ချင်ကျားရှုရေဘူးကိုကိုင်ထားရင်း သူ့ရှေ့က ဝမ်ကျစ်ချူး အား အဆုံးအစမရှိသောမျက်ဝန်းများနှင့်ကြည့်နေသည်။
မနက်က ကျိဖုန်းချန်မှ ကျစ်ချူးသူ့ကို လာရှာနေသည်လို့ ပြောခဲ့သည်ကို သူက ဟာသ လို့သာထင်နေခဲ့သည်။
ရေသောက်ဖို့ ခေါင်းကို မော့လိုက်ပြီးကြည့်လိုက်တဲ့အချိန်မှာ သူ့မြင်ကွင်းထဲ ကျစ်ချူး ကို မြင်တွေ့ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ အဲဒါကြောင့် သူဖြတ်ကနဲပဲကြည့် လိုက်သည်။
တစ်ပတ်လောက်မတွေ့ရတာတောင်မှ အမြဲတမ်းလိုလို စိတ်ရှုပ်စရာကောင်းနေတုန်းပဲ'။ တစ်ဖက်လူကို ဘယ်လောက်ပဲ သူမုန်းနေသည်ဖြစ်ပါစေ။ ချင်ကျားရှု့ဟာ သူ့မျက်နှာပေါ်မှာ ခံစားချက်တွေကို ဘယ်တော့မှ မဖော်ပြဘူး။
စက်ရုပ်သံ ကဲ့သို့သောအသံကို သူ့ခေါင်းထဲတွင် ကြားနေရသောအခါ ဝမ်ကျစ်ချူးဟာ နေရာမှာတင် ခဏတာမျှ ငြိမ်ကျသွားသည်။
ကျစ်ချူးသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့ စကားနည်းငယ် ကို ပြန်လည်ပြောချင်သော်လည်းပဲ သူစိတ်လှုပ်ရှားနေသဖြင့် စကားပြောရာတွင် ထစ်ငေါ့နေခဲ့သည်။
သူပြောလိုသည့် စာကြောင်းမှာ အဓိပ္ပါယ်အတိုင်းဆိုရင် "ငါက ဒီလိုမျိုး တာဝန်ကို ပြီးအောင်လုပ်လိုက်နိုင်ပြီ" ဟူ၍ဖြစ်သည်။
သို့သော်လည်း သူ အရမ်းစိတ်လှုပ်ရှားနေတော့ စာကြောင်းတစ်ဝက်မှာတင် ဖြတ်တောက် ခံလိုက်ရတယ်။
ပြီးတော့ ကျန်သေးတဲ့ စကားလုံးတွေ ဆက်ပြောနိုင်ခင်မှာပင် တာဝန် ပြီးမြောက်သွားပြီဆိုတဲ့ အချက်ပေးသံကိုကြားလိုက်ရတယ်။ သူ ခဏလောက်တော့ တွေဝေသွားတယ်။
"နတ်သူငယ်လေး၊ တာဝန်ကပြီးသွားပြီလား"
[စနစ် : အင်း၊ ပြီးပြီ]
ဝမ်ကျစ်ချူး ချင်ကျားရှု့အား ကြောက်လန့်စွာဖြင့်ကြည့်လိုက်ကာ "ဒါပေမယ့် သူပြုံးနေတယ်နော်"
[စနစ် : ဒီကောင်စိတ်ဆိုးနေတာ]
ဝမ်ကျစ်ချူး : ...
ချင်ကျားရှု့၏ မျက်ဝန်းနက်နက်များပေါ်တွင် မှန်းဆရခက်ခဲသော စိတ်ခံစားချက်များက ပြေးလွှားလျက်ရှိသည်။ သို့သော် ပုံမှန်အတိုင်း ပြုံးရွှင်နေ သည့် အပြုံးသာ သူ့မျက်နှာပေါ်တွင် ဆင်မြန်ထားသည်။
သို့သော်လည်း သူသည် အပြုံးသည် မမီမပြင်ဖြစ်နေသည် ဟု ဝမ်ကျစ်ချူး ခံစားနေရသည်။
ဝမ်ကျစ်ချူး တံတွေးမြိုချ၍ ခြေနှစ်လှမ်းမျှ နောက်ဆုတ်မိသည်။ သူသည် ဇတ်လိုက်ထံမှ လက်သီးချက်များကို ခံစားရတော့မည်ဟု သူထင်လိုက်မိ၍ဖြစ်သည်။
တစ်ယောက်နှင့်တစ်ယောက် ခေါင်းအစခြေအဆုံးကြည့်ပြီးသည့်နောက် ချင်ကျားရှုသည် ကွင်းထဲမှ ဆံပင်ကိုစည်းလျှက် ထွက် သွားသည်။ သူ့၏အသက်အရွယ်နှင့် လိုက်ဖက်အောင် သူ့ခန္ဓာကိုယ်မှာ တောက်ပြောင်ကြံ့ခိုင်လျက်ရှိ၏။ လက်မောင်းများရှိ ကြွက်သားများသည်လည်း အခုလေးတင်ပြီးသွားသော အားကစားလှုပ်ရှားမှုများကြောင့် ယခုထိ ပေါ်ထွက်လျှက်ရှိသည်။
'တကယ်လို့ ငါတို့ရန်ဖြစ်ခဲ့မယ်ဆိုရင်...'
