Chapter 90
တံခါးကို ခေါက်ပြီး အတော်ကြာသည်အထိ အထဲမှ လှုပ်ရှားသံများကို မကြားရပေ။
အားမီ သူ့၏ ကိုယ်ပိုင်စွမ်းရည်ကို သုံးပြီးတံခါးကြားမှ ချောင်းကြည့်ချင်သော်လည်း ကင်းကြောင့် အကောင်အထည်ဖော်ရန် တွန့်ဆုတ်နေလေသည်။
ထိုအချိန်တွင် သူ့ရှေ့မှ တံခါး ပွင့်လာ၏။
အားယဲ့က စိတ်လှုပ်ရှားနေသည့် ပုံစံဖြင့် ပေါ်လာလေသည်။
အားယဲ့ရဲ့ဆံပင်တွေက ရှုပ်ပွနေတယ်…အ၀တ်အစားတွေက တွန့်ကြေနေတယ်…ဒီတစ်ခါတော့ ကြယ်သီးအပြည့်အစုံ ရှိနေပေမဲ့ ကင်းရဲ့အနံ့ အကြွင်းအကျန်တွေကို သူ ရနေတုန်းပဲ…
လူငယ်၏အသံက အနည်းငယ် နက်ရှိုင်းနေပြီး ဒေါသများကို ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေလေသည်။
"ဘာကိစ္စရှိလို့လဲ…"
အားမီက အတွေးများကို ရုတ်သိမ်းလိုက်ပြီး တည်ငြိမ်ဟန်ဆောင်ကာ ချောင်းနှစ်ချက်ဆိုးပြီးနောက် ပြောလိုက်သည်။
"အဟွတ်…အဟွတ်…မင်း ရှာခိုင်းတဲ့ လူကို ငါ တွေ့ပြီ…"
ယဲ့ကျား စိတ်အားထက်သန်သွားသည်။
"ဘယ်မှာလဲ…"
အားမီ လက်ကို ဆန့်လိုက်သည်။
သူ့နောက်တွင် အရိပ်ကြီးတစ်ခု ပေါ်လာပြီး တောင့်တင်းသည့် ၀၀ပုပု လူတစ်ယောက်ကို သူတို့ရှေ့သို့ ပစ်ချပေးလိုက်လေသည်။ ထိုလူ၏ မျက်လုံး၊ နားနှင့် ပါးစပ်က ပိတ်ဆို့စည်းနှောင်ခံထားရကာ ကြမ်းပြင်ပေါ်တွင် တွန့်လိမ်နေပြီး စူးစူးဝါးဝါး ငြီးတွားနေလေသည်။
သုန်ကွာ...
ယဲ့ကျား နှုတ်ခမ်းကို တွန့်လိုက်သည်။
သူ ကျိန်စာပစ္စည်းရောင်းသည့် လူကို ဖမ်းမိခဲ့သော်လည်း ထိုညရှိ ဖြစ်ရပ်ကြောင့် PIAMB၏ စီမံမှုလစ်ဟာသွားမှုကို အခွင့်ကောင်းယူကာ သုန်ကွာက ထွက်ပြေးသွားပြီး ယခုအချိန်ထိ ရုပ်ဖျက်နေထိုင်ကာ လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ဗျူရိုက နောက်ထပ် ထိုကဲ့သို့သော အမှုများကိုမတွေ့ရသောကြောင့် သုန်ကွာကို ဂရုမစိုက်ခဲ့ပေ။
ယဲ့ကျားကလည်း အလုပ်များနေခဲ့သောကြောင့် သူ့ကို ရှာရန် အချိန်မရှိခဲ့ပေ။
အခု အားမီ၏ အကူအညီကြောင့် ရှာတွေ့ခဲ့ပြီဖြစ်သည်။
အားမီ သုန်ကွာကို ပစ်ချပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားလေသည်။
"ဒါဆို ငါ သွားပြီ…"
