Chapter 84
ယဲ့ကျား သူ့ကို လျစ်လျူရှုကာ ဖြတ်သွားခဲ့၏။
သို့သော် ထိုအချိန်တွင် မိန်းမလေး၏ အာခြစ်သံဖြင့် တိုးတိုးပြောသံ သူ့နားထဲသို့ ၀င်လာခဲ့သည်။
"နင့်မှာ သူငယ်ချင်းရှိတယ်လို့ ထင်နေတာလား…."
ယဲ့ကျား နောက်လှည့်မကြည့်ပေ။ ဆက်လျှောက်သွားသည်။
"အဲ့ကလေးက နင့်အပေါ် တကယ်ကောင်းတယ်လို့ ထင်နေတာလား…"
မိန်းကလေး၏အသံက ပိုမို ခါးသီးအေးစက်လာပြီး ပီတိဖြစ်သည့် အရိပ်အယောင်များ ရှိနေသည်။
"ငါတို့ တစ္ဆေဖြစ်လာကတည်းက ဂိမ်းရဲ့အစိတ်အပိုင်းဖြစ်လာပြီး အရင်ကထက် အများကြီး ပိုသိလာတယ်…အဲ့ဒါက နင့်အတွက် အထူးစီစဉ်ထားတဲ့ ထောင်ချောက်လေ…နင် ထောင်ချောက်ထဲ ခုန်၀င်လိုက်မိတာနဲ့ နင်တောင်မသိလိုက်ဘဲ စွမ်းအားကြီးတစ္ဆေရဲ့ အစာဖြစ်လာမှာ…"
ယဲ့ကျား၏ ခြေလှမ်း ရပ်တန့်သွားသည်။
“ဟား…ဟား…”
သူ့နောက်မှ မိန်းကလေး ရူးသွပ်စွာ ရယ်မောလာပြီး ပတ်ပတ်လည်မှ တစ္ဆေများကလည်း သူနှင့် အတူ လိုက်လံရယ်မော နေကြသည်။
"ငါတို့ နင့်ကို ငရဲမှာ စောင့်နေမယ်…"
ဂိမ်းထဲမှ စည်းမျဉ်းတစ်ခုရှိတယ်…
လူသေတွေကို ဘယ်တော့မှ မယုံနဲ့…
သို့သော် ယဲ့ကျား ထိုဝိညာဉ်များ၏ စကားများကို သံသယရှိလေသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့၏ အာရုံခံစားမှုက ပိုမိုတိုးတက်လာပြီး ကျီရွှမ်၏ ထူးဆန်းမှုနှင့် ပတ်သတ်၍ သတိထားမိလေသည်။ သူ ကျီရွှမ်ကို ရန်သူအဖြစ် မမှတ်ယူထားသော်လည်း ယခင်ကဲ့သို့ အပြည့်အ၀ယုံကြည်မှု မရှိတော့ချေ။
ထိုဖြစ်ရပ်ကြောင့် ယဲ့ကျားစိတ်ထဲမှ သံသယများ ပိုမိုနက်ရှိုင်းလာလေသည်။
ထိုသံသယစိတ်က သူ့အသက်ကို ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် ယဲ့ကျား ကျီရွှမ်၏ပုံစံအစစ်အမှန်နှင့် ယုတ်ညံ့သည့် ရည်ရွယ်ချက်ကို သိရှိခဲ့ပြီး တိုက်ပွဲအပြီးတွင် သူ့၏ တံစဉ်းသွားက တစ်ဖက်လူ၏ ရင်ဘတ်ကို ထိုးဖောက်သွားလေသည်။
ယဲ့ကျား အတိတ်မှတ်ဉာဏ်ထဲမှ ရုန်းထွက်လိုက်သည်။
သူ အသက်ပြင်းပြင်းရှူလိုက်ပြီး ပုံရိပ်နှစ်ခုနောက်သို့ ရောက်သွားကာ လိုဏ်ဂူထဲ ၀င်သွားလိုက်သည်။
လိုဏ်ဂူထဲတွင် ကြီးမားသည့် အသားလုံးကြီးမရှိတော့ပေ။ ထိုအစား လှိုင်းထနေသော သွေးအိုင်သာ ရှိသည်။
