Chapter 92
"ဒါပေမဲ့ ငါးမိနစ်ကျန်သေးတယ်လေ..."
ယဲ့ကျား : "..."
ယဲ့ကျားက အံ့အားသင့်နေစဉ် ကျီရွှမ်က ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး စောင်ထဲသို့ ၀င်လာလေသည်။
ယဲ့ကျားက သူ့အိပ်ရာဘေး နစ်၀င်သွားသည်ကိုခံစားမိပြီး တစ်ဖက်လူက သူ့ကို မြွေသဖွယ်တင်းကြပ်စွာ ဖက်တွယ်ထားလေသည်။
ကျီရွှမ်က သူ့မေးစေ့ဖြင့် လူငယ်လေး၏ လည်တိုင်ကို ပွတ်သပ်လိုက်သည်။
ယဲ့ကျားက တောင့်တင်းသွားသည်။
"လွှတ်ပေး…"
ကျီရွှမ် : "မလွှတ်ပေးဘူး…"
ယဲ့ကျားက စတင်ရုန်းကန်လာသည်။
"လွှတ်ပေး…"
ကျီရွှမ်က ပိုမိုတင်းကြပ်စွာ ဖက်ထားလိုက်၏။
"မလွှတ်ပေးဘူး…"
ယဲ့ကျား :"..."
မူလတန်းကလေးတွေ ရန်ဖြစ်နေသလိုပဲ…
ကျီရွှမ် :"ကောကော အချိန်ကျန်သေးတယ်လေ…"
ယဲ့ကျားက မျက်လုံးမှိတ်လိုက်ပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။
"ငါးမိနစ်ပဲ ရမယ်…"
ကျီရွှမ်က နှုတ်ခမ်းထောင့်ကို ကွေးညွှတ်လိုက်ပြီး သူ့၏နီရဲနေသော မျက်လုံးများက အမှောင်ထဲတွင် ၀င်းလက်နေလေသည်။ သူက လူငယ်လေးကို တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး လူငယ်လေး၏ အသက်ရှူသောအခါ ရင်ဘတ် နိမ့်မြင့်လာသည့် ကြိမ်နှုန်းနှင့် နံရိုးအောက်မှ နှလုံးခုန်သံကို ခံစားနေလေသည်။
ယဲ့ကျားက နောက်ဆုတ်လိုက်သည်။
"အရမ်း ကပ်နေတယ်…"
သူ့နားရွက်ထိပ်များက အနည်းငယ် နီရဲနေသော်လည်း ၎င်းတို့ကို အမှောင်ထုက ဖုံးကွယ်ပေးထားလေသည်။
ကျီရွှမ်က မျက်ခုံးကို ပင့်လိုက်ပြီး သူ့အကြည့်များက တစ်ဖက်လူ၏ နားရွက်ပေါ်သို့ ရောက်သွားကာနှုတ်ခမ်းကို လျှာဖြင့် လျှက်လိုက်သည်။
ထို့နောက် သူက ဖက်ထားသောအားကို ဖြေလျှော့ပေးလိုက်သည်။
ယဲ့ကျားက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ထို့နောက် သူ့စိတ်ထဲတွင် အချိန်ကို ရေတွက်လိုက်သည်။
လေးမိနစ်ပဲ ကျန်တော့တယ်…
သူ့ဘေးတွင် အမျိုးသားတစ်ယောက်ရှိနေသည်ကို လျစ်လျူရှုရန် ခက်ခဲလေသည်။
Fမြို့က Mမြို့ထက် အနည်းငယ်ပိုပူလေသည်။ နွေရာသီကုန်ဆုံးသွားပြီ ဖြစ်သော်လည်း ပူနေဆဲ ဖြစ်သည်။ ထို့အပြင် Fမြို့က မြစ်ဝှမ်းတွင် ရှိသော်လည်း အပူချိန်က မနည်းပေ။ သူ အပူဒဏ်ကို မကြောက်သော်လည်း မသက်မသာ ခံစားရဆဲဖြစ်သည်။
