အပိုင်း ၇၃
Viewers 10k

Chapter 73


ရေချိုးခန်းထဲ၌...

ရေများက ဘေစင်ထဲသို့ စီးကျနေလေသည်။

ယဲ့ကျား ခေါင်းငုံ့လိုက်ကာ သူ့လက်ချောင်းများကြားမှ ဖြတ်သွားသော ရေများကို ‌ကြည့်နေသည်။

သူ ခဏလောက် စိတ်လွတ်သွားပုံပေါ်သည်။ သူ သတိပြန်၀င်လာချိန်၌ ရေချိုးခန်းထဲ ရောက်နေပြီဖြစ်သည်။

သူ နိုးတစ်၀က် အိပ်တစ်၀က် ဖြစ်နေခဲ့တာ ဖြစ်မယ်...

သူ ရေကို လက်ခုပ်နှင့် သယ်လိုက်ပြီး မျက်နှာသစ်လိုက်သည်။

လူငယ်၏ စိုစွတ်နေသော မျက်နှာက မှန်ထဲတွင် ထင်ဟပ်နေလေသည်။ မျက်ခုံးထက်မှ ရေစက်လေးများ စီးကျနေပြီး စိုစွတ်နေသော ဆံပင်များက နဖူးထက်တွင် ကပ်ငြိနေလေသည်။ ပယင်းရောင် မျက်လုံးတစ်စုံက မှန်ထဲမှ ပုံရိပ်ကို စိုက်ကြည့်နေသည်။

အစောပိုင်းက ပင်ပန်းနွမ်းနယ်ပြီး အေးစက်မှုများ ရောထွေးနေသောမျက်လုံးများက ဆန့်ကျင်ဘက်ဖြစ်စွာ တည်ငြိမ်နေပြီဖြစ်သည်။

သူ ဂိမ်းထဲက ထွက်လာတာ ကြာပြီ...

ယဲ့ကျား လက်ရှိ ငြိမ်းချမ်းသောဘ၀နှင့် လိုက်လျောညီထွေဖြစ်လာရန် အချိန်ကြာမြင့်စွာ ယူခဲ့ရပြီး အိမ်မက်ဆိုးမက်လျက် မနိုးထလာသည်မှာ ကြာပြီဖြစ်သည်။

သို့‌သော် ယခု ဂိမ်းထဲမှ တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများအပြင် သူ့၏ အသိမိတ်ဆွေများပါ လက်တွေ့ကမ္ဘာတွင် ပေါ်လာသောအခါ ယင်းတို့က သူ့အတွက် အိမ်မက်ဆိုးများပါ သယ်ဆောင်လာလေသည်။

နဂိုအတိုင်း ပြန်ဖြစ်ရန် အချိန်က ပြောင်းလဲရန်အချိန်ထက် တိုတောင်းနေသည်။

သူ ကျီရွှမ်နဲ့ စကား သေချာပြောရမယ်...

သူ တစ်ဖက်လူနဲ့ ရင်းရင်းနှီးနှီးနေဖို့ အဆင်သင့်မဖြစ်သေးဘူး...

အတူတူနေဖို့ဆိုတာ လုံး၀မဖြစ်နိုင်ဘူး...

ယဲ့ကျား ခေါင်းငုံ့ကာ သူ့ဘေးမှ မျက်နှာသုတ်ပဝါကို လှမ်းယူလိုက်ပြီး မျက်နှာသုတ်ပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာလိုက်သည်။

သို့သော် မမျှော်လင့်စွာနှင့် ကျီရွှမ်က အပြင်ဘက်တွင် စောင့်နေလေသည်။

ယဲ့ကျား တစ်ဖက်လူ၏ မျက်နှာအမူအရာကို သတိထားမိသောကြောင့် အစောပိုင်းက ပြောချင်ခဲ့သော စကားများကို မျိုချလိုက်လေသည်။

"ဘာဖြစ်လို့လဲ..."

ကျီရွှမ် နှုတ်ခမ်းကို ဖိလိုက်သည်။

"ကောကော ကြည့်သင့်တယ်..."

