Chapter6
Viewers 837

ဌာနမှူးသည် ဝမ်ကျစ်ချူးအား မှင်သက်မိစွာကြည့်လိုက်သည်။ ဒီကောင်လေးထံမှ ဒီလိုစကားမျိုး ကြားရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပါ။

'ငါ ခွေးပါးစပ်ထဲကနေ နတ်စကားမျိုး ထွက်လာမယ်လို့ လုံးဝမထင်ခဲ့ဘူး၊ ဒါပေမယ့် လူစကားတော့ မင်း နည်းနည်းပြောတတ်သားပဲ။'

"မင်း ဒီစကားတွေကိုပြောနေတာ ငါ မင်းအတွက် ချရေးပြီး မှတ်ထားပေးမယ်။ မင်း အနာဂတ်မှာ ပေါက်ကရ တစ်ခုခု လုပ်မယ်ဆိုရင်၊ ဒီနေ့လိုမျိုး အေးအေးဆေးဆေးနဲ့ ပြီသွားမှာမဟုတ်ဘူးနော်"

[စနစ် : ဗီလိန်တာဝန်၊ ဆရာ့ကိုဆန့်ကျင်ပါ။ ဗီလိန်တန်ဖိုး ၂ ရာခိုင်နှုန်း တိုးလာပါမည်။ ဆုလာဘ်က တာဝန်အောင်မြင်ရင် ယွမ် ၅၀ ရရှိမည်ဖြစ်ပြီး၊ တာဝန်ကိုမပြီးဆုံးပဲကျရှုံးပါက ယွမ် ၅၀ နှုတ်ယူ ပါမည်]

ဝမ်ကျစ်ချူးသည် ခဏမျှ တုံ့ဆိုင်း သွားပြီး

"နတ်သူငယ်လေးရေ"

[စနစ် : ငါဒီမှာရှိတယ်]

"မင်းငါ့ကိုသေစေချင်တယ်ဆိုရင်လဲ ဒီအတိုင်းပြောလိုက်လို့ရပါတယ်ကွာ"

[စနစ်က ရှက်သွားဟန်ဖြင့် : ဒါက အရမ်းရှက်စရာကောင်းတာပဲ]

"..."

ဌာနမှူးသည် ခေါင်းကိုမော့လိုက်ကာ သက်ပြင်းချလိုက်၏။ "မင်းစရိုက်လေးက မဆိုးဘူးဆိုတာ ဆရာ သိတယ်။ ဒါပေမယ့် အရင်က မင်းပညာရေးကို စိတ်မဝင်စားခဲ့ဘူး။ ပြီးတော့ မင်းကလဲ တကယ်တော့ လူတော်လေးပါ"

ဝမ်ကျစ်ချူးဟာ ကျောင်းဝတ်စုံ ဘောင်းဘီကို မြဲမြံစွာ ဆုပ်ကိုင်ထားရင်း အသက်ကို ပြင်းပြင်းရှု လိုက်ကာ "မဟုတ်ပါဘူး... ကျွန်တော်က လူတော်တစ်ယောက် မဟုတ်ပါဘူး"

ဌာနမှူးက ခဏလောက် ကြောင်အသွား ပြီးတော့ တစ်ဖက်လူအား အံ့ဩစွာဖြင့် ကြည့်နေခဲ့သည်။ သူအခုပြော လိုက်သော စကားများသည် ပြင်းထန်၍ ကောင်လေးအား အချို့သော စိတ်ကျန်းမာရေး ပြဿနာများ ဖြစ်သွားစေတာလား ဟု ပြန်တွေးနေမိ၏။

အခုတလော ဝမ်ကျစ်ချူး၏မိသားစုတွင်း အလှည့်အပြောင်းများသည် အတော်လေး ပြင်းထန်သည်ဟု ပြောနိုင်သည်။ ဌာနမှူး တစ်ယောက်အနေဖြင့် ယခုအချိန်တွင် ကျောင်းသားများအား အချိန်နှင့်အမျှ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုပေးသင့်သည်ဟု ထင်သည်။

ကျောင်းသားအနေဖြင့် အရင်ကအတိုင်း ဆိုးသွမ်း နေရင်တောင်မှ သူ လက်လျော့ပေးပြီး ပျက်စီးသွားသည်ကို သူထိုင်ကြည့်မနေသင့်ပေ။ သူသည် ကျောင်းသား အားလုံးကို ညီတူညီမျှ ဆက်ဆံပြီး ဝမ်ကျစ်ချူးအား လမ်းမှား မရောက်စေရန် ဆွဲခေါ်ရမည်ဖြစ်သည်။

ပညာသင်ပေးခြင်းသည် ဆူပူခြင်းမဟုတ်၊ မေတ္တာတရားများနှင့် အားပေးခြင်းမျိုးဖြစ်သည်။ အခုလို အချိန်သည် ချစ်ခြင်းမေတ္တာတို့အား ဝေမျှပေးရမည့်အချိန်ဖြစ်သည်။

ဌာနမှူးသည် လက်ကိုမြှောက်လိုက်ကာ ကျောင်းသားဝမ်၏ပိန်ပါးသော ပုခုံးလေးအား ပုတ်လိုက်ကာ ကြင်နာစွာပြုံး လျှက် "မဟုတ်ပါဘူး၊ မင်းက တော်တဲ့ကလေးပါ"

ဝမ်ကျစ်ချူးဟာ သူ့ခေါင်းကို ပလုပ်တုတ်လေးတစ်ခုကဲ့သို ခါယမ်းလျက် "မဟုတ်ပါဘူး ဆရာ"

ဌာနမှူးဟာ အနည်းငယ်စိုးရိမ်သွားလျှက် "ဘာလို့ မင်းက လူတော်လေး မဟုတ်ရမှာလဲ။ သေချာပြန် စဉ်းစားကြည့်ပါဦး မနေ့က မင်းကျောင်းကို ပြန်လာပြီး ဟန်ဆောင်...။ မဟုတ်ဘူး မင်းစာလေ့လာ ခဲ့တာပဲ"

