Chapter 78
"ဟုတ်သား...ငါတို့ ဒီနေရာက ထွက်သွားပြီးရင် ငါ့အကြောင်း ဘာမှ မပြောနဲ့..."
ဘလပ်စ် : “...”
ဒီမကောင်းဆိုးဝါးက ဆက်လိမ်ချင်သေးတာလား...
သူ မောက်မာစွာ ပြောလိုက်သည်။
"ဘ...ဘာလို့ မင်းစကား နားထောင်ရမှာလဲ...ငါ ငြင်းရင် ဘာလုပ်ချင်လဲ...'
ယဲ့ကျား ခံစားချက်မဲ့စွာ ပြန်ဖြေလိုက်သည်။
"ငြင်းရင် ငါ မင်းကို ဒီနေရာမှာ ထားခဲ့မှာ..."
ဘလပ်စ် : “……..”
သူ သူ့နောက်မှ အင်းဆက်များဖြင့် ပြည့်နေသော ကမ္ဘာကို လှည့်ကြည့်လိုက်ပြီး မျက်နှာက တွန့်ရှုံ့သွားလေသည်။
မင်းက တကယ် ကြောက်စရာကောင်းတာပဲ...
သူ အံကြိတ်လိုက်သည်။
"အိုကေ...ငါ ဘာမှ မပြောဘူး..."
ယဲ့ကျား၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး အပြစ်ကင်းစင်သော အပြုံး ပြုံးပြလိုက်၏။
"ငါတို့ကြားက အာဃာတတွေကိုရော..."
ဘလပ်စ် အသက်ပြင်းပြင်းရှူလိုက်ပြီး အရှုံးပေးလိုက်သည်။
"မင်း ငါ့အသက်ကို ကယ်ထားတယ်လို့ ယူဆလို့ရတော့ ငါ့ရဲ့ အာဃာတတွေ ပြေသွားပြီ..."
ယဲ့ကျား ပြုံးလိုက်သည်။
“လိမ္မာလိုက်တဲ့ ကောင်လေး…”
ဘလပ်စ် မျက်ရည်မကျစွာ ငိုချင်လာသည်။
ချန်ချင်းယဲ့က လိမ်နေတာပဲ...အေ့စ်ကလူကောင်းတဲ့လား...ဘယ်လိုလုပ် လူကောင်းဖြစ်မှာလဲ...
သူက ဗီလိန်နဲ့ ပိုတူတယ်...
ယဲ့ကျား တံခါးကို တွန်းဖွင့်လိုက်ပြီး ဘလပ်စ်ကို ခေါ်ကာ အတူထွက်လာခဲ့သည်။
သူတို့နောက်မှ တံခါးပိတ်သွားသည်။ ယဲ့ကျား အစိမ်းပုပ်ရောင် ခန်းမထဲတွင် တစ်ဖန်ပြန်ရပ်နေပြီဖြစ်၏။
ယဲ့ကျား နောက်လှည့်ကာ စစ်ဆေးလိုက်သောအခါ သူ့နောက်တွင် တံခါးနှင့် ဘလပ်စ် နှစ်ခုလုံး မရှိတေ့ာချေ။
သူ ကျောက်တုံးကို မြှောက်ကာ ခန်းမကို လျင်မြန်စွာ ပြန်စစ်ဆေးလိုက်သောအခါ စားပွဲဘေးရှိ ထိုင်ခုံတစ်ခုံက ဗလာဖြစ်နေပြီး မပြတ်မသားပုံရိပ် မရှိတော့ချေ။ ထိုနေရာနှင့် ချိတ်ဆက်နေသော ဆံနွယ်များက ကောက်ရိုးခြောက်သဖွယ်ရှုံတွနေပြီဖြစ်၏။ ခန်းမကတော့ ယခင်အတိုင်းပင် ဖြစ်သည်။
ကြည့်ရတာ ဘလပ်စ် ထွက်သွားပြီနဲ့ တူတယ်...
ဤနည်းလမ်းက ထိရောက်ကြောင်း အတည်ပြုပြီးနောက် ယဲ့ကျား နှုတ်ခမ်းကို တွန့်လိုက်ကာ ဒုတိယထိုင်ခုံနောက်မှ တံခါးထံ ချဉ်းကပ်သွားလိုက်သည်။
သူ တံခါးတွန်းဖွင့်ကာ ၀င်သွားလိုက်သောအခါ ဂိမ်းထဲသို့ တစ်ဖန်ပြန်ရောက်သွားလေသည်။
ယင်းက သိသာစွာပင် ဂိမ်းထဲမှ အပြစ်ပေးသည့် နည်းလမ်းတစ်ခုဖြစ်သည်။
ခြေလက်တွေ၊ သွေးတွေ၊ မကောင်းဆိုးဝါးတွေ...
