အပိုင်း ၇၂
Viewers 10k

Chapter 72




သူ့နာမည်ကို ခေါ်သံ ကြား‌သောအခါ ချန်ချင်းယဲ့ ခေါင်းမော့ကြည့်လိုက်သည။

တောက်ပသော အရောင်ရှိသည့် ကူကောင်နှစ်ကောင်နှင့် မိခင်ကူကောင်ကို ကာကွယ်ဖို့အလို့ငှာ ၎င်းကို အင်္ကျီလက်ထဲသို့ ဂရုတစိုက် ရွေ့ပြောင်းပေးလိုက်သည်။

သူ မျက်မှန်ကို တွန်းတင်လိုက်ကာ အစောပိုင်းက ခံစားချက်များကို သိမ်းဆည်းကာ ခပ်မာမာ ပြန်ဖြေလိုက်သည်။

"ရက်ဒ်က ငါပဲ..."

ဝေ့ရွှယ်ချူး၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ထို့နောက် လွှစက်ကို လက်ထဲတွင် ကိုင်ထားရင်း လှောင်ပြောင်လိုက်သည်။

"ဘာလဲ...လက်စားချေဖို့ လာရှာပြန်တာလား..."

ချန်ချင်းယဲ့ ဖြည်းညှင်းစွာ အဖြေပေးလိုက်သည်။

"ဟုတ်တယ်...ဒါပေမဲ့..."

သူ့စကားမဆုံးမီ ‌ဝေ့ရွှယ်ချူးလက်ထဲမှ လွှစက်က အသံမြည်လာလေသည်။ သူ့စကားသံက ချိုမြိန်သော်လည်း စကားလုံးများက အဆိပ်သင့်နေလေသည်။

"ပိုးကောင်‌လေးတစ်ကောင်အတွက်ပဲလား...နင်က တော်တော်အကြင်နာတရားကင်းမဲ့တာပဲ...နင် မရှက်ဘူးလား...ဂိမ်းအပြင်မှာတောင် သူ့ကိုလက်စားလိုက်ချေနေတယ်...နင့်ရဲ့ အာရုံတွေ ပြန်ရောက်လာဖို့ ခေါင်းဖြတ်ဖို့လိုရင် ငါ့ကိုပြော..."

ချန်ချင်းယဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး စကားကို ပြန်‌ကျော့ပြောလိုက်သည်။

"ပိုးကောင်‌လေးတစ်ကောင်အတွက်တဲ့လား..."

သူ့၏ လေသံက တည်ငြိမ်နေပြီး ခံစားချက်မရှိ‌သော်လည်း ဝူစူး သူ့စကားလုံးများကြားမှ အန္တရာယ်ကို ခံစားမိနေလေသည်။

"......"

မကောင်းတော့ဘူး...

ဟုတ်‌ပေသည်။ နောက်တစ်ခဏတွင် မျက်လုံးများ၊ ချွန်ထက်သည့်သွားများနှင့် ကင်းခြေများ တစ်ကောင် ရုတ်တရက် ပေါ်လာပြီး သူ့ရှေ့မှ မိန်းမငယ်လေးကို စိုက်ကြည့်နေလေသည်။

တိုက်ခိုက်ရေးဌာနခွဲအဖွဲ့၀င်များ အားချန်၏ ခွန်အားကို သိရှိပြီးဖြစ်သောကြောင့် လက်မှတ်မ‌တောင်းဝံ့တော့ပေ။ အမြန်နောက်ဆုတ်ကာ ဘော့စ်များအတွက် နေရာပေးလိုက်လေသည်။

ဝေ့ရွှယ်ချူး တခစ်ခစ်ရယ်မောလိုက်သည်။

"အဆင့်တစ်ဆယ်လား...အဆင့်တစ်ဆယ်က ဘယ်လောက်တော်လဲ ပြပါဦး..."

ချန်ချင်းယဲ့ အားချန်၏ နက်မှောင်သော အခွံကို ထိကာ မျက်မှန်ကို တွန်းတင်လိုက်သည်

"ငါ့ရဲ့ ဘေဘီလေး ဗိုက်‌ဆာနေတာနဲ့ အတော်ပဲ..."

