Chapter 89
တံခါးအပြင်တွင် စောင့်နေသည့် အားမီ တံခါး ပွင့်လာသောအခါ စိုးရိမ်တကြီး လှည့်ကြည့်လိုက်သည်။ ထိုအခါ တံခါးထဲမှ လူငယ်တစ်ယောက် ထွက်လာလေသည်။ သူက လက်တစ်ဖက်ဖြင့် တံခါးဘောင်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် တံခါးကို ကိုင်ထားသည်။
အားမီ အံ့ဩသွားသည်။
"ဟမ်…မင်းက ဘာလို့ ဒီပုံစံဖြစ်နေတာလဲ…"
ယဲ့ကျား တစ္ဆေပုံစံ ရုပ်မဖျက်နေသေးကြောင်း သတိရသွားပြီး သာမာန်ကာလျှံကာ ပြောလိုက်သည်။
"ငါအခု လူသားပုံစံဟန်ဆောင်ထားတာလေ…"
“အဲ့လိုကို…”
အားမီက ယဲ့ကျားတစ်ကိုယ်လုံးကို ကြည့်လိုက်ပြီး ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"ချွတ်စွပ်မတူပေမဲ့ တော်တော်တူတာပဲ…"
ယဲ့ကျား : “…”
အားမီ မေးလိုက်သည်။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ…"
ယဲ့ကျား ထိုမေးခွန်းအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။
"ကင်းက ငါ့ကို တာ၀န်တစ်ခု ခေါ်ပေးလို့လေ…အခု ငါ ပြန်တော့မှာ…"
ဘေးမှ သွေးအရိုးငါး ထိုစကားကို ကြားသောအခါ ယဲ့ကျားကို ခေါင်းဖြင့် တွန်းလိုက်သည်။
စောစောကပြောတော့ နေမှာဆို…လူလိမ်ကြီး…
ယဲ့ကျား : "ဟေး…မင်း ဘာလုပ်နေတာလဲ…"
သူ သွေးအရိုးငါးကို တွန်းလိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
"မင်းသွေးကန်ကို ပြန်သွား…မဟုတ်ရင် ငါ မင်းကို ဒီညအစာမကျွေးတော့ဘူး…"
ဒါက ဘယ်လိုအခြေအနေလဲ…
ဒါ…ဒါက သွေးအရိုးငါးလား…
သူ အိမ်မက်မက်နေတာလား…ညစာ မကျွေးဘူးလို့ ခြိမ်းခြောက်ခံနေရတဲ့ သွေးအရိုးငါးက Sအဆင့် တစ္ဆေတွေကို တစ်ယောက်ထဲ တိုက်ခဲ့တဲ့သူလား…ဒါက ပုံရိပ်ယောင်များလား…
ထိုအချိန်တွင် အားမီ အံ့အားသင့်သွားသည်။ သွေးအရိုးငါးက တစ်ဖက်လူ၏ ရင်ဘတ်ကိုချစ်ခင်စွာ တိုးဝှေ့နေပြီး ကြောက်စရာကောင်းသော အော်ရာများက ပျောက်ဆုံးနေလေသည်။ ထိတ်လန့်ဖွယ်ရာကောင်းသည့် သွားများကို သိမ်းဆည်းထားပြီး သူလုပ်နေသည်မှာ တစ်ဖက်လူ၏ အ၀တ်အစားများကို ပွတ်တိုက်နေခြင်းသာ ဖြစ်၏။
အင်္ကျီကြယ်သီးက ပြုတ်နေသောကြောင့် ပွတ်တိုက်လိုက်သောအခါ လည်ပင်းနှင့်ညှပ်ရိုးများ ပေါ်လာလေငည်။
ညှပ်ရိုးပေါ်တွင် ကိုက်ရာတစ်ခု ရှိနေသည်။ ကိုက်ရာက သွေးမထွက်တော့သော်လည်းအနည်းငယ် နီရဲနေပြီး မွှေးကြိုင်နေလေသည်။
အားမီ ထိတ်လန့်သွားသည်။
ဒါ…ဒါက…
