အပိုင်း ၈၆
Viewers 10k

Chapter 86



ယဲ့ကျား လက်မြှောက်ကာ ကျီရွှမ်၏ပခုံးကို သတိထားပြီး ထိတွေ့လိုက်သည်။

"ဟေ့…"

ကျီရွှမ် မလှုပ်ပေ။

ယဲ့ကျား ကျီရွှမ်ရှေ့ လက်ဝှေ့ယမ်းလိုက်သည်။

"ငါ ခေါ်နေတာကို ကြားလား…"

ကျီရွှမ် မလှုပ်သေးပေ။

ယဲ့ကျား သက်ပြင်းချလိုက်သည်။

" ဒီလိုဆိုရင်လည်း…"

ယဲ့ကျား ရှေ့တိုးကာ သူ့လက်မောင်းများဖြင့် ကျီရွှမ်ခါးကို ရစ်ပတ်လိုက်သည်။ သူ ဝူဆုအား လုပ်ခဲ့ပေးသလို တစ်ဖက်လူကို သူ့ပခုံးပေါ်တင်ပြီး ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ယဲ့ကျား နီးကပ်လာသောအခါ တစ်ဖက်လူ၏ အေးစက်စက်ခန္ဒာကိုယ်က ရုတ်တရက် တောင့်တင်းသွားသည်ကို ခံစားလိုက်ရသည်။ ကြွက်သားများကလည်း ကျောက်တုံးသဖွယ် မာကြောနေလေသည်။ တစ်ဖက်လူက သူ့လက်မောင်းကို ပိုင်စိုးပိုင်နင်း ဆုပ်ကိုင်လာပြီး ရင်ခွင်ထဲ ထည့်လိုက်ကာ တင်းကြပ်စွာ ပွေ့ဖက်ထားလေသည်။

ယဲ့ကျား ဖိအားကြောင့် သူ့နံရိုးများ တကျွတ်ကျွတ်မြည်သံကိုပင် ကြားနေရသကဲ့သို့ ထင်မှတ် မိလေသည်။

သူ ခက်ခက်ခဲခဲ ပြောလိုက်သည်။

"ဟေ့…ကျီရွှမ်…ငါ့ကို လွှတ်ပေး…"

တစ်ဖက်လူက သူ့အသံကို မကြားပုံပေါ်သည်။

ယဲ့ကျား တင်းကြပ်စွာ ပွေ့ဖက်ခံထားရသောကြောင့် အမြင်အာရုံပင် မည်းမှောင်လာလေသည်။

"ငါ…ငါ အသက်ရှူလို့ မရတော့ဘူး…"

သို့သော် တစ်ဖက်လူက လွှတ်ပေးရန် ရည်ရွယ်ချက် မပြသေးပေ။

ယဲ့ကျား ဒေါသတကြီး အော်လိုက်သည်။

"အားရွှမ်…"

သူ အော်လိုက်သောအခါ တစ်ဖက်လူ၏မွန်းကြပ်သည့် ပွေ့ဖက်မှုက အနည်းငယ် ပြေလျော့သွားလေသည်။

ယဲ့ကျား ထိုအခွင့်အရေးကို သုံးကာ ပွေ့ဖက်ခံရမှုမှ ရုန်းထွက်လိုက်သည်။

သူ့ရှေ့မှ အမျိုးသား အနည်းငယ် သတိပြန်၀င်လာပုံ ပေါ်သည်။ သူ့၏ နီညိုရောင်မျက်လုံးများက အနည်းငယ်ရှုပ်ထွေးနေမှုများကို ပြသနေသည်။

ယဲ့ကျား သက်ပြင်းချလိုက်သည်။

"ဟာ…"

သူ နှာခေါင်းကို ညှစ်လိုက်ကာ အနည်းငယ် သောကရောက်နေလေသည်။

"ဒီလိုအခြေအနေမှာ‌တောင် မင်းက မလွယ်ကူဘူးပဲ…''

ကျီရွှမ် သူ့ကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးများ အာရုံလွင့်နေပြီး ဖြူဖျော့သေးသွယ်သော နှုတ်ခမ်းကို တင်းတင်းစေ့ထားလေသည်။ သူက ယဲ့ကျားပြောနေသည်ကို နားမလည်ပုံပေါ်သည်။

ယဲ့ကျား : “……..”