ကျီရွှမ် လက်ညိုးကို လှုပ်လိုက်သည်။

နောက်တစ်ခဏတွင် ယဲ့ကျား ကြီးမားသည့်သိုလှောင်ရုံသို့ ရောက်သွားလေသည်။ မူလက အရုပ်များနှင့် ပြည့်နေသော သိုလှောင်ရုံက ယခု သနားစရာကောင်းလောက်အောင် ဗလာဖြစ်နေလေသည်။

ကုန်လှောင်ရုံအလယ်တွင် စာအုပ်ပုံကြီးတစ်ပုံ ရှိနေလေသည်။

"ဝါး——–”

အသက်ခုနစ်နှစ် ရှစ်နှစ်အရွယ်ခန့်ရှိသည့် ရုပ်သေးသခင် ထိုစာအုပ်ပုံအလယ်တွင် ထိုင်နေပြီး ပျက်စီးနေသော အရုပ်လေးကို ကိုင်ကာ ငိုရှိုက်နေလေသည်။

"ငါ ဒါတွေ ထပ်မလုပ်ချင်‌တော့ဘူး..."

သူ့ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး ဖြူ‌ဖျော့သော မျက်နှာလေးက စိတ်ပျက်မှုများ ပြည့်နေလေသည်။ မျက်လုံးအောက်ရှိ မျက်ကွင်းညိုများက ထိုးကြိတ်ခံထားရသည်ဟုပင် ထင်ရလေသည်။

ကျီရွှမ်နှင့် ယဲ့ကျား ကို တွေ့ပြီးနောက် ရုပ်သေးဆရာ မြေပြင်မှ မထချင်တော့ပေ။

သူ တအီအီငိုကြွေးနေပြီး မျက်ရည်များကို သုတ်နေလေသည်။

"ငါ သင်္ချာကို မုန်းတယ်..."

ယဲ့ကျား ရယ်လုမတတ် ဖြစ်နေလေသည်။

သူ တမင်တကာ ပြုံးထားပြီး ခါးကိုင်းကာ အစ်ကိုတစ်ယောက်သဖွယ် နူးညံ့စွာ ပြောလိုက်သည်။

"မင်း မလုပ်ချင်ရင် မလုပ်နဲ့လေ..."

“တ...တကယ်လား...”

ရုပ်သေးသခင် နှာရှုတ်ကာ မေးလိုက်သည်။

ယဲ့ကျား ကြင်နာစွာ ပြုံးလိုက်သည်။

"တကယ်ပေါ့...မင်း ငါတို့မေးတာ ဖြေဖို့ပဲ လိုတယ်..."

ရုပ်သေးသခင် အနည်းငယ် တွန့်ဆုတ်နေသည်။

"ဒါ...ဒါပေမဲ့..."

ကျီရွှမ် ခပ်တည်တည် ပြောလိုက်သည်။

"မင်း ဘာလို့ ငါတို့ဖမ်းတာ ခံရလဲသိလား..."

ရုပ်သေးဆရာ ထိတ်လန့်သွားသည်။ မျက်ရည်များက မျက်နှာထက်တွင် ကျဆင်းနေဆဲဖြစ်သည်။

“မင်းရဲ့ ရုပ်သေးအစွမ်း အသုံး၀င်မယ်ဆိုရင် မင်းရဲ့တစ္ဆေပိုင်နက်က ငါတို့ ဘယ်လိုလုပ် လွတ်မှာလဲ...ဒါကို အမေရဲ့ လက်‌ဆောင်လို့ တကယ်ထင်နေတာလား..."

ရုပ်သေးသခင် ခေါင်းငုံ့လိုက်သည်။

အချိန်ကြာပြီးနောက် ခေါင်းပြန်မော့လာကာ သူ့မျက်လုံးထဲတွင် အန္တရာယ်များသော အကြည့်ပြန်ပေါ်လာလေသည်။ သူ အံကြိတ်ကာ ပြောလိုက်သည်။

"ခင်ဗျားတို့ ဘာသိချင်တာလဲ..."