ဌာနမှူးရဲ့ စကားက ဝမ်ကျစ်ချူးကို အရမ်း စိတ်လှုပ်ရှားသွားစေပြီး ဂျူနီယာ  အလယ်တန်းကျောင်းမှာ ပထမဆုံး အတန်းရှေ့တွင် စကားပြောရ သလိုမျိုးပဲ ကိုယ်ဆက်ပြောမည့် စကားများကိုတောင် မေ့သွားမိသည်။ သူ၏ ဦးနှောက်လေးမှာ အလျင်အမြန် ပြန်လည်တွေးတောလိုက်ပြီး သူနှင့်သူမူလခန္ဓာကိုယ် လုပ်ခဲ့သည့် စည်းကမ်းမရှိသောကိစ္စများအား ရေတွက်နေခဲ့သည်။ "မနေ့က ကိုယ်ပိုင် စာလေ့လာချိန်ကို ကျွန်တော်ပြေးခဲ့တယ်လေ"

ဌာနမှူး : "မင်းကအရင်စပြီး ဝန်ခံတယ် ပြီးတော့ နောင်တလဲရတယ်လေ"

ဝမ်ကျစ်ချူး : "ကျွန်တော်ဆရာ့ကို ကျိန်ဆဲခဲ့သေးတယ်"

ဌာနမှူးက ပြန်နောက်ဆုတ်သွားလျက် "မင်းအနာဂတ်မှာ ဘာပြစ်မှုမှမကျူးလွန်နဲ့တော့"

ဝမ်ကျစ်ချူးသူ့ကိုကြည့်လိုက်ပြီး "ကျွန်တော်ဆရာ့ကို နာမည်ပြောင်တောင်ပေးထားသေးတယ်"

ဌာနမှူး၏ အပြုံးများ ခဏတာရပ်တန့်သွားပြီး "ဆရာ ဒါတွေ ဂရုမစိုက်ဘူး"

ဌာနမှူး က ရုတ်တရက်ကြီး သည်းခံနိုင်သွားတာလဲ ခန္တီပါရမီအတွက် လေ့ကျင့်နေတာလား။ ဝမ်ကျစ်ချူးသည် အနည်းငယ် မှင်သက်မိသွား၏။ သူ၏အင်္ကျီမှ အနားစကို သူ၏လက်ချောင်းများနှင့် ခေါက်လိမ်နေပြီး "ကျွန်တော် ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းမှာ ကြော်ငြာသေးသေးလေးတစ်ခု သွားကပ်သေးတယ်။"

ဌာနမှူး : "အဲ့ဒါလည်းမင်းလုပ်ခဲ့တာပဲလား"

တဖက်လူ၏ လေသံမာလာသောအခါ ဝမ်ကျစ်ချူးကြောက်လန့်သွား၏။

သူအော်လိုက်မိသောကြောင့် ကျောင်းသားလေးကြောက်လန့်သွားသည်ကို တွေ့သောအခါ ဌာနမှူး က မျက်လုံးမှိတ်ကာ သက်ပြင်းချလိုက်ပြီး "အဲ့ဒါလဲ အဆင်ပြေပါတယ်"

ဝမ်ကျစ်ချူးဟာ ခဏတာမျှ မှင်သက်မိသွားသည်။ ဌာနမှူးအား မယုံကြည်စွာကြည့်နေပြီး သင်္ကာမကင်းသော အသံဖြင့် "ဘာကိုလဲ ဆရာ?"

ဌာနမှူးဟာ သူ၏သဘောထားကို ပွင့်ပွင့်လင်းလင်းပြောပြသည် "ဝမ်ကျစ်ချူး၊ မင်းအတန်းပြေး ပေမယ့်၊ ကျိန်ဆဲ ပြီး မင်းကိုယ် ငါ့ကို နာမည်ပြောင်ပေးတယ် ပြီးတော့ ကျောင်းအုပ်ရဲ့ ရုံးခန်းမှာလဲ ကြော်ငြာ အသေးလေး ကပ်ခဲ့သေးတယ်။ မင်းက လူတော်လေးပဲ"

ဝမ်ကျစ်ချူး : ............

[စနစ် : .........]

သူတို့က ရုတ်တရက် ဌာနမှူး ဆိုသော အလုပ်သည် သာမန်လူများ လုပ်နေနိုင်သည့် အလုပ်မျိုးမဟုတ်ဟု ခံစားလိုက်ရသည်။

ဝမ်ကျစ်ချူး နောက်ထပ်ပြောမှာကို ကြောက်နေပုံဖြင့် ဌာနမှူးက အလျင်အမြန်ပြော၏ "ဝမ်ကျစ်ချူး၊ အကယ်၍ မင်းက ကိုယ့် အမှားကို သွက်သွက် လက်လက် ဝန်ခံတယ်ဆိုရင် ဒါက မင်းကိုယ်မင်း ပြောင်းလဲပြီး လမ်းမှန်ကိုလျှောက်ဖို့အတွက် ပထမဆုံး ခြေလှမ်းပဲ။ အရင်က ကိစ္စတွေအတွက်လဲ ..."

ဌာနမှူး သည် ခဏတာ ရပ်တန့်သွားသော်လည်း သဘောထားကြီးစွာဖြင့်ဆက်ပြောသည် "အတိတ်နဲ့ ပတ်သတ်ပြီးတော့ ဆရာက မင်းကို အနှောင့်အယှက် ပေးမှာမဟုတ်ဘူး၊ မင်းအမှားတွေ ကို အမှန်ပြင်ပြီး အတိတ်ကနေ သင်ခန်းစာယူနေ သရွေ့ အဆင်ပြေတယ်။ ဆရာ့စကားတွေကို မှတ်ထားပါ။ ဒုက္ခပင်လယ်ကအဆုံးအစမရှိဘူး မင်းပြန်လှည့်လိုက်ရင် ကမ်းကို ပြန်ရောက် နိုင်တယ်။ မင်းကိုယ် မင်းနောက်ပြန်လှည့် လိုက်တဲ့ အခါက မင်းအတွက် လမ်းမှန်ပဲ ဖြစ်လိမ့်မယ်"

ဝမ်ကျစ်ချူး တိုးတိုးလေးပြောလိုက်၏ "ဆရာ...အဲ့စာကြောင်းက ဗုဒ္ဓဘာသာကျောင်း မှာပဲ သင်တာတွေ မဟုတ်လား"

"........."