သူက ကင်းနောက်ကို အကြာကြီးလိုက်ခဲ့တာ…ကင်းရဲ့ ၀င်သက်ထွက်သက်တွေကိုတောင် မှတ်မိတယ်…
ဒီဟာက ပိုင်ဆိုင်လိုစိတ်အပြည့်နဲ့ အမှတ်အသားပဲ…
ဒီနေရာက ကင်းရဲ့ ပိုင်နက်ဖြစ်လို့ သူ အရမ်းဂရုမစိုက်ခဲ့မိဘူး…အခု…အခု…
ဒါ…ဒါ…
သေစမ်း…
အားမီ၏ သူငယ်အိမ်များ တုန်လှုပ်သွားသည်။ သူက ကြောက်စရာ ကောင်းသော လျှို့ဝှက်ချက်တစ်ခုကို သိလိုက်ရသလိုပင်ဖြစ်သည်။
ယဲ့ကျား နောက်ဆုံးတွင် သွေးအရိုးငါးကို ထိန်းလိုက်နိုင်သည်။
“အင်း…ငါ အထဲပြန်၀င်လိုက်ဦးမယ်နော်…ကိစ္စမပြတ်သေးလို့…"
ယဲ့ကျား ရှေ့တွင် စိတ်လွင့်နေသော အားမီကို ပြုံးပြလိုက်ကာ အထဲကို ပြန်၀င်လိုက်ပြီး တံခါးပြန်ပိတ်လိုက်သည်။
အားမီ တံခါးရှေ့တွင် ကြောင်အစွာ ရပ်နေပြီး ပိတ်ထားသော တံခါးကို ကြည့်ကာ ဖြည်းညှင်းစွာ ပြန်ဖြေလိုက်သည်။
"အွန်း…"
မိနစ်များစွာ ကုန်ဆုံးသွားလေသည်။
အားမီက သိလိုက်ရသော သတင်းကြောင့် ထိတ်လန့်နေဆဲဖြစ်သည်။
နောက်ဆုံးတွင် အားမီ မျက်နှာကို အုပ်လိုက်ပြီး ပျော်ရွှင်မှုကြောင့် ငိုလုမတတ် ဖြစ်နေလေသည်။
ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်…ကင်းက နောက်ဆုံးတော့ အေ့စ်ကို စိတ်မ၀င်စားတော့ဘူး…အားယဲ့က ဘယ်လောက်ကောင်းတဲ့တစ္ဆေလဲ…ကင်းနဲ့ တကယ် ထိုက်တန်တယ်…
သူက သူတို့နှစ်တစ်ရာ ပျော်ရွှင်ဖို့ ဆုတောင်းပေးတယ်…
.....
ကျီရွှမ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး မနိုးသေးပေ။
ယဲ့ကျား ထိုင်ခုံရှေ့ ရပ်လိုက်ပြီး ထိုင်ခုံပေါ်တွင် အိပ်ပျော်နေသော ကောင်လေးကို ငုံ့ကြည့်လိုက်သည်။
သူ့ကြည့်ရသည်မှာ ကလေးတစ်ယောက်သဖွယ် ဖြစ်နေသော်လည်း ခြေတံလက်တံရှည်များကြောင့် ထိုင်ခုံပေါ်တွင် ခွေကောက်ပြီး အိပ်ပျော်နေသည်မှာ သနားစရာပင်ကောင်းလေသည်။
မျက်တောင်ရှည်များက လိပ်ပြာတောင်ပံသဖွယ် ကျဆင်းနေပြီး ဖြူဖျော့ဖျော့မျက်နှာက အလွန်ကျိုးပဲ့လွယ်သည့်ပုံစံ ပေါ်နေလေသည်။
သွေးအရိုးငါး တိတ်တဆိတ် ကူးခတ်လာပြီး မျက်လုံးချိုင့်ကြီးများဖြင့် ကျီရွှမ်ကို ကြည့်လိုက်ကာဘေးတွင် ရပ်နေသော ယဲ့ကျားကို ကြည့်လိုက်သည်။ သူ့ကြည့်ရသည်မှာ ယဲ့ကျားကို အပြစ်တင်နေသည့်ပုံ ပေါ်လေသည်။
ယဲ့ကျား : “…”
“ငါ့ကို အဲ့လိုလာမကြည့်နဲ့…ငါ့ကို အဲ့လို လာကြည့်လည်း အသုံးမ၀င်ဘူး…”
ပြောပြီးနောက် ယဲ့ကျား လှည့်ထွက်သွားသည်။
