အပိုင်း ၇၅
Viewers 10k

Chapter 75


ကျယ်၀န်းသော အစည်းအဝေးခန်း၌...

ဤအခန်းသည် ဘလပ်စ်ကြောင့် မပျက်စီးရသေးသည့် တစ်ခုတည်းသော အခန်းဖြစ်သည်။ အခန်းထဲတွင် စားပွဲ၊ ကုလားထိုင် အပါအ၀င် လိုအပ်သည့် ပစ္စည်းများစွာ ရှိသေးလေသည်။ တံခါးကို ပိတ်လိုက်ပြီး အခြား၀န်ထမ်းများထံမှ စပ်စုသော အကြည့်များကို တားမြစ်လိုက်သည်။

ဘောင်းဘီပေါ်ရှိ ချိန်းကြိုးများ တချွင်ချွင်မြည်နေသော ဘလပ်စ်က တံခါးကို မှီလျက် လက်ပိုက်ထားပြီး သူ့ကြည့်ရသည်မှာ အနှောင့်အယှက်ဖြစ်နေဟန် ပေါ်လေသည်။

ဘေးတွင် ရပ်နေသော ဝေ့ရွှယ်ချူး မျက်မှောင်ကြုတ်ကာ သတိထားပြီး မေးလိုက်သည်။

"ဘာလို့ အေ့စ်ကို ရှာနေတာလဲ..."

“မင်းအလုပ် မဟုတ်ဘူး…”

ဘလပ်စ် မျက်လုံးကို လှိမ့်လိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်သည်။

"ဘာလို့လဲ...မင်းကတော့ ရှာလို့ရပြီး ငါကတော့မရဘူးလား..."

နောက်တစ်တစ်ခဏတွင် ချန်ချင်းယဲ့၏ အင်္ကျီလက် အောက်မှ အားချန် ထွက်လာလေသည်။

ဘလပ်စ်၏ မျက်နှာ ချက်ချင်းဖြူဖျော့သွားပြီး မသိစိတ်အရ နောက်ဆုတ်လိုက်သည်။

"ဖာ့ခ်...ငရဲကိုသွား..."

ဝေ့ရွှယ်ချူး ပျော်ရွှင်စွာ ပြောလိုက်သည်။

“ဘာလဲ...ပိုးကောင်ကြောက်တာလား...”

သူ ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး ချန်ချင်းယဲ့ ပခုံးကို ပုတ်လိုက်သည်။

"အစ်ကို ငါ နင်နဲ့ ထားခဲ့လိုက်မယ်..."

ချန်ချင်းယဲ့ မျက်မှန်ကို တွန်းတင်လိုက်ပြီး လက်ခံသံ ပြုလိုက်သည်။

နောက်တစ်ခဏတွင် မရေမတွက်နိုင်သော အင်းဆက်များ သူ့အင်္ကျီလက်ထဲမှ ထွက်လာလေသည်။ ခရမ်းရောင် အိစမ်းရောင်၊ အပြာရောင်၊ အခွံပါ၊ အခွံမပါစသည်ဖြင့် အင်းဆက်မျိုးစုံရှိသည်။ ကြည့်လိုက်ရုံနှင့်ပင် ဦးရေပြားကို ထုံထိုင်းစေလေသည်။ ပိုးကောင်မကြောက်သည့် ဝေ့ရွှယ်ချူးပင်လျှင် ကူရာမဲ့စွာ လက်မောင်းကို ပွတ်သပ်နေမိလေသည်။

ဘလပ်စ် ထခုန်လိုက်ပြီး သူ့မျက်နှာက ဖြူဖျော့နေလေသည်။

"အားးးးး"

ဘလပ်စ် ပြန်တုံ့ပြန်တော့မည်ကို မသိစိတ်အရ ခံစားမိသောကြောင့် ချန်ချင်းယဲ့ လက်ညှိုးကို ကွေးလိုက်ကာ အင်းဆက်တစ်၀က်ကို ပြန်ခေါ်လိုက်ပြီး ကျန်တစ်၀က်ကို ဘလပ်စ်နှင့် ဝေးဝေးနေခိုင်းလိုက်သည်။

ဘလပ်စ် တံခါးကို အတင်းမှီထားပြီး သူ့အသားအ‌ရေက အလွန်ဖြူ‌‌ဖျော့နေလေသည်။ သူ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"မ...မင်းက စိတ္တဇကောင်လား..."