ဌာနမှူးက စိတ်အေးအေးဖြင့် သူ့ကိုကြည့်လိုက်ပြီး မကြားချင် ယောင်ဆောင်နေလိုက်ကာ "ကောင်းပြီ၊ မင်း ကိုယ်လုပ်ခဲ့တဲ့ အမှားကို သိခဲ့ပြီမို့လို့ အရင်ပြန်၊ အခြားကျောင်းသားတွေလိုပဲ ကိုယ့်ကိုယ်ကို ဝေဖန်တဲ့ စာကို စာလုံးရေ ၅,၀၀၀ ရေး၊ တနင်္လာနေ့ကျ ရင်အလံတိုင်ကိုအောက်မှာ ဖတ်ရမယ်"

သူ ဒီထောင်မှ လွတ်ပြီမှန်းသိသိချင်း သူသည်ခေါင်းကို ကြက်ကလေး အစာကောက်နေသကဲ့သို့ ထပ်တလဲလဲငြိမ့်ရင်း သူ့စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးကြီးအားလွှတ်ချလိုက်၏။ "ကျေးဇူးပါ ...ကျေးဇူးတင်ပါတယ် ဆရာ"

ဌာနမှူးကလက်ကာပြလိုက်ပြီး "ရပါတယ်၊ ဒါကဆရာတွေလုပ်သင့်တဲ့အရာပဲ။ အခန်းထဲကို ပြန် တော့၊ နောက်မကျစေနဲ့"

[စနစ် : တင်! တာဝန်ပြီးဆုံးသွားပါပြီ။ ဗီလိန်တန်ဖိုး ၄ ရာခိုင်နှုန်းတက်လာပြီး ဆုလာဘ်က ၅၀ RMB ဖြစ်ပါတယ်]

ဝမ်ကျစ်ချူးသည် ယဉ်ကျေးစွာဖြင့်တုံ့ပြန်လိုက်ပြီး လှည့်ထွက်ကာ အခန်းကို ပြန်ဖို့လုပ်၏။ သို့သော် တံခါးဆီသို့ ရောက်သွားသောအခါ သူ ရုတ်တရက်ရပ်တန့်လိုက်သည်။

"နေဦး!!!!"

[စနစ် : အားးးးးး!!!]

ဝမ်ကျစ်ချူး : ".....ဆရာ ဘာလို့ ​​ခေါ်တာလဲ?"

[စနစ် : ငါ့ကိုလန့်အောင်လုပ်ပြန်ပြီ]

ဝမ်ကျစ်ချူးသည် ခဏမျှ ပြောစရာစကားမဲ့သွားသည်။ သူ နှစ်ထပ်ကွမ်း ကြောက်သွားသည်ဟု ပြောလို့ရ၏။ ထို့နောက် သူနောက်သို့ ဖြည်းဖြည်းချင်း လှည့်ကာ သတိထားလျက် မေးလိုက်သည် "ဆရာ တခုခုများ ရှိသေးလား"

ဌာနမှူးက ချောင်းဟန့်လိုက်ပြီး သူ၏မျက်ဝန်းများသည် အပြစ်လုပ်ထားသကဲ့သို့ "မင်းကျောင်းအုပ် ရုံးခန်းမှာ ကြော်ငြာသေး သေးလေးကပ်တဲ့အကြောင်း ဘယ်သူ့ကိုမှမပြောခဲ့ဘူးဟုတ်တယ်မလား"

ဝမ်ကျစ်ချူးသည် ခေါင်းခါလျက် "ဟင့်အင်း"

ဌာနမှူးသည် ထိုစကားကိုကြားပြီးနောက် စိတ်သက်သာရာရသွားဟန်ဖြင့် 'သေချာပါတယ်၊ ဒီကလေးက ငတုံးမဟုတ်ပါဘူး'

နောက်ခဏအကြာမှာပဲ ဝမ်ကျစ်ချူးသည် ဌာနမှူးက သူ့ကိုယ်သူ လက်ညှိုးထိုးနေသည်ကို တွေ့လိုက် သည် "ငါ ဘယ်သူ့ကို မှ ဒီကိစ္စ မပြောတော့ဘူး"

လက်ညှိုး၏ ဦးတည်ရာကို ပြောင်းကာ ဌာနမှူးသည် ဝမ်ကျစ်ချူးအားလက်ညှိုးထိုးကာ "မင်းသာ တစ်ခြားတစ်ယောက်ကို ထပ်မပြောဘူးဆိုရင် ဒီကိစ္စကို သိတဲ့ တတိယလူလဲ မရှိတော့ဘူး"

[စနစ် : ဒါက တရားခံနဲ့ ပူးပေါင်းပြီး အပြစ်ကိုဖုံးကွယ်ထားတာ မဟုတ်ဘူးလား]

ဝမ်ကျစ်ချူးဟာ ခဏတာမျှတွေးလိုက်သော်လည်း ဌာနမှူးက သူ့အားကာကွယ်ပေးလိမ့်မည်ဟု သူမမျှော်လင့်ခဲ့။ ရုတ်တရက် သူသည် ဆရာအား သိပ်မကြောက်တော့ပဲ။ သူ၏အမြဲစူနေသော နှုတ်ခမ်းထောင့်တွင်လည်း ရှားပါးသော

