အပိုင်း ၈၃
Viewers 10k

Chapter 83



သူ အောက်စီဂျင် မလုံလောက်‌တော့ပေ။

သူ မျက်လုံးပင့်ကာ ကြည့်လိုက်သောအခါ ရေမျက်နှာပြင်က သူနှင့် ဝေးကွာနေသော်လည်းမျက်နှာပြင်ပေါ်မှ လှိုင်းလုံးများကို ဝေဝေဝါးဝါး မြင်နေရသည်။

သူ အပေါ်သို့ တက်သွားရန် အချိန်ရလေသည်။

တွန်းထုတ်ခံလိုက်ရသော အလောင်းကောင်များက သူ့ထံလာရန် ကြိုးစားနေကြသည်။

ယဲ့ကျား အံကြိတ်လိုက်ပြီး ဆန့်ကျင်ဘက်သို့ လှည့်လိုက်ပြီး အောက်သို့ ကူးခတ်သွားသည်။

သူ့နောက်မှ အလောင်းကောင်များ အချင်းချင်းတိုက်မိသံနှင့် သွေးစီးကြောင်းသံများကို ကြားနေရလေသည်။

သူ အောက်စီဂျင်ပြတ်လပ်လုနီးပါးဖြစ်နေပြီး ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ သူ့ခြေလက်များက အားနည်းလာပြီး အမြင်အာရုံက ပိုမည်းမှောင်လာလေသည်။

ထိုအချိန်တွင် အလောင်းကောင်တစ်ကောင်က သူ့ခြေချင်း၀တ်ကို ဆုပ်ကိုင်လိုက်သောကြောင့် သူ အေးစက်စက်အထိအတွေ့ကို ခံစားလိုက်ရသည်။

ယဲ့ကျား လွတ်မြောက်ရန် ထပ်မံရုန်းကန်လိုက်လေသည်။

နောက်တစ်ခဏတွင် သူ သွေးပင်လယ်၏ အနက်ပိုင်းသို့ ရောက်လာပြီး ပင်လယ်ကြမ်းပြင်ကို နင်းလိုက်ကာ မတ်တပ်မရပ်မီ အချိန်အနည်းငယ်ခန့် ယိုင်ထိုးနေလေသည်။

ယဲ့ကျား ချောင်းဆိုးလိုက်ကာ ပတ်၀န်းကျင်မှ ငါးညှီနံ့နံ့သော လေကို ရှူရှိုက်လိုက်သည်။ သူ့၏ အမြင်အာရုံက ပြန်လည်ကြည်လင်လာပြီဖြစ်သည်။

ယဲ့ကျား အ‌ပေါ်ကို ခေါင်းမော့ကြည့်လိုက်သည်။

သွေးပင်လယ်ကြီးနှင့် အလောင်းကောင်များက မသိလိုက်သော အချိန်တွင် ပျောက်ကွယ်သွားပြီဖြစ်သည်။ ထိုနေရာတွင် တူညီသော သွေး‌ရောင်ကောင်းကင်ကြီးက အစားထိုး၀င်ရောက်နေလေသည်။

ယဲ့ကျား၏နှာခေါင်းထဲတွင် သွေးနံ့များ ပြည့်နှက်လာလေသည်။ ဤအခိုက်အတန့်တွင် ယဲ့ကျားသည် သွေးနံ့က ပျောက်ကွယ်သွားသော ပင်လယ်မှလာသည်လား၊ လေထဲမှ လာသည်လား မပြောနိုင်တော့ပေ။

သူ မျက်နှာကို သုတ်လိုက်ပြီး ပတ်၀န်းကျင်ကို ကြည့်လိုက်သောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့်သွားလေသည်။

သူ ဤနေရာကို သိသည်။

ထိုမြင်ကွင်းက သူ့မှတ်ဉာဏ်ထဲတွင် တောက်လောင်နေပြီး ဘယ်သောအခါမှ မမေ့ခဲ့သည့် မြင်ကွင်းဖြစ်သည်။

အနက်ရောင်မြေပြင်က ‌နူးညံ့ပြီး စိုထိုင်းလေသည်။

မြေပြင်ကို အားနှင့် ဖိညှစ်လိုက်နှင့် သွေးပင်ထွက်လာနိုင်လေသည်။

မြေကြီးထဲတွင် မရေမတွက်အရိုးများကို မြှုပ်နှံထားပြီး လေထုပင်လျှင် သေခြင်းအနံ့များနှင့် ပြည့်နှက်နေလေသည်။