ယဲ့ကျား အပေါ်မှ အရောင်ပြောင်းနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူ ဤအတိုင်း ဆက်သွားနေ၍ မရကြောင်း သိသည်။

ထို့ကြောင့် သူ့မျက်နှာကို ပွတ်သပ်လိုက်ပြီး တစ်ဖက်လူဆီ သတိထားကာ ထပ်မံ ချဉ်းကပ်လိုက်သည်။

သို့‌သော် သူ မချဉ်းကပ်မီ တစ်ဖက်လူက ယိုင်ထိုးလာပြီး လဲကျလာလေသည်။

ယဲ့ကျား၏ နှလုံးသား တင်းကြပ်သွားသည်။ သူ မသိစိတ်အရ တစ်ဖက်လူကို ဖမ်းလိုက်သည်။ သို့သော် သူ လက်မောင်းထဲ ပြုတ်ကျလာသည်က အရပ်ရှည်သော အရွယ်ရောက်ပြီးသား အမျိုးသား မဟုတ်ချေ။ နုနယ်သော ကလေးတစ်ယောက်ဖြစ်သည်။

သူ အံ့ဩတကြီးဖြင့် သူ့လက်မောင်းထဲမှ ကျီရွှမ်ကို ငုံ့ကြည့်လိုက်သည်။

ကျီရွှမ်က ကလေးအဖြစ် ပြောင်းသွားတာလား…

ကောင်လေး၏ သေးငယ်သော ခန္ဓာကိုယ်က သူ့ရင်ဘတ်၌ တင်းကြပ်စွာ ကပ်နေပြီး ရှုပ်ပွနေသော ဆံပင်များက သူ့၏ ခံစားချက်မဲ့သော မျက်နှာကို ဖုံးကွယ်ထားလေသည်။ သူ့၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးက တွန့်ခွေနေလေသည်။ ကောင်လေးက သိမ်မွေ့ပုံပေါ်သော်လည်း သူ့၏ ရင်ခွင်ကို လွှမ်းမိုးထားလေသည်။

တိုက်ခိုက်မှု အကွာအဝေးက တဖြည်းဖြည်းသေးငယ်လာလေသည်။

သူ တစ်ဖက်လူ၏ လက်မောင်းကို သူ့လည်ပင်းထံ ရစ်ပတ်လိုက်ကာ ပွေ့ချီကာ ထွက်လာလေသည်။

နောက်တစ်ခဏတွင် ယဲ့ကျား ရပ်တန့်သွားသည်။

သူ သူ့လက်မောင်းထဲမှ ကောင်လေးကို ထိတ်လန့်တကြီး ငုံ့ကြည့်လိုက်သည်။

ယဲ့ကျား၏ ကော်လံက အနည်းငယ် ပွင့်ဟနေပြီး သူ့၏ သေးသွယ်သော လည်ပင်းနှင့် ညှပ်ရိုးကို ပေါ်လွင်နေလေသည်။ ထိုနေရာတွင် အကိုက်ခံထားရသော ကိုက်ရာရှိနေပြီး အနည်းငယ်နာကျင်နေကာ သွေးရောင်သန်းနေဆဲဖြစ်သည်။

သူ လမ်းလျှောက်လိုက်သောအခါ ကောင်လေး၏ အေးစက်နူးညံ့သော နှုတ်ခမ်းပါးက တမင်တကာလား၊ မတော်တဆလား မသိသော်လည်း ထိုကိုက်ရာကို ပွတ်တိုက်မိနေလေသည်။ ထူးဆန်းသည့်ခံစားချက်က သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။

သို့သော် ကောင်လေး၏ မျက်လုံးများက ပိတ်နေဆဲဖြစ်ပြီး သူ့၏ ဖြူ‌ဖျော့သော မျက်နှာကလည်း သက်မဲ့ရုပ်တူနှင့် တူလေသည်။ သူကြည့်ရသည်မှာ သတိပြန်လည်သေးပုံ ‌မပေါ်ချေ။

ယဲ့ကျား အနည်းငယ် တုံ့ဆိုင်းသွားပြီး ဆက်လျှောက်လိုက်သည်။

သို့သော် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသော်လည်း ထိုခံစားချက်က တစ်ဖန် ပြန်ပေါ်လာလေသည်။

ငှက်မွှေးနှင့် တို့ထိနေသကဲ့သို့ နူးညံ့ညင်သာလေသည်။ ချစ်သူ၏ ပရောပရည်လုပ်သည့် အထိအတွေ့နှင့်ပင် တူသည်။

"...."

