အပိုင်း ၁၇၁ ( Mine Owner 20 )
Viewers 16k

နားကွဲလုမတတ် အချက်ပေးသံဟာ ညကောင်းကင်ကို ထိုးဖောက်ကာ ကြယ်မြို့တော်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။ 


ကြယ်မြို့တော်ရှိ မတူညီသော ဒေသစံတော်ချိန်အကန့်များမှ လူများသည် အလုပ်လုပ်နေစဉ်၊ အိပ်ပျော်နေစဉ်၊ စားသောက်နေစဉ် သို့မဟုတ် အခြားကိစ္စများ လုပ်ဆောင်နေစဉ်တွင် ဤအခိုက်အတန့်၌ အချက်ပေးသံကြောင့် အားလုံး လန့်ဖျပ်ကာ ချောက်ချားသွားကြသည်။ 


ကြယ်တာရာမဟာမိတ်သည် အချိန်အတော်ကြာ အေးချမ်းဆိတ်ငြိမ်နေခဲ့ပြီး လွန်ခဲ့သော နှစ်ရာချီအနည်းငယ်အတွင်းတွင် ကြီးမားသောစစ်ပွဲများ ဖြစ်ပွားခဲ့ခြင်း မရှိချေ။


သို့သော် အချက်ပေးသံက လူတိုင်းနှင့် ရင်းနှီးသည် — ၎င်းကို ကျောင်းတွင် ထပ်ခါထပ်ခါ သင်ကြားပေးထားသောကြောင့်ပင်။


ဒီအချက်ပေးသံက ဂြိုဟ်က တိုက်ခိုက်ခံနေရပြီး တိုက်ခိုက်သူတွေက ဂြိုဟ်ရဲ့လေထုထဲကို ဝင်လာပြီလို့ ဆိုလိုတယ်!


အတိတ်တွင် ကြယ်တာရာမဟာမိတ်က အခြားသော ကြယ်စုများကြားကမ္ဘာ့နိုင်ငံများနှင့် တိုက်ပွဲဖြစ်ခဲ့လျှင်ပင် တိုက်ပွဲက ကြယ်မြို့တော်သို့ မရောက်လာနိုင်ခဲ့ချေ။ ကြယ်မြို့တော်သို့ ရောက်လာလျှင်ပင် ကျူးကျော်သူများက ကြယ်မြို့တော်ဂြိုဟ်သို့ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ပေ။ ဒါပေမယ့် အခု ကြယ်မြို့တော်ကို ဝင်လာတဲ့ ကျူးကျော်သူတွေ ရှိနေတာလား? 


ပွဲအခမ်းအနားတွင် ရယ်မောပြောဆိုနေကြသော လူများသည် ချက်ချင်းပင် အံ့အားသင့်သွားကြကာ တပ်မှူးများစွာ၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွားသည်။


ကျူးကျော်သူတွေက သူတို့ရဲ့တံခါးဝကို တကယ် လာထိတယ်၊ သူတို့အတွက် အရမ်းရှက်စရာကောင်းတယ်!


စစ်သားမဟုတ်သော လူအချို့သည် အချက်ပေးသံကြောင့် လုံးဝ ထိတ်လန့်တုန်လှုပ်သွားကာ ခဏတာ မူးဝေသွားသည် : “ ဘာဖြစ်တာလဲ? ”


“ အချက်ပေးစက် ပျက်သွားတာ ဖြစ်နိုင်လား? ”


“ ကျူးကျော်သူတွေ ဘယ်လိုလုပ်ရှိနိုင်မှာလဲ? ”





ပွဲကျင်းပရာအပြင်တွင် အစီအစဉ်တင်ဆက်သူ Kan Ye သည် သူ့ပရိသတ်များနှင့် စကားစမြည်ပြောနေသည်။


သူက ပြုံးပြီး သူ့ဘေးနားတွင် လွင့်မျောနေသော တိုက်ရိုက်ထုတ်လွှင့်အလုံးကို ကြည့်သည် : “ ရာထူးကြီးကြီးတွေက အခုမှ ဝင်သွားပေမယ့်လည်း ငါ ဒီမှာပဲ နေပြီး ဘယ်တော့မှ ထွက်မသွားဘူး။ ဘာဖြစ်ဖြစ် သူတို့က ဝင်ပြီးရင် ပြန်ထွက်လာမှာပဲ! ”


“ မင်းတို့လည်း သေချာပေါက် အဲ့တပ်မှူးတွေကို ထပ်တွေ့ချင်ကြတယ်မလား? ”


“ ဟားဟားဟားဟား၊ နောက်ကျမှ ရောက်လာတဲ့ ကြည့်ရှုသူတွေကတော့ ဒီတိုက်ရိုက်ထုတ်လွှင့်မှုမှာ စုဆောင်းမိတဲ့ တပ်မှူးခုနစ်ယောက်ရဲ့ အံ့ဩဖွယ်မြင်ကွင်းတွေကို ကြည့်ချင်တယ်ဆိုရင် ပြန်လည်ပြသမှုကို ကြည့်လို့ရပါတယ်! ”


