အပိုင်း ၈၇
Viewers 10k

Chapter 87


သို့သော် ဝေ့ရွှယ်ချူး သူ့စိတ်ကို လျင်မြန်စွာ ပြင်ဆင်လိုက်သည်။

သူ့ရည်းစား မဖြစ်နိုင်မှတော့ မိတ်ဆွေကောင်းဖြစ်ရင်လည်း မဆိုးပါဘူး…

သူ လျင်မြန်စွာ ရှေ့တက်လိုက်ပြီး ယဲ့ကျား ဘေးသို့ သွားကာ မေးလိုက်သည်။

"ဟေ့…အဲ့အကြောင်း ဆက်ပြောရအောင်…နင့်ချစ်သူက နင့်‌အထောက်အထားကို သိလား…"

ယဲ့ကျား : “…”

ဘာလို့ စပ်စုနေသေးတာလဲ…

သူ ကျည်ကိုက်ကာ ပြန်ဖြေလိုက်သည် ။

"သိသလိုလိုပဲ…"

"သိသလိုလိုက ဘာလဲ…"

ဝေ့ရွှယ်ချူး မျက်မှောင်ကြုတ်ကာ တရားနည်းလမ်းကျကျ ပြောလိုက်သည်။

"သိရင်သိတယ်…မသိရင် မသိဘူးပေါ့…"

သူ လည်ချောင်းရှင်းကာ သူ့၏ အချစ်ရေးအတွေ့အကြုံကို ဝေမျှလိုက်သည်။

"တချို့လူတွေက ဒါတွေကို ဖုံးကွယ်ထားချင်မှန်း ငါသိတယ်…သူတို့က သူတို့မိသားစုနဲ့ ချစ်သူတွေကို ကာကွယ်ဖို့ အရာအားလုံးကို သူတို့ ပခုံးပေါ် ထမ်းထားကြတယ်…ဒါပေမဲ့ငါ့ကိုယုံ…မိန်းကလေးတစ်ယောက်ရဲ့ ဆဋ္ဌမအာရုံက အရမ်းတိကျတယ်…သူ့ကို ထိတ်လန့်စေမဲ့အစား ရိုးရိုးသားသား ပြောပြလိုက်တာက ပိုကောင်းတယ်…နင့်ရဲ့ ခံစားချက်အစစ်အမှန်ကို ပြောပြဖို့ မကြောက်နဲ့…"

ယဲ့ကျား ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။

သူ ခြောက်ကပ်စွာ ပြောလိုက်သည်။

"မင်းရဲ့ အကြံပေးချက် အတွက် ကျေးဇူးတင်ပါတယ်…"

“ရတယ်…‌ ကျေးဇူးတင်စရာ မလိုပါဘူး...”

ဝေ့ရွှယ်ချူး ကြီးကြီးမားမား ကူညီပေးခဲ့သလို ခံစားမိပြီး စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။

"အနာဂတ်မှာ နင် မင်္ဂလာဆောင်ရင်သာ ငါ့ကို မင်္ဂလာသကြားလုံးပေးပေါ့…"

ယဲ့ကျား : “…”

သူပြောတာတွေ လွန်ကုန်ပြီလား…

ဝေ့ရွှယ်ချူး ယဲ့ကျား၏ လက်မောင်းကို တံ‌‌တောင်ဖြင့် တွတ်လိုက်ပြီး ရှုံ့မဲ့ကာ ပြောလိုက်သည်။

"ဟေ့…ကော်လံအောက်က အမှတ်က သိသာနေတယ်နော်…"

ယဲ့ကျား ထိတ်လန့်သွားပြီး မသိစိတ်အရ လက်မြှောက်ကာ ကိုက်ရာကို ထိလိုက်သည်။

ညှပ်ရိုးက ကိုက်ရာက နာနေတုန်းပဲ…

သူ တံခါးကနေ ထွက်လာတာနဲ့ တစ္ဆေမ တိုက်တာ ခံရလို့ ကော်လံကို သေချာ ပြန်ပြင်ဖို့ မေ့သွားတယ်…

ယဲ့ကျား၏ မျက်နှာ နီရဲသွားသည်။

သူ ချောင်းဟန့်လိုက်ကာ ကော်လံကို ပြင်လိုက်ပြီး ပြောလိုက်သည်။

"ကျေးဇူးအများကြီးတင်တယ်…"

