အပိုင်း ၉၄
Viewers 10k

Chapter 94




သူတို့ သေဆုံးသွားသော ရုံး၀န်ထမ်းအိမ်သို့ ပထမဆုံး ဖုန်းခေါ်လိုက်ကြသည်။

သူ့ဇနီးက ၀မ်းနည်းပူဆွေးနေပုံ ရလေသည်။ သူ့၏အသံက ၀မ်းနည်းပြီး တရှိုက်ရှိုက်ဖြစ်နေသော်လည်း ယဲ့ကျား၏ မေးခွန်းကို ကြားသောအခါ တိတ်ဆိတ်သွားလေသည်။

ယဲ့ကျားက စိတ်ရှည်စွာ မေးလိုက်သည်။

"မဒမ်…မင်း ရှိနေသေးလား…"

"ဟုတ်ကဲ့..."

သူ့အသံက အနည်းငယ် မသက်မသာဖြစ်နေသည်။

သူ မေးလိုက်သည်။

"ရှင် ဘာလို့ အဲ့လိုမေးတာလဲ…"

ယဲ့ကျား :"လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုလေးတွေလုပ်ရုံပါ…"

တစ်ဖက်က တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။

အချိန်ကြာပြီးနောက် ဇနီးက ဖြည်းညှင်းစွာ ပြောလာသည်။

"တကယ်တော့…လွန်ခဲ့တဲ့ လ၀က်လောက်က သူနဲ့ ကွာရှင်းဖို့ ပြင်ဆင်ခဲ့တယ်…"

ယဲ့ကျား : "ကျွန်တော် အကြောင်းရင်းကို မေးလို့ ရမလားဗျ…"

ဇနီး: "ရပါတယ်...တကယ်တော့ တတိယလူ‌ကြောင့် မဟုတ်ပါဘူး…ဒီအတိုင်း ခံစားချက်တွေ မရှိတော့လို့ပါ…ရှင် ဒီလိုခံစားချက်ကို သိမလား မသိဘူး…သူ့ရဲ့ လက်ကို ကိုင်ထားရင်တောင်မှ ဘာမှ မခံစားရဘူး…နေ့ရက်တွေက ဒီအတိုင်း ကုန်ဆုံးသွားသလိုပဲ…ကျွန်မ သူနဲ့ ပထမဆုံးတွေ့ခဲ့တဲ့ နေရာကိုတောင် မမှတ်မိတော့ဘူး…နေ့ရက်တိုင်းက ဒီလိုပဲ တူညီနေတယ်…ဒီလိုတူညီနေတဲ့ ဘ၀ကြီးက စိတ်ဝင်စားစရာ မကောင်းတဲ့အတွက် သူနဲ့အချိန်ကာလတစ်ခုအထိ ခွဲနေချင်ခဲ့တယ်…ဒါပေမဲ့ သူက ဆန္ဒမရှိဘူးလေ…ပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်တယ်လေ…ဒါကြောင့် ကျွန်မ မိဘအိမ် ပြန်ခဲ့ပြီး အဲ့မှာ ခဏလောက်နေခဲ့တယ်…"

ယဲ့ကျား : "ပြီး‌တော့ရော…"

ဇနီးက အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်ရည်များ ကျလာပုံ ပေါ်သည်။ သူက ဆို့နင်စွာ ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ မိဘအိမ်မှာ ရှိနေတုန်း ကျွန်မ သေချာပြန်စဉ်းစားခဲ့တယ်…ကျွန်မ ကျွန်မတို့ ချစ်ခဲ့ကြတာတွေကို တဖြည်းဖြည်း ပြန်သတိရလာခဲ့တယ်…အဲ့မှာ ကျွန်မ…ကျွန်မက သူ့ကို ပြန်ချစ်မိသွားခဲ့တယ်…ဒါကြောင့် ကျွန်မ သူ့ဆီကို ပြန်သွားခဲ့တယ်…သူက ကျွန်မ့လက်ကို ဆုပ်ကိုင်ထားရတာက သူ့ရဲ့အကြီးမားဆုံးဆန္ဒပါလို့ ပြောခဲ့တာကို မှတ်မိသေးတယ်…ဒါပေမဲ့…ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူက…"

