အပိုင်း ၈၈
Viewers 10k

Chapter 88



"ယဲ့ကျားရော…သူ့ကိုဘယ်သူဆွဲခေါ်လာလဲ…"

သူက ဒီအဖွဲ့ထဲမှာ တစ်ဦးတည်း‌ရှိတဲ့ သာမာန်လူပဲ…သူ့ကိုယ်သူ ကာကွယ်ဖို့ စွမ်းရည် မရှိဘူး…သူ့ဘာသာ ဓာတ်လှေကားထဲက ထွက်နိုင်မှာ မဟုတ်ဘူး…

ဝူစူး စိုးရိမ်‌ဒေါသများ ထွက်လာချိန် အေးစက်စက် အသံတစ်သံ သူ့နောက်မှ ထွက်ပေါ်လာသည်။

"ကျွန်တော် ဒီမှာ…"

ယဲ့ကျား ခေါင်းလှည့်ကြည့်လိုက်သည်။

လူငယ်လေးက သူတို့နှင့် တူတူဖြစ်သော်လည်း တိုက်ပွဲများအပြီး သူတို့၏ အ၀တ်အစားများကတွန့်ကြေနေကာ ဖုန်မှုန့်များ ကပ်ငြိနေစဉ် လူငယ်လေး၏ အ၀တ်အစားက သန့်ရှင်းနေလေသည်။

ဝူစူး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

"ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်…"

ထို့နောက် သူ ယဲ့ကျား၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။

"မင်း တစ်ခုခု အဆင်မပြေတာများ ရှိလား…"

သူ့‌နောက်မှ ထူးဆန်းနေသော အမူအရာနှင့်လူသုံးယောက် : "...."

ယဲ့ကျား ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။

"ကျေးဇူးတင်ပါတယ်…ခေါင်းဆောင် ဝူ…ကျွန်‌တော်အဆင်ပြေပါတယ်…"

နောက်မှ လူသုံးယောက်၏ အမူအရာ ပိုမိုထူးဆန်းလာလေသည်။

ဝေ့ရွှယ်ချူး မသိစိတ်မရ ခေါင်းလှည့်ကြည့်လိုက်သောအခါ ယဲ့ကျားကို ကြည့်နေသည့် ချန်ချင်းယဲ့ကို တွေ့လိုက်သည်။ နောက်တစ်ခဏတွင် သူတို့ မျက်လုံးချင်းဆုံပြီး စကားပြောလိုက်ကြလေသည်။

ချန်ချင်းယဲ့ : မင်းဘာဖြစ်နေတာလဲ…

ဝေ့ရွှယ်ချူး :ငါက ဘာမှမဖြစ်ဘူး…နင်သာ တစ်ခုခုဖြစ်နေတာ…

နောက်တစ်ခဏ‌တွင် ဘလပ်စ် သူတို့ကို ခေါင်းပြူကြည့်လာပြီး သူတို့၏ စကားဝိုင်းကို ဖျက်ဆီးလိုက်သည်။

"ဘာဖြစ်နေကြတာလဲ…"

ဝေ့ရွှယ်ချူးနှင့် ချန်ချင်းယဲ့ အကြည့်လွှဲလိုက်ကြသည်။

ယဲ့ကျား ဝူစူးကို ပြောလိုက်သည်။

"ဟမ်…ခေါင်း‌ဆောင်ဝူ…ကျွန်တော် ဒီနေ့ အိမ်မှာ လုပ်စရာလေး ရှိသေးလို့ အရင် ပြန်လို့ရမလားဗျ…"

ဝူစူး အလောတကြီး ခေါင်းငြိမ့်လိုက်သည်။

"ရတာပေါ့…မြန်မြန်သွား…ဒီလိုအချိန်တွေ ကြုံပြီးရင် မင်းအနားယူသင့်တယ်…ဪ…ဆေးရုံသွားပြီး စစ်ဆေးကြည့်ဖို့ မမေ့နဲ့ဦးနော်...ငါ မင်းရဲ့ခေါင်းဆောင်နဲ့ ပြောလိုက်မယ်…"

