အပိုင်း ၇၉
Viewers 10k

Chapter 79



နှစ်ယောက်သား အဆောက်အအုံထဲမှ ထွက်လာပြီးနောက် အမှောင်ထုထဲသို့ လျှောက်လာကြသည်။

ချန်ချင်းယဲ့၏ မျက်နှာ အနည်းငယ် နီရဲလာပြီး ယဲ့ကျားဘက်လှည့်ကာ မေးလိုက်သည်။

"ဒါဆို...ငါ မင်းကို အခုဘယ်လိုခေါ်ရမှာလဲ..."

ယဲ့ကျား : “ကြိုက်သလိုခေါ်...”

ချန်ချင်းယဲ့ မျက်မှန်ကို တွန်းတင်လိုက်ပြီး တွန့်ဆုတ်စွာ မေးလိုက်သည်။

"အစ်...အစ်ကိုယဲ့လို့ ခေါ်လို့ရလား..."

ယဲ့ကျား : “ရတာ‌‌ပေါ့...”

သူ ခဏလောက် တုံ့ဆိုင်းသွားပြီး ထပ်ဖြည့်ပြောလိုက်သည်။

"ဒါပေမဲ့ လေးလေးစားစား ဆက်ဆံဖို့တော့ မလိုဘူး..."

ယဲ့ကျား တစ်ခုခုကို သတိရသွားပြီး ချန်ချင်းယဲ့ဘက်လှည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"အို...ဟုတ်သား...မင်းက ငါ့အထောက်အထားကို သိတဲ့ တစ်ဦးတည်းသောလူပဲ...ငါ့အတွက် ဒါကို
လျှို့ဝှက်ထားပေးနိုင်လား..."

ဘ....ဘာ...

သူက အေ့စ်ရဲ့ အထောက်အထားအမှန်ကို သိတဲ့ တစ်ဦးတည်းသောလူလား...

ဂုဏ်ယူစရာပဲ...

ချန်ချင်းယဲ့ ရင်တလှပ်လှပ်ခုန်နေပြီး စိတ်လှုပ်ရှားမှုကြောင့် ပါးပြင်နီရဲလာကာ ရိုးသားစွာ ခေါင်းငြိမ့်လိုက်သည်။

"ဒါ...ဒါပေါ့...ပြဿနာမရှိဘူး...ငါ သေရရင်တောင် ဘယ်သူကိုမှ မပြောပြဘူး...

ယဲ့ကျား : “‌ လေးစားစရာပဲ...”

ချန်ချင်းယဲ့၏ မျက်လုံးများ ဝိုင်းစက်လာသည်။

"အစ်...အစ်ကိုယဲ့..."

“ဟမ်…”

ယဲ့ကျား၏ နှုတ်ခမ်းထောင့်များ ကော့တက်လာပြီး အပြစ်ရှိစိတ် တစ်စုံတစ်ရာ မခံစားရပေ။ သူ ချန်ချင်းယဲ့၏ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။

"လိမ္မာလိုက်တဲ့ ကောင်လေး..."

တတိယတံခါးမှ ထွက်ခွာလာပြီးနောက် ယဲ့ကျား အစိမ်းပုပ်ရောင်ခန်းမထဲသို့ တစ်ဖန်ပြန်ရောက်သွားပြီဖြစ်သည်။ သူ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ‌‌ကျောက်တုံးကို ထုတ်ကာ ကြည့်လိုက်သည်။

ထိပ်ဆုံးက ထိုင်ခုံက အလွတ်ကြီး...

ယဲ့ကျား ထိတ်လန့်သွားသည်။

နောက်တစ်ခဏတွင် ပြင်းထန်သည့် လေပြင်းက သူ့နားဘေးတွင် တိုက်ခိုက်လိုက်သည်။ ယဲ့ကျားအလိုအလျောက် ရှောင်တိမ်းလိုက်သည်။

ထိုအေးစက်သောလေပြင်းက သူ့ပါးပြင်ဘေးမှ ဖြတ်သွားကာ သူ့နောက်ရှိ နံရံပေါ်တွင် နက်ရှိုင်းသော ကုတ်ရာများ ဖြစ်စေခဲ့သည်။