အားချန်၏ ရှူးရှူးရှဲရှဲမြည်သံ၊ မိန်းမငယ်လေး၏ လွှစက်သံနှင့် အတူ တိုက်ပွဲနံ့များက လေထဲတွင် ပြည့်နှက်နေလေသည်။ ပြင်းထန်သည့်တိုက်ပွဲ စတင်တော့မည်ဖြစ်သည်။

ယဲ့ကျား နှာခေါင်းကို ညှစ်လိုက်ကာ အော်လိုက်သည်။

"ရပ်တော့..."

အားချန်၊ ဝေ့ရွှယ်ချူးနှင့် ချန်ချင်းယဲ့။ လူသားနှစ်ယောက်နှင့် အင်းဆက်တစ်ကောင် အသံကြားရာထံသို့ တပြိုင်တည်းလှည့်ကြည့်လိုက်လေ၏။

ယဲ့ကျား ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်၏။

"မင်းတို့တွေ စိတ်ငြိမ်ငြိမ်ထားကြ..."

ချန်ချင်းယဲ့ အနည်းငယ်ရှုပ်ပွနေသော ဆံပင်များကို ကုတ်လိုက်ပြီး နှေးကွေးစွာ ပြန်ပြောလိုက်သည်။

"အွန်း~~~"

နောက်တစ်ခဏတွင် အားချန် ပြန်သေးသွားပြီး အင်္ကျီလက်ထဲသို့ လျင်မြန်စွာ ပြန်၀င်သွားလေသည်။

ဝေ့ရွှယ်ချူး အံ့ဩသွားသည်။

“……….”

ခဏနေပါဦး...

ဘာလို့ ရက်ဒ်က နာခံနေရတာလဲ...

သူ အံ့ဩနေစဉ် ချန်ချင်းယဲ့ ယဲ့ကျားဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး အနည်းငယ်စောင်းနေသောမျက်မှန်ကို တည့်လိုက်သည်။

"‌တောင်းပန်ပါတယ်…”

ဝေ့ရွှယ်ချူး: “……..”

ဟမ်...

ဘာဖြစ်သွားတာလဲ...

ဘေးတွင် ရပ်နေသော ဝူစူးပင် အံ့ဩနေလေသည်။

ဘော့စ်တွေအားလုံးက စိတ်ပြောင်းလွယ်ကြတာလား...

ယဲ့ကျားလည်း အံ့ဩသွားလေသည်။ သူ ချန်ချင်းယဲ့က ပူးပေါင်းဆောင်ရွက်လိုက်မည်ဟု မထင်ထားခဲ့ပေ။

ထို့နောက် သူ့ဘေးတွင် ရပ်နေသော ချန်ချင်းယဲ့ လက်ကို ဆန့်ထုတ်လိုက်သောအခါ အင်္ကျီလက်အောက်မှ အရောင်စုံပြီး ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် အင်းဆက်မျိုးစုံ တွားသွားထွက်လာလေသည်။

ယဲ့ကျား : “....”

ထို့နောက် ချန်ချင်းယဲ့က စိတ်အားထက်သန်စွာ မိတ်ဆက်ပေးလာသည်။

"ဒါက အားချန်..."

(ချန်=ရှည်သော)

"ဒါက အားဟွား..."

(ဟွား= ပန်း)

ဒါက အားလွီ..."

(လွီ=အစိမ်း)

ယဲ့ကျား : “………”

သူ့အင်းဆက်တွေကို နာမည်ပေးတဲ့ စတိုင်က တကယ့်ကို အထင်ကြီးစရာပဲ...ရိုးရှင်းပြီး

ဆန်းသစ်တယ်...

ဝေ့ရွှယ်ချူး နှုတ်ခမ်းကို တွန့်လိုက်ကာ လွှစက်ကို ပိတ်လိုက်ပြီး ယဲ့ကျားထံ မြန်မြန်လျှောက်သွားလိုက်သည်။

တိုက်ပွဲက မစမီတွင် ပြေလည်သွားကြလေသည်။

ဝူစူး ထိုမြင်ကွင်းကို ကြည့်လိုက်သည်။

မနီးမဝေးတွင် လူသုံးယောက်ရပ်နေပြီး ရက်ဒ်နှင့်အပျိုစင်က လူငယ်ဘေးတွင် ၀န်းရံနေလေသည်။အစောပိုင်းတွင် တင်းမာခဲ့သော လေထုက လုံး၀ မဖြစ်ခဲ့သလို ပျောက်ပျက်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ဝူစူး ကူရာမဲ့စွာ အံ့ဩသွားလေသည်။

စကားလုံးထောင်ပေါင်းများစွာကို တစ်ခွန်းတည်းချုံ့ပြောရရင် အေ့စ်က အံ့ဩစရာပဲ...