ကောင်းကင်ကြီးက ကြောက်မက်ဖွယ်ကောင်းသောအနီရောင်ဖြစ်နေပြီး မြေပြင်ပေါ်တွင် မူလအသွင်အပြင်ကို ပြန်မရနိုင်တော့သည့် အလောင်းများနှင့် ပြည့်နေသည်။ ယင်းတို့၏ တွန့်ရှုံ့အသက်မဲ့ပြီး နောက်ကျိသော မျက်လုံးများက ကောင်းကင်ကို မျက်နှာမူနေကြသည်။
အကွာအဝေးတစ်ခုတွင် တိုက်ခိုက်သံများ ထွက်ပေါ်လာလေသည်။
မကောင်းဆိုးဝါးများ၏ ဟိန်းဟောက်သံများ၊ လက်နက်များ၏ တချွမ်ချွမ် မြည်သံများ၊ နားအူမတတ်ဆူညံသော သေနတ်သံများ။
ထိုအသံများအားလုံးက စက်ဆုပ်ဖွယ်ကောင်းလှလေသည်။
ယဲ့ကျား မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်ပြီး အသံကြားရာဆီသို့ လျှောက်သွားလိုက်သည်။
သွေးကမ္ဘာကြီး၏ အလယ်ဗဟိုတွင် အဖွဲ့တစ်ဖွဲ့က လူတစ်ယောက်ကို အရူးအမူး တိုက်ခိုက်နေကြလေသည်။ သူတို့၏ ဖြူဖျော့ဖျော့မျက်နှာက ကြောက်စရာကောင်းနေပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း သေစေနိုင်လောက်သော ဒဏ်ရာများပြန့်ကျဲနေသည်။
"ဒါတွေအားလုံး မင်းအပြစ်ပဲ...မင်းကြောင့်သာ မဟုတ်ရင် ငါတို့သေရမှာ မဟုတ်ဘူး..."
ဝူစူး ၎င်းတို့၏ တိုက်ခိုက်မှုများကို ကာကွယ်နေသော်လည်း အခြေအနေမကောင်းတော့ကြောင်းသိသာလေသည်။ ရက်စက်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသောအခါ သူ ဖြည်းဖြည်းချင်း နောက်ဆုတ်နေရလေသည်။
သူက ချုံးချုံးကျနေသော အခြေအနေတွင် ရှိနေသော်လည်း ဒေါသတကြီး ကျိန်ဆဲနေဆဲဖြစ်၏။
"အရူးတွေ...မင်းတို့ မကျွမ်းကျင်တာလည်းပါတယ်...အားလုံးကို ငါ့အပေါ် ပုံချပြီး အပြစ်တင်မနေနဲ့..."
ထိုအချိန်တွင် စစ်မြေပြင်အတွင်းပိုင်းမှ ပျင်းရိသော အသံတစ်သံထွက်ပေါ်လာသည်။
"အဲ့လိုလား..."
ယဲ့ကျား : "?"
ခဏနေပါဦး...ဒီအသံကို အရမ်းရင်းနှီးနေတယ်...
လူတိုင်း သူတို့၏တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြပြီး တစ်စုံတစ်ယောက်အတွက် လမ်းဖယ်ပေးလိုက်သည်။ ထိုအခါ တစ်စုံတစ်ယောက်က သူတို့နောက်ရှိ အမှောင်ထုထဲမှ ထွက်လာသည်။
ဝူစူး ပင့်သက်ရှိူက်လိုက်ပြီး ထိုပုဂ္ဂိုလ်ကို မြင်သောအခါ အလွန်အံ့ဩသွားကာ မျက်လုံးများ ပြူးကျယ်သွား၏။
"!!!"
ယဲ့ကျား၏ မျက်လုံးများလည်း ထိုနည်းတူစွာ အံ့ဩမှုကြောင့် ပြူးကျယ်သွားလေသည်။
"!!!"
ဟော်ဒီခေါင်းစွပ်နှင့် လူငယ်လေးတစ်ယောက် ဖြည်းညှင်းစွာ လျှောက်လာလေသည်။ သူ့၏မျက်နှာ သွင်ပြင်ကို ဟော်ဒီအရိပ်အောက်တွင် ဖုံးကွယ်ထားပြီး နှုတ်ခမ်းထက်မှ လှောင်ပြုံးကိုသာ မြင်နိုင်လေသည်။
"ဒါဆို ခင်ဗျားက ဘယ်လောက်တော်လဲ ကြည့်ကြည့်တာပေ့ါ...အမှိုက်ကောင်ပဲ..."