ကျီရွှမ်၏ ခန္ဒာကိုယ်က ယခင်လို အေးစက်နေခြင်း မဟုတ်ပေ။ ယခု အေးမြသော ကျောက်စိမ်းသဖွယ် ဖြစ်နေလေသည်။ သူ့ခန္ဓာကိုယ်တွင် အပူချိန် အနည်းငယ် ရှိသည်။
သုံးမိနစ်ပဲ ကျန်တော့တယ်…
ယဲ့ကျားက သမ်းဝေလိုက်သည်။
ယဲ့ကျားက ပုံရိပ်ယောင်ထဲတွင် အလွန်နိုးကြားစွာ နေခဲ့ရလေသည်။ အပြင်ကမ္ဘာတွင် မိနစ်အနည်းငယ်သာ ကြာသော်လည်း သူ့အတွက်မူ ရက်အနည်းငယ် ကြာခဲ့ခြင်းဖြစ်သည်။
ထိုမှထွက်လာသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်သော်လည်း ယဲ့ကျားက အနားယူခဲလေသည်။
ယဲ့ကျားက မြင့်မားသော အာရုံစူးစိုက်နိုင်စွမ်း ရှိစေရန် ထိုနည်းလမ်းကို ကျင့်သုံးလေသည်။ အဆုံးတွင် ဂိမ်းထဲမှ ဖြစ်ရပ်များ၏ အချိန်များက မတူညီပေ။ တစ်မှေးအိပ်ခြင်းက သေခြင်းကို ခေါ်ဆောင်နိုင်ပေသည်။ ထို့ကြောင့် စီနီယာကစားသမား အများစုက ဖြစ်ရပ်များထဲတွင် အိပ်ချိန်ကို အတတ်နိုင်ဆုံး နည်းနိုင်သမျှ နည်းအောင် ကြိုးစားကြရလေသည်။ အမြဲတစေ သတိအနေအထားကို ထိန်းသိမ်းထားသည်။
နှစ်မိနစ်ပဲ ကျန်တော့တယ်…
ယဲ့ကျား၏ မျက်ခွံများက အနည်းငယ် လေးလံလာပြီး မထိန်းချုပ်နိုင်သော အိပ်စက်ခြင်းက သူ့ကို အမှောင်ထုတွင်းသို့ ဆွဲခေါ်သွားလေသည်။
တစ်မိနစ်ပဲ…ကျန်…တော့…
အမှောင်ထဲတွင် ကျီရွှမ်က မျက်လုံးကို ဖွင့်လိုက်ပြီး အသက်ရှူသံများ တဖြည်းဖြည်း တည်ငြိမ်သွားသော ယဲ့ကျားကို ကြည့်လိုက်သည်။ သူက စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီး ပါးစပ်လှုပ်ကာ ပြောလိုက်သည်။
ဂွတ်နိုက်ပါ…ကောကော…
မနက်ခင်းနေရောင်ခြည်က တစ်၀က်ဖွင့်ထားသော လိုက်ကာမှတစ်ဆင့် လူငယ်လေး၏ ဖြူဖျော့သော မျက်နှာထက်သို့ တိတ်ဆိတ်စွာ ကျဆင်းလာလေသည်။
ယဲ့ကျား၏ မျက်တောင်များက လှုပ်လာသည်။
သူက ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်ပြီး နေရောင်ခြည်အောက်တွင် ကြည်လင်ပြီး အရည်ရွှန်းလဲ့နေသော ပယင်းရောင် မျက်လုံးတစ်စုံ ပေါ်လာလေ၏။
နောက်တစ်ခဏတွင် ယဲ့ကျားက သူ့ဘေးမှ အခြားလူတစ်ယောက်၏ ခန္ဓာကိုယ်ကို ခံစားလိုက်ရသည်။
"ဂွတ်မောနင်း..."
