အပိုင်း ၇၇
Viewers 10k

Chapter 77


သူ့ရှေ့တွင် အခန်းမရှိပေ။ ထိုအစား ကမ္ဘာတစ်ခု ရှိနေလေသည်။ သူ့ခေါင်းပေါ်ရှိ နေမင်းကြီးကတောက်ပနေပြီး သူ့ပတ်၀န်းကျင်မှ လမ်းများပေါ်တွင် လူများ ယောက်ယက်ခတ်စွာ သွားလာနေကြသည်။

သို့သော် တစ်ခုခုက လွဲချော်နေလေသည်။

ယဲ့ကျား မျက်လုံးမှေးစင်းလိုက်ပြီး အင်္ကျီလက်ကို ဆွဲလိုက်သည်။ ထိုအခါ မရေမတွက်နိုင်‌သောရောင်စုံအင်းဆက်များက အင်္ကျီလက်အောက်မှ ပျံထွက်လာလေသည်။

ယဲ့ကျား ရှပ်အင်္ကျီကို ခါလိုက်ကာ သူ့ဘေးနားမှ ကမ္ဘာကို ဂရုတစိုက်စစ်ဆေးလိုက်သည်။

မြေပြင်ပေါ်မှ စ၍ အဆောက်အအုံများ၊ လမ်းသွားလမ်းလာများ၊ ကားများတွင် ရောင်စုံအင်းဆက်အုပ်စုများ သိပ်သည်းစွာ ကပ်ငြိနေလေသည်။ ထိုအင်းဆက်များက အဆက်မပြတ် ရွေ့လျားနေကြသဖြင့် ကမ္ဘာကြီးက ထူးဆန်းစွာအဆက်မပြတ်ပြောင်းလဲနေလေသည်။ ခြေလှမ်းတိုင်းတွင် အင်းဆက်များကို တက်နင်းမိပြီး ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ အတွင်းအင်္ဂါများ ထွက်လာကြ‌သောကြောင့် ရွံ့စရာကောင်းလေသည်။

ယဲ့ကျား ဤကမ္ဘာကို မည်သူပိုင်ဆိုင်မှန်း ခန့်မှန်းမိသည်။

သူ 'အားလုံးသိမြင်မျက်လုံး'ကို မြှောက်ပြီး အင်းဆက်ကမ္ဘာကို ပတ်ကြည့်လိုက်သည်။နောက်ဆုံးတွင် သူ့လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့၏။

အကွာအဝေးတစ်နေရာရှိ အဆောက်အအုံတွင် အလင်းရောင်ရှိပြီး ထိုနေရာတွင် အင်းဆက်ပင်လယ်ကြီးက ပိုမိုသိသာလေသည်။

ယဲ့ကျား ကျောက်တုံးကို သိမ်းလိုက်ပြီး ထိုနေရာကို လျှောက်သွားလိုက်သည်။

ယင်းက အတွင်းအပြင် လုံး၀စုတ်ပြတ်နေသော လူနေအဆောက်အအုံတစ်လုံးဖြစ်သည်။ အကွာအဝေးတစ်နေရာမှ မီးကျွမ်း‌နေသော အနံ့များထွက်‌ပေါ်နေပြီး မရေမတွက်နိုင်သော အင်းဆက်များက စနစ်တကျ သွားလာနေကြကာ အဆောက်အအုံကို မူလပုံစံပြန်ရောက်အောင် ဖြည်းညှင်းစွာ တည်ဆောက်နေလေသည်။

ယဲ့ကျား မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိ၊အင်းဆက်များဖြင့် ပြုလုပ်ထား‌သော တံခါးကို ဖွင့်လိုက်ကာ အထဲသို့ ၀င်လိုက်သည်။