ယဲ့ကျား ကော်လံကို တင်းတင်းဆုပ်ကိုင်ကာ လှေကားဆီသို့ လျှောက်သွားလိုက်သည်။

လူငယ်လေး လှေကားဆီ ရောက်သွားပြီး ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ဝူစူး နောက်လှည့်ကာ ထူးဆန်းသည့်အမူအရာ ရှိနေသည့် စီနီယာကစားသမားများကို မေးလိုက်သည်။

"‌အင်း…စွမ်းအားကြီးတစ္ဆေမက ဘာဖြစ်သွားတာလဲ…"

မမျှော်လင့်စွာဖြင့် သုံးယောက်လုံး ခေါင်းကို ခါကာ ပြောလာသည်။

"မသိဘူး…"

အဖြေက တူညီနေသောကြောင့် သူတို့ ထိတ်လန့်သွားပြီး တစ်‌ယောက်ကို တစ်ယောက် သံသယရှိစွာ ကြည့်လိုက်သည်။

ဝူစူး : “?”

သူ မုတ်‌ဆိတ်မွှေးကို ကိုင်လိုက်ပြီး သံသယရှိစွာ မေးလိုက်သည်။

"ဒါဆို တစ်ယောက်မှ ဘာဖြစ်သွားလဲ မသိကြဘူးပေါ့…"

သုံးယောက်သား ခေါင်းငြိမ့်လိုက်သည်။

ဝူစူး : "ဒါဆို အဲ့တစ္ဆေမ ‌သေသွားပြီလား…"

ဝေ့ရွှယ်ချူး : "တစ္ဆေပိုင်နက်ပြိုကွဲသွားမှတော့ သေသွားလောက်ရောပေါ့…"

ဝူဆု : "ဘယ်လိုသေသွားတာလဲ…"

သုံးယောက်သား : "မသိဘူး…"

ဝူဆု မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ကျီရွှမ်ရော… သူ ဘယ်ရောက်သွားလဲ…"

သုံးယောက်သား :"မသိဘူး…"

ကျီရွှမ်က တစ္ဆေကို သတ်လိုက်တာများလား…

သူက တကယ်ဖော်ရွေတာများလား…

ဝူစူး ကြောင်အနေသော အမူအရာနှင့် ထွက်သွားပြီး တစ်ဖက်လူနှင့် သူတို့၏သဘောတူညီမှု စာရွက်စာတမ်းကို ကြည့်ရှူရန် ရုံးခန်းပြန်သွားလိုက်သည်။

ဝူစူး ထွက်သွားပြီးနောက် ကျန်သုံးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

လေထုက ပိုမိုတင်းကြပ်ပြီး ထူးဆန်းလာလေသည်။

ဝေ့ရွှယ်ချူး မျက်လုံးကို မှေးစင်းလိုက်ပြီး မနီးမဝေးမှ ချန်ချင်းယဲ့ကို ကြည့်ကာ မေးလိုက်သည်။

"ဘာဖြစ်နေတာလဲ…တစ်ခုခု မှတ်မိလားလို့လား…"

ချန်ချင်းယဲ့ ခေါင်းခါလိုက်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"မမှတ်မိပါဘူး…"

သူ ပြန်မေးလိုက်သည်။

"မင်းရော…"

ဝေ့ရွှယ်ချူး : "ဟင့်အင်း…"

ချန်ချင်းယဲ့ : “ဒါဆို နောက်မှ တွေ့ကြတာပေါ့…”

ဝေ့ရွှယ်ချူး ခေါင်းငြိမ့်လိုက်သည်။

"အင်း…"

နှစ်ယောက်သား ခေါင်းလှည့်လိုက်ကြပြီး တစ်နေရာစီ လျှောက်သွားလိုက်ကြသည်။ သူတို့နှလုံးသားထဲတွင် တူညီသော လှောင်တွေး ရှိနေသည်။

ဟားဟား…သူတို့ မသိကြဘူးပဲ…

ဘလပ်စ် နေရာတွင် ရပ်နေပြီး ထွက်သွားကြသော လူနှစ်ယောက်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

သနားစရာကောင်းလိုက်တဲ့လူတွေ…အေ့စ်ရဲ့လှည့်စားတာကို ခံနေရတယ်…သူပဲ အမှန်တရားကို သိတယ်...

