Chapter 93
ရုံးခန်းထဲ၌…
ယနေ့တာ၀န်ကျ ၀န်ထမ်းသည် လျန်ရီဖြစ်၏။
"ဪ…မင်းတို့ အဲ့ဒါကို ပြောတာလား…"
လျန်ရီက ခေါင်းငုံ့ကာ ကီးဘုတ်ရိုက်လိုက်ရင်း ပြောလိုက်သည်။
"ဒီနေ့ အားလုံးက အဲ့ဖြစ်ရပ်ကို ပြောနေကြတာ…ဒီလိုဖြစ်ရပ်မျိုးက အရမ်းရက်စက်တယ်…ဟုတ်တယ်မလား…ငါ ဒီမနက်က တစ်ယောက်ယောက်ကို အဲ့ဖြစ်ရပ်ကို ထောက်လှမ်းဖို့ ပို့ပေးခဲ့တယ်…ဘာမှ မတွေ့ဘူး…သာမာန် ကံဆိုးမှုပဲ…တစ်ခါတစ်လေ ဘုရားသခင်က လူတွေကို သေစေချင်တယ်လေ…"
ပြောပြီးနောက် သူက ကွန်ပျူတာမျက်နှာပြင်ကို လူတိုင်းမြင်ရအောင် လှည့်ပြလိုက်သည်။
လမ်းဆုံရှိ CCTVကင်မရာ မှတ်တမ်းဖြစ်၏။
ဖြစ်ရပ်ဆိုးက စက္ကန့်ပိုင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့်စက္ကန့်အနည်းငယ်က လမ်းက တည်ငြိမ်ပြီး စည်ကားနေလေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။ စတီးချောင်းတစ်ချောင်းက ပျံသန်းလာပြီး လမ်းပေါ်ရှိ လူတစ်ယောက်၏ မျက်လုံးထဲသို့ စိုက်သွားကာ ထိုလူက မြေပြင်ပေါ်သို့ လဲကျသွားပြီး သွေးများစီးကျလာလေသည်။ ထိုအခါ လူများက ထိုလူနား ဝိုင်းအုံ့လာပြီး ရှုပ်ထွေးသွားလေသည်။
ချန်ချင်းယဲ့က ဗီဒီယိုမှတ်တမ်းကို အကြိမ် အနည်းငယ် ပြန်ရစ်ကြည့်လိုက်သည်။
စတီးချောင်း၏ လမ်းကြောင်းက အမှန်ပင် မယုံနိုင်စရာ ကောင်းသော်လည်း ပြင်ပအား သက်ရောက်မှုတော့ မရှိချေ။
သူက ခေါင်းကို မော့လိုက်ပြီး လျန်ရီကို ကြည့်လိုက်သည်။
"အဲ့ဖြစ်ရပ်မှာ တခြားအသေအပျောက်ရှိသေးလား…"
လျန်ရီ :"မရှိဘူးနဲ့ တူတယ်…"
ယဲ့ကျား : "ဒဏ်ရာရတဲ့ လူရောရှိလား…"
လျန်ရီ : "ရှိနိုင်ပါတယ်...ဒါပေမဲ့ ငါ အခင်းဖြစ် ရာနေရာမှာ ဒဏ်ရာရသွားတယ်လို့ ပြောသံတော့ မကြားမိဘူး…"
သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။
ပိုတောင် ထူးဆန်းသွားပြီ…စတီးချောင်းက တစ်ချောင်းထဲ ထွက်လာတယ်…ပြီးတော့ တခြားလူတွေက ဘာဒဏ်ရာမှ မရဘဲ ရုံး၀န်ထမ်းကပဲ ခေါင်းပေါက်ပြီး သေသွားတယ်..
