပိုမိုကိုက်ညီကြောင်း ကိုယ်တိုင်နားလည်သွားရန် မျှော်လင့်လျှက် ရှိလေသည်။

သူက ယဲ့ကျားဘက်လှည့်ကာ ဆိုလိုက်၏။

“အာ…မင်းရောပဲ…လူသစ်ကို ကိရိယာတွေနဲ့ ရင်းနှီးအောင်လို့ သေချာသင်ပြပေးလိုက်…”

ယဲ့ကျား : “……..” 

အိုး…အခုသူ စောစောထွက်မသွားမိလို့ နောင်တရလာပြီ…

ယဲ့ကျားက ချန်ချင်းယဲ့အား ကိရိယာနှစ်ခု ပေးလိုက်သည်။

တစ်ခုက ရှာဖွေသည့် ကိရိယာဖြစ်ပြီး နောက်တစ်ခုကမူ ရှင်းလင်းသည့် ကိရိယာ ဖြစ်လေသည်။

ချန်ချင်းယဲ့က ချက်ချင်းမယူပဲ ယဲ့ကျားကို မေးလာ၏။

“ဒီတော့…ငါတို့က အဲဒီ့နေရာက ယင်စွမ်းအင်ကို ရှင်းလင်းရမှာလား…”

ယဲ့ကျား ခေါင်းညှိတ်လိုက်သည်။

“ကျေးဇူးပါ…စီနီယာ…ဒါပေမယ့် ကျွန်တော် ဒါတွေမလိုပါဘူး...”

သူက လက်ကိုမြှောက်ကာ အင်္ကျီလက်အောက်ရှိ ပိုးကောင်များကို ပြလိုက်သည်။

“သူတို့က အဲဒါကို စားနိုင်ပါတယ်……”

ကင်းခြေမျှားနှင့်တူသည့် ပိုးကောင်က ယဲ့ကျားကို သွားစွယ်များထုတ်ကာ မုန်းတီးစွာ စိုက်ကြည့်ရင်း မာန်ဖီပြလာခဲ့သည်။

ချန်ချင်းယဲ့၏ မျက်ဝန်းများတွင် ကြင်နာနူးညံ့သောအရိပ်က ဖြတ်ပြေးသွားခဲ့သည်။

သူက ကင်းခြေမျှား၏ ဦးခေါင်းကို အသာအယာပွတ်ပေးကာ ၎င်း၏ မျက်လုံးများကို လက်ချောင်းဖြင့် ကာလိုက်သည်။

“စိတ်မရှိပါနဲ့…ကျွန်တော့်မိသားစုဝင် အားချန်လေးက ပုံမှန်ဒီလိုမဟုတ်ပါဘူး…သူဗိုက်ဆာနေလို့ ဖြစ်ရမယ်…”

ချန်ချင်းယဲ့က ကင်းခြေမျှားအား ချော့မြှူနေ၏။ “လိမ္မာနော်…မင်းကို တစ်ခုခုစားဖို့ ခေါ်သွားပေးမယ်…”

ယဲ့ကျား : “……”

ဖာ့ခ်…..

သူက သူ၏ အနံ့အား ဖုံးကွယ်ခြင်းအပေါ် ယုံကြည်ချက်ရှိသော်လည်း ကူပိုးကောင်များအပေါ် အဆိုပါဖုံးကွယ်မှုက အလုပ်ဖြစ်မဖြစ် သူမသိချေ။

ဝေးဝေးနေခြင်းကသာ ပိုမိုကောင်းမွန်ပေလိမ့်မည်။

သူက အသက်ပြင်းပြင်းရှူကာ စစ်ဆေးသည့် ကိရိယာကို ပေးလိုက်၏။

“ဒီလိုဆိုရင်တောင် ဒါကိုတော့ ယူသွားသင့်တယ်…ဒါက ယင်စွမ်းအင်ပမာဏကို တိုင်းပေးတာကြောင့် ခင်ဗျား တင်ပြချက်ရေးရင် အထောက်အကူဖြစ်လိမ့်မယ်…”

“အိုး…ကောင်းပါပြီ… ကျေးဇူးပါ စီနီယာ...” ချန်ချင်းယဲ့က ခေါင်းညှိတ်လိုက်ရင်း ယဲ့ကျားထံမှ ကိရိယာကို ယူလိုက်သည်။

“ကျွန်တော် အာရုံစိုက်သင့်တာမျိုး ရှိသေးလားခင်ဗျ…”

ယဲ့ကျား ခေါင်းယမ်းလိုက်သည်။ “မရှိတော့ပါဘူး….”