ယဲ့ကျား၏ မမြင်ကွယ်ရာသို့ ရောက်သောအခါ အားမီ၏ ပါးစပ်က ပြုံးဖြီးနေလေသည်။
ဒီခံစားချက်က အရမ်း ကောင်းတာပဲ…သူ့ရဲ့ CPလေးက တကယ်ဖြစ်လာတဲ့ ခံစားချက်…
ယဲ့ကျားက အားမီထွက်သွားသည်ကို နားမလည်နိုင်စွာ ကြည့်နေလေသည်။
ဒီတစ္ဆေက အခုတလော အရမ်းထူးဆန်းနေတယ်…
သူက ခေါင်းငုံ့လိုက်ပြီး သုန်ကွာကို ကောက်လိုက်ကာ ဧည့်ခန်းထဲ ပစ်ချလိုက်သည်
သူ့၏ ဖြူဖျော့သေးသွယ်သော လက်ချောင်းများက တစ်ဖက်လူ၏ နားနှင့် ပါးစပ်မှ ယင်စွမ်းအင်ကို ဖယ်ရှားပေးလိုက်သည်။
သူ တစ်ဖက်လူ၏ ၀ဖြိုးသော ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။
"အခုတလော အဆင်ပြေနေပုံပဲ…"
သုန်ကွာ၏ ခန္ဓာကိုယ် တောင့်တင်းလာသည်။
ထိုအချိန်တွင် သူ့ကျော၌ ချွေးများ စိုရွှဲလာလေသည်။ လူငယ်လေး၏ နူးညံ့ကြည်လင်သော အသံက ကြောက်စရာကောင်းသော ဖြစ်ရပ်ကို ပြန်သတိရလာစေလေသည်။ သုန်ကွာ၏ခန္ဓာကိုယ် တုန်ရီလာပြီး သူ အော်ဟစ်ကာ ပြောလိုက်သည်။
"ငါ…ငါ…ငါ…ငါ အရင်အလုပ်တွေ တကယ် မလုပ်တော့ဘူး…ငါ့ကို ယုံကြည်ပေးပါ…"
ယဲ့ကျား၏ နှုတ်ခမ်းထက်မှ အပြုံး ပိုမိုနက်ရှိုင်းလာလေသည်။
"ဘာလို့ စိတ်လှုပ်ရှားနေတာလဲ…"
သုန်ကွာ၏ မျက်နှာ ဖြူဖျော့လာပြီး ချွေးများက မိုးရွာသကဲ့သို့ ထွက်လာပြီး ခြေထောက်များကလည်း အလွန် တုန်ရီနေလေသည်။ သူက ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေပြီး အချိန်အတော်ကြာသည့်အထိ စကားတစ်ခွန်းမှ မပြောနိုင်ပေ။
သူ အဲ့နေ့က လွတ်မြောက်လာပြီး သူ့ကိုယ်သူ အရမ်း ကံကောင်းတယ်လို့ ထင်ခဲ့တယ်…
အေ့စ်က အရမ်းအလုပ်များတဲ့လူ…သူ့ကို ရှာဖို့ အချိန်မရှိလောက်ဘူး…ဒီတစ်ခါတော့ သူ့စိတ်ကို ပြောင်းလဲပစ်ဖို့ အဆင်သင့်ဖြစ်နေပြီ…သူ တိတ်တိတ်လေး ပျောက်ကွယ်သွားသင့်တယ်…
ဒါပေမဲ့ သိပ်မကြာခင် ပြန်ဖမ်းခံရမယ်လို့ မထင်ထားခဲ့ဘူး…
လွတ်သွားပြီလို့ တွေးခဲ့မိတဲ့ သူ့ကိုယ်သူတောင်ပြန်သတ်ပစ်လိုက်ချင်တယ်…
သူ စိတ်ထိခိုက်နေစဉ် အဝတ်အစားပွတ်တိုက်သံကို ကြားလိုက်ရသည်။ တစ်ဖက်လူက သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပုံရသည်။
