အပိုင်း ၇၀
Viewers 10k



Chapter 70



မြက်ခင်း ထူထူ ခြံဝန်းနှင့် သံချေးတက်နေသော ဂိတ်တံခါးတို့က လျှို့ဝှက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ပတ်ဝန်းကျင်အား ဖန်တီးလျှက်ရှိ၏။ သို့သော် မြို့တွင်းရှိ လတ်တလော ဖြစ်ရပ်များကြောင့် သရဲခြောက်သော အိမ်ကြီးသည် စစ်ဆင်ရေးထဲတွင် ပါဝင်ခြင်း မရှိသေးချေ။

ယဲ့ကျားက ဂိတ်ကို ဖြတ်သန်းကာ ဗီလာအတွင်းသို့ ဝင်လိုက်သည်။

ဗီလာက သူပထမဆုံး လာရောက်ခဲ့ချိန်နှင့် ခြားနားခြင်း မရှိချေ။ ယင်စွမ်းအင်များ စုစည်းနေသော်လည်း ဗီလာ၏ ယခင်ပုံစံသို့ ပြန်ပြောင်းစေလောက်အောင် များပြားခြင်း မရှိသေးချေ။ 

သူ တံခါး ဖွင့်လိုက်သည်နှင့် သွေးအရိုးငါးက ဗီလာအတွင်းသို့ စိတ်လှုပ်ရှားစွာ ဝင်ရောက်သွား၏။ ၎င်း၏ အသံမှာ ပျော်ရွှင်ခြင်းများဖြင့် တက်ကြွလျှက်ရှိသည်။

“အား——”

အော်သံနှစ်ခု ပဲ့တင်ထပ်လာသည်။

မကြာခင်မှာပင် ဂျယ်လီကဲ့သို့ ဖောက်ထွင်းမြင်နေရသော ပုံရိပ်နှစ်ခုက ဗီလာအတွင်းမှ ပြေးထွက်လာကြ၏။

ယဲ့ကျား: “……..”

အိုး… သူဒီနှစ်ယောက်ကို မေ့သွားတာပဲ …

ထိတ်လန့်နေသော ဝိဉာဉ်ကြီးက အကျင့်ပါနေသည့်အတိုင်း ယဲ့ကျားခါးကို ဖက်လိုက်ကာ ဝိဉာဉ်ကလေးကမူ ယဲ့ကျား၏ လက်မောင်းကို လိုက်လျောညီထွေဖြစ်စွာ ဖက်တွယ်လိုက်သည်။ သူတို့နှစ်ဦးလုံးက ယစ်မူးနေသည့် အကြည့်များဖြင့် ဆိုလာကြ၏။

“ဝါး… နောက်ဆုံးတော့ ကျွန်တော်တို့ဆီ လာလည်ပြီပေါ့ … ”

ထိတ်လန့်နေသော ဝိဉာဉ်ကြီးက မကျေမနပ်ဖြင့် ဆိုလာသည်။

  “ပြောတော့ မကြာမကြာ လာလည်မယ်ဆို…”

ဝိဉာဉ်ကလေးကလည်း မကျေမချမ်း ဆိုလာသည်။

“ဒါပေမယ့် တစ်ခါမှလည်း လာမလည်ဘူး…”

ယဲ့ကျား၏ နှုတ်ခမ်းများက တောင့်တင်းသွား၏။ သူက ကိုးရို့ကားရားဖြစ်စွာ ပြောလိုက်သည်။

“ငါ့အမှားပါ…..”

ထိုအချိန်တွင် ဗီလာတစ်ခုလုံးအနှံ့ ကူးခတ်ပြီးသွားသော သွေးအရိုးငါးက ပြန်ရောက်လာ၏။ ၎င်းက ဦးခေါင်းခွံကို မော့ကာ နက်မှောင်ပြီး ဗလာဖြစ်နေသော မျက်လုံးများဖြင့် ယဲ့ကျား ကိုယ်ပေါ်ရှိ ဝိဉာဉ်နှစ်ခုကို ကြည့်လိုက်သည်။ အေးစက်ပြီး ဖိနှိပ်လိုသော လေထုက သွေးအရိုးငါးထံမှ ပျံ့နှံ့လာ၏။

ကြောက်လန့်နေသော ဝိဉာဉ်နှစ်ခုက တုန်သွားသော်လည်း ယဲ့ကျားအား တွဲခိုထားဆဲပင်။ သူတို့က သွေးအရိုးငါးကိုပင် လျှာထုတ်ပြလိုက်၏။

“ကရော် … ကရော် … မင်းသူ့ကို ဖက်လို့မရဘူးပဲ …”

သွေးအရိုးငါးက သူတို့၏ စကားကို နားလည်ပုံရ၏။

၎င်းက အမြှီးကို ဝေ့ယမ်းကာ ယဲ့ကျား၏ ခန္ဓာကိုယ်အား ရစ်ခွေလိုက်သည်။

ယဲ့ကျား : “……..”