အထီးကျန်လိုက်တာ…

ထိုအခိုက်အတန့်တွင် သူ တစ်ခုခုကို သတိရသွားပြီး ခေါင်း‌မော့ကာ သူ့ရှေ့မှ ကော်ရစ်တာလွတ်ကို ကြည့်လိုက်သည်။

"ဟေ့…မင်းတို့ ငါ့နာမည်ရင်းကို မသိချင်ကြဘူးလား…

ရုပ်ချောတဲ့ကောင်လေး ဖြစ်ရတာ အရမ်းအထီးကျန်တာပဲ…

........


ယဲ့ကျား လှေကားသို့ ရောက်သောအခါ တစ္ဆေပိုင်နက်ကို အသက်သွင်းလိုက်သည်။

သူ့ပခုံးပေါ်မှ လက်မဲလေး ထိတ်လန့်တကြီး ပြောလိုက်သည်။

"မြတ်စွာဘုရား…အခု ဘာတွေဖြစ်နေတာလဲ…"

သူ ဓာတ်လှေကားစီးနေတုန်း ယဲ့ကျားနဲ့ အခြားလူတွေက ရုတ်တရက် ပျောက်သွားတယ်…သူ ဓာတ်လှေကားမှာ တွယ်ကပ်စောင့်နေတုန်း ဆယ်မိနစ်လောက်ကြာတော့ ဓာတ်လှေကားက အသံတွေ မြည်လာတယ်…အသံတွေ ရပ်သွားလို့ စိတ်သက်သာရာ ရနေတုန်း လူငါးယောက်က သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာပြီး ဓာတ်လှေကားက ပြုတ်ကျသွားလေရော…

သူ ယဲ့ကျားရဲ့ အနံ့ကို မြန်မြန် သတိပြုမိပြီး သူတို့ မထွက်သွားခင် ပခုံးပေါ်ကို မြန်မြန်တက်လိုက်နိုင်တယ်…

ပြီးတော့ အခုမှ ခေါင်းထွက်လာရဲတာ…

ယဲ့ကျား လိုရင်းတိုရှင်း ပြန်ဖြေလိုက်သည်။

"စွမ်းအားကြီးတစ္ဆေပဲ…"

‌လက်မဲလေး အဖြစ်အပျက်ကို သဘောပေါက်သွားပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

ဓာတ်လှေကားက ယဲ့ကျားတောင် မသိလိုက်ဘဲတစ္ဆေပိုင်နက်ထဲ ဆွဲသွင်းခံလိုက်ရတယ်…

ကံကောင်းလို့ ယဲ့ကျားက ပုံရိပ်ယောင်ဆိုတာကို သိတာပဲ…ပြီးတော့ တစ္ဆေက လူတွေကို တစ္ဆေပိုင်နက်ထဲ တိတိကျကျ ဆွဲသွင်းနိုင်တာပဲ…ဒါမျိုးကို အရမ်းစွမ်းအားကြီးတဲ့ တစ္ဆေကပဲ လုပ်နိုင်တာ…

သူ စိုးရိမ်တကြီး မေးလိုက်သည်

"ဘယ်လိုလဲ…တစ္ဆေကို ရှင်းပြီးပြီလား…ဘော့စ်ရော ဒဏ်ရာရသွားသေးလား…"

သို့သော် လက်မဲလေး မေးခွန်းများ ပြီးအောင် မမေးရသေးမီ သူ့ရှေ့မှ တစ္ဆေပိုင်နက်ထဲသို့အလင်းရောင်တစ်ခု ကျရောက်လာလေသည်။

ယဲ့ကျား တစ္ဆေပိုင်နက်ထဲမှ ထွက်လိုက်သည်။

လက်မဲလေး အသက်ရှူရပ်သွားသည်။

သူရှေ့မှာ ဇိမ်ခံပစ္စည်းတွေနဲ့ ခန်းမကြီးတစ်ခုရှိပြီး လေထုက အေးစိမ့်နေသည်…ဘေးက သွေးအိုင်က လှိုင်းဂယက်တွေ ထလာပြီး ဦးခေါင်းခွံကြီး ပေါ်လာလေသည်…