သူ သွားလေလေ မီးကျွမ်းနေသော အနံ့က ပိုပြင်းလာလေလေဖြစ်ပြီးနံရံနှင့်ကြမ်းပြင်တစ်လျှောက်မီးလောင်ကျွမ်းရာများ ရှိနေလေသည်။ ကော်ရစ်တာက ကောက်ကွေးပြီး စောင်းနေသောကြောင့်ဒုတိယလွှာနှင့် တတိယလွှာက တစ်လွှာတည်းပေါင်းစပ်လုနီးပါးဖြစ်သည်။ အ‌ဆောက်အအုံတစ်ခုလုံး ဖြည်းညှင်းစွာ ကျုံ့နေသည်ဟုပင် ထင်ရ၏။

ကျောက်တုံး၏ လမ်းညွှန်မှုအတိုင်း သွားနေစဉ် ယဲ့ကျား အခြားတံခါးတစ်ချပ်ကို ဖွင့်လိုက်သည်။

သူ တံခါးကို ဖွင့်လိုက်သောအခါ မျက်နှာကျက်ပေါ်မှ အင်းဆက်မှ သူ့ရှေ့ရှိ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။ အင်းဆက်များက ကာလာစုံ ဖြစ်သောကြောင့် ကြမ်းပြင်ပေါ်သို့ပြုတ်ကျလာသော အင်းဆက်များက ကြီးမားသော ကာလာစုံ ရေကန်တစ်ကန်နှင့်ပင် တူလေသည်။ အလွန်မျက်စိကျိန်းစေသော မြင်ကွင်းဖြစ်၏။

ယဲ့ကျား : “………..”

သူ ‌ဗျူရို၌ ဝေ့ရွှယ်ချူး၏ မေးခွန်းကို ဘလပ်စ်မည်သို့ ပြန်ဖြေခဲ့မှန်း မှတ်မိသေးသည်။

ဘလပ်စ်၏ အင်းဆက်များကို ရှောင်ရှားသည့်နည်းက ၎င်းတို့ကို မီးမြိုက်လိုက်ခြင်းဖြစ်၏။ သူတို့ မရှိသရွေ့ သူလည်း ကြောက်ရွံ့စရာမလိုတော့ပေ။

ဤနေရာတွင် အင်းဆက်များအား မီးမြိုက်၍ မရပေ။ ဤနေရာရှိ အင်းဆက်များအားလုံးကို မီးမြိုက်ရန် မဖြစ်နိုင်ရုံသာမက မီးမြိုက်လိုက်လျှင် အဆောက်အအုံ ပြိုကျသွားပြီး အဆောက်အအုံအထဲမှ လူများက အပျက်အစီးများကြားတွင် မြေမြှုပ်ခံရမည်ဖြစ်သည်။

ဒါက အရမ်းရက်စက်လွန်းတယ်...

ယဲ့ကျား ကာလာစုံရေကန်ဘေးတွင် ထိုင်လိုက်ပြီး အင်္ကျီလက်ကို လှိမ့်တင်ကာ လက်ကို အင်းဆက်ကြားထဲ နစ်လိုက်သည်။

ထိုအခါ အင်းဆက်များကြားမှ လူတစ်ယောက်၏ လက်ကောက်၀တ်ကို စမ်းမိလေသည်။

သူ ရေကန်အစွန်းကို ဆုပ်ကိုင်ထားပြီး အင်းဆက်ကန်ထဲမှ ဘလပ်စ်ကို ဆွဲထုတ်လိုက်သည်။

မူလက ချောမောမာနကြီးသော အမျိုးသားကယခုအ‌ချိန်တွင် အလွန်သနားစရာကောင်းနေလေသည်။ သူ့၏ ဆံနွယ်နီများက အသက်မဲ့စွာ တွဲကျနေပြီး စိတ်တစ်ခုလုံး ပြိုကွဲလုနီးပါးဖြစ်နေလေသည်။

ယဲ့ကျား မျက်နှာကို ညင်သာစွာ ပုတ်လိုက်သည်။

"ဟေ့...အဆင်ပြေရဲ့လား...'

