အပိုင်း ၇၆
Viewers 10k

Chapter 76



အခြားလူများ၏ အမူအရာ ရုတ်တရက် လေးနက်သွားသည်။ သူတို့အားလုံး လေထဲရှိ ယင်စွမ်းအင်များ ရုတ်တရက် မြင့်တက်လာသည်ကို ခံစားမိသည်။

ထိုအချိန်တွင် ပြောင်းလဲနေ‌သော နံပါတ်များက ရုတ်တရက် ရပ်တန့်သွားသည်။

အနီရောင်တောက်တောက်'၁၀၀'ဟူသော နံပါတ်ကို အနက်ရောင် နောက်ခံထက်တွင် မြင်နေရသည်မှာ သွေးခဲနှင့် ဆင်တူလေသည်။

“သေစမ်း...”

ဘလပ်စ် စိတ်ရှုပ်ကာ အနီရောင်ဆံပင်ကို ပွတ်လိုက်သည်။

"သူတို့ ဒီလို ကလေးကွက်တွေ လုပ်နေမဲ့အစား ထွက်လာသင့်တယ်..."

သူပြောပြီးသည်နှင့် မီးလုံးတစ်လုံး သူ့လက်ထဲတွင် ပေါ်လာကာ ထိုမီးလုံးဖြင့် ဓာတ်လှေကားတံခါးကို ဖိလိုက်သည်။ ထိုအခါ သတ္တုက ပျော်သွားပြီး အပေါက်ကြီးတစ်ပေါက်ဖြစ်လာလေသည်။ ရွှေနီရောင်သတ္တုပျော်ရည်က အပေါက်မှ တစ်ဆင့် ကြမ်းပြင်ပေါ်သို့ စီးကျလာသည်။

“ခဏနေဦး...”

ချန်ချင်းယဲ့၏ စကားလုံးများ လည်ချောင်းထဲတွင် နစ်မြှုပ်သွားလေသည်။

ဓာတ်လှေကား၏ အပြင်ဘက်တွင် ရှိနေသည်မှာ ကွန်ကရစ် နံရံများ မဟုတ်ချေ။ ‌ကတ္တရာရောင်
အမှောင်ထုသာဖြစ်သည်။ အမှောင်ထုက ကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းခြုံထားပြီး တောက်ပသောနေရာအချို့က မှောင်ပိန်းသော နေရာများနှင့် ရောယှက်နေလေသည်။ အပေါ်တွင် မျက်လုံးကြီး တစ်လုံးရှိပြီး သူတို့ကို စိုက်ကြည့်နေ၏။ အလွန်ကြောက်စရာကောင်းသော မြင်ကွင်း ဖြစ်သည်။

“တစ္ဆေပိုင်နက်...”

ဝေ့ရွှယ်ချူး ပင့်သက်ရှိူက်ကာ လွှစက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

အနည်းဆုံး Sအဆင့်ပဲ...သခင်တွေထဲက တစ်ယောက်ဖြစ်‌နိုင်တယ်...

နောက်တစ်ခဏတွင် သူတို့ရှိနေသော ဓာတ်လှေကားက အထိန်းအကွပ်မဲ့သွားကာတစ်ရှိန်ထိုးပြုတ်ကျသွားသည်။ ထိုအခါ ချန်ချင်းယဲ့ ဝူစူးကိုဆုပ်ကိုင်လိုက်ပြီး ဝေ့ရွှယ်ချူးက ယဲ့ကျားကို ကိုင်လိုက်ကာ အပေါက်ထဲမှတစ်ဆင့် အပြင်ဘက်သို့ လျင်မြန်စွာ ခုန်ထွက်လိုက်ကြသည်။

သူတို့၏ နောက်မှ ကျယ်လောင်သော ကွဲကြေသံ ထွက်ပေါ်လာလေသည်။ သူတို့ ထွက်လာခဲ့သော ဓာတ်လှေကားက အောက်ခြေသို့ ပြုတ်ကျသွားကာ သတ္တုပိုင်းကြီးဖြစ်သွားလေသည်။

အားလုံး ကြမ်းပြင်ပေါ်သို့ လုံခြုံစွာ ဆင်းနိုင်ခဲ့သည်။

မှောင်မည်းနေသော ကြမ်းပြင်ပေါ်တွင် ရုတ်တရက် အက်ကွဲကြောင်းများ ပေါ်လာပြီး ထိုအက်ကွဲကြောင်းများမှ ကြောက်စရာကောင်းသော ကြီးမားသည့် လူပုံရိပ်တစ်ခု တွားသွားထွက်လာလေသည်။