အကွာအဝေးတစ်ခုမှ ကျီရွှမ်နှင့် သူက တစ်ခုခုပြောနေလေသည်။ သို့သော် သူ နားထောင်ရန် စိတ်မ၀င်စားသောကြောင့် သမ်းဝေလိုက်ကာ ကျောက်တုံးတစ်တုံးပေါ်ထိုင်လိုက်ပြီး မေးထောက်ကာ ပျင်းရိစွာ ကြည့်နေသည်။
သို့သော် ရုတ်တရက် သူ့ခြေချင်း၀တ်မှ ထူးဆန်းသည့် အထိအတွေ့ကို ခံစားလိုက်ရသည်။
စူးရှသည့် အရာတစ်ခု သူ့ခြေချင်း၀တ်ကို ထိနေလေသည်။
ယဲ့ကျား ငုံ့ကြည့်လိုက်သည်။
အမှန်တွင် သူ ကျောက်တုံးပေါ်ထိုင်နေခြင်း မဟုတ်ပေ။ ရွှံ့များဖြင့် ဖုံးနေသော အရိုးပုံပေါ် ထိုင်နေခြင်းဖြစ်သည်။ ရွှံ့ဖုံးနေသော ဦးခေါင်းခွံကြီးတစ်ခွံ အရိုးပုံထဲမှ လှိမ့်ဆင်းလာသည်ကို မျက်လုံးထောင့်မှ မြင်လိုက်ရသည်။
ယဲ့ကျား ခါးကိုင်းကာ အင်္ကျီလက်ဖြင့် ဦးခေါင်းခွံပေါ်မှ ရွှံ့များကို သုတ်လိုက်သည်။
၎င်းက ဆိတ်ခေါင်းခွံဖြစ်သည်။
၎င်း၏ ထိပ်မှ ဦးချိုက သူ့ခြေချင်း၀တ်ကို လာထိနေခြင်း ဖြစ်၏။
ဒါက သွေးအရိုးငါးရဲ့ ခေါင်းမလား…
ယဲ့ကျား မတ်တပ်ရပ်ကာ အရိုးပုံကို ကြည့်လိုက်ပြီး အံ့ဩသွားသည်။
ဒါက သွေးအရိုးငါး လုပ်ဖို့လား…
ထိုအခိုက်အတန့်တွင် ဂူကြမ်းပြင်က တုန်ခါသွားပြီး မရေမတွက်နိုင်သော လိုဏ်ဂူအပိုင်းအစများက သွေးအိုင်ထဲသို့ ကျယ်လောင်စွာ ကျဆင်းနေလေသည်။
ယဲ့ကျား ယိုင်ထိုးလာပြီး သူ့ကိုယ်သူ ထိန်းရန် နံရံသို့ လျင်မြန်စွာ ကပ်လိုက်သည်။
ထိုအချိန်တွင် မလှမ်းမကမ်းမှ စူးစူးဝါးဝါးအော်သံ ထွက်ပေါ်လာလေသည်။
ယဲ့ကျား : "???"
ခဏနေပါဦး…သူ့မှတ်ဉာဏ်တွေထဲမှ ဒီလိုအော်သံ မပါပါဘူး…
သူနဲ့ ကျီရွှမ်က တိတ်တိတ်ဆိတ်ဆိတ်တိုက်ခိုက်ခဲ့ကြပြီး ကျီရွှမ်ကလည်း တိတ်တိတ်ဆိတ်ဆိတ် သေသွားခဲ့တာ…
သူ အာရုံလွင့်နေတုန်း ဒီကမ္ဘာကြီးက ဘာဖြစ်သွားတာလဲ…
ယဲ့ကျား စိတ်ရှုပ်ထွေးစွာဖြင့် ထိုနေရာကို လှမ်းကြည့်လိုက်သည်။
လူငယ်နှင့်ကျီရွှမ်ထိပ်တိုက်ရင်ဆိုင်ပြီးသွားချိန် လူငယ်၏လက်ထဲမှ တံစဉ်းက အောက်ကို ပြုတ်ကျသွားလေသည်။ တံစဉ်းသွားက တောက်ပနေဆဲ ဖြစ်သော်လည်း လူငယ်က လက်လှမ်းမမှီပေ။ လူငယ်က သွေးရွှံ့နွံထဲ ဒူးထောက်ထားပြီး သူ့၏ ဖြူဖျော့ဖျော့ မျက်နှာက နာကျင်နေလေသည်။
ကျီရွှမ် တစ်ဖက်လူထံ လျှောက်သွားပြီး ခါးကိုင်းကာ လူငယ်၏ မျက်နှာကို အေးစက်သည့် လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ခေါင်းငုံ့ကာ နူးညံ့နက်ရှိုင်းစွာ နမ်းလိုက်သည်။
ယဲ့ကျား : “…….”