ဘလပ်စ် ဖြည်းညှင်းစွာ သတိပြန်လည်လာလေသည်။ သူ့မျက်လုံးများက ရွေ့လျားသွားပြီး ကြမ်းပြင်ပေါ်ရှိ အင်းဆက်ကန်၊ အင်းဆက်များဖြင့် ဖွဲ့စည်းထားသော နံရံပေါ်သို့ ရောက်သွားကာချက်ချင်း လေထဲသို့ မီးလုံးပစ်လိုက်လေသည်။

"အားးးး"

စူးစူးဝါးဝါး အော်ဟစ်ပြီးနောက် တံခါးဆီသွားကာ အန်လိုက်သည်။

"အော့...အော့..."

ယဲ့ကျား ဖြည်းညှင်းစွာ အဝေးကို ကြည့်လိုက်သည်။ သူ ဘလပ်စ် အန်နေရာတွင် အင်းဆက်များပါ ထွက်လာကြောင်း မပြောချင်ပေ။

ဘလပ်စ် အစာအိမ်ထဲမှ အရာအားလုံးကို အန်ထုတ်ပြီးနောက် သူ့၏ ဖြူဖျော့နေသော မျက်နှာကို မော့လိုက်သည်။ နောက်ဆုံးတွင် သူ ထောက်ထားသော တံခါးကို သတိထားမိလိုက်သည်။

ပျော့တော့‌တော့ကြီး...

သူ တံခါးကို ကြည့်လိုက်သည်။

“အားးးးး”

ဘလပ် မျက်ရည်များ ဝဲလာလေသည်။ သူ ယဲ့ကျားဆီသို့ ထိတ်လန့်စွာ ပစ်၀င်လိုက်ပြီး ရေတွင် မျောနေသော သစ်သားချောင်းကို ဆုပ်ကိုင်ထားသကဲ့သို့ တင်းတင်းကြပ်ကြပ် တွယ်ကပ်နေလေသည်။

သူ ယဲ့ကျားကို ကိုအာလာကဲ့သို့ ဖက်တွယ်ထားကာ အော်နေလေသည်။

"ဖာ့ခ်...ဖာ့ခ်...ဖာ့ခ့်..."

ယဲ့ကျား : “……..”

အရမ်း လေးတယ်...

အရမ်း နားညီးတယ်...

သူ အသက်ပြင်းပြင်းရှူလိုက်ပြီး စကားလုံးများကို ပီပီသသ ပြောလိုက်သည်။

"စိတ်.အေး.အေး.ထား..."

သို့သော် ဘလပ်စ်က ယဲ့ကျားကို တင်းကြပ်စွာ ဖက်တွယ်နေဆဲဖြစ်သည်။

"မ...မအေးနိုင်ဘူး..."

ယဲ့ကျား ဘလပ်စ်ကြောင့် အသက်ရှူရပ်လုမတတ် ဖြစ်နေလေသည်။

သူ ဘလပ်စ်ကို ဆွဲခွာလိုက်ပြီး တစ်ဖက်လူ၏ မေးရိုးကို ဆုပ်ကိုင်ထားလိုက်သည်။

ဘလပ်စ် တစ်ဖက်လူ၏ ခွန်အားက အလွန်အံ့ဩစရာကောင်းသည်ဟု ခံစားလိုက်ရသည်။ သူ့မေးရိုးကို ညှပ်ထားသော ရေခဲသဖွယ် အေးစက်သည့်လက်က သူ့ခေါင်းကို လှည့်လိုက်ကာ ကြမ်းပြင်ပေါ်မှ အင်းဆက်ကန်ကို ကြည့်ခိုင်းလေသည်။ တစ်ဖက်လူ၏ အသံက အေးစက်ပြီး ရက်စက်လေသည်။

"ငါ မင်းကို ကန်ထဲ ပစ်ချလိုက်ရမလား..."

ဘလပ်စ် : “!”