ထိုမိန်းမ၏ ခြေလက်များက သေးပြီး ဖြူဖျော့နေလေသည်။ သူ့၏ ရှည်လျားသော အနက်ရောင်ဆံနွယ်များက ကြမ်းပြင်ပေါ်သို့ ကျနေကာ ဆံချည်မျှင်တိုင်းက အသက်ရှင်နေသကဲ့သို့ တွန့်လူးနေကြလေသည်။ ထိုမိန်းမ ခေါင်းမော့လာပြီး မျက်လုံးများစွာရှိသော မျက်နှာကို ထုတ်ဖော်ပြလိုက်သည်။ သန်မာသော ယင်စွမ်းအင်က အားလုံးအပေါ် လွှမ်းခြုံနေကာ ဆံပင်များကို ‌ထောင်စေလေသည်။

အားလုံး လက်နက်များကို သေချာ ဆွဲကိုင်ထားကာ အရှေ့မှ စွမ်းအားကြီးတစ္ဆေကို စိုက်ကြည့်လိုက်သည်။

ဝေ့ရွှယ်ချူး တိုးတိုးမေးလိုက်သည်။

"ဒါမျိုး အရင်က မြင်ဖူးကြလား..."

"မမြင်ဖူးဘူး...”

ချန်ချင်းယဲ့ ခေါင်းခါလိုက်ပြီး သူ့၏ အမူအရာက လေးနက်နေလေသည်။

"ဒါက ငါတစ်ခါမှ မမြင်ဖူး မကြားဖူးတဲ့ Sအဆင့် စွမ်းအားကြီးတစ္ဆေပဲ..."

ယဲ့ကျား မျက်လုံးများကို မှေးစင်းလိုက်သည်။

ဟုတ်တယ်...

သူလည်း ဒီစွမ်းအားကြီးတစ္ဆေကို မသိဘူး...

အရမ်း ထူးဆန်းတယ်...ယေဘုယျကျကျပြောရရင် ဒီလို အစွမ်းထက်တဲ့ တည်ရှိမှုက နာမည်မရှိတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

ထိုမိန်း၏ အသံက ခန္ဓာကိုယ်အနှံ့မှ ထွက်လာသည်ဟုပင် ထင်ရလေသည်။ သူ ရေရွတ်နေ၏။

"အေ့စ်..."

ယဲ့ကျား : “………”

အနည်းဆုံးတော့ တစ်ဖက်လူက သူ့အတွက် လာမှန်း သိရတာပေါ့...

‌နောက်တစ်ခဏတွင် သူတို့ကို ထိုမိန်းမ၏ ဆံနွယ်များကမြှားသဖွယ် နေရာအနှံ့မှ တိုက်ခိုက်လာလေသည်။

“ဟက်...အနည်းဆုံးတော့ ငါ့ခန္ဓာကိုယ်နွေးသွားတာပေါ့..."

ဘလပ်စ်၏ မျက်လုံးက ‌တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကြောင့် ‌တောက်ပနေလေသည်။ သူ ကျယ်လောင်စွာ ရယ်မောနေပြီး မီးတောက်များကလည်း သူ့ဘေးတွင် တောက်လောင်နေလေသည်။

“နင်ကလည်း တိုက်ခိုက်ရတာကို ကြိုက်တာလား...”

ဝေ့ရွှယ်ချူး လက်ထဲတွင် လွှစက်ကို ကိုင်ထားပြီး ရူးသွပ်နေသော အပြုံးကို ထုတ်ပြလိုက်သည်။

ချန်ချင်းယဲ့ စကားမပြောပေ။ သူ အင်္ကျီလက်ထဲမှ ကူကောင်များကိုသာ တိတ်ဆိတ်စွာ လွှတ်ပေးလိုက်သည်။

သို့သော် မမျှော်လင့်ထားသော အဖြစ်အပျက် ဖြစ်ပေါ်လာလေသည်။

သူတို့ ထိုမိန်းမ၏ ချွန်ထက်‌သော ဆံနွယ်များက ယဲ့ကျားထံ တည့်တည့်သွားနေသည်ကို မြင်လိုက်ရသည်။

“၀ိုး...”

ယဲ့ကျား မျက်ခုံးကို ပင့်လိုက်ပြီး သူ့၏ ပယင်းရောင် မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာလေသည်။

သတ်ဖြတ်လိုစိတ်ဖြစ်ကြောင်း သိသာသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ ဆက်လက် သရုပ်ဆောင်ရန် မလိုအပ်တော့ပေ။

သူ့၏ လက်ချောင်းများက အနည်းငယ် လှုပ်ယမ်းသွားပြီး သွေးရောင်ဟပ်နေသော လခြမ်းသဏ္ဍာန်တံစဉ်းတစ်ခု လက်ထဲတွင် ပေါ်လာလေသည်။