ထိုအချိန်တွင် လူငယ်၏ နူးညံ့သိမ်မွေ့သောအသံက သူ့နားထဲသို့ တိုး၀င်လာလေသည်။ ထိုအသံက အလွန်သာယာသော်လည်း သူ့အတွက်မူ နတ်ဆိုးသံကဲ့သို့ ဖြစ်နေလေသည်။
"ငါ မင်းကို ဒီတစ်ခေါက်ရှာတာ ဘာကိစ္စမှမဟုတ်ဘူး…"
သုန်ကွာ အာရုံစိုက်ကာ နားထောင်နေသည်။
"ငါ မင်းကို မင်းရဲ့အရင်အလုပ် ပြန်လုပ်ဖို့မျှော်လင့်တယ်…"
သုန်ကွာ : “…”
ဟမ်…
ယဲ့ကျား သူ့စကားက မရေမရာဖြစ်နေသည်ကို သတိပြုမိပြီး ပြန်ပြင်ပြောလိုက်သည်။
"မင်းကို ကျိန်စာပစ္စည်းတွေ ပြန်ရောင်းခိုင်းတာတော့ မဟုတ်ဘူးနော်…"
“ဒါဆို ဘာ…ဘာပြောချင်တာလဲ…”
“မှောင်ခိုဈေးကွက်…”
ယဲ့ကျား ပြောလိုက်သည်။
သုန်ကွာ အေးခဲသွားသည်။
ယဲ့ကျား ဆက်ပြောလိုက်သည်။
"မင်းလို စီးပွားရေးသမားတစ်ယောက်က ဂိမ်းလက်နက်တွေ ရောင်းတဲ့ မှောင်ခိုဈေးကွက် ရှိတာကို သိလောက်ရောပေါ့…"
သုန်ကွာ၏ မျက်နှာ ဖြူဖျော့သွားလေသည်။ သူ တံထွေးကို ခက်ခက်ခဲခဲမျိုချလိုက်သည်။
ယဲ့ကျား : “သူတို့က အရင်ကထက် လျှို့ဝှက်ပြီး လုပ်နေတာ…ငါ သူတို့ကို စုံစမ်းဖို့ ခက်ခဲနေတယ်…"
သူ့အသံက အလွန် စိတ်သောကရောက်နေပုံပေါ်လေသည်။
သို့သော် သုန်ကွာ၏မျက်နှာက ပိုမို ရုပ်ဆိုးလာပြီး ပခုံးများက ပိုမို တုန်ရီလာသည်။ သူ့မျက်နှာပေါ်တွင် ချွေးစေးများပင် ထွက်လာလေသည်။
ယဲ့ကျား လက်ဆန့်ထုတ်လိုက်ပြီး သုန်ကွာ၏ ပခုံးကို ပုတ်လိုက်သောအခါ တစ်ဖက်လူက လွန်စွာ ထိတ်လန့်သွားလေသည်။
သူ ပြုံးကာ ပြောလိုက်သည်။
"မင်းကတော့ သူတို့ကို ရှာနိုင်စွမ်းရှိတယ်လို့ ငါ ထင်တယ်…ငါ အများကြီးမတောင်းဆိုပါဘူး…သူတို့ရဲ့ ကုန်လှောင်ရုံလိပ်စာလောက်ပဲ ရရင် ဖြစ်တယ်…"
သုန်ကွာ အသနားခံလိုက်သည်။
"သူတို့သိရင် ငါသေလိုက်မယ်…"
ယဲ့ကျား ကြင်နာစွာ ပြောလိုက်သည်။
"အဲ့လိုဆို မင်း သတိထားပြီး လှုပ်ရှားလေ…သူတို့ မင်းကို ရှာမတွေ့စေနဲ့ပေါ့…"
သုန်ကွာ : “…”
မင်းက လက်တွေ့ကျတဲ့ ဉာဏ်ကြီးရှင်ပဲ…
သူ သေတောင် သေချင်လာပြီ…
သူ့ရှေ့မှာ မြေခွေးတစ်ကောင်ရှိပြီး သူ့နောက်မှာ ကျားတစ်ကောင်ရှိနေတယ်…ဘာလို့ သူထွက်ပြေးမိပါလိမ့်…
ယင်းက ၁၀၈ကြိမ်မြောက် သူ့ကိုယ်သူ သတ်သေချင်နေခြင်း ဖြစ်သည်။
နှစ်ရက်အကြာတွင်….