ချန်ချင်းယဲ့၏ အင်းဆက်များအား မိတ်ဆက်ပေးသံကို နားထောင်ပြီးနောက် ဝေ့ရွှယ်ချူး မျက်လုံးကို လှိမ့်ကာ အေးစက်စွာ လှောင်ပြောင်လိုက်သည်။

"နင့်ရဲ့ နာမည်ပေးစကေးက အရမ်းသနားစရာကောင်းလွန်းတယ်...အားချန်၊ အားလွီ၊ အားဟွား ဒါတွေက ဘာနာမည်တွေလဲ..."

ချန်ချင်းယဲ့ မျက်လုံးကို ကျဉ်းမြောင်းလိုက်၏။

“………”

သူ့လက်မပေါ်တွင် ထိုင်နေသော အားချန် ခေါင်းမော့ကာ ရှူးရှူးရှဲရှဲမြည်လာပြီး တိုက်ခိုက်ရန် ထပ်မံပြင်ဆင်လိုက်သည်။

ယဲ့ကျား ချက်ချင်းကြား၀င်ကာ တင်းမာသောလေထုကို ဖြိုခွင်းလိုက်သည်။

"မင်းတို့နှစ်ယောက် လက်ရှိအခြေအနေကို နားလည်ကြတယ်မလား..."

ချန်ချင်းယဲ့နှင့် ဝေ့ရွှယ်ချူးကို အောင်မြင်စွာ အာရုံပြောင်းလိုက်နိုင်ပေသည်။

ဝေ့ရွှယ်ချူး ခေါင်းမော့ကာ မေးလိုက်သည်။

" ဂိမ်းပြိုကွဲသွားတာနဲ့ တစ္ဆေတံခါးတွေ ပွင့်လာတာကို ပြောတာလား..."

ချန်ချင်းယဲ့ တည်ကြည်စွာ ပျက်ရယ်ပြုလိုက်သည်။

"မင်းရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်..."

ဝေ့ရွှယ်ချူး သူ့ကို စိုက်ကြည့်လိုက်သည်။

“နင်...”

ယဲ့ကျား ထပ်မံကြားဖြတ်လိုက်သည်။

“ဟုတ်တယ်…”

သူတို့ တစ်ယောက်ကို တစ်ယောက် ခါးသီးစွာ စိုက်ကြည့်နေဆဲဖြစ်သည်။

ချန်ချင်းယဲ့ အတွေးပေါက်လာပြီး မေးလိုက်သည်။

"မင်းဘာလို့ လက်မှတ်ကို ပို့လိုက်တာလဲ...ငါ တကယ်သိချင်မိတယ်...ငါ သိသလောက်ပြောရရင် ဒါမျိုး မင်းပထမဆုံးလုပ်တာမလား..."

“ငါလည်း သိချင်တယ်...နင် အဲ့လိုပို့ရင်သူငယ်ချင်းတွေကိုသာမက ရန်သူတွေကိုလည်း ဆွဲဆောင်နိုင်တယ်လေ..."

ဝေ့ရွှယ်ချူး မေးလိုက်ကာ ချန်ချင်းယဲ့ကို တစ်ချက် ကြည့်လိုက်သည်။

ချန်ချင်းယဲ့ သူ့ကို လျစ်လျူရှုလိုက်ပြီး ခေါင်းငုံ့ကာ စိတ်လှုပ်ရှားနေသော အားချန်ကိုတည်ငြိမ်လာစေရန် အာရုံစိုက်နေလေသည်။

ဝေ့ရွှယ်ချူး သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး သူရှေ့မှ လူငယ်ကို ကြည့်ကာ မေးလိုက်သည်။

"ဘာလို့ ကစားသမားတွေကိုစုစည်းပြီး အန္တရာယ်ထဲ တိုး၀င်နေတာလဲ..."