အပြုံးတစ်ခု ပေါ်လာ၏ "စိတ်ချပါ။.. ...ကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက်ကို အတူတူထိန်းသိမ်းရအောင်"

ဌာနမှူးက ခဏတာမျှ ပြုံးရွှင်သွားပြီး သူ့အားကျောကိုပုတ်ကာ "မင်းက ဒီတစ်ခါတော့တော်သားပဲ၊ သွားမြန်မြန်ပြန်တော့"

ဝမ်ကျစ်ချူးက အသက်ပင်အောင့်ထားလိုက်၏။ ပုတ်ချက်ကြောင့် အဝေးကိုလွင့်မတတ်ပင်။

ထို့နောက် သူသည်တံခါးကိုဖွင့်လိုက်သည်။ သူမထွက်ခင်မှာတင် သူနေရာမှာတင် ရပ်တန့်သွား သည်။

ချင်ကျားရှုအား တံခါး ရှေ့တွင် ရုပ်တည်လေးဖြင့်

မတ်တပ်ရပ်နေသည်ကိုတွေ့ လိုက်ရသောကြောင့် ပင်။

ဝမ်ကျစ်ချူးသည်သာမက ဌာနမှူးသည်ပင် အံ့ဩသွားသည်။

ခဏတာမျှ သူတို့နှစ်ယောက်သည် မြေပိုင်ရှင်ကြီးအိမ်၏ စပါးကျီအား ခိုးယူရန် အတူတူကြိုးစား နေကြပုံနှင့်တူနေသည်။

'တခြား တစ်ယောက်က ဒီနေရာမှာ ဘယ်လောက်ကြာအောင်ရောက်လဲ၊ ငါတို့ပြောတဲ့စကားတွေကို ကြားသွားလားငါမသိဘူး'

ဌာနမှူးက အရင်စပြော၏ "ကျားရှု၊ ဘာကိစ္စရှိလို့လဲ"

ချင်ကျားရှုဟာ ထုံးစံအတိုင်း သိမ်မွေ့သောအပြုံးကိုပြုံးလျက် "ကျွန်တော်မနေ့ညက အစောကြီး ပြန်သွားခဲ့တာ၊ ဆရာလဲလာ မမေးတော့ ကျွန်တော်လာတင်ပြရတာပါ"

တခြားတစ်ယောက်၏ အပြုံးမှာ တောက်ပနေသော်လည်း ဝမ်ကျစ်ချူးမှာ အဲ့ဒါကိုမကြည့်ရဲ။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး အားနည်း နေသလိုခံစားနေရသည်။ သူသည် တစ်ဖက်လူ၏မျက်နှာကို ရှေ့ရော နောက်ရောမြင်ဖူးပြီးသားဖြစ်၍ တစ်ဖက်လူ၏ တကယ့်စရိုက် အစစ် ကိုသိနေပြီးသားဖြစ်သည်။

ဌာနမှူးသည် ခဏမျှ တန့်သွားပြီး "အို မင်းနောက်တစ်ခါသွားဖို့ခွင့်တောင်းချင်ရင် ငါ့ကို အရင်ပြောဖို့ သတိရပါ"

ချင်ကျားရှုသည် ထိုနေရာတွင် ငုံးတစ်ကောင်လို ငြိမ်သက်နေသော ဝမ်ကျစ်ချူးအား ကြည့်လိုက်ကာ ပြုံးနေသော အသံဖြင့် "ကျောင်းသားဝမ်ကြည့်ရတာ နေရထိုင်ရသက်သောင့်သက်သာမရှိပုံပဲ၊ အကူအညီလိုသေးလား"

ဝမ်ကျစ်ချူးသည် ခေါင်းကို ကြောက်ကြောက်လန့်လန့် ခါယမ်းလိုက်သည်။

သူ သက်သောင့် သက်သာ မရှိသည်ကို ကြားရသောအခါ ဌာနမှူးသည် ဝမ်ကျစ်ချူးအား ပုတ်လိုက်ကာ "မင်းဒီမှာဘာမှလုပ်စရာ မရှိတော့ပါဘူး၊ အတန်းထဲကိုပြန်တော့"

ဝမ်ကျစ်ချူးဟာ သူ့အား ကျေးဇူးတင်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့နောက်မှ သတ္တဝါ တစ်ကောင်ကော င်လိုက်နေသကဲ့သို့ အတန်းထဲသို့လျင်မြန်စွာပြေးသွား၏။

ခဏအကြာမှာတော့ အခန်းထဲတွင် ချင်ကျားရှုနှင့် ဌာနမှူးတို့သာကျန်ခဲ့သည်။

ဌာနမှူးက သူ့အား တစ်ချက်ကြည့်လိုက်ပြီး "ကျားရှု ငါကျောင်းသားဝမ်ကိုအခုပြောလိုက်တဲ့ စကားတွေကို ကြားလိုက်လား"

ချင်ကျားရှုက အေးဆေးစွာပင် "ဟင့်အင်း၊ ကျွန်တော်အခုပဲ ရောက်တာ"

ဌာနမှူးက ထိုစကားကိုကြားသောအခါ စိတ်သက်သာ သွားသည်။ ချင်ကျားရှုသည် ထိုအဖြစ်အပျက်ကို တွေ့ခဲ့သလို နှစ်ယောက်သား အခုပြောခဲ့သည့် စကားများကိုလည်း သူကြားခဲ့သည်။

"ဆရာကလည်း မင်းက ကလေး မဟုတ်မှန်း သိတယ်" သူကစပြောပြီး သူ့ကိုယ်သူ ပြင်ဆင်လိုက်သည်။

"တကယ်တော့ ငါအဲ့ဒီ ဝမ်ကျစ်ချူးဆိုတဲ့ ကလေးကို လမ်းမှန်ရောက်​စေချင်လို့ အခွင့်အရေးပေးလိုက်တာ၊ မင်းလည်း သူ့မိသားစုထဲမှာ အခုတလော ပြောင်းလဲမှုတွေရှိတယ်ဆိုတာ သိတယ်မလား၊ ငါသူအရင်ကလုပ် ခဲ့တဲ့အရာတွေနဲ့ပတ်သတ်ပြီး ဆုံးမလိုက်ပြီးပြီ။ ပြီးတော့ ဒီကလေးက မင်းကို ရန်စခဲ့ဖူးတာ ငါသိတယ်။ မင်းသူ့ကို စိတ်ခုမနေဖို မျှော်လင့်ပါတယ်"