ချန်ချင်းယဲ့ မကြားချင်ယောင် ဆောင်ကာ ခပ်တည်တည်နှင့် ဆက်ထိုင်နေပြီး မျက်မှန်ကို တွန်းတင်လိုက်သည်။

ဝေ့ရွှယ်ချူး အနည်းငယ် အံ့ဩသွားသည်။

"ဟေ့...နင် သူတို့တွေကို ကြောက်နေပြီး ဂိမ်းထဲမှ ဘယ်လို အသက်ရှင်ခဲ့တာလဲ..."

ဂိမ်းထဲတွင် အင်းဆက်များစွာ ပါ၀င်လေသည်။ သူတို့က ဂိမ်းထဲတွင် အရေးပါသော တည်ရှိမှု မဟုတ်သော်လည်း ပိုးဟပ်နှင့် လောက်များကဲ့သို့ ရွံ့ဖွယ်ရာကောင်းသည့် ပိုးကောင်များစွာ ရှိသေးလေသည်။ ၎င်းတို့ကို အလွန်ကြောက်ရွံ့သူများသို့မဟုတ် ရွံ့ရှာသူများက ဂိမ်းထဲတွင် အလွန်ခက်ခဲခဲ့ကြလေသည်။ ဂိမ်းထဲမှ ကစားသမားအချို့က အကြောင်းရင်းအချို့ကြောင့် ၎င်းတို့ကို အလွန်မုန်းတီးသွားကြသူများလည်း ရှိသည်။

ဘလပ်စ် မာနကြီးစွာ လှောင်ပြုံးပြုံးလိုက်သည်။ သူ့လက်ညှိုးထိပ်တွင် မီးတောက်တစ်ခု ပေါ်လာလေသည်။

"ငါ သူတို့ကို မီးမြိုက်လိုက်တယ်လေ..."

ချန်ချင်းယဲ့ သူ့ကို စိုက်ကြည့်နေပြီး လေထဲရှိ အင်းဆက်များကို အနည်းငယ်နီးကပ်စွာ ပျံခိုင်းလိုက်သည်။

ဘလပ်စ် ချောင်ပိတ်မိသွားသည်။ သူ နှုတ်ခမ်းပေါ်ရှိ အပြုံးက အနည်းငယ်အေးခဲသွားပြီး တုန်လှုပ်နေလေသည်။

"သူတို့ကို ငါနဲ့ ဝေးဝေးထား..."

“နင် ဘာလို့ အေ့စ်ကို လာရှာတာလဲ...”

ဝေ့ရွှယ်ချူး ချန်ချင်းယဲ့၏ ပခုံးပေါ်တွင် လက်မောင်းကို တင်လိုက်ကာ ပြောလိုက်သည်။

ချန်ချင်းယဲ့ အမူအရာမဲ့စွာ ဖယ်လိုက်ပြီး ဝေ့ရွှယ်ချူး၏ လက်မောင်းက ပခုံးပေါ်မှ ပြုတ်ကျသွားလေသည်။

သေစမ်း...တကယ် ပိုးမွှားကြောက်တဲ့ရောဂါ မဟုတ်ဘူးလား...

ဝေ့ရွှယ်ချူး မျက်လုံးပြူးပြလိုက်သည်။

"မဟုတ်ရင် ငါ မစ္စတာရက်ဒ်ကို အင်းဆက်တွေလွှတ်ခိုင်းပြီး နင့်အိမ်ထိ လိုက်ပြီး နင့်နားထဲထိ ဥဥခိုင်းလိုက်မယ်..."

သူ ခြောက်လှန့်ရန် တမင်သက်သက် ကြိုးစားနေသည်။

ဘလပ်စ်၏ မျက်နှာအမူအရာ လုံး၀ စိမ်းသွားလေသည်။ သူ အံကြိတ်လိုက်သည်။

"မင်း ငါက ဒါလေးကို အရှုံးပေးမယ်ထင်နေတာလား..."

ဝေ့ရွှယ်ချူး ပခုံးတွန့်လိုက်သည်။

"ယုံတာ မယုံတာ နင့်အပိုင်းပဲ..."

