အပိုင်း ၉၁
Viewers 10k

Chapter 91



ကျီရွှမ်က ထိုအခြေအနေကို အခွင့်ကောင်းယူလိုက်ကာ လူငယ်လေးကို ပွေ့ဖက်လိုက်ပြီး လူငယ်လေး၏ ညှပ်ရိုးမှ မထင်မရှားကိုက်ရာကို လက်ညှိုးထိပ်ဖြင့် ပွတ်သပ်လိုက်သည်။ ထို့နောက် နှုတ်ခမ်းကို တွန့်လိုက်ပြီး စိတ်ကျေနပ်စွာ ပြောလိုက်သည်။

"အခုတော့ မရှိတော့ဘူး…"

ယဲ့ကျားက အသက်ကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်သည်။

သူ အရမ်းပင်ပန်းနေပြီ…

ယဲ့ကျား :"ဟုတ်တယ်…မင်းမနိုးခင်မှာ အားမီနဲ့ တွေ့ခဲ့တယ်…ပြီးတော့ ငါ ရုပ်သေးသခင်နဲ့တွေ့ချင်တယ်..."

ကျီရွှမ် : "အင်း…ဒါနဲ့ မင်း ကိုယ့်ကို ကတိပေးထားတာကို မှတ်မိသေးလား…"

ယဲ့ကျား မျက်မှောင်ကြုတ်လိုက်သည်။

"ဘာကတိလဲ…"

ကျီရွှမ် : "ကိုယ့်ကို..."

တစ်ဖက်လူ၏ စကားမဆုံးမီ ယဲ့ကျားက ကြားဖြတ်ပြောလိုက်သည်။

"မရဘူး…"

ကျီရွှမ်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

"ကိုယ့်ကိုလိမ်တယ်..."

ယဲ့ကျား :"ဟုတ်တယ်…ငါ မင်းကို လိမ်ခဲ့တာ…"

ကျီရွှမ်: "..."

ကျီရွှမ်က ယဲ့ကျားနှင့် ညှိနှုင်းလိုက်သည်။

"တစ်ည…"

ယဲ့ကျား : "မဖြစ်နိုင်ဘူး..."

ကျီရွှမ် : "ငါးနာရီလောက်..."

ယဲ့ကျား : "အိမ်မက်မက်နေလိုက်..."

ကျီရွှမ် : "နာရီ၀က်…"

ယဲ့ကျား : "ရတယ်..."

ထို့နောက် သူက တစ်ဖက်လူ ပျော်မသွားမီ ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။

"ငါ ပြန်ရောက်ကတည်းကဆို နှစ်ဆယ့်ငါးမိနစ်ရှိပြီ…မင်းမှာ အချိန် ငါးမိနစ်ပဲ ကျန်တယ်နော်…"

ကျီရွှမ် : "..."

ကျီရွှမ်က ယဲ့ကျားကို တွန့်ဆုတ်စွာ လွှတ်ပေးလိုက်သည်။

"ဟုတ်..."

သူပြောပြီးနောက် လက်ကို လေထဲ၌ ဝှေ့ယမ်းလိုက်ပြီး နောက်တစ်စက္ကန့်တွင် သူတို့နှစ်ယောက်က ရင်းနှီးနေသော ကုန်လှောင်ရုံထဲသို့ ရောက်သွားလေသည်။

ကျီရွှမ်က နေရာတွင် ရပ်နေပြီး ပြောလိုက်သည်။

"ကျွန်တော် ဒီမှာ စောင့်နေမယ်…"

ယဲ့ကျား : "အင်း..."

သူ ကျီရွှမ်က သူလိုချင်တဲ့ အဖြေကို သိမှန်း သိပေမဲ့ သူ့ရဲ့ သွေးသားအတားအဆီးက တခြားတစ္ဆေတွေထက် ပိုအားကောင်းမှန်းသိတယ်…ဒါကြောင့် သူ့အထင် မှန်မမှန်ကိုအတည်ပြုဖို့ တခြားတစ္ဆေကိုပဲ ရှာနိုင်တယ်…

ယဲ့ကျားက ကုန်လှောင်ရုံအတွင်းပိုင်းသို့ လမ်းလျှောက်သွားသည်။

‌သင်္ချာစာအုပ်များက နေရာအနှံ့ ပြန့်ကျဲနေပြီး ဒေါသတကြီး ဆုတ်ဖြဲထားသော စာရွက်အပိုင်းအစများလည်း ရှိနေလေသည်။