ဤနေရာက စစ်တလင်းဟောင်းဖြစ်သည်။

မည်သူမှ စိန်မခေါ်ရဲသော အခက်အခဲဆုံးဖြစ်ရပ်ဖြစ်သည်။

ထို့အပြင် သူ ကျီရွှမ်ကို သတ်ခဲ့သော နေရာလည်းဖြစ်သည်။

ယဲ့ကျား မျက်လုံးကို ‌မှေးစင်းကာ စစ်တလင်းအလယ်တွင် ရပ်နေပြီး ပြင်းထန်သော သွေးနံ့များကို ‌သယ်ဆောင်လာသော လေများက သူ့ဆံပင်ဘေးမှ ဖြတ်တိုက်နေကြသည်။

သူ အရှေ့သို့ လျှောက်သွားကာ သူ့မှတ်ဉာဏ်ထဲမှ နေရာကို သွားလိုက်သည်။

စစ်တလင်းအလယ်တွင် လူငယ်လေးတစ်ယောက် လမ်းလျှောက်နေလေသည်။

အကွာအဝေးတစ်နေရာတွင် မတ်စောက်သောတောင်တန်းများနှင့်အနက်ရောင် ချောက်ကမ်းပါးရှိသည်။ ထိုအောက်တွင် ဧရာမလိုဏ်ဂူတစ်ခုရှိပြီး ထိုလိုဏ်ဂူက သူ့သူငယ်ချင်းဟောင်းကို နှုတ်ဆက်ခဲ့ရသော နေရာဖြစ်သည်။

မြှုပ်နှံထားသည်ဟု ထင်ထားသော မှတ်ဉာဏ်များက စိတ်ထဲတွင် ပြန်လင်းလက်လာလေသည်။

ယဲ့ကျား ထိုမှတ်ဉာဏ်များကို မမှတ်မိချင်သော်လည်း မနေ့တစ်နေ့က ဖြစ်ခဲ့သကဲ့သို့ ထင်ရှားစွာမှတ်မိနေသည်။

ရှင်းလင်းသော မှတ်ဉာဏ်များက ပြင်းထန်သော အမုန်းတရားများကိုပါ သယ်ဆောင်လာလေသည်။

လူရင်းက သစ္စာဖောက်တာထက် ပိုနာကျင်ရတာက တစ်ဖက်လူက အစကတည်းက သူ့ကို ဝါးမျိုဖို့စီစဉ်ထားတာပဲ...

ယဲ့ကျား၏ မျက်လုံးက နက်မှောင်လာလေသည်။ သူ့၏ ဖြူဖျော့ဖျော့ မျက်နှာတွင် မည်သည့်အမူအရာမှ မရှိချေ။ အစောပိုင်းက နီရဲနေသောအသားအရေကလည်း ပုံမှန်ပြန်ဖြစ်သွားကာသွေးသောက်ထားသကဲ့သို့ နီရဲနေသောနှုတ်ခမ်းသာ ကျန်တော့သည်။

သူ လက်ထဲတွင် ချွန်ထက်သည့် တံစဉ်းပေါ်လာလေသည်။

သူ့၏ ကြွက်သားများက ပိုမိုတင်းမာလာပြီး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေ‌သော သားရဲတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။

လိုဏ်ဂူက မှောင်မည်းနေပြီး ကြမ်းတမ်းသော်လည်း သူ ဤနေရာကို အကြိမ်များစွာ ဖြတ်သန်းခဲ့ဖူးသည်။

ရုတ်တရက် သူ့ရှေ့တွင် ပုံရိပ်လေးတစ်ခု ပေါ်လာလေသည်။

ထိုပုံရိပ်က သူနှင့် အလွန်ရင်းနှီးနေသည်။ ယဲ့ကျား ထိုပုံရိပ်ကို သိသည်။

ကျီရွှမ်...

ကျောက်တုံး၏ စကားလုံးများကို သူ့စိတ်ထဲတွင် တစ်ဖန် ပြန်ကြားယောင်လာသည်။

"ဆွဲထုတ်လိုက်..."

အဲ့ဒါ ဘာကို ဆိုလိုတာလဲ...

ယဲ့ကျား ကျောက်တုံးကို ထုတ်လိုက်ပြီး သူ့ရှေ့မှ မြင်ကွင်းကို ကြည့်လိုက်သည်။

ဖရိုဖရဲ အမှောင်ထုထဲတွင် ကောင်လေးက တစ်ခုတည်းသော တောက်ပနေသည့် အရာဖြစ်သည်။

သူ့ကို ဆွဲထုတ်ရမှာလား...