သို့သော် ရုတ်တရက် အေးစက်ပြီး သွယ်လျသော လက်တစ်ဖက်က ယဲ့ကျား၏ခါးကို နောက်မှ ဖက်လိုက်‌ရာ ဆံနွယ်များ၏ တိုက်ခိုက်မှု လွဲချော်သွားလေသည်။

ယဲ့ကျား၏ မျက်လုံးများ အံ့ဩမှုကြောင့် ပြူးကျယ်လာပြီး လက်ထဲမှ တံစဉ်းပြန်ပျောက်သွားသည်။ တိုးညှင်းသော အသံအချို့ကြားရပြီး ထိုချွန်ထက်သော ဆံနွယ်ရှည်များက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားကာ နောက်ပြန်ဆုတ်သွားကြသည်။

ထိုမိန်းမ၏မျက်လုံးများစွာက သူတို့ကို ကြည့်နေလေသည်။

နောက်တစ်ခဏတွင် အမျိုးသားတစ်ယောက်၏ အက်ရှရှအသံ သူ့နားဘေးတွင် ထွက်ပေါ်လာလေသည်။ ထိုအသံတွင် ပျော်ရွှင်မှု အရိပ်အယောင်များရှိပြီး ကျီစယ်မှုနှင့် စိုးရိမ်မှုတို့လည်း ရှိနေလေသည်။

“‌ ကောကော ဂရုစိုက်လေ...”

စွမ်းအားကြီးတစ္ဆေက သူတို့ကို ပစ်မှတ်ထား‌နေခြင်း မဟုတ်ကြောင်း နားလည်သွားပြီးနောက်အားလုံး၏ နှလုံးသားက ချောက်ကမ်းပါး‌ပေါ်မှ ပြုတ်ကျသွားလေသည်။

မဟုတ်ဘူး...

သူတို့ ထိတ်လန့်မှုမှ လျင်မြန်စွာ သက်သာလာပြီး ယဲ့ကျားကို ကယ်ရန် ကြည့်လိုက်ရသောအခါ မမျှော်လင့်ထား‌သော မြင်ကွင်းကို မြင်လိုက်ကြရလေသည်။

ကြမ်းပြင်ပေါ်တွင် စွမ်းအားကြီးတစ္ဆေ၏ ‌ဆံနွယ်များက ရှုပ်ပွနေသည်။

သို့သော် လူငယ်လေးက ရပ်နေဆဲဖြစ်ကာ အရပ်ရှည်ပြီး ချောမောသော အမျိုးသားတစ်ယောက်က လူငယ်လေး၏ နောက်တွင် ရပ်နေပြီး သူ့၏ဖြူဖျော့သောလက်က ခါးကို သိုင်းဖက်ထားလေသည်။ သူတို့နှစ်ယောက်က အလွန်နီးကပ်နေပြီး ဒွိဟဖြစ်‌စေသော အနေအထားတွင် ရှိနေကြ၏။

ထိုမြင်ကွင်းကို မြင်သောအခါ အားလုံးတိတ်ဆိတ်သွားလေသည်။

ယဲ့ကျား၏စိတ်က အချိန်ခဏလောက် ဗလာဖြစ်သွားလေသည်။

သူ သူ့ခါးကို ဖက်ထားသော လက်ကို ငုံ့ကြည့်လိုက်ကာ သူ့ရှေ့တွင် ရပ်နေသော ကစားသမားများကို မော့ကြည့်လိုက်သည်။

အားလုံး သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြလေသည်။ အားလုံ၌ အံ့ဩနေ‌သော အမူအရာရှိနေကြလေသည်။

ယဲ့ကျား : “……”

ဖာ့ခ်...

သူတို့၏ နောက်မှ ကြီးမားသော စွမ်းအားကြီးတစ္ဆေမက လည်ပင်းဖျော့ဖျော့ကို လိမ်ချိုးလိုက်ကာမျက်လုံးများစွာက သူ့နောက်မှ ရုတ်တရက် ပေါ်လာသော အမျိုးသားကို ကြည့်ပြီးနောက် ချက်ချင်းဆိုသလို ကြမ်းပြင်ပေါ်သို့ ပြန်၀င်သွားကာ ပျောက်ကွယ်သွားလေသည်။

ဝူစူးက အံ့ဩမှုမှ ဦးစွာ သတိပြန်၀င်လာသူဖြစ်၏။ သူ လည်ချောင်းကို ရှင်းလိုက်ပြီး မိတ်ဆက်ပေးလိုက်သည်။

"အဟမ်း...သူက ဗျူရိုနဲ့ ပူးပေါင်းနေတဲ့ စွမ်းအားကြီးတစ္ဆေပဲ..."

“ပူး‌‌ပေါင်းတာလား...”

ဘလပ်စ် အံ့ဩသွားပြီး ထခုန်လိုက်သည်။

"သူ ဘယ်သူလဲ ခင်ဗျားသိလား..."

