part-43
ဝမ်လေးက သူ့ပန်းကန်ထဲမှစားစရာများကိုမွှေနှောက်နေရင်းမေးလိုက်သည်။
"မာမား သားဒီနေ့ရေခဲမုန့်စားလို့ရလား..."
သူ့၏ ပန်းကန်ထဲ၌အစားအစာများရှိနေသော်လဲ လောဘကြီးစွာဖြင့်အချိုပွဲစားမည့်အကြောင်းတွေးနေပေသေးသည်။
ယွမ်ရှ၏မူလကမ္ဘာတွင် သူမနဲ့ဆွေမျိုးတော်စပ်သောကလေးများအားလုံးက သူမကိုနှစ်သက်ကြပေသည်။အဘယ်ကြောင့်ဆိုသော်ယွမ်ရှက ကလေးများကိုကစားစရာနှင့်မုန့်ပဲသရေစာများတွန့်တိုခြင်းမရှိပေးသောကြောင့်ဖြစ်သည်။
သူမ၏အမြင်အရ ပိုက်ဆံအနဲငယ်သုံးပြီးကလေးများထံမှ ငြိမ်းချမ်းမှု၊နားအေးမှုကို လဲလှယ်ယူရသည်ကတကယ့်ကိုတန်လွန်းသည်ဟူ၍ပေ။
ထို့အပြင်ယွမ်ရှ ဒီနေရာသို့ကူးပြောင်းလာသည့်အချိန်ပထမအချိန်တုန်းကလဲ ဝမ်လေး၏တောင်းဆိုမှုများကိုမငြင်းဆိုခဲ့ပေ။သူစားချင်တာ ဘာမဆိုစားနိုင်သရွေ့သူမအတွက်အဆင်ပြေပေသည်။
သို့သော်လဲ အမည်ခံအမေအဖြစ်တစ်လနီးပါးခန့်နေထိုင်ပြီးသည့်နောက်တွင် သူမ၏အတွေးများကသူမပင်မသိလိုက်စွာပဲပြောင်းလဲသွားပြီဖြစ်သည်။
"မရဘူး..."
ဝမ်လေးက ဝမ်းနဲကြေကွဲနေသောမျက်နှာလေးဖြင့်သူမကိုကြည့်လိုက်သည်။သူ့၏မျက်နှာတွင်ထမင်းလုံးလေးများကပ်နေဆဲဖြစ်၏။
"ဘာလို့လဲ..."
ယွမ်ရှသူမ၏ဖုန်းကိုယူလိုက်ပြီးအချက်အလက်များကိုပြလိုက်သည်။
"ဒီမှာကြည့်လိုက် ဆရာဝန်က တစ်နေ့ကိုဘယ်လောက်ကယ်လိုရီပဲစားနိုင်တယ်လို့ ပြောထားတယ်...တကယ်လို့ပေါင်ပေါင်ရေခဲမုန့်စားလိုက်မယ်ဆိုရင် သတ်မှတ်ထားတာထက်ကျော်သွားလိမ့်မယ်...ပြီးတော့မနေ့ကတုန်းကရေခဲမုန့်စားထားပြီးပြီမဟုတ်ဘူးလား... ဒီနေ့စားလို့မရဘူး...ပြီးတော့ သားရဲ့ပါပါးပြန်လာရင်သူရေခဲသေတ္တာကိုဖွင့်ပြီးတော့စစ်ကြည့်မှာနော်..."
စုန့်ထင်ရှန်းက တကယ့်ကို စည်းကမ်းတင်းကြပ်ပေသည်။သူကနေ့တိုင်းရေခဲသေတ္တာကိုစစ်ဆေးကြည့်သည့်အပြင် ထည့်ထားသည့်မုန့်ပဲသရေစာအရေအတွက်ကိုလဲမှတ်မိနေပေသည်။အကယ်၍သတ်မှတ်ထားသည့်အရေအတွက်ထက်လျော့နည်းနေပါက သူကမေးမြန်းစစ်ဆေးပေလိမ့်မည်။သူကဝမ်လေးကိုအလွန်ပင်ချစ်သော်လဲအလိုလိုက်ပျက်စီးအောင်မလုပ်ပေ။
သူကတကယ့်ကိုတင်းကြပ်သည့်အဖေတယောက်ပင်ဖြစ်သည်။
ဝမ်လေးကစဉ်းစားနေသလိုမျိုးတွေတွေလေးဖြစ်သွားသည် ထို့နောက်တစုံတရာအတွေးပေါက်သွားသလိုမျိုးသူ့၏မျက်ဝန်းလေးများလင်းလက်သွား၏။
"သား ရေခဲမုန့်စားတယ်ဆိုတာကို ပါပါးကို ပြန်မပြောလို့မရဘူးလား..."
ယွမ်ရှကလေးကို တစ်ချက်စွေကြည့်ပြီးပြောလိုက်သည်။
"ပေါင်ပေါင်က မာမားကို အစားအပြစ်ခံစေချင်နေတာလား..."