သွေးအရိုးငါးက ပါးစပ်ကို ဟလိုက်ပြီး ယဲ့ကျား၏ ဘောင်းဘီစကို ကိုက်လိုက်ကာ ထိုင်ခုံဆီ ဆွဲလိုက်သည်။
ယဲ့ကျား ယိမ်းယိုင်သွားသည်။
"မင်း ဘာလုပ်တာလဲ…"
သွေးအရိုးငါးက ဘောင်းဘီစကို နာခံစွာ လွှတ်ပေးလိုက်သည်။
ယဲ့ကျား :"မရဘူး…"
သွေးအရိုးငါး ယဲ့ကျားကို သနားစဖွယ်အကြည့်ဖြင့် ကြည့်လိုက်ပြီး ခန္ဓာကိုယ်ကို လှိမ့်လိုက်ကာ ဗိုက်သားကို ထုတ်ဖော်ပြလိုက်သည်။
ယဲ့ကျား၏ နှလုံးသားက သံတုံးကြီးနှင့် တူသည်။
"ချစ်ဖို့ကောင်းအောင် လုပ်ပြနေလည်း ဘာမှမထူးဘူး…"
တကယ်တော့ ထူးပါတယ်…
သွေးအရိုးငါးနှင့် သုံးမိနစ်ကြာအောင် နေပြီးနောက် ယဲ့ကျား အရှူံးပေးလိုက်သည်။
သူ လက်ကို မြှောက်လိုက်ပြီး နှာခေါင်းကို ဖိလိုက်ကာ နွမ်းနယ်စွာ ပြောလိုက်သည်။
"အိုကေ…သူ့ကို ဂရုစိုက်ဖို့ ငါ မင်းကို ကူညီပေးမယ် ဟုတ်ပြီလား…"
သွေးအရိုးငါးက လူစကားနားလည်သကဲ့သို့ စိတ်လှုပ်ရှားလာပြီး ယဲ့ကျားကို ဝိုင်းပတ်လိုက်သည်။
ယဲ့ကျား ထိုအခိုက်အတန့်တွင် လွှမ်းမိုးခံလိုက်ရပြီး အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။
"စိတ်အနှောင့်အယှက် မပေးနဲ့…ငါ့ဆုံးဖြတ်ချက်ကို နောင်တရလာလိမ့်မယ်…"
သွေးအရိုးငါးက ချက်ချင်း ရပ်တန့်လိုက်ပြီး ကြမ်းပြင်ပေါ်တွင်နာခံစွာ လှဲလျောင်းလိုက်ကာ ယဲ့ကျားကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။
ယဲ့ကျား စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
"ခဏနေဦး…ငါ အားမီနဲ့ စကားသွားပြောလိုက်ဦးမယ်…''
ဒီအချိန်မှာ သူက အားနည်းနေတဲ့ ကျီရွှမ်ကို ဂရုစိုက်ရမှာမို့လို့ အလုပ်အစုံ လုပ်ရမှာပဲ…အနည်းဆုံးတော့ ကျီရွှမ်ရဲ့ လက်အောက်ငယ်သားတွေကို သူတို့ ကင်းကို ဒီလတ်တလော မတွေ့နိုင်ကြောင်း ပြောပြရမှာပဲ…သတင်းပို့စရာတွေကို သူကတစ်ဆင့် ကင်းကို ပြောပြခိုင်းရမှာပဲ…
ယဲ့ကျား၏ စိတ်ထဲတွင် သူထိုသို့ပြုလုပ်နိုင်မည်ကို မယုံပေ။
နောက်ဆုံးတော့ သူက လူသစ်လေးလေ…အဆင့်မြင့်လက်အောက်ငယ်သားတွေထဲက အားမီနဲ့ပဲ ရင်းနှီးတာ…အဲ့ဒါကြောင့် သူက အားမီကို အရင် ပြောနိုင်မှ သူက တခြားတစ္ဆေတွေကို သွားပြောပေးမှာ…
သို့သော် ထူးဆန်းသည်မှာ ယဲ့ကျား တွေးထားခဲ့သည့် ဆင်ခြင်များကို မပြောရသေးမီ အားမီက သဘောတူလာလေသည်။ သူ့ရင်ဘတ်ကိုပုတ်ကာ ကင်း၏ အမိန့်ကို အခြားတစ္ဆေများအား အကြောင်းကြားပေးမည်ဖြစ်ကြောင်း ပြောလာသည်။
ယဲ့ကျား : “?”