ဒီလိုမျိုး မဖြစ်ဖူးပါဘူး....
သူ့အတွက် ထိုမြင်ကွင်းကို ကြည့်ရှုရန် ခက်ခဲလေသည်။ သူ့ရှေ့မှ လှုပ်ရှားမှုများက ပိုပြင်းထန်လာသည်။ နမ်းရှိုက်ရာမှ ထွက်ပေါ်လာသော အသံများကို ရှင်းလင်းကျယ်လောင်စွာ ကြားနေရပေသည်။
ပိုပြီးအသေးစိတ်ကျတဲ့ မှတ်ဉာဏ်တွေ သူ့စိတ်ထဲမှာ ပေါ်လာတယ်...
ယဲ့ကျား၏နား ပူတက်လာလေသည်။
တစ်ခုခုမှားနေတာ သေချာတယ်...
ကျီရွှမ်အကြောက်ဆုံးအရာကို ဒီနေရာမှ ပိတ်လှောင်ထားတာ မဖြစ်နိုင်ဘူး...တစ်ခုခုမှားနေပြီ...
သူ့စိတ်ထဲမှ ဖရိုဖရဲအတွေးများကို ရှင်းထုတ်ရန် ကြိုးစားနေစဉ် ကျီရွှမ်က လူငယ်၏ အနီရောင်တောက်ပနေသည့် နှုတ်ခမ်းကိုလွှတ်ပေးလိုက်သည်။
ထို့နောက် နဖူးချင်းထိကာ ပြောလိုက်သည်။
"ဘယ်လောက်ကောင်းလိုက်လဲ...ကောကောကျွန်တော်တို့ ထာ၀ရအတူတူနေနိုင်ပြီ..."
ယဲ့ကျား စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
နောက်ဆုံးတော့ ပြီးသွားပြီ...
သူ ခေါင်းမော့ကာ ထိုနေရာကို ပြန်ကြည့်လိုက်သည်။
ပတ်၀န်းကျင်မှ သွေးများက အသက်ရှင်နေသကဲ့သို့ တလိပ်လိပ် တက်လာကာ မြေပြင်ပေါ် ဒူးထောက်နေသော လူငယ်ကို သွေးအိုင်ထဲသို့ ရောက်စေရန် ဝါးမျိုလိုက်သည်။
ပြင်းထန်သည့် စွမ်းအားကြောင့် ချောက်ကမ်းပါးတစ်ခုလုံး တုန်ရီသွားကာ မြေပြင်ပေါ်မှ သွေးအိုင်ကလည်း ရုတ်တရက် လှိမ့်တက်လာပြီး လေထဲတွင် ဝဲနေသော ကြီးမားသည့် စက်လုံးကြီးအဖြစ် ပြောင်းသွားလေသည်။
ကောင်းကင်နှင့် မြေကြီး၏ အရောင်ပြောင်းလဲသွားကာ နေနှင့်လကလည်း နေရာပြောင်းလဲသွားလေသည်။ ကမ္ဘာကြီးက ပြိုလဲလုနီးပါးဖြစ်နေသည်။
ယဲ့ကျား အသက်အောင့်ကာ ထိုနေရာကို ကြည့်လိုက်သည်။
ထိုအချိန် သွေးစက်လုံးကြီးက ရုတ်တရက် ပေါက်ကွဲသွားပြီး အထဲတွင် ပိုးတိုးလုံး တစ်ကောင် ရှိနေလေသည်။
အချိန်စီးဆင်းမှုက သူ့၏ တည်ရှိမှုကို ဆုံးရှုံးသွားပုံပေါ်သည်။