ဒီလိုပူအိုက်သညိ့ရာသီမျိုး၌လူတိုင်းအေးမြသောအစားအစာရေခဲမုန့်ကိုစားချင်မိသည်။ သူမသည်လဲချွင်းချက်တခုမဟုတ်ပေ။သို့သော်လဲယခုအချိန်၌သူမတွင် နတ်ဘုရားတပါးလိုအသွင်အပြင်မျိုးရှိနေပြီဖြစ်သည်။မူလပိုင်ရှင်ကသူမ၏ပုံရိပ်ကိုသေချာစွာထိန်းသိမ်းထားခဲ့သည် သူမက၎င်းကိုဖျက်ဆီးမှုမပြုနိုင်ပေ။
သူမဒီနေရာသို့ပြောင်းလဲရောက်ရှိလာပြီး ပထမရက်အနဲငယ်အတွင်းတွင် ဘာကိုမှ ဂရုမစိုက်ပဲ သူမစားချင်တာမှန်သမျှကိုစားသောက်ခဲ့လေသည်။မူလပိုင်ရှင်က သူမ၏ ကိုယ်အလေးချိန်ကိုတိုင်းတာသောအဆင့်မြင့်နည်းပညာတခုရှိနေသည်။ထို့ကြောင့်သူမထိုစနစ်ကိုအသက်သွင်းလိုက်သည်နှင့် သူမကီလိုအနဲငယ်ဝိတ်တက်လာကြောင်းကိုပြသနေပေသည်။
စင်ဂယ်ဒေါ့လေးဖြစ်သော ယွမ်ရှအနေဖြင့်ခန္ဓာကိုယ်အလေးချိန်တက်လာခြင်းက သူမမျက်နှာ၏တန်ဖိုးကိုလျော့ကျသွားစေနိုင်ကြောင်းသူမကောင်းစွာသိပေသည်။လူတယောက်၏ကိုယ်အလေးချိန် ၅ကီလိုတက်လာလျှင် သို့မဟုတ် ၅ကီလိုကျသွားလျှင် သူတို့၏မျက်နှာကိုကြည့်ရသည်ကလဲလုံးဝကွာခြားသွားပေလိမ့်မည်။
သူမကမူလခန္ဓာကိုယ်၏ ခန္ဓာကိုယ်အချိုးအစားနှင့်မျက်နှာကိုအလွန်ကြိုက်နှစ်သက်ပေသည်။
ဒါပေါ့...ဒီတော့သူမအံတင်းတင်းကြိတ်ပြီးတော့ မူလအခြေအနေတိုင်းရှိနေအောင် ကြိုးစားထိန်းသိမ်းရတော့မှာပေါ့...
ထပ်လောင်းပြောမည်ဆိုလျှင်လဲ မူလခန္ဓာကိုယ်၏အဝတ်အစားများက ခန္ဓာကိုယ်နှင့်ကွက်တိအချိုးစားကျနသည့် အဝတ်အစားများသာဖြစ်သောကြောင့် သူမ၏ခန္ဓာကိုယ်အလေးချိန်ကိုလုံးဝမပြောင်းလဲသွားဖို့လိုအပ်နေလေသည်။သူမကီလိုအနဲငယ်မျှလောက်အလေးချိန်တက်လာသည်နှင့် အဝတ်အစားများ၏ကြည့်ကောင်းလှသောပုံသဏ္ဏန်ကိုပျက်စီးသွားစေပေလိမ့်မည်။
ထို့ကြောင့်ယွမ်ရှခေါင်းခါယမ်းပြီး ဝမ်လေး၏အဆိုပြုချက်ကိုငြင်းပယ်လိုက်သည်။
"မရဘူး ပြီးတော့ ပါပါးကလဲမာမားကိုယုံမှာမဟုတ်ဘူး..."
တကယ်တမ်းတွင် သူမရေခဲမုန့်ကိုစားလိုက်သည်ဟုသာပြောလိုက်လျှင် စုန့်ထင်ရှန်းကနှိုက်နှိုက်ချွတ်ချွတ်စစ်မေးနေတော့မည်မဟုတ်ပေ။ သူက ထိုမျှထိအစွန်းရောက်သည့်သူမျိုးလဲမဟုတ်ပေ။
ဝမ်လေးမျှော်လင့်ချက်မဲ့သလိုခံစားလိုက်ရသည်။ သူ့၏ရှေ့ကညစာကိုသာ ရေခဲမုန့်လို့မြင်ယောင်ပြီးစားသုံးရန် ကြိုးစားအားထုတ်လိုက်လေသည်။
ယွမ်ရှကသနားကြင်နာသည့်အမူအယာလေးကိုပြလိုက်သော်လဲ
သူမ၏နှုတ်ဖျားမှထွက်လာသောစကားများမှမူ...
"ဒီနေ့တော့ရေခဲသေတ္တာထဲက ရေခဲမုန့်လေးတွေက ဘေးအန္တရာယ်ကလွတ်မြောက်သွားပြီဟေ့...သူတို့တော့တစ်စုံတစ်ယောက်ရဲ့စားသုံးခြင်းကိုမခံရလို့ ပါတီပွဲလုပ်ကြတော့မယ်..."
ထိုစကားများကိုကြားလိုက်သည်နှင့် ဝမ်လေးကအမှန်ကိုပြန်ပြင်ပေးလာသည်။
"မာမား ရေခဲမုန့်တွေကအသက်မရှိဘူး...သားစားလိုက်တာပဲဖြစ်ဖြစ် ရေခဲသေတ္တာထဲမှာနေရတာပဲဖြစ်ဖြစ် ရေခဲမုန့်တွေအတွက်ကဘာမှမထူးခြားဘူး...သူတို့မှာမှ ခံစားချက်မရှိတဲ့ဟာကိုဘယ်လိုလုပ်ပြီးတော့ ပါတီလုပ်ကြမှာလဲ..."
ယွမ်ရှသူ့ကိုမေးခွန်းပြန်ထုတ်လိုက်သည်။
"သူတို့မခံစားတတ်ဘူးလို့ ပေါင်ပေါင်ကဘယ်လိုသိလဲ. ပေါင်ပေါင်ကရေခဲမုန့်မှမဟုတ်တာ..."
ဝမ်လေး၏ပြည့်ပြည့်ဖောင်းဖောင်းမျက်နှာလေးရှုံ့မဲ့သွားလေသည်။
"သား သိတာပေါ့..."