ဖာ့ခ်… ကိုင်တွယ်ရတာ အရမ်းခက်ခဲတာပဲ…

သူက အကြင်နာကင်းစွာဖြင့် ဝိဉာဉ်နှစ်ခုအား ဆွဲခွာလိုက်ပြီး သွေးအရိုးငါး၏ အမြှီးကိုလည်း ကိုယ်ပေါ်မှ ဖယ်ရှားကာ တစ္ဆေသုံးကောင်နှင့် သူ့ကိုယ်သူ အကွာအဝေးတစ်ခု ထားလိုက်သည်။ သို့သော် သူဝေးဝေးမသွားရသေးခင်မှာပင် ဖုန်းက အကြိမ်အနည်းငယ်ခန့် တုန်ခါသွား၏။ 

ယဲ့ကျားက ဖုန်းကို စစ်ဆေးလိုက်၏။

ကျီရွှမ် စာပို့ထားခြင်း ဖြစ်သည်။  “ကောင်းပြီလေ….”

ထို့နောက် ပါပီလေးတစ်ကောင် အမြှီးယမ်းနေသည့် အီမိုဂျီအား ပို့ထားလေသည်။

တစ္ဆေသုံးကောင်က အခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ သူ့အား ကပ်တွယ်လာကြပြန်သည်။

ယဲ့ကျား သက်ပြင်းချလိုက်၏။ သို့သော် သူဘာမှ မလုပ်နိုင်သေးခင် ဖုန်းမြည်လာခဲ့သည်။

သူက ခဏတုံ့ဆိုင်းနေပြီး ဖုန်းကိုင်လိုက်၏။

အမျိုးသား၏ အသံနိမ့်နိမ့်က ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။

  “ကောရဲ့ နည်းလမ်းက အရမ်းအလုပ်ဖြစ်တာပဲ … ခုနကပဲ ရုပ်သေးသခင်က ကျွန်တော့်ကို အသုံးဝင်တဲ့ အချက်အလက်တစ်ခု ပေးလာတယ် ...”

ယဲ့ကျား : “သူက ပူးပေါင်းလာပြီလား…”

ကျီရွှမ် ရယ်မောလိုက်၏။ သူ၏ နားထောင်ကောင်းသော အသံက ယဲ့ကျား၏ နားရွက်များကိုပင် ထုံသွားစေခဲ့သည်။ 

“ခုထိတော့ မဟုတ်သေးပေမယ့် သိပ်မကြာတော့ပါဘူး … သူက ဒီအချက်အလက်ကို နားရက်တစ်ရက်နဲ့ လဲခဲ့တာလေ …”

ယဲ့ကျားက နားရွက်ကို အသာပွတ်ကာ ဖုန်းကို ခပ်ခွာခွာ ထားလိုက်သည်။ 

“ဘယ် အချက်အလက်နဲ့လဲ…”

“သူ ကောကို မရှာခင် မြို့ထဲကို ရုပ်သေးတစ်ခု လွှတ်ထားခဲ့တယ်တဲ့ … အခု အဲဒါက စီမံကိန်းတစ်ခုကို စပြီးဆောင်ရွက်နေပြီဆိုပဲ...”

ယဲ့ကျား အမူအရာက လေးနက်လာခဲ့သည်။ “ဘယ်နေရာမှာလဲ …”

“ကျွန်တော် ပို့ထားပြီ….” ကျီရွှမ်က ဆိုသည်။

ယဲ့ကျား သူတို့၏ စကားပြောခန်းကို ဖွင့်လိုက်သည့်အခါ လိပ်စာတစ်ခုကို တွေ့လိုက်ရ၏။.

ထိုလိပ်စာမှာ သူနှင့် ရင်းနှီးနေသလိုပင်။

ယဲ့ကျား မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့သည်။

ရုတ်တရက် သူ တစ်စုံတစ်ခုအား သတိရသွားကာ ထိတ်လန့်သွားခဲ့၏။

ယင်စွမ်းအင်ကျင်းတွေ ရှိတဲ့နေရာပဲ …

........