ယဲ့ကျား 'အားလုံးသိမြင်မျက်လုံး'ကို သုံး၍ အစောပိုင်းက သူရပ်နေသော နေရာကို ကြည့်လိုက်သောအခါ မသိလိုက်သောအချိန်တွင် စွမ်းအားကြီးတစ္ဆေမက ထိုင်ခုံမှ ထလာကာ သူရပ်ခဲ့သော နေရာတွင် ဆံပင်ဖားလျားနှင့် ရပ်နေလေသည်။ မျက်နှာကို ကွယ်ထားသော ဆံနွယ်ရှည်များကြားမှ မျက်လုံးများက သူ့ကို မျက်တောင်မခတ် ကြည့်နေလေသည်။ ချွန်ထက်‌‌သော လက်သည်းများ လက်ချောင်းထိပ်မှ ထွက်လာကြသည်။

သူ ယဲ့ကျားကို ထပ်မံတိုက်ခိုက်လိုက်သည်။

ယဲ့ကျား၏ လက်ထဲတွင် တံစဉ်းပေါ်လာပြီး ကျယ်လောင်သော မြည်သံနှင့်အတူ ထိုလက်သည်းများကို ကာလိုက်သည်။

စွမ်းအားကြီးတစ္ဆေမ၏ လက်မောင်းနှင့် လက်ချောင်းများက အေးစက်ချွန်ထက်သော တံစဉ်း၏ ဖြတ်တောက်မှုကို ခံလိုက်ရသည်။ တံစဉ်းသွားက မျက်နှာပြင်ထက်တွင် ပေကျံသွားသော နီညိုရောင်သွေးများကို ချက်ချင်းစုပ်ယူလိုက်သည်။

ယဲ့ကျား ဖြည်းညှင်းစွာ တံတွေးမျိုချလိုက်သည်။

သူ့၏ ပယင်းရောင် မျက်လုံးက အနက်ရောက်တောက်ပလာလေသည်။

သူ တစ်ဖက်လူထံမှ ထွက်ပေါ်နေသော မွှေးပျံ့သည့် ရနံ့ကို ထင်ထင်ရှားရှား ရနေပေသည်။

လုပ်ငန်းစဉ်က ခက်ခဲလောက်ပေမဲ့ သူ လိုချင်ရင် တစ်ဖက်လူက သူ့သားကောင်ဖြစ်လာရမှာပဲ...သူ တစ်ဖက်လူကို ဖြတ်နိုင်နေသရွေ့ သူ...

"မလုပ်နဲ့..."

အမျိုးသားတစ်ယောက်၏ အသံကို သူ့နားထဲတွင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ယဲ့ကျား အံ့ကြိတ်လိုက်ပြီး စွမ်းအားကြီးတစ္ဆေမ၏ တိုက်ခိုက်မှုကို ကာကွယ်ကာ စတုတ္ထတံခါးနားသို့ ဖြည်းဖြည်းချင်း ကပ်သွားလိုက်သည်။

သို့သော် တစ္ဆေမက သူ့နား နီးလာပြီး ယဲ့ကျား ခုခံရုံသာ တတ်နိုင်သည်။

ဒီအတိုင်း ဆက်သွားနေလို့ မရတော့ဘူး...

သူ မျက်လုံးထောင့်မှ ကြည့်လိုက်သည်။

ပဉ္စမတံခါးက ပိုနီးတယ်...သူ ဒီတံခါးကို နောက်ဆုံးမှ ၀င်ဖို့ စီစဉ်ထားပေမဲ့လည်း...

ကြည့်ရတာ ရွေးချယ်စရာ မရှိတော့ပုံပဲ...

ယဲ့ကျား အားတင်းကာ တံခါးဖွင့်လိုက်ပြီးသည်နှင့် သူ့တစ်ကိုယ်လုံး ပြုတ်ကျသွားသည်။

ရင်းနှီးသော သွေးနံ့က သူ့ကို ၀န်းရံထားလေသည်။

သူ ကမောက်ကမ ဖြစ်နေသည့် အခြေအနေတွင် အမျိုးသားတစ်ယောက်၏ တိုးညှင်းစွာ ရယ်မောသံကို ကြားလိုက်ရသည်။

" ကောကော..."

ခြေထောက်အောက်တွင် မြေပြင်မရှိပေ။

ဆွဲအားကြောင့် ယဲ့ကျား အောက်သို့ ပြုတ်ကျနေသည်။ ပြင်းထန်သောသွေးနံ့များ သယ်ဆောင်ထားသော အေးစက်စက်လေက သူ့အ၀တ်အစားများကို တိုက်ခတ်နေပြီး ငှက်၏ တဖျတ်ဖတ်ခတ်နေသော တောင်ပံများနှင့်ပင် တူလေသည်။

အားလုံးတိတ်ဆိတ်နေပြီး ပတ်ပတ်လည်မှ ဘယ်သူမှ မရှိဘူး...

ဒါဆို စောစောတုန်းက အသံက သူ့ရဲ့ စိတ်ကူးသက်သက်လား...