တစ်ဖက်လူ၏ အက်ရှရှအသံကို ကြားလိုက်ရလေသည်။
ယဲ့ကျားက ထိတ်လန့်သွားပြီး ကုတင်ပေါ်မှ အလိုအလျောက် ခုန်ဆင်းမိသွားသည်။
မျက်စိတစ်မှိတ်အတွင်း မီတာအနည်းငယ် ကွာဝေးသွားလေသည်။
ကျီရွှမ်က မျက်တောင်ခတ်လိုက်ပြီး လက်မောင်းကိုမြှောက်ကာ အညောင်းဆန့်လိုက်သည်။
သူက ရိုးရှင်းသော ရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး အချိန်အကြာကြီး အိပ်နေခဲ့သည့်အတွက် အင်္ကျီက တွန့်ကြေနေလေသည်။ ကြယ်သီးကလည်း ပြုတ်နေပြီး ရင်ဘက်တစ်၀က်ကို ထုတ်ဖော်ပြထားလေသည်။
"မင်း အိပ်နေတာလား…"
ယဲ့ကျား၏ အမူအရာက အနည်းငယ် ပြင်းထန်နေလေသည်။ သူက အံကြိတ်ကာ ပြောလိုက်သည်။
"ဒါက ငါးမိနစ် မဟုတ်ဘူးလေ…"
ကျီရွှမ် ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် နံရံပေါ်မှ နာရီကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ခုနစ်နာရီနဲ့ လေးဆယ့်လေးမိနစ်ပဲ…"
"ဟမ်..."
ကျီရွှမ်က မျက်လုံးကို ပင့်လိုက်ပြီး ယဲ့ကျားကို ကြည့်လိုက်သည်။ သူ့၏နီရဲသော မျက်လုံးတစ်စုံက နေရောင်အောက်တွင် ကျောက်မျက်ရတနာသဖွယ် တောက်ပနေလေသည်။ သူက ဂရုတစိုက် တွက်ချက်လိုက်ပြီး ပြောလိုက်သည်။
"ကြည့်ရတာ ကျွန်တော်က ကောကောအပေါ် ခုနစ်နာရီနဲ့ သုံးဆယ့်ကိုးမိနစ် အကြွေးတင်သွားပြီပဲ…"
သူက လက်မောင်းကို ဖွင့်လိုက်သည်။
"အချိန်မရွေး အကြွေးလာယူလို့ ရတယ်နော်…"
ယဲ့ကျား : "..."
ယဲ့ကျားက လက်ကို မြှောက်ကာ နှာခေါင်းကို ဖိလိုက်သည်။ သူ့ဒေါသများက မြင့်တက်လာလေသည်။
ကျီရွှမ်က မျက်တောင်ခတ်လိုက်သည်။
ထို့နောက် လက်ကို ဆန့်လိုက်ပြီး ယဲ့ကျားကြောင့် ကွာသွားသော စောင်ကို ဆွဲလိုက်ကာ ဖြည်းညှင်းစွာ ခြုံလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ကလေးပုံစံပြန်ပြောင်းသွားပြီး တစ်ဖက်လူ၏ ဒေါသကို ရှောင်ချင်သကဲ့သို့ စောင်အောက်သို့ တိုး၀င်သွားလေသည်။
ယဲ့ကျား : "မင်း ဘာလုပ်နေတာလဲ…"
ကောင်လေးက စောင်ကို မျက်လုံးအောက်သို့ ဆွဲချလိုက်ကာ ကလေးဆန်စွာ ပြန်ဖြေလာသည်။
"အိပ်မလို့…"
ယဲ့ကျားက ဒေါသထွက်လွန်း၍ ရယ်ပင် ရယ်ချင်လာလေသည်။
"မင်းက တစ္ဆေ မဟုတ်ဘူးလား…'
ကျီရွှမ်က သမ်းဝေလိုက်သည်။
"ဒါပေမဲ့..."