အပြင်ဘက်ရှိကောင်းကင်က တဖြည်းဖြည်းမှောင်မည်းလာလေသည်။

စိတ်ဓာတ်ကျစရာကောင်းသော နေ၀င်ချိန်၌ စွန့်ပစ်အဆောက်အအုံကြီးက ပို၍ အထီးကျန်ဆန်ပြီး ခြောက်ခြားစရာကောင်းနေလေသည်။

တိုက်ခိုက်ရေး၀န်ထမ်းတစ်ဦး အ‌ဖွဲ့၏ နောက်တွင်ရပ်နေသော ချန်ချင်းယဲ့ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"ဒါက နောက်ဆုံးပဲ...ဘယ်လိုလဲ...မင်း ဒီနေ့လုပ်ရတဲ့ အလုပ်ကို ဘယ်လိုထင်လဲ..."

ချန်ချင်းယဲ့ ပြန်မဖြေပေ။

သူ့ရှေ့မှ စွန့်ပစ်အဆောက်အအုံကြီးကို ကြည့်ပြီး တွေးတောနေပုံ ပေါ်လေသည်။

“ခြေရာခံစက်က ဘယ်လိုလဲ... ”

ထိုတိုက်ခိုက်ရေး၀န်ထမ်း ထပ်‌မေးလိုက်သည်။

ချန်ချင်းယဲ့ သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး ခါး၌ချိတ်ထားသည့် ခြေရာခံစက်ကို ကြည့်လိုက်၏။

"အရမ်း နည်းတယ်..."

ယခုအချိန်တွင် သူတို့ အခြားယင်တွင်းနှစ်တွင်းကို ရှင်းလင်းခဲ့ပြီဖြစ်သည်။ အထက်လူကြီး၏ စိုးရိမ်ပူပန်မှုက အမှန်ပင်။ တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများ၏ သောင်းကျန်းမှုကြောင့် ယင်တွင်းထဲတွင် အလွန်များပြားသော ယင်စွမ်းအင်များ စုပုံနေလေသည်။ ခြေရာခံစက်၏ အချက်ပေးစနစ်ကို ပျက်စီးစေသည့် အဆင့်မရောက်သေးသော်လည်း ယင်စွမ်းအင် အများအပြား စုစည်းနေခြင်းကြောင့် ပုံမှန်မဟုတ်သည့် ပြောင်းလဲမှုများကို ဖြစ်ပေါ်စေပြီး သူတို့၏ ရှင်းလင်းရေးတာ၀န်ကို အနှောင့်အယှက်ပေးနေလေသည်။ သို့သော်ငြားလည်း သူတို့ ထိန်းနိုင်သော အဆင့်၌ ရှိ‌သေးသည်။

ပို၍အတိအကျပြောရလျှင် နောက်ဆုံးယင်တွင်း၏ ယင်စွမ်းအင်စုစည်းမှုက ကျန်နှစ်တွင်းထက် နည်းပေသည်။

တိုက်ခိုက်ရေးဌာနခွဲအဖွဲ့၀င်များ၏ အမူအရာ ပြေလျော့သွားသည်။

"သွားရအောင်...ဒီနေရာကို ရှင်းပြီးရင် အိမ်ပြန်ကြမယ်..."

သို့သော်ငြားလည်း ချန်ချင်းယဲ့ တည်ငြိမ်စွာ ပြောလာသည်။

"တောင်းပန်ပါတယ် စီနီယာ...ဒါပေမဲ့ ကျွန်တော် ဒီနေရာ တစ်ခုခုမှားနေတယ်လို့ ထင်တယ်..."

တစ်ဖက်လူ အံ့အားသင့်သွားသည်။

"ဘာမှားနေလို့လဲ...မင်း တစ်ခုခုကို သတိထားမိလို့လား..."

ချန်ချင်းယဲ့ ခေါင်းခါလိုက်သည်။

"အဲ့လို မဟုတ်ပါဘူး..."

သူ လက်ဖြင့် အင်္ကျီလက်အောက်တွင် တည်ငြိမ်အောင် ကြိုးစားနေသည့်အင်းဆက်များ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

သူ မျက်ခုံးနှစ်ဖက်ကို အနည်းငယ် တွန့်လိုက်ပြီး ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော့်‌ဘေဘီလေးတွေက ပြင်းပြင်းထန်ထန် တုံ့ပြန်နေကြတယ်..."

တိုက်ခိုက်ရေးဌာနခွဲမှ အဖွဲ့၀င်များ အချင်းချင်းကြည့်လိုက်ကြသည်။ နောက်ဆုံး၌ ခေါင်းဆောင် ပြောလိုက်လေသည်။

"ငါ မင်းမှာ အထူးစွမ်းရည်တချို့ရှိတာ သိတယ်...ဒါပေမဲ့ ဒါကို သက်သေပြနိုင်မဲ့ သက်သေမရှိရင် ငါတို့ရဲ့ မစ်ရှင်ကို ရပ်လို့မရဘူး...ဒါကြောင့် မင်းရဲ့ဘေဘီလေး‌တွေကလွဲရင် မင်းရဲ့အတွေးကို သက်သေပြနိုင်မဲ့ အရာတစ်ခုခုရှိလား..."