ဝေ့ရွှယ်ချူး သူ့ရှေ့မှ ယဲ့ကျား၏ ကျောကို ကြည့်နေစဉ် ဆံပင်များကြားမှ နီရဲနေသော နားထိပ်ကို မြင်လိုက်ပြီး နှလုံးသားက အနည်းငယ် တုန်ခါသွားကာ ကမ္ဘာသစ်တံခါးကို ဖွင့်လိုက်မိသလို ခံစားလိုက်ရသည်။

ပိုင်ဆိုင်လိုစိတ်ကြီးမားပြီး ညုတုတု လုပ်တတ်တဲ့ အစ်မကြီးနဲ့ ဖြူစင်တဲ့ ကောင်လေးကြားက အချစ်ဇာတ်လမ်းလား…

သူတို့ကို တားရန်ကြိုးစားသော အင်းဆက်များနှင့် မကောင်းဆိုးဝါးများကို ရှင်းလင်းပစ်ရင်း သူတို့ တံခါးဆီ ရောက်လာကြသည်။

“တခြားလူတွေက နင့်အထောက်အထားကို သိလား…"

ဝေ့ရွှယ်ချူး မေးလိုက်သည်။

ယဲ့ကျား မျက်နှာအမူအရာ မပြောင်းမလဲ၊ ပြန်ဖြေလိုက်သည်။

"မသိဘူး…"

"ဘာလဲ…ငါ တစ်ယောက်တည်း သိတာလား…"

ဝေ့ရွှယ်ချူး ရင်ဘတ်ကို ပုတ်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။

"မစိုးရိမ်နဲ့…နင့်လျှို့ဝှက်ချက်က ငါနဲ့ဆို လုံခြုံတယ်…"

ယဲ့ကျား ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ပြောလိုက်သည်။

"ငါ့ကို မင်းလက်နက် ငှားပေးလို့ ရမလား…"

ဝေ့ရွှယ်ချူး ခေါင်းငြိမ့်လိုက်ကာ လက်ထဲမှ လွှစက်ကို ယဲ့ကျားထံ လှမ်းပေးလိုက်သည်။ ထိုအခါ ယဲ့ကျား၏ ပခုံးက ကွေးညွှတ်သွားလေသည်။

သူ ယဲ့ကျား သူ့လက်နက်ကို ငှားရမ်းရသည့် အကြောင်းရင်းကို မမေးပေ။ ပြုံး၍သာ ပြောလိုက်သည်။

"မပျက်စေနဲ့နော်…"

ပြောပြီးနောက် ဝေ့ရွှယ်ချူး တံခါးကို ဖွင့်လိုက်ပြီး ထွက်သွားလိုက်သည်။

လွှစက်ကိုင်ထားသော ယဲ့ကျား သူ့နောက်မှ လိုက်ထွက်လိုက်သည်။

ယဲ့ကျား တံခါးမှ ထွက်လာသည်နှင့် သူ့၏သတိကို တိုးမြှင့်လိုက်ကာ တစ္ဆေမ သူ့ကို တိုက်ခိုက်လာမည့် အချိန်ကို စောင့်နေလိုက်သည်။

ဒါပေမဲ့ ထင်ထားသလို ဖြစ်မလာဘူး…

ယဲ့ကျား သူ့ရှေ့မှ အခန်းလွတ်ကို ကြည့်လိုက်သည်။

အစိမ်းပုပ်ရောင်နံရံ၊ ညစ်ပတ်နေတဲ့ကော်ဇော၊ ဟောင်းနွမ်းနေတဲ့ စားပွဲ…

ယဲ့ကျား 'အားလုံးသိမြင်မျက်လုံး'ကို မြှောက်ကာ ကြည့်လိုက်သည်။

အခန်းအနှံ့ ပြန့်ကျဲနေသည့် အနက်ရောင်ဆံနွယ်များ ပျောက်ကွယ်သွားပြီး သူ့၏မူလပုံစံ ပေါ်လာလေ သည်။ အစိမ်းပုပ်ရောင်နံရံက ဟောင်းနွမ်းအရောင်လွင့်နေပြီး သွေးစက်များ ရှိနေလေသည်။ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများက ကော်ဇောပေါ်တွင် ပြန့်ကြဲနေပြီး အခန်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်ပွားထားသကဲ့သို့ပင်ဖြစ်သည်။

စားပွဲအလယ် ထိုင်ခုံနောက်ရှိ ဆဋ္ဌမတံခါးက ဖြည်းညှင်းစွာ ပွင့်လာပြီး အတွင်းမှ အမှောင်ထုကို ပြသနေသည်။

