အပိုင်း ၇၁
Viewers 10k

Chapter 71



ခေါင်းဆောင် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ယခုမှ ရှင်းရှင်းလင်းလင်းမြင်နိုင်သော မကောင်းဆိုးဝါးကြီး၏ အသွင်အပြင်ကို သေချာကြည့်လိုက်သည်။

ဆိတ်ခေါင်း၊ မျက်လုံးဗလာ၊ အရိုးစု ခန္ဓာကိုယ်နဲ့ ငါးအမြီး...

ဒါက တော်‌တော်တူနေတယ်...

ခေါင်းဆောင် နားလည်သွားသည်။

“မင်းပဲ...”

အဲ့ဒီညက တစ္ဆေသရဲ‌တွေနဲ့မကောင်းဆိုးဝါးတွေကို ရှင်းလင်းဖို့ ကူညီပေးခဲ့တဲ့ ထူးဆန်းတဲ့ငါး...

သူပေါ်လာပြီ‌ဆိုတော့...

ခေါင်း‌ဆောင် ဆက်မတွေးမီ မျက်နှာကျက်ပေါ်မှ သရဲမ စူးစူးဝါးဝါး အော်ဟစ်လာလေသည်။ သူအောက်ဘက်မှ ငါးကို ထိတ်လန့်တကြီးကြည့်လိုက်ကာ အမှောင်ထုထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သူ့၏ခြေလက်များက တွန့်လိမ်နေသော်လည်း တွားသွားပြီး မြူခိုးထဲသို့ ပျောက်ကွယ်သွားလေသည်။

“ ရွှပ်...”

လေထုထဲတွင် ထွက်ပေါ်လာသောဓားသွားသံနှင့်အတူ ‌တောက်ပသောအလင်းတန်းတစ်ခုအမှောင်ထုထဲတွင် လင်းလက်သွားလေသည်။ မကြာမီ သရဲမ၏ အော်သံထွက်ပေါ်လာပြီး ကော်ရစ်တာက တစ်ဖန် ပြန်တိတ်ဆိတ်သွားသည်။

ခြေသံများ ထွက်ပေါ်လာလေသည်။

လူငယ်တစ်ယောက်၏ ပုံရိပ် အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး ယင်းပုံရိပ်က အခြားလူများအတွက် အမှောင်ထုထဲမှ မီးရှူးတိုင်ပင်ဖြစ်သည်။ မမြင်နိုင်သော အလင်းရောင်နှင့် အနွေးဓာတ်ကြောင့် အအေးဓာတ်နှင့် ထိတ်လန့်ကြောက်ရွံ့မှုများကို လွင့်စင်ပပျောက်စေပြီး စိတ်လုံခြုံမှုကို ခံစားရသေလေသည်။

‌သွေးအရိုးငါး ကူးခတ်လာပြီး လူငယ်လေးကို ရင်းနှီးစွာ ပွတ်သပ်လိုက်သည်။

ခေါင်းဆောင်၏ မျက်လုံးများ တောက်ပလာလေသည်။

"ကြီးမြတ်တဲ့ နတ်ဘုရား...ကြီးမြတ်တဲ့ နတ်ဘုရား...တကယ်ကြီးကို သင်ပဲ..."

သူ့နောက်မှ အခြားအဖွဲ့၀င်များလည်း အလွန်စိတ်လှုပ်ရှားနေြလေသည်။ လူတိုင်း၏ မျက်လုံးများက ဗို့စ်၂၀၀မီးသီးကဲ့သို့ ‌တောက်ပနေ၏။

"ကြီးမြတ်တဲ့ နတ်ဘုရား...သင်ရောက်လာပြီပဲ..."

ယဲ့ကျား : “……….”

သူ ဘာဖြစ်သွားမှန်း မသိပေမဲ့ နည်းနည်းမျက်စိနောက်စရာပဲ...

ယဲ့ကျား မကြာသေးမီက ထောက်ပံ့ပို့ဆောင်ရေးဌာနတွင် ပင်ပင်ပန်းပန်းအလုပ်လုပ်နေရသောကြောင့် သူက တိုက်ခိုက်ရေး၀န်ထမ်းများ၏ နှလုံးသားထဲတွင် ဒဏ္ဍာရီဆန်သော တည်ရှိမှု ဖြစ်လာမှန်း မသိလိုက်ပေ။

အခက်ခဲဆုံးအချိန်မှာ ရုတ်တရက် ထွက်ပေါ်လာပြီး ခြေရာလက်ရာမကျန် တိတ်တိတ်လေးပျောက်ကွယ်သွားတယ်...