ရုပ်သေးသခင်က သင်္ချာစာအုပ်များအလယ်တွင် ထိုင်နေပြီး သူ့အရုပ်ကို သူ့ဘေးတွင်သေသေသပ်သပ်ချထားလေသည်။

ယဲ့ကျားကို မြင်သောအခါ ရုပ်သေးသခင်က သူ့အရုပ်ကို သူ့နောက် ဖွက်ထားလိုက်သည်။

"ခင်ဗျား ဘာလာလုပ်တာလဲ…"

ယဲ့ကျား : "မင်း အဆင့်သုံးကစားသမားကိုမှတ်မိလား…"

ရုပ်သေးသခင် : "ဘာ အဆင့်သုံးကစားသမားလဲ…"

ယဲ့ကျား : "အဲ့လိုဆို ငါ မေးခွန်းပြောင်းမေးမယ်…"

ယဲ့ကျားက သူ့ရှေ့မှ ‌တစ္ဆေကို စိုက်ကြည့်လိုက်ပြီး မမြင်ရသောဖိအားတစ်ခုက ပျံ့နှံ့သွားလေသည်။

"တချို့Sအဆင့်စွမ်းအားကြီးတစ္ဆေတွေက ကစားသမားတွေမလား…"

ရုပ်သေးသခင်က သူ့ကို ပြန်ကြည့်လာသော်လည်း အဖြေပြန်မပေးပေ။ သို့‌သော် သူ့အမူအရာက အနည်းငယ် ပြောင်းလဲနေလေသည်။

ယဲ့ကျားက ရုပ်သေးသခင်၏ အဖြေကို မလိုအပ်တော့ပေ။

သူ့ရဲ့တုံ့ပြန်မှုက သူ လိုချင်တဲ့ အဖြေကို ပေးနေပြီပဲ…

ယဲ့ကျား : "ငါ မင်းပြောခဲ့တဲ့ မြို့ကို စစ်ဆေးပြီးပြီ…အဲ့ဒီမှာ တကယ်Sအဆင့်သခင်ရဲ့ ခြေရာလက်ရာရှိနေတယ်…"

ရုပ်သေးသခင်က သူ့ကို တည်ကြည်သော မျက်နှာဖြင့် ကြည့်နေလေသည်။

"မင်းရဲ့ ရည်ရွယ်ချက်က မကောင်းတာ ငါ သိတယ်…ပြီးတော့ မင်းလည်း ငါ အဲ့ဒီကို သေချာပေါက်သွားမှာကို သိတယ်မလား…"

ယဲ့ကျား အေးစက်စွာ ပြုံးလိုက်သည်။

"ငါသာ ဒီတစ္ဆေကို အနိုင်ရရင် မင်း ငါတို့နဲ့ ပူးပေါင်းဖို့ မျှော်လင့်တယ်…"

ရုပ်သေးသခင်၏အမူအရာက ပိုမိုအုပ်မှိုင်းလာပြီး သူ့ရှေ့မှ လူကို အရှင်လတ်လတ် အရေခွံခွာပစ်‌ချင်နေသည့် မျက်လုံးနှင့် စိုက်ကြည့်နေလေသည်။

ယဲ့ကျား ပြုံးကာ ပြောလိုက်သည်။

"အမေက သူ့ကို ထိခိုက်စေမဲ့ အရာတွေကို‌တောင်မှ မင်းကို ပေးသိခဲ့တာ…သူက မင်း အဲ့သတင်းတွေ ငါ့ကို ပေးနေမှန်း သိလောက်ပြီလား…မသိသေးဘူးလား…"

ထိုအခိုက်အတန့်တွင် ရုပ်သေးသခင်၏ မျက်နှာ ပြောင်းလဲသွားလေသည်။

သူ့၏သေးငယ်ဖြူဖျော့သော မျက်နှာလေးတွင် ကြောက်ရွံ့မှုများ ပေါ်လာပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ သွားကြားထဲမှ လေထုတ်ကာ ပြောလိုက်သည်။

"ခင်ဗျား…"

ယဲ့ကျား : "အို…ငါ မင်းကို ခြိမ်းခြောက်နေတာ မဟုတ်ဘူးနော်…"

သူ ပခုံးတွန့်ကာ ပြောလိုက်သည်။

"နံရံပေါ်မှာ နားတွေရှိတယ်လေ…ဟုတ်တယ်မလား…"