ဝေ့ရွှယ်ချူး သူ့၏ အမူအရာကို မထိန်းချုပ်နိုင်ပေ။ သူ ဝူစူးဘက်လှည့်လိုက်ပြီး ဖြည်းညှင်းစွာ

ပြောလိုက်သည်။

"ရှင် ပြောပြောနေတဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အတွင်းလူက တစ္ဆေဘုရင်လား..."

ဝူစူး : “…..”

သူ အံ့ဩသွားသည်။

“ဟမ်...”

ကျီရွှမ် မျက်လုံးကို အောက်စိုက်လိုက်ပြီး သူ့၏မဟူရာမျက်လုံးက သွေးရောင်သန်းလာလေသည်။

သူ့၏ နှုတ်ခမ်းထောင့်က ကွေးညွှတ်သွားပြီး ဂရုမစိုက်စွာ ပြောလိုက်သည်။

"ကောင်းတာပေါ့..."

လက်က သူ့ရှေ့မှ လူငယ်ကို ပိုမိုတင်းကြပ်စွာ ဖက်လိုက်ပြီး သူ့ရင်ခွင်နှင့် နီးကပ်စေလိုက်သည်။

ကျီရွှမ် မျက်နှာပေါ်မှ အပြုံးက နက်ရှိုင်းလာလေသည်။

“ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးစရာ မလိုတော့ဘူးပဲ...”

“???”

ဝူစူး၏ အမူအရာ ‌တောင့်တင်းသွားသည်။

သူ လူသုံးယောက်အုပ်စုနှင့် နှစ်ယောက်အုပ်စုကြား ရှုပ်ထွေးစွာ အပြန်ပြန်အလှန်လှန် ကြည့်နေပြီး ရရှိလိုက်သော အချက်အလက်ကို မချေဖျက်နိုင်သေးပေ။

ဝူစူးမှလွဲ၍ ဂိမ်းထဲတွင် ကျီရွှမ်ကို မြင်ဖူးသော ကစားသမားများအားလုံး သတိထားမှုကို တိုးမြှင့်လိုက်ကြပြီး လက်နက်များ အသင့်ပြင်လျက် သူ့ကို ဒေါသတကြီး စိုက်ကြည့်နေလေသည်။

အားချန်သည်လည်း ကျောကို အနည်းငယ်ခုံးကာ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်။

ဝေ့ရွှယ်ချူး အေးစက်စွာ ပြောလိုက်သည်။

“ရှင် ဘာလိုချင်လို့လဲ...”

ကျီရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဘာလို့ စိုးရိမ်နေကြတာလဲ...အနည်းဆုံးတော့ ဒီအခြေအနေမှာ ငါတို့ရည်ရွယ်ချက်က တူတူပဲဟာ..."

“ဟက်...”

ဘလပ်စ် မောက်မာစွာ ပြောလိုက်သည်။

"ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို ဂရုမစိုက်ဘူး...အပြစ်မဲ့တဲ့ ဓားစာခံကို အရင်လွှတ်ပေး..."

ဝေ့ရွှယ်ချူး : “…….”

ဒီလူက ဘာပြောရမလဲ သိတာပဲ...

အပြစ်မဲ့သည့်ဓားစာခံဖြစ်သော ယဲ့ကျား: “……..”

သူ အသက်ပြင်းပြင်းရှူလိုက်ပြီး ကျီရွှမ်၏ လက်ကို ပုတ်လိုက်သည်။

"ငါ့ကို လွှတ်ပေး..."

ကျီရွှမ် သူ့လက်မောင်းထဲမှ ယဲ့ကျားကို ငုံ့ကြည့်လိုက်သည်။ သူ့၏ဖြူဖျော့သော မျက်နှာက ခံစားချက်မဲ့နေလေသည်။ ၀မ်းနည်းမှု၊ ပျော်ရွှင်မှု တစ်စုံတစ်ရာ မရှိချေ။ အားလုံး၏ နှလုံးသားကလည်ချောင်းထဲထိ တက်လာပြီဖြစ်သည်။ သို့‌သော် သူတို့ ကျီရွှမ်က ဖက်ထားသောခါးအား ဖြည်းညှင်းစွာ လွှတ်ပေးလိုက်သည်ကို တွေ့လိုက်ရသည်။

အားလုံး : “?”

ခဏနေကြပါဦး...ဘာလို့ သူတို့ ထင်ထားတာနဲ့ မတူရတာလဲ...