ယဲ့ကျား : “…….”
တော်တော် ဆိုးရွားတဲ့စကားပဲ...သူတော့ အဲ့လိုတစ်ခါမှ မပြောဖူးပါဘူးနော်...
ကြီးမားသော တံစဉ်းက လူငယ်၏ လက်ထဲတွင် ပေါ်လာပြီး ဝူစူးကို မညှာမတာ တိုက်ခိုက်လိုက်သည်။ ထိုတိုက်ခိုက်မှုကို ရှင်းလင်းစွာပင် မခုခံနိုင်သော ဝူစူး အံကြိတ်လိုက်ပြီး အော်လိုက်၏။
"ငါက အမှိုက်မဟုတ်ဘူး..."
ရူးသွပ်သွားသော အရိပ်အယောင်များ မျက်လုံး အတွင်းပိုင်း၌ ပေါ်လာလေသည်။ သူ အိတ်ကပ်ထဲမှ သွေးရောင်အမှတ်အသားပါ ကျည်ဆန်ကို ယူလိုက်ကာ တိုက်ခိုက်မှုများကို ရှောင်ရှားရင်းသေနတ်ထဲထည့်လိုက်သည်။
ထို့နောက် ဝူစူး သေနတ်ကို မြှောက်လိုက်၏။
——
ထိုအချိန်တွင် သူ့နောက်မှ ပြင်းထန်သော ရိုက်ချက်ကို ခံစားလိုက်ရသည်။ ယင်းက တိကျပြီးရက်စက်လေသည်။
သူ့အမြင်အာရုံ မည်းမှောင်သွားပြီး ခန္ဓာကိုယ်က ပစ်လဲသွားသည်။
သို့သော် ဖြူဖျော့ပိန်ပါးသော လက်တစ်စုံက သူ့ကို အနောက်မှ ထိန်းပေးထားလေသည်။
ဟော်ဒီခေါင်းစွပ်၀တ်ထားပြီး တံစဉ်းကိုင်ထားသော အေ့စ်က သူ့တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ပြီး သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာသော လူငယ်ကို စူးစိုက်ကြည့်နေပြီး တစ်ခုခုတွေးတောနေပုံရသည်။
ယဲ့ကျား မျက်လုံးများကို အောက်စိုက်ကြည့်လိုက်ပြီး ဝူစူစကို မြေပြင်ပေါ် နေရာချထားပေးလိုက်သည်။
ထို့နောက် ခါးပြန်မတ်ကာ မျက်နှာချင်းဆိုင်တွင် ရပ်နေသော အေ့စ်ကို ကြည့်လိုက်သည်။
လူငယ်နှစ်ယောက်က သွေးများ၊ အလောင်းများနှင့် ပြည့်နေသော မြေရိုင်းအလယ်တွင် အချင်းချင်း ရပ်ကြည့်နေကြလေသည်။ သူတို့၏ သွင်ပြင်က တူသော်လည်း ၀တ်ပုံစားပုံ ကွဲပြားသည်။ တစ်ယောက်က တံစဉ်းကို ကိုင်ထားပြီး ကျန်တစ်ယောက်က လက်ဗလာဖြစ်၏။
အလင်းရောင်ဖျော့ဖျော့တောက်ပလာပြီး လက်ဗလာနှင့် လူငယ်လက်ထဲတွင် လခြမ်းသဏ္ဍာန် တံစဉ်းတစ်ခုပေါ်လာသည်။
ယဲ့ကျား လည်ပင်းကို လိမ်ချိုးလိုက်ပြီး သူ့၏ပယင်းရောင် မျက်လုံးက အေးစက်ရွှင်မြူး တောက်ပလာသည်။ သူ လှောင်ပြုံး ပြုံးပြလိုက်သည်။
"မင်း ငါ့ကို ဘယ်လောက်ထိ အတုခိုးနိုင်လဲကြည့်ကြတာပေါ့..."