သူ ရုတ်တရက် ‌‌ ကြောက်စရာကောင်းသောသားရဲကောင်ကြီး၏ ပစ်မှတ်ထားခံရသော သားကောင်ငယ်လေးသဖွယ် ခံစားလိုက်ရသည်။ ထိုခံစားချက်က သူ့၏ ပိုးကောင်များအပေါ်ကြောက်ရွံ့သောစိတ်ကို အနိုင်ယူသွားပြီးကျောရိုးတစ်လျှောက် အေးစိမ့်သွားလေသည်။ သူတစ်ဖက်လူ၏ စကားလုံးများကို သံသယမရှိပေ။

ဘလပ်စ် ယဲ့ကျားပေါ်မှ လုံး၀ ဖယ်လိုက်လေသည်။

နောက်ဆုံးတွင် သူ့ခန္ဓာကိုယ် လွတ်လပ်သွားပြီးနောက် ယဲ့ကျား စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ဘလပ်စ်ကို ကြည့်လိုက်သည်။

"မင်း လမ်းလျှောက်နိုင်လား..."

ဘလပ်စ် ကြောက်ရွံ့မှုကို မျိုချလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။

သူ သူ့ရှေ့တွင် ရပ်နေသော လူငယ်ကို သေချာကြည့်လိုက်သည်။

တောက်ပတဲ့ ဆံပင်နဲ့ မျက်လုံး၊ ချောမောတဲ့မျက်နှာ၊ ဖြူဖျော့ဖျော့ အရေပြား...

တူညီသောမျက်နှာ ဖြစ်သော်လည်း အကြောင်းအချို့ကြောင့် ယခင်ပုံစံနှင့် လုံး၀ကွာခြားနေပုံ ပေါ်လေသည်။

အန္တရာယ်ကင်းသောလေထုက မသိလိုက်ခင်တွင် ပျောက်ကွယ်သွားကာ အသားစားသားရဲကြီးသဖွယ် အလွန်ကြောက်စရာကောင်းပြီး ဖိနှိပ်နိုင်သော လေထုက ယင်းနေရာတွင် အစားထိုး ၀င်ရောက်လာလေသည်။ ယဲ့ကျားက သူ့ခန္ဓာကိုယ်ကို သိမ်းကျုံးကြည့်နေပြီး သူ့မျက်၀န်းထဲမှ အေးစက်သည့် အကြည့်က စူးရှသည့် ဓားသွားနှင့်တူကာ သူ့အသွေးအသားကို ဖြတ်တောက်နေသကဲ့သို့ ခံစားရလေသည်။

သူ့ကို ဒီလိုခံစားချက်ပေးနိုင်တဲ့လူ တစ်ယောက်ပဲ ရှိတယ်...

ဘလပ်စ် ယဲ့ကျားကို စူးစိုက်စွာ လေ့လာနေစဉ် ကြမ်းပြင်က ရုတ်တရက် တုန်ခါလာလေသည်။

ကြမ်းပြင်ပေါ်ရှိ အင်းဆက်များက ထိုတုန်ခါမှုနှင့်အတူ လူးလွန့်နေကြသည်။

ဘလပ်စ်၏ မျက်နှာ ဖြူဖျော့လာပြီး မသိစိတ်အရ ယဲ့ကျား၏ အင်္ကျီလက်ကို လှမ်းဆွဲလိုက်သည်။

ယဲ့ကျား မျက်လုံးကို မှေးစင်းကာ တစ်နေရာကို ကြည့်နေပြီး သူ့၏ လက်ကောက်၀တ်ကို ဆုပ်ကိုင်လာသည်။

"သွားရအောင်..."

ထို့နောက် ယဲ့ကျား အသိစိတ်လွတ်သွားသည့် ဘလပ်စ်ကို ကော်ရစ်တာသို့ ဆွဲခေါ်သွားပြီး အပြင်ဘက်ရှိ လမ်း‌ပေါ်သို့ ပြန်သွားလိုက်သည်။

ဘလပ်စ် သူ့နောက်မှ စိမ်းနေ‌သော မျက်နှာနှင့် ယိုင်တိယိုင်တိ လျှောက်နေပြီး အင်းဆက်များ သူ့အပေါ် ပြုတ်ကျလာတိုင်း ထိတ်လန့်စွာ တွန့်တွန့်သွားသော်လည်း ယဲ့ကျား ပစ်ချမည်ကို စိုး၍ ထပ်
မအော်ဝံ့တော့ချေ။