ယဲ့ကျား 'အားလုံးသိမြင်မျက်လုံး'ကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး ကောင်လေးဆီ လျှောက်သွားကာ လက်မောင်းကို ဆွဲလိုက်သည်။

သို့သော် မမျှော်လင့်စွာနှင့် ဘာမှ မကိုင်မိပေ။

ယဲ့ကျား : "...."

ယဲ့ကျား သူ့လက်ကို သံသယရှိစွာ ပြန်ကြည့်လိုက်ပြီး ကောင်လေး၏ ပခုံးကို ဆုပ်ကိုင်လိုက်သည်။

သို့သော် သူ လေကိုသာ ထိတွေ့မိပြီး သူ့လက်ချောင်းများက တစ်ဖက်လူကို ဖြတ်သွားလေသည်။

ကောင်လေးက ဆက်လျှောက်သွားသည်။

ယဲ့ကျား ကောင်လေးနောက်သို့ အမှီလိုက်ရန် သူ့အရှိန်ကို တိုးမြှင့်လိုက်ရသည်။

"ဟေ့..."

ယဲ့ကျား ကောင်လေး၏ မျက်လုံးရှေ့ လက်ကို ဝှေ့ယမ်းလိုက်ကာ ‌ကောင်လေး၏ အာရုံကို ဆွဲဆောင်လိုက်သည်။

‌သို့သော် အသုံးမဝင်ပေ။ သူ့လက်က တစ်ဖက်လူ၏ ဦးခေါင်းကို ဖြတ်သွားလေသည်။

အကြိမ်များစွာကြိုးစားပြီးနောက် သူ တစ်ဖက်လူနှင့် မဆက်သွယ်နိုင်ကြောင်း သိလိုက်သည်။ သူက အတိတ်မှ ပုံရိပ်တစ်ခုကို ကြည့်နေရခြင်းသာဖြစ်သည်။

ဒါပေမဲ့...

ယဲ့ကျား ကျောက်တုံးကို ထုတ်လိုက်ပြီး ကောင်လေး၏ ပတ်ပတ်လည်ကို စစ်ဆေးလိုက်သည်။

အမှန်ပင် ကောင်လေး၏ ခန္ဓာကိုယ်တစ်ခုတည်းသာ တောက်ပနေခြင်းဖြစ်သည်။

ထူးဆန်းလိုက်တာ...

သူ မထိနိုင်မှ‌တော့ ကျီရွှမ်ကို ဘယ်လိုဆွဲထုတ်သွားရမှာလဲ...

ယဲ့ကျား စိတ်ရှုပ်ထွေးနေချိန် လမ်းကဆုံးသွားလေသည်။

ထိုအချိန် ယဲ့ကျား တစ်ခုခုကို တွေးမိပြီး ထိတ်လန့်သွားသည်။

ဒီမြင်ကွင်းက သူ့မှတ်ဉာဏ်ထဲက မြင်ကွင်းလို မဟုတ်ဘူး...

သူနဲ့ ကျီရွှမ်က လိုဏ်ဂူထဲကို တူတူ၀င်ခဲ့တာ...ကျီရွှမ်တစ်ယောက်တည်း ဝင်ခဲ့တာ မဟုတ်ဘူး...အခု ကျီရွှမ်ရဲ့ ဘေးမှာ ဘယ်သူမှ မရှိဘူး...

ထိုအချိန်တွင် ကောင်လေး ရပ်တန့်သွားပြီး တစ်နေရာကို လှမ်းကြည့်လိုက်ကာ သူ့အသံက တည်ငြိမ်အေးစက်နေလေသည်။

“အမေ...”

ယဲ့ကျား၏ နှလုံးသား တုန်ရီသွားသည်။ သူ ကောင်လေးကြည့်နေသည့် နေရာကို လှမ်းကြည့်လိုက်သည်။

အကျွမ်း၀င်နေသော သွေးအိုင်ထက်တွင် ကြီးမားသည့် အသားလုံးတစ်လုံးက လေထဲ ပေါလော ပေါ်နေလေသည်။ ထိုအသားလုံးက အလွန်ကြီးမားပြီး လိုဏ်ဂူကို ဖုံးအုပ်မိလုနီးနီးဖြစ်နေသည်။ ၎င်း၏ ‌ချောကျိနေသော မျက်နှာပြင်တွင် ထူထဲသော အပြာရောင်သွေးကြောများက တွန့်လိမ်နေပြီး ကြည့်ရသည်မှာ အလွန်ရွံ့စရာကောင်းလေသည်။

ဒါက အမေလား...