အကယ်၍ ထောက်ပံ့ပို့ဆောင်ရေး အဖွဲ့ဝင်သစ်ဆိုပါက စည်းမျဉ်းများအကြောင်း ရှင်းပြရပေလိမ့်မည်။ သို့သော် ရက်ဒ်ကမူ ဂိမ်းထဲမှ ထွက်လာခဲ့ခြင်းဖြစ်ရာ ကြိုတင်သတိပေးချက်များကို ရှင်းပြရန် မလိုအပ်ချေ။

မကြာခင်မှာပင် ကားက ပထမဆုံး ယင်စွမ်းအင်ကျင်းထံ ဆိုက်ရောက်လာခဲ့သည်။

၎င်းမှာ စွန့်ပစ်ခံ အဆောက်အဦးတစ်ခုဖြစ်၏။ အပြင်ဘက်မှ ကြည့်ရုံဖြင့်ပင် မှောင်မဲပြီး ထိုင်းမှိုင်းသော လေထုအား ခံစားရစေလေသည်။

ယဲ့ကျားက တံခါးနားတွင် ရပ်လိုက်သည်။

“အာ…ငါရုတ်တရက် သွားစရာရှိတာ သတိရသွားလို့…ငါအရင်သွားနှင့်မယ်နော်…”

တိုက်ခိုက်ရေးအသင်းရှိ လူသစ်နှစ်ဦးစ သုံးဦးစမှာ ယဲ့ကျား လေ့ကျင့်ပေးထားခြင်းဖြစ်ပြီး သူနှင့် အလွန်ရင်းနှီးကြသည်။ သူတို့က ယဲ့ကျား၏ အလုပ်လစ်တတ်သော ငါးဆားနယ်အပြုအမူကို မထူးဆန်းသော်လည်း ယခုကဲ့သို့ အလုပ်ပင် မစရသေးခင် လစ်ရန်ကြံသည်မှာ ယခုတစ်ကြိမ်က ပထမဆုံး ဖြစ်လေသည်။

သူတို့က အနည်းငယ် အံ့ဩသွားကြသည်။

“အစ်ကိုယဲ့…ခင်ဗျားဟာက မဟုတ်သေးပါဘူး…တကယ်ပဲ အခြားကိစ္စရှိတာလား…”

ယဲ့ကျား ခေါင်းညှိတ်ကာ တောင်းပန်ဟန်ဖြင့် ဆိုလိုက်သည်။

“ဟုတ်တယ်…ငါအခုမှ သတိရသွားတာ…ငါမင်းတို့ကို နောက်မှ ညစာဝယ်ကျွေးမယ်နော်…”

“ဟုတ်ပါပြီ…ဟုတ်ပါပြီ……” သူတို့က လက်ဝေ့ယမ်းပြလိုက်သည်။ “ကျွန်တော်တို့ပြန်လာရင် နို့လက်ဖက်ရည်ဝယ်တိုက်ဖို့ မမေ့နဲ့နော်…”

ယဲ့ကျားက ပြုံးလိုက်ရင်း ချန်ချင်းယဲ့ကို ကြည့်လိုက်သည်။

“တစ်ယောက်ထဲ အဆင်ပြေတယ် မဟုတ်လား…”

ချန်ချင်းယဲ့က တည်ငြိမ်စွာ ခေါင်းညှိတ်ပြလိုက်သည်။

  “သေချာတာပေါ့…စိတ်မပူပါနဲ့…စီနီယာ…သွားစရာရှိတာသွားပါ…”

သူတို့ကြားထဲရှိ မကျေနပ်ချက်များကို ဖယ်လိုက်ပါက ချန်ချင်းယဲ့သည် အဖွဲ့ဝင်ကောင်းတစ်ဦး ဖြစ်သည်။ အနည်းဆုံး သူက အမြဲ ပြဿနာရှာတတ်သည့် အပျိုစင်ထက် သာလေသည်။

ယဲ့ကျားက တိတ်တဆိတ်သက်ပြင်းချကာ ထွက်လာခဲ့သည်။

—-အမှန်စင်စစ် သူလိမ်နေခဲ့ခြင်း မဟုတ်ချေ။

ယဲ့ကျားက ချန်ချင်းယဲ့၏ ပိုးကောင်များနှင့် ဝေးဝေးနေလိုသော်လည်း သူတစ်စုံတစ်ခုအား သတိရသွားခဲ့ခြင်း ဖြစ်လေသည်။