ယဲ့ကျား၏ နားများ ရုတ်တရက် ပူတက်လာ၏။

သူ အံကြိတ်လိုက်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့လည်ပင်းမှ တစ်ဖက်လူ၏ လက်မောင်းများကို ရက်ရက်စက်စက် ဖယ်ရှားလိုက်ကာ ကောင်လေးကို သူ့ပခုံးပေါ် တင်လိုက်သည်။

ဒီလိုသယ်တာကပဲ မင်းနဲ့ ပိုသင့်တော်တယ်…

တံခါးမှ ထွက်ခွာပြီးနောက် သူ့ပခုံးပေါ်မှ ကျီရွှမ်လည်း အခြားလူများနည်းတူ ပျောက်ကွယ်သွားလေသည်။

အပြင်သို့ရောက်သောအခါ စွမ်းအားကြီးတစ္ဆေမက ယဲ့ကျားထံ တဟုန်ထိုး ပြေး၀င်လာလေသည်။

ယဲ့ကျား ထိုအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ သူ ဘေးသို့ လှိမ့်လိုက်ကာ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

သူ မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။

သူ ပြိုင်ဘက်၏ တိုက်ခိုက်မှုကို မမြင်နိုင်သော်လည်း ပြိုင်ဘက်၏ အရှိန်နှင့် ခွန်အားက အားနည်းသွားသည်ကို ခံစားမိသည်။

ယဲ့ကျား တစ္ဆေမ၏ လက်သည်းများကို ရှောင်လိုက်ပြီး သင့်တော်သော အချိန်ကို တွေ့သောအခါ စတုတ္ထမြောက်တံခါး(နောက်ဆုံးကျန်သည့်တံခါး)သို့ တဟုန်ထိုး ပြေးသွားလိုက်၏။

တစ္ဆေမ၏ ဟိန်းဟောက်သံ သူ့နောက်မှ ထွက်ပေါ်လာချိန် သူ တံခါးထဲ ၀င်လိုက်သည်။

နောက်ဆုံးတံခါးက ဝေ့ရွှယ်ချူး၏တံခါးဖြစ်သည်။

သူ၀င်သွားလိုက်သည်နှင့် ယဲ့ကျား တစ်ခုခုမှားနေသည်ကို တွေ့ရှိလိုက်သည်။

တံခါးများနောက်မှ အခြားကမ္ဘာများနှင့် နှိုင်းယှဉ်လျှင် သူ့ရှေ့မှ ကမ္ဘာကြီးက မပြည့်စုံသော ထုတ်ကုန်ဖြစ်သည်။ အ‌‌ဆောက်အအုံများ၊ ကောင်းကင်၊ မြေကြီး အားလုံးက အနက်ရောင်အပေါက်များနှင့် ပြည့်နေလေသည်။ ယင်းတို့က မီးရောင်ခံစက္ကူများ၏ မီးကျွမ်းနေသော အပေါက်နှင့်ပင်တူလေသည်။ထိုအပေါက်များကြောင့် လမ်းပေါ်ရှိ ကားများ၊ လမ်းမီးတိုင်များက စောင်းနေပြီး အောက်ခြေမဲ့ ချောက်ထဲသို့ ပြုတ်ကျမည် သကဲ့သို့ ဖြစ်နေသည်။

ယဲ့ကျား လမ်းတစ်လျှောက် လျှောက်လာလိုက်သည်။

လမ်း၏ တစ်ဖက်တွင် ကြက်သီးဖြန်းဖြန်းထလောက်အောက် ကာလစုံ အင်းဆက်များဖြင့် ပြည့်နေသော ကြီးမားသော တွင်းနက်ကြီးရှိသည်။

အခြားတစ်ဖက်တွင် ထူးဆန်းသော ပုံစံနှင့်အိမ်များရှိပြီး အရောင်နှင့် အသံများကို ဖယ်ထုတ်ထားသကဲ့သို့ အလွန်တိတ်ဆိတ်နေသည့် အဖြူအမည်းအိမ်များဖြစ်သည်။