ယဲ့ကျား၏ သူငယ်အိမ်များ အနည်းငယ် တင်းကြပ်သွားသည်။

ထိုအသားလုံးကြီးက လူးလွန့်လာပြီး ထူးဆန်းသည့် အသံထွက်ပေါ်လာကာ လိုဏ်ဂူတစ်လျှောက် ပဲ့တင်ထပ်သွားလေသည်။

ယဲ့ကျား ထိုအသံကို ခံနိုင်ရည်ရှိရန် အားကုန်သုံးပြီး သူ့ကိုယ်သူ ထိန်းချုပ်ထားရသည်။

ကျီရွှမ် ထိုအသံကို နားလည်ပုံပေါ်သည်။

"ဟုတ်ကဲ့ အမေ..."

ယဲ့ကျား အမေက တာ၀န်တစ်ခုပေးလာပြီး ကျီရွှမ်က ယင်းကို လက်ခံလိုက်သည်ဟု ထင်သည်။

သူ့၏ မျက်လုံးများ အနည်းငယ် မည်းမှောင်သွားပြီး အေးစက်လာလေသည်။

ယဲ့ကျား ထိုမြင်ကွင်းကို ဆက်မကြည့်ချင်တော့ပေ။

သူ ကောင်လေးကို ထပ်မံဆွဲထုတ်ရန် ကြိုးစားလိုက်သည်။

သို့သော် သူ တစ်ဖက်လူကို မထိ‌မီ တစ်ဖက်လူက ခေါင်းမော့လာပြီး နှုတ်ခမ်း‌ထောင့်များကို ကွေးညွှတ်ကာ အပြစ်ကင်းစင်သော အပြုံးကိုထုတ်ဖော်လိုက်သည်။

လှပသော်လည်း မှုန်မှိုင်းနေသည့် မျက်နှာက တောက်ပနေပြီး နီရဲနေသော မျက်လုံးများက မျှော်လင့်တကြီး ‌တောက်ပနေလေသည်။

"အဲ့လိုဆို ကျွန်တော်တို့ ထာ၀ရ အတူနေနိုင်မှာမလား..."

ဒါက ဘာဆိုလိုတာလဲ....

ယဲ့ကျား၏လက် လေထဲတွင် ရပ်တန့်သွားသည်။

မျက်နှာအမူအရာက မပြောင်းလဲသော်လည်း နှလုံးသားထဲတွင် မုန်တိုင်းတိုက်သွားလေသည်။

ယဲ့ကျား မျက်မှောင်ကြုတ်ကာ သူ့ထက် ခေါင်းတစ်၀က်သာ နိမ့်သည့် ကျီရွှမ်ကို စိုက်ကြည့်လိုက်သည်။

ကောင်လေးက ခေါင်းမော့ကာ ကြည့်နေလေသည်။ ယဲ့ကျား ကောင်လေးရှေ့ရပ်နေသော်လည်း ကောင်လေး၏ အကြည့်က သူ့ကို ဖြတ်၍ နောက်မှ ‌ဧရာမအသားလုံးထံ ရောက်နေသည်။ သူ့၏ နီရဲနေသော မျက်လုံးများက မှောင်မည်းနေသော လိုဏ်ဂူထဲတွင် ပတ္တမြားသဖွယ် တောက်ပနေလေသည်။ သူ့မျက်လုံးအတွင်းပိုင်းရှိ စွဲလမ်းမှုများကိုလည်း မြင်နေရသည်။

ဒီစွဲလမ်းမှုကို ရင်းနှီးနေတယ်...

ယဲ့ကျား အနည်းငယ် ထိတ်လန့်သွားသည်။ သူ့စိတ်ထဲတွင် မရေမတွက်နိုင်သော အမှတ်တရများ ပေါ်လာလေသည်။

သူ အရင်က ကျီရွှမ်ကို အမှတ်တမဲ့ ကြည့်လိုက်မိရင် တစ်ဖက်လူက သူ့ကို အဲ့လိုအနက်ရောင်မျက်လုံးနဲ့ ကြည့်နေတယ်...ဒါပေမဲ့ သူကြည့်နေတာကို သိရင် အဲ့အကြည့်တွေက မနက်ခင်းနှင်းလို ပျောက်ကွယ်သွားတယ်...အဲ့အချိန်တိုင်း ကျီရွှမ်က ဖြူစင်တဲ့ အပြုံးလေးနဲ့ သူ့ကို မေးတယ်...