ဖုန်းချသွားလေသည်။

သုံးယောက်သား တစ်ယောက်ကို တစ်ယောက်ကို ကြည့်လိုက်သည်။

ဝေခွဲမရတာ ရှစ်ဆယ်ရာခိုင်နှုန်း ကိုးဆယ်ရာခိုင်နှုန်းလောက်ရှိတယ်…

ထို့နောက် နာရီများစွာ ကြာသည့်အထိ သူတို့လေးယောက်က ဖုန်းများ ဆက်တိုက်ပြောနေခဲ့ကြသည်။ တစ်လုံးချပြီးလျှင် နောက်တစ်လုံးဆက်ခေါ်လေသည်။ နောက်ဆုံးတွင် အချက်အလက်များထဲမှ သေဆုံးသူများ၏ မိသားစုဝင်များကို မေးမြန်းနေကြသည်က ဆယ်နာရီကျော်ကြာ ကြာမြင့်ခဲ့လေသည်။

သံသယဖြစ်စရာကောင်းသည့် ဖြစ်ရပ်က စုစုပေါင်း ဆယ့်ငါးခု ရှိလေသည်။

သူတို့ ရဲစခန်းကို သွားကြပြီး ထိုလူများ မသေမီ တစ်လအလိုတွင် သွားခဲ့သောနေရာများကို GPSမှတ်တမ်းမှ တစ်ဆင့် ပြန်ရယူလိုက်ကြပြီး PIAMBသို့ သွားကာ ထိုအချက်အလက်များကို ကွန်ပျူတာကို အသုံးပြုကာ နှိုင်းယှဉ်ပေးရန် ‌‌တောင်းဆိုခဲ့သည်။

မကြာမီ ရလဒ်က ထွက်ပေါ်လာလေသည်။

ချန်ချင်းယဲ့က ရလဒ်မှတ်တမ်းကို စားပွဲပေါ် ပစ်တင်လိုက်သည်။

လူဆယ့်ငါးယောက်က Fမြို့ရှိ နေရာအနှံ့အပြားကို သွားခဲ့ကြသည်။ ထို့ကြောင့် တည်နေရာက အလွန်ပြန့်ကြဲနေလေသည်။သို့သော် လွန်ခဲ့သည့် လ၀က်က ၊ သူတို့ မသေဆုံးမီက အားလုံး တစ်နေရာကို ရောက်ခဲ့ကြသည်။

ယဲ့ကျားက ရလဒ်မှတ်တမ်းကို ယူလိုက်ပြီး သူ့မျက်လုံးများက မှတ်တမ်းအပေါ် ရောက်နေလေသည်။

ထိုနေရာက မြို့၏ အစွန်းအဖျားတွင် ရှိပြီး ကားလမ်းမကြီးနှင့် ကွာဝေးလေသည်။

နာရီ၀က် ကြာပြီးနောက်

တက္ကစီတစ်စီးက လူများကို ချပေးပြီးနောက် မောင်းထွက်သွားလေသည်။

လူလေးယောက်သာ မြေကွက်လပ်တွင် ရပ်နေခဲ့သည်။

သူတို့လေးယောက်ရှေ့တွင် အလွန်ခေတ်မီ‌သော အထပ်မြင့်အဆောက်အအုံတစ်ခု ရှိနေလေသည်။

သူတို့က ခေါင်းမော့ကာ ကြည့်လိုက်ကြသည်။

အဆောက်အအုံက အထပ်၃၀နီးပါးရှိပြီး မှန်များတွင် နေရောင်ခြည်က ထင်ဟပ်နေပြီး ကြည့်ရသည်မှာ အလွန်ခမ်းနားထည်ဝါလေသည်။

ဘလပ်စ် : "ဒီ…ဒီနေရာလား…"

တစ်ခုခု မှားနေသလိုပဲနော်…

ယဲ့ကျားက မှတ်တမ်းစာရွက်ကို အိတ်ကပ်ထဲ သိမ်းလိုက်ပြီး အ‌ဆောက်အအုံဆီသို့ လျှောက်သွားလိုက်သည်။

"၀င်သွားကြည့်ရအောင်…"

သူတို့ရှေ့မှ မှန်တံခါးက အလိုလို ပွင့်လာပြီး အရပ်ရှည်ပြီး အလွန်ချောမောသော ဧည့်ကြို၀န်ထမ်းနှစ်ယောက်က သူတို့ကိုဦးညွှတ်ကာ ကြိုဆိုလာလေသည်။

"အိမ်မက်ဖန်ဆင်းသူကုမ္ပဏီက ကြိုဆိုပါတယ်…"

ကြမ်းပြင်က မှန်သဖွယ် တောက်ပြောင်သန့်ရှင်းနေပြီး စကျင်ကျောက်နံရံတွင် ‌‌တောက်ပသော အင်္ဂလိပ်စာလုံးများစီခြယ်ထားလေသည်။

【Dreammarker】

လူလေးယောက် : "..."