ချင်ကျားရှုက သဘောထားကြီးသောအသံဖြင့် အရင်ကထိခိုက်မှုက သူ့အား ဘာမှမဖြစ်စေခဲ့ သလိုမျိုး ပြောလိုက်သည်။

"ဒါပေါ့ ဂရုမစိုက်ပါဘူး"

ဌာနမှူးကအလွန်ကျေနပ်သွားပြီး "ဆရာကမင်းက စိတ်ထား မြင့်မြတ်မှန်း သိပါတယ်၊ အတိတ်က ဘာတွေပဲ မသင်္ကာဖြစ်ခဲ့ဖြစ်ခဲ့ မင်းကျောင်းကောင်စီရဲ့ ဥက္ကဌဖြစ်နေတာကိုတော့ ငါစိတ်အေးရပါတယ်"

ချင်ကျားရှုသည် နေရာတိုင်းတွင် တော်တတ်ကာ ကျွမ်းကျင်လိမ္မာမှန်း သိသာပါသည်။ ထို့ကြောင့် အပြစ်သေး သေးလေးများကို သူ့အနေဖြင့် မမြင်ချင်ယောင်ဆောင်လိုက်သည်။ နောက်ဆုံးတော့ သူကျောင်းကို ဂုဏ်ယူနိုင်အောင် ဂုဏ်ကျက်သရေများနှင့် ဆုလာဘ်များကို ယူဆောင်လာပေးသည် မဟုတ်ပါလား။

ရေတွက်မရတဲ့ ချီးကျူးမှုတွေ သူ့ကို ဝိုင်းဝိုင်းလည်နေတဲအချိန် နှိမ့်ချနေတတ်ခြင်းသည် လူတိုင်းလုပ် နိုင်သည့် အရာတော့မဟုတ်ပါ။ အထူးသဖြင့် ဒီလိုငယ်ရွယ်တဲ့အချိန်တွေမှာပင်။

"တကယ်လို့ အတန်းဖော်ဝမ် အကူအညီလိုအပ်ရင် ကျွန်တော်ကူညီပေးနိုင်ပါတယ်"

ဌာနမှူး : "မင်းကလူတော်လေးပဲ၊ ကိုယ့်အတန်းဖော်တွေကို ဘယ်လိုကူညီပြီး ဂရုစိုက်ရမယ်ဆိုတာမင်းသိပါတယ်"

သူပြုံးဖို့ကလွဲမတတ်နိုင်ပဲ။ "ဒါ လုပ်သင့်တဲ့ ကိစ္စပါ"

ဆရာရဲ့ရုံးခန်းထဲမှ ထွက်လာပြီးသည့်နောက်၌ ချင်ကျားရှု၏ မျက်နှာပေါ်မှအပြုံးများ ပျောက်ကွယ် သွားသည်။

ဝမ်ကျစ်ချူးသည် အတန်းထဲသို့ပြန်သွားခဲ့ပြီ။

သူသည်ယခုလက်ထဲတွင် နောက်ထပ်ယွမ် ၅၀ ရောက်နေပြီဖြစ်သည်။ သူ၏အသုံးစားရိတ် ယွမ် ၂၀၀ ကိုလဲ ဖြေရှင်းပြီးပြီ ဖြစ်သည်။ သို့သော် အကြွေးသည် ရေရှည်ပြဿနာကြီးဖြစ်သောကြောင့် တာဝန်လုပ်ခြင်းအပြင် ငွေပိုရရန် အခြားနည်းလမ်း များကိုရှာဖွေရဦးမည်ဖြစ်သည်။

ဝမ်ကျစ်ချူးဟာ အတန်းထဲသို့ ပြန်လာသောအခါ မနက်ပိုင်အင်္ဂလိပ်စာအတန်းကို ရောက်နေပြီဖြစ်သည်။ အခန်းတံခါး ကိုခေါက်လိုက်သည်။ အင်္ဂလိပ်ဆရာမမှာ ဒေါက်မြင့်ဖိနပ်ကိုစီးလျက် အတန်းထဲတွင် လမ်းလျှောက် နေပြီး အင်္ဂလိပ်စာ မီးနင်းများကို စစ်ဆေးနေချိန်ဖြစ်သည်။

ဝမ်ကျစ်ချူး စကားမပြောသည်ကိုတွေ့သောအခါ ဆရာမမှ "သွား" ဆိုသောအကြည့် ဖြင့်ကြည့်လိုက်သည်။

ဝမ်ကျစ်ချူးလဲ အလျင်အမြန် သူ့ထိုင်ခုံဆီသို့ ပြေးသွား၏။ သူ၏အတိတ်ဘဝတွင် သူ၏အင်္ဂလိပ်စာရမှတ်မှာ ဘာသာရပ်အားလုံးတွ င်အညံ့ဆုံးဖြစ်နေသည်။ အလွန်သနားဖို့ကောင်း သည်ဟုဆိုနိုင်သည်။

လပတ်စာမေးပွဲမှာ သဘက်ခါဖြစ်သည့်အတွက်ကြောင့် သူသည် အလျင်အမြန် စာကို လေ့လာနေရ သည်။

လွန်ခဲ့သောနှစ်ရက်မှစ၍ ဝမ်ကျစ်ချူးသည် စတင်လေ့လာခဲ့သဖြင့် ကျောင်းသားအချို့မှာ အံ့ဩသွားကြသည်။ သို့သော် တစ်ယောက်သောသူမှလွဲ၍ ဘယ်သူ့မှ သိပ်အရေးမထားကြ။