မြို့ထဲတွင် ယင်စွမ်းအင်ကျင်းများ ရှိနေ၏။

နောက်တစ်ခုက ကျီရွှမ် အမည်အောက်ရှိ ဗီလာတွင် ဖြစ်သည်။ သူက သွေးအရိုးငါးကို ထိုနေရာအား မကြာခဏ ရှင်းလင်းခိုင်းသင့်သော်လည်း လတ်တလော အလုပ်များနေခဲ့ရာ ထိုအရာအား မေ့လျော့နေခဲ့ပေသည်။

ယခုတစ်ကြိမ်စစ်ဆေးရမည့်နေရာထဲတွင် ထိုနေရာလည်း ပါဝင်၏။

ယဲ့ကျားက တစ္ဆေပိုင်နက်အား အသက်သွင်းကာ ကျီရွှမ်၏ နေရာရှိ သွေးရေကန်ထံ ဦးတည်လိုက်သည်။

သွေးအရိုးငါးက ရေကန်ထဲတွင် အေးအေးဆေးဆေး ကူးခတ်နေခဲ့၏။ ၎င်းက ရင်းနှီးသည့် အနံ့ကို ရရှိလိုက်သဖြင့် ခေါင်းထောင်လာခဲ့သည်။

ယဲ့ကျား ရောက်ရောက်ချင်းပင် အတင်းပြေးဝင်လာသည့် သွေးအရိုးငါးကြောင့် ရိုက်ထုတ်မိတော့မလို ဖြစ်သွားခဲ့ရ၏။

သူ့နှုတ်ခမ်းထောင့်များ မြင့်တက်သွားခဲ့ပြီး ၎င်း၏မေးရိုးကို ကုတ်ပေးလိုက်သည်။

“ငါတို့ မကြာခင်ကမှ တွေ့ခဲ့တာလေ…ဘာလို့ ဒီလောက်စိတ်လှုပ်ရှားနေတာလဲ…”

သူက ခေါင်းကိုမော့ကာ အခန်းကိုကြည့်ရှုလိုက်သည်။

ကျီရွှမ် ရှိမနေခဲ့ချေ။

ယဲ့ကျားက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

သူသာ ဤနေရာတွင်ရှိနေပါက သူ့ကို တွယ်ကပ်နေဦးမှာပင်။

မည်သို့ပင်ဖြစ်စေ၊ ယဲ့ကျားက သွေးအရိုးငါးကို အစာကျွေးမည့်နေရာအား ကျီရွှမ်နှင့်အတူ မသွားလိုချေ။ ၎င်းက အလွန်အကျွံ ရင်းနှီးရာ ကျပေလိမ့်မည်။

ယဲ့ကျားက စိတ်တွင်းရှိ ကြောင်တောင်တောင် ခံစားချက်ကြောင့် ရှက်သွေးဖြာသွားခဲ့ရသည်။ သူက ဖုန်းကိုထုတ်ကာ စာပို့လိုက်၏။

“ငါ ငါးကို အပြင်ခေါ်သွားတယ်...”

တစ်ဖက်လူက စာပြန်မလာခဲ့ချေ။ သူအလုပ်များနေပုံ ရ၏။

ယဲ့ကျားက ဖုန်းကိုဘောင်းဘီအိတ်တွင်းသို့ ပြန်ထည့်ကာ သွေးအရိုးငါး၏ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

“သွားရအောင်…ငါမင်းကို စားဖို့ခေါ်သွားပေးမယ်…”

ဗီလာတွင်…

သူဗီလာဝင်ပေါက်ရောက်သည်နှင့် ပျံ့နှံ့နေသော ယင်စွမ်းအင်အား ခံစားလိုက်ရသည်။

Mမြို့၏ ပြောင်းလဲမှုများသည် ဤနေရာကြောင့်လည်း သက်ရောက်ခံရပုံပေါ်၏။

သို့သော် ဗီလာတစ်ခုလုံး သရဲခြောက်သည့်အိမ်အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ အစက ကျီရွှမ်နောက်ပြောင်နေခြင်းဟုပင် သူတွေးလိုက်မိသည်။



Xxxxx