ဒါ…ဒါက…

လက်မဲလေး နေရာတွင် မေ့လဲမတတ်ဖြစ်သွားလေသည်။

ဒါက ကင်းရဲ့နေရာမလား…

သွေးအိုင်ထဲမှ သွေးအရိုးငါး တစ်ကိုယ်လုံး ပေါ်လာလေသည်။ ထို့နောက် လေထဲမှ ရင်းနှီးသော အနံ့ကို သတိထားမိပြီး အမြီးကို ခါယမ်းကာ အနံ့ရရာထံသို့ ကူးခတ်လာပြီး ယဲ့ကျား၏ခြေထောက်ကို စိတ်လှုပ်ရှားစွာ ပွတ်သပ်လိုက်သည်။

ထို့နောက် မျက်လုံးချိုင့်ကြီးက ဖြည်းညှင်းစွာ မြှောက်လာပြီး ယဲ့ကျား ပခုံးပေါ်မှ လက်မဲလေးကို စိုက်ကြည့်လိုက်သည်။

လက်မဲလေး တုန်ရီသွားပြီး အထစ်ထစ်‌အငေါ့ငေါ့ ပြောလိုက်သည်။

"ဒီ…ဒီလိုဆို ကျ…ကျွန်တော် ပုန်း‌‌နေလို့ ရမလား…"

ယဲ့ကျားက အာမခံပေးထားပေမဲ့ သူ ကင်းနဲ့ ကင်းရဲ့ အိမ်မွေးတိရစ္ဆာန်ကို မ‌တွေ့ချင်ဘူး…

ယဲ့ကျား လက်မဲလေးကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှ မပြောပေ။

သူ့၏ သေးသွယ်ဖြူဖျော့သော လက်ချောင်းထိပ်ကို ဆတ်ခနဲ လှုပ်ရှားလိုက်ကာ လေထဲတွင် အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး လက်မဲလေး ထိုထဲ ၀င်သွားလိုက်သည်။

သို့သော် ယဲ့ကျားက အက်ကွဲကြောင်းကို ပြန်မပိတ်မီ လက်မဲလေး ရှက်ရွံ့စွာ ပြောလိုက်သည်။

"ကျ…ကျွန်တော် ဖုန်းလေးနဲ့ ပုန်းနေလို့ ရမလား…"

ယဲ့ကျား :"..."

သူ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်ပြီး လက်မဲလေးဆီ ပစ်ပေးလိုက်ကာ တစ္ဆေပိုင်နက်ကို ပိတ်လိုက်သည်။

ယခု ခန်းမထဲတွင် ယဲ့ကျား တစ်ယောက်တည်း ကျန်တော့လေသည်။

သူ လက်မြှောက်ကာ သူ့လက်မောင်းနှစ်ဖက်ကို နူးညံ့စွာ ပွတ်သပ်လိုက်သည်နှင့် ပုံရိပ်တစ်ခုက ဖြည်းညှင်းစွာ ပေါ်လာလေသည်။

ကောင်လေးက လူငယ်၏ ရင်ဘတ်ကို မှီထားကာ အနက်ရောင်ဆံနွယ်များက ပိတ်ထားသော မျက်လုံးပေါ် ကျဆင်းနေပြီး ကြော့ရှင်းသည့် နှာတံနှင့် ဖြူဖျော့ဖျော့နှုတ်ခမ်းကိုသာ မြင်နိုင်လေသည်။ သူ့ပါးပြင်များက လူငယ်၏ ရင်ဘတ်ကို ဖိထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။

ယဲ့ကျား သက်ပြင်းချလိုက်သည်။

သူ တစ္ဆေပိုင်နက်ရဲ့ ပထမအလွှာကို ပြန်ရောက်တော့သူ့‌ခြေထောက်နားမှာ လှဲနေတဲ့ ကျီရွှမ်အသေးလေးကို တွေ့လိုက်ရတယ်…သူ တခြားလူတွေ သတိရလာ‌တော့မှာကို မြင်တော့ တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားလိုက်ပြီး သူ့‌ရင်ဘတ်ထဲမှာ ပွေ့ထားလိုက်တယ်…သူ ဒီလို တခြားလူကို မမြင်ရအောင် ဖွက်ထားတာကို ပထမဆုံး လုပ်ဖူးတာပဲ…အလုပ်ဖြစ်မယ်လို့‌တောင် မထင်ထားဘူး…