'လက်သီးတစ်ချက်စာပဲ ဖြစ်နိုင်လောက်တယ်'
[စနစ် : ကောင်လေး၊ ငါသိသလောက်အရတော့ လူတွေရဲ့ စွမ်းအားနဲ့ဖြစ်နိုင်စွမ်းဟာ အနိုင်းမဲ့ပဲ။ သင့်ကိုယ်သင် အထင်သေး စိတ်ဆင်းရဲနေတာမျိုး ငါအဖြစ်ခံမှာမဟုတ်ဘူး]
ဝမ်ကျစ်ချူးဟာ ပြန်တွေးလိုက်မိသည်။
'ကောင်းပြီ။ ဒါဆိုရင်လဲ လက်သီးနှစ်ချက်ပေါ့'
[စနစ် : ...]
ဝမ်ကျစ်ချူးသည် သူလက်သီးဖြင့် ထိုးခံရပါက ဘယ်လိုအနေအထားဖြင့် လဲချလိုက်ရင်ညကောင်းမလဲ ဟု စဉ်းစားနေစဉ် အတောအတွင်းမှာပဲ အခြားတစ်ယောက်မှ ပြောလိုက်သည်။
"ကျောင်းသားဝမ်၊ မင်းဒါကိုပုံမှန်လို့ ထင်နေတာလား"
ချင်ကျားရှု၏မျက်နှာမှာ မည်သို့သော စိတ်မသာယာမှုကိုမှ မပြပေ။ အသံသည်လဲ တိုးနေပြီး ဂရုစိုက်ပုံလဲမပေါ်ပေ။ သို့သော် သူ၏ မျက်လုံးများမှာ ဝမ်ကျစ်ချူးအပေါ်တွင် ကျရောက်လျှက်ရှိသည်။
ဝမ်ကျစ်ချူး၏နှလုံးမှာ စည်းချက်တစ်ချက် ခုန်ကျော်သွား၏။ မျှော်မှန်းထားသည့်အတိုင်းပင် ချင်ကျားရှုအားဝန်းရံလျှက်ရှိ သောမိန်းကလေးများသည်သူ့အား စိတ်မကျေနပ်စွာဖြင့် ကြည့်ကာ ခေါင်းများခါနေကြသည်။
"နင်က ကိုယ့်စီနီယာ ဘတ်စကတ်ဘောကစားတာ အရမ်းတော်တာကို မနာလိုဖြစ်နေတာပဲ"
"ချဉ်ဖတ်"
မုံ့ယန် သည်လည်းပဲ သူ့အပေါ် စိတ်မကျေနပ်စွာဖြင့် ကြည့်ကာ "ကျားရှုက အရမ်းချောတယ်"
"ပြီးတော့ မင်းဘယ်လိုပဲ အတန်းဖော်ချင် ကိုထိခိုက်အောင်လုပ်လုပ်၊ ဘာမှအသုံးမဝင်ဘူး။ အတန်းဖော်ချင်က အရမ်းတော်တာလေ"
ဝမ်ကျစ်ချူးသည် ဒီလိုဝိုင်းပြော၊ အပြစ်တင်နေသော လူအုပ်ကြားထဲမှ လွတ်မြောက်ရန် အချိန်အတန်ကြာယူလိုက်ရ၏။ သို့သော် သူမော့ကြည့်လိုက်သာအခါတွင် ချင်ကျားရှုထွက်သွားခဲ့သည်မှာ အတော်ကြာနေပြီဖြစ်သည်။
အတန်းပြန်မစမှီ သုံးမိနစ်အလိုတွင် ချင်ကျားရှုနှင့် သူ၏အပေါင်းအပါများသည် စာသင်ရမည့်အဆောက်အဦးဆီသို့ ပြန်ရောက် လာကြသည်။
ချင်ကျားရှု ငါးလွှာကို တက်တက်ချင်းပဲ အတန်း ၁ ရဲ့အင်္ဂလိပ်အတန်းကိုယ်စားလှယ်* ကို လှေကားဒေါင့်မှာ မနိုင်မနင်း သယ်လာတဲ့စာအုပ်တွေ အထပ်လိုက်ကြီးနဲ့ တွေ့လိုက်ရတယ်။ ပြီးခဲ့တဲ့နှစ်အတန်းအဖွဲ့ရဲ့ အင်္ဂလိပ်စာရုံးခန်းကို သွားပို့ဖို့ လုပ်နေတာပဲဖြစ်လေသည်။
အင်္ဂလိပ်အတန်းကိုယ်စားလှယ်ဟာ မိန်းကလေးဖြစ်ပြီး စာအုပ်တွေအများကြီးကိုလည်း သယ်ထားရသည်။ အတန်းစတော့မည် ဖြစ်သောကြောင့် ကျောင်းသားအတော်များများသည် ဝင်လာကြပြီး စင်္ကြန်များတွင် သွားလာနေကြသည်။
အတန်းကိုယ်စား လှယ်သည် ရှောင်လိုက်တိမ်းလိုက်ဖြင့် ကြက်ဥအခွံပေါ်လမ်းလျှောက်နေရသကဲ့သို့ ဗျာများနေရသည်။
"အကူအညီလိုသေးလား"
ကြည်လင်ပြတ်သားသော အသံကိုကြားလိုက်ရသောကြောင့် အင်္ဂလိပ်အတန်းကိုယ်စားလှယ်သည် ခေါင်းမော့ကြည့်လိုက်မိ သည်။ ချင်ကျားရှု၏ ချောမော၍ ကြင်နာနူးညံသောမျက်နှာအားတွေ့လိုက်ရသောအခါ ခဏတာမျှ ရှက်သွေးဖြာသွားသည်။
"ဒီမှာ အဆင်မပြေဖြစ်နေလို့ပါ"
ချင်ကျားရှုသည် ပြုံးလိုက်ကာ တစ်ဖက်လူ၏လက်ထဲမှ စာအုပ်အကုန်လုံးကို ယူလိုက်သည်။ "အဆင်ပြေပါတယ်"