လော်ဘီ၌…
ယဲ့ကျားက ချန်ချင်းယဲ့ကို ပြောလိုက်သည်။
"ထောက်လှမ်းရေးကိရိယာအသစ်ကို ယူပြီး ရင်ခွဲရုံကို သွားကြည့်…အလောင်းမှာ ပြဿနာ ရှိမရှိ ကြည့်ကြတာပေါ့…"
ထို့နောက် သူက ဝေ့ရွှယ်ချူးကို ပြောလိုက်သည်။
"မင်းနဲ့ ဘလပ်စ်ကတော့ အချက်အလက်မှာ ရေးထားတဲ့ အဲ့ဒီလူရဲ့ အိမ်ကိုသွားပြီး စစ်ဆေးကြည့်…"
ဘလပ်စ်က မျက်မှောင်ကြုတ်လိုက်သည်။
"ဘာလို့ သူနဲ့ သွားရမှာလဲ…"
ဝေ့ရွှယ်ချူးက မျက်လုံးများကို မှေးစင်းလိုက်ပြီး အန္တရာယ်ရှိစွာ ကြည့်လိုက်သည်။
ယဲ့ကျား ပြောလိုက်သည်။
"ဒါဆို မင်းက ချန်ချင်းယဲ့နဲ့ သွားချင်တာလား…"
ချန်ချင်းယဲ့က မျက်မှန်ကို ပင့်တင်လိုက်သည်။
"ငါက ရတယ်…"
ဘလပ်စ်က တစ်ဖက်လူမွေးထားသည့် တိရစ္ဆာန်ကို တွေးမိသွားပြီး မျက်နှာက အစိမ်းရောင် ပြောင်းသွားသည်။
"စောစောက စကားကို မေ့လိုက်…"
ယဲ့ကျား: "ပြောပြရရင် သားကောင်ရဲ့ အိမ်ကို လူနှစ်ယောက်သွားဖို့ လိုအပ်တယ်…တစ်ယောက်က သေဆုံးသူရဲ့ မိသားစု၀င်တွေနဲ့ စကားပြောနေတုန်း တစ်ယောက်က ထူးခြားတာ ရှိမရှိ စစ်ဆေးဖို့ သူ့အခန်းကို သွားရမယ်…"
ဝေ့ရွှယ်ချူးက မေးလိုက်သည်။
"နင်ကရော…"
ယဲ့ကျား :"ကျွန်တော်က အခင်းဖြစ်သွားတဲ့ နေရာကို သွားကြည့်မယ်…တစ်ခုခု သိရရင် ဆက်သွယ်ဖို့ သတိရကြနော်…"
ယဲ့ကျား က ဦးစွာ ထွက်သွားပြီး သူ့နောက်မှ ချန်ချင်းယဲ့၊ ဝေ့ရွှယ်ချူးနှင့် ဘလပ်စ်က အတူတူ လျှောက်လာကြလေသည်။
ချန်ချင်းယဲ့က ဝေ့ရွှယ်ချူးကို ကြည့်ကာ မေးလိုက်သည်။
"မင်း တစ်ယောက်ယောက်ရဲ့ အမိန့်ကို နာခံတာမြင်ရခဲတယ်…"
ဝေ့ရွှယ်ချူးက မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"ငါက လူချောလေးတွေရဲ့စကားကို နားထောင်ရတာ ကြိုက်တယ်…"
ချန်ချင်းယဲ့: "ဒါပေမဲ့ အဲ့လိုဆိုရင်တောင် မင်းက ကျိုးကျိုးနွံနွံ နာခံနေစရာမှမလိုတာ…ဟုတ်တော့လည်း ဟုတ်ပါတယ်…ယဲ့ကျားက PIAMBမှာ အချိန်အကြာကြီး ရှိနေခဲ့တာ…သူက လုပ်ငန်းစဉ်တွေကို ငါတို့ထက် ပိုသိတယ်…အဲ့ဒါကြောင့် ငါက သူ့အမိန့်ကို နာခံတာ…"
သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် တစ်ယောက်တစ်နေရာစီ ထွက်ခွာသွားကြသည်။
တစ်ချိန်တည်းမှာပဲ နှလုံးသားထဲ၌ လှောင်ရယ်နေလေသည်။
သူက ယဲ့ကျားအကြောင်း ဘာမှ မသိဘူးပဲ…