သူ မျက်မှောင်ကြုတ်လာကာ သူ ပြုတ်ကျလာခဲ့သော နေရာကို မော့ကြည့်လိုက်သည်။ အနက်ရောင် တံခါးကြီးက တဖြည်းဖြည်းပိတ်သွားလေသည်။ သူ ထိုတံခါးနှင့် ပိုမိုဝေးကွာလာသည်နှင့်အမျှ အကွာအဝေးတစ်ခုမှ တံခါးဘောင်က ဖြည်းညှင်းစွာ ပျောက်ကွယ်လာသည်။

ဒီတံခါးနောက်ကွယ်က ခံစားချက်က အရင်တံခါးတွေနဲ့ မတူဘူး...

ယဲ့ကျား သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး ပြုတ်ကျနေစဉ် ပတ်၀န်းကျင်ကို ကြည့်လိုက်သည်။

ကောင်းကင်က အေးစက်စက် အနီရောင်ဖြစ်သည်။ ထိုကြောက်စရာကောင်းသော အရောင်က ဆိုးရွားသည့် ခံစားချက်ကို ပေးစွမ်းနေသည်။ မာကြောသော မြေပြင်မရှိသော်လည်း လှိုင်းထန်နေသော အနီရောင်ပင်လယ်ကြီးနှင့် ဝေဝါးဝါးကောင်းကင်က ခြောက်ခြားစရာကောင်းသော အနီရောင်ကမ္ဘာကြီးကို ဖွဲ့စည်းထားသည်။

ပင်လယ်ပြင်ထက် အကွာအဝေးတစ်နေရာတွင် အရိုးများဖြင့် ဖွဲ့စည်းထားသော မြို့တစ်မြို့ ရှိသည်။ ယင်းက လှိုင်းလုံးများထက်တွင် ကျွန်းသဖွယ် ရွေ့လျားနေလေသည်။ အဖြူရောင်အရိုးများက အနီရောင်နောက်ခံနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ခြောက်ခြားစရာကောင်းလေသည်။

ပြီးတော့ အနံ့...

ယဲ့ကျား နဖူးပေါ်တွင် အရေးကြောင်းများ ဖြစ်ပေါ်လာသည်အထိ မျက်မှောင်ကြုတ်လိုက်မိသည်။

တခြားတံခါးတွေကလည်း တည်‌ဆောက်ပုံတွေ ကွာခြားကြပေမဲ့ စွမ်းအားကြီးတစ္ဆေရဲ့ တစ္ဆေစွမ်းအင်တွေနဲ့ ပြည့်နေတာ...

ဒါပေမဲ့ ဒီတစ်ခုက လုံး၀ ကွာခြားတယ်...

သူ ဒီနေရာကို စွမ်းအားကြီးတစ္ဆေမ ပိုင်တာလား...ကျီရွှမ်ပိုင်တာလား မပြောနိုင်ဘူး...

ယခုအချိန်တွင် သူ့တွင် အလွန်ဆိုးရွားသော ခံစားချက်ရှိနေသည်။

ရုတ်တရက် သူ့လက်ဖဝါးမှ အသံတစ်သံထွက်လာသည်။

"အာ...ငါ တော်တော်အိပ်ပျော်သွားတာပဲ..."

ယဲ့ကျား ထိတ်လန့်သွားသည်။ သူ့လက်ကို ဖြေလျှော့လိုက်မိသည်နှင့် လက်ထဲမှ အစိမ်းရောင်ကျောက်တုံး ပြုတ်ကျသွားလေသည်။

“အား———-”

ထိုအသံက အော်ဟစ်ကာ သွေးပင်လယ်ထဲ ပြုတ်ကျသွားလေသည်။

ယဲ့ကျား 'အားလုံးသိမြင်မျက်လုံး' သွေးပင်လယ်ထဲသို့ ပြုတ်မကျမီ ဖမ်းမိလိုက်သည်။

“ဟေ့...မင်း ငါ့ကို သေအောင် ခြောက်လှန့်နေတာပဲ...”

အစိမ်းရောင်ကျောက်တုံး ရက်စက်စွာ အပြစ်တင်လိုက်သည်။

"မင်း သေချာမကိုင်ထားနိုင်ဘူးလား..."

ယဲ့ကျား : "ငါ့အမှားပါ..."

သူ လက်ထဲမှ တြိဂံသဏ္ဍာန်‌ကျောက်တုံးကို စစ်ဆေးလိုက်ပြီး အံ့ဩနေသောကြောင့် လေထဲမြှောက်ကာ ကြည့်လိုက်သည်။

"မင်း စကားပြောနိုင်တယ်..."