တံစဉ်းနှစ်လက် အချင်းချင်း တိုက်မိသွားသောအခါ ကျယ်လောင်သော ပဲ့တင်သံများက သွေးမြေရိုင်းတစ်လျှောက် ပျံ့နှံ့သွားသည်။ ချွန်ထက်သော တံစဉ်းသွားက လေကို ဖြတ်မိသောအခါ အေးစက်သော အလင်းရောင် တောက်ပလာသည်။
ယဲ့ကျား၏မျက်လုံးထဲတွင် တံစဉ်းသွား၏အေးစက်သောအရောင် ရောင်ပြန်ဟပ်နေပြီး နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးညွှတ်လာသည်။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
နောက်တစ်ခဏတွင် တံစဉ်းသွားများ တိုက်မိကြပြန်သည်။
တိုက်မိပြီးနောက် လခြမ်းသဏ္ဍာန် တံစဉ်းသွားက တစ်ဖက်လူ၏ တံစဉ်းသွားကို လေထဲ၌ပင် ပိုင်းဖြတ်လိုက်လေသည်။
'အေ့စ်'တစ်ယောက် သနားစရာကောင်းစွာ အော်ဟစ်ပြီးနောက် တရှဲရှဲမြည်ကာ ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ကျား မျက်လုံးကို အောက်စိုက်လိုက်ကာ သူ့အကြည့်က တစ်ဖက်လူပျောက်ကွယ်သွားသောနေရာပေါ် ကျရောက်နေလေသည်။ သူ့အမူအရာက တည်ငြိမ်နေပြီး ဂရုမစိုက်ဟန်ရှိသည်။
" ဈေးပေါတဲ့ အတုပဲ..."
မြေရိုင်းရှိ မကောင်းဆိုးဝါးများနှင့် ကစားသမားများ အားလုံးကို ရှင်းပစ်ပြီးနောက် ယဲ့ကျား သတိလစ်နေဆဲဖြစ်သည့် ဝူဆုကို သယ်ကာ တံခါးဆီ လျှောက်သွားလိုက်သည်။
ယခင်တစ်ခေါက်ကဲ့သို့ပင် သူ တံခါးမှ ထွက်လိုက်သည်နှင့် သူ့ပခုံးပေါ်မှ ဝူစူးနှင့် သူ့နောက်မှ တံခါး ပျောက်ကွယ်သွားသည်။
အခြားထိုင်ခုံတစ်ခုံ လွတ်သွားပြန်သည်။
ယဲ့ကျား စားပွဲထိပ်တွင် ထိုင်နေသော စွမ်းအားကြီးတစ္ဆေမကို ကျောက်တုံးမှတစ်ဆင့် ကြည့်လိုက်သည်။
တစ်ယောက်ယောက်က သူ့အစီအစဉ်ကို နှောင့်ယှက်နေမှန်း သတိထားမိပုံပေါ်သည်။ ခေါင်းငုံ့ထားပြီး ဖြူဖတ်ဖတ်ခြေလက်များက တွဲကျနေဆဲဖြစ်သော်လည်း သူ့အရေပြားက စတင်လှုပ်ရှားလာပြီး တစ်ခုခုက ရုန်းကန်ထွက်နေသည့်ပုံ ပေါ်၏။
ယဲ့ကျား လက်ချောင်းထိပ်ကို ပွတ်သပ်လိုက်သည်။
သူ တကယ် သတ်ပစ်ချင်နေပေမဲ့...
သူ ၀မ်းနည်းစွာ သက်ပြင်းချလိုက်ပြီး ကျောက်တုံးကို ပြန်သိမ်းကာ နောက်တံခါးတစ်ချပ်ကို ဖွင့်လိုက်သည်။
တတိယတံခါးထဲတွင် ရှိသည် ယဲ့ကျားမမျှော်လင့်ထားသော အရာဖြစ်သည်။
ပိုပြီးတိတိကျကျပြောရလျှင် အထဲတွင် ဘာမှမရှိချေ။
အားလုံး မည်းမှောင် တိတ်ဆိတ်နေပြီး အဆုံးမရှိသည့် ညနှင့် တူလေသည်။ ကောင်းကင် မရှိ၊ မြေပြင်လည်း မရှိပေ။ ဗလာဖြစ်နေသော အမှောင်ထုသာ ရှိသည်။
အရမ်း တိတ်ဆိတ်လွန်းတယ်...အရမ်းတိတ်နေလို့ ယဲ့ကျား သူ့အသက်ရှူသံနဲ့ နှလုံးခုန်သံကိုတောင်ပြန်ကြားနေရတယ်...
သူ ကျောက်တုံးကို သုံး၍ ကြည့်လိုက်သောအခါ အကွာအဝေးတစ်နေရာမှ အလင်းစက်လေး တစ်စက်ကို မြင်လိုက်ရသည်။
အဲ့မှာ ရှိသင့်တယ်...