ယဲ့ကျား ကျောက်တုံးကို အိတ်ကပ်ထဲပြန်သိမ်းလိုက်ပြီး လွှစက်ကို ကိုင်ကာ ဆဋ္ဌမမြောက်တံခါးထဲသို့ ၀င်သွားလိုက်သည်။

သို့သော် မမျှောင့်လင့်စွာနှင့် သူ့ရှေ့တွင် ကော်ရစ်တာတစ်ခု ရှိနေလေသည်။

သူ အခန်းထဲ မ၀င်မီ တွေ့ခဲ့ရသောကော်ရစ်တာဖြစ်သည်။

ယဲ့ကျား ကျောက်တုံးကို ထုတ်ကာ ကြည့်လိုက်သည်။

စေးကပ်တဲ့ အနက်ရောင် အစက်တွေ၊ အပျက်အစီးတွေ၊ မပီမသ လက်ရာတွေ၊ ပုပ်ပွနေတဲ့ ခြေလက်တွေ၊ နုပ်နုပ်စင်းထားတဲ့ အသားတွေနဲ့ ပေကျံနေတဲ့ သွေးစွန်းကွက်တွေ…

ယဲ့ကျား နောက်လှည့်ကြည့်လိုက်သည်။

သူ့နောက်ရှိ တံခါးက ပျောက်ကွယ်သွားပြီး အဆုံးမရှိသည့် ကော်ရစ်တာသာ ရှိနေလေသည်။

အက်ရှရှအသံက သူ့ရှေ့မှ ထွက်ပေါ်လာသည်။ ထိုအသံက တည်ကြက်သကဲ့သို့ သားကောင်ကို ဆွဲဆောင်နေပြီး ပျင်းရိဖွယ်ကောင်းကာ ကြောက်စရာလည်း ကောင်းလေသည်။

ယဲ့ကျား မျက်လုံးကို မှေးစင်းလိုက်ပြီး ရှေ့ဆက်လျှောက်သွားလိုက်သည်။

သူ ခန်းမသို့ တစ်ဖန်ပြန်ရောက်ရှိသွားလေသည်။

သူ ခန်းမတံခါးကို ဖွင့်လိုက်သည်နှင့် မနှစ်မြို့စရာကောင်းသော ပုပ်အဲအဲအနံ့အသက်များကသူ့မျက်နှာကို ရိုက်ခတ်လာသည်။

အေးစိမ့်သည့် ခံစားချက်က ချက်ချင်း၀န်းရံလာပြီး လေထုထဲ၌ သန်မာသည့် ယင်စွမ်းအင်များ ရှိနေလေသည်။

ခေါင်းပေါ်မှ မီးသီးများက မှိန်ဖျဖျဖြစ်ကာ မီးဆိုင်းက လှုပ်ယမ်းနေပြီး ခန်းမကို လင်းစေရုံမှသာ လင်း၏။

စားပွဲဝိုင်းက အစိတ်စိတ်အမွှာမွှာ ပျက်စီးနေပြီး သစ်သားအပိုင်းအစများက ကြမ်းပြင်အနှံ့ ပြန့်ကြဲနေသည်။

တစ္ဆေမက ခန်းမ၏ အဆုံးတွင် ထိုင်နေလေသည်။ ဤတစ်ကြိမ်တွင် သူ့ကို သာမာန်မျက်စိနှင့် တိုက်ရိုက်မြင်နိုင်ပေသည်။ သူ့၏ ခြေလက်များက ဖြူဖတ်နေပြီး ‌သွေးရောင်သန်းနေသော မျက်လုံးဖြင့် သူ့ရှေ့မှ လူငယ်ကို စိုက်ကြည့်နေသည်။ သူ့၏ ဆံနွယ်များက ကြမ်းပြင်ပေါ်သို့ ကျဆင်းနေပြီး သူ့ခန္ဓာကိုယ်တစ်၀က်တွင် ထူးဆန်းသော မီးလောင်ဒဏ်ရာများ ရှိနေလေသည်။

တစ္ဆေမ အော်ဟစ်နေကာ သူ့၏ခြေလက်များက အထိန်းအကွပ်မဲ့စွာ တသိမ့်သိမ့်တုန်နေလေသည်။ သူ တိုက်ခိုက်ချင်သော်လည်း မလှုပ်ရှားနိုင်ချေ။