ထို့နောက် သူ စကားပြောပြီးသည်နှင့် အချက်ပေးသံ ရုတ်တရက် ထွက်ပေါ်လာသည်။


“ သေစမ်း! ပထမအဆင့် အချက်ပေးသံဟ! ” Kan Ye ကြောင်အသွားသည် : “ ဘာဖြစ်တာလဲ? ”


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများသည်လည်း ထပ်တူထပ်မျှ အထိတ်တလန့်ဖြစ်ကာ စာများ ရေးကြသည်။ လူအများစုက ‌သူတို့၏ကြောက်ရွံ့မှုကို ‌ဖော်ပြနေသည်။


Kan Ye က ပြောသည် : “ ငါလည်း ကြောက်တယ်။ ငါ တကယ် ကြောက်တယ်။ နေဦး၊ ငါ ကြောက်စရာမလိုဘူး။ ငါ့နားမှာ တပ်မှူးခုနစ်ယောက် ရှိတယ်! ငါ ရှိနေတဲ့ နေရာက အရမ်းလုံခြုံနေမှာ! ” 


ပရိသတ်များက Kan Ye ကို အားကျသွားကြပြီး Kan Ye က ထပ်ပြောသည် : “ ခဏလေး၊ ငါ နည်းနည်းအန္တရာယ်များတယ်လို့ ရုတ်တရက် ခံစားရတယ်... အဲ့ကျူးကျော်သူတွေက ဒီကိုလာတိုက်ခိုက်မယ်လို့ မင်းတို့ ထင်ကြလား? ဘာလို့ဆို တပ်မှူးခုနစ်ယောက် အရှင်းခံရမယ်ဆိုရင်... ”


ကြည့်ရှုသူများ : “ဆရာ Kan Ye, ဒီနေ့ မင်း ပြောခဲ့တဲ့ စကားတော်တော်များများ တကယ် ဖြစ်လာတာကို သိပြီးပြီလား? ကျေးဇူးပြုပြီး မပြောပါနဲ့!”


သို့သော်လည်း ဤအခိုက်အတန့်တွင် ကြီးမားသော အာကာသယာဉ်တစ်စင်းက ရှမိသားစု တည်ရှိရာ ဧရိယာသို့ ဆင်းသက်လာသည်။


Kan Ye မှန်သွားပြန်သည်။ ကျူးကျော်သူတွေက... တကယ်ကြီး တပ်မှူးခုနစ်ယောက်ကို တစ်ခါတည်း အပြတ်ရှင်းချင်တာ! 


အစောက အချက်ပေးသံကို ကြားလိုက်ရသော်ငြား Kan Ye သည် အလွန်အေးဆေးစွာ ပြုမူနေခဲ့သေးသည်။ သူသည် ကြယ်တာရာမဟာမိတ်ကို ယုံကြည်သည်။


ယခု အာကာသယာဉ်ကို တွေ့ရသောအခါမူကား သူ့တစ်ကိုယ်လုံး ရုတ်တရက် တုန်လှုပ်သွားသည်။


“အဆုံးသတ်ပြီ” ဟုပင် သူ ခံစားလိုက်ရသည်။


ကျူးကျော်သူများက ပွဲရှိလူများကို တိုက်ခိုက်လျှင် ပွဲရှိ သန်မာသော လူများက လွတ်မြောက်နိုင်လောက်သော်လည်း သူ့ကဲ့သို့ အားနည်းသူများမှာ... အနည်းငယ်သော ဒဏ်လှိုင်းခတ်မှုလေးကပင် သူ့ကို သတ်လိမ့်မည်။


သူက စစ်သည်တော် ဖြစ်ပေမယ့် အနိမ့်ဆုံးအဆင့် F စစ်သည်တော် ဖြစ်နေတော့ သူ ဘာမှမလုပ်နိုင်ဘူး!


Kan Ye ၏ ပရိသတ်များကလည်း စိတ်ပူသွားကြသည် : “Kan Ye, အခု ဘာလုပ်မလဲ?”


“ဆရာ Kan, ပြေး!”


“ဘုရားရေ၊ ပွဲလာတဲ့လူတွေထဲမှာ ကလေးတွေ ရှိတယ်။ အဲ့လူတွေရော?” 





Kan Ye ပြေးချင်သည်။ ဒါပေမယ့် အာကာသယာဉ်က အရမ်းကြီးလွန်းတော့ နေရာတစ်ခုလုံးကို ပိတ်နေရုံတင်မဟုတ်ဘဲ ဒုံးကျည်တွေအများကြီးကိုပါ ပစ်တယ်! 