တစ္ဆေတံခါးများ ပွင့်ပြီးနောက် လူထုထဲတွင် ပေါ်လာသော စွမ်းအားကြီးတစ္ဆေများထဲတွင် Aအဆင့်က အမြင့်ဆုံးဖြစ်သည်။ ပေါ်လာသော Sအဆင့်တ‌စ္ဆေများက ဂိမ်းထဲမှ မဟုတ်ချေ။ ယင်ကောင်ဘုရင်နှင့် ရုပ်သေးသခင်က သူတို့ကြားမှ အလွန်အားနည်းသော တည်ရှိမှုဖြစ်သည်။

စစ်မှန်သော Sအဆင့်သခင်များက အကောင်အထည် မပေါ်ကြသေးပေ။

သူတို့ လူမြင်ကွင်းမှ လုံး၀ ပျောက်ကွယ်နေလေသည်။ ၎င်းတို့ ပေါ်မလာ‌သောကြောင့် လူသားများ အသက်ချမ်းသာရာ ရနေသော်လည်း ယင်းက သူ့ကို ပိုမိုစိုးရိမ်စေပေသည်။

သွေးသားအတားအဆီးကြောင့် ကျီရွှမ် အမေ့၏အစီအစဉ်ကို ထုတ်ဖော်ပြော၍ မရချေ။

သို့သော် သူတို့စုဆောင်းထားသည့် အချက်အလက်များအရ ကျီရွှမ်၊ ယင်ကောင်ဘုရင်နှင့် ရုပ်‌သေးသခင်များ အပါအ၀င် Sအဆင့် စွမ်းအားကြီးတစ္ဆေများက တာ၀န်ကိုယ်စီရှိနေလေသည်။

အမေမှ တိုက်ရိုက်ပေးအပ်သော တာ၀န်များကို‌ဆောင်ရွက်နေရသည်။

ယဲ့ကျား မျက်လုံးကို မှေးစင်းလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငါ Sအဆင့်သခင်တွေ ဘယ်မှာရှိလဲ သိချင်တယ်..."

“မင်းပြန်မတိုက်ချင်ဘူးလား..."

အမှောင်ညထဲတွင် လူငယ်၏ မျက်လုံးက အေးစက်စွာ တောက်ပနေပြီး မျက်မှန်တပ်ထားသောလူငယ်တစ်ယောက်နှင့် ကလေးငယ်တစ်ယောက် အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့၏ ဆုံးဖြတ်ချက်က သူတို့မျက်လုံးထဲတွင် ပေါ်လွင်နေလေသည်။

ဟုတ်တယ်...ပြန်တိုက်ချင်တယ်...

“ခင်ဗျားက သူတို့ကို ရှာချင်တာလား...”

ရုပ်‌သေးသခင်၏ မျက်နှာတွင် မျက်ရည်များ စိုစွတ်နေဆဲဖြစ်သည်။ စိတ်ဓာတ်ကျမှုများနှင့် ထိတ်လန့်မှုများ ရော‌ယှက်နေသည့် သူ့မျက်လုံးများက ရယ်ဖွယ်ရာ ကောင်းလေသည်။ သူ မယုံကြည်နိုင်စွာ ထပ်မေးလိုက်သည်။

"ခင်ဗျား သေချာလား..."

ယဲ့ကျား မျက်ခုံးပင့်ကာ ပြောလိုက်သည်။

"မင်း ငါ့ကို မယုံဘူးလား..."

“ခင်ဗျားရူး‌နေလား...”

ရုပ်သေးသခင် တစ္ဆေကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေလေသည်။

"ဒါပေမဲ့ ငါ သူတို့ကို မမြင်ချင်ဘူး..."

Sအဆင့် စွမ်းအားကြီးတစ္ဆေများ၏ လောဘက အဆုံးအဆမရှိပေ။ သူတို့ အစွမ်းထက်လာစေရန် သူတို့အချင်းချင်း ဝါးမျိုရန်ပင် ဆန္ဒရှိကြ‌လေသည်။

ရလဒ်အနေနှင့် ၎င်းတို့ကြားမှ ပဋိပက္ခများက အခြားစွမ်းအားကြီးတစ္ဆေများကြားမှ ပဋိပက္ခများထက် ပိုမိုပြင်းထန်ပြီး ကြောက်စရာကောင်းလေသည်။ အပေါ်ယံတွင် တည်ငြိမ်နေသယောင် ရှိသော်လည်း သူတို့ပိုင်နက်ထဲသို့ စွမ်းအားကြီးတစ္ဆေတစ်ကောင် ၀င်ရောက်လာလျှင် အမေ၏ အမိန့်ကိုပင် ဂရုမစိုက်ကြချေ။ ဝါးမျိုလိုက်ကြမည်ဖြစ်သည်။ သူတို့ နှစ်ခါပင် မတွေးကြပေ။

“ကြည့်ရတာ မင်းနဲ့ မင်းအစ်ကိုတွေကြားကဆက်ဆံရေးက သိပ်‌မကောင်းပုံပဲ..."