လွှစက်သံက ခန်းမထဲတွင် မြည်ဟည်းလာလေသည်။

ဝေ့ရွှယ်ချူး လွှစက်ကို ကြိုက်ရတဲ့ အကြောင်းရင်းက သူက မကောင်းဆိုးဝါးတွေကို အဖျက်ဆီးနိုင်ဆုံး ဖြစ်နေလို့ပဲ…လွှစက်နဲ့ ဖြတ်ခံရတဲ့ မကောင်းဆိုးဝါးတွေရဲ့ အသား ပျံတက်လာတာက အတော်ရက်စက်တဲ့ မြင်ကွင်းပဲ…

သူ့မှာ အဲ့လိုအကျင့်မရှိဘူး…

သူက ဆုံးဖြတ်ချက်တွေ မြန်မြန်ချရတာကို သဘောကျတယ်…

တံစဉ်းသွားနဲ့ ပြိုင်ဘက်ရဲ့ လည်ပင်းကို တိခနဲ ဖြတ်လိုက်တာကမှ အရိုးရှင်းဆုံး၊

အတိတ်ဆိတ်ဆုံးနဲ့ အထိရောက်ဆုံးပဲ…

ဒီတစ်ကြိမ်မှာ လက်နက်က ပြောင်းသွားပေမဲ့ သူ သူ့နည်းလမ်းအတိုင်း သွားနေတုန်းပဲ…

လျင်မြန်စွာ လည်နေသည့် လွှသွားက အသားများနှင့် အရိုးများကို ဖြတ်တောက်နေလေသည်။

တစ္ဆေမ၏ ဆံပင်ရှည်နှင့် ဦးခေါင်းက လွင့်သွားပြီး နံရံထက်၌ သွေးများစင်သွားလေသည်။ ထိုဦးခေါင်းက ကြမ်းပြင်ပေါ် လှိမ့်သွားပြီး ထောင့်စွန်းနှင့် တိုက်မိသောအခါ ရပ်သွားလေသည်။

ယဲ့ကျား : “…"

လွှစက်က သူနဲ့ မကိုက်ဘူး…

ခန်းမ စတင် ပြိုကျလာပြီး ယဲ့ကျား နောက်လှည့်ထွက်သွားလိုက်သည်။ ထိုအချိန်တွင် သူ့နောက်မှ ထူးဆန်းသည့်အသံတစ်သံကို ကြားလိုက်‌ရလေသည်။

ခြေလက်တွေက ကြမ်းပြင်ကို ပွတ်တိုက်နေသံနဲ့ တူသလိုပဲ…

ယဲ့ကျား အနည်းငယ် ထိတ်လန့်သွားပြီး နောက်လှည့်ကြည့်လိုက်သည်။

ကြမ်းပြင်ပေါ်တွင် သေဆုံးနေသော တစ္ဆေမ၏ ခန္ဓာကိုယ်က လှုပ်လာပြီး ခေါင်းပြတ်နေသည့် ခန္ဓာကိုယ်က ယဲ့ကျားထံ ဖြည်းညှင်းစွာ တွားသွားလာနေသည်။

မဖြစ်နိုင်တာ…

ဝေ့ရွှယ်ချူးရဲ့ လက်နက်က သူ့တံစဉ်းနဲ့ မယှဉ်နိုင်ပေမဲ့ ကစားသမားတွေ ယင်စွမ်းအင်အားဖြည့်ထားတဲ့ လက်နက်ပဲ…တစ္ဆေတစ်ကောင်ရဲ့ ဝိညာဉ်ကို ထိခိုက်စေနိုင်တယ်…အဲ့လိုလက်နက်နဲ့ ခေါင်းဖြတ်ခံလိုက်ရတာ‌လေ…လက်ရှိအခြေအနေက မဖြစ်သင့်ဘူး…

အ‌လောင်းက ဖြည်းညှင်းစွာ ထလာသည်။ သူ့ရင်ဘတ်တွင် အနီရောင်အက်ကြောင်းများဖြစ်ပေါ်လာပြီး နောက်တစ်ခဏတွင် ကွဲထွက်သွားလေသည်။

