အပိုင်း ၈၅
Viewers 10k

Chapter 85




ကျီရွှမ် လက်ဖြင့် တစ်ဖက်လူ၏ လည်ပင်းကို ညင်သာစွာ ရစ်ပတ်လိုက်သည်။ သူက ဆုံးရှုံးသွားသော ရတနာကို ပြန်လည်ရရှိသွားသကဲ့သို့ ရစ်ပတ်မှုကို အနည်းငယ် တင်းကြပ်လိုက်သည်။ သူ့မျက်နှာကို လည်ပင်း၌ မြှုပ်နှံလိုက်ပြီး တစ်ဖက်လူ၏ ရင်ဘတ်မှ ထွက်လာသော နွေးထွေးမှုကို ခံယူနေသည်။

ယဲ့ကျား တစ်ဖက်လူကို ငုံ့ကြည့်လိုက်ကာ သူ့မျက်လုံးအတွင်းပိုင်း၌ တစ်စုံတစ်ရာ လင်းလက်လာသည်။

ထားလိုက်တော့…

ဒီအခြေအနေက အစစ်အမှန်မှ မဟုတ်တာ…

ယဲ့ကျား အသက်ပြင်းပြင်းရှူကာ လက်မြှောက်လိုက်ပြီး ကျီရွှမ်၏ ‌သေးငယ်သော ကျောကို ထောက်ပံ့ပေးလိုက်သည်။ ထို့နောက် အကွာအဝေးတစ်နေရာရှိ အနီရောင်ဝဲဆီသို့ တဟုန်ထိုးပြေးသွားလေသည်။

သူ့၏ ခန္ဓာကိုယ်က ပေါ့ပါးသွက်လက်သည်။ သူ့၏ ခြေ‌ထောက်များက မြေပြင်ပေါ်‌တွင် ကျန်ရှိသော ကျောက်တုံးများကို နင်းကာ လေထဲသို့ ပျံသန်းပြီးနောက် စက္ကန့်များစွာ အကြာတွင် မြေပြင်ပေါ်သို့ ပြန်ကျလာလေ၏။ သူက တောင်များ၊ ချောင်းများ၊ ချောက်ကမ်းပါးများကို ပေါ့ပါးစွာ ခုန်ကျော်နိုင်သော တောဆိတ်နှင့်ပင် တူလေသည်။

အနီရောင်ဝဲက လက်တစ်ကမ်းအကွာသာ ကွာတော့သည်။

ယဲ့ကျား လက်ဆန့်ကာ သူ့၏ဖြူဖျော့သွယ်လျသော လက်ချောင်းများကို ထိုထဲ နစ်မြှုပ်လိုက်သည်။

သို့သော် သူ ဝဲကို ထိလိုက်သည်နှင့် အားတစ်ခုက သူ့ကို ဆွဲငင်နေသည်ကို ခံစားလိုက်ရသည်။


သူ ခေါင်းကိုက်ပြီး မူးဝေလာလေသည်။

ယဲ့ကျား ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အကြိမ်အနည်းငယ်ခန့် လှိမ့်ပြီးမှ ရပ်တန့်သွားလေသည်။

သူ ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး ခေါင်းမော့ကြည့်လိုက်သည်။

ထိုအခါ သူ အရိုးရဲတိုက်သို့ တစ်ဖန် ပြန်ရောက်နေသည်ကို တွေ့ရှိလိုက်ရပြီး သူ့လက်‌မောင်းထဲမှ ကျီရွှမ်က မရှိတော့ချေ။

ယဲ့ကျား နောက်လှည့်ကြည့်လိုက်သောအခါ ကြမ်းပြင်ပေါ်မှ သွေးအိုင်က လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သွေးအိုင်ထဲမှ အလောင်း‌ကောင်များ၏ စူးရှရှ အော်သံများကလည်း ပျောက်ကွယ်သွားလေသည်။

ထိုအချိန်တွင် သူနှင့် ရင်းနှီးသောအသံတစ်သံ အိတ်ကပ်ထဲမှ ထွက်ပေါ်လာလေသည်။

"ဝိုး…"

ယဲ့ကျား အစိမ်းရောင်ကျောက်တုံးကို အိတ်ကပ်ထဲမှ ထုတ်လိုက်သည်။

ကျောက်တုံး သမ်းဝေလိုက်ပြီး ယဲ့ကျားကို ချီးမွမ်းလိုက်သည်။

"ကြည့်ရတာ မင်း အောင်မြင်သွားပြီပဲ…"