ယဲ့ကျား စိုးရိမ်ချင်ယောင်ဆောင်ကာ ကြည့်လိုက်သည်။

"အမေက ဒါကို စိတ်မဆိုးဘူးလား..."

ရုပ်သေးသခင်၏ အမူအရာ တွန့်ရှုံ့သွားလေသည်။ သူ့ကြည့်ရသည်မှာ ပိုးကောင်တစ်ကောင်ကို မျိုချလိုက်မိသည်နှင့် တူလေသည်။

ယဲ့ကျား စာအုပ်ပုံထဲမှ တစ်အုပ်ကို ဆွဲထုတ်ကာ မာတိကာကို ကြည့်လိုက်သည်။

သူ မာတိကာစာရွက်ကို ကိုင်ကာ လက်ကို လှုပ်ယမ်းနေသောကြောင့် စာရွက်လည်း ထိုနည်းတူစွာ လှုပ်ယမ်းနေလသည်။

"ဒါဆို မင်း ငါတို့နဲ့ ပူးပေါင်းမှာလား..."

ရုပ်သေးသခင်၏ မျက်လုံးများ ယဲ့ကျားလက်ထဲမှ စာရွက်အပေါ် ကျရောက်သွားလေသည်။ သူ့မျက်နှာငယ်‌လေးထက်တွင် ကြောက်ရွံ့သော အရိပ်အယောင်ပေါ်လာလေသည်။ ထို့နောက် သူ ယဲ့ကျားကို မော့ကြည့်လိုက်ကာ အားတင်းပြီး ပြောလိုက်သည်။

“ခင်ဗျားသေရင် အပြစ်လာမတင်နဲ့... ”

“ခင်‌ဗျား သူတို့ ဘယ်မှာလဲဆိုတာ တကယ် သိချင်တာလား...”

ရုပ်သေးသခင် သုန်မှုန်စွာ အကြည့်ကို ပြန်ရုတ်လိုက်ကာ ပြောလိုက်သည်။

"ခင်ဗျားကို ပြောပြလို့ရတယ်....ဒါပေမဲ့..."

သူ ခဏရပ်လိုက်ပြီး စကားကို ဆက်ပြောလိုက်သည်။

"နေရာပဲ ပြောပြနိုင်မယ်...ကျန်တာ မပြောပြနိုင်ဘူး...'

ယဲ့ကျား သူ့ကို တည်ငြိမ်စွာ ကြည့်နေလေသည်။ သူ့၏ ပယင်းရောင်မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းနေပြီး တစ်ခုခုကို စဉ်းစားနေပုံရသည်။

ရုပ်သေးသခင် ဘေးတွင် ရပ်နေသော ကျီရွှမ်ကို ကြည့်လိုက်ပြီး ယဲ့ကျားကို တစ်ဖန် ထပ်ကြည့်လိုက်ကာ ပြောလိုက်သည်။

"စွမ်းအားကြီးတစ္ဆေတွေမှာ အမေ့ရဲ့သွေးသားအတားအဆီးရှိတာ ခင်ဗျားသိလောက်ရောပေါ့...ထုတ်ဖော်နိုင်တဲ့ အချက်အလက်က အကန့်အသတ်ရှိတယ်...သွေးချင်း နီးစပ်လေလေ ပိုပြီးဖိနှိပ်ခံရလေလေပဲ..."

သူ့၏ နက်မှောင်သော မျက်လုံးများက တစ်ခုခုကို အရိပ်အ‌ယောင်ပြနေလေသည်။

ယဲ့ကျား မျက်လုံးကို မှေးစင်းကာ ပြောလိုက်သည်။

"ဒီလို အခြေအနေရောက်နေတာတောင် မင်းက ငါတို့ကြားကို သွေးထိုးနေတာလား..."

သူ့၏ အစီအစဉ် ဖျက်စီးခံရမှန်း သိသောအခါ ရုပ်သေးသခင် လှောင်ရယ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ခင်ဗျားသိချင်တဲ့ အချက်အလက်တွေပေးမယ်...ဒါပေမဲ့ တစ်ကြိမ်မှာ တစ်ခုပဲ ပြောပြမယ်..."