အဆောက်အအုံများက တစ်ခုနှင့်တစ်ခု ထပ်နေပြီး တွန့်လိမ်နေကာ အလွန်ကိုးရိုးကားယားနိုင်သော အိမ်မက်ဆိုးကဲ့သို့ပင် ဖြစ်သည်။

အကွာအဝေးတစ်နေရာမှ ကြောက်မက်ဖွယ်ကောင်းသော အော်သံတစ်သံ ထွက်ပေါ်လာသည်။

ယဲ့ကျားက ချွန်ထက်သော ဓားအလင်းအဖြစ်ပြောင်းလဲသွားသည်။

ယခင်တံခါးများ၌ သူ မကောင်းဆိုးဝါးများစွာကို သတ်ခဲ့ပြီး သူ့ပုံစံအတုကိုပင် သတ်ခဲ့လေသည်။ ထိုအတွက် ယဲ့ကျား ဘာမှ မခံစားရပေ။ ထိုအရာများက ပုံရိပ်ယောင်များသာ ဖြစ်သောကြောင့် ယဲ့ကျား တံစဉ်းဖြင့် သတ်လည်း ပြဿနာမရှိပေ။

သူ ဝူစူး၏ ကမ္ဘာတွင် သူ့ထံပြေးလာသော မကောင်းဆိုးဝါးများကို သတ်ဖြတ်ခဲ့သည်။ ထိုအရာများက ဝူဆုအိမ်မက်ဆိုးများ၏ အပိုင်းအစများဖြစ်ပြီး ယင်းတို့က ကမ္ဘာကြီး၏ နေရာလွတ်တိုင်းကို သိမ်းပိုက်ထားလေသည်။

သူ 'အားလုံးသိမြင်မျက်လုံး'ကို ထုတ်ကာ ကြည့်လိုက်သည်။

စွမ်းအားကြီးတစ္ဆေနှစ်‌ယောက်၏ ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ကမ္ဘာကြီးက အသိစိတ်မရှိပေ။

ယဲ့ကျား စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ဤကျောက်တုံးက သူ့ကို များစွာကူညီပေးခဲ့သော်လည်း အလွန်ဆူညံလေသည်။ အထူးသဖြင့် သူက မည်သည့်အချိန်တွင် စကားပြော ရပ်ရမည်ကို မသိချေ။

သူ ကျောက်တုံးကို မြှောက်လိုက်ပြီး အပေါက်မှတစ်ဆင့် သူ့ရှေ့မှ ကမ္ဘာကြီးကို ကြည့်လိုက်သည်။

သို့သော်လည်း မမျှော်လင့်စွာနှင့် လူသား၏သင်္ကေတအစက်အပျောက်ကို မမြင်ရပေ။

ယဲ့ကျား မျက်ခုံးပင့်လိုက်ပြီး ကျောက်တုံးကို ပြန်ချလိုက်သည်။

ထိုအချိန်တွင် သူ့နောက်မှ ကျယ်လောင်သော လွှစက်သံထွက်ပေါ်လာပြီး ယဲ့ကျားကို သနားညှာတာမှုမရှိ ဟက်တက်ခွဲလိုက်သည်။

ယဲ့ကျား နောက်လှည့်ကာ ၎င်းကို ပိတ်ဆို့လိုက်သည်။

“ကျီ - - -”

သတ္တုနှစ်ခု၏ ပွတ်တိုက်သံစူးစူးရှရှက လမ်းများတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ကြီးမားသည့် လွှစက်က တံစဉ်းနှင့် တိုက်မိသွားကာ ချွန်ထက်သည့် သေးသွယ်သည့် တံစဉ်းသွားက အလွန်ကျိုးပဲ့လွယ်ပုံ ပေါ်နေလေ၏။

မိန်းမငယ်လေး၏ လူသတ်လိုသော မျက်လုံးများအတွင်း၌ မီးပွားများ ထင်ဟပ်နေလေသည်။

ယဲ့ကျား၏ ခြေထောက်အောက်မှ မြေပြင်က အက်ကွဲသံများ ထွက်ပေါ်လာပြီး ပင့်ကူမျှင်ကဲ့သို့ အက်ကြောင်းများ ပျံ့နှံ့လာသည်။

ယဲ့ကျား မျက်လုံးကို မှေးစင်းလိုက်သည်။

နောက်တစ်ခဏတွင် သူ့လက်ထဲမှ တံစဉ်းကို လှည့်လိုက်ပြီး ပြိုင်ဘက်၏ တိုက်ခိုက်မှုကိုလျှပ်တစ်ပြက် ပြန်တိုက်ခိုက်လိုက်သည်။