အားလုံး အံ့ဩထိတ်လန့်မှုမှ ပြန်လည်ကောင်းမွန်လာဆဲ ရှိသေးသော်လည်း ကြမ်းပြင်က ရုတ်တရက် တုန်ခါလာလေသည်။ အပေါ်မှ မျက်လုံးကြီးက သူတို့ကို ကြက်သီးထစရာကောင်းလောက်အောင် စိုက်ကြည့်နေပြီး နောက်တစ်ခဏ၌ ‌ကြမ်းပြင်ပေါ်တွင် အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာလေသည်။ မကြာမီ ကြမ်းပြင်က စတင် ပျောက်ကွယ်သွားပြီး ကျန်ရှိသည်က သူတို့ကို ဆွဲငင်နေဟန်ရှိ‌သော အနက်ရောင်ချောက်နက်ကြီးသာဖြစ်သည်။

“အား....”

ဝူစူး ပြုတ်ကျသွားပြီး ကျယ်လောင်စွာ အော်ဟစ်နေလေသည်။

ယဲ့ကျား၏ အမူအရာ အေးစက်သွားသည်။ သူမသိစိတ်အရ တံစဉ်းကို ဆင့်ခေါ်လိုက်သော်လည်း အေးစက်သွယ်လျသော လက်တစ်ဖက်က သူ့လက်ကောက်၀တ်ကို ဆုပ်ကိုင်လိုက်လေ၏။

သူ ထိတ်လန့်သွားပြီး လှည့်ကြည့်လိုက်သည်။

ကျီရွှမ်၏ ချောမောညှို့ယူနိုင်သော မျက်နှာက သူ့မျက်နှာနှင့် အလွန်နီးကပ်နေပြီး နီရဲနေသောမျက်လုံးအစုံက လူကို ဆွဲဆောင်နေလေသည်။

သူ သေးသွယ်ဖြူဖျော့သော နှုတ်ခမ်းကို ဖွင့်ချည်ပိတ်ချည်လုပ်ကာ ယဲ့ကျား၏နား နားကပ်ပြီး ပြောလိုက်သည်။

"မလုပ်နဲ့..."ယဲ့ကျားနား နားကပ်ပြောလိုက်သည်။

မလုပ်နဲ့...'

နောက်တစ်ခဏတွင် ကျီရွှမ်၏ အေးစက်သောနှုတ်ခမ်းများက ယဲ့ကျားဆီ နှုတ်ခမ်းထက်ရောက်သွားလေသည်။ သူ ယဲ့ကျား၏ အောက်နှုတ်ခမ်းကို အနည်းငယ် ကြိတ်လိုက်သည်။

ယဲ့ကျား၏ မျက်လုံးများ အံ့ဩမှုကြောင့် ပြူးကျယ်သွားလေသည်။

ဘ...ဘာ...

ထို့နောက် ပြင်းထန်သည့် အားတစ်ခု သက်ရောက်ခံလိုက်ရသည်။ ကျီရွှမ်က သူ့အား တွန်းချလိုက်သည်ကို ခံစားမိပြီး အောက်မှ ဆွဲငင်အားနှင့် အပေါ်မှ မြှောက်ပင့်အားကို ခံစားနေရသည်။

ချက်ချင်းဆိုသလို ယဲ့ကျား ကြမ်းပြင်ပေါ်သို့ရောက်ရှိသွားသလို ခံစားလိုက်ရသည်။

“ရှူး...”

ယဲ့ကျား ခေါင်းမော့ကာ လေကို ရှူလိုက်သည်။

ယခုအချိန်တွင် သူရှေ့၌ အဆုံးအစမရှိသည့်အမှောင်ထုအစား ရှည်လျားကျဉ်းမြောင်းသော ကော်ရစ်တာ ရှိနေလေသည်။

ကော်ရစ်တာက အဟောင်းနှင့် အသစ် ရောနှောနေလေသည်။ အစိမ်းပုပ်ရောင်နံရံများက ဆယ်စုနှစ်အချို့ ရှိဟန်ပေါ်ကာ ဖုန့်မှုန့်နှင့်အညစ်အကြေးများကြောင့် မူလအရောင်ကို မသဲမကွဲသာ မြင်ရသည်။ ကြမ်းပြင်ပေါ်ရှိ နီညိုရောင် ကော်ဇော်က မသတီစရာကောင်းသော အောက်သိုးသိုးအနံ့ကို ထုတ်လွှတ်နေသည်။ အပေါ်မှ မီးများက မှုန်ဖျဖျ ဖြစ်သော်လည်း အဆုံးမရှိသော ကော်ရစ်တာကို မြင်နိုင်ရန် ကူညီပေးနေလေသည်။

စောစောကနဲ့ လုံး၀မတူတဲ့ နေရာပဲ...

သို့သော် မည်မျှပင် ပြောင်းလဲသွားစေကာမူ Sအဆင့်စွမ်းအားကြီးတစ္ဆေမှ ဖန်တီးထားသောတစ္ဆေပိုင်နက်တွင်သာ ရှိသေးကြောင်း ယဲ့ကျားသိသည်။

ဒါက တစ္ဆေပိုင်နက်တစ်ပိုင်း ဖြစ်သင့်တယ်...