ရုပ်သေးသခင်က ပါးနပ်လေသည်။ အရာအားလုံးကို တစ်ခါတည်း မပြောပြသရွေ့ အသတ်ခံရမည်‌ဦးမည် မဟုတ်ကြောင်း သူသိသည်။

ယဲ့ကျား သဘောတူလိုက်သည်။

“ရတယ်…”

သဘောတူညီမှုရပြီးနောက် ယဲ့ကျား တစ္ဆေပိုင်နက်မှ ဦးစွာ ထွက်လာခဲ့လေသည်။

ကျီရွှမ် ထွက်သွားမည်လုပ်စဉ် သူ့နောက်မှ ရုပ်သေးသခင် အော်ပြောလိုက်သည်။

"ကျီရွှမ် ခင်ဗျားတကယ် စဉ်းစားပြီးပြီလား..."

ကုန်လှောင်ရုံအလယ်မှ ခုနစ်နှစ် ရှစ်နှစ်အရွယ်‌ ကလေးတစ်ယောက် လက်မောင်းထဲတွင် ပျက်စီး‌ နေသော အရုပ်တစ်ရုပ်ကို ပိုက်ထားကာ ကြမ်းပြင်ပေါ်တွင် ထိုင်နေလေသည်။ နက်မှောင်နေသောမျက်လုံးထဲမှ အမုန်းတရားများကို ဖုံးကွယ်ရန် မကြိုးစားချေ။

"ခင်ဗျားရဲ့ စွမ်းအားက အမေနဲ့ ဆက်စပ်နေတာ...အမေအားနည်းလာရင် ခင်ဗျားလည်း အားနည်းလာမှာပဲ...အဲ့အခြေအနေကို ခင်ဗျား ခံစားပြီးလောက်ရောပေါ့..."

ကျီရွှမ်၏ ခြေလှမ်းများ ရပ်တန့်သွားလေသည်။

“ဂိမ်းထဲမှာဆိုသာဆိုရင်... အတိတ်မှာသာဆိုရင် ငါ ခင်ဗျားကို တိုက်နိုင်မှာ မဟုတ်ဘူး..."

ရုပ်သေးသခင်၏ မျက်လုံးများ မှေးစင်းသွားပြီး အတိတ်ကို ပြန်စဉ်းစားနေလေသည်။

သူ့၏ နှုတ်ခမ်းများက ကွေးညွတ်လာပြီး လှောင်ပြုံးပြုံးလိုက်သည်။

"ဒါပေမဲ့ အခုတော့ မတူတော့ဘူး..."

ထိုနေ့က သူ ရှုံးနိမ့်ခဲ့သော်လည်း ကျီရွှမ်၏ အခြေအနေသည် ယခင်ကနှင့် မတူမှန်း သူ သတိပြုမိသည်။

မြို့တွင်း သောင်းကျန်းမှု ရှုံးနိမ့်ခြင်း၊ အမေ့၏အစိတ်အပိုင်း ဆုံးရှုံးခြင်း ၊ ယင်ကောင်ဘုရင်၏သေခြင်းတရား စသည်တို့ကြောင့် အမေနှင့်ချိတ်ဆက်နေသော Sအဆင့်စွမ်းအားကြီးတစ္ဆေများ ခံစားခဲ့ရလေသည်။

အထူးသဖြင့် အမေနှင့် တိုက်ရိုက်ချိတ်ဆက်နေသော ကျီရွှမ်က အခြားSအဆင့် စွမ်းအားကြီးတစ္ဆေများထက် ပိုမိုခံစားရမည်ဖြစ်သည်။

အမေ့၏ တမင်တကာ ဖိနှိပ်မှုနှင့် အပြစ်ပေးမှုကြောင့် ကျီရွှမ် ယခင်ကဲ့သို့ စွမ်းအားအပြည့်ရှိတေ့ာမည် မဟုတ်ပေ။

ကျီရွှမ်၏ အနှောက့်အယှက် ကင်းမဲ့‌သော ကျောပြင်ကို ကြည့်ကာ ရုပ်သေးသခင်၏ နှုတ်ခမ်းများကော့တက်လာလေသည်။

"ဒီလိုဆိုရင်တောင် ခင်ဗျားSအဆင့်သခင်တွေကို လက်ရှိအခြေအနေနဲ့ တိုက်ခိုက်ချင်သေးလား..."