ကယ်တင်ခံရသူများ၏ဝါဒဖြန့်မှုကြောင့် သူက လူတိုင်းကိုးကွယ်တဲ့ သက်ရှိနတ်ဘုရား ဖြစ်လုနီးပါး ဖြစ်နေလေသည်။

စိတ်လှုပ်ရှားနေသည့် မျက်လုံးများနှင့် ရင်ဆိုင်ရသောအခါ ယဲ့ကျား အနည်းငယ်စိတ်မသက်မသာခံစားရလေသည်။

သူ ချောင်းဟန့်လိုက်ပြီး မေးလိုက်သည်။

"မကောင်းဆိုးဝါးရော..."

“ကျွန်‌တော်တို့ အဖွဲ့သားတစ်ယောက် ခြေရာခံလိုက်နေပါတယ်...”

ခေါင်း‌‌ဆောင်၏ စကားလုံးများက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် ဗလုံးဗထွေးဖြစ်နေလေ၏။ သူ နတ်ဘုရားနှင့် လက်ဆွဲနှုတ်ဆက်ချင်သော်လည်း ချက်ချင်း လက်ပြန်ရုတ်လိုက်ကာ လည်ချောင်းရှင်းလိုက်ပြီး တည်ငြိမ်ဟန်ဆောင်ကာပြောလိုက်သည်။

"ကျ...ကျွန်တော်တို့ အခုစစ်ကူခေါ်ဖို့ သွားလိုက်ဦးမယ်..."

ယဲ့ကျား ခေါင်းငြိမ့်လိုက်သည်။

အမှန်တကယ်ပင် အကောင်မပေါက်သေးသည့် ပိုးတုံးလုံးကို ချန်ချင်းယဲ့၏ ကူကောင်များကသာ
‌ခြေရာခံနိုင်ပေသည်။

“ကိစ္စတွေ ပြီးသွားရင် လ...လက်မှတ် ထိုးပေးလို့ရလား..."

အဖွဲ့၀င်တစ်ယောက် စိတ်အားထက်သန်စွာ မေးလိုက်သည်။

အခြားလူများ ထိတ်ထိတ်ပျာပျာ ခေါင်းငြိမ့်လိုက်ကြလေသည်။

ယဲ့ကျား : “………..”

သူ ဝေဝေဝါးဝါး ပြန်ဖြေလိုက်သည်။

"ရလောက်ပါတယ်..."

“ဒါဆို ကျွန်တော်တို့ နတ်ဘုရားရဲ့ အလုပ်ကို မနှောင့်ယှက်တော့ဘူး...ကျွန်တော်တို့ အခုစစ်ကူ
ပြေးခေါ်လိုက်မယ်..."

အဖွဲ့၀င်များ၏ မျက်လုံးများ တောက်ပ‌နေလေသည်။

လူထူးလူဆန်းတွေပဲ...

ယဲ့ကျား တိုက်ခိုက်ရေးအဖွဲ့ ပျောက်ကွယ်သွားသည့်အထိ စောင့်ကြည့်နေလေသည်။

ရုပ်သေးသခင်ပေးခဲ့သော အချက်အလက်အရ ဤရုပ်သေးက Sအဆင့်စွမ်းအားကြီးတစ္ဆေဖြစ်ပြီး ယနေ့ အကောင်ပေါက်မည်ဖြစ်သည်။ ထိုသတင်းကို ပြောပြခဲ့သည့်အကြောင်းရင်းက သူတို့ ကျရှုံးမည်ဟု ထင်သောကြောင့် ဖြစ်သည်

ယဲ့ကျား အကြည့်ကို ပြန်ရုတ်လိုက်ပြီး အပေါ်ထပ်ကို မော့ကြည့်လိုက်သည်။

သူ ပိုးတုံးလုံး၏ တည်နေရာကို ခြေရာမခံနိုင်သော်လည်း ချန်ချင်းယဲ့၏ ကူများကို ခြေရာခံနိုင်ပေသည်။

အခု ချန်ချင်းယဲ့ တတိယအလွှာမှ ရှိနေတယ်...သူတက်သွားနေတုန်းပဲ...လေးလွှာ...ငါးလွှာ...ခြောက်လွှာ...