အမှန်တွင် ချန်ချင်းယဲ့ ထိုသို့လုပ်နိုင် မလုပ်နိုင် သူလည်း မသိချေ။ အလုပ်ဖြစ်ခြင်း မဖြစ်ခြင်းကအရေးမကြီးချေ။ ကြိုးစားကြည့်ခြင်းက ပိုကောင်းပေသည်။

ဘလပ်စ်၏ အကြည့်က ထိုလူနှစ်ယောက်ကြားတွင် ရွေ့လျားသွားသည်။ နောက်ဆုံးတွင် သူ ဖရိုဖရဲဖြစ်နေသော ဆံပင်ကို ကုတ်လိုက်ကာ ပြောလိုက်သည်။

"ထားပါ...ငါ မင်းတို့ကို ပြောပြလည်း ပြဿနာ မရှိဘူး...ငါ ‌အေ့စ်ကို လာရှာရတာက သူနဲ့ ထပ်တိုက်ချင်လို့ပဲ..."

သူ့၏ ရှုပ်ပွနေသော အနီရောင်ဆံပင်က တောက်လောင်နေသော မီးတောက်နှင့် တူပြီး သူ့မျက်လုံး

များက တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကို သယ်ဆောင်ထားလေသည်။

"ငါ သူနဲ့ ဂိမ်းထဲမှာ နောက်ဆုံးတစ်ကြိမ် တိုက်တုန်းက ငါရှုံးသွားတယ်...သူ့ကို ထပ်စိန်မခေါ်ခင် သူက ဂိမ်းထဲက ထွက်သွားတယ်လေ...အခု ငါ့သိက္ခာကို ပြန်ဆယ်ဖို့ အခွင့်အရေးရပြီ..."

သူ့ကဲ့သို့ တိုက်ခိုက်ခြင်း၌ ရူးသွပ်သော လူတစ်ယောက်ကို တွေ့သောအခါ ဝေ့ရွှယ်ချူး လက်ယားလာသည်။

"ဘာလို့ ငါနဲ့ မတိုက်ကြရမှာလဲ..."

ဘလပ်စ် သူ့ကို စိုက်ကြည့်လိုက်ပြီး လက်သန်းထောင်ပြလိုက်သည်။ သူ့မျက်နှာပေါ်၌ အထင်သေးမှုများ ရှိနေလေသည်။

ဝေ့ရွှယ်ချူး : “……..”

နင် ဘာလုပ်ပြလိုက်တယ်---

သူ ဒေါသမပေါက်ကွဲမီ ဘလပ်စ် ပျင်းရိစွာ ဆက်ပြောလိုက်သည်။

"ဒါ့အပြင် ငါက လက်စားလည်း ချေချင်သေးတယ်..."

ဝေ့ရွှယ်ချူး သဘောပေါက်သွားသည်။ သူ ချန်ချင်းယဲ့ကို တံတောင်ဖြင့် တွတ်လိုက်သည်။

"သူက နင်နဲ့ တူတယ်...နင် သူ့ကို ဖျောင်းဖျကြည့်ပါလား..."

ဘလပ်စ် ခဏလောက် မှင်သက်သွားသည်။ သူ ချန်ချင်းယဲ့ကို ကြည့်လိုက်သည်။

"ဟေ့...မင်းရော သူ့ကို မကျေနပ်ဘူးလား..."

“ဟုတ်တယ်…”

ချန်ချင်းယဲ့ ခဏလောက် စဉ်းစားပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။

“ဒါပေမဲ့ အေ့စ်က တကယ် ချစ်စရာကောင်းတယ်...”

သူ သူ့ဆံပင်ကို ပွတ်သပ်နေပြီး မျက်နှာက အနည်းငယ် နီရဲနေလေသည်။ သူ့ကြည့်ရသည်မှာအနည်းငယ် ရှက်ရွံ့နေပုံ ပေါ်၏။

ဝေ့ရွှယ်ချူး: “……..”

သူ ရုတ်တရက်ကြီး အန္တရာယ်များတဲ့ ခံစားချက် ရလာပြီ...

သူ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ရှေ့တွင် ရပ်နေ‌သော ဘလပ်စ်ကို ကြည့်လိုက်သည်။

"ဘာလို့ လက်စားချေချင်တာလဲ..."