'ဗုန်း'ခနဲ မြည်သံနှင့်အတူ လွှစက်က မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားသည်။

ထိုမြေပြင်မှ အပျက်အစီးများ လွှင့်စင်လာလေသည်။

“ဟမ်…”

ဝေ့ရွှယ်ချူး၏ ပါးပြင်ထက်၌ သွေးများပေနေသော်လည်း သူ ယင်းကို ဂရုမစိုက်ပေ။ ထိုအစား သူ့ရှေ့မှ လူငယ်ကို အထင်သေးစွာ ပြုံးပြလိုက်သည်။

"နောက်ထပ်အေ့စ်ပဲ…"

သူ့မျက်လုံးများက ယဲ့ကျား မျက်နှာပေါ်သို့ ကျဆင်းသွားပြီး သူ့သူငယ်အိမ်များ ကျုံ့သွားကာ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

“နင်…”

ဝေ့ရွှယ်ချူး၏ အကြည့်က ယဲ့ကျား၏မျက်နှာမှတစ်ဆင့် လက်ထဲမှ တံစဉ်းထံ ဆင်းသက်သွားသည်။ သူ ကြက်သေသေနေပြီး တစ်လောကလုံးကို သံသယ၀င်နေသကဲ့သို့ ဖြစ်နေလေသည်။

“မင်း အတုအယောင်တွေကို မြင်ဖူးပုံပဲ…"

ယဲ့ကျား ပြောလိုက်သည်။

ကြည့်ရတာ အတုအယောင်တွေက တစ်ခုထက်ပိုရှိပုံပဲ…

ဝေ့ရွှယ်ချူး တစ်ခုခုကို နားလည်သွားပြီး သူ့မျက်လုံးများက ပြူးကျယ်လာလေသည်။ သူ အသက်ပြင်းပြင်းရှူလိုက်ပြီး တစ်ဖက်လူကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"ဒါက…ဒါက…"

ယဲ့ကျား ခေါင်းငြိမ့်ပြတော့မည်ဖြစ်သည်။

သို့သော် နောက်တစ်ခဏတွင် မျက်နှာချင်းဆိုင်မှ မိန်းမ‌ငယ်လေးက ကြောင်အစွာ ပြောလာသည်။

"ဒါက ငါ အကြောက်ဆုံးအရာလား…"

ဗျူရိုထဲက ရုပ်ချောတဲ့ကောင်လေးနဲ့ တူညီတဲ့ မျက်နှာရှိတဲ့ ယောကျာ်းလေး…

ဒါက သူအကြောက်ဆုံးလား…

ယဲ့ကျား : “…”

“ဘာပဲဖြစ်ဖြစ်…”

ဝေ့ရွှယ်ချူး အာရုံပြန်စုစည်းလိုက်ပြီး တကျည်ကျည်မြည်နေဆဲဖြစ်သည့် လွှစက်ကို ပြန်ကောက်ကိုင်လိုက်သည်။

"အရင်အပိုင်းပိုင်း ဖြတ်ပစ်ရမယ်…"

ယဲ့ကျား အသက်ပြင်းပြင်းရှူလိုက်သည်။ နဖူးကို ကိုင်ရန် ရုတ်တရက် ဆန္ဒပြင်းပြလာလေသည်။

ဝေ့ရွှယ်ချူး၏ ထိုးစစ်က ပြင်းထန်ပြီး လွှမ်းမိုးနိုင်လေသည်။ အရူးတစ်ယောက်၏ တိုက်ခိုက်မှုကဲ့သို့ပင် ဖြစ်သည်။ သူသာ သာမာန်လူဆိုလျှင် ထိုမုန်တိုင်းသဖွယ် တိုက်ခိုက်မှုကြောင့် ကြောက်ရွံ့နေမည်ဖြစ်သည်။