အချိန်မည်မျှကြာကြာ လမ်းလျှောက်လိုက်မှန်း မသိသော်လည်း ယဲ့ကျား သူ့ပတ်၀န်းကျင်ရှိ အမှောင်ထုက တဖြည်းဖြည်း ပြောင်းလဲသွားပြီး အဆောက်အအုံများနှင့် လမ်းများ၏ ပုံသဏ္ဍာန် ပေါ်လာကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။
ရဲစခန်း၊ စားသောက်ဆိုင်၊ ကျောင်း...
ဗလာမြို့လေးက တဖြည်းဖြည်း ပုံပေါ်လာတယ်...
လမ်းများတွင် အပျက်အစီးများနှင့် ပြည့်နေပြီး ဗိသုကာလက်ရာများကလည်း ပျက်စီးမှုများရှိနေသည်။
အသံနှင့်အလင်းရောင် မရှိသော်လည်း နှစ်များစွာ ဂိမ်းထဲရှိ အမှောင်ထုတွင် ကျင်လည်လာသော ယဲ့ကျားအတွက်မူ ယင်းတို့ကို မြင်ရန် မခက်ခဲပေ။
အပျက်အစီးများနောက်လိုက်ရင်း လမ်းတစ်လျှောက် ဘယ်ညာကြည့်နေကာ နောက်ဆုံးတွင် အဆောက်အအုံတစ်လုံးရှေ့ ရပ်လိုက်သည်။
လူနေအဆောက်အအုံဖြစ်၏။
အဆောက်အအုံက အရောင်ကင်းမဲ့နေလေသည်။ အနက်ရောင်နှင့် မီးခိုးရောင်ကို ကျောင်းကို နှစ်ဖက်မြင် ပုံစံကဲ့သို့ ဖြစ်စေပြီး အသက်နှင့် အချိန်၏ လက္ခဏာများ မရှိသောကြောင့် စိတ္တဇပန်းချီနှင့်ပင် တူလေသည်။
ယဲ့ကျား ခေါင်းမော့လိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် အထဲမှ ကြမ်းပြင်ကို ကြည့်လိုက်သည်။
တံခါးတိုင်းရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက်ရဲ့ အကြောက်ဆုံးအရာတွေ ရှိတယ်...
ဒါက အထီးကျန်ခြင်းပဲ...
ယဲ့ကျား အကြည့်ကို ပြန်ရုတ်လိုက်ပြီး လျှောက်သွားလိုက်သည်။
အနက်ရောင်အခန်းထဲ၌...
အနက်ရောင်အနားကွပ်မျက်မှန်ကြီးနှင့် ကောင်လေးတစ်ယောက် အခန်းထောင့်တွင် ကွေးကွေးလေး ထိုင်နေလေသည်။ ထူထပ်သော ပါဝါမျက်မှန်က သူ့၏ မျက်နှာသေးသေးလေးကို တစ်၀က်နီးပါး ဖုံးကွယ်ထားသည်။ ကောင်လေးက ခံစားချက်ကင်းမဲ့နေပြီး အာဟာရချိူ့တဲ့သော ခန္ဓာကိုယ်ပေါ်တွင် အ၀တ်အစားပွပွ ၀တ်ဆင်ထားသည်။
ကင်းခြေများက ကောင်လေး၏ ဘေးတွင် ရှိနေပြီး ကောင်လေး၏ လက်မောင်းကို တင်းကြပ်စွာ တွယ်ကပ်ထားသည်။
ကင်းခြေများက သာမာန်အရွယ်ထက် များစွာ ကျုံ့နေသောကြောင့် ကြောက်စရာမကောင်းတော့ပေ။ အမြီးမှ မီးခိုးရောင်က အထက်သို့ တက်ကာ ပျံ့နှံ့နေကာ ယင်းက အသက်ဓာတ်နှင့် အရောင်ကို စုပ်ယူနေပုံရသည်။
ချန်ချင်းယဲ့ အားချန်ကို ဒူးပေါ်တင်လိုက်ကာ အခွံကို ထပ်ခါထပ်ခါ နမ်းနေပြီး ခေါင်းကိုလည်း နမ်းနေသည်။
အားချန် အားနည်းစွာ ခေါင်းမော့လာပြီး ယင်းကို ပြန်တုံ့ပြန်လိုက်သည်။
သို့သော် တဖြည်းဖြည်းအားနည်းလာသည့်အချက်က မပြောင်းလဲပေ။
ကောင်လေးက ငိုခြင်း၊ စကားပြောခြင်းမရှိ။ ကင်းခြေများကို ကိုင်ကာ အခန်းထောင့်တွင် ထိုင်နေပြီး သေဆုံးချိန်ကို စောင့်မျှော်နေသည်။