အင်္ဂလိပ်အတန်းကိုယ်စားလှယ်သည် ကြည့်လိုက်ပြီးနောက် အလျင်အမြန် ပြောသည် "ကျောင်းသားချင် ၊ ကျွန်မကို စာအုပ် နည်းနည်းပြန်ပေးပါဦး"
"မလို"
တစ်ဖက်လူ၏ အသံမှာ အလွန်ပေါ့ပါးလှသည်။ သူသည် တိုတိုနှင့်လိုရင်း နှစ်လုံးသာပြောလိုက်၏။
တစ်ဖက်မှအဖော်မိန်းကလေးမှလည်း သူ့ကိုကြည့်ပြီးပြောလိုက်သည်။ "ချင်ကော၊ အရင်ဆုံး ပြန်သွားရအောင်"
ချင်ကျားရှုသည် ခေါင်းညိတ်ပြလိုက်ပြီးနောက် စာအုပ်များကို အင်္ဂလိပ်စာရုံးခန်းထဲသို့ သယ်သွားသည်။
ကျိဖုန်းချန်သည် အိပ်နေသောကြောင့် ဘက်စကတ်ဘော သွားမကစားဖြစ်ပေ။ သူသည် အတန်းထဲသို့ ပြန်ဝင်ရောက်လာသော ကျောင်းသားအား ကြည့်ကာ မေးလိုက်သည်။ "လောင်ချင် ဘယ်မှာလဲ"
အတန်းဖော် : "ချင်ကောက အင်္ဂလိပ်စာအတန်းကိုယ်စားလှယ်ကို ရုံးခန်းထဲကို ပစ္စည်းတွေဝိုင်းကူသယ်ပေးနေပါတယ်"
ဆရာကြီးကျိဖုန်းသည် သန်းဝေလျှက် : "အိုး ဟန်ဆောင်နေတာပဲ"
"..."
လူတိုင်းလူတိုင်း၏မျက်လုံးထဲတွင် ချင်ကျားရှုသည် အလွန်တောက်ပလျှက်ရှိသည်။ သူသည်ချောမာ၍ မိသားစုအသိုင်းအဝိုင်းမှာ လဲတောင့်တင်းသည်။ သူသည် ထိပ်တန်းကျောင်းသားလဲဖြစ်သည်။
ပြိုင်ပွဲအမျိုးအစားများစွာကို ပါဝင်ယှဉ်ပြိုင်နေ၍ သူ့အား ဘက်စုံအားကစားသမား ဟုလည်းခေါ်ကြသည်။ အပြုအမူ၊ အမူအကျင့်များလည်းကောင်းမွန်၍ ပညာရည်လည်းပြည့်ဝသော ကြောင့် စက်ရုပ်ကဲ့သို့ ပြီးပြည့်စုံသောသူလည်းဖြစ်သည်။
သို့သော် တခြားလူများသည် ချင်ကျားရှုအကြောင်း ဘာမှမသိကြ။ ကျီဖုန်းချန်သည်သာ အလုံးစုံကောင်းစွာသိထားသည်။ သူသည် ချင်ကျားရှုနှင့်အတူတူ ငယ်စဉ်ကလေးဘဝထဲမှစ၍ ရင်းနှီးခဲ့သည်။
လူတိုင်းက ချင်ကျားရှု၏ဟန်ဆောင်မှုနဲ့ လှည့်ကွက်များအောက်တွင် ကျရှုံးကာ ချင်ကျားရှုအား ဘက်စုံတော်သည့်အပြင် ချောမောကာ ကြင်နာတတ် ကူညီတတ်သူသော အဖြစ်ထင်မှတ်ကာ သူ၏လှည့်ကွက်များ ကို မမြင်နိုင်ကြပေ။
ကျိဖုန်းရဲ့နားတွေထဲမှာ သူ့အမေပြောတဲ့စကားတွေ တော်တော်လေးပြည့်နေခဲ့ပြီ။
"နင့်အဆင့်တွေကိုကြည့်စမ်း။ နင့်ကိုပြောရမှာတောင်ငါရှက်တယ်။ ချင်ကျားရှုဆို ဒီနှစ် ခရိုင်မှာ အတော်ဆုံးကျောင်းသားသုံး ယောက်ထဲမှာပါတယ်။ သူ့အမေဆို ငါတို့အတူတူ အလှပြင်ဖို့သွားတုန်းကဆို ဂုဏ်ယူနေလိုက်တာများ၊ အခုနင့်ကိုယ်နင်ကြည့် စမ်း"
မိန်းမတွေရဲ့စကားဝိုင်းမှာ ပြောကြတဲ့ အကြောင်းအရာက နည်းနည်းပဲရှိသည်။ ဒီကမ္ဘာကြီးထဲမှာ သူတို့ ယောက်ျားတွေနဲ့ကလေးတွေရဲ့အကြောင်းကလွဲပြီး နောက်ထပ် ပစ္စည်းတွေနဲ့ ဇိမ်ခံကုန်ပစ္စည်းတွေ အကြောင်းကိုသာ ပြောကြသည်။
ကျိဖုန်း မနာလို မဖြစ်သလို မခံချင်စိတ်လဲ မဖြစ်ပါချေ။ "အမေ၊ သိပ်နှိုင်းယှဉ်ပြီး မပြောပါနဲ့လား"
ကျိဖုန်းရဲ့အမေက လက်ကိုမြှောက်လိုက်ပြီး ဆူပူနေသည်။ "မင်းက မင်းအဖေလိုပဲ တိုးတက်ချင်စိတ် နည်းနည်းမှကို မရှိဘူး။"
သတင်းစာကို ဖတ်လျက် အပြစ်ကင်းစွာ ထိုင်နေသော ကျီဖုန်းရဲ့အဖေသည် ကျီဖုန်းကိုတိတ်တဆိတ်ကြည့်လိုက်သည်။
သူ့ရဲ့မျက်လုံးများဖြင့်စကားပြောလျှက်ရှိသည်။
'မင်းဘာလို့မင်းအမေကို အတိုက်အခံတွေ ပြောနေတာလဲ"
"..."