သွေးအရိုးငါး ခေါင်းမော့ကာ ကျီရွှမ်၏ သေးသွယ်သော ခြေသလုံးကို နမ်းရှိူက်လိုက်သည်။

သူ သူ့သခင်က ဘာလို့ သူ ကြိုက်တဲ့လူသားရဲ့ ရင်ခွင်ထဲမှာ ရုတ်တရပ် ပေါ်လာတာလဲ နားမလည်ဘူး…ပြီးတော့ သူ့သခင်က အားနည်းနေပုံပဲ…

ယဲ့ကျား သွေးအရိုးငါး၏ ခေါင်းကို တွန်းလိုက်သည်။

"ကိုယ့်ဘာသာ သွားကစားနေနော်…"

သွေးအရိုးငါး အမြီးကို ခါယမ်းကာ သွေးအိုင်ထဲသို့ ပြန်ကူးခတ်သွားသော်လည်း ခန်းမအလယ်မှ လူသားကို လှည့်တကြည့်ကြည့် ဖြစ်နေလေသည်။

ယဲ့ကျား ကျီရွှမ်ကို ပွေ့ကာ ခန်းမအတွင်းပိုင်းသို့ ‌လျှောက်လာလေသည်။

သူ ကျီရွှမ်ကို သူ ယခုနေနေသော နေရာသို့ ခေါ်မသွားချင်ပေ။ ထို့ကြောင့် သူ ကျီရွှမ်၏ နေရာသို့ သွားထားရန်သာ ဆုံးဖြတ်လိုက်သည်။ သူ့သွေးအရိုးငါး၊ လက်အောက်ငယ်သားများနှင့် အတူဆိုလျှင် ကျီရွှမ် လုံခြုံသင့်ပေသည်။

သို့သော် သူ ခန်းမကို နှစ်ပတ်ခန့် ပတ်ပြီးလျှင်ပင် လူလှဲရန် နေရာကို ရှာမတွေ့ပေ။

ယဲ့ကျား :"..."

ကျီရွှမ်က တကယ်ကြီး အနားယူဖို့ မလိုတာပဲ…

ထို့နောက် သူ့ အကြည့်က ခန်းမအတွင်းပိုင်းမှ နူးညံ့သည့် ထိုင်ခုံပေါ် ရောက်သွားလေသည်။ ထိုနေရာတွင် ကျီရွှမ်ကို ထားခဲ့ရန် သင့်တော်လေသည်။

သူ သက်ပြင်းချလိုက်ပြီး ထိုနေရာသို့ လျှောက်သွားလိုက်သည်။

သူ ခါးညွှတ်ကာ သူ့လက်မောင်းထဲမှ ကျီရွှမ်ကို ထိုင်ခုံပေါ် တင်လိုက်သည်။ သို့သော် တစ်ဖက်လူ၏ သေးသွယ်သော လက်မောင်းက သူ့လည်ပင်းကို တင်းကြပ်စွာ ပွေ့ဖက်ထားလေသည်။

သူ အားစိုက်ဆွဲလည်း မရပေ။

ဆွဲဖယ်၍လည်း မရပေ။

ယဲ့ကျား : “…”

သူ ကျီရွှမ်၏ ခါးကို လက်တစ်ဖက်ဖြင့် ဖက်ထားပြီး ကျန်တစ်ဖက်ဖြင့် သူ့လည်ပင်းပေါ်မှ လက်များကို ဆွဲခွာလိုက်သည်။

နောက်ဆုံးတွင် ကောင်လေး၏ လက်များက ကွာသွားပြီး ယဲ့ကျား စိတ်သက်သာရာရစွာသက်ပြင်းမချမီ ကျသွားသော လက်က သူ့အင်္ကျီကို ဆုပ်ကိုင်ထားလေသည်။

ယဲ့ကျား : “…”