ဘလပ်စ်က လူနှစ်ယောက်၏ နောက်ကျောကို ကြည့်ပြီး ရုတ်တရက် နားမလည်နိုင်သည့် ခံစားချက်ကြီး ပေါ်လာလေသည်။
သူက ဘာဖြစ်လို့ အမြဲတမ်း ဒီလိုမြင်ကွင်းကို ကြည့်နေရတာလဲ…
(သူက ဘာဖြစ်လို့ အမြဲတမ်း တစ်ယောက်တည်း ကျန်ခဲ့ရတာလဲ…)
ဝေ့ရွှယ်ချူးက နောက်လှည့်ကာ အော်လိုက်သည်။
"နင် မလာဘူးလား…"
ဘလပ်စ်က ခေါင်းကို ကုတ်လိုက်ပြီး ပြောလိုက်သည်။
"ငါ့ကို စောင့်ဦး…"
ယဲ့ကျားက အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာလေသည်။
ဤနေရာက လူစည်ကားသည့်နေရာဖြစ်ပြီး မနေ့က မတော်တဆဖြစ်ရပ်ပြီးနောက် ပြန်လည် ရှင်းလင်းထားပြီး ဖြစ်သော်လည်း လူသွားလူလာနှင့် ယာဉ်သွားယာဉ်လာများက ယခင်ကထက် နည်းပါးနေလေသည်။
ယဲ့ကျားက သူ့မှတ်ဉာဏ်အတိုင်းက အခင်းဖြစ်ရာနေရာသို့ လျှောက်လာလေသည်။
သူက ခေါင်းမော့ကာ မနီးမဝေးမှ CCTVကို ကြည့်လိုက်ပြီး ထို့နောက် သူ့ရှေ့မှ ရှင်းလင်းနေသော နေရာကို ကြည့်လိုက်သည်။
သွေးများကို သန့်ရှင်းထားပြီး ဖြစ်သော်လည်း စတီးချောင်း၏ သက်ရောက်မှုကြောင့် မြေပြင်ပေါ်တွင် အဖြူရောင်အစင်းကြောင်း ရှိနေလေသည်။
ဒါပဲ…
ယဲ့ကျားက တစ္ဆေပိုင်နက်ထဲမှ ဂိမ်းကစားခြင်းကို စွဲလမ်းနေသေးသည့် လက်မဲလေးကို ဆွဲထုတ်လိုက်သည်။
လက်မဲလေးက မကျေမနပ် ရုန်းကန်လိုက်သည်။
"ဘေ့ာစ် ဘာလုပ်တာလဲ…"
ယဲ့ကျား :"ဒီမှာ ထူးခြားတာ တစ်ခုခုရှိလား…"
လက်မဲလေး : "ဘေ့ာစ်က ကျွန်တော့်ကို အရည်ညှစ်နေတာပဲ…"
ယဲ့ကျား : "ဟုတ်တယ်..."
လက်မဲလေး : "..."
ယဲ့ကျား: "အလုပ်သမား သမဂ္ဂက ကြိုဆိုပါတယ်..."
လက်မဲလေး: "..."
မင်းက အရမ်း ရက်စက်တာပဲ…
ထို့နောက် သူက ယဲ့ကျား၏ လက်ဖဝါးပေါ်မှ ခုန်ဆင်းလိုက်ပြီး ရှင်းလင်းနေသည့် အခင်းဖြစ်ရာနေရာသို့ လျှောက်သွားလိုက်သည်။
လက်မဲလေး :"အဆင်ပြေတယ်…"
ယဲ့ကျား :"ယင်စွမ်းအင် အတက်အကျကို မခံစားရဘူးလား…"
လက်မဲလေး : "မခံစားရဘူး…"
ယဲ့ကျားက မျက်မှောင်ကြုတ်လိုက်သည်။
တကယ်တော့ သူလည်း ယင်စွမ်းအင် အတက်အကျကို မခံစားမိဘူး…အဲ့ဒါကြောင့် ယင်စွမ်းအင်တွေကို ပိုအကဲဆတ်လွယ်တဲ့ လက်မဲလေးကို ခံစားခိုင်းခဲ့တာ…သူတောင် မခံစားနိုင်မှတော့ ရုံး၀န်ထမ်း သေဆုံးမှုက သာမာန်မတော်တဆဖြစ်ရပ်ပဲလား…
