Chapter 82
ထိုအမျိုးသား နောက်သို့မှီလိုက်သည်။ သူ့၏နီရဲနေသော မျက်လုံးများထက်တွင် လူငယ်၏ အံ့ဩနေသောမျက်နှာ ထပ်ဟပ်နေလေသည်။ သူ့၏ အပြုံးက ကြင်နာပြုံးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။
သူ တစ်ဖက်လူကို ညုတုတုလုပ်နေဖွယ် ရှိသော်လည်း သူ့၏ မျက်လုံးများက လေးနက်သည်။ သူလိုချင်သည်ကို မရသရွေ့ နောက်ပြန်ဆုတ်မည်ဟန် မပေါ်ချေ။
နောက်တစ်ခဏတွင် ယဲ့ကျား သူ့ခန္ဓာကိုယ်ကို ချည်နှောင်ထားသော မမြင်ရသောအား ပြေလျော့သွားသလို ခံစားလိုက်ရသည်။
"...."
သူ့တွင် ထိန်းချုပ်ရန် ခက်ခဲသောအမူအရာအချို့ ရှိနေသည်။
နောက်ဆုံးတွင် ယဲ့ကျား အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးကို ဖိညှစ်လိုက်သည်။
စိတ်အေးအေးထား...စိတ်အေးအေးထား...အနည်းဆုံးတော့ ကျီရွှမ် သူ့ကို လွှတ်ပေးလိုက်ပြီပဲ...
အခြေအနေကို လက်ခံနိုင်တဲ့လူက ပညာအရှိဆုံးလူပဲ...
ယဲ့ကျား သွားကို တင်းတင်းစေ့ထားပြီး နောက်ကို လှဲလိုက်ကာ ကျီရွှမ်နှုတ်ခမ်းကို ဖျတ်ခနဲနမ်းလိုက်သည်။
သူ့၏ လှုပ်ရှားမှုက မြန်ဆန်ပေါ့ပါးလေသည်။ သို့သော် ယဲ့ကျား နောက်ပြန်မဆုတ်မီ တစ်ဖက်လူ၏ လက်က သူ့လည်ပင်းနောက်ကို တင်းကြပ်စွာ ဖိလာပြီး အနားပြန်ဆွဲယူလိုက်သည်။
ဖျော့တော့တော့ ရုန်းကန်ပင့်သက်ရှိူက်သံများကို ကြားနေရလေသည်။
အရိုးပလ္လင်အောက်မှ ဒူးထောက်ထားကြသောမကောင်းဆိုးဝါးများ ခေါင်းကို တစ်ဖန်ပြန်ငုံ့လိုက်ကြသည်။ သူတို့၏ အာရုံများ အကောင်းပကတိမရှိရန် ရိုးသားစွာ မျှော်လင့်နေကြသည်။
သူတို့ ဘာမှမသိဘူး...ဘာဆို ဘာမှ မသိဘူး...ဘာမှလည်း မကြားဘူး...