ချန်ချင်းယဲ့ ရိုးသားစွာ ခေါင်းခါလိုက်သည်။

"‌ တောင်းပန်ပါတယ်...မရှိပါဘူး..."

အမှန်တွင် သူ ဤအ‌ဆောက်အအုံကြီးနှင့် ပတ်သတ်၍ ထူးဆန်းသည့် တစ်စုံတစ်ရာကို သတိမထားမိသော်လည်း သူ ‌မွေးထားသည့် ကူကောင်များက အလွန်ဂနာမငြိမ် ဖြစ်နေလေသည်။ ယနေ့မွန်းတည့်ချိန်တွင် ဖြစ်ပျက်ခဲ့သည်များနှင့် တူညီလုနီးပါးဖြစ်သည်။ သူယဲ့ကျားနှင့် ပတ်သက်၍ ထူးဆန်းသည်ကို ရှာမတွေ့သော်လည်း အားချန်က သူ့အပေါ် အလွန်ရန်လိုနေလေသည်။

သူတို့အရင်က ဗိုက်ဆာနေကြလို့လား...

“ဒါဆို အထဲ၀င်ကြမယ်...ဒါပေမဲ့ လူတိုင်း သတိရှိရှိနေကြ...အပြင်ကမ္ဘာနဲ့ အဆက်အသွယ်မပြတ်ဖို့ သတိရကြ..."

ခေါင်းဆောင် ပြောလိုက်သည်။

အားလုံးခေါင်းငြိမ့်လိုက်ကြ၏။

အဖွဲ့ငယ်လေးတစ်ဖွဲ့ ယင်တွင်းထဲသို့ ၀င်ရောက်သွားလေသည်။

စွန့်ပစ်အဆောက်အအုံကြီးက အလွန်မှောင်မည်းနေလေသည်။ ကွန်ကရစ်နံရံများက လက်ဆော့ထားသည့် ခြစ်ရာများ၊ ပုံများနှင့် ရှုပ်ပွနေပြီး သံချေးတက်နေသော ပိုက်များက အလွန်မှုန်မှိုင်းထူးဆန်းနေပေသည်။

အားလုံး သတိရှိရှိ လျှောက်နေကြသည်။ ခြေရာခံစက်ကိုလည်း အဆက်မပြတ် စစ်ဆေးနေကြလေသည်။

သို့သော် သူတို့ ပိုမိုနက်ရှိုင်းစွာ ၀င်ရောက်လာသည်နှင့်အမျှ ခြေရာခံစက်တွင်ပြသော ယင်စွမ်းအင်က ပိုမိုတိုးလာသော်လည်း ယင်းက ပုံမှန်ဖြစ်စဉ်သာ ဖြစ်သည်။ သူတို့ ယင်စွမ်းအင်များကြောင့် ဖြစ်ပေါ်လာသော ပုံမှန်မဟုတ်သည့် ပြောင်းလဲမှုများကို မတွေ့ရချေ။ ပတ်၀န်းကျင်တွင် တစ္ဆေသရဲများလည်း မရှိချေ။ ကျန်နှစ်တွင်းနှင့်စာလျှင် ဤယင်တွင်းက အလွန်ပုံမှန်ဖြစ်နေလေသည်။

အ‌ဖွဲ့ငယ်လေး အ‌‌ဆောက်အအုံ၏ ဗဟိုသို့ ရောက်ရှိလာလေသည်။

ချန်ချင်းယဲ့ လက်ဆန့်ထုတ်လိုက်သော်လည်း ကူကောင်များကထွက်လာပြီး လေထဲမှယင်စွမ်းအင်များကို မစုပ်ယူပေ။ ထိုအစား လက်ကောက်၀တ်ကိုသာ တင်းကြပ်စွာ ရစ်ပတ်ထားပြီး ပတ်၀န်းကျင်မှ အမှောင်ထုကို အော်ဟစ်နေကြလေသည်။

သူ မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းမော့ကာ အခြားအဖွဲ့၀င်များကို တစ်ခုခုပြောရန် ကြိုးပမ်းလိုက်သည်။

"စီနီယာ...ကျွန်တော်..."

သို့သော် သူ စကားဆုံးအောင် မပြောရသေးမီ အဖွဲ့၀င်တစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။

"ဟိုဟာကို ကြည့်ကြ..."