ဤတစ္ဆေပိုင်နက်က လူများကို လွယ်ကူစွာ ဖမ်းယူနိုင်ပေသည်။ သို့သော် မည်မျှပင် စွမ်းအားကြီးတစ္ဆေဖြစ်စေကာမူ ပိုင်နက်၏ စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သည်။

ထိုအချက်က ယဲ့ကျားအတွက် ကောင်းပေသည်။

ယဲ့ကျား လက်မြှောက်ကာ နှုတ်ခမ်းကို ထိလိုက်သည်။

အေးစက်နူးညံ့သည့် အထိအတွေ့က နှုတ်ခမ်းထက်တွင် ကပ်ငြိနေသေးလေသည်။

ယဲ့ကျား၏ လက်ချောင်းများ အနည်းငယ် တုန်ရီနေပြီး သူ့၏ ဖရိုဖရဲဖြစ်နေသော အတွေးများကို ဆက်မတွေးတော့ပေ။သူ ပါးစပ်ဟကာ အထဲမှ အရာကိုထုတ် ကြည့်လိုက်သည်။

ထိုအရာက အနည်းငယ်နွေးထွေးပြီး အစိမ်းရောင် တြိဂံပုံသဏ္ဍာန် ကျောက်တုံးတစ်တုံးဖြစ်ပြီး အလယ်တွင် မျက်လုံးသဏ္ဍာန်အပေါက်တစ်ခု ရှိနေသည်။

ဤကျောက်တုံးကို တစ်ဖက်လူ သူ့ပါးစပ်ထဲ လျှာသုံး၍ ထည့်ပေးခဲ့ခြင်းဖြစ်သည်။

ယဲ့ကျား မျက်ခုံးတွန့်လိုက်ပြိး ကျောက်တုံးကို ဂရုတစိုက်စစ်ဆေးလိုက်သည်။

သူ ဂိမ်းထဲတွင် ထိုကျောက်တုံးကို မမြင်ဖူးသော်လည်း သိလေသည်။

အားလုံးသိမြင်မျက်လုံး...နတ်ဘုရား၏မျက်လုံးဟုလည်း ခေါ်လေသည်။ အတုအယောင်၊ အလိမ်အညာများကို အမှန်မြင်စေသောကြောင့် လူသိများသည်။

ကျီရွှမ်က ဘာလို့ သူ့ကို ဒါပေးခဲ့တာလဲ...

ပြီးတော့ 'မလုပ်နဲ့'ဆိုတာ ဘာပြောတာလဲ...

သူ့ကို စွမ်းအားကြီးတစ္ဆေနဲ့ တိုက်ရိုက်မရင်ဆိုင်စေချင်ဘူးလား...

ဤစွမ်းအားကြီးတစ္ဆေ၏ ခွန်အားက အနည်းဆုံး သခင်အဆင့်ဖြစ်ပြီး သူ့ကိုမသိရှိကြပေ။ ယဲ့ကျားလည်း ထိုစွမ်းအားကြီးတစ္ဆေကို မသိပေ။

သို့သော် သူ တစ္ဆေပိုင်နက်သို့ ရောက်ရောက်ချင်းတွင် သူ့အနံ့ကို ဖုံးကွယ်ထားဆဲဖြစ်သော်လည်း တစ်ဖက်တစ္ဆေက သူ့ကို ချက်ချင်း သတိပြုမိလလေသည်။

ဒီစွမ်းအားကြီးတစ္ဆေနဲ့ ပတ်သတ်ပြီး တစ်ခုခုတော့ လွဲနေပြီ...

ယဲ့ကျား ကြမ်းပြင်ပေါ်မှ ထရပ်လိုက်သည်။

သူ ကျောက်တုံးကို အင်္ကျီဖြင့် ပွတ်လိုက်ပြီး ကော်ရစ်တာ တစ်လျှောက် ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

အောက်မှ ထူထဲသော ကော်ဇောက ခြေသံများကိုဖုံးကွယ်ပေးသဖြင့် ကော်ရစ်တာက အလွန် တိတ်ဆိတ်နေလေသည်။ ကော်ရစ်တာက အဆုံးမရှိပုံပေါ်၏။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် တံခါးဟောင်းတစ်ချပ်ကို တွေ့ရသော်လည်း တံခါးက နံရံတွင် နစ်၀င်နေသကဲ့သို့ ဖွင့်၍ မရပေ။

ယဲ့ကျား တစ်ခုခုကိုတွေးမိပြီး တြိဂံပုံကျောက်တုံးကို မြှောက်လိုက်သည်။

ထို့နောက် အစိမ်းဖျော့ရောင် ကျောက်တုံးကို မျက်လုံးရှေ့တွင် ထားလိုက်ပြီး မျက်လုံးသဏ္ဍာန်အပေါက်မှတစ်ဆင့် တစ်ဖက်ခြမ်းကို ကြည့်လိုက်သည်။