ဘလပ်စ်၏ မျက်နှာအမူအရာ တောင့်တင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားသည်။ သူ့မျက်လုံးများက ဝေ့ဝိုက်နေပြီး ပါးပြင်က အနည်းငယ် နီရဲလာလေသည်။ သူ ဒေါသတကြီး အော်လိုက်သည်။

"မင်း အလုပ်မဟုတ်ဘူး..."

ဝေ့ရွှယ်ချူး: “……..”

အန္တရာယ်များတဲ့ ခံစားချက်ကြီးက နှစ်ဆလောက်တိုးလာပြီ...

တစ်ချိန်လုံး စကား၀င်မပြောခဲ့သည့် ယဲ့ကျားက စကားဝိုင်းကို ပျော်ရွှင်စွာ ကြည့်နေလေသည်။ သူတို့၏ စကားဝိုင်းက သူ့အကြောင်းကို လုံး၀ပြောင်းလဲသွားသည့်အထိ ဆက်သွားနေလေသည်။

အမှန်တွင် ဘလပ်စ် ထိပ်တန်းအဆင့်သုံးဆယ်မှ ပြုတ်ကျခဲ့ရသည့် အကြောင်းရင်းက သူ့ကြောင့်ဖြစ်သည်။

ဂိမ်းထဲတွင် မြေအောက်မှောင်ခိုဈေးကွက်များနှင့် ပြိုင်ကွင်းများ မျိုးစုံရှိလေသည်။

၎င်း က‌စားနည်းများက ဂိမ်းနှင့် မသက်ဆိုင်သော်လည်း ပြိုင်ဆိုင်လိုသော ကစားသမားများကြားတွင် ရေပန်းစားလေသည်။ လောင်းကစားနည်းမျိုးစုံရှိသည်။ အကြာဆုံး အသက်ရှင်ခဲ့သည့် အချိန်၊ သတ်ခဲ့သည့် အရေအတွက် စသည်ဖြင့် ပြိုင်ဆိုင်ကြသည်။ ကစားသမားများကြားတွင် PKက အရိုးရှင်းဆုံးဖြစ်ကာ အမှတ်များ၊လက်နက်များဖြင့် လောင်းကြေးထပ်ကြလေ၏။

ဘလပ်စ် လောင်းကစားလုပ်ရသည်ကို နှစ်သက်ပြီး အမြဲတစေ ကြီးမားသော အမြတ်အစွန်းရလေ့ရှိသည်။ သူ လက်သည်းနှင့် မပတ်သတ်မီ အထိဖြစ်သည်။

ယင်းက Sအဆင့် လက်နက်ဖြစ်၏။

သူ မူလက လေလံတင်ကာ ရောင်းချခဲ့သော်လည်း အမှတ်များ မလွှဲပြောင်းမီ ၀ယ်ယူသူ၏ အမည်ကို မြင်သောအခါ ချက်ချင်း စိတ်ပြောင်းသွားလေသည်။

ထိုအချိန်က အေ့စ်က အဆင့်ခြောက်နေရာတွင်ရှိပြီး သူက အဆင့်ခုနစ်နေရာတွင် ရှိလေသည်။ သူ အမြဲတမ်း သူ့အထက်တွင် ရှိသော ကစားသမား၏ ခွန်အားကို စမ်းသပ်ချင်ခဲ့ပြီး တူညီသော ဂိမ်းအတွင်းသို့ ၀င်ကာ သတ်ခဲ့သည့်အသက်အရေအတွက်ကို ယှဉ်ပြိုင်ရန် စိန်ခေါ်ခဲ့သည်။

တစ်ဖက်မှ လူငယ်လေးကလည်း ထိုစိန်ခေါ်ပွဲကို လက်ခံခဲ့လေသည်။

ရလဒ်က ထင်ထားသည့်အတိုင်း သူ ရှုံးနိမ့်သွားခဲ့သည်။

သို့သော် နှစ်ဦးကြားရှိ အရေအတွက်က များစွာကွာခြားမှု မရှိသောကြောင့် သူ မကျေနပ်ခဲ့ပေ။ တစ်ဦးချင်းတိုက်ခိုက်ရန် ထပ်မံစိန်ခေါ်ခဲ့သည်။

ထိုအခါ အေ့စ်က သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေပြီး သူ့၏ ပယင်းရောင် မျက်လုံးများက တွေးတောမှုအရောင်များ ‌တောက်ပနေလေ၏။

ဘလပ်စ် အေ့စ်၏ အကြည့်ကြောင့် အနည်းငယ် ကြောက်ရွံ့နေလေသည်။

"ဘာ...ဘာလို့လဲ..."