နောက်ဆုံးတွင် ကျီရွှမ် ဆုပ်ကိုင်ထားသည်ကို ဖြေလျှော့ပေးလိုက်သည်။
ချက်ချင်းဆိုသလို ယဲ့ကျား နောက်ပြန်ဆုတ်ကာ ကျီရွှမ်နှင့် အကွာအဝေးတစ်ခု ခြားလိုက်သည်။ သူ့၏ စိုစွတ်နေသော ပယင်းရောင်မျက်လုံးတစ်စုံက တစ်ဖက်လူကို စိုက်ကြည့်နေလေသည်။
ကျီရွှမ်က ဒေါသထွက်နေဟန် မပေါ်ချေ။
သူ့၏ နီရဲနေသော မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး သူ့သူငယ်အိမ်များက စိတ်ကျေနပ်မှုကြောင့်အနည်းငယ် ကျယ်လာသည်။ သူ့၏ အနက်ရောင် အကြည့်များကလည်း လူငယ်၏ မျက်နှာပေါ် ဖြတ်သွားလေသည်။
လူငယ်၏အရေပြားက မကျန်းမာသော အရေပြားသဖွယ် ဖြူဖျော့ဖျော့ဖြစ်သောကြောင့် သူ့၏ မျက်နှာပေါ်မှ အနီရောင်များက ပိုမိုသိသာလေသည်။ အနည်းငယ် နီရဲနေသော မျက်လုံးထောင့်၊ သွေးရောင်ဖြာနေသည့် ပါးပြင်နှင့် နားများ၊ အနည်းငယ် စုဝိုင်းနေသည့် ဖူးရောင်နီမြန်းနေသော နှုတ်ခမ်း။ ၀မ်းနည်းမှု၊ လိုအင်ဆန္ဒ၊ ပျော်ရွှင်မှု တစ်စုံတစ်ရာ မရှိသည့်လူက ဖရိုဖရဲကမ္ဘာကြီးထဲ ရုတ်တရက်ပြုတ်ကျသွားသည့်ဟန် ပေါ်လေသည်။
အစောပိုင်းက တည်ငြိမ်မှုများ လွင့်စင်သွားပြီဖြစ်သည်။
ကျီရွှမ်၏ နှုတ်ခမ်းထောင့် ကွေးညွှတ်လာပြီး လူငယ်၏ ဖူးရောင်နေသော နှုတ်ခမ်းကို လက်မဖြင့် နူးညံ့စွာ ပွတ်သပ်လိုက်က။ တိုးတိုးပြောလိုက်သည်။
" ကျွန်တော် သိပ်မကြာခင် ပြန်လာခဲ့မယ်..."
တံခါးနောက်သို့ ပျောက်ကွယ်သွားသော တစ်ဖက်လူကို ကြည့်ပြီး ယဲ့ကျား သက်ပြင်းချလိုက်သည်။
မသိလိုက်သည့် အချိန်လေးတွင် သူ့ကျော၌ ချွေးများ စို့နေပြီးဖြစ်သည်။ ထို့အတွက်ကြောင့် အေးစက်သော ယင်လေတိုက်ခတ်လိုက်တိုင်း သူ တုန်ရီသွားလေသည်။
ယဲ့ကျား လက်ထဲတွင် ခပ်ဖျော့ဖျော့အရောင် တောက်လာသည်။
သူ ကျန်ရှိနေသေးသော မမြင်ရသည့်အားများကို ဖြတ်တောက်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
သို့သော် သူ အရိုးပလ္လင်ပေါ်တွင် ထိုင်နေသေးဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
ယဲ့ကျား :"....."
ခြေထောက်တွေက ပျော့နေတာပဲ...
သူ အသက်ပြင်းပြင်းရှူလိုက်ပြီး တိုးညှင်းစွာ ကျိန်ဆဲလိုက်သည်။
"ဖာ့ခ်..."
ထိုအချိန်တွင် ယဲ့ကျားအိတ်ကပ်ထဲမှ ငိုက်မြည်းနေသောအသံ ထွက်ပေါ်လာလေသည်။
"အင်း...ငါ ကောင်းကောင်းအိပ်လိုက်ရတယ်..."
ယဲ့ကျား အနည်းငယ် ထိတ်လန့်သွားပြီး အိတ်ကပ်ထဲမှ အစိမ်းရောင်ကျောက်တုံးလေးကို ထုတ်လိုက်သည်။
ကျောက်တုံး : "Good morning..."
ယဲ့ကျား : "မင်းဖင်ကို Good morning..."
ကျောက်တုံး :"မင်း ဘာလို့ စိတ်တိုနေတာလဲ...လူငယ်လေးက စိတ်တိုနေရင် အသားအရေပျက်စီးလိမ့်မယ်နော်..."
ကျောက်တုံး နိုးထချိန်က တိုတောင်းသောကြောင့်ယဲ့ကျား ငြင်းခုံမနေ၊ လိုရင်းကိုသာ တိုက်ရိုက်သွားလိုက်သည်။
"ကျီရွှမ် အခု ဘာဖြစ်နေတာလဲ..."
ကျောက်တုံး :"ဘာ...ဘာဖြစ်ရမှာလဲ..."