“လူတွေကို ကူညီတာ ခင်ဗျားအတွက် အန္တရာယ်ရှိတယ်...”

ရုပ်သေးသခင် လှောင်ပြောင်လိုက်သည်။

"ဒါကို အမေလည်းသိတယ်...ငါလည်း သိတယ်...ဒါပေမဲ့ သူမသိဘူး...သူ မသိဘူးပဲ..."

ထိုကလေးမျက်နှာပေါ်ရှိ ရက်စက်သော အကြည့်က သူ့အသွင်အပြင်နှင့် မလိုက်ဖက်ပေ။ သူ အရှေ့မှ ကျီရွှမ်၏ နောက်ကျောကို စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။

"ခင်ဗျား အဲ့ဒါတွေလုပ်နေတာ...တကယ် ထိုက်တန်လို့လား..."

သူ့အသံက ပျော်ရွှင်နေမှန်း သိသာလေသည်။

“သူ့ကို ပြောလိုက်ရင် သူ ၀မ်းနည်းသွားမှာလား...ဒါမှမဟုတ် စိတ်သက်သာရာ ရသွားမှာလား..."

ကျီရွှမ်၏ မျက်နှာအမူအရာက အစအဆုံးမပြောင်းလဲပေ။ သူ့၏ နီညိုရောင် မျက်လုံးများက ‌ဒေါသ၊ ပျော်ရွှင်မှု တစ်ခုမှ မပြသပေ။ သို့သော် တစ်ဖက်လူက ထိုစကားများကို ပြောသောအခါ မျက်လုံးများက အနည်းငယ်တုန်လှုပ်သွားလေသည်။ သူ သူ့နောက်မှ ရုပ်သေးသခင်ကို လှည့်ကြည့်လိုက်သည်။

သူ့လက်ညှိုးကို မြှောက်လိုက်၏။

ရုပ်သေးသခင် ပြင်းထန်ပြီး ထိတ်လန့်စရာကောင်းသည့် စွမ်းအားတစ်ခုက သူ့ကို တွန်းချလိုက်ကြောင်း ခံစားမိသည်။ သူ့ခန္ဓာကိုယ်ထဲရှိ အရိုးများက အလေးတစ်ခုနှင့် အရိုက်ခံလိုက်ရသကဲ့သို့ ကွဲကြေသွားပြီး သူ့၏ကိုယ်တွင်းအင်္ဂါများကလည်း ပျော့ဖတ်သွားသလို ခံစားလိုက်ရသည်။ သူ့၏ နက်မှောင်သော မျက်လုံးများက နာကျင်မှုကြောင့် သွေးရောင်သန်းနေပြီး လည်ချောင်းထဲမှ ညည်းညူသံများ ထွက်ပေါ်လာလေသည်။

သူ့၏ ကျဉ်းမြောင်းသော မြင်ကွင်းထဲတွင် အစက်အပြောက် ကင်းစင်သော ဖိနပ်တစ်ရံပေါ်လာလေသည်။

အ‌ပေါ်မှ ထိုအမျိုးသား၏အသံ ခံစားချက်မဲ့စွာ ထွက်ပေါ်လာလေသည်။ အသံက အလွန်နိမ့်ကျကာ တည်ငြိမ်နေသော်လည်း ကြောက်စရာကောင်းနေလေသည်။

"မင်းကြည့်ရတာ လက်ထဲမှာ အချိန်တွေ ပေါနေသလိုပဲ..."

ရုပ်သေးသခင်က အရုပ်တွေနဲ့ ရုပ်သေးတွေကို ထိန်းချုပ်နိုင်ရုံသာမက လူတွေရဲ့ နှလုံးသားကိုလည်း ခြယ်လှယ်နိုင်တယ်...သူက ကြားထဲက၀င်မွှေရတာကို သဘောကျတယ်လေ...

“ဒီလိုဆိုရင် ငါက မင်းအတွက် လုပ်စရာတစ်ခုခု ရှာပေးမယ်..."