ချန်ချင်းယဲ့ ရုတ်တရက် ရပ်သွားသည်။

သူ သူ့ဘေးနားရှိ အားချန်ကို နှစ်ချက်မျှ ပုတ်လိုက်ပြီး ၎င်းက ခေါင်မိုးထိပ်သို့ တက်သွားလေသည်။

ချန်ချင်းယဲ့ အားချန်၏ ခြေထောက်ကို မြန်မြန်လှမ်းဆွဲလိုက်ပြီး တိုးတိုးပြောလိုက်သည်။

"ခဏနေဦး...ပြန်လာခဲ့..."

အားချန် နောက်သို့လှည့်ကာ မျက်လုံးများဖြင့် ချန်ချင်းယဲ့ကို စိုက်ကြည့်လိုက်ပြီး အရွယ်အစား
ပြန်သေးသွားကာ ချန်ချင်းယဲ့၏ အင်္ကျီလက်ထဲသို့ ပြန်၀င်သွားသည်။

ချန်ချင်းယဲ့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ရှောင်ပိုင်က ကူကောင်အမဖြစ်သည်။ ထို့ကြောင့် ရှောင်ပိုင်အနားတွင် ရှိနေသရွေ့ သူ့၏ ကူကောင်များ ဒဏ်ရာအပြင်းအထန်ရပြီး သေခါနီး ဖြစ်နေလျှင်ပင် လျင်မြန်စွာ ပြန်ကောင်းနိုင်လေသည်။

ဒါပေမဲ့...

ချန်ချင်းယဲ့၏ အမူအရာ မည်းမှောင်သွားသည်။

အေ့စ်...

သူက လူယောင်ဆောင်ထားတဲ့ မကောင်းဆိုးဝါးပဲ...

သူ...သူက သူ့ရဲ့ရှောင်ပိုင်လေးကို တက်နင်းပစ်လိုက်တယ်...

ထိုနေ့မှစ၍ ချန်ချင်းယဲ့ သူ့၏ အဖိုးတန်ကူကောင်များကို တိုက်ပွဲတွင်မပါ၀င်ခိုင်းတော့ချေ။

ထောက်ပံ့ပို့ဆောင်ရေးဌာနတွင် ပါ၀င်ချင်သည့် အကြောင်းရင်းကလည်း ယင်းကြောင့်ဖြစ်သည်။

တိုက်ခိုက်ရေးဌာနခွဲ၏ အလုပ်က အမြဲတစေတိုက်ခိုက်နေရလေသည်။ ယခု သူတစ်ယောက်တည်း ကိုင်တွယ်နိုင်သော်လည်း တစ်နေ့နေ့ မမျှော်လင့်သည့် အဖြစ်အပျက်များ ဖြစ်လာခဲ့လျှင် သူ့၏ အဖိုးတန်ဘေဘီလေးများကို ထပ်မဆုံးရှုံးချင်တေ့ပေ။

ချန်ချင်းယဲ့ တံခါးကို ဂရုတစိုက်ဖွင့်ကာ အထဲကို ကြည့်လိုက်သည်။

ကြီးမားသည့် ပိုးတုံးလုံးကြီးက လေထဲတွင် ပျံဝဲနေလေသည်။

အပြင်ဘက်ရှိ အမြှေးပါးက ယခုလုံး၀ထိုးဖောက်မြင်နေရပြီး အထဲမှ သွေးကြောများကို မြင်နိုင်ရုံသာမက တွန့်လိမ်နေ‌‌‌သော ခြေလက်များကိုပင် မြင်နိုင်ပေသည်။

သူ့၏ ‌အတွေ့အကြုံအရ နောက်ဆယ်မိနစ်ကြာလျှင် အကောင်ပေါက်လာနိုင်ပေသည်။

ချန်ချင်းယဲ့ ခေါင်းငုံ့ကာ အင်္ကျီလက်ထဲမှ အားချန်၏ခေါင်းကို ကိုင်လိုက်သည်။ သူ အနည်းငယ် တွန့်ဆုတ်နေပေသည်။

သူ မတိုက်ခိုက်ချင်ပေ။

ဒါပေမဲ့ ဆယ်မိနစ်ပဲ ကျန်တော့တယ်...သူ အကူအညီက မြန်မြန်မရောက်လာနိုင်တာကို သိတယ်...ပိုးတုံးလုံးကို ဒီအတိုင်းထားသွားရင် ဖြစ်လာမဲ့ အကျိုးဆက်တွေကို တွေးကြည့်လို့‌တောင် မရဘူး...