Mမြို့ ဆင်ခြင်ဖုံးရပ်ကွက်ရှိ ကုန်လှောင်ရုံတစ်လုံး၌…
ကုန်လှောင်ရုံတစ်လုံးတွင် မီးအချက်ပေးသံက ရုတ်တရက် ထွက်ပေါ်လာပြီး အလိုအလျောက်မီးသတ်စနစ် အသက်၀င်လာကာ ကုန်လှောင်ရုံ အားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။
ဆယ်မိနစ်ကြာပြီးနောက် အချက်ပေးမည်သံ ရပ်သွားကာ အစောင့်များ ကုန်လှောင်ရုံသို့ ပြန်လာချိန်တွင် တံခါးကို စောင့်နေသောအစောင့်က အသတ်ခံထားရပြီး ကုန်လှောင်ရုံထဲမှ ပစ္စည်းများကလည်း မရှိတော့ပေ။
အားလုံး ထိတ်လန့်သွားလေသည်။
ဘာဖြစ်သွားတာလဲ…
ကုန်လှောင်ရုံအပြင်၌ ကားတစ်စီးက ညဉ့်နက်တွင် လမ်းပေါ်၌ သွားနေလေသည်။ ဘလပ်စ်ပြတင်းပေါက်မှ ခေါင်းထွက်ကာ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
"ယိုးဟိုး…အရမ်းမိုက်တယ်ကွ…"
ယဲ့ကျား လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
"ခေါင်းကို အပြင်မထုတ်နဲ့…"
ဘလပ်စ်က တစ်ဖက်လူ၏ ဟန့်တားမှုကို ကြားသောအခါ ခေါင်းပြန်သွင်းလိုက်ပြီး နှုတ်ခမ်းတွန့်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
"ဘယ်လိုလဲ…,ငါက အားကိုးရတယ်မလား…"
ယဲ့ကျား : “…”
ဒီကောင်က ဒီလောက်ဆူညံနေမယ်ဆိုတာသာ သိခဲ့ရင် ချန်ချင်းယဲ့ကို ခေါ်လာခဲ့မှာ…
ဒီကစားသမားတွေနဲ့ တစ္ဆေတွေက အမေ ပိုင်တာကို သူသိပြီးတော့ တစ်ဖက်လူရဲ့ ပါးစပ်က အချက်အလက်တွေ ထွက်လာအောင်ညှစ်ထုတ်ခဲ့တယ်…
သူတို့ လက်နက်တွေကို လည်း ယူခဲ့ကြတယ်…အဆင့်နိမ့်လက်နက်တွေကိုတောင် လွှတ်မပစ်ရက်ဘူး…အဲ့ဒါက အသုံး၀င်နိုင်တယ်လေ…
အထူးသဖြင့် သူတို့က Sအဆင့်သခင်ကို အခြားမြို့တွင် သွားရှာရန် ပြင်ဆင်နေကြသောကြောင့် ထိုလက်နက်များက သူတို့ကို များစွာ အကူအညီပေးနိုင်ပေသည်။
ဘလပ်စ်က သူ့ကိုယ်သူ ကျေနပ်နေဆဲဖြစ်၏
"ဒီည အရမ်းမိုက်တာပဲ…ငါ နောက်ကြရင် ဒီလို ထပ်လုပ်လို့ ရဦးမလား…"
ယဲ့ကျား မြေခွေးတစ်ကောင်ကဲ့သို့ ပြုံးလိုက်သည်။
"ထပ်လုပ်ရမှာပေါ့…"
သူ လုပ်ရမှာတော့ မဟုတ်ဘူးပေါ့…
ယဲ့ကျား အခန်းတံခါးကို ဖွင့်လိုက်သည်။