ကျီရွှမ် သူ့ခြေရင်းတွင် လှဲလျောင်းနေသော ရုပ်‌‌သေးသခင်ကို ကြည့်ကာ ပြောလိုက်သည်။

ရုပ်သေးသခင်၏အမူအရာ အေးခဲသွားလေသည်။

နောက်တစ်ခဏတွင် သူ့ဘေးနားရှိ စာအုပ်များ၊ ကျိုးပဲ့နေသော အရုပ်များ အသက်၀င်လာလေသည်။ သူတို့အားလုံး သူ့ထံ မုန်းတီးစွာ အော်ဟစ်လာကြပြီး ချဉ်းကပ်လာကြသည်။

ရုပ်သေးသခင်၏ သူငယ်အိမ်များ ချက်ချင်း တင်းကြပ်သွားသည်။

သူ တစ်ခုခု ပြောချင်သော်လည်း ထိုအမည်မသိစွမ်းအား၏ ဖိနှိပ်ခံထားရမှုကြောင့် နားမလည်နိုင်‌သော စကားများက ဗလုံးဗထွေး ထွက်လာလေသည်။

ကျီရွှမ် ပြုံးလိုက်သော်လည်း ထိုအပြုံးက မျက်လုံးထဲထိ မရောက်ပေ။

"ပျော်စရာကောင်းတဲ့ အချိန်လေး ဖြစ်ပါစေ..."

သူ ကုန်လှောင်ရုံမှ လှည့်ထွက်လာပြီးနောက် ထိုနေရာမှ ကျယ်လောင်သော အော်သံများ ထွက်ပေါ်လာ‌လေသည်။

ကျီရွှမ် တစ္ဆေပိုင်နက်ထဲ ပြန်‌လျှောက်လာလိုက်သည်။

ယဲ့ကျား ထမင်းစားပွဲတွင် ထိုင်နေပြီး လိပ်စာရေးထားသော စာရွက်ကို ကြည့်နေလေသည်။

သူ ရုတ်တရက် ပေါ်လာသော ကျီရွှမ်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။

"ဘာလို့ အရမ်းကြာနေတာလဲ..."

နွေးထွေးသော အဝါရောင်မီးရောင်အောက်တွင် သူ့၏ နူးညံ့သော ဆံပင်က တောက်ပနေလေသည်။ သူ့၏ လှမ်းကြည့်လိုက်သော မျက်လုံးလေးများက နေရောင်အောက်မှ ဖန်သဖွယ်တောက်ပနေလေသည်။ သူ့အမူအရာက တည်ငြိမ်နေပြီး ယခင်က ရန်လိုမှုများနှင့် သတိထားမှုများကို သိမ်းဆည်းထားလေသည်။

ဓားအိမ်ထဲမှ ဓားသဖွယ် မျက်လုံးက ယခုအခါ နူးညံ့နေပြီး ပုံရိပ်ယောင်သဖွယ် ဖြစ်နေသော်လည်း သေလောက်အောင် ဆွဲဆောင်မှု ရှိနေဆဲဖြစ်သည်။

ကျီရွှမ် ခေါင်းငုံ့ကာ ခိုးကြောင်ခိုးဝှက်ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ကိုယ်ရေးကိုယ်တာ ကိစ္စလေးရှိလို့ပါ..."

ရုပ်သေးသခင်ရဲ့ မေးခွန်းက တုံးအလွန်းတယ်..."ထိုက်တန်လို့လား..."တဲ့...

သူက စ‌တေးခံမဲ့သူ မဟုတ်ဘူး...ဘာမှမရဘဲ သူ့ကိုယ်သူ အနစ်နာခံမယ် ထင်နေတာလား...

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

စွမ်းအားကြီးတစ္ဆေအားလုံးက လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ လူတွေပဲ...

သူလုပ်ခဲ့တဲ့ အနစ်နာခံမှုတွေက ‌သေချာတွက်ချက်ပြီး လုပ်တဲ့ဟာတွေ...သူ့ရဲ့ နောက်ဆုံး လိုချင်တဲ့ ဆုအတွက် ရင်းနှီးမြှုပ်နှံထားပြီးပြီ...သူ့ဆန္ဒတွေကို ဖြည်းဖြည်းချင်း အကောင်အထည်ဖော်ဖို့ပဲ ကျန်တယ်...