ယင်ပိုးတုံးလုံး၏ အမြှေးပါးက မူလ ဖြူဖျော့ဖျော့ အရောင်မှ ထိုးဖောက်မြင်ရလုမတတ်ကြည်လင်လာပြီး အထဲတွင် လူးလွန့်နေသောတစ်စုံတစ်ခုကို မြင်နေရလေသည်။ ထိုအခိုက်အတန့်တွင် ယင်ပိုးတုံးလုံး၏ အမြှေးပါးက အတွင်းမှ ပြင်းထန်သော စွမ်းအားကြောင့်စုတ်ပြဲသွားပြီး အ၀တ်ဗလာနှင့် လူငယ်တစ်ယောက် ထွက်လာလေသည်။ လူငယ်ကဖြည်းညှင်းစွာ မျက်လုံးပွင့်လာပြီး သူ့မျက်လုံးများ မှင်သဖွယ် မည်းနက်နေပြီး အဆုံးအဆမဲ့သည့် ညနှင့်ပင် တူလေသည်။ ကြောက်မက်ဖွယ်ကောင်းသောယင်စွမ်းအင်များက လူငယ်၏ ဘေးတွင် စီးဆင်းနေသည်။
အတွေ့အကြုံများစွာ မရှိသည့် လူတစ်ယောက်ပင် ထိုလူငယ်က ကမ္ဘာကြီးကို ဇောက်ထိုးလှန်နိုင်ပြီး စကြာ၀ဠာကို ဖျက်ဆီးနိုင်သည့် စွမ်းရည်ရှိသော အဆင့်မြင့်တစ္ဆေဖြစ်ကြောင်း ပြောနိုင်လေသည်။
ယဲ့ကျား နေရာတွင် ရပ်နေတွင် သူ့နှင့် ရင်းနှီးသော်လည်း စိမ်းသက်သည့် ထိုလူငယ်ကို ကြည့်နေသည်။
အကြောင်းအချို့ကြောင့် သူ အလိုလို ခံစားမိနေသည်။
ဒါက တကယ်ဖြစ်နိုင်တယ်…
သူ့စွမ်းအားတွေက ထိန်းချုပ်မှု လွတ်သွားရင်သူဝါးမျိုခဲ့တဲ့ စွမ်းအားတွေ အားလုံး လွတ်ထွက်သွားပြီး အဲ့လို ဖြစ်လာလိမ့်မယ်…
ပြီးပြည့်စုံတဲ့ မကောင်းဆိုးဝါး…
အကွာအဝေးတစ်ခုမှ ထိုလူငယ်လေးက လေထဲမှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။လူငယ်လေး၏ ခန္ဓာကိုယ်ရှိ ကြွက်သားများကချောမွေ့ပြီး အရေပြားက ရွှန်းစိုကာ သက်ရှိအနုပညာလက်ရာကဲ့သို့ပင် ဖြစ်သော်လည်းလူငယ်လေးမှ ပေးစွမ်းနေသည့် စွမ်းအားကအခြားလူများကို အလိုအလျောက် ကြောက်ရွံ့စေပေသည်။
လူငယ်လေး၏ အနက်ရောင်မျက်လုံးများကမလှမ်းမကမ်းတွင် ရပ်နေသည့် ကျီရွှမ်ပေါ်သို့ရောက်သွားကာ ဖြူဖျော့သော နှုတ်ခမ်းက ဖွင့်ဟလာပြီး သူ့အသံက အဝေးတစ်နေရာမှထွက်လာသကဲ့သို့ ဖြစ်နေလေသည်။
"ကျေးဇူး အများကြီးတင်တယ်…"
ကျီရွှမ် သူ့၏ နီရဲနေသော မျက်လုံးများဖြင့် မလှမ်းမကမ်းတွင် ရပ်နေသော လူငယ်ကို ကြည့်လိုက်ကာ အေးစက်စွာ မေးလိုက်သည်။
"မင်းက ဘယ်သူလဲ…"
"မင်း မပြောနိုင်ဘူးလား…"
လူငယ်လေးက ကျီရွှမ်ထံ ချဉ်းကပ်လာလေသည်။
" မင်း ငါ့ကို အမြဲတမ်း စောင့်နေခဲ့တာလေ…"