သူ့မျက်ခွံများက ကျဆင်းလာပြီး အိပ်ပျော်တော့မည်ဟန် ပေါ်နေလေသည်။
"ကျွန်တော်က ဖျားနေတာလေ…"
သူက ဤစကားကို လိမ်ပြောခြင်း မဟုတ်ပေ။
သူက သူ့ကိုယ်သူ ကုသနေတုန်း ဖြစ်လို့ နိုးနေရတာ အရမ်းပင်ပန်းတယ်…သူ မအိပ်ဘဲ နှစ်ရက်လောက်ပဲ နေနိုင်တယ်…
ယဲ့ကျားက မျက်မှောင်ကြုတ်လိုက်သည်။
"ဒီလိုဆို မင်း ဘာလို့ မနေ့ညက မအိပ်နေလဲ…"
ကောင်လေး၏ မျက်လုံးများက လူငယ်ကို စိုက်ကြည့်နေပြီး သူ့အသံက စောင်အောက်မှ ထွက်လာသောကြောင့် အနည်းငယ် ဗလုံးဗထွေးဖြစ်နေလေသည်။
"ဘာလို့ဆို ကောကောနဲ့ နေရတဲ့ အချိန်က အရမ်းတန်ဖိုးရှိတယ်…မဖြုန်းပစ်နိုင်ဘူး…"
ယဲ့ကျားက ထိတ်လန့်သွားလေသည်။
အဖြေဖြေပြီးနောက် ကျီရွှမ်၏ မျက်လုံးများက တဖြည်းဖြည်း မှိတ်သွားလေသည်။ သူက တကယ် အိပ်ပျော်သွားပုံ ပေါ်လေသည်။
ယဲ့ကျား၏အကြည့်က အိပ်ရာပေါ်မှ ကောင်လေးပေါ်သို့ အချိန်အနည်းငယ်ခန့် ကျရောက်နေလေသည်။
ထို့နောက် မျက်မှောင်ကြုတ်လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။
သူက တစ်ဖက်လူနှင့် တစ်ညလုံး ဘေးချင်းကပ်ပြီး အတူတူ အိပ်ခဲ့သည်ကို မယုံနိုင်ပေ။ ဂိမ်းထဲတွင်ပင် ထိုကဲ့သို့ မဖြစ်ဖူးချေ။
ကြည့်ရတာ သူက တစ်ဖက်လူကို ရန်သူလို သဘောမထားတော့ဘဲ သူ့တည်ရှိမှုကို လက်ခံလာသလိုပဲ…
ယဲ့ကျား၏ မျက်ခုံးများက ကျုံ့သွားသည်။
သူက ရေချိုးခန်းထဲသွားပြီး ရေမိုးချိုးအ၀တ်လဲပြီးနောက် ကုတင်ဘေးမှ ဖိုင်ကို ကောက်ယူကာ အခန်းထဲမှ ထွက်လာခဲ့သည်။
ထွက်မခွာမီ ယဲ့ကျားက သူ့နောက်မှ အခန်းကို တစ်ချက်လှည့်ကြည့်ခဲ့သည်။
သူ အခုတလော အရမ်းပင်ပန်းတယ်…
ယဲ့ကျားက အခန်းကတ်ကို ဆွဲထုတ်လိုက်ပြီး လှည့်ထွက်လာခဲ့သည်။
သူ့နောက်က တံခါးက ဂျောက်ခနဲ ပြန်ပိတ်သွားလေသည်။
သူက ရုတ်တရက် ကျီရွှမ်ကို Mမြို့သို့ ပြန်ခိုင်းရန် မေ့သွားသည်ကို သတိရသွားသည်။
သို့သော်ငြားလည်း ကျီရွှမ်က ဟိုတယ်တွင် အိပ်နေခြင်းက သူ့ကိစ္စတွင် ကြီးမားသော သက်ရောက်မှု မရှိနိုင်ချေ။ အလွန်ဆုံးက သူ ယနေ့ည အိပ်ရာပြောင်းအိပ်ရန်သာ ရှိသည်။
သူ့မစ်ရှင်မှာ မပါလာသရွေ့ ပြဿနာမရှိဘူး…
ယဲ့ကျားက သူ့အတွေးများကို ပြင်ဆင်ပြီးနောက် လော်ဘီမှ ကျန်သုံးယောက်ကို တွေ့ရန် အောက်ဆင်းလာခဲ့သည်။
"ဘယ်လိုလဲ…ထူးဆန်းတာ ရှာတွေ့လား…"
လက်ထဲတွင် ဖိုင်များစွာ ကိုင်ထားသော ချန်ချင်းယဲ့က မျက်မှန်ကို ပင့်တင်ကာ မေးလိုက်သည်။
"မတွေ့ဘူး..."