သူ အံကြိတ်လိုက်ပြီး သူ့အင်္ကျီကို ဆွဲယူလိုက်သည်။

သတိမေ့နေသော ကလေးတစ်ယောက်ဖြစ်သော်လည်း ကျီရွှမ်၏ ခွန်အားက အံ့မခန်းပင် ဖြစ်သည်။

သူ အင်္ကျီစကို ပြန်ဆွဲယူလိုက်နိုင်သော်လည်း ကြယ်သီးနှစ်လုံးက အမှောင်ထုထဲသို့ တလှိမ့်လှိမ့် ၀င်သွားလေသည်။

ယဲ့ကျား ပြုတ်ကျသွားသော ကြယ်သီးနှစ်လုံးကို ကြည့်လိုက်သည် ။

နောက်တစ်ခါကျရင် ဈေးလျှော့ထားတဲ့ အင်္ကျီတွေကို မ၀ယ်တော့ဘူး…

သို့သော် ကံကောင်း‌ထောက်မစွာနှင့် ကျီရွှမ်က နတ်ဆိုးသဖွယ် မပြုမူတော့သောကြောင့် ယဲ့ကျား သက်ပြင်းချလိုက်ပြီး တစ်ဖက်လူကို ထိုင်ခုံပေါ် သေချာတင်ပေးလိုက်သည်။

သို့သော် သူ ပြန်လှည့်မထွက်မီ သူ့လက်မောင်း ဆွဲခံလိုက်ရလေသည်။

ယဲ့ကျား ထိတ်လန့်သွားပြီး ခေါင်းငုံ့ကြည့်လိုက်သည်။

ထိုအခါ ကောင်လေး၏ သေးသွယ်အေးစက်သော လက်များက သူ့လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။ ရေနစ်နေသော လူက သစ်သားတစ်ချောင်းကို ဆုပ်ကိုင်ထားပြီး သေခါမှ လွှတ်မည်ပုံနှင့်ပင် တူလေသည်။

ယဲ့ကျား : “…”

သူ ခါးကိုင်းကာ မေးလိုက်သည်။

"ကျီရွှမ် မင်း သတိမေ့ချင်ယောင် ဆောင်နေတာလား…"

တစ်ဖက်လူက မလှုပ်ပေ။ ကောင်လေး၏မျက်လုံးများက ပိတ်နေပြီး မျက်နှာကဖြူဖျော့နေလေသည်။ သူ့ကြည့်ရသည်မှာ အချိန်အကြာကြီး သတိလစ်နေပုံ ပေါ်သော်လည်း ခွန်အားက အံ့ဩစရာပင် ဖြစ်သည်။

ယဲ့ကျား လက်မောင်းကို အားနှင့် ဆွဲထုတ်လိုက်သည်။

သို့သော်…

တစ်ဖက်လူ၏ ခန္ဓာကိုယ်က ထိုင်ခုံပေါ်တွင် ရှိနေသေးသော်လည်း လက်များက သူ့ကိုဆုပ်ကိုင်ထားဆဲဖြစ်သည်။

သူ ထွက်သွားလျှင် ကျီရွှမ်က သူ့လက်မောင်းကို ဆုပ်ကိုင်ထားရင်း တွဲလောင်းပါလာမည်ကိုသံသယ၀င်စရာပင် မလိုပေ။

သို့သော် သွေးအရိုးငါးက သွေးအိုင်ထဲမှ ထွက်လာပြီး သူ့အမြီးက သူ့ခါးကို ရစ်မပတ်မီအထိ ယဲ့ကျား သွေးအရိုးငါး ထွက်လာသည်ကို သတိမထားမိလိုက်ချေ။

“…”

ယဲ့ကျား မျက်လုံးကို မှိတ်လိုက်သည်။

သူ ပင်ပန်းနေပြီ…

သွေးအရိုးငါး ခေါင်းမော့ကာ အမြီးကို လှုပ်ယမ်းနေလေသည်။

ယဲ့ကျား အားနည်းစွာ ပြောလိုက်သည်။

"ငါတို့ ကစားနေတာ မဟုတ်ဘူး…မင်းရဲ့သွေးအိုင်ဆီကို ပြန်သွား…"