သူ့မျက်နှာပေါ်တွင် အလွန်ရက်စက်သော အမူအရာပေါ်လာလေသည်။ သွေးဆာနေသော ငါးမန်းက သွေးနံ့ရလိုက်သကဲ့သို့ပင် နှာခေါင်းပေါက်က ကျယ်လာပြီး နှုတ်ခမ်းကို တွန့်လိုက်ကာ ချွန်ထက်သော သွားများကို ထုတ်ဖော်ပြလိုက်သည်။ ချောမောသော မျက်နှာပေါ်တွင် လူသားမဆန်သော အပြုံးတစ်ခု ပေါ်လာလေသည်။
"အမေ့ရဲ့ ဆန္ဒက ငါ့အမိန့်ပဲ…မင်းနဲ့ငါ အတူပူးပေါင်းနေသရွေ့ ကမ္ဘာကြီးက ငါတို့လက်ထဲမှာပဲ…"
“သူကရော…”
ကျီရွှမ် သူရှေ့မှ လူငယ်ကို စိုက်ကြည့်နေ၏။သူ လက်သီးတင်းတင်းဆုပ်ထားပြီးနီရဲနေသော မျက်လုံးများ၏ အတွင်းပိုင်း၌ ပြင်းထန်သော ခံစားချက်များ တလှိမ့်လှိမ့် တက်လာလေသည်။
လူငယ် မျက်တောင်ခတ်လိုက်ပြီး အံ့ဩသွားသည်။
"အို…ယဲ့ကျားကို ပြောတာလား…"
လူငယ် ရယ်မောလိုက်သည်။ ထိုရယ်သံကိုဖော်ပြနိုင်ရန် ခက်ခဲလေသည်။ အခြားလူများ၏ စိတ်ပျက်အားငယ်မှုကို ကြည့်ကာ ပျော်ရွှင်နေသော ကလေးတစ်ယောက်ကဲ့သို့ပင် ဖြစ်၏။ မုန်းတီးစရာ ကောင်းသော ရယ်သံဖြစ်၏။
"ငါ့ကို ယုံ…သူ မရှိတော့ဘူး…"
လူငယ်၏ နှုတ်ခမ်းထက်မှ အပြုံးက ပိုမိုနက်ရှိုင်းလာပြီး သူ့၏ အမူအရာက မဲ့ရွဲ့လာသည်။
"မင်းလက်နဲ့ သူ့ကို ကိုယ်တိုင်သတ်ခဲ့တာလေ…မမှတ်မိဘူးလား…"
ကျီရွှမ်၏ သူငယ်အိမ်များ ချက်ချင်း တင်းကြပ်သွားလေသည်။
"ဘယ်လောက် ထူးဆန်းလိုက်လဲ…မင်းက တစ္ဆေဖြစ်ပေမဲ့ လူသားထက်တောင် နုံအသေးတယ်…"
သူ့မျက်လုံးများ ချောက်နက်သဖွယ် မည်းမှောင်နေပြီး ကမ္ဘာကြီးကို မထီမဲ့ပြုကာ ပြုံးလိုက်သည်။
"အမေ့ရဲ့ လက်ဆောင်ကို လွယ်လွယ်လက်မခံရဘူး…မင်း အဲ့ဒါကို မသိဘူးလား…"
လူငယ်လေး၏ ရယ်သံက ပိုမိုဆိုးရွားလာလေသည်။
သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ စွမ်းအင်များ စုစည်းလာကာ အနက်ရောင်၀တ်ရုံအဖြစ် ပြောင်းသွားပြီးဖြူဖျော့ပိန်ပါးသည့် ခန္ဓာကိုယ်ကို ဖုံးအုပ်ပေး လိုက်သည်။ ထို့နောက် သူ လှည့်ထွက်သွားလေသည်။
"တာ့တာ ငါ့ရဲ့ နုံအတဲ့ ညီလေး…ငါ အမေ့ကိုသွားရှာလိုက်ဦးမယ်…မင်းတစ်ခုခုကို ရှာတွေ့ရင် ငါတို့ကို ဆက်သွယ်လိုက်…"
“သူ့ကို ပြန်ပေး...”