ထိုမေးခွန်းက တဲ့မေးလိုက်ခြင်းဖြစ်သည်။

ယဲ့ကျား နှုတ်ခမ်းကို ဖိလိုက်ပြီး သူ့အသံက တည်ငြိမ်နူးညံ့နေလေသည်။

"ဂိမ်းပြိုကွဲသွားကတည်းက လူသားတွေဆီမှာ အားနည်းချက်တစ်ခုရှိနေခဲ့တယ်...ငါတို့ ရန်သူတွေက ဘယ်သူလဲ ငါတို့မသိဘူး...သူတို့ နောက်ထပ်လုပ်မဲ့ အစီအစဉ်က ဘာလဲ မသိဘူး...ဘာရည်ရွယ်ချက်နဲ့ လုပ်မှာလဲလည်း မသိဘူး...မင်းတို့ ဒေါသမထွက်ဘူးလား..."

ကျန်လူနှစ်ယောက် အံ့အားသင့်သွားပြီး မေးခွန်းမေးနေသော လူငယ်ကို စိုက်ကြည့်နေလေသည်။

လူငယ်၏ အသံက နူးညံ့နေပြီး နှုတ်ခမ်းက ပြုံးနေသော်လည်း စကားလုံးများကြားမှ အန္တရာယ်များကို ဖုံးကွယ်ရန် မလုံလောက်ချေ။

"မင်းတို့ ပြန်မတိုက်ချင်ဘူးလား..."

..........

ယဲ့ကျား ပင်ပန်းနွမ်းနယ်စွာဖြင့် နှာခေါင်းကို ဖိနေလေသည်။ သူ ရုတ်တရက် အလွန်ပင်ပန်းနေ၏။

ယနေ့ကိုင်တွယ်ခဲ့ရသည့် ကိစ္စများက အလွန်ရှုပ်ထွေးလွန်းလေသည်။

ကစားသမားများ ပါ၀င်လာလျှင် ကိစ္စက ပိုမိုရှုပ်ထွေးလာမည်ဖြစ်သည်။

ထို့ကြောင့် သူ ယခင်က အပျိုစင်ကို သေချာမပြောပြရခြင်း ဖြစ်သည်။

သို့သော် ယင်တွင်းအဖြစ်အပျက်ကြောင့် သူ ယခင်က စီစဉ်ခဲ့သမျှကို စားပွဲပေါ် ပစ်ချလိုက်ရသည်။

ကံကောင်းစွာနှင့် ရလဒ်က မဆိုးပေ။

ချန်ချင်းယဲ့နှင့် ဝေ့ရွှယ်ချူးတို့ နှစ်ယောက်လုံး သူ့အကြုံပြုချက်ကို စိတ်၀င်စားကြလေသည်။

၎င်းတို့ ပါ၀င်လာခြင်းက သူ့အစီအစဉ်ကို အောင်မြင်စွာ ခြေတစ်လှမ်း လှမ်းလိုက်နိုင်ခြင်းဖြစ်သည်။

ယဲ့ကျား သူ့၏ တစ္ဆေပိုင်နက်ကို အသက်သွင်းလိုက်သည်။

မကြာမီ သူ ဟိုတယ်ခန်းထဲ၀င်လိုက်သည်နှင့် ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာလေသည်။

သူ့ရှေ့တွင် အရပ်ရှည်ပြီး ဝသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တဘတ်ပတ်လျက်ရပ်နေပြီး ရင်ဘတ်ကို ကာ ကာ အော်နေလေသည်။

"အားးး"

ယဲ့ကျား : “……….”

ဖာ့ခ်...

“ တောင်းပန်ပါတယ်...ငါ့အမှားပါ...”

သူ ပြောပြီးသည်နှင့် တစ္ဆေပိုင်နက်ကို ထပ်မံအသက်သွင်းလိုက်ကာ ပျောက်ကွယ်သွားသည်။

သက်လတ်ပိုင်း အမျိုးသား သူ့ရှေ့မှ နေရာလွတ်ကို ကြည့်ပြီး စိတ်ရှုပ်ထွေးနေလေသည်။

ခဏနေပါဦး...ငါ မှားမြင်မိတာလား...