ချင်ကျားရှုပြန်ရောက်လာသောအခါ ကျိဖုန်းချန်ကမေးလိုက်သည် "ညကျရင် အင်တာနက်ဆိုင်သွားချင်လား"
ချင်ကျားရှုသည် သူ့ကို တစ်ချက်ကြည့်လိုက်သည်။
တစ်ဖက်လူ ဘာမှမပြောသော်လည်း ဆရာကြီးကျိဖုန်းက ထိုသူ သဘောတူမှန်းသိလိုက်သည်။
ကျိဖုန်းက ခပ်ပေါ့ပေါ့ပဲပြောလိုက်သည်။ "ချင်ကော ဒီည ဒကာခံရမှာနော်"
ဝမ်ကျစ်ချူး အတန်းထဲသို့ပြန်ရောက်သောအခါ သူ့၏နှလုံးခုန်သံများ တဖြည်းဖြည်း လျော့ကျလာ၍ စိတ်သက်သာသွားသည်။ သူသည် ရေအနည်းငယ်သောက်ဖို့အတွက် ရေပုလင်းကိုထုတ်လိုက်သည်။
[စနစ် : ကောင်လေး တာဝန်ပြီးသွားတော့ ဘယ်လိုခံစားရလဲ]
ဝမ်ကျစ်ချူး : "အဆင်ပြေပါတယ်"
[စနစ် : ငါစနစ်လာကတည်းက သင်ကတာဝန်ပြီးတာ အမြန်ဆုံးပဲ]
ရုတ်တရက် ချီးမွမ်းခံလိုက်ရသောကြောင့် ဝမ်ကျစ်ချူးသည် အနည်းငယ် ရှက်သွားသည်။ ဆံပင်ကိုသပ်၍ မချိပြုံးလေးပြုံးကာ "တကယ်လား၊ အဲ့ဒါဘာမှမဟုတ်သေးဘူးနော်"
[စနစ် : တချို့တွေက ဗီလိန်ဖြစ်ဖို့ အပင်အပန်းခံပြီးကြိုးစားရတယ်။ သင်က အဲ့ဒီလိုမဟုတ်ဘူး]
ဝမ်ကျစ်ချူးသည် ဒီလိုပြောသည်ကိုကြားရသောအခါ တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရ၏။
[စနစ် : မင်းအရမ်းတော်တာပဲ]
"..."
ဝမ်ကျစ်ချူးသည် စနစ်က သူ့အား ချီးမွမ်းနေသည် မှာ အဆိပ်ထည့်ထားသောပျားရည်ကို အတင်းကျွေးခံနေရသကဲ့သို့ ဖြစ်နေသည်။ "ကျေးဇူး"
[စနစ် : ဘာတွေရှက်ကြောက်တွန့်ဆုတ်နေရတာလဲ]
ဝမ်ကျစ်ချူးသည် ခဏတာမျှ ပြောစရာစကားမရှိဘဲဖြစ်သွားသည်။
[စနစ် : ငါခေါ်လာသမျှအထဲမှာ သင်က ပူပန်မှုအကင်းဆုံးပဲ]
ဝမ်ကျစ်ချူးသည် သံသဃဖြင့်မေးလိုက်သည်။ "မင်းဘယ်နှယောက်ခေါ်လာလို့လဲ"
[စနစ် : နှစ်ယောက်]
ဝမ်ကျစ်ချူး : ...
'တော်တဲ့သူတစ်ယောက်က နောက်ဆုံးတစ်ယောက်တော့ ထောင်ထဲရောက်သွားပြီ။ အခုတော့ သူကလဲ အပူအပင်အကင်းဆုံးလူဖြစ်နေပါပြီ'
ဝမ်ကျစ်ချူးသည် နတ်သူငယ်လေးကို လစ်လျူရှုထားလိုက်သည်။ ဖောင်တိန်ကိုထုတ်ပြီးနောက် ရူပဗေဒ မှတ်စုများကို စတင် လေ့လာနေသည်။
[စနစ် : ကောင်လေး သင့်ကြည့်ရတာ သိပ်မပျော်သလိုပဲ]
ဝမ်ကျစ်ချူးသည် ခေါင်းငုံကာ စာရေးရင်းပြောလိုက်သည်။ "မဟုတ်ပါဘူး"
[စနစ် : သင့်အိတ်ကပ်ကို မင်းအခုထိကြည့်လိုက် မင်းပျော်စေရမယ်]
သူသည် စူးစမ်းစွာဖြင့်ထိကြည့်လိုက်၏။ သူ့အိတ်ထဲတွင် တာဝန်ပြီးမြှောက်သဖြင့် ပေးသောဆုငွေ ယွမ်တစ်ဆယ်တန်လေးတစ်ခု ရှိနေသည်။
ဝမ်ကျစ်ချူး : "နတ်သူငယ်လးရေ"
[စနစ် : သင် ငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူး၊ သင်ရသင့်တာပဲလေ]
ဝမ်ကျစ်ချူး : "ငါ..."