"မင်းဘာလုပ်နေတာလဲ"

ဝမ်ကျစ်ချူးသည်ခေါင်းငုံ့ကာ သင်္ချာပုစ္ဆာကို ရေးနေသည်။ အပေါ်မှအသံကြားရသောအခါ သူမော့ ကြည့်လိုက်ပြီး ပျင်းရိနေသော မျက်နှာဖြင့် ကျောင်းသားတစ်ယောက်အား တွေ့လိုက်ရသည်။

ထိုကျောင်းသားမှာ သူ့အား ဘာကြောင့်စကား လာပြောမှန်းသူမသိပါပေ။ သို့သော် ယဉ်ကျေးမှုအရ သူပြန်ပြောလိုက်သည်။ "ငါ...စာလေ့လာနေတာ"

ကျောင်းသားက မျက်မှောင်ကြုံ့လျက် "မင်းဘာအတွက်စာလေ့လာနေရတာလဲ"

"သောကြာနေ့ဆို စာမေးပွဲစပြီလေ"

ကျောင်းသားမှာ ရုတ်တရက် အခက်အခဲတွေ့သွားပုံဖြင့် သူ၏အသံအား အနည်းငယ်မြှင့်ကာ "မင်းက ငါ့ရဲ့ဒုတိယနောက်ဆုံး နေရာကိုလုချင်တာလား"

ဝမ်ကျစ်ချူး : ......

လူတစ်ယောက်မှ သူ့အားစကားလာပြောသည်မှာ အလွန်ရှားသော ကိစ္စဖြစ်သည်။ ဝမ်ကျစ်ချူးသည် စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ထဲ တွင်ရှိသော‌ ဖော်တိန်အား လှုပ်လိုက်ကာ "အတူတူ...လိုချင်လား"

ဒုတိယနောက်ဆုံးနေရာလုခြင်းကိစ္စမှာ ခဏတာမျှ ငြိမ်သက်သွားသည်။ ရုတ်တရက် အနည်းငယ် ရှက်သွားပုံရသည်။

ဝမ်ကျစ်ချူး : ...?

ဒုတိယနောက်ဆုံးလုနေသောတစ်ယောက်:"မင်း ဘာလို့ ငါ့ကို အဲ့လိုမျိုးလာကြည့်နေတာလဲ၊ ငါတကယ် မင်းကို ဘာ မှမလုပ်ပေးနိုင်ဘူး"

သူပြောပြီးသည့်အခါတွင် သူ့ရဲ့ ကုလားထိုင် အားဆွဲယူလာပြီး ထိုင်ချလိုက်သည်။ "ငါ့ကိုပြော၊ မင်းဘယ်မေးခွန်းကို မသိတာလဲ"

ဝမ်ကျစ်ချူး : .......

သူမှတ်မိသည်မှာ မမှားလျှင် သူ၏မူရင်းခန္ဓာကိုယ်သည် အမှတ်သုည[ဘဲဥ]သာရပြီး ဒုတိယနောက်ဆုံးနေရာလုသည့်သူမှာ သူ့ထက်ငါးမှတ်ပိုမြင့်သည်။

ဒုတိယနောက်ဆုံးလုသူက ရေရွတ်လိုက်သည်။ "အချက်အလက်အရဆို စာမေးပွဲမေးခွန်းတွေက တိကျတဲ့ပုံစံ ရှိတယ်။ ရွေးချယ်ဖြေဆိုရတဲ့ မေးခွန်းတွေကိုကြည့်လိုက်။ အရှည်သုံးခုနဲ့ အတိုတစ်ခုဆို အဲ့ဒါအတိုဆုံး၊ အတိုသုံးခုနဲ့ အရှည်တစ်ခုဆို အဲ့ဒါအရှည်ဆုံး။ မေးခွန်း ပုစ္ဆာကြီးရဲ့အဖြေအတွက် တစ်မှတ်ပေးတယ်"

ဝမ်ကျစ်ချူး : "အဲ့ဒါ...တကယ်လား"

အတန်းပိုင်ဆရာမှ အတန်းအား ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန်တွင် စာလုပ်မလုပ်လာစစ်ဆေးသောအခါ၊ ဒီလိုအံ့ဩစရာမြင်ကွင်းမျိုးအား မြင်တွေ့လိုက်ရ၏။

ဒုတိယနောက်ဆုံးတစ်ယောက်က နောက်ဆုံးရဲ့နောက်ဆုံးကတစ်ယောက်အား သင်ခန်းစာများ ပို့ချ နေပြီး တစ်ယောက်မှာလည်း ပြောရဲသလို နောက်တစ်ယောက်မှလဲ နားထောင်ရဲနေသည်။

ဒီလိုမြင်ကွင်းမျိုးသည် ကမ္ဘာအကျော်အကြားဆုံးပန်းချီဟုခေါ်သင့်သည်။

သို့သော် ထိုနှစ်ယောက်မှာ သေချာစိတ်ဝင်တစားနှင့်လုပ်နေကြပြီး ငြိမ်ငြိမ်သက်သက်စာလုပ်နေသည်မှာ အလွန် ရှားပါးသောအဖြစ် ဖြစ်သောကြောင့် သူ ထိုနှစ်ယောက်အားမနှောင့်ယှက်တော့ပေ။

စာသင်ချိန်က အရမ်းတိုတောင်းလွန်း၏။ သောကြာနေ့တွင် လပတ်စာမေးပွဲအား ကျော်ဖြတ်ပြီး သောအခါ ဝမ်ကျစ်ချူးသည် အိမ်ပြန်ရောက်ပြီးနောက် အိပ်ယာပေါ်တွင် အနားယူလိုက်သည်။

စာမေးပွဲလည်းပြီးသွားပြီ။ ရေနှင့်လျှပ်စစ်ခလည်း ဆောင်ပြီးပြီ။ ယခုမှသာ အမှန်တကယ် သက်တောင့်သက်သာ နားနေနိုင်ခြင်းဟု ခေါ်နိုင်ပြီဖြစ်သည်။