ထိုစဉ် လက်မဲလေးက ယဲ့ကျား၏ ပခုံးပေါ် တက်လာပြီး ကော်လံကို ဆုပ်ကိုင်ကာ မေးလိုက်သည်။
"ဒီမှာ ဘာဖြစ်သွားလို့လဲ…"
ယဲ့ကျားက ထိတ်လန့်သွားသည်။
"မင်း မခံစားရဘူးလား…"
လက်မဲလေးက စိတ်ရှုပ်ထွေးသွားလေသည်။
"ဘာကို ခံစားရမှာလဲ…"
ယဲ့ကျား၏ အမူအရာက လေးနက်လာသည်။
သဘာ၀အတိုင်း သေဆုံးသွားတာ မဟုတ်တဲ့ နေရာတွေမှာ အနည်းနဲ့အများတော့ ညစ်ညမ်းမှုတွေ ရှိမှာပဲ…
ရုံး၀န်ထမ်းက မတော်တဆသေတာပဲဖြစ်ဖြစ်၊ မသေတာပဲဖြစ်ဖြစ် ဒီနေရာက သူသေခဲ့တဲ့ နေရာလေ…ပိုအရေးကြီးတာက ဒီဖြစ်ရပ်ကမနေ့က ဖြစ်ပျက်သွားခဲ့တာ…ရုံး၀န်ထမ်းရဲ့ နာကျည်းချက်ကတော့ မလွဲမသွေ ရှိနေမှာပဲ…ဝိညာဉ်တောင် ရှိရင်ရှိနိုင်သေးတယ်….အဲ့ဒါကို တစ္ဆေဖြစ်တဲ့ လက်မဲလေးက ဒီနေရာမှာ လူသေသွားတာ မသိဘူးတဲ့လား…
အရမ်း ရှင်းလင်းနေတယ်…
တစ်ခုခုတော့ မှားနေပြီ…
ထိုအခိုက်အတန့်တွင် ယဲ့ကျား၏ဖုန်းက နိုတီသံနှစ်ချက် မြည်လာလေသည်။
ချန်ချင်းယဲ့က ဓာတ်ပုံနှစ်ပုံပေးပို့လာခြင်း ဖြစ်သည်။
ပထမတစ်ပုံက ချန်ချင်းယဲ့ ယူသွားတဲ့ ထောက်လှမ်းရေးကိရိယာပေါ်က အညွှန်းကိန်းပဲ…သူက သုညနားတောင် ကပ်နေတယ်…လတ်တလောသေသွားတဲ့ အလောင်းပေါ်က အညွှန်းကိန်းက အရမ်းနိမ့်နေတယ်…ပုံမှန် မဟုတ်ဘူး…နောက်တစ်ပုံက ရင်ခွဲရုံကုတင်ပေါ်က အလောင်းပဲ…အလောင်းရဲ့လက်မောင်းပေါ်မှ ခရမ်းရောင်သန်းနေတဲ့ ဒဏ်ရာနှစ်ခုရှိတယ်…အဲ့ဒဏ်ရာနှစ်ခုက ကပ်နေတယ်…
တစ်ခုက ဒေါင်လိုက်၊ တစ်ခုကအလျားလိုက်…ဒဏ်ရာနှစ်ခုက ထောင့်ဖြတ်အနေအထားမှာရှိတယ်…
ကြည့်ရတာ ဓားနဲ့ခြစ်ထားတဲ့ ဒဏ်ရာလိုပဲ…
"ဒါက အလောင်းပေါ်မှာ ရှိနေတဲ့ ကျန်တဲ့ ဒဏ်ရာတွေပဲ…အစ်ကိုယဲ့ ဒါကို သိလား…"
ယဲ့ကျား၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ဒဏ်ရာက ကြုံသလို ခြစ်ထားတာနဲ့ တူပေမဲ့ ဘာလို့လဲမသိ အဲ့ပုံစံကို ရင်းနှီးနေတယ်…
ယဲ့ကျားက လက်ကို လှန်လိုက်ပြီး သူ့လက်ကောက်၀တ်တွင် အမာရွတ်နှစ်ခု ရှိနေလေသည်။
ဒေါင်လိုက်နဲ့ အလျားလိုက်…အမာရွတ်နှစ်ခုက တစ်ခုနဲ့ တစ်ခု ဖြတ်နေတယ်…
သူတို့က အလွန်ဖျော့တော့ပြီး အနီးကပ် မကြည့်လျှင် မြင်နိုင်ရန် ခက်ခဲလေသည်။
ဂိမ်းထံမှ ထွက်လာပြီးနောက် သူ့၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများအားလုံး ပျောက်ကွယ်သွားပြီး အမာရွတ်များပင် ပျောက်ကွယ်သွားကာ ဤလက်ကောက်၀တ်မှ အမာရွတ်နှစ်ခုပဲ ကျန်နေခဲ့ခြင်းဖြစ်သည်။