သူ့ရှေ့မှ အရိပ်တစ္ဆေကို သံသယရှိစွာ ကြည့်လိုက်ပြီး သူက စိတ်သက်သာရာ ရမသွားပေ။
ကျီရွှမ်ရဲ့ လက်အောက်ငယ်သားတွေက ဦးနှောက်မရှိဘူးလား…ဘာလို့ အခြားလူကိုလွယ်လွယ်ယုံရတာလဲ…
အားမီမေးလိုက်သည်။
"သတင်းပို့စရာရှိရင် ဘယ်ကို လာရမှာလဲ…"
ယဲ့ကျား လက်ရှိလိပ်စာကို ပြောပြလိုက်သည်။
ဒါ…ဒါက ကင်းရဲ့ နေရာတစ်ခုပဲ…
ကင်း ယခင်က အခြားတစ္ဆေများကို ထိုလိပ်စာရှိ အိမ်ကို ၀ယ်ရန် အမိန့်ပေးခဲ့သည်ကို အားမီ မှတ်မိသေးသည်။ ထိုနေရာရှိ လိုအပ်ချက်များကို အလွန်ကြပ်မတ်ထားပြီး သူကိုယ်တိုင်ပင် သွားစစ်ဆေးရလေသည်။
၀မ်းသာလွန်းလို့ ငိုမိတော့မယ်…
ဒါက အတူတူနေနေတာပေါ့…
ယဲ့ကျား တစ်ဖက်လူက သူ့ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေသောကြောင့် ထိတ်လန့်သွားလေသည်။
"ဘာ…ဘာလို့လဲ…"
အားမီက သူ့ကို မျက်ရည်၀နေသော မျက်လုံးဖြင့် ကြည့်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး…ဘ၀က တကယ်ကောင်းတယ်လို့ ခံစားမိလို့ပါ…"
ယဲ့ကျား :"....."
ကျီရွှမ်ရဲ့ လက်အောက်ငယ်သားတွေရဲ့ ဦးနှောက်က တစ်ခုခုမှားနေမှာကို သူ ကြောက်မိတယ်…
အားလုံးစီစဉ်ပြီးနောက် ယဲ့ကျား ခန်းမထဲ ပြန်၀င်လိုက်ပြီး တံခါးပိတ်လိုက်သည်။
သွေးအရိုးငါးက အမြီးကို လှုပ်ယမ်းနေကာ ပျော်ရွှင်စွာဖြင့် သူ့ကို ကြည့်နေသည်။
ယဲ့ကျား သက်ပြင်းချလိုက်ပြီး ရှေ့သို့ လျှောက်ကာ ခေါင်းကို ပုတ်ပေးလိုက်သည်။
"ငါ မင်းကို ကတိပေးထားတာပဲ…ကတိမဖျက်ပါဘူး…"
သူက အစောတုန်းက ထွက်သွားမည့်လူ မဟုတ်သလိုပင်…
သွေးအရိုးငါးက ယဲ့ကျား ခြေလှမ်းနောက်လိုက်ကာ ကူးခတ်နေသည်။
ယဲ့ကျား ခါးကိုင်းလိုက်ပြီး ထိုင်ခုံပေါ်တွင် ကွေးကောက်နေသော ကျီရွှမ်ကို ဖက်လိုက်သည်။
ကျီရွှမ် သူနှင့် ရင်းနှီးသောအနံ့ နီးကပ်လာသောအခါ အလိုအလျောက် တစ်ဖက်လူ၏ ရင်ဘတ်ကို ပါးဖြင့် ဖိလိုက်သည်။ သွေးအေးသတ္တဝါတစ်ကောင်က အပူနား ကပ်နေသကဲ့သို့ပင် ဖြစ်သည်။
ယဲ့ကျား ခေါင်းငုံ့ကြည့်လိုက်ပြီး တစ်ဖန် အဝေးကို ကြည့်လိုက်သည်။
မကြာမီ ယဲ့ကျား အိမ်ပြန်ရောက်လာလေ၏။
အခန်းက ထွက်သွားစဉ်ကနှင့် ကွာခြားပုံ မပေါ်သော်လည်း ယဲ့ကျား တစ်ခုခု ကွာခြားနေမှန်း ချက်ချင်း သတိပြုမိသည်။ ကျိုးပဲ့နေသော ကော်ဖီစားပွဲက အသစ်ဖြစ်နေကာ မီးဖိုချောင်မှ မဆေးရသေးသည့် ပန်းကန်များကလည်း ဆေးပြီးဖြစ်သည်။ ထိုပန်းကန်များကို စင်ပေါ် သေသေသပ်သပ် ပြန်စီထားသောကြောင့် သာမာန်ဖြစ်သော်လည်း ဈေးကြီးသည့်ပုံ ပေါ်နေလေသည်။