ဘလပ်စ်က ခေါင်းငုံ့လိုက်ပြီး ယဲ့ကျားဘက်သို့ လှည့်ကာ တိုးတိုးပြောလိုက်သည်။

"ဒါက…ဘာတွေဖြစ်နေတာလဲ…"

ယဲ့ကျား : "..."

ငါသာ ဘာဖြစ်နေမှန်းသိရင် မင်းလိုမျိုး ကြောင်တောင်‌‌တောင် ရပ်နေပါ့မလား…

သူတို့လေးယောက်က ကြောင်အနေကြစဉ် ဧည့်ကြိုအမျိုးသမီး၀န်ထမ်းတစ်ဦးက သူတို့ဆီ လျှောက်လာပြီး မေးလာသည်။

"လူကြီးမင်းတို့က ဘယ်လို လုပ်ငန်းမျိုးကို လုပ်ချင်တာလဲရှင့်…"

ယဲ့ကျားက လျင်မြန်စွာ မေးလိုက်သည်။

"မင်းတို့ဆီမှာ ဘယ်လိုလုပ်ငန်းတွေရှိလဲ…"

ဧည့်ကြို၀န်ထမ်းက ပြုံးကာ မိတ်ဆက်ပေးလိုက်သည်။

"အိမ်မက်ဖန်ဆင်းသူက Fမြို့မှာ အကြီးဆုံးရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းပါ…လူကြီးမင်းမှာ ရင်းနှီးမြှုပ်နှံမှု လိုအပ်တဲ့ လုပ်ငန်းရှိသလားရှင့်…"

ယဲ့ကျား : "ရှိတယ်…ငါ မင်းရဲ့ အထက်လူကြီးနဲ့ ဘယ်မှာတွေ့လို့ရမလဲ…"

ဧည့်ကြို၀န်ထမ်းက ပြုံးကာ ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်မ့နောက် လိုက်ခဲ့ပေးပါ…"

ပြောပြီးနောက် သူက လှည့်ထွက်သွားလေသည်။

ဝေ့ရွှယ်ချူးက တိုးတိုးမေးလိုက်သည်။

"ဟေ့…နင် ဘာလုပ်နေတာလဲ…"

ယဲ့ကျား :" ‌ခြေတစ်လှမ်း စလှမ်းလိုက်တာလေ…"

ချန်ချင်းယဲ့က လက်ဖဝါးဖွင့်လိုက်သောအခါ များစွာသော ဆန်စေ့အရွယ် အစိမ်းရောင်အင်းဆက်များစွာက လက်ဖဝါးပေါ် တက်လာပြီး ထိုမှတစ်ဆင့် အင်္ကျီလက်အောက်သို့ ၀င်သွားကြလေသည်။

ထို့နောက် ရှေ့တိုးလိုက်ပြီး ယဲ့ကျားနှင့် ပခုံးချင်း ယှဉ်ရပ်ကာ တိုးတိုးပြောလိုက်သည်။

"ဒီ‌လော်ဘီထဲမှာ ရှိတဲ့ ၀န်ထမ်းတွေ အားလုံးကလူသားတွေပဲ…"

ယဲ့ကျားက ခေါင်းငြိမ့်လိုက်သည်။

"ကျေးဇူးပဲ…"

ဒီလိုဆိုရင် ကိစ္စတွေက ပိုပိုပြီး မှန်းဆရခက်လာပြီ…

မကြာမီ သူတို့က ခမ်းနားထည်ဝါပြီး လှပသော နားနေခန်းဆီသို့ရောက်သွားပြီး ဥရောပစတိုင်

ရွှေရောင်မီးဆိုင်းက သူတို့ခေါင်းပေါ်တွင် ‌‌တောက်ပနေပြီး ကြမ်းပြင်ပေါ်တွင် ထူထဲသော အနီရောင်ကော်ဇောကို ခင်းထားကာ အခန်းထဲတွင် နူးညံ့သော လက်ရန်းပါ ထိုင်ခုံများ ရှိပြီး လက်ရာမြောက်ပြီး ကောင်းမွန်သော ကာလစုံသရေစာများက စားပွဲပေါ်တွင် ရှိနေလေသည်။

ဘလပ်စ်က ပန်းကန်ပြားတစ်ပြားဆီသို့ လက်ဆန့်လိုက်သည်။

ဝေ့ရွှယ်ချူးက ဘလပ်စ်လက်ကို ရိုက်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။

ဘလပ်စ်က လက်ကို အုပ်လိုက်ပြီး ပြောလိုက်သည်။

"ငါ မစားပါဘူး…ကြည့်ရုံပဲ…"

ထိုအခိုက်အတန့်တွင် ဧည့်ကြို၀န်ထမ်းက ပြန်ရောက်လာပြီး ပြုံးကာ မေးလိုက်သည်။

"ကုမ္ပဏီက လာတာလား…ကိုယ်ပိုင်လုပ်ငန်းလား…"

ယဲ့ကျားက သူ့နောက်မှ လူသုံးယောက်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ကိုယ်ပိုင်လုပ်ငန်း…"

၀န်ထမ်း :"ဒါဆိုရင် လုပ်ငန်းမှတ်ပုံတင်မိတ္တူရယ်၊ အခွန်မှတ်ပုံတင်မိတ္တူရယ်၊ တခြားလိုအပ်တဲ့ အချက်အလက်တွေရယ် ပေးရပါမယ်…"

ယဲ့ကျား : "..."