ကျီရွှမ်၏ မျက်လုံးများ အနည်းငယ် နက်မှောင်သွားလေသည်။ သူ့၏ ထူထဲ‌သော မျက်‌တောင်မွှေးများအောက်တွင် သူ့၏ အကြည့်ကို ဖုံးကွယ်ထားသည်။

သူ ထိုင်ခုံကို ဆွဲထုတ်လိုက်ကာ ယဲ့ကျား၏ ဆန့်ကျင်ဘက်တွင် ထိုင်လိုက်သည်။ ထို့နောက် တစ်ဖက်လူကို အတွေးထဲမှ ရုန်းထွက်လာစေရန် ချောင်းခြောက်‌ဆိုးလိုက်သည်။

ကျီရွှမ် ပြုံးလိုက်ပြီး နွေးထွေးစွာ အကြံပြုလိုက်သည်။

"အရင် စားကြရအောင်...စားစရာတွေ အေးကုန်တော့မယ်..."

အတွေးထဲတွင် နစ်မြှုပ်နေဆဲဖြစ်သည့် ယဲ့ကျား အသံပြုကာ တုံ့ပြန်လိုက်ပြီး တူကိုင်ကာ စားလိုက်သည်။

ထမင်းနှစ်လုတ်စားပြီးနောက် သူ မူလရည်ရွယ်ချက်ဖြစ်သည့် ကျီရွှမ်နှင့် စကား‌သေချာပြောရန်အစီအစဉ်ကို သတိပြန်ရသွားသည်။

ယဲ့ကျား ခေါင်းငြိမ့်ကာ ပန်းကန်လုံးထဲမှ ထမင်းများကို ကြည့်လိုက်သည်။

သူ တွက်တာ မှားသွားတယ်...

သူ ခေါင်းမော့ကာ စားပွဲတစ်ဖက်ခြမ်းတွင် ထိုင်နေသော ကျီရွှမ်ကို ကြည့်လိုက်သည်။

တစ်ဖက်လူက ပါးတစ်ဖက်ကို လက်ထောက်ထားပြီး သူ့ကို ကြည့်နေလေသည်။

သူ ကြည့်‌နေသည်ကို မြင်သောအခါ ပြုံးကာ မေးလာသသည်။

"ဘယ်လိုနေလဲ..."

ယဲ့ကျား အဝေးသို့ အကြည့်လွှဲကာ ပြန်ဖြေလိုက်သည်။

"ဟမ်...စားကောင်းတယ်..."

.....

ချန်ချင်းယဲ့ ခေါင်းငုံ့ကာ စာရွက်ပေါ်ရှိ လိပ်စာကို သေချာဖတ်နေလေသည်။ ထို့နောက် သူ့နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေ‌သော အေ့စ်ကို ကြည့်ကာ မေးလိုက်သည်။

"မင်း ဘယ်လိုထင်လဲ..."

ဝေ့ရွှယ်ချူး သူ့ရှေ့မှ လက်ဖက်စိမ်းနို့လက်ဖက်ရည်ကို မွှေလိုက်ပြီး ပြောလိုက်သည်။

"ဘယ်လိုထင်ရမှာလဲ...ငါတို့ သူတို့ကို သွားတိုက်ခိုက်ရမှာပေါ့..."

သူ့၏ မျက်လုံးများက တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကြောင့် တောက်လောင်နေလေသည်။

"အခု ငါတို့ဆီမှာ လိပ်စာရှိပြီ...အဲ့တော့ အဲ့ဒီစွမ်းအားကြီးတစ္ဆေတွေကို ဆွဲထုတ်လာပြီးအချက်အလက်တွေရအောင် နှိပ်စက်သင့်တယ်...

ချန်ချင်းယဲ့ : “……”

သူ သက်ပြင်းချလိုက်သည်။

"မင်းက ဘယ်တော့မှ ခေါင်းမသုံးဘူး...ပြဿနာကို အားသုံးပြီး ဖြေရှင်းဖို့ပဲ တတ်တယ်..."

“ဟုတ်တယ်...”

ဝေ့ရွှယ်ချူး မျက်လုံးကို အန္တရာယ်ရှိစွာ မှေးစင်းလိုက်သည်။

“နင် စမ်းကြည့်ချင်လား...”

နို့လက်ဖက်ရည် ‌ငုံ့သောက်နေသည့် အားချန် ထိုစကားကို ကြားနေသောအခါ မျက်နှာချင်းဆိုင်မှ မိန်းမငယ်လေးကို ကြည့်လိုက်ပြီး သူ့မျက်လုံးများက ကြောက်ဖွယ်လိလိ တောက်ပနေလေသည်။


Xxxx