ယဲ့ကျား စကားလုံးများကို ပီသစွာ ပြောလိုက်သည်။
"ငါ့ကို အားသုံးဖို့ တွန်းအားမပေးနဲ့..."
"အိုကေ...အိုကေ..."
ကျောက်တုံး ကျေရာကျေကြောင်း ပြောလိုက်သည်။
"မင်းသိချင်ရင် ငါ ပြောပြမယ်...စွမ်းအားကြီးတစ္ဆေရဲ့ ပိုင်နက်က လူတွေရဲ့ အကြောက်ဆုံးအရာကို ခံစားစေရုံတင်မကဘူး...သူက ဒါပဲလုပ်နိုင်ရင် စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ရှိတဲ့ လူတွေဆို ဘယ်ထိရောက်တော့မလဲ...အဲ့တော့ အဓိကအချက်က...သူက လူတစ်ယောက်ရဲ့ ပင်ကိုအကြောက်တရားကို ပိုတိုးလာအောင် လုပ်နိုင်တယ်...လူတစ်ယောက်ရဲ့ ပင်ကိုအကြောက်တရားက တိုးလာလို့ရှိရင် သူတို့စိတ်သူတို့နိုင်တဲ့ လူတွေတောင် သူတို့ရှေ့ကဟာက အတုအယောင်မှန်း သိတာတောင်မှ ကြောက်စိတ်ကို မထိန်းချုပ်နိုင်ကြဘူး..."
သူက လူတစ်ယောက်ရဲ့ ကြောက်စိတ်ကို ခံစားစေရုံပဲဆို အတွေ့အကြုံရင့်တဲ့ ကစားသမားတွေအတွက် ဘယ်ထိရောက်တော့မလဲ...
ယဲ့ကျား၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
"ဒါပေမဲ့ ကျီရွှမ်က ကြောက်မနေဘူးလေ..."
ကျီရွှမ်ရဲ့ လက်ရှိအခြေအနေက ကြောက်ရွံ့နေတဲ့ အခြေအနေမဟုတ်ဘူး...သူက ပုံမှန်အခြေအနေလည်း မဟုတ်ဘူး...
အတုအယောင်တွေနဲ့ ရင်ဆိုင်ရလေလေ ကြောက်ရွံ့စိတ်ထက် ရွံ့ရှာဒေါသထွက်စိတ်က ပိုလာလေလေပဲ....
သူက တစ္ဆေဖြစ်နေတာကြောင့်လား...
ဒါပေမဲ့ အခြေအနေက အဲ့လောက်မရိုးရှင်းမှန်း ခံစားနေရတယ်...
"ဟုတ်တယ်...."
ကျောက်တုံး ပြန်ဖြေလိုက်သည်။
"ဘာလို့ဆို သူက သူ့နှလုံးသားထဲက အကြောက်တရားကို စွမ်းအားကြီးတစ္ဆေမကို သိခွင့်မြင်ခွင့်မပေးထားလို့ပဲ..."
ယဲ့ကျား အံ့ဩသွားသည်။
"ဟမ်..."
'အားလုံးသိမြင်မျက်လုံး'ဆက်ပြောလိုက်သည်။
"ဟုတ်တယ်...မင်းထင်သလိုပဲ...သူက သူ့အကြောက်တရားတွေကို ပိတ်လှောင်ထားပြီး သူ့ရဲ့ စွမ်းရည်တွေကို အသုံးမပြုဘဲ အတွင်းကနေ ပြန်တိုက်ခိုက်နေတာ...အတွင်းထဲက စွမ်းအားကြီးတစ္ဆေမ ဝါးမျိုခံလိုက်ရရင် ပိတ်လှောင်ထားခံရတာက လွတ်သွားပြီး အားလုံးပုံမှန် ပြန်ဖြစ်သွားလိမ့်မယ်...ဘာပဲဖြစ်ဖြစ် သူက ရက်စက်တဲ့လူ တစ်ယောက်ပဲ..."
ယဲ့ကျား နက်နဲစွာ တွေးနေမိသည်။
ကျောက်တုံးက တတွတ်တွတ် ဆက်ပြောလိုက်သည်။
"အို...ဟုတ်သား....သူ မင်းကို ဒီလိုဆက်ဆံရတဲ့ အကြောင်းရင်းက ကြောက်ရွံ့စိတ်မရှိလို့ပဲ..."