သူ့မျက်နှာက ပြောင်းလဲမသွားပေ။

"ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ပြီး လာတာပါ…"

ဧည့်ကြို၀န်ထမ်းက အလွန်ပရော်ဖက်ရှင်နယ်ဆန်လေသည်။ သူ့မျက်နှာပေါ်က အပြုံးက ပြောင်းလဲမသွားပေ။

"ဒါဆို လူကြီးမင်းရဲ့ အပေါင်းအဖော်တွေကရော…"

ကျန်သုံးယောက် တစ်‌ယောက်ကို တစ်‌ယောက် ကြည့်လိုက်ကြသည်။

ဝေ့ရွှယ်ချူး :"ငါလည်း ကိုယ်ရေးကိုယ်တာကိစ္စနဲ့ပဲ…"

ချန်ချင်းယဲ့က မျက်မှန်ကို ပင့်တင်ကာ ပြောလိုက်သည်။

"ငါက သူတို့နဲ့လိုက်လာတာ…သူတို့ကို အပြင်မှာ စောင့်နေမှာ…"

ဘလပ်စ်က ပခုံးတွန့်ကာ ပြောလိုက်သည်။

"ငါရောပဲ…"

ကစားသမားတွေအနေနဲ့ ဥတွေ အားလုံးကို တူညီတဲ့လှောင်အိမ်ကို ထည့်မရဘူးဆိုတာ သိတယ်…

ဝေ့ရွှယ်ချူးနဲ့ အေ့စ်က အိမ်မက်ဖန်ဆင်းသူ ကုမ္ပဏီရဲ့ အထက်လူကြီးနဲ့ သွားတွေ့တာမို့လို့ မ‌တော်တဆမှုတွေ ဖြစ်လာမှာကို ကာကွယ်ဖို့ လူနှစ်ယောက်က အပြင်မှာ နေသင့်တယ်… ပြီးရင် အပြင်ဘက်ကနေ ဒီထူးဆန်းတဲ့နေရာအကြောင်း စုံစမ်းနေရမယ်…

အခြားဧည့်ကြို၀န်ထမ်းတစ်ဦးရောက်လာပြီး ဝေ့ရွှယ်ချူးကို ပြုံးပြလိုက်သည်။

"ကျေးဇူးပြုပြီးတော့…"

ကြည့်ရတာ သူတို့နှစ်ယောက်ကို အတူတူ မထားဘူးနဲ့တူတယ်…

ဝေ့ရွှယ်ချူးက ယဲ့ကျားကို ခေါင်းငြိမ့်ပြလိုက်ပြီး အခြားဓာတ်လှေကားတစ်ခုဆီ လျှောက်သွားလေသည်။

ယဲ့ကျားက ဓာတ်လှေကားထဲ လျှောက်သွားလိုက်သည်။

ဧည့်ကြို၀န်ထမ်းက ခလုတ်တစ်ခုကို နှိပ်လိုက်သည်။

ယဲ့ကျားက ဓာတ်လှေကားထဲ ၀င်လိုက်သည့် အချိန်တွင် တစ်ခုခုကို ရုတ်တရက် သတိပြုမိသွားလေသည်။ ဓာတ်လှေကားထိပ်သို့ မော့ကြည့်လိုက်သောအခါ ‌CCTVကင်မရာက အနီရောင်လက်‌နေလေသည်။

သို့သော် ယဲ့ကျားက သေချာစူးစိုက်စွာ ကြည့် ကြည့်လိုက်သောအခါ ကင်မရာက ပုံမှန်ပြန်ဖြစ်သွားလေသည်။

ဧည့်ကြို၀န်ထမ်းက သူ့နားထဲရှိ လက်သည်းအရွယ်ခန့်ရှိသော နားကြပ်ကို ဖိလိုက်ပြီး ယဲ့ကျားဘက်လှည့်လိုက်ပြီး ချိုမြိန်စွာ ပြုံးပြလိုက်သည်။