ကျောက်တုံး : "ငါမပြောနိုင်ပါဘူး..."

ယဲ့ကျား : "..."

“အွန်း...ဒါက အတော်ခံစားလို့ကောင်းတယ်...”

အစိမ်းရောင်ကျောက်တုံး အညောင်းဆန့်နေသကဲ့သို့ ပျင်းရိစွာ ပြောလိုက်သည်။

"ငါ တကယ် စကားမပြောနိုင်ဘူး...မင်း ဒီကမ္ဘာကြီးက ပုံမှန်မဟုတ်တာ သတိမထားမိဘူးလား..."

ယဲ့ကျား ထိတ်လန့်သွားသည်။ သူ့မျက်လုံးများ မည်းမှောင်လာလေသည်။

"ပုံမှန်မဟုတ်ဘူးလား..."

“သခင်အဆင့် တစ္ဆေနှစ်ယောက်ရဲ့တစ္ဆေပိုင်နက် ကြားမှ ရှိနေတာ...ဒီများပြားလွန်းတဲ့ စွမ်းအားတွေကြောင့် အချိန်တွေ၊ အာကာသတွေ၊ ပစ္စည်းတွေက ပုံမှန်မဟုတ်တော့ဘဲ အခုလိုဖြစ်ကုန်တာ..."

အစိမ်းရောင်ကျောက်တုံး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဟေ့...ကြည့်ရတာ မင်းမိသားစု၀င်က အသာစီးရနေပြီ...သူ့ရဲ့ တစ္ဆေပိုင်နက်က အခြားတစ္ဆေရဲ့ဟာကို ဖြည်းဖြည်းချင်း ထိန်းချုပ်နေပြီ...အတွင်းအပြင် ဝါးမျိုနိုင်ဖို့ သိပ်မကြာလောက်ဘူး..."

ယဲ့ကျား : “….”

ခဏနေပါဦး...ဘယ်လိုလုပ် သူက ငါ့မိသားစု၀င်ဖြစ်ရတာလဲ...

သူ မငြင်းဆန်မီ အစိမ်းရောင်ကျောက်တုံးက ဆက်ပြောလာလေသည်။

"နှစ်ပေါင်းသုံးရာလောက် ကြာနိုင်တယ်..."

ယဲ့ကျား : "???"

သူ မျက်တောင်ခတ်ကာ မေးလိုက်သည်။

"နှစ်ပေါင်းသုံးရာ..."

မင်းပြောတော့ သိပ်မကြာလောက်ဘူးဆို...

ကျောက်တုံး သူ့စိတ်ကို ဖတ်လိုက်ပုံပေါ်သည်။

"အချိန်တွေ အာကာသတွေ ပုံမှန်မဟုတ်ပါဘူးဆို...အချိန်နဲ့ အာကာသ ကွဲလွဲတာလေ..."

ယဲ့ကျား မျက်လွှာချကာ သူ့မျက်လုံးထဲမှ အတွေးများကို ဖုံးကွယ်လိုက်သည်။

"အချိန်စီးဆင်းမှု မတူတာလား..."

"ဟုတ်တယ်..."

အစိမ်းရောင်ကျောက်တုံး ပြောလိုက်သည်။

"တကယ်တော့ မင်း၀င်တာ နည်းနည်းနောက်ကျသွားတယ်...ပြီးတောင် ပြီးနေပြီလား မသိဘူး..."

ယဲ့ကျား အံ့ဩသွားသည်။

အဲ့ဒါကြောင့် တစ္ဆေမက သူ့ကို ဒီတံခါးထဲ၀င်ဖို့ တွန်းအားပေးနေတာလား...

ဘာလို့ဆို အပြင်ကမ္ဘာမှာ ဆယ်မိနစ်လောက်ပဲရှိသေးပေမဲ့...အတွင်းထဲမှာ ကျီရွှမ်ရဲ့ ဝါးမျိုတာ ခံရမှာမို့လို့လား...

“အခြေအနေဘယ်လိုလဲ...”

အစိမ်းရောင်ကျောက်တုံး ပြောလိုက်သည်။

"ငါ သိပ်မသေချာဘူး ...ထိပ်တိုက်ရင်ဆိုင်မှုက တင်းမာလေလေ အချိန် နဲ့ အာကာသက ပိုကွာခြားလေလေပဲ"

ယဲ့ကျား မျက်လုံးပင့်ကာ ပြောလိုက်သည်။

"မင်းဘာလို့ ဒီလောက်သိနေရတာလဲ..."