ရင်ဘတ်ထဲမှာ ရှိတာက နှလုံးမဟုတ်ဘူး…

ပင်ပေါင်ဘောလုံးအရွယ်လောက်ရှိတဲ့ အသားလုံးပဲ…

မကောင်းတော့ဘူး…

ယဲ့ကျား၏ နှလုံးသားက တုန်ရီလာသည်။

သူ့ခန္ဒာကိုယ်က ထိန်းချုပ်မှုကင်းမဲ့စွာ အသားလုံးထံ ချဉ်းကပ်သွားလေသည်။

ထိုအချိန်တွင် ကြမ်းပြင်ပေါ်သို့ ကျနေသော ခေါင်းမှ ဆံနွယ်ရှည်များက ယဲ့ကျားခြေထောက်ထံ ဆန့်ထွက်လာပြီး ခြေချင်း၀တ်ကို ရစ်ပတ်ကာ သူ့ကို အသားလုံးနှင့် ဆန့်ကျင်ဘက်သို့ ဆွဲလိုက်သည်။

ယဲ့ကျား ထိတ်လန့်သွားသည်။

သူ့စိတ်ထဲတွင် မပြတ်မသား မှတ်ဉာဏ်အချို့ ပေါ်လာလေသည်။

အနက်ရောင်ခန်းမကြီးထဲမှ လက်သီးဆုပ်အရွယ်အသားလုံးက အရည်တစ်စက်စက်ကျနေတယ်…လက်မဲလေးက သူ့ပခုံးကို ဆွဲပြီးတားနေပေမဲ့ သူ ဘာမှ မတတ်နိုင်ဘူး…ဆက်လျှောက်သွားပြီး လက်လှမ်းမလို့ လုပ်တုန်းအေးစက်စက်လက်ဖဝါးက သူ့လက်ကောက်၀တ်ကို ဆုပ်ကိုင်လာတယ်…

အဲ့အချိန်မှ သူနဲ့ ရင်းနှီးနေတဲ့ အသံက သူ့နားနားကပ်ပြီး တီးတိုးပြောလာတယ်…

"ရှူး…

"မကြည့်နဲ့…"

ထိုအချိန်တွင် ယဲ့ကျား အံကြိတ်လိုက်ကာ သူ့ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။

သူ လွှစက်ကို ကိုင်ပြီး တစ္ဆေမ၏ နံရိုးကို ဖြတ်လိုက်ကာ အထဲမှ အသားလုံးကိုလည်း ဖြတ်လိုက်သည်။

နားစည်ကွဲမတတ် စူးရှသော အော်သံတစ်သံ‌ ရုတ်တရက် ထွက်ပေါ်လာလေသည်။

နံရံတွေ၊ ကြမ်းပြင်တွေက လေတိုက်နေတဲ့ သစ်ရွက်တွေလို တုန်ရီနေတယ်…

ယဲ့ကျား လွှစက်လက်ကိုင်ကို တင်းတင်း ဆုပ်ကိုင်ကာ လွှသွားကို အသားလုံးထဲ ထိုးထည့်လိုက်သည်။

အော်သံက ရုတ်တရက် ရပ်သွားလေသည်။

ယဲ့ကျား ဟောဟဲလိုက်နေပြီး သူ့လက်ဖဝါးမှ တွင် ချွေးများ စိုစွတ်နေလေသည်။

သူ လွှစက်ကို လွှတ်လိုက်ပြီး ခြေလှမ်း အနည်းငယ် နောက်ဆုတ်လိုက်သည်

ဒါကြောင့် ကျီရွှမ်က သူ့ကို တစ္ဆေမနဲ့ ထိပ်တိုက်ရင်မဆိုင်ခိုင်းခဲ့တာလား…

သူ့ခန္ဓာကိုယ်ထဲမှ အမေ့ရဲ့ အစိတ်အပိုင်းရှိနေလို့ ဒီလောက်ကြမ်းနေတာပေါ့…

ဒါပေမဲ့…

ယဲ့ကျား ခေါင်းလှည့်ကာ ခန်းမထောင့်မှ အသက်မဲ့နေသော ခေါင်းကို ကြည့်လိုက်သည်။

သူ မျက်လုံးများ မှေးစင်းသွားသည်။

သူ့ခန္ဒာကိုယ်က အသားလုံး၏ ဖြားယောင်းခံနေရချိန်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိသေးသည်။