ကျီရွှမ် ဘယ်အချိန်က အဲ့ဒါတွေ လုပ်သွားလဲ သူ မသိဘူး…စွမ်းအားကြီးတစ္ဆေမနဲ့ တိုက်ပွဲက ကြာပေမဲ့ အပြင်ကမ္ဘာမှာ တစ်ရက်တောင်မရှိဘူး…
သူ ဗျူရိုကို မလာခင်က ဆေးခဲ့တာလား…
သူ့စိတ်ထဲတွင် ထူးဆန်းသော အတွေးများ ဖြစ်ပေါ်လာလေသည်။
သူ့စိတ်ထဲမှ ပန်းရောင်အေပရွန်၀တ်ကာ သန့်ရှင်းရေးလုပ်နေသည့် ကျီရွှမ်၏ ပုံရိပ်ကို ထုတ်ပစ်လိုက်သည်။
အိမ်ထဲတွင် အခန်းအများကြီး ရှိသောကြောင့် ယဲ့ကျား တစ်ခန်းကို ရွေးလိုက်ပြီး ကျီရွှမ်ကို ထည့်လိုက်သည်။
မမျှော်လင့်စွာနှင့် ဤတစ်ခေါက်တွင် တစ်ဖက်လူက ယခင်တစ်ခေါက်ကဲ့သို့ မလုပ်တော့ပေ။ အိပ်ရာပေါ်တွင် နာခံစွာ အိပ်နေလေသည်။
ယဲ့ကျား : “…”
သူ အကြိမ်ကြိမ် အတည်ပြုခဲ့ပြီးပေမဲ့ တစ်ဖက်လူက ဟန်ဆောင်နေတာလို့ ထင်နေတုန်းပဲ…
ယဲ့ကျား ဘေးမှ သွေးအရိုးငါးကို ကြည့်လိုက်ပြီး လက်ဖြန့်ကာ ပြောလိုက်သည်။
"ကြည့်…ငါ မင်းကို မလိမ်ဘူးနော်…"
........
ယဲ့ကျား ဤရက်ပိုင်းတွင် အလွန် အလုပ်များနေလေသည်။
ဘလပ်စ်ကြောင့် ဖြစ်ခဲ့သော ပျက်စီးမှုများကို ပြင်ဆင်ပြီးဖြစ်သော်လည်း ဗျူရိုက သူ့ကို အားလပ်ရက်များစွာ ပေးခဲ့လေသည်။ ထို့ကြောင့် ယဲ့ကျားက ရုပ်သေးဆရာပေးခဲ့သော အချက်အလက်များထဲမှ မြို့ကို စုံစမ်းရန် သုံးရက်မျှ အချိန်ယူခဲ့သည်။
Fမြို့က မြို့နှင့် မနီးပေ။ အမြန်ရထားဖြင့်သွားလျှင် နှစ်နာရီခန့် သွားရပြီး အရှေ့တောင်ဒေသတွင် အကြီးဆုံးနှင့် အချက်အချာအကျဆုံး မြို့ဖြစ်သည့်အလျှောက် လူဦးရေက Mမြို့ထက် သုံးဆများလေသည်။ PIAMBကလည်း Mမြို့ထက် ပိုကြီးပြီး ၀န်ထမ်းဦးရေလည်း ပိုများသည်။
ထိုသုံးရက်အတွင်း ယဲ့ကျား အခြားလူများကို အေ့စ်အဖြစ်နှင့် အကြိမ်များစွာ တွေ့ခဲ့ပြီး ဝူစူး၏ အဆက်အသွယ်လမ်းကြောင်းများမှ တရား၀င်အချက်အလက်များကိုလည်း စုစည်းခဲ့သည်။
Fမြို့က အပေါ်ယံတွင် တည်ငြိမ်သည့်ပုံ ပေါ်လေသည်။
Mမြို့ရှိ ထိုအဖြစ်အပျက်ဖြစ်ပြီးနောက်ပိုင်း Fမြို့တွင် သဘာ၀လွန်ဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့သော်လည်း Mမြို့ထက် နည်းပါးလေသည်။
သဘာ၀လွန်ဖြစ်ရပ်များကြောင့် သေဆုံးသူများ ရှိခဲ့သော်လည်း တစ္ဆေတံခါးပွင့်ပြီးနောက် ဖြစ်နိုင်သော သာမာန်အရေအတွက်သာ ရှိလေသည်။
မင်း တကယ်လို့ ကြီးကြီးမားမား ရှာဖွေချင်ရင်တောင် ရှာဖို့နေရာ များများမရှိဘူး…