စွမ်းအားကြီးတစ္ဆေက ကြောက်စိတ်မရှိရင် မဆင်မခြင်လုပ်လာကြတယ်...ဘာလို့ဆို သူတို့ကို ချုပ်နှောင်ထားတာ မရှိလို့ပဲ..."
ယဲ့ကျား ထိုစကားကို ကြားလိုက်သောအခါ အံ့ဩသွားပြီး မျက်ခုံးတွန့်ကာ အေးစက်စွာ မေးလိုက်သည်။
"အဲ့ဒါ ဘာပြောတာလဲ..."
သူ့မျက်လုံးထဲတွင် စူးရှသောအကြည့် ရှိနေလေသည်။ ဂိမ်းထဲတွင် သူ စုဆောင်းထားခဲ့သော ဖိနှိပ်နိုင်သည့် လေထုက ပေါက်ကွဲထွက်လာသည်။
ကံမကောင်းစွာနှင့် သူ့၏ နူးညံ့သော ဆံပင်နှင့် နီမြန်းနေသော မျက်နှာက ကြောက်စရာကောင်းပုံမပေါ်ချေ။
ကျောက်တုံး တခစ်ခစ်ရယ်လိုက်ပြီး ယဲ့ကျား၏မေးခွန်းကို ပြန်မဖြေချေ။
သူ သမ်းဝေကာ ပြောလိုက်သည်။
"ကောင်းပြီ...နောက်ဆုံးမေးခွန်းမေး...ငါ ပြန်အိပ်ပျော်တော့မယ်..."
ယဲ့ကျား ဒေါသကို ဖိနှိပ်လိုက်ပြီး ဤကိစ္စနှင့် ပတ်သက်ပြီး အချိန်မဖြုန်းရန် ဆုံးဖြတ်လိုက်သည်။
"ပိတ်လှောင်ထားတာကို ဘယ်လိုလွှတ်ပေးရမှာလဲ..."
ကျောက်တုံး ထိတ်လန့်သွားသည်။
"ဟမ်...ဘာလို့မေးတာလဲ...မင်းမိသားစု၀င်က အသာစီးရနေပြီလေ...စွမ်းအားကြီးတစ္ဆေမကို အတွင်းထဲက ဝါးမျိုဖို့တောင် မစောင့်နိုင်တော့ဘူးလား..."
ယဲ့ကျား :"...."
ကျီရွှမ်နဲ့ ဒီအလုံပိတ်နေရာမှာ...အထူးသဖြင့် တစ်ဖက်လူက သူ့ကို ထိန်းချုပ်နိုင်တဲ့နေရာမှာ နှစ်ပေါင်းသုံးရာ နေရမှာလား...သူ တစ်ဖက်လူက ဘာစိတ်ရှိနေလဲဆိုတာကို သိပြီးနောက်ပေါ့...
ဆောရီး...သူက အရမ်းငယ်သေးတယ်...အိပ်ရာထဲမှာ မသေချင်ဘူး...
ယဲ့ကျား အဖြေပြန်မပေးပေ။ သူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မင်း မသိဘူးလား..."
"ဘာ..."
ကျောက်တုံး စော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
"ငါက 'အားလုံးသိမြင်မျက်လုံး'...ငါ မသိတာ ဘာမှ မရှိဘူး..."
ယဲ့ကျား : "ဟုတ်တယ်...ဟုတ်တယ်...မင်းက အရာအားလုံးသိတဲ့ မျက်လုံးပဲ...မင်း မတတ်နိုင်တာ ဘာမှ မရှိဘူး..."
ကျောက်တုံး နှာမှုတ်လိုက်ကာ ပြောလိုက်သည်။
"ပိတ်လှောင်ထားတဲ့အရာကို ဒီကမ္ဘာထဲမှ ဖွက်ထားတယ်...မင်း ရှာတွေ့ပြီး ဆွဲထုတ်လိုက်ရင် ရှင်းသွားလိမ့်မယ်..."