ဝေ့ရွှယ်ချူးက ပခုံးတွန့်သည်။
"အားလုံးက ပုံမှန်မဟုတ်တဲ့ သေခြင်းတွေပဲ…သူတို့တွေက အရမ်းများတယ်…ဒါပေမဲ့ ထူးခြားနေတာ မရှိဘူး…"
ထိုအချိန်တွင် ယဲ့ကျားက ရောက်လာပြီး ခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော်ရောပဲ…"
ဘလပ်စ်က သဘာ၀မကျစွာ ချောင်းဆိုးလိုက်ပြီး ဘာမှ ၀င်မပြောပေ။
ဝေ့ရွှယ်ချူး မျက်လုံးကို မှေးကြည့်လိုက်၏။
"ဘလပ်စ်…နင် အဲ့ဒါကို ကြည့်ခဲ့လား…"
"ငါ…ငါ ကြည့်ခဲ့တယ်…"
ဘလပ်စ်က မျက်လုံးပြူးကာ ပြန်ပြောလိုက်သည်။
အားလုံး၏ မျက်လုံးများက သူ့ကို စိုက်ကြည့်နေကြလေသည်။ အားလုံး၏ အကြည့်အောက်တွင် ဘလပ်စ်၏ မျက်နှာက တဖြည်းဖြည်း နီလာပြီး အပြစ်ရှိစိတ်ကြောင့် တိုးတိုး ပြောလိုက်သည်။
"ဒါ…ဒါပေမဲ့…အဲ့ဒါက အရမ်းပျင်းဖို့ ကောင်းတယ်…အဲ့ဒါကြောင့် ငါ…"
"ဘာဖြစ်လဲ…"
ချန်ချင်းယဲ့ မေးလိုက်သည်။
"အိပ်ပျော်သွားတယ်…"
ဘလပ်စ်က တိုးတိုးပြန်ဖြေလိုက်သည်။
ထို့ကြောင့် Fမြို့ရှိ PIAMBသို့ သွားရာလမ်းတွင် အားလုံးက မျက်လုံးမှိတ်ကာ အနားယူနေစဉ် ဘလပ်စ်တစ်ယောက်တည်းကသာ မနေ့ညက မပြီးပြတ်ခဲ့သော ဖိုင်ကို ဖတ်နေရလေသည်။ အားချန်က သူ့နောက်တွင် ရှိနေသည်။ သူက အာရုံပျံ့လွင့်သွားခြင်းဖြစ်စေ၊ ပျင်းရိသွားခြင်းဖြစ်စေ ယင်းကို သတိပြုမိလိုက်သည်နှင့် လက်ဖြင့်ထိုးကာ သတိပေးမည်ဖြစ်သည်။
ဘလပ်စ်က မျက်ရည်မကျ၊ ငိုချင်လာလေသည်။ သူက ဖိုင်ကို ဖတ်နေရန်သာ တတ်နိုင်လေသည်။
မင်းတို့အားလုံးက နတ်ဆိုးတွေပဲ…
နောက်ဆုံးတွင် သူတို့က Fမြို့ရှိ PIAMBသို့ ရောက်ရှိလာကြပြီး ယဲ့ကျားနှင့် အခြားနှစ်ယောက်က စကားပြောရန် အထဲ၀င်သွားစဉ် ဘလပ်စ်က လော်ဘီတွင် ဖိုင်ဖတ်ကာ နေခဲ့ရလေသည်။
"..."