ခန်းမအပြင်၌…

အရိပ်တစ္ဆေ ခေါင်းငုံ့ကာ ဖုန်းသုံးနေသည်။

သူ မကြာသေးမီက အလွန်အံ့ဩစရာကောင်းသာ ဝေ့‌ပေါ်ဟု ခေါ်သော appတစ်ခုကို ရှာတွေ့ခဲ့သည်။

အဲ့ဒီမှာ သူ့ကို အံ့ဩစေတဲ့ အသစ်အဆန်းတွေအများကြီးရှိပြီး သူ့ကို အအံ့ဩစေဆုံးကတော့အဲ့ထဲမှာ အိမ်မွေးတိရစ္ဆာန်ဘလော့ဂါတွေ အများကြီး ရှိနေတာပဲ…

အရိပ်တစ္ဆေက ကြောင်လက်ဝါးများ၊ ကြောင်နားရွက်များ ၊ ‌ကြောင်အဆီတုံးလေးကို ကြည့်ပြီး ပြုံးဖြီးဖြီးဖြစ်နေလေသည်။

သို့သော် ရုတ်တရက် ကင်း၏ခန်းမထဲမှ ထွက်လာသော ထူးဆန်းသည့် အသံကို ကြားလိုက်ရသည်။

အရိပ်တစ္ဆေ ခေါင်းမော့ကာ အသံလာရာဆီသို့ ကြည့်လိုက်သည်။

ပုံမှန် မဟုတ်တဲ့ အသက်ရှူသံကိုတော့ သတိမထားမိဘူး…

ပြီးတော့ သွေးအရိုးငါးက အထဲမှာလေ…တစ္ဆေတစ်ကောင်သာ တကယ်လာရဲရင် အပိုင်းပိုင်း ပြတ်သွားမှာပဲ…

အရိပ်‌တစ္ဆေ ခေါင်းငုံ့ကာ ကြောင်ဗီဒီယိုကို နှိပ်ကြည့်လိုက်သည်။

သို့သော် စက္ကန့်အနည်းငယ်အကြာတွင် ခန်းမထဲမှ ထူးဆန်းသော အသံများ ထပ်မံထွက်ပေါ်လာလေသည်။ သူ နားကြားမှားနေခြင်း မဟုတ်ပေ။

အရိပ်တ‌စ္ဆေ ရုတ်တရက် ထခုန်လိုက်ပြီး ဖုန်းက ကြမ်းပြင်ပေါ် ပြုတ်ကျသွားလေသည်။

ဒီနေရာက ကင်းပိုင်ဆိုင်တဲ့ နေရာတွေထဲက တစ်ခု ဖြစ်ပေမဲ့ သွေးအရိုးငါးက အဲ့ထဲမှ ရှိတဲ့သွေးကန်ကို သဘောကျလို့ ကင်းကမကြာခဏ အဲ့ဒီမှာ နေလေ့ရှိတယ်…ဒီတစ်လောတော့ မနေပေမဲ့ ဒီနေရာက အရေးကြီးနေတုန်းပဲ…အစောင့်အကြပ်ဖြစ်တဲ့ သူက ဒီနေရာကို တခြားတစ္ဆေတွေ ကျူးကျော်လာတာကို လျစ်လျူရှုလို့ မရဘူး…

အရိပ်တစ္ဆေက အသက်ပြင်းပြင်းရှူကာ တံခါးထံသို့ တဟုန်ထိုး ပြေးသွားလေသည်။

သူ တံခါးကို မဖွင့်ဘဲ တံခါးနဲ့ ကြမ်းပြင်ကြားက အဟကနေ အရည်လိုမျိုး စိမ့်၀င်သွားလိုက်သည်…

သူ အထဲသို့ ရောက်သောအခါ ထူးဆန်းသောပုံရိပ်တစ်ခု ရှိနေပြီး သွေးအရိုးငါးက ထိုပုံရိပ်ကို လှည့်ပတ်ကူးခတ်နေကာ တိုက်ခိုက်နေပုံပေါ်လေသည်။

အရိပ်တစ္ဆေ၏ ခန္ဓာကိုယ်က ရုတ်တရက် ကြီးမားလာပြီး အမှောင်နှင့် အလင်း ရောယှက်နေသော ခန်းမထဲတွင် ကြောက်စရာကောင်းနေလေသည်။ အရိပ်တစ္ဆေ ရက်စက်စွာ အော်ပြောလိုက်သည်။