လူသူကင်းမဲ့နေသော လမ်းထဲတွင် ရပ်နေပြီး ယဲ့ကျား သက်ပြင်းကို ရှူထုတ်လိုက်သည်။

အိပ်ချင်စိတ်များ လုံး၀ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ နောက်ဆုံးတွင် ကျီရွှမ်နှင့် ပြုလုပ်ခဲ့သော သဘောတူညီချက်ကို သတိရသွားသည်။

ဂိမ်းပြိုကွဲပြီးနောက် မိခင်ကူကောင်ကို ကျီရွှမ်ထံမှ တောင်းဆိုရန်မှလွဲ၍ ရရှိရန် အခြားနည်းလမ်း မရှိချေ။

ထို့ကြောင့် မိခင်ကူကောင်အတွက် ကျီရွှမ်၏ နေရာတွင် နေရမည် ဖြစ်သည်။

ယဲ့ကျား တစ်ဖန် ခေါင်းကိုက်လာလေသည်။

သူ ဖုန်းကို ဆွဲထုတ်ကာ မျက်နှာပြင်ကို ကြည့်လိုက်သည်။

လွန်ခဲ့သည့်နှစ်နာရီက ကျီရွှမ် သူ့ကို လိပ်စာပို့ပေးခဲ့လေသည်။

သူ့ပခုံးပေါ်မှ လက်မဲလေး အံ့ဩသွားသည်။

“ဝိုး…”

ယဲ့ကျား : “ဟမ်...”

လက်မဲလေး မနာလိုစွာ ပြောလိုက်သည်။

“အဲ့နေရာက Mမြို့မှာ အရမ်းဈေးကြီးတဲ့နေရာပဲ...”

ယဲ့ကျား : “…….”

သူ အံ့တောင် မအံ့ဩနိုင်တော့ဘူး...

လက်မည်းလေး သက်ပြင်းချလိုက်သည်။

"ဟာ...ကျွန်တော့်မှာသာ အဲ့လောက်ပိုက်ဆံရှိရင် Skinတွေ အများကြီး၀ယ်နိုင်မှာ..."

ယဲ့ကျား လက်မဲလေးကို အာရုံမစိုက်ချေ။ ဖုန်းစခရင်ပေါ်မှ လိပ်စာကိုသာ ကြည့်နေပြီး သက်ပြင်းချလိုက်သည်။

ဂိမ်းထဲက ထွက်လာတာခြင်းတူတူ ဘာလို့ ဒီလောက်ကွာခြားရတာလဲ...

အချိန်အတော်ကြာ စဉ်းစားနေခဲ့‌သော်လည်း ထိုမေးခွန်းအတွက် အဖြေမရှိသေးပေ။

ကျီရွှမ်က ဘဏ်ကို လုယက်တာမဟုတ်ရင် ဘာလို့ ဒီလို မှော်ဆန်တဲ့ ပိုက်ဆံတွေ ရှိနေမှာလဲ...

ချမ်းသာရတဲ့ လျှို့ဝှက်ချက်ကို သိချင်လိုက်တာ...

လက်မဲလေး တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ယဲ့ကျား၏ ‌ကော်လံကို ကိုင်ကာ ကြောက်ရွံ့စွာ မေးလိုက်သည်။

"ဟမ်...ဘော့စ် ကင်းရဲ့နေရာမှာ နေမှာဆိုတော့ ကင်းရှေ့ခဏခဏ မသွားနဲ့နော်..."

ယဲ့ကျားက ကျီရွှမ်ကို ထပ်မခြိမ်းခြောက်ဖို့ သတိပေးထားပေမဲ့...

ဒါပေမဲ့...

လက်မဲလေး ကင်းကြည့်လိုက်တိုင်း ကူရာမဲ့စွာ တုန်ရီနေဆဲဖြစ်သည်။

အာာာာ ကယ်ကြပါဦး...ကင်းနဲ့ ဝေးဝေးနေချင်တယ်...

ယဲ့ကျား ဖုန်းကို ပြန်သိမ်းလိုက်ပြီး ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး...ငါ အဲ့ဒါကို ကြိုမေးပြီးပြီ..."

သူ ကျီရွှမ်၏ အဖြေကို မှတ်မိသေးသည်။

"စွမ်းအားကြီးတစ္ဆေတစ်ကောင်အနေနဲ့ ကျွန်တော်က အနားယူဖို့ မလိုဘူး..."