မင်းတို့ကောင်တွေ အရမ်းရက်စက်တာပဲ…
လိုချင်သော အချက်အလက်များပါသည့် USBကို ခေါင်းဆောင်က သူတို့ထံ ပေးလာသည်။
"မင်းတို့ လိုချင်တာတွေက ဒီထဲမှာ…"
ဝေ့ရွှယ်ချူးက မျက်တောင်ခတ်လိုက်သည်။
"စာရွက်…စာရွက်တွေ မဟုတ်ဘူးလား…"
သူက ဂိမ်းထဲတွင် အချိန်ကြာမြင့်စွာ နေခဲ့သောကြောင့် ခေတ်မီလူ့အဖွဲ့အစည်းနှင့် အဆက်ပြတ်သွားလေသည်။ သူ ထိုကဲ့သို့သော နည်းပညာများကို ကိုင်တွယ်ရမည့်အစား တစ္ဆေများနှင့်သာ ရင်ဆိုင်လိုက်ချင်သည်။
ထိုအခါ ဘေးမှ ၀န်ထမ်းက သူ့ကို ငတုံးတစ်ယောက်သဖွယ် ကြည့်လိုက်သည်။
"Fမြို့မှာ တစ္ဆေတံခါးပွင့်ပြီးကတည်းက သဘာ၀အတိုင်း သေဆုံးမှုတွေ၊ မတော်တဆ သေဆုံးမှုတွေ ဘယ်လောက်များလဲ သိလား…ဒါ့အပြင် အလောင်းခွဲစိတ်စစ်ဆေးတာရဲ့ အစီရင်ခံစာတွေ ရှိသေးတယ်…စာရွက်တွေနဲ့သာဆို အခန်းတစ်ခန်းတောင် မလောက်ဘူး…"
ဝေ့ရွှယ်ချူး: "..."
ချန်ချင်းယဲ့က လက်ဆန့်ကာ USBကို လှမ်းယူလိုက်ပြီး ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်…"
ထို့နောက် သူတို့သုံးယောက်က ထွက်လာခဲ့ကြလေသည်။
ဝေ့ရွှယ်ချူးက တိုးတိုးမေးလိုက်သည်။
"တကယ် အများကြီးရှိတာလား…"
သူတို့ထဲတွင် နည်းပညာကို နားအလည်ဆုံးသူဖြစ်သည့် ချန်ချင်းယဲ့က အံ့ဩသွားပြီး ခေါင်းငြိမ့်လိုက်သည်။
"အင်း…"
ဝေ့ရွှယ်ချူးက အံ့အားသင့်သွားသည်။
"ဒီလိုဆို ဘယ်အချိန်မှ ပြီးမှာလဲ…"
ချန်ချင်းယဲ့က သက်ပြင်းချလိုက်သည်။
"မသိဘူး…"
သူတို့က ဒီအချက်အလက်တွေကို ကိုင်တွယ်ဖို့ အချိန်တော်တော် ယူရမယ်…
ဝေ့ရွှယ်ချူး :"ငါတို့ ဒီတစ္ဆေနေရာမှာ ကြာကြာနေမှာတော့ မဟုတ်ပါဘူးနော်…"
သူ့အသံက အလွန်ကျယ်သောကြောင့် ဖြတ်သွားဖြတ်လာ ၀န်ထမ်းများက သူ့ကို လှည့်ကြည့်သွားကြလေသည်။
ယဲ့ကျား :"အသံ အရမ်းကျယ်လွန်းတယ်…"
ဝေ့ရွှယ်ချူး၏ မျက်နှာက အမှားလုပ်မိသော ကလေးတစ်ယောက်သဖွယ် ဖြစ်သွားပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။
"တောင်းပန်ပါတယ်…"