ထိုအချိန်တွင် ချန်ချင်းယဲ့ တိတ်ဆိတ်မှုထဲမှ အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
ခြေသံက တဖြည်းဖြည်း နီးကပ်လာပုံရသည်။
ခြေလှမ်း တစ်လှမ်းတစ်လှမ်းက ကြမ်းပြင်ပေါ်ကို ပေါ့ပေါ့ပါးပါး နင်းလာသော်လည်း သူ့နှလုံးသားကို ပြင်းပြင်းထန်ထန် နင်းနေသကဲ့သို့ ခံစားရသည်။
ချန်ချင်းယဲ့ ခေါင်းမော့လိုက်ပြီး အစောပိုင်းက ကိုယ့်ကိုကိုယ် ကာကွယ်ရန်အတွက် ယူလာခဲ့သော မီးဖိုချောင်သုံးဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ အသံကြားရာထံသို့ သတိရှိရှိ ကြည့်လိုက်သည်။
အားချန်၏ ခန္ဓာကိုယ် လှုပ်ရှားလာပြီး သူတိုက်ခိုက်ချင်နေသော်လည်း ချန်ချင်းယဲ့ အင်္ကျီလက်ထဲ ထည့်လိုက်သည်။
"ရှူးးး"
အမှောင်ထုအတွင်းမှ ပိန်ပါးငယ်ရွယ်သော ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။
ယဲ့ကျား တံခါးကို ဖွင့်လိုက်ပြီး အခန်းထဲသို့ ၀င်လိုက်သောအခါ သေးငယ်သည့်ပုံရိပ်လေး၏ တိုက်ခိုက်မှုကြောင့် အနည်းငယ် အံ့ဩသွားသည်။ ချွန်ထက်သော မီးဖိုချောင်သုံးဓားက အမှောင်ထုထဲတွင် အေးစက်စွာ တောက်ပနေလေသည်။
သူ တစ်ဖက်လူ၏ လက်ကောက်၀တ်ကို ဆုပ်ကိုင်လိုက်ပြီး ကောင်လေးကို ကြမ်းပြင်ပေါ်မှ ချီလိုက်သည်။
“ချွမ်...”
ဓားက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
ချန်ချင်းယဲ့ သူ့၏ ဖြူဖျော့ဖျော့နှုတ်ခမ်းကိုအတင်းဖိထားပြီး သူ့၏အမူအရာကို မျက်မှန်ထူကြီးက ကာထားလေသည်။ သူ အသံတိတ်ဆိတ်စွာ တစ်ဖက်လူကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။ သူ့၏ ခြေလက်များက သေးငယ်သော်လည်း သန်မာလှသည်။
ယဲ့ကျား တစ်ဖက်လူကို အားများစွာ စိုက်ထုတ်၍ ချုပ်ထားရလေသည်။
"ဟေ့...ငါလေ..."
မတိုက်ခိုက်နိုင်တော့သော ချန်ချင်းယဲ့ အရှုံးပေးရုံသာရှိသည်။
သူ မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး သူ့ရှေ့မှ လူငယ်ကို ဂရုတစိုက် စစ်ဆေးလိုက်သည်။
ယဲ့ကျား သက်ပြင်းချလိုက်သည်။
"မင်း ဘာတွေဖြစ်နေတာလဲ...ငါ မင်းကို လွှတ်ပေးမယ်...ငါ့ကို မတိုက်ခိုက်နဲ့...ဟုတ်ပြီလား..."
ချန်ချင်းယဲ့ သူ့ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေပြီး နောက်ဆုံးတွင် ခေါင်းငြိမ့်လိုက်သည်။
ယဲ့ကျား လက်ကို ဖြေလျှော့လိုက်ကာ ဖြည်းညှင်းစွာ ချပေးလိုက်သည်။
သို့သော် တစ်ဖက်လူက ကြမ်းပြင်ပေါ်သို့ရောက်သည်နှင့် ခါးကိုင်းကာ ဓားကို ပြန်ကောက်လိုက်ပြီး သူ့ကို ထပ်မံတိုက်ခိုက်လာသည်။
ယဲ့ကျာ: "..."
ဒါက...