ခေါင်းက သူ့ကို ကာကွယ်ပေးခဲ့တာလား…

ဘာကြောင့်လဲ…

သူ ရှေ့သို့ လျှောက်သွားပြီး ခါးကိုင်းကာ မျက်နှာပေါ်မှ ဆံပင်များကို ဖယ်လိုက်သည်။

ကြောက်စရာကောင်းသော မျက်နှာတစ်ခုက ယဲ့ကျား ရှေ့တွင် ပေါ်ထွက်လာလေသည်။

မျက်နှာပေါ်တွင် မျက်လုံးများစွာ ဒေါင်လိုက်အလျားလိုက် တန်းနေကာ ကြည့်ရသည်မှာ ဆန်းကြယ်ပြီး ထိတ်လန့်ဖွယ်ရာ ကောင်းလေသည်။

တစ္ဆေမ မသေသေးပေ။

မျက်လုံးတစ်စုံ၏ ယဲ့ကျား၏ လက်ကိုလိုက်ကြည့်နေပြီး နောက်ဆုံး ယဲ့ကျားမျက်နှာပေါ်သို့ ရောက်သွားသည်။

ယဲ့ကျား တစ်ဖက်လူ၏ ကြောက်စရာကောင်းသော မျက်နှာကို ဂရုမစိုက်ပေ။ သူ လက်ဆန့်လိုက်ပြီးတစ်ဖက်လူ၏ ပါးကို လက်ချောင်းထိပ်ဖြင့် ထိလိုက်သည်။

ပုံရိပ်ယောင်မျက်လုံးများက တဖြည်းဖြည်း‌ ပျောက်ကွယ်လာလေသည်။

နောက်ဆုံးတွင် အမျိုးသမီးတစ်ဦး၏ မျက်နှာထွက်ပေါ်လာပြီး မျက်နှာသွင်ပြင်က သာမာန်ဖြစ်သော်လည်း သိမ်မွေ့သည်ဟု ယူဆ၍ ရပေသည်။

သူ ယဲ့ကျားကို နောက်ကျိနေသော မီးခိုးရောင်မျက်လုံးများဖြင့် ကြည့်လိုက်ကာ နှုတ်ခမ်းလွှာက ဖြည်းညှင်းစွာ ပွင့်ဟလာပြီး စကားလုံးနှစ်လုံးကို ခက်ခက်ခဲခဲပြောလိုက်သည်။

“‌ ကျေးဇူးတင်ပါတယ်..‌.‌ ကျေးဇူးတင်ပါတယ်(xiexie)...”

ပြောပြီးနောက် အမျိုးသမီး သေဆုံးသွားလေသည်။

ယဲ့ကျား တစ်ဖက်လူ၏ မျက်နှာကို မြင်ပြီးနောက် အနည်းငယ် ထိတ်လန့်သွားသည်။

သူ သူ့ကို သိတယ်…

အဆင့်သုံး ကစားသမား…

စွမ်းရည်က ထိုးထွင်းသိမြင်မှု...

နောက်တစ်ခဏတွင် ဖြူဖတ်သော ဦးခေါင်းသည် အမှုန့်အဖြစ် ပြောင်းလဲသွားလေသည်။

ပတ်၀န်းကျင်မှ နံရံနှင့် ကြမ်းပြင်က အလွန်လျင်မြန်စွာ ပြိုကွဲနေပြီး ရေတွင် စိမ်ထားသော စက္ကူများကဲ့သို့ အပိုင်းအစများ ဖြစ်သွား၏။

‌ချက်ချင်းဆိုသလို ယဲ့ကျား တစ္ဆေပိုင်နက်၏ ပထမအထပ်တွင် ရပ်နေသည်ကို တွေ့ရှိလိုက်ရသည်။

မီးကျွမ်းနေသော ကြမ်းပြင်နှင့် ရွှံ့နွံကဲ့သို့ ကြမ်းပြင်ကြီး ရှိနေဆဲဖြစ်သော်လည်း ခေါင်းပေါ်မှ မျက်လုံးကြီးက ပျောက်ကွယ်သွားပြီဖြစ်သည်။ ကြောက်မက်ဖွယ်ရာ ကောင်းသော ကွဲအက်သံများ ထွက်ပေါ်လာပြီး ကြမ်းပြင်က အက်ကွဲလာကာ ဤနေရာကို မကြာမီ မထိန်းသိမ်းနိုင်တော့မည်ပုံ ပေါ်လာသည်။