"လူကြီးမင်းက ကျွန်မတို့ ကုမ္ပဏီရဲ့ ပုံမှန်ဖောက်သည်ဆိုတာကို မသိခဲ့ဘူး…"

ယဲ့ကျားက အနည်းငယ် အံ့ဩသွားသော်လည်း တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

"အဲ့ဒီ‌တော့…"

တစ်ဖက်လူက ပြုံးကာ ပြောလိုက်သည်။

"၀န်ဆောင်မှုက မတူဘူးပေါ့…"

ပြောပြီးနောက် သူက လက်မြှောက်လိုက်ပြီး အိတ်ကပ်ထဲမှ ကတ်ကို ထုတ်လိုက်ကာ ဓာတ်လှေကားထဲရှိ ကတ်ပွတ်ဆွဲရသည့် နေရာတွင်ကပ်ထားလိုက်ပြီး အပေါ်ဆုံးအထပ်ကို နှိပ်လိုက်သည်။

ခလုတ်က မီးလင်းသွားလေသည်။

ဓာတ်လှေကားက ဖြည်းညှင်းစွာ တက်သွားလေသည်။

ဓာတ်လှေကားက အဆင့်မြင့်ဓာတ်လှေကားဖြစ်သောကြောင့် အလွန်တိတ်ဆိတ်နေသည်။ တစ်ယောက်၏ အသက်ရှူသံများ တစ်ယောက် ကြားနေရလေသည်။ ယဲ့ကျား၏ မျက်လုံးများက ပြောင်းလဲသွားသော ဂဏန်းများကို ကြည့်နေလေသည်။

မကြာမီ ဓာတ်လှေကားက အထပ်တစ်ထပ်တွင် ရပ်တန့်သွားလေသည်။

ယင်းက ဧည့်ကြို၀န်ထမ်းပထမဆုံးနှိပ်ခဲ့သော အထပ်ဖြစ်သည်။

ယဲ့ကျား၏ မျက်လုံးများက အကွာအဝေး တစ်နေရာသို့ ရောက်သွားလေသည်။ ရှည်လျားသော ကော်ရစ်တာ၏ အဆုံးတွင် ကြီးမားပြီး လေးလံသော မဟော်ဂနီဂိတ်တံခါးတစ်ခု ရှိနေလေသည်။ ဂိတ်တံခါး၏ အပြင်ဘက်၌ ရှက်ရွံ့နေပြီး တစ်ခုခုကို စောင့်နေပုံပေါ်သော အမျိုးသားတစ်ဦးထိုင်နေသည်။

ထိုအချိန်တွင် မဟော်ဂနီတံခါးက ပွင့်လာလေသည်။

သို့သော် ယဲ့ကျားက သေချာမမြင်ရသေးမီ သူ့ရှေ့မှ ဓာတ်လှေကားတံခါးက ဖြည်းညှင်းစွာ ပိတ်သွားလေသည်။ ဧည့်ကြို၀န်ထမ်းက ပြုံးကာ ပြောလိုက်သည်။

"လူကြီးမင်းက VIPဧည့်သည်ဆိုတော့ ဒီအထပ်မှာ မဟုတ်ပါဘူး…"

ဓာတ်လှေကားထဲရှိ နံပါတ်များက ဆက်လက် မြှင့်တက်သွားလေသည်။

အချိန်က အလွန်နှေးကွေးစွာ ကုန်ဆုံးနေလေသည်။ အချိန်အတော်ကြာပြီးနောက် ဒင်ခနဲ မြည်သံနှင့်အတူ ဓာတ်လှေကားတံခါး နှစ်ဖက်လုံး ပွင့်လာလေသည်။

ဧည့်ကြို၀န်ထမ်းက ပြုံးကာ လက်ဆန့်ထုတ်လိုက်ပြီး ပြောလိုက်သည်။

"ကျေးဇူးပြုပြီး…"

ယဲ့ကျားက ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် ဓာတ်လှေကားတံခါးက ဖြည်းညှင်းစွာ ပြန်ပိတ်သွားလေသည်။

သူ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

အပေါ်ဆုံးအထပ်က အခြားအထပ်များနှင့်လုံး၀ကွာခြားလေသည်။ မျက်နှာကျက်မှ ကြမ်းပြင်အထိ ကြီးမားကြည်လင်သော ပြတင်းပေါက်များ တပ်ဆင်ထားပြီး ဈေးကြီးပြီး တန်ဖိုးကြီးသော တန်ဆာဆင်မှုများလည်း ရှိလေသည်။ ‌ထူထဲသော ကော်ဇောများက ခြေသံများကို စုပ်ယူနေသည်။ အကွာအဝေး တစ်နေရာတွင် ရှည်လျားသော ကော်ရစ်တာတစ်ခုရှိပြီး ကော်ရစ်တာ၏ အဆုံးတွင် ကြီးမားလေးလံသော သစ်သားတံခါးရှိလေသည်။ အောက်ထပ်ထက်စာလျှင် များစွာ အဆင့်အတန်း မြင့်ကြောင်း သိသာလေသည်။