"ဒါကြောင့် မင်း အဲ့ဒီပြဿနာအတွက် ကြိုစဉ်းစားထားတာကောင်းမယ်…မင်း ငါတို့နဲ့ ပူးပေါင်းတာက အကောင်းဆုံး‌ပဲ…"

ပြောပြီးနောက် ယဲ့ကျား တစ်ဖက်လူက ပြန်ပြောသည်ကို မစောင့်ပေ။ လှည့်ထွက်လာလေသည်။

ရုပ်သေးသခင်က တစ်ဖက်လူ၏နောက်ကျောကို အပေါက်ဖြစ်သွားသည်အထိ စိုက်ကြည့်နေလေသည်။

ကျီရွှမ်က ထောင့်အမှောင်ထဲတွင် စောင့်နေလေသည်။

ယဲ့ကျား : "သွားရအောင်…"

သူတို့က ကုန်လှောင်ရုံထဲမှ ချက်ချင်း ပျောက်ကွယ်သွားကြပြီး လင်းထိန်နေသော ဧည့်ခန်းသို့ ပြန်လည်ရောက်ရှိလာကြသည်။

ဧည့်ခန်းထဲ ပြန်ရောက်သောအခါ ယဲ့ကျားက တစ်ခုခုကို သတိရသွားပြီး အိတ်ကပ်ထဲမှ ကျောက်တုံးကို ကျီရွှမ်အား ပေးလိုက်သည်။

"ငါ မင်းကို ပြန်ပေးတယ်…"

ကျီရွှမ်က ခေါင်းငုံ့ကာ ယဲ့ကျား၏ လက်ထဲမှ ကျောက်တုံးကို ကြည့်လိုက်သော်လည်း လှမ်းမယူပေ။

"ကောကော မကြိုက်ဘူးလား…"

ယဲ့ကျား : "မလိုအပ်တော့လို့လေ..."

ကျီရွှမ် : "ဒါပေမဲ့ ကျွန်တော် ကောကောကို ပေးထားတာလေ…"

ယဲ့ကျား : "..."

ကျီရွှမ် အရင်က ***ဖြစ်နေပေမဲ့ အနည်းဆုံးတော့ ဒီထက် ကိုင်တွယ်ရလွယ်သေးတယ်…

ထိုအခိုက်အတန့်တွင် ယဲ့ကျား၏ အိတ်ကပ်ထဲမှ ဖုန်းမြည်လာလေသည်။

သူက ဖုန်းကို ထုတ်လိုက်ပြီး ကိုင်လိုက်သည်။

ဘလပ်စ်ဆက်လာခြင်း ဖြစ်၏။

သူတို့ လုယူခဲ့သော လက်နက်များကို အထက်လူကြီးထံ ပို့ပေးပြီး‌ကြောင်း ပြောပြခဲ့ပြီးထောက်လှမ်းရေးပစ္စည်းများကဲ့သို့ အခြေခံကိရိယာများကို ဝူစူးအား ပေးခဲ့ပြီး တိုက်ခိုက်ရေးဌာနနှင့် ထောက်ပံ့ပို့ဆောင်ရေးဌာနသို့ဖြန့်ဝေပေးရန် တောင်းဆိုခဲ့ကြောင်း ပြောပြခဲ့သည်။ သူ ၊ ဝေ့ရွှယ်ချူးနှင့် ချန်ချင်းယဲ့က Fမြို့သွားရန်အတွက် ထိုထဲမှ လက်နက်အချို့ကို ယူထားကြောင်းလည်း ပြောပြခဲ့သည်။

ထိုတိုက်ပွဲတွင် ဆုံးရှုံးခဲ့ရသော ဗျူရိုအတွက် ထိုလက်နက်များက ကာလရှည်ကြာ မိုးခေါင်ရာမှ မိုးရွာလာခြင်းနှင့် တူလေသည်။

ဘလပ်စ်က မေးလိုက်သည်။

"ငါတို့ Fမြို့ကို ဘယ်တော့သွားကြမှာလဲ…"

ယဲ့ကျားက နိုးနေပြီဖြစ်သော ကျီရွှမ်ကို ကြည့်ကာ ပြောလိုက်သည်။

"အခုသွားမယ်…"

သူ ဆက်ပြောလိုက်သည်။

"ဝူစူးကို အားလုံးအဆင်သင့်ဖြစ်ပြီလို့ ပြောလိုက်…"

ဘလပ်စ် : "မင်း ငါ့ကို လက်တိုလက်တောင်းခိုင်းနေတာလား…"

ယဲ့ကျား : "ကျေးဇူးတင်တယ်နော်..."