အေ့စ် အကြည့်ကို ပြန်ရုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ဘာမှ မဖြစ်ဘူး...ငါ လက်ခံတယ်..."

သို့သော် ဘလပ်စ် အလွန် မပျော်ရွှင်မီ တစ်ဖက်လူ ဆက်ပြောလိုက်သည့်စကားကို ကြားလိုက်ရသည်။

"ဒါပေမဲ့ ဒီတစ်ခါ လောင်းကြေးထပ်ချင်တယ်..."

ဘလပ်စ် စိတ်လှုပ်ရှားစွာ သဘောတူလိုက်သည်။

"ကိစ္စမရှိဘူး...ဘာကြေးလောင်းမှာလဲ..."

အေ့စ် ‌ပြုံးကာ ပြောလိုက်သည်။

"မင်းရဲ့ ဆံပင်..."

ထိုစိန်ခေါ်ပွဲပြီးနောက် ဘလပ်စ် ထိပ်ဆုံးအဆင့်သုံးဆယ်စာရင်းမှ ပြုတ်ကျခဲ့ရုံသာမက သူ ဂုဏ်အယူရဆုံး ဆံပင်နီများကို ရိတ်ခဲ့ရပြီး တစ်နှစ်လုံး ကတုံးနေခဲ့ရလေသည်။

ဘလပ်စ် အသက်ပြင်းပြင်းရှူလိုက်ပြီး အတိတ်မှ သူ့ကိုယ်သူ ပြန်ဆွဲထုတ်လိုက်သည်။ သူ အံကြိတ်ကာ ပြောလိုက်သည်။

"ငါ သူ့ကို ဒီအတွက် ပြန်ပေးဆပ်စေချင်တယ်..."

ဝေ့ရွှယ်ချူးနှင့် ချန်ချင်းယဲ့: “…….”

ဘာလို့ မအံ့ဩမိပါလိမ့်...

ဝူစူး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဒါပေမဲ့ အဲ့အတွက် ဗျူရိုကို လာပြီး ၀န်ထမ်းတွေကို ဓားစာခံအဖြစ် ဖမ်းထားစရာ မလိုဘူးလေ..."

ဘလပ်စ်ပြောလိုက်သည်။

"ငါ သူတို့ကို မဖမ်းထားဘူး....ခင်ဗျား အပြင်ထွက်ပြီး မေးကြည့်...ငါ သူတို့ကို သွားလို့ရတယ်လို့ ပြောခဲ့လား...မပြောခဲ့ဘူးလား ဆိုတာကို..."

ဝူစူး : “…….”

ဒါပေမဲ့ ပြဿနာက မင်းက အဲ့လိုတွေ လုပ်နေတာလေ...ဘယ်သူက ထွက်သွားရဲမှာလဲ...

ဝေ့ရွှယ်ချူး မျက်မှောင်ကြုတ်လိုက်သည်။

"တစ်ယောက်ယောက်က တားခဲ့တာ မဟုတ်ရင် နင်တော့ ကပ်ဆိုက်ပြီပဲ..."

သူ့အမှားသူ သိသည့်အတွက် ဘလပ်စ် ခေါင်းကုတ်ကာ ပြောလိုက်သည်။

"အဲ့ဒါတွေ အကုန်လုံးက ဒီပိုးကောင်ကြောင့်ပဲ..."

ထိုစဉ် သူ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သူ ယခုအချိန်ထိ စကားတစ်ခွန်းမှ မပြောရသေးသည့် ယဲ့ကျားဆီသွားကာ စိတ်၀င်တစား မေးလိုက်သည်။

"ဟေ့...မင်း အဲ့ဒါကို ဘယ်လို လုပ်လိုက်တာလဲ..."