အခန်းက မှောင်မည်းနေပြီး အလင်းရောင် မရှိချေ။
သူ ဘေးမှ မီးခလုတ်ဆီသို့ လက်လှမ်းလိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် အေးစက်စက်လက်ချောင်းများက သူ့လက်ကောက်၀တ်ကို ဆုပ်ကိုင်လာပြီး သူ့ကို အမှောင်ထုတွင်း ဆွဲသွင်းလိုက်လေသည်။
ယဲ့ကျားက နံရံတွင် ဖိကပ်ခံထားရသည်။
တစ်ဖက်လူက ခေါင်းငုံ့လိုက်ပြီး သူ့၏ နီရဲနေသော မျက်လုံးများက အမှောင်ထုထဲတွင် ပတ္တမြားသဖွယ် တောက်ပနေကာ နှာဖျားဖြင့် လူငယ်၏ လည်ပင်းကို ပွတ်ဆွဲလိုက်သည်။ သူ့၏ အေးစက်သော ၀င်သက်ထွက်သက်များက လူငယ်၏ နွေးထွေးသော အရေပြားပေါ်သို့ ကျရောက်နေလေသည်။
တစ်ဖက်လူ၏ အသံက နိမ့်နေပြီး အန္တရာယ်အငွေ့အသက်များ ရှိနေလေသည်။
"ကောကော…မင်း ထွက်သွားပြန်ပြီ…"
ယဲ့ကျားက သတိထားမှုကို မြှင့်ထားပြီး လက်နက်ထုတ်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
သို့သော် တစ်ဖက်လူက ရုတ်တရက် လူငယ်လေး၏ လက်ကို လွှတ်ပေးလိုက်ပြီး ခါးကို ပွေ့ဖက်လိုက်ကာ လူငယ်လေး၏ ခေါင်းကို သူ့လက်မောင်းထဲ မြှုပ်ထားလိုက်သည်။
"ကောကော ကျွန်တော့်ကို ထပ်လိမ်ပြန်ပြီ…"
ယဲ့ကျား : "....."
ယဲ့ကျားက ကျီရွှမ်၏အပြုအမူကြောင့် စိတ်ရှုပ်ထွေးသွားခဲ့သည်။
သူ့ပခုံးနှင့် လက်များရှိ ကြွက်သားများက တင်းမာနေကာ စွမ်းအားများကို စုစည်းထားပြီး နောက်တစ်ခဏတွင် တိုက်ခိုက်တော့မည်ဖြစ်သော်လည်း တစ်ဖက်လူ၏ မမျှော်လင့်ထားသော စိတ်ထားက သူ့တိုက်ခိုက်လိုမှုကို နှောင့်ယှက်လိုက်သည်။
ကျီရွှမ်က ခေါင်းကို ယဲ့ကျား၏ လည်တိုင်တွင် နစ်မြှုပ်ထားပြီး နူးညံ့သောအနက်ရောင်ဆံနွယ်များဖြင့် တစ်ဖက်လူ၏ ပါးပြင်နှင့် လည်တိုင်ကို ပွတ်သပ်နေသည်။
ကျီရွှမ်၏ ပါးပြင်က ယခင်ကဲ့သို့ အေးစက်မှုမရှိချေ။ အပူချိန်ညှင်းညှင်းလေးကျန်သည့် ကျောက်စိမ်းကဲ့သို့ပင်ဖြစ်၏။
"ကျီရွှမ်…မင်း..."
ယဲ့ကျားက မျက်မှောင်ကြုတ်လိုက်ပြီး ဖြည်းညှင်းစွာ မေးလိုက်သည်။
"မင်း ဘာဖြစ်နေတာလဲ…"
ကျီရွှမ်က အဖြေပြန်မပေးချေ။ ယဲ့ကျား၏ခါးကို ဖက်ထားသော သူ့လက်ကိုသာ အနည်းငယ် တင်းကြပ်လိုက်သည်။
"..."