ဒါက အတွေ့အကြုံရင့်တဲ့ ကစားသမားတွေမှာ ရှိသင့်တဲ့ စိတ်ထားပဲ...သူတို့က တစ်ဖက်လူကိုဘယ်တော့မှ မယုံဘူး...သံသယဖြစ်စရာကောင်းတဲ့ လူကို လွှတ်ပေးလိုက်ရမှာထက် အပြစ်ကင်းစင်တဲ့ လူကို သတ်ပစ်တာ ပိုကောင်းတယ်လို့ တွေးကြတယ်...နောက်ဆုံးမှာတော့ ဒါတွေအားလုံးက သူ တို့ကိုယ်သူတို့ ကာကွယ်ဖို့ပဲ...
ဒါပေမဲ့ အခု တစ်ဖက်လူက ကလေးဖြစ်နေတော့ သူ့ရဲ့ ခွန်အားတွေက အရင်လောက် မရှိဘူး...
ဒါက သူ့အတွက် သတင်းကောင်းပဲ...
နူးနူးညံ့ညံ့ကိုင်တွယ်တာက အလုပ်မဖြစ်ရင် ဆန့်ကျင်ဘက်နည်း သုံးရမှာပေါ့...
ထိုအတွေးနှင့်အတူ ယဲ့ကျား ကုတင်ပေါ်မှ အိပ်ရာခင်းကို ယူလိုက်ကာ ဆွဲဖြဲလိုက်ပြီး ကောင်လေးကို ချည်ထားလိုက်သည်။ သူ ကျန်သည့်အပိုင်း အိပ်ရာခင်းပိုင်းဖြင့် ကောင်လေး၏ ပါးစပ်ကိုပင် ဆို့ထားလေသည်။ ထို့နောက် ထမင်းအိတ်တစ်လုံးကဲ့သို့ ထမ်းကာ ထွက်လာလိုက်သည်။
သူ ပခုံးပေါ်မှ ကောင်လေး ရုန်းကန်နေပြီး သနားစဖွယ်ကောင်းသော ရှိူက်သံများ ထွက်ပေါ်လာလေသည်။ ထိုအသံက အလွန်ကြေကွဲစရာ ကောင်း၏။
ယဲ့ကျား ထိတ်လန့်သွားသည်။
သူ ခဏလောက် ရပ်တန့်သွားပြီး ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။
ဟာ...
ယဲ့ကျား ချန်ချင်းယဲ့၏ ပါးစပ်ကို ဖွင့်ပေးလိုက်ပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
မျက်ရည်လုံးကြီးများက သူ့၏သေးငယ်သော မျက်နှာပေါ်မှ လှိမ့်ဆင်းလာပြီး ယဲ့ကျား၏ပခုံးကို စိုစွတ်စေလေသည်။ သူ့၏ မျက်မှန်များကလည်း ဝါးနေသည်။ သူ ကင်းခြေများသေကို စိုက်ကြည့်နေလေသည်။
"အား...အားချန်..."
အစကတည်းက ချန်ချင်းယဲ့က သူ့ကိုယ်သူ ကာကွယ်ဖို့ထက် ကင်းခြေများကို ကာကွယ်ဖို့ တိုက်ခိုက်နေတာပဲ...
ယဲ့ကျား သက်ပြင်းထပ်ချလိုက်သည်။
သူ ချန်ချင်းယဲ့၏ မျက်နှာကို အင်္ကျီလက်ဖြင့် သုတ်ပေးလိုက်ကာ ပြောလိုက်သည်။
"ဒီစွမ်းအားကြီးတစ္ဆေက မင်းအကြောက်ဆုံးအရာကို ခံစားခိုင်းတာ..."
သူ ကျောက်ဖြစ်သွားသော အားချန်ကို ညွှန်ပြလိုက်သည်။
"ကြည့်လေ...ဒါက မင်းအကြောက်ဆုံးအရာမလား..."
ချန်ချင်းယဲ့က အတွေ့အကြုံရှိသော ကစားသမားဖြစ်သောကြောင့် တစ်ဖက်လူ ဆိုလိုချင်သည်ကိုချက်ချင်းနားလည်သွားသည်။
"ဒါဆို ဒါကအတုအယောင်ပေါ့..."
ယဲ့ကျား : “ဟုတ်တယ်…”
ချန်ချင်းယဲ့ အားချန်ကို ကြည့်လိုက်ပြီး ယဲ့ကျားကိုပြန်ကြည့်လိုက်သည်။ သူ့ကြည့်ရသည်မှာ တစ်ဖက် လူကို ယုံသင့်မယုံသင့် တွေေ၀နေပုံ ပေါ်သည်။
ယဲ့ကျား ဆံပင်ကို ပွတ်သပ်လိုက်ပြီး ဆက်ပြောလိုက်သည်။
"မင်း ငါ့ကို မယုံရင် အေ့စ်ကိုရော ယုံလား..."