သတ္တုတံခါးက သံချေးတက်နေပြီး မျက်နှာပြင်ပေါ်ရှိ ဆေးသားများက အားလုံးနီးပါး အရောင်ကွာကျနေပြီဖြစ်သောကြောင့် မူလအရောင်ကို မပြောနိုင်တော့ချေ။ တံခါးက အနည်းငယ် ဟနေပြီး အဖွဲ့၀င်များကို ထိတ်လန့်စေပေသည်။

ချန်ချင်းယဲ့ လက်ကို ပြန်ရုတ်လိုက်ကာ အဖွဲ့၀င်လက်ညှိုးထိုးပြသည့်နေရာကို မြန်မြန် ကြည့်လိုက်သည်။

သူတို့ရှေ့တွင် အလွန်ကြီးမားပြီး ကျယ်၀န်းကာ ဖုန်များ၊ အုတ်ကျိုးအုတ်ပဲ့များဖြင့် ပြည့်နှက်နေသော နေရာတစ်ခု ရှိနေလေသည်။ ထိုနေရာလွတ်တွင် လေထဲ၌ လွင့်မျောနေသော လူသားအရွယ်ခန့်ရှိသည့် ဖောက်ထွင်းမြင်နိုင်သော ပိုးတုံးလုံး‌တစ်ကောင်ရှိ၏။ မျက်နှာပြင်က အလွန်နူးညံ့ပုံပေါ်ပြီး အခေါက်များ၊ အတွန့်များ ရှိနေလေသည်။ ယင်း၏ အတွင်းထဲတွင် ဖြည်းညှင်းစွာ လူးလွန့်နေသော တစ်စုံတစ်ရာရှိပုံပေါ်လေသည်။ ပတ်၀န်းကျင်ရှိလေထုက အနံ့အသက်ဆိုးများကို ထုတ်လွှတ်နေ၏။

ချန်ချင်းယဲ့ ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး သူ့မျက်လုံးထဲတွင် ချက်ချင်း ပြင်းထန်သည့်အကြည့်တစ်ခုပေါ်လာလေသည်။

"ဝေးဝေးသွားကြ..."

သူ ပြောပြီးသည်နှင့် ပိုးတုံးလုံး၏ ကော်ကဲ့သို့ စေးကပ်သော အမြှေးပါး ရုတ်တရက်လှုပ်ရှားလာပြီး ပိုမို ပြင်းထန်လာကာ မျက်စိတစ်မှိတ်အတွင်း ကျောက်ကျောသဖွယ် လက်တံကြီး ပျံထွက်လာလေသည်။

နောက်တစ်ခဏတွင် တိုက်ခိုက်ရေးဌာနခွဲအဖွဲ့၀င်များ၏ အမြင်အာရုံ မည်းမှောင်သွားသည်။

အနက်ရောင်ကင်းခြေများတစ်ကောင် သူတို့ရှေ့တွင် ပေါ်လာလေသည်။ ကြီးမားသည့် ခန္ဓာကိုယ်ကြီး‌ကြောင့် စင်္ကြံတစ်ခုလုံး ပြည့်လုနီးပါးဖြစ်နေပြီး နက်မှောင်သော အခွံပေါ်တွင် ‌အေးစက်သည့်အလင်းရောင်တစ်ခု တောက်ပနေလေသည်။ ခန္ဓာကိုယ်ပေါ်တွင် မျက်လုံးများစွာ ရှိပြီး ၎င်းတို့က ပတ်ပတ်လည်ကို ကြည့်နေလေသည်။ ကြီးမားသည့် ပါးစပ်ကြီးကို လှုပ်ယမ်းနေ‌သောကြောင့် အသံများ ထွက်ပေါ်နေလေသည်။

အဆောက်အအုံအတွင်းပိုင်း တုန်ခါလာလေ၏။ အပေါ်မှ အပျက်အစီးများ၊ ဖုန်မှုန့်များ ပြုတ်ကျလာပြီး လူတိုင်း၏ အမြင်အာရုံကို မည်းမှောင်သွားစေလေသည်။

ချန်ချင်းယဲ့ အော်လိုက်သည်။

"ပြေးးးးးးး"

သို့သော် အလွန်နောက်ကျသွားပြီဖြစ်သည်။ ကင်းခြေများ၏ ကျောက်ကျောကဲ့သို့ ‌လက်တံကရိုက်ခတ်မှုကြောင့် အရည်အဖြစ်ပြောင်းလဲသွားကာ နေရာအနှံ့ လွင့်စင်လာလေသည်။ ထို့နောက်အဆောက်အအုံနေရာအနှံ့ လွှမ်းခြုံသွားခဲ့သည်။