အစိမ်းရောင်ကျောက်တုံး ဂုဏ်ယူစွာ ပြောလိုက်သည်။

"အားလုံးသိမြင်မျက်လုံးက ဘာမဆိုသိတယ်..."

ယဲ့ကျား : "ပေါက်ကရတွေကို ကျော်ပြီး ကန့်သတ်ချက်တွေအကြောင်း ပြောရအောင်..."

သူ ဒီလိုအရာကို ကိုင်တွယ်ရတာ ပထမဆုံးမဟုတ်ဘူး...သူတို့ကိုယ်သူတို့ အနန္တစွမ်းအားရှင်လို့ ပြောလေလေ ကန့်သတ်ချက်တွေက ပိုကြီးလေလေပဲ...ကြာကြာမခံတဲ့ စွမ်းအားကြီးလက်နက်လိုပဲ...

သူ့လက်‌ဖဝါးပေါ်မှ အစိမ်းရောင်ကျောက်တုံး တိတ်ဆိတ်သွားသည်။

ယဲ့ကျား : "ဟေ့..."

အစိမ်းရောင်ကျောက်တုံးက သူ့လက်ဖဝါးပေါ်တွင် သာမာန်ကျောက်တုံးကဲ့သို့ ငြိမ်သက်နေလေသည်။

ယဲ့ကျား : “…..”

ကြည့်ရတာ ကန့်သတ်ချက်က အချိန်ဖြစ်ပုံပဲ...

သူ 'အားလုံးသိမြင်မျက်လုံး'ကို မျက်လုံးကို မြှောက်လိုက်ကာ ကြည့်လိုက်သည်။ ထိုအခါ အပေါက်ထဲမှတစ်ဆင့် မြင်ရသည့်မြင်ကွင်းက ယခင်မြင်ရသည့်မြင်ကွင်းနှင့် လုံး၀ကွာခြားနေလေသည်။ ကောင်းကင် ၊ သွေးပင်လယ်၊ အရိုးမြို့။ ၎င်းတို့ကြားတွင် အနက်ရောင်နှင့် နီညိုရောင်က အချင်းချင်း ပြိုင်ဆိုင်နေကြလေသည်။ တစ်နည်းအားဖြင့် ဤကမ္ဘာ၏ အစစ်အမှန် သဘာ၀က အင်အားစုနှစ်စု အားပြိုင်နေမှုဖြစ်သည်။

ယဲ့ကျား ကျောက်တုံးကို ပြန်သိမ်းလိုက်ကာ အရိုးမြို့ထံသို့ ပျံသန်းသွားလိုက်သည်။

သူ စိတ်ထဲတွင် အနည်းငယ်ဇဝေဇဝါဖြစ်နေလေသည်။

တံခါးနောက်မှ ဖြစ်ပျက်နေတဲ့အရာက သူ လုံး၀ မမျှော်လင့်ထားတဲ့ အရာပဲ...အခု သူ့မူလအစီအစဉ်က အလုပ်ဖြစ်မဖြစ် မသေချာတော့ဘူး...

ဒီထက်ပိုအရေးကြီးတာက...

ကျီရွှမ် ဒီမှာရှိနေတာ ဘယ်လောက်ကြာပြီလဲ...

သူ အရိုးများဖြင့် ပြုလုပ်ထားသော အရိုးပြင်ပေါ်သို့ လျှောက်ကာ ပတ်၀န်းကျင်ကို ကြည့်လိုက်သည်။

စွမ်းအားကြီးတစ္ဆေမ ဖန်တီးထားသော ကမ္ဘာကို အရိုးများကြားတွင် မြင်နေရဆဲဖြစ်သည်။ ကတ္တရာလမ်းကို ကြီးမားသောအရိုးပိုင်းများဖြင့် ပြုလုပ်ထားပြီး အဆောက်အအုံများကို ကွန်ကရစ်များဖြင့် ဘောင်ခတ်ထားကာ အထဲတွင် အရိုးများရှိနေပြီး ကြည့်ရသည်မှာ ထူးဆန်းနေလေသည်။

ထိုအချိန်တွင် ခြေသံများကို ရုတ်တရက် ကြားလိုက်ရသည်။

ယဲ့ကျား အနီးအနားရှိ အဆောက်အအုံနောက်သို့ လျင်မြန်စွာ ပုန်းလိုက်သည်။

လမ်း၏ အဆုံးတွင် ထူးဆန်းသော ပုံရိပ်လေးငါးခု ပေါ်လာသည်ကို မြင်လိုက်ရသည်။ အကြောင်းအချို့ကြောင့် သူ ၎င်းတို့နှင့် ရင်းနှီးနေလေသည်။