သူက အနည်းငယ် အံ့ဩနေသည်။

"ငါ့အကူအညီမပါဘဲ တစ်ယောက်ယောက်က ပဟေဋ္ဌိကို ဖြေရှင်းနိုင်တာကို ပထမဆုံးမြင်ဖူးတာပဲ…မင်းက အရမ်းအလားအလာရှိတယ်…လူငယ်လေး…"

ယဲ့ကျား ကျောက်တုံး၏ ရောက်တက်ရာရာ စကားများကို နားမထောင်ချင်ပေ။ ထို့ကြောင့် သူ ပွင့်ပွင့်လင်းလင်း ဖြတ်ပြောလိုက်သည်။

"ပါးစပ်ပိတ်ထား…မင်း ဘာအချက်အလက်တွေပေးဖို့ ရှိသေးလဲ…"

“မရှိ‌တော့ဘူး…"

'အားလုံးသိမြင်ကျောက်တုံး' အလွန်ရွှင်မြူးစွာ ပြောလိုက်သည်။

"မင်း နောက်ဆုံးအဆင့်ကို လုပ်ဖို့ပဲ ကျန်တော့တယ်…"

"ပြတင်းပေါက်အပြင်ကို ကြည့်လိုက်…"

ယဲ့ကျား ပြတင်းပေါက်ဆီ လျှောက်သွားလိုက်သည်။

သူ အပြင်ဘက်မှ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

မသိလိုက်သောအချိန်တွင် ကောင်းကင်ကြီး၏အရောင် ပြောင်းလဲသွားပြီး မြေပြင်ကလည်း လှုပ်ခါနေလေသည်။ မူလက မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အရိုးများက အမည်မသိအား အချို့ကြောင့် ကြေမွကာ အမှုန့်ဖြစ်နေပြီး ယခု သွေးမြေဆီလွှာနှင့် အစားထိုးနေပြီဖြစ်သည်။ အကွာအဝေးတစ်နေရာတွင် မတ်စောက်သော ကျောက်တုံးကြီးက မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ထိုးထွက်လာလေသည်။

သူကြုံတွေ့ခံရသော မြင်ကွင်းက ဤကမ္ဘာသို့ ဖြည်းညှင်းစွာ ကျူးကျော်လာလေသည်။

ယဲ့ကျား လက်ထဲမှ ကျောက်တုံး၏ အသံ ထွက်ပေါ်လာသည်။

"ပိတ်လှောင်ထားတာကလွတ်သွားပြီ…စွမ်းအားကြီးတစ္ဆေမက မင်းမိသားစု၀င်ရဲ့ အကြောက်တရားကို သိသွားပြီ…သူ့ရဲ့ စွမ်းရည်က မင်းမိသားစု၀င်အပေါ် သက်ရောက်မှုရှိလာတော့မယ်…"

ယဲ့ကျား ‌အေးစက်စွာ ကြားဖြတ်ပြောလိုက်သည်။

"သူက ငါ့မိသားစု၀င် မဟုတ်ဘူး…"

“ဟုတ်ပါပြီ…ဟုတ်ပါပြီ…မင်း ပြောသလိုပဲပေါ့…”

ကျောက်တုံး အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။

"မင်း ပြောတာကို နားမထောင်‌‌ဘူးလား…"

ယဲ့ကျား :"ဆက်ပြော…"

ကျောက်တုံး :"အခု မင်း သူ့ကို တံခါးကနေ ဆွဲထုတ်သွားဖို့ပဲ လိုတယ်…ဆွဲထုတ်ပြီးရင် မင်းတာ၀န် ပြီးသွားပြီ…"

ယဲ့ကျား ခေါင်းငြိမ့်လိုက်ကာ အပြင်ထွက်သွားလိုက်သည်။

ယဲ့ကျား လက်ထဲမှ ကျောက်တုံး တတွတ်တွတ် ဆက်ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဒီအဆင့်က မင်းအတွက် အရမ်းမခက်ခဲလောက်ဘူး…မင်းရဲ့မိသားစု…ကျီရွှမ်က သူ့ရဲ့စွမ်းရည်ကို ဆုံးရှုံးနေလောက်ပြီ…"

ယဲ့ကျား၏ ခြေလှမ်းများ ရပ်တန့်သွားသည်။

"မင်းက အရာအားလုံးကို သိတာ မဟုတ်ဘူးလား…"