ထို့နောက် သူ့လက်ကိုင်ဖုန်းအား ထုတ်လိုက်ကာ အပန်းဖြေရန် ဖျော်ဖြေစရာလေးများ ကြည့်ဖို့ စီစဉ်သည်။

သူသည် ယခုကမ္ဘာသို့ ရောက်လာသည်မှာ သိပ်မကြာသေးသောကြောင့် အရာအားလုံးနှင့်မရင်းနှီးသေးပေ။ သူ့ပတ်ဝန်းကျင်အကြောင်းနှင့် ပတ်သတ်၍ သူပိုလေ့လာချင်သောကြောင့် ကျောင်းသားဖိုရမ်ကို ကလစ်နှိပ်လိုက်သည်။

သူ ခပ်လန့်လန့် ကြည့်လိုက်မိ၏။ သူ့အကြောင်း ပို့စ်များတက်လာနေသည်။ စဥ်းစားနေစရာပင်မလိုပေ။ ထိုအရာများသည် သူ့မကောင်းကြောင်းများဖြစ်မည်ဟု သူသိလိုက်သည်။ ထို့ကြောင့် သူမမြင်ချင်၍ ၎င်းအားဖယ်ထုတ်လိုက်သည်။

နောက်ထပ်ပို့စ်တစ်ခုထွက်ပေါ်လာသည်။ [အခကြေးငွေယူကာ ထင်မြင်ချက်အားရေးပေးရန် အမြန်အလိုရှိသည်]

ဝမ်ကျစ်ချူး၏မျက်လုံးများပြူးသွားကာ လျင်မြန်စွာလက်ကိုမြှောက်၍ ကလစ်နှိပ်ဝင်လိုက်သည်။

ပို့စ်အကြောင်းအရာ : သုံးသပ်ချက်စာအားရေးပေးရန် နောက်ကွယ်မှ စာရေးသူတစ်ယောက် အားရှာနေပါသည်။ စာလုံးရေ ၅,၀၀၀ အတွက် နောက်အပတ်တနင်္လာနေ့မတိုင်မှီအပ်ရမည်။ ဈေးနှုန်းမှာ ၃၀၀ ဖြစ်ပြီး စိတ်ဝင်စားပါက Add ကာ "V" ဟု ရေးခဲ့နိုင်သည်။

ဝမ်ကျစ်ချူးသည် တစ်ဖက်လူတင်ထားခဲ့သောစာပါအချက်အလက်များအား မှတ်ထားလိုက်သည်။ WeChat အားဖွင့်ကာ သူငယ်ချင်းအဖြစ် add ရန် စာပို့လိုက်သည်။

မိနစ်အနည်းငယ်မျှကြာသွားသည်။

ကျိဖုန်းချန်မှာ ချင်ကျားရှုရှေ့တွင် ဖုန်းကိုဝေ့ယမ်းပြလျက် "မင်းတွေ့လား၊ မင်းပိုက်ဆံပေးနေသရွေ့ တစ်ယောက်ယောက်က မင်းအတွက်ရေးပေးမှာပဲ"

ချင်ကျားရှုသည် နာမည်ပြောင်အား တချက်ကြည့်ပြီးနောက် တစ်ဖက်သို့လှည့်သွားသည်။

"ဖန်လုံအိမ်မှိုလေးများ"

[ဖန်လုံအိမ်မှိုလေး : မင်းဒါကိုရေးဖို့လိုသေးလား]

[လေဆင်နှာမောင်း : လိုအပ်တယ်။ ဒီက နံပါတ် ၁ အလယ်တန်းကျောင်းကလား]

[ဖန်လုံအိမ်မှိုလေး : ဟုတ်တယ်]

[လေဆင်နှာမောင်း : စာလုံးရေ ၅ထောင်နော်၊ ငါ့ကိုတနင်္လာနေ့ကျရင်ပေးရမယ်]

[ဖန်လုံအိမ်မှိုလေး : ဟုတ်ပြီ]

[လေဆင်နှာမောင်း : ကောင်းပြီ]

အလံတော်မလွှင့်တင်မီ ဆယ်မိနစ်အတွင်း ပေးရန်သဘောတူညီမှုရရှိခဲ့သည်။

လပတ်စာမေးပွဲပြီးသွားသည့်အခါ စနေနှင့်တနင်္ဂနွေ ပိတ်ရက်နှစ်ရက်သည် မိမိဖို့ သုံးသပ်စာရေးရန် အတွက် လုံလောက်သည် ထက်ပို၏။

နိုင်ငံတော်အလံအား တနင်္လာနေ့တွင် မလွင့်တင်မီအချိန်တွင် ဝမ်ကျစ်ချူးသည် သတ်မှတ်နေရာသို့ ကိုယ့်ကိုကိုယ်ဝေဖန်သည့် စာနှစ်စောင်ဖြင့်ရောက်လာသည်။

[စနစ် : ကောင်လေး မင်းဘာလို့ ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ?]

ဝမ်ကျစ်ချူး : "မင်းနားမလည်ပါဘူး၊ ဒါမြေအောက်လျို့ဝှက်သဘောတူညီမှုပဲ"

[စနစ် : ကျေးဇူးပြုပြီး လူလိုပြောစမ်းပါ]

ဝမ်ကျစ်ချူး : "ဒါမင်းကို မပြောပြနိုင်ပါဘူး"

"..."