ယဲ့ကျား မျက်လုံးကို မှေးစင်းလိုက်ပြီး ၎င်းတို့ကို သေချာ ကြည့်လိုက်သည်။

သူ အနည်းငယ် အံ့ဩသွားသည်။

သူနှင့် နီးကပ်လာသည့် မကောင်းဆိုးဝါးများက ရှည်လျားပြီး သေးသွယ်သော လမ်းမီးတိုင်၊ စက်ဘီးနှစ်စီးနှင့် သရေစာဆိုင်းဘုတ်တို့ ဖြစ်သည်။ ထိုသရေစာဆိုင်းဘုတ်၏ စုတ်ပြတ်နေသော မျက်နှာပြင်တွင် 'စီချွမ် လမ်းဘေးအစားအစာ' ဟု ရေးထားလေသည်။ ယင်းမြင်ကွင်းက ထူးဆန်းပြီး ရယ်စရာကောင်းလေသည်။

သူတို့က သူတို့၏မူလပုံသဏ္ဍာန်များကို ထိန်းသိမ်းထားဆဲဖြစ်ကာ ထိုပုံသဏ္ဍာန်များမှ ဆန့်ထွက်လာသော အရိုးခြေလက်များကြောင့် ကိုယ်တိုင်လှုပ်ရှားသွားလာနိုင်ကြသည်။

“ငါ ကင်းမလှည့်ချင်ဘူး...”

သရေစာဆိုင်းဘုတ်က ပြောလိုက်သည်။

လမ်းမီးတိုင်က သရေစာဆိုင်းဘုတ်၏ သတ္တုဘောင်ကို ရိုက်လိုက်သည်။

"ဘော့စ်သာကြားရင် မင်းသေတော့မယ်..."

စက်ဘီးတစ်စီးက တိုးတိုးပြောလိုက်သည်။

"ဒီနေရာမှာ ထူးဆန်းတဲ့ အတက်အကျတွေရှိတာ သေချာလား..."

သရေစာဆိုင်းဘုတ်က သူ့၏သေးငယ်သည့် လက်ကို မြှောက်လိုက်ကာ လမ်းမီးတိုင်ရိုက်လိုက်သည့်နေရာကို ပွတ်လိုက်သည်။

"ဘေ့ာစ်ပြောတာပဲ..."

ပုံမှန်မဟုတ်ဘူး...

ယဲ့ကျား 'အားလုံးသိမြင်မျက်လုံး'ပြောခဲ့သော စကားများကို ပြန်တွေးလိုက်မိသည်။

ဒီနေရာမှာ သက်မဲ့ပစ္စည်းတွေက များပြားတဲ့ စွမ်းအင်တွေကြောင့် လမ်းလျှောက်ပြီး စကားပြောနိုင်ကြတာ သိသာတယ်...

ယဲ့ကျား အနည်းငယ် စိုးရိမ်သွားကာ အိတ်ကပ်ထဲမှ အစိမ်းရောင်ကျောက်တုံးကို ထိလိုက်သည်။

ယင်းက ယခင်အတိုင်း ချောမွတ်နေဆဲဖြစ်ပြီး ထူးခြားသည့် တစ်စုံတစ်ရာ ‌ထွက်ပေါ်လာခြင်း မရှိသောကြောင့် သူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ဒီကျောက်တုံးက ခြေတွေလက်တွေ ထွက်လာရင် အတော် ထူးဆန်းတဲ့ မြင်ကွင်းဖြစ်နေမှာ...

သူ ကျောက်တုံးကို ထုတ်လိုက်ပြီး ကမ္ဘာကြီးကို စစ်ဆေးလိုက်သည်။

ကမ္ဘာကြီးက ယခင်ကဲ့သို့ပင် အနက်ရောင်စွမ်းအားနှ်အနီရောင်စွမ်းအား အားပြိုင်နေဆဲဖြစ်သည်။

ယဲ့ကျား ကျီရွှမ်၏ လက်ရှိတည်နေရာကို မပြောနိုင်သေးပေ။

အရိုးမြို့က အလွန်ကြီးမားလေသည်။ ယဲ့ကျား ဦးတည်ချက်မဲ့ လျှောက်ရှာရန် အစီအစဉ်မရှိချေ။

သူ ပုန်းအောင်းနေရာမှ ထွက်လိုက်ပြီး မကောင်းဆိုးဝါးလေးကောင်ရှေ့ သူ့ကိုယ်သူ ထုတ်ဖော်ပြလိုက်သည်။

"ဟိုင်း...ငါ့ကို မင်းတို့ဘော့စ်နဲ့ တွေ့ဖို့ ခေါ်သွားပေးလို့ရလား..."