ကျီရွှမ် ရုတ်တရက် ထပြောလိုက်သည်။
လူငယ် အံ့ဩသွားကာ နောက်ပြန်လှည့်ကြည့်လိုက်သည်။
"ဘာ…"
ကျီရွှမ် ဖြည်းညှင်းစွာ ခေါင်းမော့လာပြီး မျက်လုံးထဲ၌ ဒေါသများ ၊ရူးသွပ်မှုများနှင့်ပြည့်နှက်နေသည်။ ထိုခံစားချက်များက ပြင်းထန်လွန်း၍ တစ်စုံတစ်ယောက်၏ ဆံပင်ကိုပင် ထောင်တက်စေလေသည်။ သူ့နှုတ်ခမ်း ထောင့်က မြှောက်တက်လာပြီး အန္တရာယ်ရှိသော အပြုံးကို ထုတ်ဖော်လိုက်ကာ စကားလုံးများကို ဖိပြောလိုက်သည်။
"သူ့ကို.ငါ့ဆီ.ပြန်ပေး…"
Sအဆင့် စွမ်းအားကြီးတစ္ဆေနှစ်ယောက်၏
တိုက်ပွဲက ဖြစ်ရပ်ကမ္ဘာကြီးတစ်ခုလုံးပြိုကွဲလုနီးပါးဖြစ်စေလေသည်။
လိုဏ်ဂူက ပြိုကျသွားပြီး သွေးအိုင်က ခြောက်သွေ့သွားကာ သူတို့၏ စွမ်းအားအောက်မှ မြေပြင်က အပိုင်းပိုင်း ကွဲအက်နေလေသည်။ ကမ္ဘာကြီးတစ်ခုလုံး အရောင်ကင်းမဲ့သွားကာစစ်တလင်းဟောင်းကို ကမောက်ကမ ဖြစ်စေလေသည်။
သုံးရက်သုံးညတိုက်ခိုက်ပြီးနောက် နောက်ဆုံးအနိုင်ရသူ ထွက်ပေါ်လာသည်။
တူညီသော စွမ်းအားများရှိကြသော်လည်းစွမ်းအားကြီးတစ္ဆေသစ်လေးက အတွေ့အကြုံမရှိသေးချေ။
ကျီရွှမ်၏ ဖြူဖျော့ဖျော့လက်က လူငယ်လေး ၏ ရင်ဘတ်သို့ ရောက်ရှိသွားပြီး ထိုးဖောက်လိုက်ကာ တစ်ဖက်လူ၏ နှလုံးသားကို ဆုပ်ကိုင်ထားသည်။
လူငယ်လေး ထိတ်လန့်သွားသည်။
"မဟုတ်ဘူး…ငါက မင်းရဲ့ကောကောလေ…ယဲ့ကျားလေ…မင်း ငါ့ကို မမှတ်မိဘူးလား…"
ကျီရွှမ် တစ်ဖက်လူ၏ မျက်နှာကို ကြည့်လိုက်သည်။ သူ့၏ မျက်လုံးများက မှောင်မိုက်နေသော ချောက်နက်ကြီးသဖွယ်ဖြစ်နေကာရူးသွပ်မှုများ ရှိနေလေသည်။
သူ ပြန်မဖြေပေ။
သွေးစွန်းနေသောလက်ဖြင့် တစ်ဖက်လူ၏ နှလုံးကို ပိုမိုဆုပ်ကိုင်လိုက်သည်။ သူ့လက်ထဲမှ နှလုံးသားက တဖြည်းဖြည်းကြေမွသွားလေသည်။
လူငယ်လေး၏ ခန္ဓာကိုယ် ပြိုကျလာပြီး ကျီရွှမ် ၎င်းကို ပွေ့ထားလိုက်သည်။
ကမ္ဘာကြီးတစ်ခုလုံး မှောင်ကျသွားသည်။မြေကြီးအောက်မှ သွေးမြစ်က ကမ္ဘာကြီး၏ အတွင်းပိုင်းသို့ စီး၀င်သွားလေသည်။
ကျီရွှမ် လူငယ်လေး၏ အေးစက်စက် ခန္ဓာကိုယ်ကို လက်မောင်းထဲပွေ့ထားပြီး ထိုင်ချလိုက်သည်။
သူ ခေါင်းငုံ့ထားပြီး စကားတစ်ခွန်းမှ မပြော၊အသက်မရှူ၊ မလှုပ်ရှားပေ။ လူငယ်လေးနှင့်ရောယှက်သွားပြီး အသက်မဲ့သော ရုပ်တုသဖွယ် ဖြစ်နေလေသည်။
ယဲ့ကျား ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
ခြေထောက်အောက်မှ နူးညံ့သော မြေဆီလွှာထဲ ခြေလှမ်းများက နစ်၀င်နေသော်လည်း ကျီရွှမ် ယင်းကို မကြားနိုင်မှန်း သူသိသည်။