ထိုအဖြစ်အပျက်များပြီးနောက် သူတို့ရှေ့မှ မြင်ကွင်း လုံး၀ပြောင်းလဲသွားလေသည်။

အဆောက်အအုံထဲတွင် ကော်ရစ်တာအလွတ်ကြီး ရှိနေသေးသော်လည်း အစနှင့် အဆုံးကို မမြင်နိုင်တော့ပေ။ မူလက ပိုးတုံးလုံးလွင့်မျောနေသော နေရာက နေရာအလွတ်ကြီးဖြစ်နေပြီး လေထုက မြူခိုးများ ၀န်းရံလာသကဲ့သို့ နောက်ကျိ မည်းမှောင်လာလေသည်။ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လျှင်လည်း မြင်ကွင်းက မြူများဖြင့် ပိတ်နေပြီး သူတို့လက်ချောင်းကို သူတို့ ပြန်ကြည့်လျှင်ပင် မမြင်နိုင်သည့် အခြေအနေရှိ၏။

ခေါင်းဆောင်၏ မျက်နှာ အလွန်ဖြူဖျော့လာလေသည်။ သူ ဖုန်းကို ထုတ်ကာ စစ်ဆေးလိုက်သည်။

အချက်ပြမရှိဘူး...

ရေဒီယိုဆက်သွယ်စက်ပင်လျှင် ဆူညံသံများကိုသာ ထုတ်လွှတ်နေပြီး အပြင်ကမ္ဘာနှင့် အဆက်အသွယ်မရပေ။

ချန်ချင်းယဲ့ အားချန်၏ ခန္ဓာကိုယ်ကို ပွတ်သပ်လိုက်သည်။ သူ့၏ ရိုးရှင်းသော မျက်နှာက လေးနက်နေလေသည်။

ယင်ပိုးတုံးလုံး...

ယင်ပိုးတုံးလုံးကို မွေးမြူရန် ယင်စွမ်းအင်အများအပြား လိုအပ်သောကြောင့် ယင်းက ယင်တွင်းတွင် စုစည်းလာသော ယင်စွမ်းအင်များကိုအဆက်မပြတ် စုပ်ယူနေသည်။ ထို့အတွက်ကြောင့် ဤယင်တွင်းရှိ ယင်စွမ်းအင်က အခြားယင်တွင်းနှစ်တွင်းထက် နည်းနေရခြင်းဖြစ်သည်။

ထိုပိုးတုံးလုံး လုံး၀ မကြီးထွားမီ အချိန်အထိ မည်သည့်ခြေရာခံစက်မှ ယင်းကို ထောက်လှမ်းနိုင်မည်မဟုတ်ချေ။ ထိုကော်နှင့်တူသော အမြှေးပါးက ၎င်း၏တည်ရှိမှုကို ဖုံးကွယ်ထားနိုင်ရုံသာမက ယင်ပိုးတုံးလုံး၏ တည်ရှိမှုကို ရှာတွေ့ခဲ့‌သော လူသားများအား ချေမှုန်းပစ်နိုင်လေသည်

ပိုးတုံးလုံး မပေါက်ဖွားမီအချိန်တွင် အထဲတွင် မည်သည့်မကောင်းဆိုးဝါးဖြစ်ကြောင့် မသိနိုင်ချေ။

သို့သော် ၎င်း အကောင်ပေါက်လာလျှင် မထိန်းချုပ်နိုင်တော့ပေ။

အနည်းဆုံး Bအဆင့်တွင် ရှိပြီး အမြင့်ဆုံးအဆင့်ဆိုလျှင် Sအဆင့်ပင် ကျော်လွန်နိုင်ပေသည်။

ယခု ပိုးတုံးလုံးက အကောင်ပေါက်တော့မည်ဖြစ်ကြောင်း သိသာလေသည်။

ကံကောင်းစွာနှင့် ယခု ထိုအရာပြုလုပ်ခဲ့သည်က မပြည့်စုံသေးသော တစ္ဆေပိုင်နက်တစ်ခုသာဖြစ်၏။

ကြောက်စရာကောင်းပြီး ယခင်ကထက် နေရာပိုကျယ်သွားသော်လည်း နဂိုလာခဲ့သောနေရာကို ပြန်လှည့်နိုင်သရွေ့ ဤနေရာက ထွက်သွားနိုင်လေသည်။

ချန်ချင်းယဲ့ တိုက်ခိုက်ရေးဌာနခွဲအဖွဲ့၀င်များကို ကြည့်လိုက်ပြီး လေးနက်စွာပြောလိုက်သည်။

"စီနီယာ အခုထွက်သွားရင် ကောင်းမယ်...ပိုးတုံးလုံးကို ကာကွယ်ဖို့ သူက ပတ်၀န်းကျင်က တစ္ဆေသရဲတွေနဲ့ မကောင်းဆိုးဝါးတွေကိုဆွဲဆောင်နိုင်တဲ့ ယင်စွမ်းအင်ကို လွှတ်လိမ့်မယ်..."