သူ့မှတ်ဉာဏ်ထဲရှိ အမျိုးသား၏မျက်လုံးနှင့် နှုတ်ခမ်းများ၌ ဖြူစင်မှုများ ရှိနေလေသည်။ သူလိမ်နေပုံ မပေါ်ချေ။

လက်မဲလေး : “………”

ခံစားချက် မကောင်းဘူးနော်...

ယဲ့ကျား တစ္ဆေပိုင်နက်ကို ထပ်မံအသက်သွင်းလိုက်ပြီး ဖုန်းထဲမှ လိပ်စာဆီသို့ ရောက်သွား၏။

ယင်စွမ်းအင်ဖြင့် ဖုံးကွယ်ထား‌သော ထိုနေရာကို တစ္ဆေပိုင်နက်သုံး၍ ၀င်ရောက်ရန် မဖြစ်နိုင်ပေ။

ယဲ့ကျား သော့ကို ထုတ်လိုက်ပြီး တံခါးဖွင့်လိုက်သည်။

ကျယ်၀န်းလှသော တိုက်ခန်းက ဇိမ်ခံပစ္စည်းများစွာနှင့် ရိုးစင်းစွာပေါင်းစပ်ထားပြီး တံခါးကို ဖြတ်ကာ ၀င်လိုက်သည်နှင့် 'ချမ်းသာ'ဟူသော စကာလုံး၏ အဓိပ္ပာယ်ကို သေချာသိမြင်ရလေသည်။ ထိုနေရာက အတော်နေချင်စဖွယ်ကောင်းသည်။

ယဲ့ကျား ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး အကြောင်းအချို့ကြောင့် ဤနေရာက သူတိုက်ခန်းဟောင်း၏ အဆင့်မြင့်ဗားရှင်းတစ်ခုလိုခံစားမိနေလေသည်။

သူ့၏ ကိုယ်ပိုင်ပစ္စည်းများကို အထုပ်အပိုးဖြည်ကာ နေရာချထားပြီး ဖြစ်သောကြောင့် အချိန်အတော်ကြာနေခဲ့သည်ဟုပင် ခံစားရလေသည်။

တစ်ခဏလောက် ယဲ့ကျား၏ စိတ်ထဲတွင် ထင်ယောင်ထင်မှားပုံရိပ်တစ်ခု ပေါ်လာလေ၏။

ကျီရွှမ် သူ့ရှေ့တွင် ရပ်နေပြီး ဂုဏ်ယူစွာ ပြော‌နေသည်။

"ကြည့်လိုက်...ဟိုတယ်မှာ နေတာထက် ပိုကောင်းတယ်မလား..."

ယဲ့ကျား : “………”

သူ လက်ကို မြှောက်ကာ နှာခေါင်းကို ဖိလိုက်သည်။

အိုကေ...သူ အနားယူဖို့ လိုနေပြီ...

ဤ‌နေရာက အလွန်ကျယ်လေသည်။ ယဲ့ကျား အပေါ်ထပ်သို့ တက်ကြည့်ရန် စိတ်မ၀င်စားပေ။

ဆိုဖာပေါ်တွင် ပစ်လဲလိုက်ပြီး ဆယ်မိနစ် သို့မဟုတ် မိနစ်နှစ်ဆယ်ခန့် ခေတ္တမှိန်းနေလိုက်သည်။

သို့သော် အိပ်ငိုက်ခြင်းက သူ့ကို အိပ်မောကျခြင်းသို့ ဆွဲငင်လိုက်ကာ ရင်းနှီးနေသော အိမ်မက် ထပ်မက်လာပြန်သည်။

အနီရောင်နှင့် အနက်ရောင်က ရောနှောနေကာ ထူးဆန်းသည့် မြင်ကွင်းတစ်ခုပေါ်လာလေသည်။

ဂိမ်းထဲတွင် သူ သတ်ခဲ့သော မကောင်းဆိုးဝါးများ၊ သေဆုံးခဲ့သော အပေါင်းအဖော််များ ၊ ရင်းနှီးနေသော မျက်နှာများက ရောနှောနေပြီး မရင်းနှီးသော မျက်နှာများနှင့် ပေါင်းစပ်သွားလေသည်။