ကြမ်းပြင်ပေါ်တွင် လဲနေသည့် လူများ နိုးထလာကြသည်။

ဘလပ်စ်က ပထမဆုံး နိုးထလာသူဖြစ်သည်။ သူ ကြမ်းပြင်ပေါ်မှ ခုန်ထလာပြီး အ၀တ်အစားများကို ခါလိုက်ကာ ‌အင်းစက်အကြွင်းအကျန်များ ရှိနေသလားဟု သေချာစစ်ဆေးကြည့်နေသည်။

ဝူစူးက ဒုတိယနိုးထလာသူဖြစ်ပြီး ဖြည်းညှင်းစွာ ထထိုင်လိုက်ကာ ဖြစ်ပျက်သွားသည်များကို မသိသောကြောင့် ခေါင်းကို ကြောင်အစွာ ထိတွေ့‌နေလိုက်သည်။

ချက်ချင်းဆိုသလို ချန်ချင်းယဲ့လည်း သတိပြန်ရလာလေသည်။

သူ ကြမ်းပြင်ပေါ်မှ လျင်မြန်စွာ ထလိုက်ပြီး သူ့ခန္ဓာကိုယ်မှ ဖုန်မှုန့်များကို မနှစ်မြို့စွာ ခါလိုက်ကာ အ၀တ်အစားများကို သေချာ ပြုပြင်လိုက်သည်။

ချန်ချင်းယဲ့ကို မြင်သောအခါ ဘလပ်စ် မျက်ရည်များ ကျလာလေသည်။

သူ ရှေ့သို့ တိုးသွားပြီး ချန်ချင်းယဲ့၏ ပခုံးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ကာ ပြောလိုက်သည်။

"အစ်ကို…ငါ ဘယ်တော့မှ မင်းမွေးထားတဲ့ အရာတွေကို အထင်မသေးတော့ပါဘူး…"

ချန်ချင်းယဲ့၏ အင်္ကျီလက်ထဲမှ အားချန် ခေါင်းထွက်လာပြီး ဘလပ်ကို ရိုက်ချင်သကဲ့သို့ ကြည့်နေကာ သူ့၏ခြေထောက်များကို တကျိကျိ ပွတ်သပ်နေသည်။

“!”

ဘလပ်စ်၏ မျက်နှာ ချက်ချင်း အပြာရောင်ပြောင်းသွားပြီး အလိုအလျောက် နောက်ဆုတ်လိုက်သည်။

ချန်ချင်းယဲ့ အားချန်၏ခေါင်းကို ချစ်မြတ်နိုးစွာ ထိတွေ့လိုက်ပြီး မျက်မှန်ကို ပင့်တင်လိုက်ကာ ဘလပ်စ်ကို ကြည့်လိုက်သည်။

"ဘာလဲ…"

ဘလပ်စ် : "ငါ အရင်က မပြောခဲ့တာတွေ…”

“နင်တို့ ဘာလို့ စကားစမြည် ပြောနေကြတာလဲ…”

ဝေ့ရွှယ်ချူး ခေါင်းပေါ်မှ တဖြည်းဖြည်း အရည်ပျော်ကျနေသော ကောင်းကင်ကို မော့ကြည့်လိုက်ကာ ပြောလိုက်သည်။

"ဒီတစ္ဆေပိုင်နက်က ပျောက်ကွယ်တော့မယ်…"

“ဘ…ဘာ…”

ဝူစူး နာကျင်နေဆဲဖြစ်သည့် ခေါင်းနောက်ကို ပွတ်သပ်နေပြီး သူ ဖြစ်ပျက်သွားသော အဖြစ်အပျက်များကို မသိသောကြောင့် သူ့မျက်နှာက ကြောင်အနေလေသည်။

သူ ဂိမ်းနှင့် ဆင်တူသည့် နေရာတစ်ခုကို ပစ်ချခံရပြီး အေ့စ်အတုနှင့် တိုက်ခိုက်ခဲ့သည်ကိုသာမှတ်မိသည်။

နောက်တော့ရော…ပြီးတော့ ဘာဖြစ်သွားတာလဲ…

ဝူဆု အလောတကြီး မေးလိုက်သည်။

"စွမ်းအားကြီးတစ္ဆေမက ပျောက်သွားပြီလား…"

အခြားလူများ အစအဆုံးစကားမပြောပဲ ဘေးတွင် ရပ်နေ‌သော ယဲ့ကျားကို လှည့်ကြည့်လိုက်ကြသည်။

ဝူစူး : "?"

ယဲ့ကျား :"..."