ယဲ့ကျားက သူ့လက်ချောင်းထိပ်ကလေးများကိုပွတ်သပ်လိုက်သည်။

သူက သရဲတစ္ဆေများနှင့် တိုက်ခိုက်ခြင်းကို တတ်နိုင်သမျှ လျှော့ချင်သော်လည်း သေခြင်းတရားနှင့် ရင်ဆိုင်ရလျှင် သူ့လက်နက်ကို အသုံးပြုပြီး တိုက်ခိုက်ရန် ၀န်မလေးချေ။

နောက်ဆုံးတော့ ဒီအခြေအနေက အဆင့်သုံးကစားသမားနဲ့တုန်းကနဲ့ မတူဘူး…

သူက အမေလွှတ်လိုက်တဲ့လူ…

သူ့အခြေအနေတွေက တခြားတစ္ဆေတွေနဲ့ကွဲပြားတယ်….သူက အရင်က လူသားတစ်‌ယောက်ပဲ…အမေ့ရဲ့ အစိတ်အပိုင်းကြောင့်သာ တစ္ဆေဖြစ်လာရတဲ့သူ…

အမေက သူ(ယဲ့ကျား) အဲ့တစ္ဆေကို သတ်ပြီး သူ့အစိတ်အပိုင်းကို စုပ်ယူလိုက်ပြီး သူ့လူဖြစ်လာမယ်လို့မျှော်လင့်ထားတာ…

အိမ်မက်ဖန်ဆင်းသူရဲ့ အခြေအနေနဲ့ မတူဘူး…သူက အရင်ကတည်းက တစ္ဆေပဲလေ…

ယဲ့ကျားက ကော်ရစ်တာပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လာသည်။

သူ ကြီးမားသော တံခါးရှေ့ရပ်လိုက်ပြီး လက်ဆန့်ထုတ်လိုက်သည်။ သို့သော်သူ့လက်‌ချောင်းများက တံခါးကို မထိမီ သူ့ရှေ့မှ တံခါးက ဖြည်းညှင်းစွာ ပွင့်သွားလေသည်။

တံခါးအထဲတွင် ကြီးမားသော စက်ဝိုင်းသဏ္ဍာန်အခန်းရှိလေသည်။ အခန်းက မှန်ပြတင်းပေါက်ကြီးများနှင့် ၀န်းရံနေပြီး ကောင်းကင်တွင် ချိတ်ဆွဲထားသော ဖန်ဘောလုံးကဲ့သို့ ဖြစ်နေလေသည်။

အမျိုးသားတစ်ယောက်က မှန်ပြတင်းပေါက်ဘက် မျက်နှာမူထားပြီး ယဲ့ကျားကို ကျောပေးကာ ရပ်နေလေသည်။

ယဲ့ကျား၏ လက်ချောင်းများ၌ အလင်းရောင် တောက်ပလာလေသည်။

"ရှားပါးဧည့်သည်ပဲ…တကယ်ရှားပါးတဲ့ဧည့်သည့်ပဲ…"

ထိုအမျိုးသား ပြောပြီးနောက် နောက်လှည့်လာသည်။

သူက အနေတော် ခနွာကိုယ်တည်ဆောက်ပုံရှိပြီး အနောက်တိုင်း၀တ်စုံကို ၀တ်ဆင်ထားလေသည်။ သူက ဖြူဖျော့ပြီး လူ‌ကြီးလူကောင်းဆန်ကာ သိက္ခာရှိသော အပြုံးကို ပြုံးနေလေသည်။

"အေ့စ်…ငါ မင်းကို ဘယ်တော့မှ ထပ်မတွေ့ရ‌တော့ဘူးလို့ ထင်ထားတာ…"

ယဲ့ကျား ပြန်မဖြေပေ။

သူက သူ့ရှေ့မှ အမျိုးသားကို စိုက်ကြည့်နေပြီး စဉ်းစားနေလေသည်။

အိမ်မက်ဖန်ဆင်းသူက ထိုင်ခုံကို ဆွဲထုတ်လိုက်ပြီး ထိုင်လိုက်သည်။ မျက်နှာပေါ်တွင် အလွန်ကြင်နာသော အပြုံးရှိနေလေသည်။

"ထိုင်…"