ယဲ့ကျားက အားဖြင့် လက်မောင်းတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အခန်းထဲမှ မီးခလုတ်ဆီ လက်လှမ်းလိုက်ကာ မီးဖွင့်လိုက်သည်။
ကျီရွှမ်က တစ်ခုခုမှားနေပုံပေါ်သည်။
သူက အမူအရာမဲ့နေပြီး နားမလည်နိုင်သည့် ဒေါသများ ရှိနေလေသည်။ သူ့မျက်လုံးကို ပင့်ထားပြီး အေးစက်နေကာ လူများကို ရှင်းမပြနိုင်သည့် ဖိအားများ ပေးစွမ်းနေသည်။
ဒါပေမဲ့…
သူ့၏ သူငယ်အိမ်များက ယခင်အခြေအနေပြန်ရောက်သွားပြီး မျက်လုံးက အနည်းငယ် စိုစွတ်နေကာ အလင်းရောင်တွင် ရေထဲ၌ နစ်နေသော ပတ္တမြားသဖွယ် ဖြစ်နေသည်။
ယဲ့ကျား တစ်ဖက်လူကို ကြည့်နေစဉ် ကျီရွှမ်က တွန့်ဆုတ်စွာ ယဲ့ကျားပေါ်သို့ ထပ်မံမှီလိုက်၏။
ယဲ့ကျားက လက်ဆန့်လိုက်ပြီး တစ်ဖက်လူ၏ပခုံးကို ထိလိုက်ကာ နှစ်ယောက်ကြား အကွာအဝေး ခြားထားလိုက်သည်။
"ခဏနေဦး…"
"မင်း ဘာမှတ်မိလို့လဲ…"
ကျီရွှမ် : "ကောကော ကျွန်တော့်ကို ကိုင်ခွင့်ပေးမယ်ဆို…"
ယဲ့ကျား : "ငါ အဲ့လို ဘယ်တုန်းက ပြောဖူးလို့လဲ…"
ကျီရွှမ် : "ကောကောပြောတယ်…ကျွန်တော့်လက်အောက်ငယ်သားတွေကို ကိုင်တွယ်ပြီးရင် ပြန်လာပြီး ကိုင်ခွင့်ပေးမယ်တဲ့…"
ယဲ့ကျား : "..."
အိုး…သူ တကယ်ကြီး အဲ့ဒါကို စကားလုပ်ပြောနေတာလား…
ကျီရွှမ်က စကားဆက်ပြောရန် ပြင်နေသည်ကိုမြင်သောအခါ ယဲ့ကျားက အသက်ပြင်းပြင်းရှူလိုက်ပြီး ဖြတ်ပြောလိုက်သည်။
"အိုကေ…အိုကေ…မင်း ပြောချင်တာကို ငါ နားလည်ပြီ…"
ကျီရွှမ်က ယင်းကို အခွင့်ကောင်းယူကာ ယဲ့ကျား၏ ခါးကို ထပ်မံပွေ့ဖက်လိုက်ပြီး တိုးတိုးပြောလိုက်သည်။
"ကောကော လိမ်တယ်…"
ယဲ့ကျား :"..."
"ခဏနေဦး..."
သူက တစ်ခုခုမှားနေသည်ကို သတိထားမိသွားပြီး မျက်လုံးကို မှေးစင်းလိုက်ကာ အန္တရာယ်အငွေ့အသက်များ ပါသော အသံဖြင့် မေးလိုက်သည်။
"ဒီလိုဆို မင်း အဲ့ဒီအချိန်က နိုးနေတာလား…"
ကျီရွှမ်က သူ့ပါးပြင်ဖြင့် ယဲ့ကျား၏ပခုံးကို ပွတ်သပ်လိုက်ကာ ဝိုးတိုးဝိုးတား ပြောလိုက်သည်။
"မနိုးပါဘူး…"
ယဲ့ကျား : "?"
ကျီရွှမ် : "ကျွန်တော် အဲ့ဒါကို ကြားလိုက်ရုံပဲ…"
ယဲ့ကျား : "..."