ဘလပ်စ် လက်ကို မြှောက်လိုက်ပြီး မီးလုံးတစ်လုံး ပေါ်လာလေသည်။

"ဘယ်သူမှ ငါ့ရဲ့ ယင်မီးလုံးကို မတားဆီးနိုင်ဘူး..."

အားလုံး၏ အာရုံက အခန်းထောင့်မှ ယဲ့ကျားထံသို့ ရောက်လာလေသည်။

အားလုံး၏ အမူအရာက အလွန်သိချင်နေကြောင်း သိသာသည်။

ဘလပ်စ် လက်ကို ပြန်ုရုတ်လိုက်ပြီး ဝေဝေဝါးဝါး ရေရွတ်လိုက်သည်။

"အဲ့လူက လွဲရင်ပေါ့..."

ယခုအချိန်ထိ သူ့၏ယင်မီးကို အေ့စ်မှလွဲ၍ မည်သူမျှ မတားဆီးနိုင်ခဲ့ပေ။ ယ‌နေ့ အခြား တစ်ယောက် ထပ်မံ ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

“ဘာ‌‌ပြောလိုက်တာလဲ...”

ဝေ့ရွှယ်ချူး ရှင်းရှင်းလင်းလင်း မကြားလိုက်၍ ပြန်မေးလိုက်သည်။

ယဲ့ကျား သူဖုံးကွယ်ထားသည်က ပေါ်တော့မည်ကို မြင်သောအခါ လျင်မြန်စွာ ကြိုးစားရှင်းပြလိုက်သည်။

"တကယ်‌တော့ ဒါကို ကျွန်တော် တစ်ယောက်တည်း လုပ်ခဲ့တာ မဟုတ်ဘူး..."

ဘလက်စ် ‌မျက်မှောင်ကြုတ်လိုက်သည်။

"ဘာပြောချင်တာလဲ...”

ယဲ့ကျား အသက်ပြင်းပြင်းရှူလိုက်ပြီး ရှင်းပြလိုက်သည်။

"ခေါင်း‌ဆောင်ဝူက ဗျူရိုနဲ့ ပူးပေါင်းနေတဲ့ စွမ်းအားကြီးတစ္ဆေရှိမှန်း ပြောပြီးလောက်ရောပေါ့..."

သူတို့ ရရှိထားသော အချက်အလက်တော်‌တော်များများကို ဗျူရိုနှင့် ပူးပေါင်းဆောင်ရွက်နေသော စွမ်းအားကြီးတစ္ဆေထံမှ ရရှိခြင်းဖြစ်ကြောင်း ဝူဆု သူတို့ကို ပြောဖူးသည်။

ယဲ့ကျား ဆက်ပြောလိုက်သည်။

"ကျွန်တော်က သူနဲ့ အဓိက ချိတ်ဆက်နေတဲ့သူ..."

သူတို့ အံ့ဩသွားကြလေသည်။

ယဲ့ကျား ကြိုတင်ပြင်ဆင်ထားသည့် ဆင်ခြင်များကို ဆက်ပြောလိုက်သည်။

"ဟုတ်ပါတယ်...သူ့ရဲ့ အထောက်အထားကို မပေါ်စေဖို့နဲ့ ကျွန်တော့်ကို ကာကွယ်ဖို့ လက်နက်တစ်ခုပေးခဲ့တယ်..."

သူ ပြောပြီးနောက် ပခုံးပေါ်မှ လက်မဲလေးကို ဆွဲထုတ်လိုက်သည်။

"တွေ့လား...ဒါလေ..."

လက်မဲလေး : “?”

ဖာ့ခ်…

ယဲ့ကျား အမူအရာ မပြောင်းမလဲ ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ အခု ထိရောက်မှု သိပ်မရှိတော့ဘူး..."

သူ လက်မဲလေး၏လက်များကို လေထဲ လှုပ်ယမ်းလိုက်သည်။

လက်မဲလေး : “………”

သေစမ်း...

သို့သော် ယခုအခြေအနေက ပိုအရေးကြီးနေသည့်အတွက် သူ သေချင်‌ယောင်ဆောင်ရန်သာ တတ်နိုင်လေသည်။

လက်မဲလေး အခြားလူများရှေ့ ရောက်သွားလေသည်။

ဝေ့ရွှယ်ချူး တို့ကာ ပြောလိုက်သည်။

"အရမ်း ပျော့တယ်..."