သူက ထိုဒဏ်ရာကို မည်သို့ရရှိခဲ့မှန်း မမှတ်မိချေ။
သူက ဂိမ်းထဲ မ၀င်မီ ရလာသော ဒဏ်ရာဟုပင် ထင်ခဲ့လေသည်။
ထိုအမာရွတ်က ရှာတွေ့ရန် ခက်ခဲသောကြောင့် သူက သူ့လက်တွင် ဤအမာရွတ်များရှိနေကြောင်းကိုပင် မှတ်မိခဲလေသည်။
ဘလပ်စ်နှင့် ဝေ့ရွှယ်ချူးက ဘာမှ ရှာမတွေ့ခဲ့ချေ။
ထို့ကြောင့် သူတို့ ဟိုတယ်သို့ ဦးစွာပြန်သွားပြီး သူတို့ ရရှိထားသော သဲလွန်စများကို လေ့လာရန်၊ ဗျူရိုမှ ပေးသော အချက်အလက်များကို ကြည့်ရှုရန်၊ အခြားနေရာများတွင်မတော်တဆ ရှိမရှိ စုံစမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။
ယဲ့ကျားက သူ့၏ရှာဖွေတွေ့ရှိမှုအကြောင်း သူတို့ကို မပြောပြပေ။
သူက ဟိုတယ်ခန်းသို့ ပြန်လာလေသည်။
ကုတင်ပေါ်တွင် ကျီရွှမ်က စောင်ခြုံကာ အိပ်ပျော်နေလေသည်။
ယဲ့ကျားက သူ့အကြည့်ကို ရုတ်လိုက်ပြီး သူ့လက်ထဲမှ ဖိုင်များကို ကြည့်လိုက်သည်။
တိတ်ဆိတ်သော ဟိုတယ်ခန်းထဲတွင် စာရွက်လှန်သံများ ထွက်ပေါ်နေပြီး နေမင်းက အနောက်အရပ်သို့ တဖြည်းဖြည်း ရွေ့လျားသွားကာ တဖြည်းဖြည်း မှေးမှိန်လာလေသည်။
ယဲ့ကျား၏ အကြည့်က သူ့ရှေ့မှ စာရွက်တစ်ရွက်ပေါ်သို့ ကျဆင်းသွားပြီး အချိန်အတော်ကြာ မလှုပ်ရှားပေ။
သူ့ကြည့်ရသည်မှာ မိန်းမောနေသလိုပင် ဖြစ်သည်။
ယဲ့ကျားက မသိစိတ်အရ လက်ကောက်၀တ်ကိုလှန် လိုက်ကာ သူ့မျက်လုံးများက မမြင်ရလုနီးပါးဖြစ်နေသည့် အမာရွတ်နှစ်ခုပေါ်သို့ ကျရောက်နေသည်။ ရှည်လျားသော မျက်တောင်ရှည်များက ပယင်းရောင်မျက်လုံးကို ဖုံးကွယ်ထားလေသည်။
ထိုအခိုက်အတန့်တွင် အိပ်ရာပေါ်မှ တိုးညှင်းသောအသံ ထွက်ပေါ်လာလေသည်။
ယဲ့ကျားက လှမ်းကြည့်လိုက်သည်။
ထိုအခါ ကျီရွှမ်က မျက်လုံးများပွင့်နေပြီး ထိုနီရဲနေသော မျက်လုံးများက နေ၀င်ရီသရော အချိန်တွင် ထူးဆန်းစွာ တောက်ပနေလေသည်။ ထိုမျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။
"မင်္ဂလာညနေခင်းပါ...ကောကော ဘာလုပ်နေတာလဲ…"
ယဲ့ကျားက လက်ကောက်၀တ်ကို ပြန်မှောက်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြောလိုက်သည်။
"ဘာမှ မလုပ်ဘူး…"