ယဲ့ကျား မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"အဲ့ဒါ ဘာပြောတာလဲ..အဲ့ဒါက ဘယ်မှာလဲ...ဘယ်လို ဆွဲထုတ်ရမှာလဲ..."
"ဟုတ်သား..."
ကျောက်တုံး တစ်ခုခုကို သတိရသွားသည်။
"ငါ မင်းကို ဘောနပ်စ်ပေးရမှာပေါ့..."
ယဲ့ကျား သေချာ နားထောင်လိုက်သည်။
"ရေခဲနဲ့ သုံးမိနစ်လောက် ကပ်ထားလိုက်ရင် ဖူးရောင်နေတာ လျော့သွားလိမ့်မယ်..."
ပြောပြီးနောက် ယဲ့ကျား လက်ထဲမှ အစိမ်းရောင်ကျောက်တုံး ပြန်အသက်မဲ့သွားလေသည်။
ယဲ့ကျား : “………”
သူနှုတ်ခမ်းထက်မှ ပူလောင်ရောင်ရမ်းသည့်ဝေဒနာကို ထိုအခိုက်အတန့်တွင် ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ပါးပြင်မှ အပူချိန်က နားဖျားထိပင် ရောက်လာလေသည်။
"ဖာ့ခ်..."
အမှိုက်ကျောက်တုံး...
ယဲ့ကျား၏ အမူအရာအေးစက်သွားပြီး ကျောက်တုံးကို လက်ထိပ်များ ဖြူလာသည့်အထိ တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
သူ ကျောက်တုံးကို အိတ်ကပ်ထဲ ပြန်ထည့်ပြီး မတ်တပ်ရပ်လိုက်သည်။
ခန်းမက အလွန်တိတ်ဆိတ်နေပြီး ကောင်းကင်မှ အနီရောင် အလင်းတန်းက အရိုးနံရံများကြားကိုဖြတ်၍ ခန်းမကို အနီရောင်တောက်ပစေလေသည် ။
ယဲ့ကျား ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး လက်ကို မြှောက်ကာ နှုတ်ခမ်းကို ထိလိုက်သည်။
နှုတ်ခမ်းက အထိမခံဖြစ်နေလေသည်။
ယဲ့ကျား မျက်လုံးများ ပိုမိုအေးစက်လာပြီး လက်ဖြင့် နှုတ်ခမ်းကို ကြမ်းတမ်းစွာ သုတ်လိုက်ကာ ရဲတိုက်တံခါးဆီ လျှောက်သွားလိုက်သည်။
ယဲ့ကျား တံခါးကို တွန်းဖွင့်လိုက်သောအခါ မမျှော်လင့်စွာနှင့် တံခါးကို အားစိုက်ထုတ်စရာပင် မလို၊ ဖွင့်နိုင်ခဲ့ပြီး သွေးရောင်ကောင်းကင်နှင့် အရိုးမြို့ကို မြင်လိုက်ရလေသည်။
သူ့ရှေ့တွင် ကမ္ဘာကြီးတစ်ခု ပေါ်ပေါက်လာသည်။
စွမ်းအားကြီးတစ္ဆေနှစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်ခြောက်ခြားဖွယ်များက ကမ္ဘာကြီးတစ်လျှောက် ပျံ့နှံ့နေပြီး ပြောင်းလဲမှုအချို့ကို သယ်ဆောင်လာလေသည်။ သတိမမူမိရန် ခက်ခဲသော ထူထပ်သည့် ယင်စွမ်းအင်များက ပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည်။
စွမ်းအားကြီးတစ္ဆေနှစ်ယောက်၏ တိုက်ပွဲက အလွန်ကြောက်စရာကောင်းလေသည်။
ကျောက်တုံးနှင့် စကားပြောပြီးနောက် သူ ကျီရွှမ်နှင့် ဆက်သွယ်နိုင်သည်ဟု ခံစားမိသော်လည်း အပြင်ဘက်မှ အခြေအနေကို မြင်သောအခါ သူ့အတွေးက လုံး၀ပြောင်းလဲသွားလေသည်။
သူ့၏ ကြောက်စိတ်ကို ပိတ်လှောင်ထားပြီး သူ့ကိုယ်သူ ထိန်းချုပ်နိုင်မှု ပျောက်ဆုံးနေသောတစ္ဆေ။ ထိုတစ္ဆေလုံး၀ထိန်းချုပ်နိုင်သော တစ္ဆေပိုင်နက်။
သူ ဤနေရာတွင် ဆက်နေလျှင် ဆိုးကျိုးများသာ ခံစားရမည်ဖြစ်သည်။ သူ ဤအခြေအနေမှ အမြန်ထွက်သွားသင့်သည်။
ဒါပေမဲ့ နေရာက အကြီးကြီး...ဖွက်ထားတဲ့ တံဆိပ်ကို ဘယ်လိုရှာရမှာလဲ... သူ ပတ်ပတ်လည် လိုက်ရှာနေပေမဲ့ မတွေ့ဘူး ...ကျောက်တုံးကလည်း သူ့ကို မကူညီနိုင်ဘူး...