ချန်ချင်းယဲ့ စိတ်ရှုပ်ထွေးနေချိန်တွင် သူ့နောက်မှ အသံတစ်သံ ထွက်ပေါ်လာလေသည်။

"ဟေ့...ဒါကို ငါ တာ၀န်ယူလို့ရလား..."

လူငယ်လေး၏ အသံက နူးညံ့ပြီး သိမ်‌မွေ့လေသည်။ ယင်းအသံက ကော်ရစ်တာပေါ်မှ တိတ်ဆိတ်မှုကို ဖျက်စီးလိုက်သည်။

ဒီအသံကို အရမ်းရင်းနှီးနေတယ်...

သူ့အိမ်မက်ထဲမှာ ပေါ်လာရင်တောင် ဒေါသဖြစ်စေတဲ့ အသံ...

ချန်ချင်းယဲ့၏ မျက်နှာက ဒေါသကြောင့် တွန့်ရှုံ့နေပြီး အမုန်းတရားများက သူ့မျက်လုံးထဲမှ ထွက်ကျလာလေသည်။ သူ နောက်လှည့်ကာ ဟော်ဒီဝတ်ထားသည့် လူငယ်ကို ကြည့်လိုက်သည်။

"အေ့စ်---"

အာဃာတဟောင်းများနှင့် အသစ်များ ပေါက်ကွဲထွက်လာလေသည်။

ရောင်စုံကူကောင်များ ခုနစ်ဆယ်ရှစ်ဆယ်ခန့် အင်္ကျီလက်ထဲမှ ထွက်လာပြီး ယဲ့ကျားဆီသို့ ပြေးလာလေသည်။

ယဲ့ကျား သူ့နောက်လိုက်နေသည့် ကူကောင်များကို ရှောင်ရှားလိုက်ပြီး ကူရာမဲ့စွာ ပြောလိုက်၏။

"အခု ဒီအကြောင်းပြောရမဲ့အချိန် မဟုတ်ဘူး..."

သို့သော် ချန်ချင်းယဲ့က ဒေါသကြောင့် မျက်စိကန်းနေလေသည်။ သူအော်လိုက်သည်။

"ရှောင်ပိုင်ရဲ့ အသက်အတွက် မင်းအသက်ကို လိုချင်တယ်..."

အင်္ကျီလက်ထဲမှ ကူကောင်များ ယဲ့ကျားထံသို့ တိုက်ခိုက်လာကြပြန်သည်။

ယဲ့ကျား : “…….”

ဒီလို ထပ်ဖြစ်ပြန်ပြီ...

ဂိမ်းထဲမှာ ရက်စ်နဲ့ စကားပြောဖို့ လုပ်တိုင်း ဒီလိုအခြေအနေဖြစ်လာတာပဲ...ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ်၊ ဘာတွေနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ချန်ချင်းယဲ့ သူ့ကို မြင်တိုင်း သေချာပေါက် အဲ့အရာတွေကို လျစ်လျူရှုထားလိမ့်မယ်...

ကစားသမားတိုင်းမှာ ထူးခြားတဲ့ စရိုက်လက္ခဏာတွေ ရှိကြပေမဲ့ ရက်စ်က သူနဲ့ ဆက်ဆံဖူးတဲ့ ကစားသမားတွေထဲမှာ အဆိုးဆုံးပဲ...

ယဲ့ကျား သက်ပြင်းချလိုက်သည်။

တိုက်ခိုက်မှုများကို ရှောင်ရှားရင်း ယဲ့ကျား တစ်၀က်ဖွင့်ထားသော တံခါးထဲကို ကြည့်လိုက်သည်။

ပိုးတုံးလုံးအတွင်းရှိ မကောင်းဆိုးဝါးက ပိုမိုပြင်းထန်စွာ ရွေ့လျားနေပြီး ပိန်ပါးသော‌ခြေလက်များက ပါးလွှာသော အမြှေးပါးကို ထိုးဖောက်ရန် ကြိုးစားနေလေသည်။ ပိုးတုံးလုံး၏အမြှေးပါးက လေလျော့သွားသော ပလတ်စတစ်အိတ်သဖွယ် ပိန်ကျလာပြီး စွမ်းအားကြီးတစ္ဆေ၏ ခန္ဓာကိုယ်ပေါ်တွင် တင်းကြပ်စွာ ကပ်ငြိနေသည်။ ယင်းမှလွတ်ရန် တစ်မိနစ်နှစ်မိနစ်ခန့် အချိန်ယူရမည်ဖြစ်သည်။

အချိန်ဖြုန်းနေလို့ မရတော့ဘူး...