သူ အမူအရာက မပြောင်းလဲပေ။

"ဘာလို့ 'လောက်တယ်'ဆိုတဲ့ စကားကို သုံးတာလဲ…"

“အဟွတ်…အဟွတ်…”

'အားလုံးသိမြင်မျက်လုံး' ကိုးရိုးကားယားနိုင်စွာ ချောင်းဆိုးလိုက်သည်။

"ဟမ်…အဲ့ဒါက ဒီကမ္ဘာကြီး ပုံမှန်မဟုတ်တာ ရပ်သွားလို့လေ…"

တစ်ခုခု‌တော့ လွဲနေပြီ…

ယဲ့ကျား မျက်မှောင်ကြုတ်လိုက်ပြီး သူ့လက်ထဲမှ ကျောက်တုံးကို ငုံ့ကြည့်လိုက်သည်။

"သူ့ရဲ့ စွမ်းရည် ‌ဆုံးရှုံးသွားပြီလား…ဘာလို့လဲ…"

အချိန်အကြာကြီး တွန်းလိုက်ဆွဲလိုက်လုပ်ပြီးတော့ ဒီနေရာက ကျီရွှမ် ထိန်းချုပ်မှုအောက် ရောက်လုနီးပါးဖြစ်နေပြီလေ…တစ္ဆေမက ကျီရွှမ်ရဲ့ အကြောက်တရားကို သိသွားရင်‌တောင်မှ ကျီရွှမ်က တစ္ဆေမထက် အခွင့်သာနေသေးတယ်…ဘာလို့ သူ့စွမ်းရည်တွေကို ရုတ်တရက် ဆုံးရှုံးသွားတာလဲ…

'အားလုံးသိမြင်မျက်လုံး'၏အသံ ထွက်ပေါ်လာသည်။

"မင်း ဘာလို့ အဲ့ဒါကို ဂရုစိုက်နေတာလဲ…ဘာပဲဖြစ်ဖြစ် မင်းရည်ရွယ်ချက် အောင်မြင်သွားပြီလေ…မင်းက သူ့ကို ‌ခေါ်ပြီး တံခါးကနေ ထွက်သွားဖို့ပဲ လိုတယ်…ဘာလို့အဲ့အကြောင်း သိချင်နေရတာလဲ…အခြေအနေက ပြောင်းလဲသွားမှာမှ မဟုတ်တာ…"

ယဲ့ကျား ပြန်မဖြေပေ။

သူ အောက်မှ ‌သွေးမြေဆီလွှာကို ကြည့်ကာ အတွေးနက်နဲနေသည်။

"စောစောက မြင်ခဲ့ရတဲ့ မြင်ကွင်းတွေက ဘာတွေလဲ…"

ကျောက်တုံး နှာမှုတ်လိုက်သည်။

"ငါ မင်းကို မပြောပြပါဘူး…"

ယဲ့ကျား အတွေးထဲ နစ်မျှောသွားသည်။

မှတ်ဉာဏ်တွေလား…မဖြစ်နိုင်တာ…

နောက်ဆုံးအပိုင်းက အဲ့လိုဖြစ်ခဲ့တာမှ မဟုတ်တာ…

ဒါကြောင့် သူ အဲ့ဒါကို ထင်ယောင်ထင်မှား ပုံရိပ်လို ထင်ခဲ့တယ်…

ကျီရွှမ်က သူ့အကြောက်ဆုံးအရာကို သူ့မှတ်ဉာဏ်ထဲမှာ ပိတ်လှောင်ထားတာလို့ ထင်ခဲ့တယ်…

ဒါက ယုတ္တိရှိပြီး ကျိုးကြောင်းဆီလျော်တယ်လေ…

ဒါပေမဲ့ ရှင်းမပြနိုင်တဲ့ တချို့‌အပိုင်းတွေ ရှိနေတယ်…

ပထမဆုံး ကျီရွှမ်က အဲ့အချိန်တုန်းက 'ယဲ့ကျား'ဆိုတဲ့ သူ့နာမည်ကို မသိခဲ့တဲ့အတွက် 'ယဲ့ကျား'ဆိုတဲ့ နာမည်ကို တုံ့ပြန်မှု မပြသင့်ဘူး…ဒါပေမဲ့ လူငယ်လေးက 'ယဲ့ကျား'ဆိုတဲ့နာမည်ကို ရှင်းရှင်းလင်းလင်းပြောသွားတယ်…