ယဲ့ကျား ဝေ့ရွှယ်ချူးကို ပြန်မတိုက်ခိုက်ပေ။ ခုခံ၍သာ ရှောင်တိမ်းနေလေသည်။

သူ တစ်ဖက်လူ၏ လွှစက်နှင့် ထိတော့မည့် အချိန်တိုင်း လွယ်ကူစွာ ရှောင်တိမ်းနေလေသည်။ ဆန့်ကျင်ဘက်တွင် ဝေ့ရွှယ်ချူး ပိုပို စိုးရိမ်လာပြီး တိုက်ခိုက်မှုများက လွဲချော်လေလေ တဖြည်းဖြည်း စိတ်မရှည်လာလေဖြစ်သည်။

ယဲ့ကျား လျှပ်တပြက်ရလာသည့် အခွင့်အရေး
ကို ဆုပ်ကိုင်လိုက်သည်။

သူ့လက်ထဲမှ လခြမ်းသဏ္ဍာန် တံစဉ်းသွားက ပြိုင်ဘက်လက်ထဲမှ လွှစက်ကို ဆွဲယူလိုက်သည်။

လည်ပတ်နေဆဲဖြစ်သည့် လွှစက်က မီတာအနည်းငယ်အကွာရှိ မြေပြင်ပေါ်သို့ ပစ်ခံလိုက် ရပြီးနောက် မြေပြင်ထက်ရှိ အက်ကွဲကြောင်းများတွင် နစ်၀င်သွားပြီး စက္ကန့်အနည်းငယ်ကြာတကျည်ကျည်မြည်ပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားလေသည်။

ယဲ့ကျား ဝေ့ရွှယ်ချူးကို မြေပြင်ပေါ် လှဲချလိုက်ပြီး ပြိုင်ဘက်၏ လက်နှင့် ခြေများကို ချုပ်ထားလိုက်သည်။ သူ့လက်ထဲမှ တံစဉ်းသွားက ပြိုင်ဘက်၏လည်ပင်း၏ ရောက်သွားပြီး အနည်းငယ် ဖိလိုက်သည်နှင့် မြေပြင်ပေါ်သို့ သွေးများစီးကျလာမည်ဖြစ်၏။

“ဦးလေးကြီး…”

ဝေ့ရွှယ်ချူး ရုန်းကန် အော်ဟစ်နေလေသည်။

"ငါ့ကို လွှတ်ပေး…"

ယဲ့ကျား မျက်ခုံးများ ပင့်တက်သွားသည်။

"မင်း အခုထိ နားမလည်သေးဘူးလား…"

ဝေ့ရွှယ်ချူး၏ ရုန်းကန်မှု ရပ်တန့်သွားသည်။

"ဘာကို နားလည်ရမှာလဲ…"

ယဲ့ကျား :"ငါ မင်းကိုအချိန်နှစ်မိနစ်ပေးမယ်…"

“နင် ဘာတွေပြောနေတာလဲ…”

ဝေ့ရွှယ်ချူး ခွန်းတုံ့ပြန်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ တစ်ခုခုကို နားလည်သွားပြီး ဆက်ပြောမည့် စကားလုံးများကို မျိုချလိုက်သည်။ ထို့နောက် သူ့မျက်လုံးများက ပြူးကျယ်လာပြီး သူ့ရှေ့မှ လူငယ်ကို စိုက်ကြည့်နေလေသည်။ သူ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။

“ခဏနေဦး…”

သူ့ရှေ့မှ လူငယ်က တစ္ဆေပိုင်နက်ထဲသို့ ဆွဲသွင်းခံရစဉ်က ၀တ်ဆင်ထားသော အ၀တ်အစားများကို ၀တ်ဆင်ထားဆဲဖြစ်သည်။ သူ့၏ မျက်နှာက ကြော့ရှင်းချောမောနေဆဲဖြစ်သော်လည်း ယခင်က ရှိခဲ့သော ပေါ့တီးပေါ့ဆနိုင်ပြီး နွမ်းလျသော စရိုက်က ပျောက်ကွယ်သွားကာ ဂရုမစိုက်‌လျစ်လျူရှုကာ ကြမ်းကြုတ်သော စရိုက်ဖြစ်သွားလေသည်။ လက်ထဲမှ တံစဉ်းက ချွန်ထက်တောက်ပနေပြီး ခုခံတိုက်ခိုက်နိုင်သည့် စွမ်းရည်၊ သူ့ကို တိုက်ခိုက်နိုင်သည့် စွမ်းရည်။

အဖြေက အသင့်ရှိနေတာပဲ…

“နင်…နင်…နင်…နင်က…”