" ကောကော ဘာဖြစ်လို့လဲ..."

ယဲ့ကျား မျက်တောင်ခတ်လိုက်ပြီး အတိတ်မှ အမှတ်တရများထဲမှ သူ့ကိုယ်သူ ဆွဲထုတ်လိုက်သည်။

ထိုအချိန်တွင် ကျီရွှမ် သူ့ကို ဖြတ်သွားပြီး ထူးဆန်းသည့် အသံထွက်နေသည့် အသားလုံးဆီ လျှောက်သွားလေသည်။

ယဲ့ကျား အနည်းငယ် တုံ့ဆိုင်းကာ ကျီရွှမ်နောက် လိုက်သွားလိုက်သည်။

ကောင်လေးက အမေနှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်သွားလေသည်။

အသားလုံးထံမှ ထူးဆန်းသည့်အသံက ပိုမိုပြင်းထန်လာပြီး ရွံ့စရာကောင်းသည့်အသံက လိုဏ်ဂူထဲ ပျံ့နှံ့လာလေသည်။

ယဲ့ကျားသည် အသားလုံးဆီမှ လက်သီးဆုပ်အရွယ် အသားလုံးတစ်လုံး ကွဲထွက်လာပြီး ကျီရွှမ်လက်ထဲ ဖြည်းညှင်းစွာ ကျသွားသည်ကို မြင်လိုက်ရသည်။

အကြောင်းအချို့ကြောင့် သူ ခံစားနေရတယ်...

ဒီလက်သီးဆုပ်အရွယ် အသားလုံးနဲ့ နည်းနည်း ရင်းနှီးနေသလိုပဲ...သူ အိမ်မက်ထဲမှ တစ်ခါမြင်ဖူးတယ်...

ထိုအသားလုံး ကျီရွှမ်၏ လက်ထဲသို့ ရောက်သွားသည်နှင့် ယဲ့ကျား၏ အမြင်အာရုံ ဝေဝါးသွားလေသည်။

သူ့ရှေ့မှ မြင်ကွင်းက နှင်းသဖွယ် ပြိုကွဲသွားပြီး သူနှင့် ရင်းနှီးနေသော မြင်ကွင်းက အစားထိုး၀င်ရောက်လာသည်။

မြင့်မားမည်းမှောင်နေပြီး ပုံမှန်မဟုတ်သည့် အဆောက်အအုံများက သူ့ဘေးတွင် ရှိနေလေသည်။ ယင်းက ကလေးတစ်ယောက်၏ အိမ်မက်ဆိုးသဖွယ်ဖြစ်၏။ အေးစက်ပြီး နက်မှောင်သည့် သံမဏိတာဝါများက ‌နေရာကျဉ်းကျဉ်းလေးတွင် ပြည့်နှက်နေပြီး အသက်ရှူကြပ်စေလေသည်။

ဤနေရာက ဖြစ်ရပ်တစ်ခုဖြစ်သည်။

သို့သော် အချို့အကြောင်းရင်းများကြောင့် သူ ဤနေရာကို မည်သို့ရှင်းလင်းခဲ့သည်ကို မမှတ်မိတော့ချေ။ သူ မှတ်မိရန် အကောင်းဆုံးကြိုးစားနေသော်လည်း အချည်းနှီးပင်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် နာကျင်စွာ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီး ဆွဲ‌ဆောင်ခံလိုက်ရသကဲ့သို့ ယဲ့ကျား အသံကြားရာဆီသို့ လျှောက်သွားသည်။

အ‌ဆောက်အအုံများ အလယ်၌ မြေကွက်လပ်တစ်ခု ရှိနေလေသည်။

မြေပြင်ပေါ်တွင် နီညိုရောင်မျဉ်းကြောင်းများရှိပြီး ထိုမြေကွက်လပ်ကို ၀န်းရံထားသော လေထုက အလွန်ထူးဆန်းပြီး ကြက်သီးဖြန်းဖြန်းထစေလေသည်။