ဒုတိယက သူ အဲ့ကမ္ဘာကို 'အားလုံးသိမြင်မျက်လုံး'ကို သုံးပြီး ကြည့်တော့ ကျီရွှမ်ပဲ တောက်ပနေခဲ့တယ်…

ဒါက ပုံရိပ်ယောင်သာဆိုရင် ဖြစ်ရပ်တွေက ဘာလို့ ဖြစ်နေရတာလဲ…ကစားသမားတွေတောင် ပါသေးတယ်…

ဒါ့အပြင် ကျီရွှမ် သူ့ကို မြင်တဲ့အခါ တုံ့ပြန်မှုက အရမ်း လက်တွေ့ဆန်လွန်းတယ်…ကျီရွှမ်က သူ ပေါ်လာမှာကို ကြိုသိပြီး အဲ့ဒီတုံ့ပြန်မှုကို ဖန်တီးထားတာလို့တော့ မ‌ပြောနဲ့…

သူ ခေါင်းကို ငုံ့ကာ ပီသစွာ ပြောလိုက်သည်။

"ပြော.ပြ…မင်း အဲ့ဒါကို ရှာခိုင်းပြီး ဆွဲထုတ်ခိုင်းတယ်နော်…အဲ့ဒါက ဘာကို ရည်ညွှန်းနေတာလဲ…"

“ကြည့်ရတာ ငါ မင်းကို လျှော့တွက်မိပုံပဲ…"

'အားလုံးသိမြင်မျက်လုံး' အံ့ဩစွာ ပြောလိုက်သည်။

"လူငယ်လေး…မင်းက အရမ်းထက်မြက်တာပဲ… အဲ့ဒါကို ‌ဒီလောက်မြန်မြန် သတိပြုမိတယ်ပေါ့…"

ယဲ့ကျား မျက်မှောင်ကြုတ်လိုက်သည်။

" အဲ့ဒါကို ပြောဦးမှာလား…"

ကျောက်တုံး သက်ပြင်းချလိုက်သည်။

"အိုကေ…အိုကေ…မင်း တကယ် သိချင်နေတာပဲ…တစ္ဆေမရဲ့ စွမ်းအားတွေက ငါ အရင်က ပြောခဲ့သလိုပဲ…မရိုးရှင်းဘူး…သူ့ရဲ့ စွမ်းရည်က လူသားလား တ‌စ္ဆေလားဆိုတာ မခွဲခြားဘူး…အားလုံးရဲ့ ဝိညာဉ်အပေါ် တိုက်ရိုက်သက်ရောက်တယ်…အဲ့ဒါကြောင့် မင်း အကြောက်ဆုံးအရာကို ပိတ်လှောင်ထားရင်တောင်မှ၊ ကြောက်စိတ်ကို မေ့ပစ်ထားရင်‌တောင်မှ အဲ့ဒါကို မရှောင်တိမ်းနိုင်ဘူး…ပိုပြီး တိကိကျကျ ပြောရရင် မင်း သူ့ကို တံခါးကနေ ဆွဲထုတ်လိုက်တာနဲ့ ပြီးသွားပြီ…တစ္ဆေမကို ခုခံပြီး အတွင်းကနေ ဝါးမျိုနိုင်တဲ့သူကို ငါ ပထမဆုံး မြင်ဖူးတာပဲ…"

ကျောက်တုံး ခေါင်းစဉ်ပြောင်းသွားသည်ကို မြင်သောအခါ ယဲ့ကျား မျက်မှောင်ကြုတ်လိုက်ပြီး ကြားဖြတ်ပြောလိုက်သည်။

"အဓိကအချက်ကိုသွား…"

"အိုကေ…အိုကေ…"

ကျောက်တုံး အနည်းငယ် စိတ်ထိခိုက်သွားသည်။

"ချုံ့ပြောရရင် မင်းမိသားစုဝင်က တစ္ဆေမ သူ့ကို လုပ်မဲ့အရာတွေကို သူ့ဘာသာ လုပ်နေတာပဲ…"

ထိုစကားက အနည်းငယ် ရှုပ်ထွေးသော်လည်း ယဲ့ကျား ကျောက်တုံးဆိုလိုချင်သည်ကို ချက်ချင်း နားလည်လိုက်သည်။