သူတို့နှစ်ယောက် အပြင်ဘက်သို့ ရောက်သောအခါ သူတို့ ပတ်၀န်းကျင်ရှိ အဆောက်အအုံများက မမြင်ရသော အားတစ်ခုကြောင့် ပြိုကျနေကြသည်ကို တွေ့လိုက်ရလေသည်။ ထို့အပြင် အင်းဆက်ပင်လယ်က တစ်နေရာကို တဟုန်ထိုး သွားနေကြသည်ကိုလည်း တွေ့လိုက်ရသည်။

ယဲ့ကျား၏ မျက်လုံးများ အနည်းငယ်ခက်ထန်လာပြီး အပေါ် မော့ကြည့်လိုက်သည်။

ဤကမ္ဘာကြီးက ကျူးကျော်သူရှိမှန်း သတိပြုမိသောကြောင့် ပြောင်းလဲမှုများကို အလိုက်သင့် တုံ့ပြန်နေပုံပေါ်သည်။

ထူထပ်‌သော အင်းဆက်အုပ်ကြီးက ဧရာမအင်းဆက်ကြီးအဖြစ် တဖြည်းဖြည်းကြီးလာပြီးသူတို့နှစ်ယောက်ထံ ဖြည်းညှင်းစွာ တွားသွားလာလေသည်။ ကြောက်စရာကောင်းလောက်အောင် ကြီးမားသည့် ခန္ဓာကိုယ်ကြီးက ကောင်းကင်ကြီးကို ကာလုနီးပါးဖြစ်နေပြီး ‌နေကိုပင် ပိတ်ဆို့နေလေသည်။ အင်းဆက်ငယ်များ ပြုတ်ကျလာကြသော်လည်း ထို့ထက်များသော အင်းဆက်များက ထိုဧရာမအင်းဆက်ကြီးထဲ ၀င်‌နေကာ ဆက်လက်ကြီးမားလာလေသည်။

ဧရာမအင်းဆက်ကြီး ပါးစပ်ဟလိုက်ပြီး နားစည်ကွဲမတတ် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

ဘလပ်စ် လုံး၀ ထိတ်လန့်သွားလေသည်။ ဖြူဖျော့‌သော အမူအရာနှင့်အတူ သူ တံ‌တွေး မျိုချလိုက်ပြီး နဖူးထက်၌ ချွေးစေးများ ထွက်လာလေသည်။

နောက်ဆုံးတွင် ဘလပ်စ် ယဲ့ကျားက သာမာန်လူဖြစ်ကြောင်း သတိရသွားပြီး ချက်ချင်း ရှေ့တက်လိုက်ကာ တစ်ဖက်လူကို ကာကွယ်ပေးလိုက်၏။

သူ့လက်ထဲတွင် မီးလုံးပေါ်လာသော်လည်း ပိုင်ရှင်၏ ကြောက်ရွံ့မှုကို ခံစားနေရသကဲ့သို့ အသက်မဲ့ပြီး အားနည်းနေလေသည်။

ဘလပ်စ် သူ့ကိုယ်သူ အားတင်းလိုက်ကာ ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။

"မ...မကြောက်နဲ့...ငါ ဒါကို..."

သူ့စကားမဆုံးမီ သူ့ပခုံးအား နောက်မှ လက်တစ်ဖက်က ဖိလိုက်သည်ကို ခံစားမိလိုက်သည်။

ပယင်းရောင် မျက်လုံးများနှင့် လူငယ်လေးက ဘလပ်စ်ကို ပေါ့ပါးစွာ ကြည့်နေလေသည်။ သူ့မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မရှိပေ။ သူ့အကြည့်ထဲတွင်ပင် တည်ငြိမ်မှုများ ကိန်း၀ပ်နေလေသည်။

ထိုမျက်လုံးများက တစ်စုံတစ်ခုကို ပြောနေပုံပေါ်၏။

ခဏ‌နားလိုက်...