သူ သူ့လက်နက်ကို ကိုင်ကာ ယင်းကို စောင့်ကြည့်နေသည်။

ထိုပုံရိပ်များက အစိတ်စိတ်အမွှာမွှာပြိုကွဲသွားကာ သူ့နားထဲတွင် တီးတိုးပြောသံများ ကြားနေရလေသည်။ ထို့နောက် အနီရောင်ကမ္ဘာကွဲကြေသွားကာ အေးစက်ပြီး အဆုံးမရှိသော အမှောင်ထုသာ ကျန်တော့သည်။

ယဲ့ကျား ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

သူ သူ့ပါးပြင်ကို ထိတွေ့လာသော လက်ကို ဆုပ်ကိုင်လိုက်ကာ ပစ်ချလိုက်ပြီး အပေါ်မှ ဖိထားလိုက်သည်။ ယင်းက သူ့အရိုးထဲထိ နစ်မြှုပ်နေသော အလေ့အထဖြစ်ပြီး အကြိမ်ပေါင်းသန်းနှင့်ချီစွာ ပြုလုပ်ခဲ့ဖူးသကဲ့သို့ ချောမွေ့စွာ ပြုလုပ်လိုက်ပြီး တစ်ဖက်လူကို ဖိနှိပ်ထားလေသည်။

သူ့မျက်လုံးများက ကြည်လင်နေပြီး သတ်ဖြတ်လိုစိတ်နှင့် တောက်ပနေလေသည်။‌ အေးစက်နေသော အလင်းရောင်က သူ့လက်ဖျားတွင် ‌တောက်ပနေသည်။ တံစဉ်းသွားက တစ်ဖက်လူ၏ မေးရိုးအောက်တွင် ရှိနေလေသည်။

ဆိုဖာဘေးရှိ ကော်ဖီစားပွဲ ကွဲကြေသွားလေ၏။ နီရဲနေ‌သော မျက်လုံးများနှင့် အမျိုးသားတစ်ဦး ကြမ်းပြင်ပေ်တွင် လှဲလျောင်းနေပြီး သူ့သေခြင်းနှင့်ရှင်ခြင်းကို တစ်ဖက်လူလက်ထဲ ထည့်ထားလေသည်။

ကျီရွှမ် မခုခံပေ။

သူ ပျင်းရိစွာ လက်မောင်းနှစ်ဖက်ကို ဆန့်တန်းစွာ အရှုံးပေးဟန် လုပ်ထားလေသည်။ သူ သူ့အပေါ်မှအန္တရာယ်ကို ပျော်ရွှင်စွာ ကြည့်နေလေသည်။

ယဲ့ကျား နောက်ဆုံးတွင် သတိပြန်၀င်လာပြီဖြစ်သည်။

သူ့၏ အေးစက်သော မျက်လုံးများကို မှေးစင်းလိုက်ကာ လက်ထဲမှ အေးစက်သော တံစဉ်းသွားပျောက်ကွယ်သွားသော်လည်း ခန္ဓာကိုယ်က တင်းမာနေဆဲဖြစ်သည်။

"မင်း ဒီမှာ ဘာလုပ်နေတာလဲ..."

သူ့အသံက အနည်းငယ် အက်ရှပြီး အေးစက်နေလေသည်။

ကျီရွှမ် အပြစ်ကင်းစင်စွာ ‌မျက်‌တောင်ခတ်လိုက်ပြီး ဘယ်ဘက်လက်ထဲမှ စောင်ပါးလေး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျ‌နေပြီဖြစ်သည်။

“‌ ကောကော ဧည့်ခန်းမှာအိပ်ရင် အအေးပတ်လိမ့်မယ်..."

ယဲ့ကျား ကျီရွှမ်ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် လွှတ်ပေးလိုက်ပြီး ထရပ်လိုက်သည်။

ကျီရွှမ် ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေဆဲဖြစ်သည်။ သူ အဝေးသို့ ထွက်သွားသော လူငယ်ကို စိုက်ကြည့်နေပြီး သူ့အကြည့်ထဲတွင် စိတ်ပျက်မှုများ ရှိနေလေသည်။

ကျီရွှမ် မေးလိုက်သည်။

"အိမ်မက်ဆိုး မက်လို့လား..."