သူ ဆွဲလိုက်သည်။

"ပြီးတော့ ဆွဲဆန့်လို့ရတယ်..."

လက်မဲလေး : “……..”

သည်း...ခံ...ရ...မယ်...

ချန်ချင်းယဲ့ ခေါင်းငုံ့ကာ သေချင်ယောင် ဆောင်နေသော လက်မဲလေးကို ဂရုတစိုက် စစ်ဆေးပြီးဖြည်းညှင်းစွာ ခေါင်းငြိမ့်လိုက်သည်။

"ဒါက အစွမ်းထက်တဲ့ လက်နက်ပဲ...အကြာကြီး အသုံးမ၀င်ပေမဲ့ အဲ့ဒီကထွက်လာတဲ့ယင်စွမ်းအင်တွေကို ခံစားမိတယ်...သူက Bအဆင့် စွမ်းအားကြီးတစ္ဆေလောက် နီးနီးပဲ..."

လက်မဲလေး : “………”

ဦးလေးကြီး...ငါက B.အ.ဆင့်. စွမ်းအားကြီးတစ္ဆေပဲကွ...

ထိုအချိန်တွင် ချန်ချင်းယဲ့၏ အင်္ကျီလက်ထဲမှ အားချန် ထွက်လာပြီး လက်မဲလေးထံ ချဉ်းကပ်လာလေသည်။

လက်မဲလေး...: “!”

ဖာ့ခ်...

လက်မဲလေး သူ့ကိုယ်သူ ဖော်ထုတ်မိ‌တော့မည်ကို မြင်သောအခါ ယဲ့ကျား လက်မဲလေးကို ချန်ချင်းယဲ့ဆီမှ အမြန်လှမ်းယူလိုက်သည်။

"ဒါက ဘယ်လိုလုပ်ခဲ့လဲဆိုတာပဲ..."

အစွမ်းထက်သော လက်နက်ကို မြင်ပြီးနောက် လူတိုင်း ယုံကြည်သွားကြလေသည်။

‌‌‌‌ဝေ့ရွှယ်ချူး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ယဲ့ကျား၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် နင်အဆင်ပြေနေလို့ ‌တော်ပါသေးတယ်...ငါ မီးလုံးက နင့်ကို ဝါးမျိုလိုက်ပြီလို့ ထင်ခဲ့တာ...နောက်တစ်ခါ ဒီလိုထပ်ဖြစ်ရင် မြန်မြန်သာ ထွက်ပြေးသင့်တယ်...မဟုတ်ရင်နောက်ဆက်တွဲအကျိုးဆက်က မှန်းဆလို့တောင် ရမှာ မဟုတ်ဘူး..."

သူ့နောက်တွင် ရပ်နေသော ချန်ချင်းယဲ့က ‌ဝေဖန်လိုက်သည်။

"မင်း တစ်ယောက်ယောက်ကို ကောင်းကောင်းဆက်ဆံတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး..."

ဝေ့ရွှယ်ချူး နောက်လှည့်ကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။

"ငါက ကောင်ချောလေးတွေကို ကောင်းကောင်းဆက်‌ဆံတယ်...အဲ့ဒါ နင့်အပူ ပါလို့လား..."

“‌ အေ့စ်ကျ‌တော့ရော...”

ဝူစူး မေးလိုက်သည်။

“မင်း သူ့ကို ၀န်ခံမယ်လို့ ပြောခဲ့သလားလို့..."

ဝေ့ရွှယ်ချူး : “……”

အေ့စ်ရှေ့ရောက်တာနဲ့ သူ့သတ္တိတွေ ပျောက်ကုန်တာ...ဘယ်လိုလုပ် ပြောရဲမှာလဲ...

သူ ဝူစူးကို ခံစားချက်မဲ့စွာ ကြည့်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။

"ရှင် ဘာပြောရမှန်းမသိရင် တိတ်တိတ်နေသင့်တယ်..."

ဗျူရိုထဲမှ ထွက်လာပြီးနောက် ဝူဆု အောက်ဆင်းရန် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။

“ကျွန်‌တော်တို့ ဘယ်မှာ အလုပ်လုပ်ရမှာလဲ..."