သူက လက်ကို ထပ်မံဆန့်ထုတ်လိုက်ပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို တွန်းဖယ်ရန် ကြိုးစားလိုက်သည်။
သို့သော် သူ မထင်ထားသည်က နိုးနေသော ကျီရွှမ်က အိပ်နေသော ကျီရွှမ်ထက် ပိုခက်ခဲခြင်းပင်ဖြစ်သည်။
ဆယ်မိနစ် ကြာပြီးနောက် သူ ကျီရွှမ်၏ခန္ဓာကိုယ်ကို တွန်းခွာလိုက်နိုင်ပြီး ကျော၌လည်း ချွေးများ ရွှဲနေပြီဖြစ်သည်။
ယဲ့ကျားက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ရှေ့မှ တစ္ဆေကို ငုံ့ကြည့်လိုက်သည်။
ကျီရွှမ်က ဆိုဖာပေါ်တွင် ငြိမ်းချမ်းစွာ ထိုင်နေပြီး ယဉ်ကျေးသိမ်မွေ့ဟန် ပေါ်နေသော်လည်း သူ့မျက်လုံးများက ယဲ့ကျား၏ခန္ဓာကိုယ်ကို သေချာ စိုက်ကြည့်နေသည်။
ယဲ့ကျားက မဝံ့မရဲ မေးလိုက်သည်။
"မင်း…ဘာကို မှတ်မိပြန်တာလဲ…"
ကျီရွှမ် : "ကျွန်တော် ကောကောကို ကိုက်ခဲ့တာကို မှတ်မိတယ်..."
ယဲ့ကျား : "တော်တော့…"
သူ အသက်ပြင်းပြင်းရှူလိုက်ပြီး အလွန်ပင်ပန်းနေပုံ ပေါ်လေသည်။
ယဲ့ကျားက လက်ကို ဆန့်ထုတ်လိုက်ပြီး တစ်ဖက်လူ၏နဖူးကို ထိလိုက်သည်။ ထို့နောက် တစ်ဖက်လူက သူ့လက်ကို မပွတ်သပ်မီ လက်ပြန်ရုတ်လိုက်သည်။
သူ ထင်တာမှန်တယ်…ကျီရွှမ်ရဲ့ ခန္ဓာကိုယ်က အပူချိန်မြှင့်နေတယ်…လူသားတွေထက်တော့ နိမ့်ပေမဲ့ ခန္ဓာကိုယ်အပူချိန်မရှိတဲ့ တစ္ဆေသရဲတွေအတွက်တော့ ဒါက ပုံမှန် မဟုတ်ဘူး…
တစ္ဆေတွေက ဖျားနိုင်တာလား…
ယဲ့ကျားက မျက်တောင်ခတ်လိုက်ကာ ဖုန်းထုတ်လိုက်ပြီး လှည့်ထွက်လိုက်သည်။
ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ယဲ့ကျား ရပ်လိုက်ပြီး သူ့နောက်လိုက်နေသော ကျီရွှမ်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"ရပ်…"
ကျီရွှမ်က သူ့၏နီရဲနေသော မျက်လုံးများဖြင့် ယဲ့ကျားကို စိုက်ကြည့်နေသည်။
ယဲ့ကျား : "ထိုင်နေ..."
ကျီရွှမ်က အနည်းငယ် စိတ်ပျက်သွားပြီး ဆိုဖာပေါ် သွားထိုင်နေလိုက်သည်။
ယဲ့ကျားက ကျီရွှမ်ကို စိတ်မသက်သာစွာ တစ်ချက်ကြည့်လိုက်ပြီး မီးဖိုချောင်သို့ လျှောက်သွားကာ အားမီထံ ဖုန်းခေါ်လိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် အားမီက ဖုန်းကိုင်လာလေသည်။
"တစ္ဆေတွေက ဖျားလား…"
ယဲ့ကျား တည့်တည့်မေးလိုက်သည်။
အားမီက ထိုမေးခွန်းကြောင့် အံ့အားသင့်သွားပြီး ပြန်ဖြေလိုက်သည်။