ယဲ့ကျား အနည်းငယ် ပြုံးလိုက်သည်။

"မင်းရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်…”

ဝေ့ရွှယ်ချူး: “…”

ငါ နင့်ကို ဘယ်တုန်းက ချီးကျူးလိုက်လို့လဲ…

ယဲ့ကျား ဝေ့ရွှယ်ချူးကို လွတ်ပေးလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

သူ့ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်များကို ခါလိုက်ပြီးနောက် မြေပြင်ပေါ်တွင် လဲနေပြီး ကောင်းကင်ကိုကြည့်နေဆဲဖြစ်သည့် ဝေ့ရွှယ်ချူးထံ လက်ကမ်းပေးလိုက်သည်။

"အကူအညီလိုလား…"

“မလိုပါဘူး…”

ဝေ့ရွှယ်ချူး လျင်မြန်စွာ သတိပြန်၀င်လာပြီး ‌မြေပြင်ပေါ်မှ ထလိုက်သည်။

သူ ယဲ့ကျားကို စိုက်ကြည့်နေပြီး တုံ့ဆိုင်းစွာ မေးလိုက်သည်။

"ဒါ…ဒါဆို နင်က အမြဲတမ်း နင်လား…"

ယဲ့ကျား သူတို့ထံပြေးလာသော မကောင်းဆိုးဝါးနှစ်ကောင်ကို ချောမွေ့စွာ ရှင်းလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

ဝေ့ရွှယ်ချူး၏ မျက်နှာက ရုတ်တရက် နီရဲလာလေသည်။

“ဒါ…ဒါ…ဒါဆိုရင်…”

သူ ရုတ်တရက် ကုန်လှောင်ရုံထဲတွင် တစ်ဖက်လူနှင့် စကားစမြည်ပြောဖူးသည်ကို သတိရသွားပြီး ထိုအကြောင်းအရာများထဲတွင် သူ အေ့စ်ကို သဘောကျကြောင်းလည်း ပါ၀င်လေသည်။

ဝေ့ရွှယ်ချူး ၏ နှလုံးသားက မြည်ဟည်းလာပြီး သူ့မျက်နှာကို လက်နှင့် အုပ်ထားလိုက်သည်။ သူ ဤနေရာတွင်ပင် သူ့ကိုယ်သူ သတ်သေပစ်ချင်နေလေသည်။

ယဲ့ကျား တစ်ဖက်လူကို ကြည့်လိုက်ပြီး ပညာရှိစွာဖြင့် ဘာမှ မပြောရန် ဆုံးဖြတ်လိုက်သည်။ သူ့နားထဲတွင် ဝူစူး ပြောခဲ့သည့် တစ်ဖက်လူက သူ့ကို ၀န်ခံချင်နေသည်ဟူသော စကားကို ပြန်ကြားယောင်လာလေသည်။

သူ 'အားလုံးသိမြင်မျက်လုံး'ကို မြှောက်ကာ ကမ္ဘာကြီးကို ကြည့်လိုက်သည်။

အချိန်ကုန်ဆုံးပြီးနောက် သူတို့ရှေ့မှ ကမ္ဘာကြီးက တဖြည်းဖြည်း ပြိုကွဲလာလေသည်။ သူတို့အောက်မှ ချောက်နက်ထဲသို့ ဆွဲခေါ်နေလေသည်။

ထိုအချိန်တွင် သူတို့ခေါင်းပေါ်မှ အလင်းရောင်တစ်ခု ခပ်မှိန်မှိန် လင်းလက်နေလေသည်။

ယဲ့ကျား ကျောက်တုံးကို အိတ်ကပ်ထဲ ပြန်သိမ်းလိုက်ပြီး ဝေ့ရွှယ်ချူးဘက်လှည့်ကာ ပြောလိုက်သည်။

"သွားရအောင်…"

ဝေ့ရွှယ်ချူး သူ့၏ အရှက်ရဖွယ်မှတ်ဉာဏ်ထဲမှ သူ့ကိုယ်သူ ပြန်ဆွဲထုတ်လိုက်ပြီး မလှမ်းမကမ်းရှိ မြေပြင်ပေါ်မှ လွှစက်ကို ကောက်ယူလိုက်ပြီး ယဲ့ကျားနောက် ခုန်ကာ ပြေးလိုက်သွားလေသည်။