ထို့နောက် ဖုန်းချလိုက်သည်။

ဘလပ်စ်က အချိန်အတော်ကြာ ဖုန်းစခရင်ကို ကြည့်နေပြီး တစ်ဖက်လူကို မက်ဆေ့ခ်ျပို့လိုက်သည်။

"ဒီတစ်ခါပဲ ရမယ်!!!"

ယဲ့ကျား ထိုမက်ဆေ့ခ်ျကို မြင်သောအခါ တစ်ဖက်လူ၏ စိတ်တိုနေသော အမူအရာကိုပါ တွဲမြင်ယောင်လေသည်။ သို့သော် နောက်တစ်ခဏတွင် ကျီရွှမ်၏ သွယ်လျသောလက်ချောင်းများက ယဲ့ကျား၏ ဖုန်းစခရင်ကို ကွယ်လိုက်လေသည်။

ယဲ့ကျား ထိတ်လန့်သွားပြီး ခေါင်းမော့ကြည့်လိုက်သည်။

ကျီရွှမ်၏ နီရဲနေသော မျက်လုံးများက စိတ်မကျေနပ်နေကြောင်း သိသာလေသည်။

"ကောကော ဘာလို့ ကျွန်တော့်ကို လျစ်လျူရှုထားတာလဲ…ပြီး‌တော့ ဘယ်သူနဲ့ စကားပြောနေတာလဲ…"

ယဲ့ကျား : "လုပ်ဖော်ကိုင်ဖက်ပါ..."

ရုတ်တရက် သူက တစ်ခုခုကို တွေးမိသွားပြီး ပြောလိုက်သည်။

"ငါ ရက်နည်းနည်းကြာရင် Fမြို့ကို သွားမယ်…"

"ကျွန်တော်လည်း လိုက်ခဲ့မယ်…"

ကျီရွှမ်က ချက်ချင်း ပြန်ပြောလိုက်သည်။

ယဲ့ကျား တုံ့ဆိုင်းမှုမရှိ ပြန်ပြောလိုက်သည်။

"မလိုက်နဲ့…"

ကျီရွှမ် : "ဘာလို့လဲ…"

ယဲ့ကျား : "မင်း အခု မင်းရဲ့အခြေအနေကိုပဲ အရင် ဂရုစိုက်သင့်တယ်…"

ကျီရွှမ် အနည်းငယ် ထိတ်လန့်သွားသည်။

သူက ယဲ့ကျားကို ကြောင်အစွာ စိုက်ကြည့်နေပြီး သူ့၏နီရဲနေသော မျက်လုံးများက အလင်း‌ရောင်ထဲတွင် တောက်ပနေလေသည်။

ယဲ့ကျား : "..."

သူက ရုတ်တရက် ဘာဖြစ်သွားတာလဲ…မကျေနပ်လို့လား…

ယဲ့ကျားက တစ်ခုခုပြောရန် ပါးစပ်ဟလိုက်စဉ် တစ်ဖက်လူ၏ နှုတ်ခမ်းထောင့်က ကွေးညွှတ်လာပြီး အလွန်ကျေနပ်နေသည့် အပြုံးကို ပြုံးပြလာလေသည်။

"ကောကော ကျွန်တော့်ကို စိုးရိမ်နေတာလား…"

ယဲ့ကျား : "..."

ငါ မင်းရဲ့အတွေးတွေကိုပဲ စိုးရိမ်တယ်…

အခြားတစ်ဖက်တွင် ဘလပ်စ် ဖုန်းကို အိတ်ကပ်ထဲထည့်ပြီးနောက် ချိန်းကြိုးများနှင့် ဘောင်းဘီအိတ်ကပ်ထဲသို့ လက်ထည့်လိုက်ကာ သူ့မျက်နှာပေါ်တွင် စိတ်ဓာတ်ကျမှုများ ဖုံးလွှမ်းနေသည်။

သူက ဝူစူး၏ရုံးခန်းဆီ သွားလိုက်ပြီး ထိုင်ခုံကို ဆွဲထုတ်လိုက်ကာ ထိုင်လိုက်ပြီး သူ့ခြေထောက်ကို တစ်ဖက်လူ၏ စားပွဲပေါ်တင်လိုက်သည်။

ဝူစူးက သူ့စားပွဲပေါ် ရောက်လာသော ခြေထောက်ကို ကြည့်လိုက်သည်။

ထို့နောက် အသက်ပြင်းပြင်းရှူလိုက်ကာ ပြောလိုက်၏။

"ဘာကိစ္စရှိလို့လဲ…"

ဘလပ်စ် : "အေ့စ်က ပြောတယ်…အားလုံးအဆင်သင့် ဖြစ်ပြီးတဲ့…"

ဝူစူး : "..."