သို့သော် ယဲ့ကျား အချိန်မဖြုန်းပေ။
ကျီရွှမ်က မကြာခင်ပြန်လာမယ်လို့ ပြောသွားတယ်...
သူ မျက်လုံးကို မှေးစင်းကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ပယင်းရောင်မျက်လုံးထဲတွင် သွေးရောင်ကောင်းကင်ကြီးက ထင်ဟပ်နေလေသည်။
ကျီရွှမ်က စွမ်းအားကြီးတစ္ဆေဖြစ်၏။
စွမ်းအားကြီးတစ္ဆေတွေက လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေ...သူတို့က စာနာစိတ်လည်းမရှိဘူး...ယုံကြည်မှုလည်း မရှိဘူး...သူ့အားနည်းချက်ကို အနီးဆုံးနေရာမှာ သိမ်းထားမှာပဲ...,
ယဲ့ကျား သူ့နောက်မှ အရိုးရဲတိုက်ကို ကြည့်လိုက်သည်။
သေချာတွေးကြည့်ရင် အဲ့မှာ ဖွက်ထားနိုင်ချေက အရမ်းများတယ်...ရဲတိုက်လောက်ကိုတော့ ကျောက်တုံးကို သုံးပြီး စစ်ဆေးလို့ ရလောက်တယ်...
ယဲ့ကျား ရဲတိုက်တစ်တိုက်လုံးကို ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ်စစ်ဆေးလိုက်သည်။
ရဲတိုက်ကြီးက အေးစက်ပြီး အသက်မဲ့လေသည်။ အဆောက်အအုံထက်စာလျှင် နီရဲသော မြေရိုင်းအဖြစ် ဖော်ညွှန်းခြင်းက ပိုမိုသင့်တော်သည်။ အေးစက်သော အရိုးများက ကောင်းကင်သို့ ထိုးထွက်နေပြီး အောက်တွင် ဗလာဖြစ်နေသောခန်းမသာရှိသည်။ အိပ်ခန်းမရှိ၊ အလှဆင်မှုမရှိ၊ မည်သည့်အရာမှကို မရှိပေ ၎င်းက လူများကို မြှုပ်နှံထားသည့် သင်္ချိုင်းနှင့် ပိုတူလေသည်။
သို့သော် ရဲတိုက်ကို နေရာလွတ်မကျန် အသေးစိတ်ရှာဖွေခဲ့သော်လည်း ယဲ့ကျား သူရှာဖွေနေသည့် အရာကို ရှာမတွေ့သေးချေ။
သူ ခန်းမလွတ်ထဲတွင် မျက်မှောင်ကြုတ်ကာ ရပ်နေသည်။
သူ ခန့်မှန်းတာ မှားသွားတာလား...
ကျီရွှမ်က သူနဲ့ အနီးဆုံးနေရာမှာ ဖွက်ထားတာ မဟုတ်ဘူးလား...
အဲ့လိုသာဆိုရင် သူ့မှာ အဲဒါကို ရှာတွေ့ဖို့ အခွင့်အရေး မရှိတော့ဘူး...