[စနစ် : ငါပြောခဲ့သလိုပဲလေ ကျေးဇူတင်တယ်ဆိုတာ မသုံးနဲ့ပေါ့]
"မဟုတ်ဘူး၊ ငါမေးချင်တာက အကြွေနဲ့လဲလို့ရလားဆိုတာပဲ။ ငါအိမ်ကို ဘတ်စ်ကားစီးပြန်ချင်လို့"
[...]
အဆုံးမှာ ဝမ်ကျစ်ချူးသည် သူလိုချင်နေခဲ့သည့် ပိုက်ဆံ ၁၀ ကိုရရှိခဲ့သည်။ သူဒီမနက်က ကြည့်ခဲ့သော ဆိုင်းဘုတ်တွင် ဘတ်စ် ကားအစီအစဉ်ကို သူတွေ့ခဲ့သည်။ ဒုတိယနှစ်အထလယ်တန်းတွင် ညနေခင်း ၉နာရီခွဲ၌ ကိုယ်ပိုင်လေ့လာရပြီး နောက်ဆုံး ဘတ်စ်ကားသည် ၁၀နာရီမတိုင်ခင်ထွက်သည်။
ပြီးတော့ ညစာကို ကိုယ်တိုင်ချက်စရာတောင်မလိုတော့၊ ကျောင်းမှာစားနိုင်သည်။ သူ့၏အတွက်အချက်လေးများကို ဝမ်ကျစ်ချူးသည် ပျော်ပျော်ရွှင်ရွှင်စဉ်းစားနေစဉ်မှာပင် သူ့ခေါင်းထဲသို့ မကောင်းဆိုးဝါး၏တီးတိုးပြောသံလို စက်ရုပ်သံတစ်ခု မြည်ဟီးလာသည်။
[စနစ် : ဗီလိန်တာဝန်၊ ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန်မှ ထွက်ပြေးပါ။ တာဝန်ပြီးမြောက်ခြင်းအတွက် ယွမ်ငါးဆယ်ရရှိမည်။ ဗီလိန်တန်ဖိုး ၁ ရာခိုင်နှုန်းတက်မည်ဖြစ်ပြီး ကျရှုံးခဲ့ပါက ၁၀ယွမ်အား နှုတ်ယူပါမည်]
ဝမ်ကျစ်ချူး၏မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်းဆိုသလို အေးခဲသွား၏။
"နတ်သူငယ်လေးရေ"
[စနစ် : ငါဒီမှာရှိတယ်]
ဝမ်ကျစ်ချူးသည် ရယ်တောင်မရယ်နိုင်ပေ။ "မင်းက ငါ့ဗိုက်ထဲက သန်ကောင်များလား"
မမျှော်လင့်စွာဖြင့် ၎င်းစက်ရုပ်သံသည် ရှက်သွားပြီး [ငါတို့ တစ်ယောက်နဲ့တစ်ယောက်သိရလောက်အောင်မရင်းနှီးသေးပါ ဘူး]
"..."
ငါကျောင်းမှာ ညစာစားနိုင်တော့မယ်ဆိုပြီး ငါ့နှလုံးသားလေး ပျော်ရွှင်ပြီးနေတဲ့ အချိန်မှာ မင်းက ငါ့ကိုဗီလိန်တာဝန်အကြောင်း လာပြောတယ်'
သူသည် ခေါင်းကိုငုံ့လိုက်ပြီး သူ့လက်ထဲမှ ငွေ ၁၀ ယွမ်ကို ကြည့်နေမိသည်။ အကယ်၍ သူသည် တာဝန်ကိုကျရှုံးခဲ့ပါက ထိုပိုက် ဆံများသည် သုံးစွဲလိုက်ရမည်ဖြစ်သည်။ သူသည် အိမ်ကို ပိုက်ဆံတစ်ပြားမျှ သယ်သွား နိုင်မည်မဟုတ်ပါချေ။
နေ့လည်ခင်း၏ကိုယ်ပိုင်စာကြည့်ချိန်အတွင်းတွင် ဌာနမှူးသည် စစ်ဆေးဖို့ရောက်လာပြီး စင်္ကြန်တစ်လျောက် သွားနေခဲ့ကာ အခန်း ၁၁ ကိုဖြတ်သွား၍ နောက်တံခါးမှတစ်ဆင့်အခန်းထဲကိုကြည့်လိုက်သည်။ အဲ့ဒီနောက်မှာတော့ ဌာနမှူးသည် အတန်းထဲကို မျက်နှာထားတင်းမာစွာဖြင့်ဝင်ရောက်လာသည်။
အခန်း ၁၁ သည် တီးတိုးပြောနေကြနေရင်း ချက်ချင်းတိတ်ဆိတ်သွားသည်။
ဌာနမှူးသည် စင်မြင့်ပေါ်သို့တက်သွားပြီး တစ်တန်းလုံးကို လေ့လာလိုက်သည်။ ဘယ်ကျောင်းသားမျှ စာလေ့လာခြင်းနှင့် မသက် ဆိုင်သောအရာကိုမလုပ်နေကြပေ။ ဝမ်ကျစ်ချူးသည်ပင် စာဖတ်နေသည်။
ဌာနမှူး အနည်းငယ်အံဩသွားသည်။
ဒီကလေးသည် ဟန်ဆောင်ရာတွင်လည်း တော်သည်။
"အဟမ်း၊ အကုန်လုံးရပ်လိုက်၊ ဖောင်တိန်တွေကိုချပြီး ဆရာပြောမယ့် စကားကိုနားထောင်ကြ"
ကျောင်းသားတွေသည် တစ်ယောက်ပြီးတစ်ယောက် ဖောင်တိန်များကိုချကာ ဌာနမှူးအားကြည့်ကြသည်။
ဝမ်ကျစ်ချူးသည် အပြစ်ရှိသလိုခံစားနေရသည်။ ကျောင်းပြေးဖို့ စဉ်းစားနေသည့်အတွက်ဖြစ်သည်။ သို့ဖြစ်၍ သူသည် ခေါင်းကို ဆက်ငုံ့ထား၏။
ဌာနမှူးသည်မျက်မှောင်ကြုံ့၍ "ဝမ်ကျစ်ချူး"
ဝမ်ကျစ်ချူးသည် ထိတ်လန့်သွား၍ "ကျွန်တော်...ကျွန်တော် ဖောင်တိန်မယူလာခဲ့ဘူး"
"..."