သူ လိမ်ထားခြင်းပေါ်သွားမည်ကိုစိုး၍ ယဲ့ကျားက လျင်မြန်စွာ ချောင်းဟန့်လိုက်ပြီး အချိန်အတော်ကြာ လျစ်လျူရှုထားခဲ့သော မေးခွန်းကို မေးလိုက်သည်။

"ကျွန်တော်တို့ ဘယ်လိုဆွဲသွင်းခံရလဲ မှတ်မိသေးလား…"

“မှတ်မိတာ‌ပေါ့…ဓာတ်လှေကားကနေလေ…"

ဘလပ်စ် ချက်ချင်းပြန်ဖြေလိုက်သည်။

အကွာအဝေးတစ်ခုတွင် ဓာတ်လှေကား သတ္တုပုံကြီးကဲ့သို့ ဖြစ်နေလေသည်။

အားလုံး : “…”

“ကိုင်ထားကြ…”

စကားက နောက်ကျသွားပြီး အဖြစ်အပျက်က လျင်မြန်လေသည်။ တစ္ဆေပိုင်နက်ကချက်ချင်းအစိတ်စိတ်အမွှာမွှာ ကွဲသွားလေသည်။ ထို့‌နောက် ထူးခြားဆန်းကြယ်သည့် မြင်ကွင်းများက ‌ပျောက်ကွယ်ထားပြီး ဓာတ်လှေကား၏ နံရံများ အစားထိုးဝင်လာသည်။

ကေဘယ်လ်ကြိုးက ပျက်သွားကာ ဓာတ်လှေကားက အရှိန်အဟုန်နှင့် ပြုတ်ကျသွားလေသည်။ လူများ တစ်ယောက်ကို တစ်ယောက်ကို ကြည့်လိုက်သည်။

နောက်တစ်ခဏတွင် သူတို့ ကမ္ဘာမြေကြီး၏ဆွဲအားကြောင့် အောက်သို့ တရှိန်ထိုး ပြုတ်ကျသွားလေသည်။

“အားးးးးး”

ဝူစူး အော်ဟစ်လိုက်သည်။

ဝေ့ရွှယ်ချူး ဝူစူး၏ ကော်လံကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်လေသည်။

ဝူစူး : “!”

ဝူစူး မအော်တော့ပေ။သူ မျက်လုံးကို လှိမ့်ကာ ရုန်းကန်နေလေသည်။

ထိုအချိန်တွင် ဘလပ်စ် အနီးဆုံး အထပ်ကို မှန်းလိုက်ကာ သူ့လက်ဖဝါးတွင် မီးလုံးထွက်လာပြီး ယင်းနှင့် ဓာတ်လှေကားတံခါးကို ဖိကပ်လိုက်သည်။

(အရင်က ဓာတ်လှေကားတံခါးက တစ္ဆေပိုင်နက်ထဲရောက်နေတာမလို့ အခု တစ္ဆေပိုင်နက်ထဲက ထွက်လာတော့ အကောင်းအတိုင်းကြီးရှိနေတယ်နော်…")

ဓာတ်လှေကားတံခါးက လျင်မြန်စွာ အရည်ပျော်ကျလာပြီး အပေါက်ကြီးဖြစ်သွားလေသည်။

ဘလပ်စ် လက်ကို ပြန်ရုတ်လိုက်သည်။

“ဒီမှာ…”

လူများ ထိုနေရာမှ လျင်မြန်စွာ ခုန်ထွက်လိုက်ကြသည်။

ထို့နောက် တစ်‌ယောက်ကို တစ်ယောက်ကြည့်ကာ ရှက်ရွံ့နေကြလေသည်။

ဝူစူး လည်ပင်းကို အုပ်လိုက်ပြီး ချောင်းဆိုး‌နေသည်။

"အဟွတ်…အဟွတ်…အဟွတ်…"

ထို့နောက် နီရဲနေသော မျက်လုံးများဖြင့် ဝေ့ရွှယ်ချူးကို ကြည့်လိုက်သည်။

"ဘာလို့ လည်ပင်းလာညှစ်တာလဲ…"

"ဆောရီး…ဆောရီး…"

ဝေ့ရွှယ်ချူး အနည်းငယ် ရိုးသားစွာ ပြောလိုက်သည်။

"ဒါက အရေး‌ပေါ်အခြေအနေမို့ပါ…"

အချိန်ခဏလောက် ချောင်းဆိုးပြီးနောက် ဝူစူးက တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ထခုန်လိုက်သည်။


Xxxx