သူ အလွန် အံ့အားသင့်သွား၍ 'မိသားစု၀င်'ဟူသော စကားလုံးကို ပြန်လည်ချေပရန်ပင် မေ့သွားလေသည်။

ဒါက ဘာလို့ 'အားလုံးသိမြင်မျက်လုံး'က အဲ့ဒါကို ဆွဲထုတ်စေချင်လဲဆိုတာပဲ…ဒါဘာလို့ 'အားလုံးသိမြင်မျက်လုံး'က တစ်ဆင့် မြင်ရတဲ့ ကျီရွှမ်က တောက်ပနေလဲ ဆိုတာပဲ…

ဘာလို့ဆို ကျီရွှမ်ကိုယ်တိုင်က ဒါမှမဟုတ် ကျီရွှမ်တစ်စိတ်တစ်ပိုင်းက ပုံရိပ်ယောင်ထဲ ရှိနေလို့ပဲ…

သူက သူ့အကြောက်ဆုံးအရာကို သူ့လက်တွေနဲ့ ကိုယ်တိုင်ဖန်တီးပြီး သူ့ဝိညာဉ်တစ်ပိုင်းကို အဲ့ထဲထည့်ထားခဲ့တာပဲ…ပြီးတော့ တူညီတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို အချိန်အကြာကြီး ထပ်ခါထပ်ခါ ခံစားခဲ့တယ်…

ဒါ့ကြောင့် စွမ်းအားကြီးတစ္ဆေမက သူ့ကို ဘာမှ မလုပ်နိုင်တာပဲ…

ဒါက ကျီရွှမ်က တစ္ဆေမရဲ့စွမ်းရည်ကို ခံနိုင်ရည်ရှိလို့ မဟုတ်ဘဲ သူက အဲ့ထက်ရက်စက်တာတွေကို ခံစားနေရလို့ပဲ…

ကျောက်တုံး သက်ပြင်းချလိုက်သည်။

"ငါ အရင်က ပြောခဲ့တယ်မဟုတ်လား…သူက ရက်စက်တဲ့သူပါလို့…"

ယဲ့ကျား မျက်လွှာချထားပြီး သူ့၏ရှည်လျားသော မျက်တောင်များက မျက်လုံးထဲမှ အကြည့်ကို ဖုံးကွယ်ပေးထားလေသည်။

'အားလုံးသိမြင်မျက်လုံး' ဆက်ပြောလိုက်၏။

"ဒါပေမဲ့ အဲ့ဒါရဲ့ အကျိုးဆက်က အရမ်းအန္တရာယ်ရှိတယ်…အကျိုးဆက်က မင်းတို့နှစ်ယောက် ဒီကထွက်သွားပြီးမှ ဖြစ်လာမှာ…ဒါပေမဲ့ ပိတ်လှောင်ထားတာကို လွှတ်လိုက်တာ အရမ်းစောသွားတော့ အကျိုးဆက်က ခန့်မှန်းထားတာထက် မြန်မြန်ဖြစ်လာတယ်…အဲ့ဒါကြောင့် သူက အခု သူ့စွမ်းရည်တွေကို ဆုံးရှုံးပြီး မလှုပ်ရှားနိုင်တဲ့ အခြေအနေရှိနေတာပဲ…

သူ့စကားမဆုံးမီ ယဲ့ကျားက သူ့ကို အိတ်ကပ်ထဲ ရက်စက်စွာ ပြန်ထည့်လိုက်လေသည်။

'အားလုံးသိမြင်မျက်လုံး' ‌ဗလုံးဗထွေး ပြောလိုက်သည်။

"ဟေ့…ဟေ့…ငါ့အချိန် မကုန်သေးဘူး…နည်းနည်းထပ်ပြောလို့ ရသေးတယ်…"

ယဲ့ကျား ဘာမှ ပြန်မပြောပေ။

'အားလုံးသိမြင်မျက်လုံး' အိတ်ကပ်ထဲတွင် လူးလှိမ့်နေလေသည်။ သူ အပြင်ဘက်မှ လှုပ်ရှားမှုများ များလာသည်ကို ရှင်းရှင်းလင်းလင်းခံစားရသည်။ တစ်ဖက်လူက အမြန်ရွေ့လျားနေသောကြောင့် လေတိုးသံများကို ကြားနေရလေသည်။