တကယ်သာ Sအဆင့်တစ္ဆေတွေရှိနေရင် သူက အလုပ်ကောင်းကောင်းလုပ်နေတာပဲ…
ချန်ချင်းယဲ့ မျက်မှန်ကို ပင့်တင်လိုက်ပြီး ပြောလိုက်သည်။
"တကယ်ပေါ့…"
အားလုံး၏ မျက်လုံးများ သူ့အပေါ် ရောက်လာသည်။
ချန်ချင်းယဲ့ : "ငါ့ရဲ့မေဂျာက ဒေတာတွေကို စီမံရတာနဲ့ ဆက်စပ်နေတယ်…အဲ့ဒါကြောင့်
ငါက အချက်အလက်တွေကို ပိုပြီး အသေးစိတ်ကြည့်တယ်…ဒီကိန်းဂဏန်းတွေက ကြည့်လိုက်ရင် ပုံမှန်ပဲ…ဒါပေမဲ့ လူဦးရေနဲ့ပထဝီအနေအထားကို ထည့်တွက်ကြည့်လိုက်ရင် ဒီကိန်းဂဏန်းက ထူးဆန်းနေတယ်…"
ဝူစူး မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်သည်။
"မင်း အဲ့လိုပြောလို့တော့ မရဘူးလေ…အဲ့လိုဆို Mမြို့က အရေအတွက်တွေ အရမ်းများနေမှာပေါ့…"
“ခေါင်းဆောင်ရဲ့ ကိုးကားမှုတွေက နည်းလမ်းမမှန်ဘူး…"
ချန်ချင်းယဲ့က ဖုန်းထဲမှ ဖိုင်တစ်ခုကို ပြလိုက်သည်။
"ဒါက Fမြို့နဲ့ ထိစပ်နေတဲ့ တခြားမြို့က အချက်အလက်တွေပဲ…"
"ဒီမြို့ရဲ့ လူဦးရေက Fမြို့ရဲ့ ငါးပုံပုံရင်တစ်ပုံစာပဲ ရှိတယ်…GDPနဲ့ လူရွှေ့ပြောင်းမှုကလည်း Fမြို့ထက် နည်းတယ်…ဒါတောင်မှ Fမြို့မှာ ဖြစ်ခဲ့တဲ့ သဘာ၀လွန်ဖြစ်ရပ် အရေအတွက်နဲ့တူနေတယ်…ဗျူရိုက ဌာနခွဲတွေ နည်းသေးတော့ ရှာရခက်တာ ပုံမှန်ပဲ…"
ဘလပ်စ် : "ဒါက Fမြို့မှာ ထူးဆန်းတာတွေ ရှိနေတယ်လို့ ဆိုလိုတာပေါ့…ဒါက မကောင်းလို့လား…"
ဝေ့ရွှယ်ချူး စက္ကူကို လှိမ့်လိုက်ပြီး ဘလပ်စ်၏ခေါင်းကို ရက်စက်စွာ ရိုက်လိုက်သည်။
"နင်က ငတုံးလား…"
“အ…”
ဘလပ်စ် ခေါင်းကို အုပ်လိုက်ကာ ပြောလိုက်သည်။
"ဘာလို့ ငါ့ကို ရိုက်တာလဲ…"
ဝေ့ရွှယ်ချူး သူ့ကို သံက သံမဏိဖြစ်မလာသကဲ့သို့ ကြည့်နေသည်။
"ဒီလိုတွေ ဖြစ်နေတာတောင် ပြဿနာရှာတဲ့ တစ္ဆေက နည်းနည်းပဲရှိတယ်…အဲ့ဒါက ဘာလို့လဲ…"
ဘလပ်စ်က တွန့်ဆုတ်စွာ ပြောလိုက်သည်။
"ဘာလို့ဆို အဲ့ဒီမှာ အစွမ်းထက်တဲ့သူ ရှိနေလို့ပေါ့…"
ဝေ့ရွှယ်ချူး ထပ်ရိုက်လိုက်သည်။
"မှန်တယ်…"
ဘလပ်စ် ဒေါသတကြီး ခုန်လိုက်သည်။
"ငါ အဖြေမှန်တယ်လေ…ဘာလို့ ရိုက်ရပြန်တာလဲ…"
ဝေ့ရွှယ်ချူး : "ဘာလို့ဆို နင်က ငတုံးမို့လို့လေ…ရိုးရှင်းတဲ့အဖြေအတွက် မေးခွန်းတွေ ဆင့်မေးနေရတယ်…"
ထိုအချိန် ယဲ့ကျားက မရေမတွက်နိုင်သော အချက်အလက်များကို ချိတ်ဆွဲထားသည့် နံရံဆီသို့ လျှောက်သွားပြီး သူ့ရှေ့မှ ရှုပ်ထွေးနေသော ကိန်းဂဏန်းများကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