မကောင်းဆိုးဝါးလေးကောင် တ‌စ္ဆေမြင်ရသကဲ့သို့ ကြည့်နေပြီး အံ့ဩစွာ အော်လိုက်သည်။

"သူပဲ..."

"သူပဲ..."

"သူ့ကို မြန်မြန်ဖမ်း..."

ယဲ့ကျား : “……..”

သူ သူ့အစီအစဉ်အတိုင်း ဖြစ်မလာသည့်မကောင်းဆိုးဝါးများကို ကြည့်လိုက်ကာ စိတ်အနှောင့်အယှက်ဖြစ်လာပြီး နှာခေါင်းကို ဖိလိုက်သည်။

"ဘယ်လိုတောင် ဒုက္ခများတာလဲ..."

စက္ကန့်အနည်းငယ်ကြာပြီးနောက်...

လမ်းမီးတိုင်၊ စက်ဘီးနှစ်စီးနှင့် သရေစာဆိုင်းဘုတ် သူတို့၏ ခြေရိုးလက်ရိုးများ ဆုပ်ကိုင်ကာ မြေပြင်ပေါ်တွင် နာကျင်စွာ အော်ဟစ်လူးလှိမ့်နေကြသည်။

ယဲ့ကျား ရှေ့တက်လိုက်ပြီး တစ်ကောင်ကို ကန်လိုက်သည်။

"အိုကေ...မင်းတို့ ငါ့ကို ဘယ်ခေါ်သွားမှာလဲ..."

"ငါ...ငါတို့ ဘော့စ်ဆီ..."

လမ်းမီးတိုင် ကြောက်ရွံ့စွာ ပြောလိုက်သည်။

“အဲ့လိုလား...”

ယဲ့ကျား ခဏလောက် တွေးလိုက်သည်။

"ဒီလိုဆို သွားကြတာပေါ့..."

မကောင်းဆိုးဝါးများ : "..."

လူငယ်လေး လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး အင်္ကျီလက်များ လျှောကျသွားကာ ဖြူဖျော့သော လက်ကောက်၀တ်နှစ်ခုကို ထုတ်ဖော်လိုက်သည်။ လူငယ်ငယ် နှုတ်ခမ်းထောင့်ကို ကွေးညွှတ်လိုက်ပြီး အန္တရာယ်ကင်းသော အပြုံးပြုံးပြလိုက်သည်။

"မင်းတို့ ငါ့ကို ဖမ်းနိုင်ပြီ..."

မကောင်းဆိုးဝါးများ : “?”

ယဲ့ကျားသည် သူတို့ဘော့စ်က ဘတ်စ်ကားတစ်စီး ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

သူ့၏ ရှည်လျားသော သတ္တုကိုယ်ထည်ကြီးကို ခြေရိုး၊ လက်ရိုးများစွာက ပင့်မထားလေသည်။

ယဲ့ကျား လည်ဆန့်ကာ ကြည့်မှ ယင်းကို ရှင်းလင်းစွာ မြင်ရသည်။

တကျွိကျွိမြည်သံနှင့်အတူ ဘတ်စ်ကားက ယဲ့ကျားကို ကြည့်လာပြီး အကြည့်ကို ပြန်ရုတ်လိုက်ကာ အထင်သေးစွာ ရေရွတ်လိုက်သည်။

"ထပ်ပြီးတော့လား..."

ယဲ့ကျား : "?"

သူ တစ်ဖက်လူ ပြောချင်သည့်အဓိပ္ပာယ်ကို မသိသော်လည်း ပညာရှိစွာဖြင့် မမေးရန် ဆုံးဖြတ်လိုက်သည်။

ဘတ်စ်ကားက ဖြည်းညှင်းစွာ ကိုင်းညွှတ်လိုက်သည်။

"သူ့ကို ထည့်လိုက်..."