သူ့တွင် ထုတ်စရာဖောင်တိန်မရှိဘူး ဟူသော သဘောဖြစ်သည်။
ဌာနမှူးသည် ဒီပြဿနာကိုကျော်လိုက်ပြီးနောက် ပြောသည်။ "လပတ်စာမေးပွဲက ရက်အနည်းငယ်ပဲလိုတော့တာ။ ငါလဲ မင်းတို့ အတန်းက ပိုပြီးငြိမ်ငြိမ်သက်သက်နဲ့ကြိုးစားလာပြီး ပိုတိုးတက်လာတယ်ဆိုတာ သတိထားမိပါတယ်။ ချီးကျူးထိုက်ပါတယ် ဒါပေမယ့် ..."
ဝမ်ကျစ်ချူးသည် "ဒါပေမယ့်" ဆိုသည့်စကားလုံးပေါ်လာသောအခါ နောက်လာမည့်အရာသည် ဘယ်တော့မှ မကောင်းဘူး ဆိုတာကိုသိနေသည်။
"ဒါပေမယ့် သိပ်ပြီးတော့လဲ ဂုဏ်ယူမနေကြနဲ့ပေါ့ကွာ။ သိပ်မကြာခင်ကပဲ ကျောင်းသားတွေရဲ့စိတ်ဓာတ်ကို ပြုပြင်ပြီး စည်းကမ်းတွေလိုက်နာအောင် ပြန်လည်ကြပ်မတ်ဖို့လဲ စီစဥ်နေတယ်။။
အထူးသဖြင့် ကျောင်းပြေးတဲ့ကိစ္စတွေနဲ့ ကိုယ်ပိုင်စာကြည့်ချိန်ကိုနောက်ကျတဲ့ ကိစ္စတွေပေါ့ကွာ။ မင်းတို့စိတ်ထဲမှာ အဲ့လိုအစီအစဉ်တွေရှိနေတဲ့ ကျောင်းသားတွေကို ပြောချင်တာက။ အဲ့ဒါတွေကို မလုပ်မိပါစေနဲ့။"
ဌာနမှူးက ဒီစကားတွေကိုပြောပြီးသောအခါ၊ သူသည် ဝမ်ကျစ်ချူးဘေးနားသို့သွားကာ "ကျောင်းသားဝမ်ကျစ်ချူး၊ မင်းသိလား"
သူတံတွေးမြိုချမိသည်။ "ကျွန်တော်သိပါတယ်...ကျွန်တော်သိပါတယ်"
ဌာနမှူးသည် သူ့မျက်မှန်ကိုပင့်တင့်ပြီးသောအခါ "မင်းဘာတွေတွေးနေလဲ ငါမသိဘူး မထင်နေနဲ့။ ငါကမင်းဗိုက်ထဲက သန်ကောင်လိုပဲနော်"
ဝမ်ကျစ်ချူးသည် သူ့လည်ပင်းလေးကိုငုံ့လျှက် "ဆရာကြီး...ဆရာ့ ကျွန်တော်တစ်ယောက်တည်းကို ကွက်ပြောရလောက်အောင် ကျွန်တော်တို့မရင်း နှီးသေးဘူးနော်"
ဌာနမှူး : ...
နတ်သူငယ်လေး : ...
ဌာနမှူးဟာ ခဏမျှတွေဝေသွားသည်။ အဲ့ဒီနောက်မှာ ချောင်းဆိုးသွားပြီးတော့ ပြောတယ်။ "မင်းသိထားရမှာက မင်းကျောင်း ပြေးတိုင်း ကစားရင်တော့ ငါမင်းကိုမမိစေနဲ့။ ဒါပဲ"
ဝမ်ကျစ်ချူးဟာ ဌာနမှူး အမြင်အာရုံကနေ ကွယ်ပျောက်သွားသည်အထိ အတန်းထဲမှထွက်သွားသောအခါမှသာ သက်ပြင်းချနိုင် သည်။
[စနစ် : သင်ဘာဆက်လုပ်မှာလဲ]
ဝမ်ကျစ်ချူးသည် ခဏမျှစဉ်းစားပြီးနောက် "ဌာနမှူးပြောတဲ့အတိုင်းနားထောင်တာပေါ့"
[စနစ် : ကျောင်းမပြေးဖို့လား]
ဝမ်ကျစ်ချူး : "သူဖမ်းတာ မခံရဖို့"
[...]