လက်သီးဆုပ်အရွယ် အသားလုံးက ကွက်လပ်အလယ်ရှိ လေထဲတွင် လွင့်မျောနေလေသည်။ သူ့၏ မျက်နှာပြင်ကလည်း လူးလွန့်နေ၏။ လူငယ်တစ်ယောက်က မြေကွက်လပ်ရှိ နီညိုရောင်မျဉ်းများပေါ်တွင် ကွေးညွှတ်နေပြီး သူ့ပခုံးများက ငေါထွက်နေကာ ရှပ်အင်္ကျီက ချွေးများနှင့် စိုစွတ်နေလေသည်။ လူငယ်လေးက လေတိုက်ခံနေရသော သစ်ရွက်များသဖွယ် ပြင်းထန်စွာ တုန်ရီနေပြီး ထိုမြင်ကွင်းက ပင့်ကူမျှင်တွင် ငြိနေသော လိပ်ပြာက သေအံ့ဆဲဆဲတွင် ရုန်းကန်နေသည်နှင့် တူလေသည်။

အသားလုံးက ဖြည်းညှင်းစွာ ကျဆင်းလာသည်။

“အားး---------”

လူငယ်လေး နာကျင်စွာ အော်ဟစ်နေသည်။

ဖြူဖျော့နေသော လက်ချောင်းများက မြေပြင်ကို ကုတ်ခြစ်နေပြီး ကျိုးနေသည့် လက်သည်းနှင့် အရေပြားက မြေပြင်ပေါ်တွင် သွေးစွတ်ကြောင်းတစ်ခု ဖြစ်ပေါ်စေလေသည်။

လူငယ်က တုန်ရီနေကာ မမြင်ရသောအားအချို့ကြောင့် ခေါင်းမော့လာလေသည်။ သူ့၏ ဆံပင်များက စိုစွတ်စေးကပ်နေပြီး ပါးပြင်က သွေးရောင်ကင်းမဲ့နေကာ ကိုက်ထားသော နှုတ်ခမ်းများကို ကျယ်ကျယ်ဟကာ လေကို ရှူသွင်းနေလေသည်။

ထိုအချိန်တွင် အသားလုံးက လူငယ်ကို ထိသွားသည်။ ထို့‌‌နောက် ရေအိုင်ထဲသို့ ကျဆင်းသွားသော မိုးရေစက်သဖွယ် အစအနမရှိ ပျောက်ကွယ်သွားလေသည်။

"အားးးးး"

လူငယ် သနားစရာကောင်းစွာ ဆက်လက် အော်ဟစ်လိုက်သည်။

နောက်တစ်ခဏတွင် ရင်ဘတ်အလယ်မှ မာကျောဖြောင့်တန်းသည့် လက်ကိုင်တစ်ခု ထွက်လာလေသည်။

“ပြဲ-----”

ရှပ်အင်္ကျီဆုတ်ပြဲသံ ထွက်ပေါ်လာလေသည်။

လူငယ်၏ ဖြူဖျော့သော ရင်ဘတ်က သွေးများဖုံးလွှမ်းနေပြီး ထူပျစ်သော သွေးများ စီးကျလာကာ မြေပြင်ပေါရှိ နီညိုရောင်မျဉ်းတစ်လျှောက် စီးဆင်းသွားလေသည်။

ဖြူဖွေးရှည်လျား‌သော အရိုးလက်ကိုင် ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ထို့နောက် လခြမ်းသဏ္ဍာန် ဓားသွားတစ်ခု ထွက်ပေါ်လာပြီး အဆုံးတွင် အားလုံးထွက်လာလေသည်။

ကြီးမားသည့် တံစဉ်းကြီးက လူငယ်၏ ခန္ဓာကိုယ်ထဲမှ အတင်းအဓမ္မ ထွက်လာလေသည်။ ချောမွတ်သော တံစဉ်းမျက်နှာပြင်က ‌အေးစက်ပြီး သွေးရောင် ထင်ဟပ်နေလေသည်။

ပတ်၀န်းကျင်မှ လောဘတကြီး တီးတိုးပြောသံများ ထွက်ပေါ်လာသည်

“အရမ်းမွှေးတာပဲ….”

“အရသာ အရမ်းရှိလောက်မယ်…”

မရေမတွက်နိုင်သော အရိပ်မည်းများက အဆောက်အအုံများထက်မှ ဆင်းလာကြပြီး သတိမေ့နေသော လူငယ်လေးဆီ တဟုန်ထိုးပြေးသွားလိုက်သည်။

သူတို့ လောဘကြီးစွာ ဆက်ပြောနေလေသည်။

"သူ့ကိုစား…"

"သူ့ကို စားရမယ်…"

ထိုအချိန်တွင် ကလေးတစ်ယောက်၏ အေးစက်စက်အသံက ထို‌အနေအထားကို ဖြိုခွဲလိုက်သည်။

"ဘယ်သူထိရဲလဲ…"