တစ်ယောက်ကို တစ်‌ယောက် ကြည့်နေခိုက် ဘလပ်စ် လူငယ်လေး၏ လက်ထဲတွင် တစ်ခုခုဖြည်းညှင်းစွာ ပေါ်လာသည်ကို မြင်လိုက်ရသည်။

နောက်တစ်ခဏတွင် သူ ထိုတစ်ခုခုကို ရှင်းလင်းစွာ မြင်လိုက်ရလေသည်။ ယင်းက လခြမ်းသဏ္ဍာန် တံစဉ်းဖြစ်သည်။ ယင်း၏ ချွန်ထက်သော တံစဉ်းသွားက အေးစက်စက် အရောင်‌တောက်နေလေသည်။ ယင်းတွင် လရောင်၏ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုပင် ပါ၀င်နေသကဲ့သို့ ကြည့်လိုက်သည်နှင့် ပြတ်တောက်ခံရမည်ပုံ ပေါ်လေသည်။

ဘလပ်စ် : “………”

သူ မျက်လုံးများ အဆုံးစွ်ထိ ပြူးကျယ်သွားသည်။

ဘလပ်စ်၏အမူအရာက မှိန်းမောမှင်သက်နေရာမှ အံ့ဩလာပြီး မယုံနိုင်ဖြစ်နေလေသည်။ မျက်နှာအရောင်ကလည်း အဖြူရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ ခရမ်းရောင် မျိုးစုံပြောင်းနေလေသည်။ သူ့မျက်နှာပေါ်တွင် ဆေးရောင်များ ခြယ်စပ်‌နေသကဲ့သို့ပင်ဖြစ်၏။

သူ ပါးစပ်အဟောင်းသား ကြောင်အနေပြီး စကားကို သေချာမပြောနိုင်ပေ။ သူ လူငယ်ကို တုန်ရီစွာ လက်ညှိုး ထိုးလိုက်ပြီး ပြောလိုက်သည်။

"မ...မင်...မင်း...မင်းက..."

ယဲ့ကျား ရယ်ချင်နေပြီး ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

"အိုး...ကြည့်ရတာ ကိုယ့်ကိုကိုယ် မိတ်ဆက်စရာတောင် မလိုတော့ဘူးပဲ..."

တံစဉ်းသွားက ရာပေါင်းများစွာသော အင်းဆက်များစွာကို သည်းထန်စွာ ရွာသွန်းနေသော မိုးသဖွယ် ပြုတ်ကျလာ‌စေလေသည်။

‌ဧရာမအင်းဆက်ကြီးကို ဖြတ်‌လိုက်သောအခါ ကမ္ဘာကြီးတစ်ခုလုံး ပြိုကွဲမတတ်ဖြစ်သွားလေသည်။

ဘလပ်စ်၏ အမူအရာက ထိတ်လန့်မှုကြောင့် အေးခဲနေဆဲဖြစ်သည်။ သူ သူ့ရှေ့မှ လူငယ်ကို အရူးတစ်ယောက်သဖွယ် ကြည့်နေပြီး မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည်။ သူ ရုတ်တရက် ကြားလိုက်သော သတင်းကို လက်မခံနိုင်သေးပေ။

သူ့ရှေ့မှ လူငယ်က အ၀တ်အစားပေါ်မှအင်းဆက် အပိုင်းအစများကို ခါလိုက်ပြီး တံစဉ်းကို ပြန်သိမ်းလိုက်သည်။

ယဲ့ကျား တုန်လှုပ်ခြောက်ခြားနေဆဲဖြစ်သည့် ဘလပ်စ်ရှေ့သို့ လျှောက်သွားကာ မျက်နှာရှေ့ လက်ဝှေ့ယမ်းလိုက်သည်။

"ဟေး...သတိပြန်၀င်တော့လေ..."

ဘလပ်စ်၏ မျက်ဆန် ပြင်းထန်စွာ ရွေ့လျားသွားပြီး သူ့ရှေ့မှ လူငယ်ကို စိုက်ကြည့်လိုက်သည်။ထို့နောက် ခန္ဓာကိုယ်ထဲမှ ထွက်သွားသော လိပ်ပြာ ပြန်၀င်လာကာ ‌နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး ယဲ့ကျားကို လက်ညှိုးထိုးလိုက်သည်။

"မ...မင်...မင်း..."