ယဲ့ကျား ချက်ချင်း ငုံ့ရှောင်လိုက်ကာ ကူကောင်များကို ထောင့်ဖြတ်နည်းသုံး၍ ချန်ချင်းယဲ့ဆီသို့ ပြန်ပို့လိုက်သည်။

ချန်ချင်းယဲ့၏ သူငယ်အိမ်များ တင်းကြပ်သွားလေသည်။

တစ်ဖက်လူ၏ အရှိန်က အလွန်လျင်မြန်ပြီး အားချန်ကို လွှတ်မပေးမီ တစ်ဖက်လူ၏ အေးစက်သည့်လက်က သူ့လက်ကောက်၀တ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လာလေသည်။

အိုး...နိုး...

သူ အေ့စ်ရဲ့လက်ထဲမှာ ရှောင်ပိုင်သေသလိုမျိုး သေရတော့မယ်...

ထိုအ‌တွေးက ချန်ချင်းယဲ့၏ စိတ်ထဲ ဖျတ်ခနဲ ပေါ်လာလေသည်။

သို့သော် နောက်တစ်ခဏတွင် တစ်ဖက်လူက သူ့ကို တွန်းချလိုက်လေသည်။

ချန်ချင်းယဲ့ ပြုတ်ကျသွားချိန်တွင် အေးစက်သည့် လေများက သူ့နားဘေးတွင် ဝှီးခနဲ ‌မြည်နေလေသည်။ သူ စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်နေစဉ် သူ့အောက်မှ တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ အားချန်၏ ခန္ဓာကိုယ်က တစ်ဖန်ပြန်ကြီးလာပြီး ပြုတ်ကျသည့်အရှိန်နှေးကွေးစေရန် သူ့ကို ရစ်ပတ်ထားလေသည်။

ချန်ချင်းယဲ့ ဘေးကင်းစွာ ကြမ်းပြင်ပေါ်သို့ မဆင်းသက်မီ သူရပ်ခဲ့‌သည့် ခေါင်မိုးပေါ်မှ လေများက ပြင်းထန်လာလေသာ်။

တစ်ခဏအတွင်း လေနှင့် ကောင်းကင်ကပြောင်းလဲသွားပြီး ကမ္ဘာကြီး မည်းမှောင်လာလေသည်။

ပိုးတုံးလုံးရဲ့ အမြှေးပါးက ကွဲထွက်သွားပြီ...

Sအဆင့် စွမ်းအားကြီးတစ္ဆေများမှသာလျှင် ထိုကဲ့သို့ ပြင်းထန်သော မွေးဖွားမှု အခမ်းအနားရှိသည်။

သူ ပထမဆုံးတွေးမိတဲ့ အတွေးက အေ့စ်က သူ့ကို အန္တရာယ်ဇုန်ထဲက ဖယ်ထုတ်ပေးလိုက်တာလား...

ဘာလို့လဲ...

......

ခေါင်မိုးပေါ်၌...

ယဲ့ကျား ဤအခိုက်အတန့်ကို စောင့်နေခြင်း ဖြစ်သည်။

သူ သွေးအရိုးငါးကို ဆင့်ခေါ်လိုက်သည်။

အမြှေးပါးပေါက်ကွဲသွားချိန်၌ ယဲ့ကျား တံစဉ်းကိုထုတ်ကာ အားအနည်းဆုံး နေရာကို ခုတ်ထည့်လိုက်သည်။

ရွှပ်...

စေးပျစ်သောအရည်များ များစွာ ပန်းထွက်လာပြီး မွေးဖွားလာစ Sအဆင့်စွမ်းအားကြီးတစ္ဆေ၏
ကိုးရိုးကားယားနိုင်သော ပုံသဏ္ဍာန် ပြုတ်ကျလာလေသည်။

“အခုပဲ...”

ယဲ့ကျား အမိန့်ပေးလိုက်သည်။

သွေးအရိုးငါး ပါးစပ်ကို ဖွင့်ကာ ချွန်ထက်သောသွားများကို အသုံးပြုပြီး စွမ်းအားကြီးတစ္ဆေကို
ချက်ချင်းကိုက်လိုက်သည်။