နောက်တစ်ဏတွင် တံခါးက ပွင့်လာပြီး လက်နက်များ ရွေးချယ်ပြီးသော ချန်ချင်းယဲ့နှင့် ဝေ့ရွှယ်ချူးက ရုံးခန်းထဲ ၀င်လာသည်။

ချန်ချင်းယဲ့၏ မျက်လုံးများက စားပွဲပေါ်ရှိခြေ‌ထောက်ပေါ် ရောက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

သူက ဘလပ်စ်၏ ခြေထောက်ကို သူ့လက်ထဲမှ ဖိုင်နှင့် ရိုက်လိုက်ပြီး ပြောလိုက်သည်။

"အောက်ချ…"

ဘလပ်စ် မာနကြီးစွာ ပြောလိုက်သည်။

"ဘာလို့ မင်းပြောသလို လုပ်ရမှာလဲ…"

‌ထိုအခါ ချန်ချင်းယဲ့၏ အင်္ကျီလက်အောက်မှ အားချန်က ခေါင်းထွက်လာပြီး သူ့၏မျက်လုံးများက ထူးဆန်းစွာ ရွှန်းစိုနေသည်။

ဘလပ်စ်က ထိတ်လန့်သွားသည်။ သူက မသိစိတ်အရ နောက်သို့ ဆုတ်လိုက်ပြီး ထိုင်ခုံပေါ်မှ လှန်ကျလုနီးပါးဖြစ်သွားလေသည်။

ချန်ချင်းယဲ့က တစ်ရှူးစိုကို ထုတ်လိုက်ပြီး ဘလပ်စ်က ခြေထောက်တင်သွားသော နေရာကို ဂရုတစိုက် သုတ်လိုက်ကာ တစ်ရှူးစိုကို အမှိုက်ပုံးထဲ ထည့်လိုက်သည်။ ထို့နောက် ဝူ‌စူးဘက်လှည့်ကာ ပြောလိုက်သည်။

"ကျွန်တော်တို့ ဘာဆက်လုပ်ကြမှာလဲ…"

ဝူစူးက မုတ်ဆိတ်ကို ပွတ်သပ်လိုက်ပြီး စားပွဲပေါ်မှ ဖိုင်တစ်ခုကို ယူကာ စားပွဲပေါ် ထင်လိုက်သည်။

"ဒီစုံစမ်းမှုက အချိန်ကြာနိုင်တယ်…မင်း Fမြို့ရဲ့ PIAMBဆီက အကူအညီ ယူသင့်တယ်…ဒီဟာကိုယူသွား…မင်းတို့က ၀န်ထမ်းမဟုတ်တော့ ဒီဟာနဲ့ဆို ယာယီနေရာထိုင်ခင်း စီစဉ်ပေးပြီး ကုန်ကျစရိတ်ကျခံပေးလိမ့်မယ်…"

ဝေ့ရွှယ်ချူးက တစ်ခုခုကို သတိပြုမိသွားသည်။

"ရှင်ရော…ရှင်ရော မလိုက်ဘူးလား…"

ဝူစူး သက်ပြင်းချလိုက်သည်

"ငါ လိုက်လို့မရဘူး…Mမြို့က ကိစ္စတွေကိုကိုင်တွယ်ရဦးမယ်…အထူးသဖြင့် မင်းတို့ ထွက်သွားပြီးရင် ငါ အေ့စ်ရဲ့လက်မှတ်ကို ဖယ်ထားမှာဖြစ်ပေမဲ့ ဘယ်ကစားသမားတွေနဲ့ မကောင်းဆိုးဝါးတွေက သိပြီး ရောက်လာမလဲမသိဘူး…ငါ ဒီနေရာမှာ နေခဲ့မှဖြစ်မှာ…"

ချန်ချင်းယဲ့က ခေါင်းငြိမ့်လိုက်သည်။

"ကျွန်တော် နားလည်ပါတယ်..."