တကယ်တော့ ဝမ်ကျစ်ချူးဟူ၍ နာမည်ရခဲ့သည့်အချိန်ထဲက သူသည် နှလုံးထားထဲမှာ ဘယ်တော့မှထွက်မပြေးဘူးလို့ တေးမှတ်ထားခဲ့သည်။ နောက်ဆုံးတော့ သူ့တွင်လုပ်ရဲကိုင်ရဲ့သည့်သတ္တိမရှိပေမယ့် ရုတ်တရက် တစ်ခုခုကိုတွေးမိသွားသည်။
သူဒီမနက်ကျောင်းကိုလာခဲ့စဉ်တုန်းက အသုံးစရိတ်ဘေလ်စာရွက်ကို တံခါးပေါ်မှာတွေ့ခဲ့ရသည်။ စုစုပေါင်း ယွမ် ၂၀၀ ကျသင့်၏။ သူအကယ်၍ ဒီတပတ်အတွင်းမပေးဆောင်ပါက ရေနှင့်လျှပ်စစ်မီးအဖြတ်ခံရမည်ဖြစ်သည်။
သို့သော်လည်း သူ၏ပိုင်ဆိုင်မှုမှာ အခု ယွမ် ၁၀၇ ယွမ်သာရှိသည်။ ထို့အပြင် နေ့လည်စာကတ်အတွင်း၌လည်း ယွမ် ၂၀ ကျန်သေးသည်။ ဒီတာဝန်အောင်မြင်ခြင်းမှရရှိလာမည့် ယွမ် ၅၀ သည် သူ့ဘဝအတွက် ကယ်တင်ရှင်ဖြစ်သည်။
နတ်သူငယ်လေးသည် ဝမ်ကျစ်ချူးမှာ သင်ကြားရလွယ်ကူသည်မှန်း မထင်ထားခဲ့ချေ။ ဗီလိန်တာဝန်သည် ပထမဆုံးတာဝန် ပြီးမြောက်ပါက နောက်ပိုင်းတာဝန်များသည် အတော်လေးလွယ်ကူသည်။
[စနစ် : ကောင်းပြီ။ သင့်မှာ ပါရမီပါတာ ငါသိလိုက်ပါပြီ]
ဝမ်ကျစ်ချူးမှာ ရယ်တောင်မရယ်နိုင်ပါ။ ဒီအချိန်လေးမှာပဲ သူသည်သူ့ကိုယ်သူ ဒီတစ်ခါတော့ထွက်ပြေးတော့မည်ဟူ၍ ဖြေသိမ့် နေလေသည်။
နေ့လည်ခင်း ကိုယ်ပိုင်စာကြည့်ချိန်အတန်းပြီးဆုံးသွားတဲ့အခါ ဝမ်ကျစ်ချူးသည် အသက်ဝဝရှုလျက် အတန်းထဲမှ ထကာ မာနတစ်ခဲသားဖြင့်ထွက်လာခဲ့သည်။
[စနစ် : သင် စိတ်လှုပ်ရှားနေတာလား]
ဝမ်ကျစ်ချူးသည် ခေါင်းကိုခါလျှက် "မဟုတ်ဘူး"
[စနစ် : တကယ်မလှုပ်ရှားတာလား]
ဝမ်ကျစ်ချူးသည် သူ့ကိုယ်သူအားပေးနေပုံရပြီး "မဟုတ်ဘူး"
[စနစ် : ကောင်းပြီ။ သင့် နည်းလမ်းအတိုင်းဆက်လုပ်တော့]
ဝမ်ကျစ်ချူးသည် ပထမဦးဆုံးအနေဖြင့် ကျောင်းပြေးခြင်းဖြစ်သော်လည်း သူသည် မရူးမိုက်ပါ။ ကျောင်းပြေးခြင်းသည် အဓိက ဝင်ပေါက်မှ ထွက်၍မရမှန်းသိသောကြောင့် ကျော်တက်မည့်နံရံကို သူလိုက်ရှာသည်။
တစ်ချက်ကြည့်မိလိုက်သောအခါ ရင်းနှီးနေသောပုံရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။ ထိုလူသည် အရပ်မြင့်မြင့် ပုခုံး ကျယ်ကျယ် ရှည်လျားသော ခြေထောက်များလည်းရှိပြီး ကြီးမားသောသူ့ကျောပြင်သည် အလွန်ခံညားလှသည်။
ဝမ်ကျစ်ချူး၏မျက်လုံးများသည် သတိမဲ့စွာဖြင့် ပြူးကျယ်လာပြီး "အဲ့ဒါ ချင်ကျားရှုမှမဟုတ်ရင် ဘယ်သူဖြစ်မလဲ"
"ဒီကောင်လဲ ကျောင်းပြေးမှာလား"
"ဘာလို့ သူက ဒီနေရာမှာ ပေါ်လာရတာလဲဟ"
ဝမ်ကျစ်ချူးသည် တွေးတောခြင်းမပြုတော့ပဲ အခြားသောနံရံကိုလိုက်ရှာရန် လုပ်လိုက်သည်။
ထိုအချိန် ခဏလေးအတွင်းမှာပင်၊ လက်များကို ကျွမ်းကျင် သွက်လက်စွာ အသုံးပြုပြီး နံရံကို နှေးကွေးတုံ့ဆိုင်းခြင်းမရှိပဲ ခုန်ကျော်သွား သောပုံရိပ်တစ်ခုကို တွေ့လိုက်သည်။
ဝမ်ကျစ်ချူး၏မျက်လုံးများ ထပ်မံပြူးကျယ်သွားပြန်သည်။ အခြားသူ၏ရွေ့လျားမှုများသည် ညင်သာညက်ညောလှသဖြင့် ဝမ်ကျစ်ချူးမှာ အမြင်မှားသည်ဟု ထင်မှတ်မိသည်။
သူသည်လဲပဲ လုပ်နိုင်မည်ဟု သူထင်သည်။
[စနစ် : တော်တယ် ကောင်လေး။ ဒီလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမျိုးရှိတာကို ငါလိုချင်နေတာ]
ဝမ်ကျစ်ချူးသည် ခေါင်းညိတ်ပြလိုက်ပြီး ရှေ့သို့ ယုံကြည်စွာဖြင့် ထွက်လာခဲ့သည်။ အဲဒီနောက် အခုလေးတင်သုံးသွားသည့် ချင်ကျားရှု၏ရွေ့လျားမှုများအတိုင်း တသွေမတိမ်းလိုက်လုပ်သည်။
တစ် ပြေးသည်။ နှစ် လက်ကိုသုံးပြီး ဆွဲသည်။ သုံး ခုန်သည်။
မသဲမကွဲ အသံကြားလိုက်ရပြီး ဝမ်ကျစ်ချူးသည် မြေကြီးပေါ်သို့ ဖင်ထိုင်ရက် ပြုတ်ကျသွားတော့သည်။
တင်ပါးက ပြင်းထန်စွာ နာကျင်သွားပြီး ဝမ်ကျစ်ချူးမှာ မှင်တက်မိသွားသည်
သူထင်ထားတဲ့အတိုင်း ဘာဖြစ်လို့များ မဖြစ်ရတာလဲ။
[စနစ် : ဖြစ်နိုင်တာကတော့ လူတွေ တစ်ယောက်နဲ့တစ်ယောက် ကွာခြားတာလေးတွေရှိလို့နေမယ်]
"..."