စွမ်းအားကြီးတစ္ဆေ ရုန်းကန်ရန် ကြိုးစားသော်လည်း 'ပိုးတုံးလုံး၏ အမြှေးပါးကို ဖောက်ထွက်ခြင်း'လုပ်ငန်းစဉ်အား ပြီးပြည့်စုံစွာ မလုပ်ဆောင်နိုင်ခဲ့သောကြောင့်သူ့၏ အရေပြားက နူးညံ့နေဆဲဖြစ်ကာ သူ့၏ အသွင်သဏ္ဍာန်မပြည့်စုံမီ လေးငါးစက္ကန့်လောက် ကြာမြင့်မည်ဖြစ်ပြီး ယခု မပြည့်စုံမီ တိုက်ပွဲရည်ပြည့်၀နေသော သွေးအရိုးငါးနှင့် ရင်ဆိုင်ရသောအခါ ခံနိုင်ရည်မရှိပေ။ ချက်ချင်း ဝါးမျိုခံလိုက်ရလေသည်။

ပိုင်ရှင်မရှိတော့သောကြောင့် ပိုးတုံးလုံး၏ အမြှေးပါးက လျင်မြန်စွာ ကျုံ့သွားလေသည်။

ယဲ့ကျား ဒူးထောက်လိုက်ပြီး အိတ်ကပ်ထဲ ကောက်ထည့်လိုက်သည်။

အောက်ထပ်၌...

မြူခိုးများ လုံး၀လွင့်စင်ပပျောက်သွားသော်လည်း လေထဲရှိ ယင်စွမ်းအင်စုစည်းမှုကပြင်းထန်နေဆဲဖြစ်ကာ အသက်ရှူကြပ်စေလေသည်။

ချန်ချင်းယဲ့ ခေါင်းမော့ကာ ခေါင်မိုးကို ကြည့်နေလေသည်။ သူ့အနက်ရောင်မျက်မှန်၏ ရောင်ပြန်ဟပ်မှုကြောင့် မျက်လုံးထဲမှပုံရိပ်ကို မြင်ရန်ခက်ခဲသည်။

သူ အောက်ထပ်တွင် ရပ်နေပြီး တစ်စုံတစ်ခုကို‌ တွေးတောနေပုံပေါ်လေသည်။

အချိန်ကြာပြီးနောက်...

အဆောက်အအုံအတွင်းပိုင်းရှိ အမှောင်ထုထဲမှ လူငယ်လေး၏ ပိန်ပါးသော ပုံရိပ် ထွက်ပေါ်လာလေသည်။ သူက ဖုန်ထနေသောလေထုကိုဖြတ်၍ ချန်ချင်းယဲ့ထံသို့ တည့်မတ်စွာ လမ်းလျှောက်လာလေသည်။

ချန်ချင်းယဲ့၏ လက်ချောင်းများ ဆန့်ငင်ဆန့်ငင် လှုပ်နေလေသည်။

“ခဏ‌နေဦး...”

ယဲ့ကျား ပြောလိုက်သည်။

“မတိုက်နဲ့...”

ချန်ချင်းယဲ့၏ အင်္ကျီလက်တစ်ဝိုက်တွင် ရောင်စုံကူကောင်များ ၀န်းရံနေလေသည်။ ပထမဆုံးအကြိမ် အေ့စ်ကို ချက်ချင်းမတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယဲ့ကျား အသက်ပြင်းပြင်းရှူကာ ချန်ချင်းယဲ့အနား ဖြည်းညှင်းစွာ ချဉ်းကပ်လိုက်သည်။

"ငါ ရှောင်ပိုင်အတွက် တကယ်စိတ်မကောင်းပါဘူး..."

သူ လက်ကို ဆန့်ထုတ်ကာ လက်သီးကို ဖွင့်ပြလိုက်သည်။

သူ့လက်ဖဝါးအလယ်တွင်ထိုးဖောက်မြင်‌နိုင်သော အမြှေးပါးအလယ်၌ ဖြူဖွေးနူးညံ့သော ကူကောင်‌တစ်ကောင် ထိုင်နေလေသည်။

“ဒါက မိခင်ကူကောင်ပဲ...Sအဆင့်စွမ်းအားကြီးတစ္ဆေရဲ့ ပိုးတုံးလုံးအမြှေးပါးကနေ ပေါက်ဖွားလာတာ...သူက မိခင်ကူကောင်အဖြစ် ကြီးပြင်းလာလိမ့်မယ်...ဒါက မင်းနှလုံးသားထဲက ရှောင်ပိုင်ရဲ့ နေရာကို အစားမထိုးနိုင်မှန်း သိပါတယ်...ဒါပေမဲ့ ဒါက ငါ မင်းကို ပေးခဲ့တဲ့ နာကျင်မှုကို နည်းနည်းလောက် ‌‌သက်သာစေဖို့ မျှော်လင့်တယ်..."