ကောင်လေးတစ်ယောက် အမှောင်ထုထဲမှ ထွက်လာပြီး လူငယ်လေးရှေ့ ရပ်လိုက်သည်။ သူ့၏ မဟူရာမျက်လုံးများက နီရဲသွားကာ သူ့ရှေ့မှ တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများကို အေးစက်စွာ ကြည့်လိုက်သည်။

ကောင်လေး၏ ‌နောက်တွင် ကြီးမားသည့် အရိပ်မည်းကြီးရှိပြီး လွှမ်းမိုးခြိမ်းခြောက်နေသော စွမ်းအားကို ထုတ်ဖော်ပြနေသည်။

" တိုက်ရိုက် ဆင်းသက်လာသူ…"

အမှောင်ထုက ပြောလိုက်သည်။

"တိုက်ရိုက်ဆင်းသက်လာသူပဲ…"

ကောင်လေး ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။

"သူရောပဲ…သူကလည်း အမေကိုယ်တိုင် ပုဂ္ဂိုလ်ရေးအရ ခန့်အပ်ထားတဲ့ တိုက်ရိုက်ဆင်းသက်လာသူပဲ…မင်းတို့ရဲ့ အနာဂတ်ဘုရင်ပဲ…"

"သူ့ကို ဘယ်သူထိရဲလဲ…"

ပတ်၀န်းကျင်မှ အရိပ်မည်းများ တွန့်ဆုတ်သွားကြပြီး နောက်ဆုံးတွင် အမှောင်ထုထဲသို့ ပြန်လည် ဆုတ်ခွာသွားကြသည်။

တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများထွက်သွားသောအခါ ကျီရွှမ် ခါးကိုင်းကာ လူငယ်လေးကို ပံ့ပိုးပေးလိုက်သည်။ ကောင်လေးက လူငယ်ကို အဖိုးတန်ရတနာသဖွယ် ထိတွေ့နေပြီး လူငယ်လေး၏ မျက်နှာမှ စိုစွတ်နေသော ဆံပင်များကို ဖယ်ပေးလိုက်သည်။

ကောင်လေး တစ်ဖက်လူ၏ မျက်ခွံကို နမ်းလိုက်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။

"သိပ်မကြာခင်...သိပ်မကြာခင် ကောကောနဲ့ အတူနေရတော့မယ်..."

ယဲ့ကျား၏ သူငယ်အိမ်များ တင်းကြပ်သွားသည်။ သူ ‌သူ့ရှေ့မှ မြင်ကွင်းကို ‌မျက်တောင်မခတ် စိုက်ကြည့်နေလေသည်။

သူ့လက်ထဲတွင် တံစဉ်းတစ်လက်ပေါ်လာပြီး ယင်းကို ကြည့်လိုက်သည်။

နောက်တစ်ခဏတွင် သူ့ရှေ့မှ မြင်ကွင်းထပ်မံပြောင်းလဲသွားလေသည်။

ယဲ့ကျား တံစဉ်းကို ပြန်သိမ်းလိုက်သည်။

သူ အသက်ပြင်းပြင်းရှုလိုက်ပြီး ခေါင်းမော့ကာ နောက်ဆက်တွဲ ဖြစ်ရပ်များကို ကြည့်လိုက်သည်။

နောက်ဆက်တွဲမြင်ကွင်းက သူ မှတ်မိထားသကဲ့သို့ပင် ဖြစ်သည်။

ကစားသမားများကြားတွင် သူက အဝေဖန်ခံပစ်မှတ်ဖြစ်လာလေသည်။ သူ့အဖွဲ့သားများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြပြီး သူ သူငယ်ချင်းဟု တွေးထား‌ခဲ့သော လူများကလည်း သူ့ကိုသစ္စာဖောက်သွားကြသည်။ နောက်ဆုံးတွင် သူက အထီးကျန်ဝံပုလွေဖြစ်လာပြီး သူ့ဘေးနားတွင် ရပ်နေ‌သူမှာ ကျီရွှမ်တစ်ယောက်သာ ရှိ‌တော့သည်။

ယဲ့ကျား တဖြည်းဖြည်း သတိထားမိလာသည်။ သူ မည်သည့်နေရာကိုပဲသွားသွား သူက အလင်းကို တိုးနေသော အင်းဆက်များကဲ့သို့တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများကို ဆွဲဆောင်နိုင်လေသည်။