"မဖျားပါဘူး…"
ယဲ့ကျား မလှမ်းမကမ်းမှ ဧည့်ခန်းဆီသို့ လှည့်ကြည့်လိုက်သည်။
ဧည့်ခန်းက မီးရောင်နှင့် လင်းထိန်နေပြီး နေ့ခင်းကဲ့သို့ ဖြစ်နေလေသည်။ အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ယောက်က ဆိုဖာပေါ်တွင် ထိုင်နေပြီး သူ့ကို စိုက်ကြည့်နေ၏။
ယဲ့ကျားက ပြန်လှည့်လိုက်ပြီး ဖုန်းချရန် လုပ်လိုက်သည်။
"အိုကေ…ငါ သိပြီ…"
"ဒါပေမဲ့…"
အားမီက တစ်ခုခုကို သတိရသွားပြီး ပြောလိုက်သည်။
"ဒါပေမဲ့ အဲ့ဒါက ဖြစ်တော့မဖြစ်နိုင်ဘူး…"
ယဲ့ကျား၏ လှုပ်ရှားမှု ရပ်တန့်သွားသည်။
"အဲ့ဒါက ဘာလဲ…"
အားမီ : "တစ္ဆေသရဲတွေဆိုတာ ဝိညာဉ်တွေပဲမလား…ဝိညာဉ်ပျက်စီးမှုဖြစ်လာရင် တစ္ဆေသရဲရဲ့ ခန္ဓာကိုယ်က ပုံမှန်မဟုတ်တော့ဘူး…အဲ့လိုဖြစ်လာရင် ကိုယ်ထင်ပြတဲ့ခန္ဓာကိုယ်ကအပူချိန်တိုးလာတယ်…အဲ့လိုဖြစ်လာရင် ခန္ဓာကိုယ်က ပျက်စီးပြီး ဝိညာဉ်က ခန္ဓာကိုယ်ကို ထပ်ကပ်ရတာပဲ…ဒါပေမဲ့ အဲ့လိုအခြေအနေက အရမ်းရှားတယ်…အဲ့လို ဝိညာဉ်ပျက်စီးမှုက ကိုယ်တိုင်လုပ်မှ ဖြစ်တာလေ…ဘယ်တစ္ဆေသရဲက အဲ့ဒီလို လုပ်မှာလဲ…ဒါနဲ့ မင်းက စွမ်းအားကြီးတစ္ဆေမဟုတ်ဘူးလား…ဘယ်လိုဖြစ်ပြီး မသိရတာလဲ…"
ယဲ့ကျား :"ငါက နိုင်ငံခြားက လာလို့…"
အားမီ : "..."
သူက တိတ်ဆိတ်သွားစဉ် တစ်ဖက်လူက ဖုန်းချသွားလေသည်။
ယဲ့ကျား ဖုန်းကို ဖယ်လိုက်ပြီး သူ့နောက်တွင် ရပ်နေသော ကျီရွှမ်ကို လှည့်ကြည့်လိုက်သည်။
ကျီရွှမ်၏အသံက မှားယွင်းနေလေသည်။
"ဘယ်သူနဲ့ စကားပြောနေတာလဲ…"
အားမီရဲ့ အပြောအရဆို ကျီရွှမ်က ဖျားနေတာပဲ…
ဘာလို့ဆို သူက တံခါးထဲမှာ သူ့ကိုယ်သူ ဆုတ်ဖြဲပြီး သူ့ရဲ့ တစ်စိတ်အပိုင်းကို ပုံရိပ်ယောင်ထဲ ထည့်ထားခဲ့တာမလား…အခု သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ကို ပြုပြင်နေတာပဲ…
ယဲ့ကျားက အာရုံလွင့်စွာ ပြန်ဖြေလိုက်သည်။
"ဘယ်သူနဲ့မှ မပြောပါဘူး…"
ကျီရွှမ်က ရှေ့တိုးလာသည်။
ယဲ့ကျား သတိပြန်၀င်သွားပြီး ထိတ်လန့်စွာ နောက်ဆုတ်လိုက်သည်။
"မလုပ်နဲ့…"
"မင်း မပြောဘူးပေါ့…"
ကျီရွှမ် ခေါင်းငုံ့ကာ သူ့ရှေ့မှ လူငယ်ကို ကြည့်လိုက်သည်။
"ပြီးတော့ မင်းမှာ တခြားတစ္ဆေရဲ့ အနံ့လည်း ရှိနေတယ်...''
သူ့အသံက တည်ငြိမ်နေသော်လည်း ရှာလကာရည်သံ ထွက်နေပေသည်။
ယဲ့ကျား : "..."