ခေါင်းဆောင် အနည်းငယ် စိုးရိမ်သွားသည်။

“မင်းကရော...”

ချန်ချင်းယဲ့ သူ့ဘေးမှ အခွံမာကို ထိလိုက်သည်။

"ကျွန်တော်ကတော့ ပိုးတုံးလုံးကို အကောင်မပေါက်ခင် သွားရှာမယ်..."

ပိုးတုံးလုံးကို ခြေရာခံ၍ မရပေ။ သူ့၏ ကူကောင်များနှင့်ပင် ရှာတွေ့နိုင်ချေ အလွန်နည်းပါးလေသည်။

“‌ခေါင်းဆောင်ထွက်သွားပြီးရင် တိုက်ခိုက်ရေးဌာနခွဲကို မြန်မြန်အကြောင်းကြားပြီး ဒီနေရာကို လာခိုင်း..."

ခေါင်း‌ဆောင်၏ မျက်နှာ ပိုမိုဖြူဖျော့လာလေသည်။

"အရမ်း အရေးကြီးလို့လား..."

ချန်ချင်းယဲ့ ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ကဲ့...ကျွန်တော်က သူ့ကို ခြေရာခံရုံပဲ...တိုက်ခိုက်မှာ မဟုတ်ဘူး...ဒါကြောင့် ကျွန်တော်ပိုးတုံးလုံးကို ရှာတွေ့ပြီးတာနဲ့ တိုက်ခိုက်ရေးဌာနခွဲက စီနီယာတွေ ရောက်လာဖို့ မျှော်လင့်တယ်...မဟုတ်ရင် အကောင်ပေါက်ပြီးရင် အခြေအနေက ပိုကိုင်တွယ်ဖို့ ခက်လိမ့်မယ်..."

အခြားအဖွဲ့၀င်များ အခြေအနေကို နားလည်သွားပြီး ခေါင်းငြိမ့်လိုက်ကာ မြန်မြန်ပြေးသွားလေသည်။

လမ်းက အလွန်ရှည်လျားပြီး ဝေးကွာကာ အဆုံးမရှိပေ။

မှောင်မိုက်နေသော ကော်ရစ်တာက အလွန်ကျဉ်းမြောင်းပြီး ခြေသံများကိုသာ ကြားနိုင်ပေသည်။

အကွေ့တစ်ခုတွင် စွမ်းအားကြီးတစ္ဆေတစ်ကောင် သူတို့ဆီ အော်ဟစ်လျက် တဟုန်ထိုးပြေးလာသည်ကို တွေ့ရှိလိုက်ကြသည်။

“တိုက်ပွဲအတွက် အသင့်ပြင်ထား...”

ခေါင်းဆောင် အမိန့်ပေးလိုက်သည်။

ဤအဖွဲ့ထဲရှိ တိုက်ခိုက်ရေး၀န်ထမ်းများက လူသစ်များသာ ဖြစ်သော်လည်း လေ့ကျင့်မှုများစွာကို ရရှိခဲ့ပြီဖြစ်သည်။ တစ်ခဏလောက်ထိတ်လန့်သွားကြသော်လည်း ချက်ချင်းစုစည်းကာ စွမ်းအားကြီးတစ္ဆေကို ရင်ဆိုင်ရန် အ‌သင့်ဖြစ်နေလေသည်။

အော်ဟစ်သံများကြားတွင် သေနတ်သံများ ထွက်ပေါ်လာပြီး ကော်ရစ်တာတစ်လျှောက် ဆူညံသွားလေသည်။

ထိုအချိန်တွင် အဖွဲ့ဝင်တစ်ဦး လည်ပင်းယားယံလာသကဲ့သို့ ခံစားလိုက်ရသည်။

သူ သူ့လည်ပင်းကို ထိလိုက်၏။

သို့သော် သူ့လက်ချောင်းများက အနက်ရောင် ဆံနွယ်ရှည်များကိုသာ ထိမိလေသည်။

အပေါ်မှ အသံအချို့ကို ကြားလိုက်ရသည်။

အဖွဲ့၀င်လေး ဖြည်းညှင်းစွာ ခေါင်းမော့ကြည့်လိုက်သည်။

ထိုအခါ သရဲမတစ်‌ယောက်က မျက်နှာကျက်တွင် ဇောက်ထိုးတွယ်ကပ်နေပြီး အနက်ရောင် ဆံနွယ်ရှည်များ လွင့်မျောနေကာ နီရဲနေ‌သော မျက်လုံးအစုံဖြင့် သူ့ကို ရက်စက်စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