ချန်ချင်းယဲ့က ဝေ့ရွှယ်ချူးကို လှည့်ကြည့်လိုက်ပြီး အနည်းငယ် အံ့ဩနေပုံ ပေါ်လေသည်။
ထိုအခိုက်အတန့်တွင် သူတို့ လော်ဘီသို့ ပြန်လည် ရောက်ရှိလာကြသည်။
ဘလပ်စ်က သူတို့ကို မြင်သောအခါ တဟုန်ထိုး ပြေးလာလေသည်။
ဝေ့ရွှယ်ချူးက ထိတ်လန့်သွားသည်။
"နင်ဘာလို့ ဒီလောက်လောနေတာလဲ…"
ဘလပ်စ်က အလွန်စိတ်လှုပ်ရှားနေပြီး ဝေ့ရွှယ်ချူး၏ အပြောကို ဂရုမစိုက်နိုင်ချေ။
"ငါ သိပြီ…"
အခြားလူများ အားတက်သွားကြသည်။
ချန်ချင်းယဲ့ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဘာလဲ…မင်း ဖိုင်ထဲမှာ တစ်ခုခု ထူးခြားတာ ရှာတွေ့လို့လား…"
"ရှာမတွေ့ပါဘူး…"
ဘလပ်စ်က ခေါင်းကုတ်လိုက်ပြီး ပြောလိုက်သည်။
"ငါ နှစ်မျက်နှာလောက် ဖတ်ပြီးတော့ ထပ်မဖတ်နိုင်တော့ဘူး…မင်းတို့ကလည်း ပြန်မလာသေးဘူး…အဲ့ဒါကြောင့် ငါ reception က မိန်းကလေးနဲ့ စကားပြောခဲ့တယ်…"
လူတိုင်း : "..."
ချန်ချင်းယဲ့၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အင်္ကျီလက်ထဲမှ အားချန်၏ ခေါင်း ထွက်လာကာ ဘလပ်ကို စိုက်ကြည့်နေလေသည်။
ဘလပ်စ် အလွန်ကြောက်ရွံ့သွားပြီး နောက်သို့ဆုတ်လုမတတ် ဖြစ်သွားလေသည်။
သူက အလောတကြီး ပြောလိုက်သည်။
"အား…ခဏနေဦး…မင်း ငါပြောတာကို အရင်နားထောင်သင့်တယ်…"
ချန်ချင်းယဲ့က အားချန်၏ ခေါင်းကို ပွတ်လိုက်ပြီး ပြောလိုက်သည်။
"ပြော…"
ဘလပ်စ်က တစ်ဖက်လူ၏ အင်္ကျီလက်အောက်မှ အားချန်ကို ကြောက်ရွံ့စွာ ကြည့်နေပြီး အကွာအဝေးတစ်ခု ခြားလိုက်ကာ ပြောလိုက်သည်။
"ဟမ်…သူတို့က မနေ့ကဖြစ်ခဲ့တဲ့အဖြစ်အပျက်ပတ်သတ်ပြီး ဆွေးနွေးနေကြတာ…ဒီနေရာနဲ့ နည်းနည်းအကွာမှာ ရုံး၀န်ထမ်းတစ်ယောက်က အလုပ်ဆင်းလို့ အိမ်ပြန်နေရင်း မမျှော်လင့်ဘဲ သေသွားတယ်လေ…အားလုံး အဲ့ကိစ္စကို ဆွေးနွေးနေကြတာ…"
ဝေ့ရွှယ်ချူး မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်လိုသေသွားတာလဲ…"
ဘလပ်စ် :"အဲ့ဒါက အရေးကြီးတယ်…စတီးချောင်းတွေ သယ်လာတဲ့ ကုန်တင်ကားက လမ်းဆုံကို ဖြတ်လာတုန်း စည်းထားတာက ချောင်သွားပြီး စတီးချောင်းတစ်ချောင်းက လွှင့်ထွက်သွားတယ်လေ…အဲ့ဟာက ရုံး၀န်ထမ်းရဲ့ မျက်လုံးကို ဖောက်၀င်သွားတာ…"