ဝူစူး ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ မင်းတို့ကို လူကြီးတွေနဲ့ ဆက်သွယ်ပေးဖို့ ၀န်ထမ်းဟောင်းတစ်ယောက် လိုမှာပဲ…ငါ ထောက်ပံ့ပို့ဆောင်ရေးဌာနက ကျောက်သုန်ကို အကြုံပြုတယ်…သူက…"

ဝေ့ရွှယ်ချူး မျက်‌တောင်ခတ်လိုက်ပြီး မေးလိုက်သည်။

"ယဲ့ကျားဆိုရင်ရော…"

အခန်းထဲမှ ကျန်လူသုံးယောက် အံ့ဩသွားကြသည်။

အံ့ဩရသည့် အကြောင်းအရင်းများကတော့ မတူကြပေ။

"ယဲ့ကျားလား…"

ဝူစူး မျက်မှောင်ကြုတ်လိုက်သည်။

"သူကလည်း ၀န်ထမ်းဟောင်းပါ…ဒါပေမဲ့ သူ့ရဲ့ အလုပ်အပေါ်ထားတဲ့ စိတ်နေစိတ်ထားက…ဒါနဲ့ မင်း ဘာလို့ သူ့ကို ပြောတာလဲ…"

"သူက ချောတယ်လေ…"

ဝေ့ရွှယ်ချူးက ပခုံးတွန့်ကာ ပြောလိုက်သည်

"ရုပ်ချောတဲ့ ကောင်လေးတွေက အလုပ်လုပ်တာ တော်တယ်လေ…"

"အဲ့ဒါ တကယ်ပဲ..."

ချန်ချင်းယဲ့က မျက်မှန်ကို ပင့်တင်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"သုတေသနအချက်အလက်တွေအရ ရုပ်ချောတဲ့လူတွေက တခြားလူတွေရဲ့ ယုံကြည်မှုကို ရဖို့ ပိုလွယ်တယ်တဲ့…"

ဝူစူး အံ့အားသင့်သွားသည်။

"ဟုတ်တော့လည်း ဟုတ်ပါတယ်…ဒါပေမဲ့…"

"ကြိုက်သလိုလုပ်…"

ဘလပ်စ် ပခုံးတွန့်ကာ ပြောလိုက်သည်။

"ငါ့မှာ ကန့်ကွက်စရာ မရှိဘူး…"

ဝူစူး : "?"

ဘယ်လို အခြေအနေကြီးလဲ…

ကိုယ်ရည်ကိုယ်သွေး ကွဲပြားကြတဲ့ လူ သုံးယောက်ရဲ့ နှစ်သက်မှုတွေကိုလူတစ်ယောက်တည်းက ရနေတာလား…

ဝူစူးက လက်မြှောက်လိုက်ပြီး မုတ်ဆိတ်ကို ပွတ်သပ်လိုက်သည်။ သူ အလှအပကုထုံးအချို့ကို ခံယူရန် စဥ်းစားနေမိ၏။

ယဲ့ကျားက စိတ်ပိုင်းဆိုင်ရာ ဖိအားအနည်းငယ်ကို ခံစားနေရ၏။

ယခုအချိန်တွင် Mမြို့မှ Fမြို့သို့ သွားလာသူနည်းပါးပြီး ရထားပေါ်တွင် သူတို့လေးယောက် အပါအဝင် လူသိပ်မရှိချေ။

ဝေ့ရွှယ်ချူးက ပြတင်းပေါက်ကို ပျင်းရိစွာ ကြည့်နေပြီး ချန်ချင်းယဲ့က သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်။

သူတို့သုံးယောက်ထဲတွင် ဘလပ်စ်က အသိသာဆုံးဖြစ်ပြီး သူ့ကို မကြာခဏ တကြည့်ကြည့် ကြည့်နေလေသည်။ သူက ဘလပ်စ် ကိုပြန်ကြည့်လိုက်လျှင် အကြည့်လွှဲလွှဲ သွား၏။

အားလုံးက ယဲ့ကျားကို မသိချင်ယောင် ‌ဆောင်နေကြသည်။

ယဲ့ကျား : "..."