သူ့နှင့် မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံက မမြင်ရ‌‌သော အားအချို့၏ ဆွဲထုတ်မှုကို ခံလိုက်ရ၏။

အိမ်မက်ဖန်ဆင်းသူက လက်ဆန့်လိုက်ပြီး ဖိတ်ခေါ်ဟန် ပြုလိုက်သည်။

ယဲ့ကျားက ခပ်တိုတို ရယ်မောလိုက်သည်။

ထို့နောက် အချိန်အကြာကြီး ကွဲကွာနေခဲ့သည့်မိတ်ဆွေနှင့် တွေ့ဆုံရသကဲ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ထိုင်ခုံပေါ်ထိုင်လိုက်သည်။

"ကျေးဇူးတင်ပါတယ်…"

သူ့၏ အမူအရာက တည်ငြိမ်လွန်းဖြင့် အိမ်မက်ဖန်ဆင်းသူက မျက်ခုံးများ ပင့်တက်သွားပြီး အံ့ဩသွားသည်။

"ငါ မင်းနဲ့ မတွေ့ရတာ ကြာပြီ…မင်းက အရင်လိုပဲ…ဘာမှ ပြောင်းလဲမသွားဘူးပဲ…"

"ဟုတ်လား…"

ယဲ့ကျားက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါဆို မင်းက အများကြီး ပြောင်းလဲသွားတာလား…"

အိမ်မက်ဖန်ဆင်းသူက အလွန်ရယ်စရာကောင်း‌သော ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး မျက်ရည်များပင် ထွက်ကျလာလေသည်။

ယဲ့ကျားက အိမ်မက်ဖန်ဆင်းသူ ရယ်ပြီးသည့်အထိ တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။

အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားပြီး အိမ်မက်ဖန်ဆင်းသူက ပြုံးကာ ပြောလိုက်သည်။

"ဟုတ်တယ်…အများကြီး ပြောင်းလဲသွားတယ်…"

ပြောပြီးနောက် သူ့ဆံပင်များကို လှန်တင်လိုက်သည်။

သူ့လည်ပင်းတွင် အနီရောင်အဟတစ်ခု ရှိနေပြီး သူ့လှုပ်ရှားမှုနှင့်အတူ ပိုမိုပြန့်ကားလာသည် ထိုအဟက အလွန်ချွန်ထက်သော လက်နက်တစ်ခုနှင့် ဖြတ်ခံထားရပုံပေါ်သည်။

သူက ခေါင်းငုံ့လိုက်ပြီး သူ့လည်ပင်းဖြတ်ရာထဲရှိ အနီရောင်ကြွက်သားများနှင့် အဖြူရောင်အရိုးများကို ယဲ့ကျားအား ပြလိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလို ဆံပင်ကို ပြန်ချလိုက်ပြီး ခေါင်းကို ပြန်မတ်လိုက်သည်။

သူ ပြုံးကာ ပြောလိုက်၏။

"အခု ပြန်ကောင်းလုနီးပါးဖြစ်နေ‌ပေမဲ့ အရင်အတိုင်း ပြန်မဖြစ်နိုင်တော့ဘူး…နောက်ဆုံးတော့ တစ္ဆေတိုင်းက အမေ့ဆီက တိုက်ရိုက်ဆင်းသက်လာသူ မဟုတ်ဘူးလေ…"

အိမ်မက်ဖန်ဆင်းသူက ဘာကို ပြောချင်နေတာလဲ…

ယဲ့ကျားက ထိတ်လန့်သွားသည်။

ယဲ့ကျား၏ လက်ကောက်၀တ်ရှိ အမာရွတ်က အနည်းငယ် ပူလာလေသည်။

အိမ်မက်ဖန်ဆင်းသူက လက်ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

"စကားမစပ် မင်းကတော့ ဘာမှ မှတ်မိမှာ လောက်မှ မဟုတ်ဘူး….ငါ့ကို ကြည့်လိုက်…ငါတောင် အဲ့ဒါကို မေ့လုနီးပါးဖြစ်နေပြီ…"

ယဲ့ကျား :"ဒီလိုဆို မင်း ငါ့ကို အဲ့ဒါကို ပြန်မှတ်မိဖို့ ကူညီပေးလို့ရလား…"

အိမ်မက်ဖန်ဆင်းသူ :"ဘာလို့ပျောက်ဆုံးသွားတဲ့ မှတ်ဉာဏ်တွေကို ပြန်လိုချင်ရတာလဲ…မင်း အဲ့အတွက် ဘာပြန်ပေးနိုင်လဲ…"