အားလုံး ထိတ်လန့်သွားသည်။
ဒီသေနည်းက တကယ်ထူးဆန်းတယ်…
မြို့ထဲက လမ်းဆုံတွေမှာ အရှိန်ကန့်သတ်ပေးထားတယ်…စတီးချောင်းက လွှင့်ထွက်သွားတာ မဖြစ်နိုင်ဘူး…လျှောကျသွားတာပဲ ဖြစ်နိုင်တယ်…တကယ်လို့ လွှင့်ထွက်သွားတာ ဆိုရင်တောင် ရုံး၀န်ထမ်းရဲ့ မျက်လုံးကို လာမှန်နိုင်ချေက အရမ်းနည်းတယ်…
ဒါက တကယ်မတော်တဆဆိုရင် အဲ့လူက တော်တော်ကံဆိုးတာပဲ…
ဘလပ်စ်က အူမြူးစွာ ပြောလိုက်သည်။
"ဒီဟာက ရဲစုံစမ်းမှုရလဒ် မထွက်သေးပေမဲ့ မတော်တဆဖြစ်ရပ်အဖြစ် သတ်မှတ်နိုင်ချေ အရမ်းများတယ်…ဘယ်လိုလဲ…အရမ်းစိတ်၀င်စားစရာကောင်းတဲ့ ဖြစ်ရပ်မလား…မင်းတို့တွေ…"
သူ့စကားမဆုံးမီ ချန်ချင်းယဲ့က ဖြတ်ပြောလိုက်လေသည်။
"ရုံး၀န်ထမ်းအပြင် တခြားအသေအပျောက်ရှိသေးလား…"
ဘလပ်စ် : "ငါ မသိဘူး..."
ဝေ့ရွှယ်ချူး : "ဗျူရိုက ဒီဖြစ်ရပ်ကို စုံစမ်းဖို့ လူလွှတ်မှာလား…"
ဘလပ်စ် : "ငါ မမေးမိဘူး..."
ချန်ချင်းယဲ့က မျက်မှန်ကို ပင့်တင်လိုက်သည်။
"ဒီလိုဆို မင်းက ဘာမှအသုံးမဝင်ဘူးပဲ..."
ဘလပ်စ် : "..."
သူ့တစ်ကိုယ်လုံးက နှင်းရိုက်ထားသော ခရမ်းသီးကဲ့သို့ နွမ်းလျကျသွားလေသည်။
ချန်ချင်းယဲ့နှင့် ဝေ့ရွှယ်ချူးက အသေးစိတ် မေးမြန်းရန် ရုံးခန်းသို့ လျှောက်သွားလေသည်။
ယဲ့ကျားက လိုက်သွားရန်ပြုစဉ် ခဏရပ်တန့်သွားပြီး သနားကြင်နာစွာ ပြောလိုက်သည်။
"ကောင်းကောင်း လုပ်ခဲ့တာပဲ…"
ဘလပ်စ်၏ မျက်လုံးများ တောက်ပလာလေသည်။ ရေလောင်း၍ အသက်ပြန်ရှင်လာသော အပင်ကဲ့သို့ပင် ဖြစ်သည်။
"မင်း…"
"ဟုတ်သား..."
ယဲ့ကျားက ပြုံးကာ ပြောလိုက်သည်။
"ဖိုင်ပြီးအောင် ဖတ်ထားဖို့ မမေ့နဲ့ဦး…"
ပြောပြီးနောက် သူ ဝေ့ရွှယ်ချူးနှင့်ချန်ချင်းယဲ့နောက် လိုက်သွားလိုက်သည်။
လူငယ်၏ နောက်ကျောကို ကြောင်အစွာ ကြည့်နေသည့် ဘလပ်စ်:"..."
ငါက တကယ် တုံးတာပဲ…
သူက အားလုံးထဲမှာ အဆိုးဆုံးဆိုတာကို မေ့သွားတယ်…