လေထု တကယ်ကို ထူးဆန်းနေတယ်…

ကံကောင်းစွာနှင့် အမြန်ရထားဖြစ်သည့်အတွက် Fမြို့သို့ မကြာမီ ရောက်သွားလေသည်။

ရထားပေါ်မှ ဆင်းပြီးနောက် ယဲ့ကျား စိတ်သက်သာရစွာ သက်ပြင်းချလိုက်သည်။

ကောင်းတယ်…အနည်းဆုံးတော့ အလုံပိတ်နေရာမှာ အတူမနေရ‌တော့ဘူးပေါ့…

သူတို့ Fမြို့၏ ဗျုရိုခွဲသို့ ဦးစွာသွားလိုက်သည်။

ယဲ့ကျားက ပျင်းရိတတ်သော်လည်း လူမှုဆက်ဆံရေးတွင် ပြဿနာ မရှိချေ။ အထူးသဖြင့် မျက်နှာပေါ်က အပြုံးလေးနှင့်ဆိုလျှင် တစ်ဖက်လူကို လွှမ်းမိုးနိုင်သည်။

မကြာမီတွင် သူတို့ Fမြို့ရှိ သက်ဆိုင်ရာဌာနများကို အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့ပြီး အချက်အလက်များစွာကို ရယူရမည်ဖြစ်သည့်အလျောက် ယနေ့အတွက် အချို့အချက်အလက်များ၏ တစ်စိတ်တစ်ပိုင်းကိုသာ ရရှိခဲ့ပြီး ကျန်အချက်အလက်များအား ရရှိရန် အချိန်အချို့ယူရမည်ဖြစ်သည်။

သူတို့ကို တာ၀န်ယူရသည့် ၀န်ထမ်းက ထောက်ပံ့ပို့ဆောင်ရေးဌာနမှ လျန်ရီ ဖြစ်သည်။

လျန်ရီ စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"ဒီနေ့ နောက်ကျနေပြီ…ဘာလို့ ဟိုတယ်သွားပြီး အနားမယူကြတာလဲ…ငါတို့ မနက်ဖြန်အချက်အလက်တွေရလာရင် လာအကြောင်းကြားမယ်လေ…"

ယဲ့ကျား ခေါင်းငြိမ့်လိုက်သည်။

"အဲ့လို လုပ်ကြတာပေါ့…"

ဗျူရိုရှိ အထက်လူကြီးများက သူတို့က ကစားသမားများဖြစ်ကြောင်း သိရှိထားပြီးဖြစ်ပြီး ပါလာသော ၀န်ထမ်းအတွက်ပါ အခန်းလေးခန်း ပြင်ဆင်ပေးထားသည်။

ယဲ့ကျား၏ အထောက်အထားကို ဗျူရိုတွင် ရှိစဉ်ကပင် လျှို့ဝှက်ထားခဲ့သောကြောင့် ယခု စာရင်းတွင် မပါ၀င်‌ချေ။

ထောက်ပံ့ပို့ဆောင်ရေးဌာန၏ ၀န်ထမ်းအဖြစ် ပါ၀င်လာသည့် ယဲ့ကျားက အလွန်ကံကောင်းသောကြောင့် သီးသန့်အခန်းရခဲ့ခြင်းဖြစ်သည်။

သူတို့လေးယောက် အချင်းချင်း နှုတ်ဆက်ပြီးနောက် သက်ဆိုင်ရာအခန်းများသို့ ၀င်သွားလိုက်သည်။

ယဲ့ကျား ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး သူရလာသော အချက်အလက်များကို ကြည့်လိုက်သည်။

သူတို့က မတော်တ‌ဆသေဆုံးမှု၊ သဘာ၀အလျောက်‌သေဆုံးမှုများနှင့် ပတ်သတ်သည့်အချက်အလက်များကို လိုချင်ခြင်းဖြစ်ပြီး ထိုအချက်အလက်များက များစွာရှိလေသည်။

ယဲ့ကျားက သူ့လက်ထဲမှ အချက်အလက်များကို လျင်မြန်စွာ စစ်ဆေးလိုက်သည်။

နှလုံးရောဂါ…

ကားမ‌တော်တဆ…

ပစ္စည်းပြုတ်ကျမှု…

ထူးခြားတာ မရှိဘူး…

သူ စဉ်းစားမရဖြစ်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

......