ယဲ့ကျား ပြန်မဖြေပေ။

သူ လက်မြှောက်ကာ နားထင်ကို ဖိနေပြီး ပြောလိုက်သည်။

"ငါ ကော်ဖီစားပွဲအတွက် ပြန်လျော်ပေးမယ်..."

ကောကော ကိုယ့်ကိုကိုယ်ပေးလိုက်ရင် အဆင်ပြေတယ်...

သို့သော် ကျီရွှမ် ထိုစကားကို မပြောရဲပေ။

သူ နှုတ်ခမ်းထောင့်ကို တွန့်ချိုးလိုက်သည်။

"ဟုတ်ကဲ့..."

ယဲ့ကျား ခေါင်းငုံ့ကာ သူ့ကို မျက်မှောင်ကြုတ်လျက် ပြန်ကြည့်လိုက်သည်။

"ဘာလို့ ဒီရောက်နေတာလဲ..."

ကျီရွှမ် ထထိုင်နေပြီး အ၀တ်အစားကို ခါနေလေသည်။ ‌ယဲ့ကျားမေးခွန်းကို ကြားသောအခါ ယဲ့ကျားကို အပြစ်ကင်းစင်စွာ ကြည့်လိုက်လေသည်။

"ဒါက ကျွန်‌တော့်အိမ်လေ...ဘာလို့ မလာရမှာလဲ..."

ယဲ့ကျား : “အိမ်လား...”

ကျီရွှမ် မျက်နှာအမူအရာ မပြောင်းမလဲ၊ ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်ကဲ့...”

“မင်းပြောတော့ မင်းက အနားယူဖို့ မလိုဘူးဆို...”

ယဲ့ကျား နားမလည်သောကြောင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဘာလို့ ဒီနေရာက မင်းအိမ်ဖြစ်ရတာလဲ..."

“တစ်ခါတစ်‌လေ ကျွန်တော်လည်း ကိုယ်ပိုင်နေရာလိုအပ်တယ်လေ..."

"မင်းနာမည်အောက်က နေရာတွေ အများကြီး ရှိတာပဲ..."

“ဒါပေမဲ့ ကျွန်တော်က ဒီနေရာကို အကြိုက်ဆုံးပဲ...”

ယဲ့ကျား အသက်ပြင်းပြင်းရှူလိုက်ပြီး ဒေါသကို မျိုသိပ်ကာ အံကြိတ်လျက် ပြောလိုက်သည်။

"ကောင်းပြီ...မင်းမကြိုက်တဲ့ နေရာကို ငါပြောင်းမယ်..."

ကျီရွှမ် သူ့ကိုကြည့်ကာ မျက်‌‌‌တောင် ဖျတ်ဖျတ်ခတ်လိုက်ပြီး ပြောလိုက်သည်။

"ဒါပေမဲ့ ကောကောရှိတဲ့နေရာက ကျွန်တော် အကြိုက်ဆုံးနေရာ ဖြစ်လာမှာပဲ"

ယဲ့ကျား : “…….”

အရှက်မရှိလိုက်တာ...

ကျီရွှမ် သူဘာမှ မလုပ်ခဲ့သကဲ့သို့ မတ်တပ်ထရပ်ကာ သူ့ခန္ဓာကိုယ်ကို ခါနေလေသည်။

"ကောကော နိုးလာပြီ‌ဆိုတော့ လက်သွားဆေးလေ..."

ယဲ့ကျား : “?”

ကျီရွှမ် ပေါ့ပါးစွာ ရယ်မောလိုက်ပြီး ယဲ့ကျားဆီသို့ လျှောက်လာလေသည်။

ယဲ့ကျား နောက်ဆုတ်ချင်သော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ထားလေသည်။ သူ နီးကပ်လာသော
ကျီရွှမ်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

နှစ်ယောက်ကြားမှ အကွာအဝေးက အလွန်တိုတောင်းလာလေသည်။ ကျီရွှမ်က သူ့၏ နီညိုရောင် မျက်လုံးများဖြင့် ယဲ့ကျားကို ငုံ့ကြည့်နေကာ ပခုံးပေါ်မှ ဖုန်များကို ခါပေးလိုက်ပြီးနက်ရှိုင်းသော အသံနှင့် ချစ်သူသဖွယ် ပြောလိုက်သည်။

"ညစာ အဆင်သင့်ဖြစ်နေပြီ..."



Xxxxx