ယဲ့ကျား ရပ်တန့်သွားကာ ကျီရွှမ်ကို ရှုပ်ထွေးနက်ရှိုင်းသော မျက်လုံးများနှင့် ငုံ့ကြည့်လိုက်သည်။
သူ ကျီရွှမ်ရဲ့ သစ္စာဖောက်မှုကို ခွင့်မလွှတ်နိုင်သေးပေမဲ့…
သူ့ရှေ့မှ ကျီရွှမ်က ရုတ်တရက် မျက်တောင်ခတ်လာပြီး သူ့၏အသက်မဲ့သောဖြူဖျော့ဖျော့ မျက်နှာထက်၌ မျက်ရည်များစီးကျလာသည်။
ယဲ့ကျား ကူရာမဲ့စွာ ပြောလိုက်သည်။
"ဟေ့…"
သူ မသိစိတ်အရ လက်လှမ်းလိုက်သောအခါ မမျှော်လင့်စွာဖြင့် တစ်ဖက်လူကို ထိနိုင်ခဲ့လေသည်။
သူ့၏ နွေးထွေးသော လက်ဖဝါးက တစ်ဖက်လူ၏ ပခုံးကို ဖိလိုက်သည်။
ကျီရွှမ် တုန်ရီသွားသည်။
သူ အံ့ဩစွာ ခေါင်းမော့ကြည့်လိုက်ပြီး သူ့၏ နီရဲနေသော မျက်လုံးထဲတွက် သူ့ရှေ့တွင် ရပ်နေသော လူငယ်၏ ပုံရိပ် ထင်ဟပ်နေလေသည်။ သူ့၏ အက်ရှရှအသံတွင် မယုံကြည်နိုင်မှုများ၊ သတိထားမှုများ ပါ၀င်နေသည်။ သူ့အသံက အိမ်မက်မှ နိုးသွားမည်ကို ကြောက်ရွံ့နေသကဲ့သို့ ဖြစ်နေပြီး ထိတ်လန့်ရှုပ်ထွေးစွာ တုန်ရီနေသည်။
“ ကောကော...”
ယဲ့ကျားလည်း တစ်ဖက်လူက သူ့ကို မြင်ကြောင်း သိသောအခါ အံ့ဩသွားလေသည်။
ထိုအချိန်တွင် သူ ပတ်၀န်းကျင်မှ အရာအားလုံး ပြိုကွဲသွားလေသည်။ ကမ္ဘာကြီး အက်ကွဲလာသည်။ ကောင်းကင်ကြီး ဖြူဖျော့လာသည်။ အရာအားလုံး အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီးလေဆင်နှာမောင်းက ထိတွေ့မိသမျှ အရာအားလုံးကို ဖျက်ဆီးလိုက်သကဲ့သို့ပင် ဖြစ်သည်။
အကွာအဝေးတစ်ခုမှ အနီရောင်ဝဲတစ်ခုသာကျန်ပြီး ယင်းက အဆက်မပြတ် ရစ်ပတ်နေလေသည်။ ထိုဝဲက မကြာမီ ဤကမ္ဘာကြီးတွင် တစ်ခုတည်းသော ကျန်ရှိသည့် တည်ရှိမှု ဖြစ်တော့မည်ဖြစ်သည်။
ဆွဲထုတ်ရမယ်....
'အားလုံးသိမြင်မျက်လုံး'၏ စကားများကို ယဲ့ကျားစိတ်ထဲ၌ တစ်ဖန် ပြန်ကြားယောင်လာသည်။
ယဲ့ကျား ချက်ချင်းဆိုသလို စကား၏အဓိပ္ပာယ်ကို နားလည်သွားပြီး ခေါင်းငုံ့ကာ ကျီရွှမ်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
"သွားရအောင်…"
မြေပြင်ပေါ်မှ ရုတ်တရက် ဆွဲထူခံရသည့် ကျီရွှမ် မရုန်းကန်ပေ။ သူက တစ်ဖက်လူကို ဗလာဖြစ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး နီရဲနေသော မျက်လုံးများက အခြားအရာများကို အာရုံစိုက်နိုင်ခြင်း မရှိပေ။ သူ့၏ လက်မောင်းထဲမှ လူငယ်က ဒူးပေါ် ပြုတ်ကျသွားပြီး ထိတ်လန့်နေသော မျက်နှာကို ထုတ်ဖော်မပြမီထိ ဖြစ်သည်။
ကျီရွှမ် လူငယ်လေးကို တစ်ဖန် ပြန်ပွေ့လိုက်သော်လည်း လူငယ်လေး၏ ဖြူဖျော့သွေးစွန်းနေသည့် ခန္ဓာကိုယ်က အမှုန်များအဖြစ် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး လေနှင့်အတူ လွင့်မျောသွားလေသည်။