ဟိုတယ်နှင့် အနည်းငယ် ကွာဝေးသည့်နေရာတွင်…

၀တ်စုံပြည့်၀တ်ထားသည့် သက်လတ်အမျိုးသားတစ်ဦးက အိမ်သို့ ပျော်ရွှင်စွာ ပြန်လာလေသည်။ သူ့၏ သားရေဖိနပ်က အနည်းငယ်ဟောင်းနွမ်းနေပြီး ၀တ်စုံက နှစ်အနည်းငယ်ကြာ ၀တ်ဆင်ထားသကဲ့သို့ ဟောင်းနေသော်လည်း သူ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ရှိနေလေသည်။ သူ့လက်တစ်ဖက်တွင် ပန်းစည်းတစ်စည်း ကိုင်ထားပြီး မိသားစုကို စပရိုက်တိုက်ချင်ပုံရသည်။

သို့သော် ထိုအချိန်တွင် ကုန်တင်ကားကြီးတစ်စီးက အကွာအဝေးတစ်ခုမှ လာနေလေသည်။ ကုန်တင်ကားပေါ်တွင် စတီး‌ချောင်းများသယ်လာလေသည်။ ထိုစတီး‌ချောင်းများကိုသေချာ စည်းနှောင်ထားသည်။

ကားလမ်း၏အလယ်တွင် ကျောက်တုံးတစ်တုံးရှိနေသည်။

ကုန်တင်ကားဒရိုင်ဘာက သမ်းဝေနေလေသည်။

ကျောက်တုံးကို တိုက်မိသောအခါ ကားက ပြင်းထန်စွာ လှုပ်ခါသွားလေသည်။

ထိုအခါ စတီးချောင်းတစ်ချောင်းက လွှင့်ထွက်သွားလေသည်။ ထိုစတီးပိုက်က ၀တ်စုံပြည့်နှင့်သက်လတ်ပိုင်းအမျိုးသားဆီသို့ အရှိန်ပြင်းစွာ ပျံသန်းသွားသည်။

ထိုအမျိုးသား၏ မျက်နှာက ပြုံးနေဆဲဖြစ်၏။

ထိုအခိုက်အတန့်တွင် ချွန်ထက်သော စတီးချောင်းက ထိုအမျိုးသား၏ မျက်လုံးထဲသို့ တည့်တည့်စိုက်၀င်သွားပြီး ဦးခေါင်းတစ်လျှောက် ဆက်၀င်သွားလေသည်။

"အားးးးး"

တစ်ခဏလောက် တိတ်ဆိတ်သွားပြီးနောက် လမ်းပေါ်၌ အော်သံများ ထွက်ပေါ်လာလေသည်။

"ရဲကို မြန်မြန်ခေါ်…"

"လူကိုကယ်…လူကို ကယ်ကြပါဦး…"

ထိုအမျိုးသား၏ အိတ်ကပ်ထဲမှ တစ်ခုခု ထွက်ကျလာကာ မြေပြင်ပေါ်သို့ ရောက်သွားအခါ လောင်ကျွမ်းသွားပြီး ‌လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို မည်သူမှ မမြင်လိုက်ပေ။

..........


ဟိုတယ်ထဲ၌…

အချိန်ကြာမြင့်စွာ အချက်အလက်များကို ကြည့်ပြီးနောက် ယဲ့ကျား မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ဖိုင်ကို ကုတင်ဘေး ချလိုက်သည်။

သူက ဆေးကြောပြီးနောက် ကုတင်ပေါ် တက်လိုက်ပြီး မီးပိတ်လိုက်သည်။

သူ အိိပ်‌‌ပျော်လုနီးပါးဖြစ်နေစဉ် ယဲ့ကျား ကုတင်ဘေးတွင် တစ်ခုခုရှိနေသည်ကို ခံစားမိလိုက်သည်။

သူ အိပ်ချင်စိတ် ပျောက်ဆုံးသွားပြီး မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။

ထိုအခါ အမှောင်ထဲတွင် ကုတင်ဘေး၌ ရပ်နေသော ကျီရွှမ်ကို တွေ့လိုက်ရပြီး သူက စောင်ထဲသို့၀င်ရန် စောင်ကို ဆွဲလှန်နေလေသည်။

ယဲ့ကျား : "..."

သူက အသက်ပြင်းပြင်းရှူလိုက်ပြီး အံကြိတ်လိုက်ကာ ပြောလိုက်သည်။

"မင်းကို ငါ့နောက်မလိုက်နဲ့လို့ မပြောထားဘူးလား…"

ကျီရွှမ်က မျက်တောင်ခတ်လိုက်ပြီး အပြစ်ကင်းစင်စွာ ပြောလိုက်သည်။

"ဒါပေမဲ့ ငါးမိနစ်ကျန်သေးတယ်လေ…"