“အားးးးးးး”

အဖွဲ့၀င်များ၏ အော်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာကြလေသည်။

ခေါင်းဆောင် နောက်ကို လှည့်ကြည့်လိုက်သည်။

ထိုအခါ အလွန်ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေသည်။ မျက်နှာကျက်ပေါ်မှ သရဲမ၊ ပြတင်းပေါက်ပေါ်တွင် တွယ်ကပ်နေသောအရိုးစု၊ ကြမ်းပြင်ပေါ်မှ တဖြည်းဖြည်းထွက်ပေါ်လာသော နံ့စော်နေသည့် အလောင်းကောင် ၊အော်ဟစ်နေသော စွမ်းအားကြီးတစ္ဆေစသည်တို့က သူတို့ကို ၀န်းရံထားလေသည်။

သူတို့ သတိမထားမိခင်တွင် ၀န်းရံခံရပြီဖြစ်၏။

ချန်ချင်းယဲ့၏ သတိပေးချက်က အမှန်တကယ်ဖြစ်လာလေသည်။ ထို ထူးဆန်းသည့် ပိုးတုံးလုံးက စွမ်းအားကြီးတစ္ဆေများကို ဆွဲဆောင်နိုင်ပေသည်။

အဘက်ဘက်မှ တိုက်ခိုက်လာမှုများကြောင့် သူတို့ ခုခံနေကြရုံသာ တတ်နိုင်လေသည်

ခေါင်းဆောင် စိုးရိမ်လာသည်။

ချန်ချင်းယဲ့က ပိုးတုံးလုံးရဲ့ နေရာကို ခြေရာခံရုံပဲ...တိုက်ခိုက်မှာ မဟုတ်ဘူးလို့ပြောတယ်...

ဒါပေမဲ့ အခု သူတို့က ခက်ခဲ‌တဲ့ အခြေအနေမှာရှိနေကြတာ...ဒီနေရာက ထွက်သွားပြီး အကူအညီသွားတောင်းလို့ မရဘူး...သေခြင်းကို ရင်ဆိုင်နေရတယ်...

ရုတ်တရက် ပြတင်းပေါက်‌ပေါ်မှ အရိုးစုက တစ်ခုခုကို ခံစားမိသွားပြီး နေရာတစ်နေရာကို လှမ်းကြည့်လိုက်ကာ လည်ချောင်းထဲမှ မာန်ဖီသံ ထွက်လာသည်။ နောက်တစ်ခဏတွင် အပြင်ဘက်မှ မြူများ ကင်းစင်သွားလေသည်။

ခေါင်းဆောင် အံ့ဩသွားသည်။

ဘာဖြစ်သွားတာလဲ...

အဖြေကို မစဉ်းစားမီ နောက်တစ်စက္ကန့်၌ အရှေ့ရှိ အမှောင်ထုထဲမှ ကြီးမားသည့်ပုံရိပ်တစ်ခု ထွက်လာလေသည်။

အဖြူရောင် အရိုးစုတစ်ခု ချဉ်းကပ်လာသည်။ ချွန်ထက်သည့် သွားများဖြင့် ပြည့်နေသော ပါးစပ်ကြီးက အော်ဟစ်နေသော စွမ်းအားကြီးတစ္ဆေ၏ ခြေထောက်ကို ဝါးမျိုလိုက်လေသည်။

စွမ်းအားကြီးတစ္ဆေက လုံး၀ မတိုက်ခိုက်နိုင်ပေ။ ဖိနှိပ်ခံနေရသောကြောင့် ပြေးလည်း မပြေးနိုင်ပေ။

ခေါင်းဆောင်၏ အသံ ထိတ်လန့်မှုကြောင့် အလွန်ကျယ်လောင်နေလေသည်။

"ပြန်ဆုတ်...ပြန်ဆုတ်..."

သို့‌သော် ထိုမကောင်းဆိုးဝါးက သူတို့ကို လာမတိုက်ခိုက်ခဲ့ပေ။ ထို့အစား ကြမ်းပြင်ပေါ်မှ နံစော်နေသော အလောင်းကို အငမ်းမရ ဝါးမျို‌နေလေသည်။

ခေါင်းဆောင် : “……..”


Xxxxx