သို့သော် သူက ကျီရွှမ်နှင့် ဖြစ်ရပ်အတူကျရန် ခဲယဉ်းပြီး ဖြစ်ရပ်ထဲ အတူကျလျှင်ပင် တစ်ယောက်တည်း လှုပ်ရှားရချိန်က ပိုများလေသည်။

သူ့ကို သတ်ရန် ကြိုးစားသော တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများကို သူက ပြန်ဝါးမျိုခြင်းဖြင့်တဖြည်းဖြည်း ပိုပို သန်မာလာပြီး လူသားသွင်ပြင်က နည်းသထက် နည်းလာလေသည်။

နောက်ဆုံးတွင် သူ ဦးဆောင်သူစာရင်း၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာပြီး သူ့ကို မည်သူမှ မကျော်‌နိုင်‌တော့ချေ။

အတိတ်မှ မြင်ကွင်းများက ယဲ့ကျား မျက်လုံးထဲ တစ်ဖန် ထင်ဟပ်လာလေသည်။

ဤအတောအတွင်း ယဲ့ကျား ကျီရွှမ်ကို ထိရန် ကြိုးစားသော်လည်း တစ်ဖက်လူက ပုံရိပ်ယောင်ကဲ့သို့ ဖြစ်နေသောကြောင့် မထိနိုင်၊ မဆွဲထုတ်နိုင်ပေ။

ဖြစ်နိုင်တာက သူ ဒါတွေအားလုံးပြီးသွားတဲ့အထိ စောင့်ရမှာလား...

ယဲ့ကျား ရုန်းကန်နေခြင်းကို စွန့်လွှတ်ပြီး အတူမျောပါရန်သာ တတ်နိုင်လေသည်။

ကံကောင်းထောက်မစွာနှင့် ဤကမ္ဘာကြီးက အချိန်ကုန်မြန်ပြီး မြင်ကွင်းများကလည်း အတိုအထွာများဖြစ်ကာ အနှောင့်အယှက်မရှိ ပြောင်းလဲနေလေသည်။

ယဲ့ကျား ဂိမ်းထဲမှ အတွေ့အကြုံများကို ပြန်မကြည့်ချင်ပေ။

အရမ်းပျင်းဖို့ကောင်းတယ်...

မကြာမီ နောက်ဆုံးမြင်ကွင်းသို့ ရောက်ရှိလာလေသည်။

ယဲ့ကျား မရေမတွက်နိုင်သော အသက်များစွာကို သတ်ဖြတ်ခဲ့သည့် စစ်တလင်းသို့ ပြန်လည်ခြေချလိုက်၊သည်။ သွေးမြေဆီလွှာက ခြေလှမ်းလိုက်တိုင်း သွေးများ စိမ့်ထွက်လာလေသည်။

သူ မျက်လုံးကို မှေးစင်းလိုက်ပြီး တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် ကျီရွှမ်နှင့် သူက စစ်တလင်းကို ရှေ့ဆင့်နောက်ဆင့်ဖြတ်၍ ချောက်ကမ်းပါးဆီသို့သွားနေလေသည်။

ယဲ့ကျား အတွေးထဲ နစ်မောသွားသည်။

တကယ်တော့ သူ အရင်က ဒီစစ်တလင်းထဲ တစ်ယောက်တည်း၀င်ဖူးတယ်...အဲ့ဒီဖြစ်ရပ်မှာ သူ့ကို ရက်စက်တဲ့လူ အေးစက်တဲ့လူလို့ စွပ်စွဲပြီး သူတို့သေဆုံးမှုအတွက် အပြစ်တင်နေကြတဲ့ သူ့ရဲ့အရင်အဖွဲ့၀င်ဟောင်း ဝိညာဉ်တွေနဲ့ တွေ့ခဲ့ရတယ်...ဒါ့အပြင် သူ့ကို သစ္စာဖောက်ပြီး တခြားကစားသမားတွေဆီ ရောင်းစားတဲ့ သူငယ်ချင်းကိုလည်း တွေ့ခဲ့ရသေးတယ်...

အရင်က နူးညံ့ပြီး လှပတဲ့ မိန်းကလေးက သွေးရောင်မျက်လုံးတွေနဲ့ သူ့ကို စိုက်ကြည့်နေပြီး သူ့ရဲ့ ရက်စက်မှု၊ကြမ်းကြုတ်မှုတွေအတွက် အပြစ်တင်နေတယ်…

ယဲ့ကျား သူ့ကို လျစ်လျူရှုကာ ဖြတ်သွားခဲ့သည်။


Xxxx