သူ အေးစက်စွာ နှာမှုတ်လိုက်သည်။

မင်း စိတ်ပူရင် စိတ်ပူတယ်လို့ ၀န်ခံမှပေါ့…ဘာလို့ ခေါင်းမာနေတာလဲ…

'အားလုံးသိမြင်မျက်လုံး' အိတ်ကပ်ထဲတွင် လှိမ့်၍ သက်တောင့်သက်သာရှိသော အနေအထားကို ရှာလိုက်သည်။

အိပ်တာပဲ ကောင်းတယ်…

ယဲ့ကျား ပုံမှန်မဟုတ်သည့် စွမ်းအားအတက်အကျများနေသော နေရာသို့ ရောက်သောအခါ ထိုနေရာ
တွင် တစ္ဆေမ ဖန်တီးထားသော ပုံရိပ်ယောင် ရှိနေလေသည်။

အနီရောင်ညကောင်းကင်အောက်တွင် ကျယ်ပြောသော စစ်တလင်းတစ်ခု ရှိနေသည်။

မ‌ရေမတွက်နိုင်သော ခန္ဓာကိုယ်များက သွေးမြေဆီလွှာထဲ နစ်မြှုပ်နေလေသည်။ ဝိညာဉ်များ၏ တီးတိုးပြောသံများကို ကြားနေရပြီး သေခြင်းအနံ့များက လေထဲတွင် ရစ်ဝဲနေလေသည်။

အရပ်ရှည်ရှည်ပုံရိပ်တစ်ခုက စစ်တလင်းအလယ်တွင် ရပ်နေလေသည်။

ထိုပုံရိပ်က မျက်လွှာချထားပြီး ဖြူဖျော့သော မျက်နှာထက်တွင် မည်သည့်အမူအရာမှ မရှိချေ။ သူ့၏ ပေါ်လွင်သော မျက်ခုံးများ၏အရိပ်က သူငယ်အိမ်များပေါ်သို့ ကျနေပြီး အေးစက်နီရဲမှုကို ဖုံးကွယ်ပေးထားလေသည်။

တစ်ခုခု လွဲနေသလိုပဲ…

ယဲ့ကျား တစ်ဖက်လူနှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်လိုက်သည်။ သူ့မျက်လုံးများက တစ်ဖက်လူဘေးမှ မြေပြင်ကို ကြည့်နေလေသည်။

တစ်ဖက်လူ၏ ခြေထောက်အောက်မှ မြေကြီးက ဗလာဖြစ်လေသည်။ အရိုးများ၊ ခန္ဓာကိုယ်အကြွင်းအကျန်အပိုင်းအစများ မရှိချေ။ ယင်းက ထူးဆန်းပြီး ကြောက်စရာကောင်းနေလေသည်။

ယဲ့ကျား မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သူ ခါးကိုင်းကာ မြေပြင်ပေါ်မှ ကျောက်တုံးတစ်တုံးကို ကောက်လိုက်ပြီး ကျီရွှမ်ဆီပစ်လိုက်သည်။

နောက်တစ်ခဏတွင် ကျောက်တုံးက လေထဲမှ‌ မမြင်ရသည့် တစ်စုံတစ်ရာကို ရိုက်မိသွားပုံပေါ်သည်။ ၎င်းက ထိုအရာထဲသို့ ဆွဲငင်ခံလိုက် ရပြီး‌ အဖျက်စွမ်းအားတစ်ခုက မျက်စိတစ်မှိတ်အတွင်း ကျောက်တုံးကို ချေကွဲလိုက်ကာ အမှုန့်အဖြစ် ပြောင်းလဲသွားပြီး လေနှင့်အတူ လွင့်မျောသွားလေသည်။

ယဲ့ကျား : “……..”

ပြောတော့ မလှုပ်ရှားနိုင်ဘူးဆို…

သူ လှမ်းအော်လိုက်သည်။

"ကျီရွှမ်…"

တစ်ဖက်လူက ကြားပုံမပေါ်ချေ။ သူ့၏မျက်လုံးများက ယခင်အတိုင်း ဖြစ်နေဆဲဖြစ်ပြီး သူ့၏ အမူအရာက အုပ်မှိုင်းပြီး ကြောက်စရာကောင်းနေလေသည်။ သူက နေရာတွင် ရပ်နေဆဲဖြစ်ကာ သူ့ပတ်၀န်းကျင်တွင် စွမ်းအင်များ စုစည်းလာကာ ပြင်းထန်သော ဝဲအဖြစ်သို့ ပြောင်းသွားပြီး ‌ချဉ်းကပ်လာသည့် အရာတိုင်းကို ဖျက်ဆီးပစ်မည်ဖြစ်သည်။