“မဟုတ်ဘူး…”
ကျီရွှမ် ကွဲအက်သောအသံဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့၏အသံက မကြားရလုနီးပါးပင် ဖြစ်၏။
ယဲ့ကျား တစ်ဖက်လူထံမှ တောင့်ခံမှုများကို ခံစားလိုက်ရသည်။ သူ ငုံ့ကြည့်လိုက်သောအခါ တစ်ဖက်လူက လေထဲတွင် ပြန့်ကျဲနေသော အမှုန်များကို ဖမ်းယူရန် လက်လှမ်းကာကြိုးစားနေလေသည်။
သူ အသက်ပြင်းပြင်းရှူကာ ခါးကိုင်းလိုက်၏။
"ဟေ့…"
ကျီရွှမ်၏ လှုပ်ရှားမှုများက ရပ်တန့်သွားပြီး ယဲ့ကျားကို ဗလာသက်သက် ပြန်ကြည့်လိုက်သည်။ သူက တုန်ရီစွာ မတ်တပ်ရပ်လာပြီး လက်က လေထဲမှပင် ရှိနေသေးသောကြောင့် ကြောက်စရာကောင်းသော သားရဲကြီးနှင့်ပင် တူလေသည်။
ယဲ့ကျား တစ်ဖက်လူ၏ ပင်ကိုဗီဗကို သိသော်လည်း…
ယဲ့ကျား : "အားရွှမ်…"
ကျီရွှမ် ချက်ချင်းအေးခဲသွားပြီး ခေါင်းကို လေးလံသည့် အရာတစ်ခုဖြင့် အရိုက်ခံရသကဲ့သို့ ဖြစ်သွားကာ သတိထားစွာ ခေါ်လိုက်သည်။
"ကော…ကောကော…"
"အွန်း…"
ယဲ့ကျား မျက်လွှာချထားပြီး သူ့၏ ထူထဲသောမျက်တောင်များအောက်တွင် သူ့မျက်လုံးကို ဖုံးကွယ်ထားလေသည်။ သူ့အကြည့်က အနည်းငယ် နူးညံ့နေ၏။
နောက်တစ်ခဏတွင် ကျီရွှမ်၏ ထိတ်လန့်နေသော မျက်လုံးများ တောက်ပလာပုံမှာ ချောက်နက်ထဲမှ မီးတောက်နှင့်ပင် တူလေသည်။
ပတ်၀န်းကျင်မှ အရာအားလုံးက လျင်မြန်စွာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲလာလေသည်။ သူတို့ထက်မှ ကောင်းကင်ကြီးကလည်း တဖြည်းဖြည်းနီရဲလာကာ သွေးပင်လယ်ကို ထုတ်ဖော်ပြနေသည်။ မရေမတွက်နိုင်သောခြေလက်များက ၀ရုန်းသုန်းကားဖြစ်နေပြီး နေရာနှစ်ခုကြားမှ အတားအဆီးကိုရိုက်ခတ်နေသည်။ ကျယ်လောင်သော မြည်ဟည်းသံနှင့်အတူ ကြီးမားသည့်ကျောက်တုံးကြီးက ချောက်ထဲသို့ ကျလာလေသည်။
ဒီနေရာက သိပ်မကြာခင်ဝါးမျိုခံရတော့မယ်…
ယဲ့ကျား ကျီရွှမ်ကို ပွေ့ချီလိုက်သည်။
(လက်ရှိကျီရွှမ် အရွယ်မဟုတ်၊ ယဲ့ကျားထက် နည်းနည်း သေးတယ်)
တဝေါဝေါတိုက်ခတ်နေသော လေသံများကြောင့် ယဲ့ကျား အသံမြှင့်ကာ ပြောလိုက်၏။
"သေချာကိုင်ထား…"
ကျီရွှမ် တစ်ဖက်လူကို ကြောင်အစွာ စိုက်ကြည့်နေလေသည်။ တစ်ဖက်လူ၏ ဖန်သဖွယ် မျက်လုံးများက အနည်းငယ် မြှောက်တက်နေပြီး သေးငယ်သော နှုတ်ခမ်းကိုလည်း တင်းတင်းဖိထားလေသည်။ ထိုနှုတ်ခမ်းက အဆုံးစွန်ထိ တင်းတင်းဆွဲထားသော လေးနှင့်တူပြီး သူ့မျက်လုံးများထံမှ ခိုင်မာသော ဆုံးဖြတ်ချက်က ကမ္ဘာပေါ်မှ မည်သည့်အရာမှ သူ့ကို မတားဆီးနိုင်သကဲ့သို့ပင် ဖြစ်သည်။
Xxxxx