မျက်လုံးဖြင့် သင်ယူခဲ့ပေမယ့်လည်း ခန္ဓာကိုယ်မှလိုက်မလုပ်နိုင်ကြောင်းကို ဝမ်ကျစ်ချူး ရှင်းလင်းသွားသည်။
'ဒါပေမယ့် ငါဘာဖြစ်လို့ညနေခင်းကိုယ်ပိုင်စာကြည့်ချိန်မှာ ကျောင်းပြေးဖို့ လုပ်နေရသေးတာလဲ'
ဝမ်ကျစ်ချူးသည် မျက်နှာကိုတွန့်ရှုံ့လျက် တင်ပါးကိုပွတ်သည်။ အဲ့ဒီနောက် အခြားနေရာမှ ကျောက်တုံးအချို့ကို ယူ၍ သူ၏ ခြေထောက်အောက်တွင်ထားကာ နံရံပေါ်ကိုကျော်တက်ရန်စီစဉ်ပြန်သည်။
နံရံကသိပ်မြင့်ပုံမရသော်လည်း ၎င်းအပေါ်သို့တက်သွားသည့်အခါ ကြောက်စရာကောင်းသည်။ ဝမ်ကျစ်ချူးသည် ခဏမျှ တုန်ရီနေသည်။
ဒီအရာသည် သူ၏ဘဝတွင် သေချာပေါက် ရင်ခုန်စိတ်အလှုပ်ရှားရဆုံး ကိစ္စကြီးဖြစ်သည်။
သို့သော်လည်း သူနံရံပေါ်သို့တက်ပြီးပြီးချင်း မတည်ငြိမ်သော ကမ္ဘာမြေဆွဲအားကြောင့် တစ်ဖက်ခြမ်းသို့ ရုတ်တရက် ပြုတ်ကျ သွားသည်။
ပြုတ်ကျ၍ မြေဆွဲအားနှင့်လွတ်နေချိန် ဝမ်ကျစ်ချူးသည် ကြောက်အားလန့်အားဖြင့် မျက်လုံးကိုအလျင်အမြန်မှိတ်ကာ အံကိုကြိတ် ထားလိုက်သည်။
သို့သော် မျှော်လင့်ထားသည့် နာကျင်မှုက ဖြစ်မလာ။ ဝမ်ကျစ်ချူးသည် အနည်းငယ်အံ့ဩသွားပြီး မျက်လုံးဖွင့်ကြည့်၍ နံရံကိုကြည့် လိုက်သည်။ ဒါကို ကျော်တက်ဖို့က သိပ်မခက်ခဲပုံပဲ။
"မင်း ဒီအတိုင်း ငါနဲ့ ဘယ်လောက်ကြာအောင်နေမှာလဲ"
ကျစ်ချူးသည် အေးစက်တဲ့အသံကိုကြားရသောအခါ ဝမ်ကျစ်ချူး ခဏမျှ တုံ့ဆိုင်းသွားသည်။ ဘေးသို့ကြည့်လိုက်သောအခါ အေးစက်သော မျက်ဝန်းများကို ထပ်မံရင်ဆိုင်လိုက်ရသည်။
'ချင်ကျားရှုက အစောကြီးကတည်းက ထွက်သွားသင့်တာမဟုတ်ဘူးလား'
သူဒီနေ့ ဒီလူနဲ့ ထိပ်တိုက် နှစ်ခါတောင် တွေ့သည်။ ထို့အပြင် ဒီနေရာမှာ အပြင်လူ ဘယ်သူမှမရှိပါပေ။ ထို့ကြောင့် ချင်ကျားရှုသည်လည်း နေ့လည်ခင်းတုန်းကကဲ့သို့ သိမ်မွေ့ပြီး ဖော်ရွေသော အပြုံးလဲမျက်နှာပေါ်မှာ မတွေ့ရတော့ပါပေ။
တဖက်လူ၏မျက်ဝန်းများသည် အေးစက်နေ၍ ဝမ်ကျစ်ချူးမှာ ကြောက်လန့်နေသောကြောင့် အရမ်း မလှုပ်ရှားရဲပေ။
"မင်း...မင်း သီချင်းတစ်ပုဒ်ကြားဖူးလား"
ချင်ကျားရှု ပြန်မဖြေနိုင်ခင်လေးမှာတင် ဝမ်ကျစ်ချူသည် အထစ်ထစ်အငေါ့ငေါ့ဖြင့် သီဆိုလိုက်သည်။
"ညီမလေးလင်း ကောင်းကင်က နတ်သက်ကြွေလာတယ်"
ချင်ကျားရှု : ...