ချန်ချင်းယဲ့ ထိတ်လန့်သွားသည်။ သူ တစ်ဖက်လူကို မျက်ရည်စိုစွတ်နေသော မျက်လုံးတစ်စုံဖြင့်အံ့ဩစွာ ကြည့်လိုက်သည်။
"မင်း ဘာပြောချင်တာလဲ..."
ယဲ့ကျား နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားပြီး ခပ်ဖျော့ဖျော့ရယ်ကာ မေးလိုက်သည်။
"မင်း ရှောင်ရှောင်ပိုင်ကို ဘယ်လိုရခဲ့လဲ မေ့သွားပြီလား..."
ကမ္ဘာပေါ်မှာ သူက လွဲရင် ရှောင်ရှောင်ပိုင်ရဲ့ နာမည်နဲ့ ဇစ်မြစ်ကို သိတဲ့လူ တစ်ယောက်ပဲရှိတယ်...
ချန်ချင်းယဲ့ သူ့ကို စက္ကန့်များစွာကြာ ပြူးကြည့်နေပြီး နောက်ဆုံးတွင် တစ်ခုခုကို သဘောပေါက်သွားလေသည်။ သူ မျက်လုံးများ ပြူးကျယ်လာပြီး ပါးစပ်က အံ့ဩမှုကြောင့် ဟနေလေသည်။
"ခဏနေဦး...မင်း...မင်းက..."
“……”
ယဲ့ကျား တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။
ဘလပ်စ်နှင့် အဖြစ်အပျက်ကြောင့် သူ ထိုအမူအရာကို နားလည်နေပြီဖြစ်သည်။
ချန်ချင်းယဲ့ အံ့ဩစွာ ထစ်ငေါ့ထစ်ငေါ့ ပြောလိုက်သည်။
"ဒါ...ဒါ့ကြောင့် အားချန်က မင်းကိုတွေ့တော့ အဲ့လိုတုံ့ပြန်နေတာပေါ့..."
ယဲ့ကျား ပခုံးတွန့်လိုက်သည်။
"အင်းဆက်တွေက ထိရှလွယ်တယ်လေ..."
ချန်ချင်းယဲ့ မျက်တောင်ခတ်လိုက်ပြီး ယဲ့ကျား ပခုံးပေါ်တွင် ခေါင်းတင်လိုက်သည်။
"ငါ မင်းကို ယုံတယ်...သွားကြရအောင်..."
ယခု ယဲ့ကျား မေးရန် အလှည့်ဖြစ်၏။
"ဘာလို့လဲ...”
ချန်ချင်းယဲ့ ယဲ့ကျားပခုံးဖြင့် မျက်မှန်ကို တွန်းတင်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"ဘာလို့ဆို စွမ်းအားကြီးတစ္ဆေက ဒီလိုပေါ်မလာနိုင်ဘူး...မင်းက အေ့စ်ဆိုတာ ငါမှ မသိတာ...ဒါ့ကြောင့် ပုံရိပ်ယောင်ဖန်တီးဖို့ မဖြစ်နိုင်ဘူး...ဒါ့အပြင် မင်း စောစောတုန်းက ပြောတယ်လေ...ငါ အကြောက်ဆုံးအရာကို ခံစားခိုင်းတာဆို...ဒီမြင်ကွင်းက တကယ် ငါအကြောက်ဆုံးအရာပဲ..."
သူ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရှက်ရွံ့သည့် အမူအရာပေါ်လာသည်။
"မင်း...မင်း ငါ့ကို အောက်ချပေးလို့ရပြီ..."
ယဲ့ကျား အသံပြုလိုက်ပြီး ချန်ချင်းယဲ့အား ကြမ်းပြင်ပေါ်သို့ ချလိုက်ကာ ချည်ထားသည်များကို ဖြည်ပေးလိုက်သည်။
"သွားကြတော့မလား..."
ယဲ့ကျား မေးလိုက်သည်။
ချန်ချင်းယဲ့ ကျောက်ဖြစ်သွားသော အားချန်ကို ပြန်ကြည့်လိုက်ပြီး ယဲ့ကျားလက်ကို ဆုပ်ကိုင်ကာခေါင်းငြိမ့်လိုက်သည်။
"အင်း..."
Xxxxx