ကန့်လန့်ကာကို မတင်လိုက်သကဲ့သို့ပင် ဖြစ်၏။ သူ့ရှေ့မှ ကော်ရစ်တာက ယခင်ကော်ရစ်တာနှင့်လုံး၀ကွဲထွက်နေလေသည်။

မူလ အစိမ်းပုပ်ရောင်နံရံက ညစ်ပတ်ပြီး မှိုတက်နေပြီး အနက်ရောင်အစက်အပြောက်များ၊ မှုန်ဝါးသော လက်ရာများ၊ အချိန်ကြာမြင့်နေပြီဟု ထင်ရသော သွေးခြောက်များနှင့် ပြည့်နှက်နေလေသည်။ ဤနေရာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့သကဲ့သို့ပင် ဖြစ်၏။ ကြမ်းပြင်ပေါ်ရှိ ကော်ဇောကလည်း ချွန်ထက်သည့်အရာတစ်ခုနှင့် ဖြတ်ခံထားရသကဲ့သို့ အစိတ်စိတ်အမွှာမွှာ ပြတ်‌တောက်နေကာ ကော်ရစ်တာတစ်လျှောက် ပုပ်ပွနေသော အသားအပိုင်းအစများ၊ ပေပွနေသော သွေးကွက်များ ရှိနေ၏။ အပေါ်ဘက်ရှိ မီးက ထူထပ်သော ပင့်ကူမျှင်များကို ဖြတ်၍ အားနည်းစွာ တောက်ပနေ၏။

ထို့အပြင် ဘေးတစ်ဖက်တစ်ချက်ရှိ နံရံပေါ်တွင် တံခါးများ မရှိချေ။

ကျောက်တုံးကို ပြန်ချပြီးနောက် ယဲ့ကျား၏ မျက်လုံး မည်းမှောင်သွားသည်။ သူ့၏မျက်ခုံးများကလည်း ကျဉ်းမြောင်းသွား၏။

ဒါက တစ္ဆေပိုင်နက်ထက် အခြားတစ်ခုနဲ့ ပိုတူနေတယ်...

ယဲ့ကျား ကျောက်တုံးကို ကြည့်ကာ ကော်ရစ်တာတစ်လျှောက် လျှောက်သွားပြီးနောက် မကြာမီ တံခါးတစ်ချပ်ကို မြင်လိုက်ရသည်။

သူ တံခါးလက်ကိုင်ကို ကိုင်လိုက်သည်။

သို့‌သော် မမျှော်လင့်စွာနှင့် သူ မဖွင့်ရ‌သေးမီ တံခါးက သူ့ဘာသာ ပွင့်လာလေသည်။

ကြီးမားပြီး ကျယ်၀န်းသည့် ‌ခန်းမတစ်ခု ယဲ့ကျားရှေ့တွင် ပေါ်လာသည်။

အစိမ်းပုပ်ရောင်နံရံ၊ နီညိုရောင်ကော်ဇောနှင့် တွဲလောင်းကျနေသော မီးဆိုင်း။ ခန်းမအလယ်တွင် တောက်ပသော ကြွေ‌ထည်၊ ဖန်ထည်များနှင့် ပြည့်နှက်နေသည့် စားပွဲရှည်တစ်ခု ရှိသည်။ ထိုင်ခုံများက ခြောက်ခုံရှိပြီး ထိုင်ခုံတိုင်းက အလွတ်ကြီး ဖြစ်၏။

ယဲ့ကျား ကျောက်တုံးကို သုံးကာ ထိုနေရာကိုကြည့်လိုက်သည်။

နံရံများကို အနက်ရောင်ဆံနွယ်များနှင့် ဖွဲ့စည်းထားပြီး အလယ်တွင် စားပွဲရှည်တစ်ခုရှိ၏။

ထိုင်ခုံတစ်ခုံစီတွင် မပြတ်သားသော ပုံရိပ်တစ်ခုစီ ထိုင်နေပြီး ထိုင်ခုံတိုင်း၏နောက်တွင် တံခါးများရှိလေသည်။ ယဲ့ကျား ထိုထိုင်ခုံများထဲမှ တစ်ခုံက သူ့အတွက်ဖြစ်မည်ဟု ခန့်မှန်းမိသည်။ရုတ်တရက် ပေါ်လာသော ကျီရွှမ်က သူ့နေရာကိုအစားထိုးလိုက်ခြင်းဖြစ်သည်။

သူ ကျောက်တုံးကို စားပွဲ၏ အလယ်ဗဟိုကို ရွေ့ကာ ကြည့်လိုက်သောအခါ အနည်းငယ် အံ့ဩသွားလေသည်။