ကျီရွှမ်က အိပ်ရာပေါ်မှ ထလာပြီး သူ့ဆံပင်များက အနည်းငယ်ရှုပ်ပွနေကာ ထောင်နေပြီး ကြည့်ရသည်မှာ အနည်းငယ် ရယ်ဖွယ်ရာကောင်းပေသည်။
သူက ယဲ့ကျားဆီသို့ ခြေဗလာနှင့် လျှောက်လာလေသည်။
ကောင်လေးက သွယ်လျသော လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး ယဲ့ကျား၏ လက်ကောက်၀တ်ကို နူးညံ့စွာ ဆုပ်ကိုင်လိုက်ကာ လှန်လိုက်ပြီး အမာရွတ်နှစ်ခုကို ပေါ်လွင်စေလေသည်။
"နာနေသေးလား…"
ယဲ့ကျားက လက်ကို ပြန်ဆွဲယူခါနီးတွင် ရပ်တန့်သွားလေသည်။
သူ့မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားပြီး သူ့ရှေ့မှ ကျီရွှမ်ကို စိုက်ကြည့်နေလေသည်။ သူ့ဦးနှောက်က တစ်ခဏလောက် ဗလာဖြစ်သွားသည်။
ဒီစကားရဲ့ အဓိပ္ပာယ်က…
ကျီရွှမ်က ဒီဒဏ်ရာ ဘယ်လိုရလာလဲ သိနေတာလား…
သို့သော် သူ မမေးမီ ကောင်လေးက ရုတ်တရက် ခေါင်းငုံ့လာပြီး သူ့လက်ကောက်၀တ်ကို နမ်းလိုက်လေသည်။
အနမ်းက အေးစက်ပြီး နူးညံ့သည်။ ငှက်မွှေးလေးနှင့် တို့ခံရသကဲ့သို့ ယားကျိကျိ ဖြစ်စေလေသည်။
ကျီရွှမ်က ခေါင်းကို ပြန်မော့လိုက်ပြီး ပြုံးကာပြောလိုက်သည်။
"ဒီလိုဆို မနာတော့ဘူးလေ…"
ယဲ့ကျားက ပူလောင်သွားဟန်ရပြီး လက်ကို ရုတ်တရက် ပြန်ဆွဲယူလိုက်သည်။
ကျီရွှမ်က မျက်တောင်ခတ်လိုက်ပြီး အပြစ်ကင်းစင်စွာ ကြည့်နေလေသည်။
"မင်း..."
ယဲ့ကျားက ချောင်းဟန့်လိုက်ပြီး မေးလိုက်သည်။
"မင်း ဒီအမာရွတ်ဘယ်လိုရလာလဲသိလား…"
"သိပါတယ်…"
ကျီရွှမ်က ယဲ့ကျား၏ ကုတင်အစွန်းတွင် ထိုင်လိုက်သည်။
"ကျွန်တော် အဲ့အချိန်တုန်းက ကောကောနဲ့အတူ ရှိနေတာ…"
ယဲ့ကျားက ခါးမတ်လိုက်ပြီး မေးလိုက်သည်။
"ငါ့ကို ပြောပါ…"
"ဖက်ပေး…"
ကျီရွှမ်က ခဏလောက်တွေးကာ ဖြည့်ပြောလိုက်သည်။
"တစ်ညလုံး…"
ယဲ့ကျား : "..."
ယဲ့ကျားက အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။
"ရတယ်…"
ကျီရွှမ် :"ကောကော မနေ့က ပိုသွားတဲ့ အချိန်တွေကို ထည့်တွက်လို့ မရဘူးနော်…"
ယဲ့ကျား : "..."
ဒီကလေးက ပိုပို ဉာဏ်ကောင်းလာတာပဲ…
သူ အံကြိတ်လိုက်သည်။
"မတွက်ဘူး…"
ကျီရွှမ်၏ မျက်လုံးများက ငါးကိုခိုးသွားသော မြေခွေးနှင့် တူလေသည်။
"ကျွန်တော် အိပ်ရာ၀င်အနမ်းလည်း လိုချင်တယ်…"
"..."
ယဲ့ကျား : "တစ်လက်မစီ တိုးမယူနဲ့..."
ကျီရွှမ်က သက်ပြင်းချလိုက်သည်။
"ဟုတ်..."