အဆောက်အအုံများ၊ ကားများသာမက ကျောက်တုံးများတွင်ပါ အပေါက်များ ရှိလေသည်။ ထိုအပေါက်များက လျင်မြန်စွာ ပြန့်ကားလာပြီး ရူခင်းများကို အမှောင်ထုက လျင်မြန်စွာ ဝါးမျိုသွားခဲ့သည်။

ဝေ့ရွှယ်ချူး ‌ရှေ့သို့ သွားနေသည်နှင့်အမျှ စိုးရိမ်လာလေသည်။

သူ မေးလိုက်သည်။

"ဘာဖြစ်နေတာလဲ…"

ဝေ့ရွှယ်ချူး သူ ဤနေရာတွင် မည်မျှကြာကြာ နေခဲ့သည်ကို မမှတ်မိတော့ချေ။ သူ မကောင်းဆိုးဝါးများက အကြောက်တရားကို ဖန်တီးနိုင်ကြောင်းသိပြီး ထိုအကြောက်တရားများကို သူ့အတွင်းစိတ်က မခုခံနိုင်ချေ။ ရုတ်တရက် တစ်ရက်တွင် အခြားအရာများ ထပ်ပေါ်လာပြီး သူ ပေါ်လာသည့်အရာများကို မသိတော့ချေ။

သူ မကောင်းဆိုးဝါးများသာမက အေ့စ်အတုအယောင်များနှင့် ကြိမ်ဖန်များစွာ တိုက်ခိုက်ပြီးနောက် စိတ်တည်ငြိမ်လာလေသည်။

သူ ဤကမ္ဘာကြီးမှ မကောင်းဆိုးဝါးများကိုလိုက်လံနှိမ်နင်းပြီး ထွက်ပေါက်ရှာနေစဉ် အေ့စ်ကို ထပ်မံတွေ့လိုက်ရသည်။

သူက တကယ့်အေ့စ်အစစ်ဖြစ်၏။

“ကမ္ဘာကြီးက ပြိုကွဲတော့မယ်…”

ယဲ့ကျား နောက်လှည့်ကာ ပြောလိုက်သည်။

"မင်း အရှိန်ပိုမြန်လိုက်ရင် ကောင်းမယ်…"

ဝေ့ရွှယ်ချူး: “…”

သူ ဘာလို့ အဲ့ဒါကို မသိတာလဲ…

ဝေ့ရွှယ်ချူး ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ယဲ့ကျားကို လှမ်းပြောလိုက်သည်။

"အွန်း…ဟိုဟာလေ…အဟမ်း…"

မိန်းမငယ်လေး၏ မျက်နှာ နီရဲနေလေသည်။

"ကုန်လှောင်ရုံထဲက အချောလေးက နင့်ချစ်သူလား…"

ယဲ့ကျား ခြေထောက်များ ယိမ်းယိုင်သွားလေသည်။

ဘယ်သူက အချောလေးလဲ…

သူ့မျက်နှာက ယင်ကောင်တစ်ကောင်ကို မျိုချမိသကဲ့သို့ တွန့်ရှုံ့သွားလေသည်။

“မဟုတ်ဘူး…”

ယဲ့ကျား ခေါင်းလှည့်ကာ ဖြေပြီးနောက် တစ်ဖက်လူ၏ မျှော်လင့်တကြီး ‌တောက်ပနေသော အမူအရာကြောင့် အဖြေကို ပြန်ပြင်ပြောလိုက်သည်။

"ဟုတ်တယ်…"

ဝေ့ရွှယ်ချူး စိတ်ပျက်သွားလေသည်။

ယဲ့ကျား ရှေ့ပြန်လှည့်လိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

တစ်ဖက်လူ၏ မျှော်လင့်ချက်များကို ဖျက်ဆီးလိုက်ခြင်းထက်စာလျှင် တစ်ဖက်လူကို မဖြစ်နိုင်သည့် မျှော်လင့်ချက်ပေးခြင်းက ပိုရက်စက်လေသည်။

“အဲ့လိုလား…”

ဝေ့ရွှယ်ချူး အနည်းငယ် အထီးကျန်သွားသည်။

သူ နောက်ကျသွားပြီးပေါ့…

သို့သော် ဝေ့ရွှယ်ချူး သူ့စိတ်ကို လျင်မြန်စွာ ပြင်ဆင်လိုက်သည်။


Xxxx