ယဲ့ကျား မေးလိုက်သည်။

၀န်ထမ်းအားလုံးကို အဆောက်အအုံ အပြင်သို့ ရွှေ့ပြောင်းပေးပြီးဖြစ်သည်။ ဗျူရိုက ပျက်စီး
သွားပြီး ယင်မီးငြိမ်းသွားသော်လည်း ယင်စွမ်းအင်များ ရှိနေဆဲဖြစ်သည်။ သာမာန်လူများ နေထိုင်ရန် မသင့်တော်ချေ။ ကျွမ်းကျင်ပညာရှင်အဖွဲ့ လာရှင်းပေးပြီးမှသာ ပြန်အသုံးပြုနိုင်မည်ဖြစ်သည်။

ဝူစူး : "အထက်ကလူတွေ ဘာပြောလဲ ကြည့်ကြတာပေါ့..."

အဲ့စာ‌ကြောင်းရဲ့ အဓိပ္ပာယ်က ငါလည်းမသိဘူး...

ဝေ့ရွှယ်ချူး ဘလပ်စ်ကို ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"နင် ဘာတွေလုပ်ထားလဲ ကြည့်..."

ဘလပ်စ် : “…..”

သူ ဒေါသစိတ်တစ်၀က် ၊ နောင်တရစိတ် တစ်၀က်နှင့် ပြောလိုက်သည်။

"ငါ ဒီနေရာကို ပြန်ရှင်းပေးမယ် ရပြီလား..."

ဝေ့ရွှယ်ချူး ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

“တကယ်လား...နင် ပြောသလို မလုပ်ရင် ချန်ချင်းယဲ့ရဲ့ အားချန်ကို နင့်ကို ကူညီခိုင်းလိုက်မယ်..."

ချန်ချင်းယဲ့ သူ့ကို သဘောမကျစွာ ကြည့်လိုက်သည်။

"အားချန်က သန့်ရှင်းရေးလုပ်ဖို့ မဟုတ်ဘူး...သူ့ကို လျှောက်ခြောက်မနေနဲ့..."

သို့သော်ငြားလည်း ချန်ချင်းယဲ့၏ အင်းဆက်များက ဘလပ်စ်၏ စိတ်ထဲတွင် စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီးအဖြစ် ကျန်ခဲ့လေသည်။ သူ တိတ်တဆိတ် ချန်ချင်းယဲ့နှင့် အကွာအဝေးတစ်ခုခြားလိုက်သည်။

"ငါက ကိုယ့်စကားကို တည်တဲ့သူ..."

“ပိုးကောင်တွေကို ကြောက်တဲ့လူပါ...”

ဝေ့ရွှယ်ချူး ပြောလိုက်သည်။

ဘလပ်စ်၏ မျက်လုံးများ ပြူးကျယ်လာပြီး သူ့၏ချောမောသော မျက်နှာက နီရဲလာကာ အနီရောင်ဆံပင်များနှင့် ပနံသင့်နေလေသည်။

"မင်း..."

ဓာတ်လှေကား ရောက်လာပြီး တံခါးပွင့်သွားလေသည်။

ယဲ့ကျား ဝူစူးဘက်လှည့်ကာ မေးလိုက်သည်။

"ဒါဆို ကျွန်တော်တို့ အချိန်ပိုဆင်းစရာ မလိုတော့ဘူးပေါ့..."

ဝူစူး : “ဒါကို မေးဖို့ စောင့်နေတာတော့ မဟုတ်ပါဘူးနော်...”

ယဲ့ကျား ရှက်ရွံ့စွာ ပြုံးလိုက်သည်။

“‌ မေးဖို့ စောင့်နေတာ ဟုတ်ပါတယ်...”

ဝူစူး : “……..”

ဓာတ်လှေကားက ဖြည်းညှင်းစွာ ဆင်းသက်လာ‌သော်လည်း ရုတ်တရက် တုန်ခါသွားလေသည်။

သူတို့အပေါ်က မီးလုံးက မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြီး အလွှာကို ပြသသည့် နံပါတ်များကရုတ်တရက် မည်းသွားတာ အနီရောင် နံပါတ်များ ပေါ်လာလေသည်။

ဝူစူး ထိတ်လန့်သွားသည်။

"ဘာ...ဘာဖြစ်တာလဲ..."


Xxxxx