သူ့နှလုံးက တဒိန်းဒိန်းခုန်ပေါက်နေပြီး ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေသော သွေးများကလည်းပူနွေးလာလေသည်။ သူ့၏ ခုန်ပေါက်နေသော နှလုံးခုန်သံကို ကြားနေရလေသည်။
ယဲ့ကျား အသက်ရှူထုတ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။
လူသားများက လေးကြိုးနှင့် တူလေသည်။ ပို၍ ဖိအားများလေ ပို၍ကောင်းလာလေလေဖြစ်သည်။ ပို၍ မျှော်လင့်ချက်မဲ့လာလေလေ အမှန်တရားနှင့် ပိုနီးစပ်လာလေလေဖြစ်သည်။
သူ ခန့်မှန်းမှုမမှန်တော့ စွမ်းအားကြီးတစ္ဆေရဲ့ ရှုထောင့်ကနေ တွေးကြည့်ရမယ်...သူသာ ကျီရွှမ်
သာဆိုရင် သူ့ရဲ့အားနည်းချက်ကို ဘယ်မှာဖွက်ထားလောက်လဲ....
ယဲ့ကျား အနည်းငယ် ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
သူ့အကြည့်က သူ့အောက်မှ အရိုးများပေါ်သို့ ရောက်သွားလေသည်။
ဒီနေရာက ယဲ့ကျားအတု သေခဲ့တဲ့နေရာ...ဒါပေမဲ့ အခု ခြေရာလက်ရာတောင် မကျန်တော့ဘူး...
ကြမ်းပြင်က ချောမွတ်သန့်ရှင်းနေတာပဲ...အစောတုန်းက တစ်ယောက်ယောက် ဖိကြေခံရပြီး
မသေသွားခဲ့ သလိုပဲ...သူ မြင်ရတာကတော့ ကျန်နေတဲ့ သွေးအိုင်ကြီးပဲ...
အရိုးမြို့က သွေးပင်လယ်အလယ်မှ ရှိနေတဲ့ကျွန်း...ရဲတိုက်က ကျွန်းရဲ့ အလယ်မှ ရှိနေတာ...ဒါဆို ရဲတိုက်ရဲ့ အောက်မှာ သွေးအိုင်ရှိမှာပဲ...အလောင်းတွေက သွေးအိုင်ထဲက ထွက်လာတာ...
သူသာ သံသယလွန်ကဲတဲ့ တစ္ဆေဆိုရင် တစ်ခုခုကို ဘယ်နေရာမှာ ဖွက်ထားသင့်လဲ...
အဖြေက သိသာလေသည်။
သူ့ရဲ့ စွဲလမ်းမှုတွေနဲ့ အတူထားထားသင့်တယ်...
ယဲ့ကျား၏ လက်ထဲ၌ တံစဉ်းတစ်ချောင်းပေါ်လာပြီး အေးစက်သည့်အရောင် လက်သွားကာခြေထောက်အောက်မှ အရိုးများကို ဖြတ်တောက်လိုက်သည်။
အရိုးအပိုင်းအစများ သွေးအိုင်ထဲသို့ ကျသွားလေသည်။
သူ သူ့အောက်မှ အဆုံးအစမဲ့သည့် ချောက်ကို စိုက်ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။
ဗွမ်း...