ချန်ချင်းယဲ့၏ မျက်လုံးများ ပြူးကျယ်လာလေသည်။

သူ အသက်ရှူရပ်ရန် မေ့လုမတတ်ပင်ဖြစ်သည်။

ဂိမ်းထဲမှာပင် မိခင်ကူကောင်က ရရှိရန် အလွန်ခက်ခဲလေသည်။ မိခင်ကူကောင် ‌မွေးဖွားရန် အနည်းဆုံး Aအဆင့် သို့မဟုတ် ထို့ထက်မြင့်‌သော ပိုးတုံးလုံးအမြှေးပါး လိုအပ်လေသည်။ သူ ရှောင်ပိုင်ကို ခက်ခက်ခဲခဲမွေးမြူခဲ့ရပြီး သူ့တွင် ရှိသမျှ အကုန်ထုတ်သုံးလျှင်ပင် နောက်ထပ်တစ်ကောင်ကို မ‌‌မွေးမြူနိုင်တော့ပေ။

အထူးသဖြင့် ဂိမ်းပျက်စီးသွားပြီး‌နောက် မိခင်ကူကောင်မွေးမြူရန် မျှော်လင့်ချက်များကို စွန့်ပစ်လိုက်ရပြီဟု ထင်ခဲ့သည်။

ဒါပေမဲ့ အ...အခု...

ချန်ချင်းယဲ့ တုန်ရီနေသောလက်ဖြင့် ယဲ့ကျားထံမှ မိခင်ကူကောင်ကို လက်ခံလိုက်သည်။

သူ ရတနာတစ်ခုသဖွယ် ဂရုတစိုက် ကိုင်တွယ်ထားပြီး သေချာစစ်ဆေးနေလေသည်။

အချိန်ကြာပြီးနောက် ချန်ချင်းယဲ့ ခေါင်းမော့ကာ ယဲ့ကျားကို မျက်ရည်များ ပြည့်နှက်နေသောမျက်လုံးဖြင့် ကြည့်လိုက်လေသည်။

"ငါ သူ့ကို ရှောင်ပိုင်လို့ခေါ်မယ်..."

ယဲ့ကျား : “အရမ်းလှတယ်...

ရက်စ်၏ မျက်ရည်များဖြင့် ပြည့်နေသော မျက်နှာကိုကြည့်ပြီး သူ အသက်ရှူထုတ်လိုက်သည်။

နောက်ဆုံးတော့ ဒီမကျေနပ်ချက်ဟောင်းကို အဆုံးသတ်လိုက်နိုင်ပြီ...တန်ဖိုးကြီးကြီးပေးခဲ့ရပေမဲ့ပေါ့...

တကယ်တော့ မိခင်ကူကောင်က ရဖို့ အရမ်းခက်ခဲတယ်လေ...

ယဲ့ကျား ထိုအကြောင်းကို ဆက်မတွေးချင်တော့ပေ။

.......

အခြားတစ်ဖက်တွင်...

ကျီရွှမ်၏ နီမြန်းသော မျက်လုံးများ မှေးစင်းနေပြီး နှုတ်ခမ်းထက်တွင် ခပ်ဖျော့ဖျော့အပြုံးရှိနေလေသည်။ သူ စိတ်ခံစားချက်ကောင်းနေမှန်း သိသာလှသည်။

သူ သူ့ရှေ့မှ အခန်းကို ပျော်ရွှင်စွာ စိုက်ကြည့်နေလေသည်။

မူလက ဗလာဖြစ်နေသောအခန်းလွတ်သည် ယခုအခါတွင် တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းများနှင့် ပြည့်နေပြီး အခန်းကို အသက်၀င်စေလေသည်။

နောက်ဆုံးတော့...

ကောကော ပြောင်းလာဖို့ သဘောတူလိုက်ပြီ...

..........


ထိုအခိုက်အတန့်တွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွင်း လိုက်လေသည်။

"မြန်မြန်...မြန်မြန်လာ...ဒီဘက်မှာ..."

ယဲ့ကျား : “?”

နောက်တစ်ခဏတွင် အစောပိုင်းက အဆောက်အအုံမှ ထွက်သွားသော တိုက်ခိုက်ရေးဌာနခွဲအဖွဲ့၀င်များက သူ့ထံသို့ ဆာလောင်နေသော ကျားသဖွယ် တဟုန်ထိုးပြေးလာကြပြီး သူ့ကို ၀န်းရံလိုက်လေသည်။

တောက်ပနေသော မျက်လုံးများစွာက ယဲ့ကျားကို စိုက်ကြည့်နေကြကာ ဗလုံးဗထွေးပြောလာလေသည်။

"ကောင်းလိုက်တာ...ကြီးမြတ်တဲ့ နတ်ဘုရား မထွက်သွားသေးဘူးပဲ..."