သူ ဖြူဖျော့သော မိန်းမ‌တစ်ယောက်က ခေါင်းငုံ့ကာ ထိုင်နေသည်ကို မြင်လိုက်ရပြီး အနက်ရောင်ဆံနွယ်ရှည်များက အောက်သို့ ကျနေပြီး ကြမ်းပြင်နှင့် နံရံပေါ်တွင် တီကောင်ကဲ့သို့ တွန့်လိမ်သွားနေလေသည်။ ထိုမိန်းမက လှုပ်ရှားမှုမရှိပေ။ နှစ်ခြိုက်စွာ အိပ်ပျော်နေသကဲ့သို့ ဖြစ်၏။

ယဲ့ကျား ကျောက်တုံးကို မျက်လုံးရှေ့မှ ဖယ်လိုက်သည်။

စားပွဲထိပ်ရှိ ထိုင်ခုံက အလွတ်ဖြစ်လေသည်။

သို့သော် မြင်ကွင်းနှစ်ခုက ဆက်စပ်နေသောကြောင့် စွမ်းအားကြီးတစ္ဆေက ထိုနေရာတွင် ထိုင်နေမည်ဖြစ်သည်။

ဤသိသာသည့်တစ္ဆေပိုင်နက်တစ်ပိုင်း အပြင်လူများနှင့် ပိုင်နက်ပိုင်ရှင်အပေါ် သက်ရောက်မှုရှိသော်လည်း ကျီရွှမ်က နောက်ဆုံးစက္ကန့်ပိုင်းတွင် သူ့ကို တွန်းထုတ်လိုက်ခြင်းကြောင့် သူက ဂိမ်းစည်းမျဥ်း အပြင်ဘက်ရောက်သွားပြီး ကြီးမားသော အကျိုးကျေးဇူးကို ရရှိခဲ့သည်။

ဤစွမ်းအားကြီးတစ္ဆေကို သတ်လိုက်သရွေ့ တစ္ဆေပိုင်နက်က သဘာ၀အလိုက် ပျောက်ကွယ်သွားမည်ဖြစ်ပြီး အရာအားလုံးပြေလည်သွားမည်ဖြစ်သည်။

ယဲ့ကျား၏ လက်‌ချောင်းများ အနည်းငယ် တွန့်လာပြီး တံစဉ်း၏ ပုံရိပ်တဖြည်းဖြည်းပေါ်လာလေသည်။ သူ မျက်လုံးကို မှေးစင်းလိုက်ပြီး သူ့ပယင်းရောင်မျက်လုံးများ၏ အနက်ပိုင်းတွင် ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။

သူ သူ့လက်ကောက်၀တ်တွင် ကပ်ငြိနေသော တစ်ဖက်လူ၏ အေးစက်စက် အထိအတွေ့ကို ခံစားနေရဆဲဖြစ်သည်။

သူ နူးညံ့ပြီး တိုးညှင်းသည့် အသံတစ်သံက သူ့နားနားကပ်ကာ ပြောနေသကဲ့သို့ ခံစားလိုက်ရသည်။

"မလုပ်နဲ့..."

ယဲ့ကျား နေရာတွင် ရပ်နေပြီး သူ့ရှေ့မှ မြင်ကွင်းကို စိုက်ကြည့်နေသည်။ သူ တစ်ခုခုကို အလေးအနက်စဉ်းစားနေပုံ ပေါ်လေသည်။

နောက်ဆုံးတွင် သူ အသက်ကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်ပြီး ကြည့်လိုက်သည်။

သူ ကျီရွှမ်ကို ဒီတစ်ခါတော့ ယုံလိုက်မယ်...

ယဲ့ကျား သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ့၏မျက်‌တောင်ရှည်များနှင့် ဖုံးကွယ်ထားသော မျက်လုံးအောက်တွင် အနက်ရောင်အလင်းတစ်ခု တောက်ပလာသည်။

သူ့ရဲ့ စွမ်းရည်တွေ ယုတ်လျော့လာပြီလား မသိဘူး...

အရင်အချိန်ကို လွမ်းသား...

ထားပါ...ဒီလိုအခြေအနေမှာ အရမ်းမတွေးသင့်ဘူး...

သူ တံစဉ်းကို ပြန်သိမ်းလိုက်ကာ ထိုင်ခုံတစ်ခုံနောက်မှ တံခါးဆီ လျှောက်သွားလိုက်ပြီး တံခါးကို တစ်ချက်တည်းနှင့် တွန်းဖွင့်လိုက်ကာ အထဲကို ၀င်လိုက်သည်။

၀င်ပြီးနောက် သူ့နောက်မှ တံခါး ပျောက်ကွယ်သွားလေသည်။



Xxxxx