ယဲ့ကျား ကျောက်တုံးကို ထုတ်ကာ ကောင်းကင်ကို စစ်ဆေးလိုက်သည်။

အခြေအနေက နောက်ဆုံးအချိန် စစ်ဆေးချိန်ကထက်စာလျှင် ကြီးမားသော ပြောင်းလဲမှုများ ရှိနေလေသည်။

အသာစီးရနေတဲ့ နီညိုရောင်က သူ့ရဲ့ အရှိန် ပြတ်သွားပြီး နောက်ပြန်ဆုတ်နေတယ်…

ယဲ့ကျား ကျီရွှမ်ထိန်းချုပ်ထားသည့် နေရာသို့မသွားမီ သူ့ယင်စွမ်းအင်များကို ထုတ်ဖော်လိုက်ကာ သူ့ခန္ဓာကိုယ်၌ တင်းကြပ်စွာ ရစ်ပတ်လိုက်သည်။

သို့သော် ကျီရွှမ်က အလိုအလျောက် ကာကွယ်နေပုံရသည်။ ပတ်၀န်းကျင်မှ လေထုက သိပ်သည်းနေပြီး သံမဏိနံရံကြီး ကာရံထားသကဲ့သို့ ခံစားရလေသည်။ ဖြတ်သန်းရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ယဲ့ကျား ခြေလှမ်းအနည်းငယ်ကို ခက်ခဲစွာလျှောက်လှမ်းပြီးနောက် မူလစတင်ခဲ့သော နေရာသို့ ပြန်ရောက်သွားလေသည်။

သူ့လက်ထဲတွင် တံစဉ်းတစ်လက်ပေါ်လာပြီး တံစဉ်းသွားက လေကို ထိတွေ့လိုက်သည့်အခိုက်အတန့်တွင် သူ ယင်းကို စားလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

သူ ကျီရွှမ်၏ တ‌စ္တေစွမ်းအင်များကို လျင်မြန်စွာ မျိုချနေလေသည်။ သူ့လိုအင်ဆန္ဒများ ပြည့်၀သွားသည့် ခံစားချက်က ခြေလက်တစ်လျှောက် ပျံ့နှံ့သွားသည်။

ယဲ့ကျား ထိတ်လန့်သွားပြီး တံစဉ်းကို ပြန်ရုတ်လိုက်သည်။

သူ ပိုစားလေလေ စွမ်းအားကြီးတစ္ဆေဖြစ်လာဖို့နီးလာလေလေပဲ…ပုံရိပ်ယောင်ထဲမှ ရခဲ့တဲ့အချက်အလက်တွေအရ ဒါက အမေလိုချင်နေတဲ့ဟာပဲ…

ဖြစ်နိုင်တာက ကျီရွှမ်က သူ့ကို စွမ်းအားကြီးတစ္ဆေမနဲ့ ရင်မဆိုင်စေချင်လို့လား…

ဒီလိုဆို သူ ကျီရွှမ်ကို တံခါးဆီ ဘယ်လိုခေါ်သွားရမှာလဲ…

ယဲ့ကျား စိတ်ရှုပ်သွားသည်။

သူ ဖြစ်ရပ်ထဲတွင် မြင်ဖူးသော သွေးစွန်းစစ်တလင်းပတ်ပတ်လည် ကြည့်လိုက်ကာ သတိမေ့နေပြီး ဗီဇအရ တိုက်ခိုက်နေသည့်ကျီရွှမ်ကို ကြည့်လိုက်သည်။

ထိုအမျိုးသားက စစ်တလင်းအလယ်တွင်တိတ်တဆိတ်ရပ်နေပြီး ရုပ်တုသဖွယ် မြေပြင်ပေါ်တွင် အမြစ်တွယ်နေလေသည်။

ဒီအခြေအနေနဲ့ နည်းနည်းရင်းနှီးနေသလိုပဲ…

ယဲ့ကျား အံ့ဩသွားပြီး သူ့စိတ်ထဲတွင် မှတ်ဉာဏ်တစ်ခု ပေါ်လာလေသည်။

သွေးစွန်းနေသော စစ်တလင်းအလယ်၊ ဖွတ်ဖွတ်ညက်ညက်ကြေနေသော မြေပြင်ပေါ်၌ ကောင်လေးတစ်ယောက် ထိုင်နေလေသည်။ သူက ခေါင်းကို ငုံ့ထားပြီး ကျဆင်းနေသော အနက်ရောင်ဆံနွယ်များ၏ အရိပ်က ဖြူဖျော့ဖျော့ မျက်နှာတွင် ထင်ဟပ်နေလေသည်။ ထိုကောင်လေးက ဝိညာဉ်လွင့်‌နေပုံ ပေ်လေသည်။