နာရီ၀က် ကြာပြီးနောက်…
ယဲ့ကျားက အခြားသုံးယောက်ကို အေစ့်အဖြစ်နှင့် လှမ်းခေါ်လိုက်သည်။
မကြာမီ သူတို့ ရောက်လာသောအခါ ဖိုင်များကို ပစ်ပေးလိုက်သည်။
ဘလပ်စ်က ဖိုင်ကို ဖမ်းယူလိုက်ပြီး ကြည့်လိုက်သောအခါ စာလုံးများနှင့် ပြည့်နှက်နေသောကြောင့် မနှစ်မြို့စွာ ပြောလိုက်သည်။
"ဒါက ဘာလဲ…"
ကျန်နှစ်ယောက်ကလည်း ကြောင်အနေကြလေသည်။
ယဲ့ကျားက လိုရင်းတိုရှင်း ပြောလိုက်သည်။
"ငါ့မှာ သဲလွန်စတစ်ခုရှိတယ်…"
အားလုံး တက်ကြွသွားကြသည်။
ကျီရွှမ်က သူ့ကို အခုရင်ဆိုင်နေရတဲ့ တစ္ဆေက ဘယ်သူဆိုတာကို တိုက်ရိုက်မပြောခဲ့ပေမဲ့ သဲလွန်စတစ်ခုပေးခဲ့တယ်…
အရမ်း အရေးကြီးတဲ့ သဲလွန်စပဲ…
ဒါက သူတို့အတွက် လုံလောက်နေပြီ…
"သေဆုံးသူတွေရဲ့ မိသားစု၀င်တွေဆီ ဖုန်းခေါ် ပြီး သေသွားတဲ့လူက မသေခင်မှာ လိုချင်နေခဲ့တဲ့ အရာကို ရသွားခဲ့လား မေးကြည့်…"
ယဲ့ကျားက ပြောလိုက်သည်။
ချန်ချင်းယဲ့က မျက်မှန်ကို ပင့်တင်လိုက်သည်။
"ဥပမာ…"
ယဲ့ကျား : "ဘာဖြစ်ဖြစ်ရတယ်…ဥစ္စာပစ္စည်း၊ စွမ်းအား၊ အလှအပ၊ စိတ်ပိုင်းဆိုင်ရာ တောင့်တမှုတွေ အားလုံးအဆင်ပြေတယ်…"
ဝေ့ရွှယ်ချူး :"နင် ပြောချင်တာက…"
ယဲ့ကျား : "ဟုတ်တယ်…"
ဘလပ်စ် : "မင်းတို့ ဘာကစားနေကြတာလဲ…"
ဝေ့ရွှယ်ချူးက သူ့လက်ထဲမှ ဖိုင်ဖြင့် ဘလပ်စ်၏ ခေါင်းကို ရိုက်လိုက်သည်
"နင်က တကယ်ငတုံးလား…"
ဘလပ်စ် :"မင်း ငါ့ကို ထပ်ရိုက်ပြန်ပြီ…"
ချန်ချင်းယဲ့ :"ဒီဖြစ်ရပ်တွေက ဒီလိုဆိုရင် အဓိပ္ပာယ်ရှိလာပြီ…"
ဘလပ်စ် : "?"
သူက ထခုန်လိုက်ပြီး အလောတကြီး ပြောလိုက်သည်။
"ဘာတွေပြောနေကြတာလဲ…ငါ့ကို ပြောပြကြဦးလေ…"
ဝေ့ရွှယ်ချူးက ကူရာမဲ့စွာ သက်ပြင်းချလိုက်သည်။
"အိမ်မက်ဖန်ဆင်းသူ…နင် အဲ့ဒါကို ကြားဖူးလား…''
ဘလပ်စ် :" မကြားဖူးဘူး…"
ချန်ချင်းယဲ့:" မင်းက ဂိမ်းထဲကို ၀င်တာ နောက်ကျတာကို…မသိတာ ပုံမှန်ပါပဲ…သူက Sအဆင့်သခင်တစ်ယောက်…လုံလောက်တဲ့ တန်ဖိုးကို ပေးချေနိုင်သရွေ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတယ်…သူက ကစားသမားတွေကို သတ်ဖို့ထက် အဲ့လိုမျိုး အရောင်းအ၀ယ်လုပ်ရတာကို ပိုသဘောကျတယ်…"
ဘလပ်စ် :"ဘယ်လိုဆန္ဒပဲ ဖြစ်ဖြစ် ရလား…"
ချန်ချင်းယဲ့ :"ရတယ်…"
ဘလပ်စ် :"ငါ့မှာ ဆန္ဒသုံးခုလောက် ရှိနေရင်ရော…"
ချန်ချင်းယဲ့:"..."