ယဲ့ကျား : “……”

သူ တစ်ဖက်လူ၏ အလွန်အကျူးတုံ့ပြန်မှုကြောင့် အံ့ဩသွားပြီး မျက်လုံး မှိတ်လိုက်ပြီး နှာခေါင်းကို ဖိကာ ပြောလိုက်သည်။

"အချိန်တောင် ကြာနေပြီ...အမှန်တရားကို လက်မခံနိုင်သေးဘူးလား..."

ဘလပ်စ် အမြီးမီးလောင်နေသော ကြောင်တစ်ကောင်ကဲ့သို့ ခုန်လိုက်ပြီး မယုံကြည်နိုင်စွာအော်လိုက်သည်။

" မင်းက အင်းဆက်ကို မြန်မြန်ရှင်းလိုက်ပြီး အချိန်ကြာနေပြီပြောလိုက်တာလား..."

မင်းကြောင့် ကြောက်စရာကောင်းတဲ့ ဧရာမအင်းဆက်ကြီးက ပြန်‌တောင် မတိုက်ခိုက်ရဘဲ သေသွားပြီလေ...

ဘလပ်စ် ထိုစကားများကို ပြောပြီးနောက် မသိစိတ်အရ တစ်ဖက်လူကို ချီးကျူးလိုက်မိကြောင်း သိသွားပြီး သူ့စိတ်ထဲမှ တစ်ခုခုကို ဖယ်ရှားနေသကဲ့သို့ ခေါင်းကို လျင်မြန်စွာ ခါလိုက်သည်။

"ဒါကို ပြောချင်တာ မဟုတ်ဘူး..."

သူ အသက်ပြင်းပြင်းရှူလိုက်ပြီး မယုံကြည်နိုင်စွာ

မေးလိုက်သည်။

"ဒါဆို...မင်းက အေ့စ်ပေါ့..."

ယဲ့ကျား : "မင်းအခုမှ သဘောပေါက်တာလား..."

ဘလပ်စ် : “……….”

ငါ့ရဲ့ ဉာဏ်ရည်ကို နိမ့်ချနေတယ်လို့ ခံစားနေရတယ်...

“အဲ့လို မဟုတ်ဘူး...”

ဘလပ်စ် ကန့်ကွက်လိုက်သည်။

"ငါ...ငါ မယုံနိုင်ရုံပဲ..."

ဘလပ်စ် အသက်ရှူသွင်းလိုက်ကာ ပြောလိုက်သည်။

"ဒါဆို မင်း ငါတို့ရှေ့မှ တစ်ချိန်လုံး ဟန်ဆောင်နေခဲ့တာပေါ့..."

ဗျူရိုက ယင်မီးလုံးက စပြီး အစည်းအဝေးခန်း၊ ဒီတစ္ဆေပိုင်နက်‌ ရောက်လာပြီး ဓားစာခံအထိ ‌တောက်လျှောက် လိမ်နေခဲ့တာပေါ့...သူ သူတို့ကို လုံး၀ လှည့်စားနေတာပဲ...

ဘလပ်စ်၏ မျက်လုံးများ ထိတ်လန့်မှုကြောင့် ပြူးကျယ်လာသည်။

"မင်း...မင်း...ဖာ့ခ်..."

အပြစ်ကင်းပြီး အန္တရာယ်မရှိတဲ့ ပုံစံက သရုပ်‌ဆောင်နေတာပေါ့...

ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့လူလဲ...

ယဲ့ကျား၏ရှေ့မှ ဆံပင်နီနှင့် လူငယ်လေး တစ်ခုခုကို သဘောပေါက်သွားပြီး ယဲ့ကျားကို စူးစိုက်စွာကြည့်‌နေကာ သူ့၏ ဖြူဖျော့ပြီး ကြောက်ရွံ့နေသော မျက်နှာက မကောင်းဆိုးဝါး မြင်နေရကဲ့သို့ပင် ဖြစ်၏။

ယဲ့ကျား : “……….”