"Fမြို့က သဘာ၀အတိုင်းသေဆုံးမှုတွေနဲ့ မတော်တဆသေဆုံးမှုတွေရဲ့ အရေအတွက်ကရော…"
ဝူစူး ထိတ်လန့်သွားသည်။
"ဘာကို ဆိုလိုတာ…"
“ဖျားနာပြီး သေတဲ့လူတွေ၊ အသက်ကြီးလို့ သေတဲ့လူတွေ၊ ကားတိုက်လို့ သေတဲ့လူတွေ…"
ယဲ့ကျားက စားပွဲဆီသို့ ပြန်လျှောက်သွားလိုက်သည်။
"ဒီလိုသေတာတွေကို လျစ်လျူရှုလို့ မရဘူး…အဲ့လိုနေရာတွေမှာ တစ္ဆေတွေ ရှိနိုင်တယ်…အဲ့လူတွေကို တစ္ဆေက စားတာ ဖြစ်နိုင်တယ်…"
ဝူစူး အံ့အားသင့်သွားသည်။
သို့သော် ထိုဖြစ်ရပ်များနှင့် ပတ်သက်သည့် အချက်အလက် လက်ထဲတွင် မရှိသောကြောင့် ရဲစခန်းကို ဆက်သွယ်ပြီး နာရီများစွာ တက်လိုက်ဆင်းလိုက် လုပ်ပြီးမှ နောက်ဆုံးတွင် ဂဏန်းတစ်ခုကို ရလာလေသည်။
အရမ်း ကြောက်စရာကောင်းတယ်…
သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ဝေ့ရွှယ်ချူး မေးလိုက်သည်။
"ငါတို့ ဘယ်အချိန်သွားမှာလဲ…"
ဒီတစ္ဆေက အရမ်းပါးနပ်ပြီး သူလုပ်ခဲ့တာတွေကို ဖုံးကွယ်တဲ့နေရာမှာ အရမ်းတော်တယ်…Fမြို့ကို မသွားဘဲ တစ်ဖက်လူရဲ့ စားသောက်တဲ့ ပုံစံနဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်ဖို့ ခက်ခဲတယ်…
ယဲ့ကျားက တစ်ခဏလောက် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"ငါ့မှာ ကိုင်တွယ်စရာ ရှိသေးတယ်…"
သူ အိမ်ပြန်လာလိုက်သည်။
ဤသုံးရက်အတွင်း ယဲ့ကျား အလွန်အလုပ်များနေသောကြောင့် အပေါ်ထပ်သို့ တက်ရန် ခဲယဉ်းပြီး အပေါ်တွင် အိပ်နေသော လူတစ်ယောက်ရှိမှန်း မေ့လုနီးပါး ဖြစ်နေလေသည်။
ထိုအချိန်တွင် ယဲ့ကျားက တစ်ဖက်လူ၏ တည်ရှိမှုကို သတိရသွားခဲ့သည်။
သူက အပေါ်ထပ်သို့ တက်လိုက်ပြီး အခန်းတံခါးကို ဖွင့်လိုက်သည်။
လိုက်ကာများကို ဖွင့်ထားသောကြောင့် အပြင်ဘက်မှ နေရောင်ခြည်က အခန်းထဲသို့ ဖြာကျနေလေသည်။ အခန်းက လွန်ခဲ့သည့် သုံးရက်က အတိုင်းဖြစ်ပြီး လုံး၀ မပြောင်းလဲချေ။
အိပ်ရာပေါ်မှ ကောင်လေးက ယဲ့ကျား ထားခဲ့သည့် ကိုယ်နေဟန်ထားအတိုင်း ရှိနေဆဲဖြစ်သည်။ သူ့၏ ဖြူဖျော့ဖျော့မျက်နှာလေးက နောက်တစ်ခဏတွင် နေရောင်ထဲ၌ ပျောက်ကွယ်သွားတော့မည့်ဟန် ပေါ်လေသည်။
သွေးအရိုးငါးက ယဲ့ကျား နောက်မှ ကူးခတ်လာပြီး အခန်းကို စူးစမ်းလိုက်သည်။
"မင်းပြော…သူက ပုံမှန်ပဲလား…"
သွေးအရိုးငါးက အမြီးကို လှုပ်ယမ်းနေပြီး သူ့ကို ရှုပ်ထွေးစွာ ကြည့်နေလေသည်။
ယဲ့ကျား နဖူးကို ပွတ်သပ်လိုက်သည်။
"မင်းက ငါးတစ်ကောင်ဆိုတာ မေ့သွားတယ်.."