"မင်း ဒီကို လာရဲမှတော့ အဲ့အတွက် အဆင်သင့် ပြင်ထားပြီးပြီပေါ့…"

"အားမီ…”

သူ ဆက်မပြောမီ ရက်စက်သည့် စကားလုံးများကို ပြန်မျိုချလိုက်ရလေသည်။

သူ့သူငယ်ချင်းတွေကလွဲရင် သူ့ကို ဘယ်သူမှ'အားမီ'လို့ မခေါ်ဘူး…

ကင်းက အဲ့နာမည်ကို သိပေမဲ့ သူ့ကို ဘယ်တော့မှ အဲ့နာမည် မခေါ်ဘူး…

ပြီးတော့ ဒီအသံနဲ့ ရင်းနှီးနေတယ်…

“အားယဲ့…”

သူ တုံ့ဆိုင်းစွာ ပြောလိုက်သည်

ယဲ့ကျား စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

"ဟုတ်တယ်…ငါပဲ…"

အားမီ၏ ကြီးမားသည့်ခန္ဓာကိုယ်က ကျုံ့သွားပြီး မူလအရွယ် ပြန်ဖြစ်သွားလေသည်။

“မင်း ဒီမှာ ဘာလုပ်နေတာလဲ…”

သူ ဂဏမငြိမ်ဖြစ်နေသည့် သွေးအရိုးငါးကို ကြည့်လိုက်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။

"ကင်းက ဒီမှာ မရှိပေမဲ့ သွေးအရိုးငါးကရှိသေးတယ်လေ…မင်း သေချင်လို့ လာတာလား…"

အားမီ ဒယ်အိုးပူပေါ်မှ ပုရွက်ဆိတ်သဖွယ် စိုးရိမ်တကြီး ဖြစ်နေသော်လည်း သွေးအရိုးငါး၏ တည်ရှိမှုကြောင့် တစ်ဖက်လူထံ မချဉ်းကပ်ရဲပေ။

ယဲ့ကျား သူ့လက်မောင်းကို ဆုပ်ကိုင်ထားသည့် ကောင်လေးကို ငုံ့ကြည့်လိုက်သည်။

“ငါ အဆင်ပြေပါတယ်…”

သူ အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။

"မင်း တံခါးမှာ စောင့်နေလို့ ရမလား…ငါ ချက်ချင်း ထွက်လာခဲ့မယ်…"

အားမီ သံသယရှိစွာ မေးလိုက်သည်။

"တကယ် အဆင်ပြေပါတယ်နော်…"

ယဲ့ကျား : "အဆင်ပြေပါတယ်…"

အားမီ ခဏလောက်တွေးပြီးနောက် နောက်ဆုံးတွင် သူ့၏စိတ်ချရသည့် သူငယ်ချင်းလေးကို ယုံကြည်ရန် ဆုံးဖြတ်လိုက်ပြီး တံခါးတွင် စောင့်ရန် လှည့်ထွက်သွားသည်။

ယဲ့ကျား သက်ပြင်းချလိုက်ပြီး သူ့လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့် ကျီရွှမ်ကိုငုံ့ကြည့်လိုက်ကာ ပင်ပန်းနေသော မျက်နှာဖြင့်ညှိနှိုင်းလိုက်သည်။

"အစ်ကိုကြီး…ငါ့ကို လွှတ်ပေး…ငါ မင်းရဲ့လက်အောက်ငယ်သားနဲ့ စကားပြောပြီးရင်ပြန်လာပြီး မင်းကို ပြန်ကိုင်ခိုင်းမယ်…ဟုတ်ပြီလား…"

ယဲ့ကျား လက်မောင်းကို တစ်ဖန် ဆွဲယူလိုက်သောအခါ အလွယ်တကူ ပါလာလေသည်။

ယဲ့ကျား ၀မ်းသာလွန်း၍ ငိုလုမတတ်ဖြစ်နေသည်။

ထို့နောက် ယဲ့ကျား သွေးအရိုးငါးကို ဘေးသို့ တွန်းလိုက်ပြီး အင်္ကျီကို သေချာဖြန့်ကာ တံခါးဆီ ‌လျှောက်သွားလေသည်။