Wechat စာများ။

[လေဆင်နှာမောင်း : မင်းမရောက်သေးဘူးလား]

[ဖန်လုံအိမ်မှိုလေး : ငါရောက်နေပြီ]

စားပို့လိုက်သည်နှင့် ချက်ချင်း ယွမ် ၃၀၀ ငွေလွှဲစာဝင်လာသည်။

ထို့နောက် ဝမ်ကျစ်ချူးမှ ပျော်ရွှင်စွာလက်ခံလိုက်၏။

ကျိဖုန်းချန် နေရာသို့ရောက်သောအခါ ဝမ်ကျစ်ချူး၏ အနောက်တွင် ပုံရိပ်တစ်ခုကိုတွေ့လိုက်ရကာ ထိုပုံရိပ်မှလှမ်းပြော၏ "ဟေး၊ ငါ့ကို ထင်မြင်ချက် လေးပေးပါဦး"

ဝမ်ကျစ်ချူးတစ်ဖက်ကိုလှည့်လိုက်ကာ "ကောင်းပြီ"

မထင်မှတ်ထားစွာဖြင့် တခြားလူမှာ သူ့ကိုတွေ့လိုက်သောအခါ ကြောင်အမ်းအမ်ဖြစ်သွားသည်။

သူအား အံ့ဩနေသော မျက်ဝန်းများဖြင့်ကြည့်ကာ "ဘာလို့မင်းဖြစ်နေတာလဲ"

ကိုယ့်ကိုကိုယ်ဝေဖန်ရေးစာနှစ်စောင်အားကိုင်ထားသည့်တစ်ဖက်လူအားကြည့်နေရင်း "မင်းကဖန်လုံအိမ်မှိုလေးလား"

ဝမ်ကျစ်ချူးမှာ တခြားလူ၏ဒေါသထွက်နေသောမျက်နှာအား မြင်လိုက်ရသောအခါ ကြောက်လန့် စွာဖြင့် နောက်ဆုတ်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။

ကျိဖုန်းချန်မှာ စိတ်ပျက်သွားဟန်ဖြင့် "မင်းငါ့ကိုလာနောက်နေတာလားကွာ"

'ငါရှာနေခဲ့တဲ့ စာရေးစရာက စိတ်ပျက်စရာကောင်းတဲ့ကောင်ဖြစ်နေမှန်း ငါမထင်ခဲ့ဘူး'

ဝမ်ကျစ်ချူးမှာ ကြောက်ကြောက်လန့်လန့်၊ စကားအထစ်ထစ်အငေါ့ငေါ့ဖြစ်ကာ "မဟုတ်ဘူး ...မဟုတ်ဘူး၊ မင်းရဲ့ထင်မြင်ချက်"

ကျိဖုန်းချန်ဟာ ထိုစာရွက်များအားကောက်လိုက်ကာ တကယ့်ဝေဖန်ထင်မြင်ချက် စာဟုတ်မဟုတ် စစ်ဆေး၏။ လက်ရေးမှာ သေသပ်စွာရေးထားသည်။ ထို့နောက် သူသည် ဝမ်ကျစ်ချူးအား တစ်ချက်ကြည့်လိုက်ကာ မဲ့ပြလိုက်သည်။

"မင်းဒီတစ်ခါတော့ ကံကောင်းသွားတယ်မှတ်"

အလံတင်မည့်အခမ်းအနားရောက်ရန် အချိန်သိပ်မကျန်တော့ပေ။

အရောင်တောက်ပနေသော အနီရောင်အလံသည် လေထဲတွင် တလွင့်လွင့်ဖြစ်နေ၏။ ကျောင်းသားများသည် အလံတိုင်အောက် တွင် သူတို့၏ပြောစရာစကားများကို ပြောကြားပြီးသည့် နောက်တွင် ပြီးခဲ့သောအပတ်က ကျောင်းပြေးခဲ့သောကျောင်းသားများသည် စင်ပေါ်သို့တက်ကာ သူတို့၏ကိုယ့်ကိုကိုယ်ဝေဖန် သည့်စာများအား ဖတ်ကြားရန်အဆင်သင့်ပြနင်နေကြသည်။

သေဖို့ခက်ပေမယ့် ကျိဖုန်းချန်ဟာ ဝမ်ကျစ်ချူးဘေးနားတွင် နေရာကျဖို့ မခက်ပါဘူး။

ကျိဖုန်း၏အလှည့်ရောက်သောအခါ သူသည် မိုက်၏အမြင့်အား ချိန်ညှိလိုက်ပြီး စာညွှန်းထဲတွင်ပါ သည့်အတိုင်း စတင်ဖတ်လေ၏။ "နောက်လာမယ့်နေ့တွေမှာ ငါကသေချာ ပေါက်...စည်း...စည်း..."

ဝမ်ကျစ်ချူးသည် သူရေးထားသော တစ်ချို့စကားလုံးများကို လီဖုန်းချန်မှ မဖတ်တတ်သည်ကို တွေ့သောအခါ၊ သူ၏ 'ရောင်းပြီး နောက်ဝန်ဆောင်မှု' လုပ်ငန်းအား စိတ်နှစ်၍ စတင်လိုက်သည်။ "စည်းမျဉ်းအတိုင်း လိုက်နေပါ့မယ်"

ကျိဖုန်းချန်၏မျက်နှာမှာ သုံမှုန်သွားပြီး "မင်းငါ မသိတဲ့နေရာ ထောက်ပေးဦး!"

သို့သော် မကြာမှီပင် ထပ်မံထစ်ငေါ့သွားပြန်သည်။ "ငါဟာအနာဂတ်မှာ ကျောင်းရဲ့စည်းမျဉ်းအတိုင်း လိုက်နာကျင့်ကြံပါမယ်၊ ပြီးတော့...ပြီးတော့..."

ထိုစာအား တကယ်ပင်ဖတ်၍မရသောအခါ ကျိဖုန်းချန်မှ ဝမ်ကျစ်ချူးအား လေသံဖြင့် "မင်းဘာလို့ ငါ့ကိုဆက် မထောက်ပေးတော့တာလဲ"

ဝမ်ကျစ်ချူး : "မင်း...မင်းပိုက်ဆံပေးထားတားပဲလေ။ မင်းဘာပြောပြော မှန်ပါတယ်"

ကျိဖုန်းချန် : .......