သူ တစ်ဖက်လူရဲ့ စိတ်ထဲက ပေါက်ကရ‌အတွေးတွေကို တကယ် မသိချင်ဘူး...

“အဟမ်း...အို...ဟုတ်သားပဲ...”

ဘလပ်စ် ဖြည်းညှင်းစွာ အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။

"ငါ...ငါ မကျေပွဲ ပြန်တိုက်ချင်တယ်..."

ယဲ့ကျား သူ့နောက်ကို ညွှန်ပြလိုက်သည်။

“ဒီမှာ တိုက်ချင်တာလား...”

‌ဧရာမအင်းဆက်ကြီး ဖြတ်တောက်ခံရပြီးနောက် ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားပုံရသည်။

အဆောက်အအုံများ ပြိုကျနေပြီး မြေပြင်က ကွဲကြေနေလေသည်။ အ‌ရောင်အသွေးစုံလင်သော အင်းဆက်များ အများအပြားစုပြုံလာပြီး ရောင်စုံရေဝဲသဖွယ် လူးလွန့်နေလေသည်။

ဘလပ်စ် သူ့ပတ်၀န်းကျင်တွင် အင်းဆက်များ စုဝေးနေကြသည်ကို သတိထားမိသွားပြီး မျက်နှာက ပိုမိုဖြူဖျော့သွားကာ မာနတရားများက လုံး၀ပျောက်ကွယ်သွားလေသည်။

"အ...အပြင်မှာ တိုက်ကြတာပေါ့..."

ယဲ့ကျား ဘလပ်စ်ကို တစ်ချက်ကြည့်လိုက်ပြီး အပြုံးမမည်သော အပြုံးကို ပြုံးလိုက်သည်။

ထို့နောက် 'အားလုံးသိမြင်မျက်လုံး'ကို မြှောက်လိုက်ပြီး မျက်စိရှေ့ထားကာ ကြည့်လိုက်စဉ် အရှေ့တွင် တောက်ပနေသော တံခါးတစ်ချပ်ကို မြင်လိုက်ရသည်။

ယဲ့ကျား ကျောက်တုံးကို ပြန်သိမ်းလိုက်ပြီး ထိုနေရာကို ညွှန်ပြလိုက်သည်။

"သွားရအောင်..."

လူငယ်၏ ပုံရိပ်က လျင်မြန်ပြီး သွက်လက်လေသည်။ သူ တစ်ခါခုန်လျှင် မီတာအနည်းငယ် ရောက်ပြီး ထိတ်လန့်နေသော ဘလပ်စ်ကို ‌နောက်ချန်ထားလိုက်သည်။ ဘလပ်စ် အလောတကြီး ပြေးလိုက်ကာ အော်လိုက်သည်။

"ဟေ့...ငါ့ကို စောင့်ဦး..."

မကြာမီပင် နှစ်ယောက်သား တံခါးဆီ ရောက်လာကြသည်။

ဘလပ်စ် ဝိညာဉ်လွင့်မတတ် ဖြစ်နေလေသည်။ သူ လမ်းတစ်လျှောက် အင်းဆက်မည်မျှ နင်းခဲ့မိမှန်း မသိသော်လည်း ‌ သူ့ဖိနပ်အောက်မှ စေးကပ်သော ခံစားချက်ကို ရှင်းရှင်းလင်းလင်း ခံစားနေရလေသည်။ ယင်းက သူကဲ့သို့ အင်းဆက်များကို ကြောက်ရွံ့သူအား အကျပ်အတည်းဖြစ်စေရန် လုံလောက်သည်။

နှိုင်းယှဉ်စရာတောင် မလိုဘူး...

ချန်ချင်းယဲ့ မွေးထားတဲ့ အင်းဆက်တွေကမှ ဒီကောင်တွေထက် ပိုကောင်းဦးမယ်...

ယဲ့ကျား ရုတ်တရက် ရပ်လိုက်သည်။ သူ ဘလပ်စ်ကို လှည့်ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။



Xxxxxx