သွေးရည်များက သူ့ထံ တဟုန်ထိုး တိုး၀င်လာလေသည်။ သူ့၏ ပြင်းထန်သော အဖျက်စွမ်းအားက ကျူးကျော်သူကို ရက်စက်စွာ တွန်းထုတ်နေပုံပေါ်သည်။
ယဲ့ကျား၏ ပါးစပ်ထဲတွင် သံချေးအရသာနှင့် ပြည့်နေလေသည်။ သူ မျက်လုံးကို ဖွင့်ထားသော်လည်း ကောင်းကောင်းမမြင်ရသေးပေ။
သူ့ပတ်၀န်းကျင်ရှိ ပြင်းထန်သော သွေးစီးကြောင်းများကို ရှိသမျှ ခွန်အားအားလုံးဖြင့် ခုခံကာ ကူးခတ်လိုက်သည်။
လူငယ်၏ သေးသွယ်သော ခြေလက်များက ငါးတစ်ကောင်သဖွယ် ပျော့ပျောင်းနေပြီး အောက်သို့ နက်နက် ကူးခတ်နေသည်။
အကွာအဝေးတစ်နေရာတွင် အရိပ်မည်းများက တဖျပ်ဖျပ် လှုပ်နေလေသည်။
သူ ထိုနေရာသို့ ကူးခတ်ကာ အနီးကပ်သွားကြည့်လိုက်သောအခါ မရေမတွက်နိုင်သော ယဲ့ကျားအတုများက စီတန်းကာ ရှိနေလေသည်။ သူတို့၏ ဖြူဖျော့ဖျော့မျက်နှာများက အကြောက်တရားများနှင့် ပြည့်နေပြီး သေဆုံးချိန်တွင် ဖြစ်ပေါ်ခဲ့သော အမူအရာများအချို့ ရှိနေသေးဆဲဖြစ်သည်။ အချို့အလောင်းများက ပြည့်စုံသေးသောအလောင်းများ ဖြစ်ပြီး အချို့က မကောင်းဆိုးဝါးတစ်ကောင်၏ ဆုတ်ဖြဲခံထားရသကဲ့သို့ စုတ်ပြတ်နေပြီး ယဲ့ကျားကိုယ်တိုင်ပင် မှတ်မိရန် ခက်ခဲလေသည်။ ဤအလောင်းများကို မမြင်ရသော အားအချို့က အတူချည်နှောင်ထားပုံရသည်။
အဆုံးအဆမရှိ ရှည်လျားသည့် အတန်းတစ်ခု...
ယဲ့ကျား :"...."
ဟားဟား...ကျီရွှမ်ရဲ့ စိတ်က တကယ်စိတ်ချရတာပဲ...
သူ ခေါင်းငုံ့ကြည့်လိုက်သောအခါ မမျှော်လင့်စွာနှင့် သူ သွေးပင်လယ်၏ အနက်ပိုင်းကို မရောက်သေးကြောင်း မြင်လိုက်သည်။
ကြည့်ရတာ အနက်ပိုင်းမှ တစ်ခုခုကို ဖွက်ထားပုံပဲ...
သူ ဆက်သွားချင်သော်လည်း သူ့ခြေချင်း၀တ်ကို အေးစက်သည့်အရာတစ်ခုက ဆုပ်ကိုင်လိုက်သည်ကို ခံစားလိုက်ရသည်။
သူ နောက်လှည့်ကြည့်လိုက်သည်။
အလောင်းများက မူလအတိုင်းဖြစ်ကာ သူတို့၏အမူအရာများက ကြောက်စရာကောင်းနေလေသည်။ သို့သော် နောက်တစ်ခဏတွင် ထိုအသက်မဲ့သော အလောင်းများက ယဲ့ကျားကို တဟုန်ထိုး တိုက်ခိုက်လာလေသည်။
စေးကပ်သော သွေးပင်လယ်ထဲတွင် မရေမတွက်နိုင်သော ဖြူဖတ်ဖတ်ခြေလက်များကို ဝှေ့ယမ်းကာ သူတို့ရှေ့မှ လူသားကို ဝါးမျိုရန် ဆန္ဒရှိနေကြပုံ ပေါ်လေသည်။
ထိုအချိန်တွင် သွေးစီးကြောင်းတစ်ခု ဖြတ်သွားပြီး အလောင်းများနှင့် သူ့ကြား နေရာလွတ်တစ်ခုကို ဖန်တီးပေးလိုက်လေသည်။ ထိုသွေးစီးကြောင်း၏ အားက အတုအယောင်များကို တွန်းထုတ်လိုက်ပြီး ယဲ့ကျား အသက်ရှူရန် အချိန်အချို့ ရသွားသည်။
သူ အနည်းငယ် မူးဝေနေသည်။
သူ့မျက်လုံးထဲတွင် ပျံ့နှံ့လာသော အမှောင်ထုလွင့်စင်သွားရန် မျက်တောင်ကို အကြိမ်ရေအချို့ခတ်လိုက်ရသည်။
Xxxx