သူက ဝေ့ရွှယ်ချူးလုပ်သကဲ့သို့ ဖိုင်ဖြင့် ဘလပ်စ်၏ ခေါင်းကို ရိုက်လိုက်သည်။
"အား…ဘာလို့ ရိုက်ရပြန်တာတာလဲ…"
ဘလပ်စ် ခေါင်းကို ကိုင်ကာ အော်လိုက်သည်။
ဝေ့ရွှယ်ချူး :"နင်နဲ့တန်တယ်…သူ့ကို မီးခွက်စောင့် ဘီလူးများ ထင်နေတာလား…ဘာဆန္ဒသုံးခု ဟုတ်လား…အဲ့အတွက် တန်ကြေးပေးရတယ်လို့ ချန်ချင်းယဲ့ ပြောခဲ့တယ်လေ…'
ဘလပ်စ်:"ဒါဆို သူက ဘာလဲ…"
ဝေ့ရွှယ်ချူး: "သူက အနောက်ပိုင်းဒဏ္ဍာရီထဲက နတ်ဆိုးလိုပဲ…ကစားသမားတွေက သူတို့ရဲ့ ဝိညာဉ်ကို အပေါင်ပစ္စည်းအနေနဲ့ ထားရတယ်…ပြီးတော့ သူက ဆန္ဒကို ဖြည့်ဆည်းပေးတယ်…ဒါပေမဲ့ ငါ သေချာမသိဘူး…သူနဲ့အရောင်းအ၀ယ်လုပ်ခဲ့တဲ့ သူတွေမှန်သမျှ ဘာဖြစ်ခဲ့လဲဆိုတာ မပြောနိုင်ဘူးလေ…"
ယဲ့ကျားက ခေါင်းငြိမ့်ကာ ဖိုင်ကို ကြည့်လိုက်သည်။
သို့သော် သူ့အကြည့်က လက်ကောက်၀တ်မှ အမာရွတ်ဆီသို့ ရောက်သွားလေသည်။ ယင်းက အနီးကပ်မကြည့်လျှင် သာမာန်အရေပြားကဲ့သို့ပင် ဖြစ်သည်။
သူက အိမ်မက်ဖန်ဆင်းသူ၏ တည်ရှိမှုကို သိသော်လည်း သူ့အကြောင်းကို မမှတ်မိခဲ့ချေ။
မင်းသာ တကူးတကတွေးမနေရင် သူ့တည်ရှိမှုကို မေ့သွားမှာပဲ…
ဘလပ်စ် :" ဒါဆို ဘာဆက်ဖြစ်သေးလဲ…သူက ဘယ်ရောက်သွားတာလဲ…"
သူက ဂိမ်းထဲ၀င်လာတော့ အဲ့ဒီအိမ်မက်ဖန်ဆင်းသူအကြောင်း မကြားမိပါဘူး…
ချန်ချင်းယဲ့က ခေါင်းခါလိုက်သည်။
"ဘယ်သူမှ မသိကြဘူး…"
"သူက…"
သူက အချိန်အကြာကြီး ပျောက်ကွယ်နေခဲ့တာပဲ…
ချန်ချင်းယဲ့က ယဲ့ကျားဘက် လှည့်လိုက်ပြီး မေးလိုက်သည်။
"ဒီFမြို့မှာ ဖြစ်တဲ့ ဖြစ်ရပ်တွေက အိမ်မက်ဖန်ဆင်းသူကြောင့်လို့ ထင်နေတာလား…"
ယဲ့ကျား : "ဒါက ခန့်မှန်းချက်တစ်ခုပဲ…ငါ မှားတာလဲ ဖြစ်နိုင်တယ်…အဲ့ဒါကို အခု အဖြေရှာကြရမှာ…"
သူတို့ သေဆုံးသွားသော ရုံး၀န်ထမ်းအိမ်သို့ ပထမဆုံး ဖုန်းခေါ်လိုက်ကြသည်။