မကောင်းဆိုးဝါးများ အချင်းချင်း ကြောက်ရွံ့စွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏ ခြေလက်များက နာကျင်နေဆဲဖြစ်သည်။ သူတို့ ယဲ့ကျားကို မထိရဲကြပေ။

ယဲ့ကျား သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ဘတ်စ်ကားထဲကိုယ်တိုင်ခုန်ဆင်းလိုက်သည်။ ဘတ်စ်ကားက ထိုရှုပ်ထွေးမှုများကို သတိမထားမိပုံပေါ်သည်။ သူ ဖြည်းညှင်းစွာ ပြန်မတ်လိုက်ပြီးစတင်ရွေ့လျားလိုက်သည်။

သူ့၏ လက်များကို အရိုးလက်ထိပ်ဖြင့် ခတ်ခံထားရသော ယဲ့ကျား ဘတ်စ်ကား၏ ထိပ်တွင် နတ်ဘုရားသဖွယ် တင်ပလ္လင်ချိတ် ထိုင်နေလေသည်။ သူ ဘေးမှဖြတ်‌သွားသော မြင်ကွင်းများကို ကြည့်နေသည်။

ဘေးမှ လေတိုးသံများကြောင့် ယဲ့ကျား အသံမြှင့်ကာ မေးလိုက်သည်။

"အခု ငါတို့ဘယ်သွားနေတာလဲ..."

"ကင်းနဲ့တွေ့ဖို့ သွားနေတာ..."

ဒီတစ်ခါတော့ ကျီရွှမ်ဖြစ်လောက်တယ်...

ယဲ့ကျား စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

“တိတိကျကျပြောရရင် မင်းတစ်ယောက်ပဲ ကင်းကို တွေ့ရမှာ...ငါတို့တွေက ရဲတိုက်နားကိုတောင် ခြေမချရဲဘူး..."

ယဲ့ကျား သူ့အောက်မှ သတ္တုကိုယ်ထည် တစ်ခုခုကို ကြောက်ရွံ့နေ‌သကဲ့သို့ တုန်ရီနေသည်ကို ခံစားမိသည်။

ယဲ့ကျား : “……”

ကျီရွှမ်က အကြောက်တရားကို ဖြန့်ဝေတဲ့နေရာမှာ ကျွမ်းကျင်တဲ့သူပဲ...

အပြင်ကမ္ဘာမှာတောင် ကျီရွှမ်ကို မကြောက်တဲ့တစ္ဆေ မရှိသလောက်ကို နည်းတယ်...

ဒီလိုအဖွဲ့အစည်းပတ်၀န်းကျင်မျိုးက သိပ်မကောင်းဘူး...

အချိန်အတော်ကြာသွားပြီးနောက် ဘတ်စ်ကား ရပ်တန့်သွားသည်။

ဤနေရာက ကျွန်း၏ ဗဟိုဖြစ်ပုံရသည်။ ဤနေရာရှိ အရိုးများက အခြားနေရာများထက် ပိုသိသာလေသည်။ ခေတ်သစ်လူ့အဖွဲ့အစည်း၏ ခြေရာလက်ရာ မရှိလုနီးပါးဖြစ်သည်။

အနီ‌ရောင်မြေပြင်အလယ်တွင် အရိုးများဖြင့် ပြုလုပ်ထားသော ကြီးမားသည့် ရဲတိုက်ကြီးက အေးစက်ပြီး အထီးကျန်ဆန်လေသည်။

ယဲ့ကျား ဘတ်စ်ကားပေါ်မှ ခုန်ဆင်းလိုက်ပြီး ရဲတိုက်ကို မေးစေ့ဖြင့် ညွှန်ပြလိုက်သည်။

"ဒီနေရာလား..."

ယဲ့ကျား နောက်လှည့်ကာ ထွက်လာသည်။ ထိုအချိန်တွင် သူ့နောက်မှ ဘတ်စကားကရုတ်တရက် သူ့ကို ကြည့်ရဆိုးသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"မင်းက တခြားလူတွေနဲ့ မတူဘူးပဲ..."

“ဟုတ်တယ်...”

ယဲ့ကျား တည်ငြိမ်စွာ မေးလိုက်သည်။

“တခြားလူ‌‌တွေတဲ့လား...”

“ဟုတ်တယ်လေ...မင်းက ဒီနေ့အတွက် ဒုတိယမြောက် လူပဲ..."

ယဲ့ကျား : “…….”

ဟမ်...

ဘတ်စ်ကား တခစ်ခစ်ရယ်ကာ ပြောလိုက်သည်။

သူ့အသံက မနာလိုနေကြောင်း သိသာလေသည်။

"မင်း တခြားလူတွေထက် ကြာကြာအသက်ရှင်နိုင်ဖို့ မျှော်လင့်တယ်..."

ယဲ့ကျား : “…….”

ထိုအချိန်တွင် အရိုးရဲတိုက်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော အော်သံတစ်သံကြားလိုက်ရသည်။

ဒီအသံကို အရမ်းရင်းနှီးနေတယ်...ဖြစ်နိုင်တာက...

သူ့အသံပဲ...

ယဲ့ကျား: “…….”

ဖာ့ခ်...


Xxxxxx