“ကျွန်တော် ကြီးမြတ်တဲ့ နတ်ဘုရားက ဘယ်လိုအန္တရာယ်များတဲ့ အခြေအနေပဲဖြစ်ဖြစ် နှိမ်နင်းနိုင်မယ်လို့ ထင်သားပဲ..."

“ကြီးမြတ်တဲ့နတ်ဘုရား ကျေးဇူးပြုပြီး လက်မှတ်လေး ထိုးပေးပါဦး..."

ယဲ့ကျား : “………”

သူ သူ့၏ ဖန်ဘွိုင်းများကြောင့် ခေါင်းပင်ကိုက်လာလေသည်။ ထိုအချိန်တွင် အနောက်ဘက်မှ ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။

"အေ့စ်..."

ဖာ့ခ်...

ဒီအသံကို အရမ်းရင်းနှီးနေတယ်...

ယဲ့ကျား အသက်ပြင်းပြင်းရှူလိုက်ပြီး အသံကြားရာဆီသို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။

၎င်းအသံက သူ့၏ ခန္ဓာကိုယ်နှင့်မလိုက် ကြီးမားသော လွှစက်ကြီးကို ကိုင်‌ဆောင်ထားသော လှပသည့် အမျိုးသမီးတစ်ဦးထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူ့၏ အညိုရောင်မျက်လုံးများက ပြူးကျယ်နေကာ သူ့၏ မျက်နှာပေါ်တွင် အံ့ဩပျော်ရွှင်နေသော အမူအရာ ရှိနေလေသည်။ နီမြန်းနေသော ပါးပြင်များနှင့်အတူ သူ့ထံသို့ တဟုန်ထိုး ပြေးလာလေသည်။

"အာာာာာ နင်က ဒီမှာပဲ..."

ဝူစူး နောက်မှ လိုက်ဖမ်းနေပြီး အမောတကောပြောလိုက်သည်။

"ဘိုးဘေးငယ်လေ...အရှိန်လျှော့ပါဦး..."

လူများဝိုင်းနေသော ယဲ့ကျားကို မြင်သောအခါ ဝူစူး အံ့ဩသွားလေသည်။

"အေ့စ်...”

ထိုအချိန်တွင် ဝေ့ရွှယ်ချူး အမြောက်ဆန်သဖွယ် လူအုပ်ထဲသို့ ပစ်၀င်လိုက်လေသည်။

ယဲ့ကျား သူ့ကြောင့်ထိတ်လန့်သွားပြီး နောက်ဆုတ်လိုက်သည်။

နောက်မှလိုက်လာသော ဝူစူးလည်း အရှိန်နှင့် တိုး၀င်လိုက်လေသည်။

သူ အေ့စ်၏ ဘေးတွင် ရပ်နေသော ချန်ချင်းယဲ့ကို မြင်သောအခါ ထိတ်လန့်သွားပြီး လက်စားထချေမည်ကို စိုးရိမ်သောကြောင့် တိုးတိုးပြောလိုက်သည်။

"ကျ...ကျွန်တော်ရဲ့ စာကိုရလား..."

သူ ပါးစပ်နှင့် မျက်လုံးများဖြင့် ချန်ချင်းယဲ့ကို ညွှန်ပြလိုက်သည်။

"ရက်ဒ်က ဒီမှာ..."

ထိုအချိန်တွင် ညွှန်ပြခြင်းခံရသော ရက်ဒ်က သူ့လက်ထဲမှ မိခင်ကူကောင်လေးကို မျက်ရည်အဝိုင်းသားနှင့် ကြည့်နေပြီး ကိုယ်ပိုင်ကမ္ဘာ‌တွင် နစ်မြှုပ်နေလေသည်။ သူ့ပတ်၀န်းကျင်မှ အပြောင်းအလဲများကို သတိမမူမိချေ။

“ဘာ...ရက်ဒ်...”

ဝေ့ရွှယ်ချူး ချက်ချင်း ခြေလှမ်းများကို ရပ်တန့်လိုက်ကာ အော်မေးလိုက်သည်။

"သူလည်း ဒီရောက်နေတာလား..."


Xxxx