သူ အခန်းထဲသို့ ၀င်သွားပြီး ခေါင်းငုံ့ကာ အိပ်ရာပေါ်မှ ကျီရွှမ်ကို ဂရုတစိုက် စစ်ဆေးလိုက်သည်။
ကျီရွှမ်က တစ္ဆေဖြစ်လို့ အသက်လည်း မရှူဘူး…နှလုံးခုန်သံကိုလည်း မကြားရဘူး…
ထို့ကြောင့် သူက တစ်ဖက်လူ၏ လက်ရှိအခြေအနေကို စစ်ဆေးရန် ခက်ခဲနေသည်။
ယဲ့ကျား မျက်မှောင်ကြုတ်လိုက်ပြီး လက်ကို တုံ့ဆိုင်းစွာ ဆန့်လိုက်ကာ တစ်ဖက်လူ၏ ပါးကို ထိလိုက်သည်။
ထိုအချိန်တွင် ကောင်လေး၏ မျက်လုံးများက ပွင့်လာလေသည်။
နေရောင်ထင်ဟပ်နေသည့်နီရဲနေသောမျက်လုံးက ချောက်ထဲတွင် စီးဆင်းနေသော သွေးမြစ်သဖွယ် ဖြစ်နေလေသည်။ သူငယ်အိမ်များက ကျုံ့နေပြီး မြွေမျက်လုံးသဖွယ် ဖြစ်နေကာ သူ့သားကောင်ကို ဝါးမျိုတော့မည်ဟန်ပေါ်သည်။
ခဏနေဦး…ဒီလို သူငယ်အိမ်တွေ…
ယဲ့ကျား ထိတ်လန့်သွားသည်။ သူ့ညှပ်ရိုးပေါ်မှ ကိုက်ရာက မှေးမှိန်သေးသော်လည်း နာကျင်နေဆဲဖြစ်သည်။ သူ့လက်ဖဝါးထက်တွင် တံစဉ်းတစ်လက် ပေါ်လာလေသည်။
တံခါးမှ သွေးအရိုးငါးက တင်းမာသွားသည့် လေထုကို ခံစားမိကာ အမြီးလှုပ်ယမ်းနေခြင်းကို ရပ်လိုက်ပြီး သူ့ရှေ့မှ အခန်းကို စိုက်ကြည့်နေသည်။
နောက်တစ်ခဏတွင် ကောင်လေး၏ မျက်လုံးများ တစ်ဖန် ပြန်ပိတ်သွားသည်။
နီရဲနေသော မျက်လုံးများက မျက်ခွံများက ပိတ်ဆို့လိုက်လေသည်
ရုတ်တရက် ယဲ့ကျား တစ်ဖက်လူကို ထိတွေ့နေသည့် သူ့လက်ကို တစ်စုံတစ်ခုကို ပွတ်သပ်နေသည်ကို ခံစားလိုက်ရသည်။ ကောင်လေး၏ မျက်နှာက အလွန်နူးညံ့ပြီး မသိစိတ်အရ သူ့လက်ကို ကလေးသဖွယ် ပါးပြင်နှင့် ပွတ်သပ်နေလေသည်။
ယဲ့ကျားက အာရုံလွင့်နေခိုက် တစ်ဖက်လူ၏ လက်နှင့် ခြေများက လှုပ်ရှားလာပြီး သူ့လက်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်လေသည်။
ယဲ့ကျား : “…”
ထပ်ဖြစ်ပြန်ပြီလား…
ယဲ့ကျား သူ့လက်တွင် သကြားညိုသဖွယ် ကပ်တွယ်နေသော ကျီရွှမ်ကို ဆွဲခွာနေသည်။ သို့သော် မည်သို့ဖြစ်သွားမှန်းမသိသော်လည်း တစ်ဖက်လူ၏ ခန္ဓာကိုယ်တစ်ခုလုံးက သူ့ပေါ်ရောက်လာလေသည်။
သူ ကုတင်အစွန်းတွင် စိတ်ပျက်လက်ပျက်ထိုင်နေလိုက်သည်။
ထိုအချိန်တွင် အောက်ထပ်မှ တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။
"ဟေ့…အားယဲ့…မင်း ရှိနေလား…"
အားမီရဲ့အသံပဲ…
ယဲ့ကျား : “…”