ယဲ့ကျား ပါးစပ်ကို ဖွင့်လိုက်ပြီး ပြောလိုက်၏။ သို့သော် သူ့လည်ချောင်းက အနည်းငယ် ခြောက်သွေ့နေသောကြောင့် စကားလုံးနှစ်လုံးကိုသာ ခက်ခက်ခဲခဲ ညှစ်ထုတ်နိုင်ခဲ့သည်။

"အားရွှမ်…"

ထိုအသံက တိုးညှင်းလွန်း၍ ပတ်၀န်းကျင်မှ လေတိုက်သံများကြားတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေလေသည်။ ထိုအသံက ည၏တိတ်ဆိတ်မှုကို နူးညံ့စွာ အရည်ပျော်စေသည်။

သူ ထိုအရာက ပုံရိပ်ယောင် ဟုတ်မဟုတ်မသေချာသော်လည်း သူ စစ်တလင်းအလယ်တွင် ခံစားချက်မဲ့စွာ ရပ်နေသည့် အရပ်ရှည်ရှည် အမျိုးသားကို မြင်နေရသည်။

နည်းနည်းတုန်နေတယ်…

ယဲ့ကျား အသက်ပြင်းပြင်းရှူလိုက်ပြီး အသံကိုအနည်းငယ်မြှင့်ကာ ပြောလိုက်သည်။

"အားရွှမ်…"

သူ လက်မြှောက်လိုက်သည်။ ဤတစ်ကြိမ်တွင် သူ့၏ အေးစက်သေးသွယ်သော လက်ချောင်းများတွင် မည်သည့်အကာအကွယ်မှ မလုပ်ထားပေ။ သူ အနည်းငယ် တုံ့ဆိုင်းနေမှု၊ မရေရာမှုများနှင့်အတူ သူ့ရှေ့မှ မမြင်ရသည့်နံရံကို ဖြည်းညှင်းစွာ ထိတွေ့လိုက်သည်။

ယဲ့ကျား အသက်အောင့်ကာ ကျန်တစ်ဖက်တွင် တံစဉ်းလက်ကိုင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

သူ သူ့လက်ကို ဖျက်ဆီးချေမွခံရန် ပြင်ဆင်ထားသော်လည်း မမျှော်လင့်စွာနှင့် လက်က မမြင်ရသည့် နံရံထဲ ရောက်သွားလေသည်။

သူ အနည်းငယ် အံ့အားသင့်သွားသည်။

သူ ထင်ထားသလို ဖြစ်မလာဘူးပဲ…

သူ့၏ လက်ချောင်းများ နူးညံ့စေးကပ်သော တစ်စုံတစ်ရာကို ထိမိသွားသည်။ ထိုအရာက သူ့လက်ချောင်းထိပ်များတစ်ဝိုက် မဝံ့မရဲရစ်ပတ်လာလေသည်။ အင်းဆက်များ နှုတ်ဖြင့် မဆက်သွယ်နိုင်သောကြောင့် ၎င်းတို့၏လက်တံများဖြင့် ဂရုတစိုက် ထိတွေ့ကြသကဲ့သို့ပင်ဖြစ်သည်။

ယဲ့ကျား အသက်ပြင်းပြင်းရှူကာ ခြေတစ်လှမ်းတိုးလိုက်သည်။

လက်မောင်း၊ ပခုံးမှသည် ခန္ဓာကိုယ်တစ်ကိုယ်လုံး ၀င်သွားလေသည်။

သူ ကျီရွှမ်း၏တိုက်ခိုက်ရေးအကွာအဝေးထဲသို့ ရောက်သွားသည်။

ကျီရွှမ် မျက်လုံး အောက်စိုက်ထားပြီး သက်မဲ့ရုပ်တုသဖွယ် ရပ်နေဆဲဖြစ်သည်။ သူ့၏ အနီရောင်သန်းနေသော မဟူရာမျက်လုံးက တစ်နေရာကို ကြည့်နေလေသည်။



Xxx