ယဲ့ကျားက ပခုံးတွန့်ကာ ပြောလိုက်သည်။

"မင်းရဲ့ အသိမိတ်ဆွေကို ဒီလို ဆက်ဆံတယ်ပေါ့…ကျေးဇူးတင်ပါတယ်…မင်း လုပ်ပေးဖို့မလိုတော့ဘူး…အဲ့ဒါတွေက အရေးကြီးတာမှမဟုတ်တာ…"

အိမ်မက်ဖန်ဆင်းသူ၏ မျက်နှာက အုပ်မှိုင်းသွားလေသည်။

သို့‌သော် သူက လျင်မြန်စွာ ပြန်ကောင်းမွန်လာခဲ့သည်။

"မင်းက ငါနဲ့ စီးပွားရေးလုပ်ဖို့ မဟုတ်ဘဲ ဘာလို့ ဒီကို ရောက်လာတာလဲ…"

ယဲ့ကျား :"ဒီအတိုင်းလေး လာကြည့်ရုံပါ…"

အိမ်မက်ဖန်ဆင်းသူ:"ငါ ရဲခေါ်လိုက်လို့ ရတယ်နော်…"

ယဲ့ကျား:"..."

အိမ်မက်ဖန်ဆင်းသူက လက်ညှိုးကို မလိုက်‌သောအခါ တစ်ဖက်ရှိ တံခါးက ပွင့်သွားလေသည်။ ထို့နေရာ၌ ဘောင်ခတ်ထားသော စာရွက်စာတမ်းများကို ချိတ်ဆွဲထားသည်။

"ကြည့် ငါ့မှာ တရား၀င်လုပ်ငန်းလိုင်စင်၊ အဆောက်အအုံပိုင်ဆိုင်ကြောင်း အထောက်အထား၊ မြေငှားစာချုပ်ပါရှိတယ်…ငါက အစိုးရကို အခွန်ထမ်းဆောင်နေတဲ့ ပြစ်မှုမှတ်တမ်း မရှိတဲ့၊ ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားကောင်းပဲ…"

ယဲ့ကျား :"..."

သူက ထေ့ငေါ့ပြောလိုက်သည်။

"ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားကောင်းက သာမာန်လူတွေရဲ့ ဝိညာဉ်ကို ယူထားပြီး သဘောတူစာချုပ် လက်မှတ်ထိုးတာလား…"

အိမ်မက်ဖန်ဆင်းသူက ပခုံးတွန့်ကာ ပြောလိုက်သည်။

"ငါက အပေးအယူလုပ်တာလေ…ပြီး‌တော့ ငါ ဘယ်တော့မှ လူကို လိုက်မရှာခဲ့ဘူး….လူတွေကသာ သူတို့ကိုယ်ပိုင်ဆန္ဒနဲ့ ဒီကို ရောက်လာကြတာ…ငါက စီးပွားရေးသမားလေ…စီးပွားရေးအကွက်ကို မြင်ရမှာပေါ့…"

အမျိုးသားက သူ့နောက်တွင် ရှိသော ပြတင်းပေါက်ရှည်များရှေ့ လှည့်ကာ ရပ်လိုက်ပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။

"ဂိမ်းထဲမှာ ငါ ဘယ်တုန်းကမှ ဒီလိုကမ္ဘာမျိုးရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး…အရမ်းလှပတဲ့နေရာ…လူတွေက သူ့တို့ဆန္ဒတွေ ပြည့်ဖို့ ဝိညာဉ်ကို ရောင်းစားဖို့တောင် အလောတကြီးဖြစ်နေကြတယ်…ဂိမ်းထဲမှာ ပြိုင်ဘက်တွေ များလွန်းတယ်…သူ‌တို့တွေက ဆာလောင်၊ တိုက်ခိုက်၊ လုယက်ပြီး ခက်ခက်ခဲခဲ အသက်ရှင်နေရတယ်…ဒီနေရာက မတူဘူး…ဈေးကွက်က အရမ်းကျယ်ပြန့်တယ်…ငါ လိုချင်နေသရွေ့ အားလုံးကို လက်ဝါးကြီးအုပ်နိုင်တယ်…အဲ့ဒါကို ဘယ်လိုခေါ်သလဲသိလား…"

အိမ်မက်ဖန်ဆင်းသူက ယဲ့ကျားကို လှည့်ကြည့်လိုက်ပြီး သူ့အပြုံးက စိတ်လှုပ်ရှားမှုကြောင့် ပုံပျက်နေပြီး ကြည့်ရသည်မှာ အလွန်ကြောက်စရာ ကောင်းလေသည်။

"တစ်ဦးတည်းမူပိုင် မြို့တော်လို့ ခေါ်တယ်…"

ယဲ့ကျား: "..."