ပြီးပြီ... KanKan YeYe မျက်လုံးမှိတ်ကာ‌ကာ သေဖို့ပြင်လိုက်လိုက်သည်။


မထင်မှတ်ဘဲ ကြီးမားသော အကာအကွယ်ဒိုင်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ရှမိသားစု၏ဗီလာကို ဗဟိုပြု၍ ကျယ်ဝန်းသော ဧရိယာတစ်ခုကို ဖုံးအုပ်လာသည်။ ဒုံးကျည်အားလုံးကို ဟန့်တားထားပြီး အာကာသယာဉ်က ဝင်တိုက်သောအခါ အကာအကွယ်ဒိုင်းတွင် သေးငယ်သည့် အဟလေးတစ်ခုသာ ဖြစ်စေနိုင်ခဲ့သည်။ ထို့နောက် ထိုအဟကို နောက်ထပ်အကာအကွယ်အဖုံးတစ်ခုက ချက်ချင်း ပိတ်ဆို့လိုက်၏။


နောက်ဆုံးစကားများ ပြောဖို့ပင် အချိန်မရှိတော့ဟု တွေးခဲ့သော Kan Ye အံ့အားသင့်သွားသည်။


ကြည့်ရှုသူအားလုံးလည်း ချက်ချင်း မီးထတောက်လောင်သော အကာအကွယ်ဒိုင်းကာ အပြင်ဘက်ရှိ ယာဉ်ကို ဆွံ့အစွာ ကြည့်နေလျက် အံ့အားသင့်သွားကြသည် - ကျူးကျော်သူတွေ ဒီလိုနဲ့ သေသွားကြပြီလား? 


Kan Ye ပါးစပ်ဖွင့်ပြီး တစ်ခုခုပြောမည်အပြု သူ့ရှေ့ရှိ ပွဲအခမ်းအနား၏ ခြံစည်းရိုးက ရုတ်တရက် ပြုတ်ကျလာပြီး တစ်ချိန်တည်းတွင်ပင် အသံတစ်သံ ထွက်လာသည် : “ စိတ်စွမ်းအင်အဆင့် A အောက်ရှိသူများ၊ ဗီလာထဲမှာ အကာအကွယ်ယူကြပါ! စိတ်စွမ်းအင်အဆင့် A အောက်ရှိသူများ၊ ဗီလာထဲမှာ အကာအကွယ်ယူကြပါ! ”


ဒါ... Kan Ye အံ့အားသင့်သွားပြီး ရုတ်တရက် တစုံတခုကို သဘောပေါက်ကာ ဗီလာဆီသို့ လျင်မြန်စွာ ပြေးသည် — တိုက်ခိုက်ရေးအဆင့်နိမ့်တဲ့လူတွေ အကုန်လုံး ဗီလာဆီသွားပြီး ရှောင်တိမ်းနိုင်တယ်၊ သေချာပေါက် သူလည်း ပါတာပေါ့!


ရှမိသားစု၏ ဤတစ်ကြိမ် ပွဲကျင်းပသောအခါတွင် အပြင်ဘက်၌ စောင့်ဆိုင်းနေသူများ အများအပြား ရှိသည်။ Kan Ye ကဲ့သို့ အစီအစဉ်တင်ဆက်သူများအပြင် သတင်းထောက်အချို့လည်း ရှိ၏။ Kan Ye ၏ လှုပ်ရှားမှုများကို တွေ့ရသောအခါ ဤလူများလည်း ဗီလာတည်ရှိရာသို့ အမြန်ပြေးကြတော့သည်။


ပွဲကျင်းပရာအတွင်း။


စစချင်း အချက်ပေးသံ မြည်သောအခါ ပွဲလာသူများသည် အချက်ပေးသံ ပျက်နေသည်ဟု ထင်ခဲ့ကြသော်ငြား အာကာသယာဉ်က ဇောက်ထိုးမိုးမျှော် ပျက်ကျလာချိန်တွင်...


အချို့က ကြောက်လန့်ကာ မြေပေါ်လဲကျသွားကြသည်။ အချို့က အလွန်ကြောက်ပြီး ငိုကြွေးကြကာ အချို့က တိုက်ရိုက်ပင် မေ့လဲသွားကြ၏။


ကံကောင်းထောက်မစွာဖြင့် အကာအကွယ်အဖုံး ပေါ်လာခဲ့သည်။


အာကာသယာဉ်က ဒုံးကျည်များကို တစ်လုံးပြီးတစ်လုံး ပစ်လွှတ်နေဆဲဖြစ်ပြီး အကာအကွယ်ဒိုင်းတစ်ခုလုံးက တဲတဲမျှသာ ရှိတော့သည့်ပုံပေါ်သည်... ကံကောင်းစွာဖြင့် Allen က လျင်မြန်စွာ တုံ့ပြန်ကာ စိတ်စွမ်းအင်အဆင့်မြင့်မဟုတ်သူတို့ကို ဗီလာထဲသို့ ချက်ချင်း ဝင်ခိုင်းခဲ့သည် — ဒီက ကာကွယ်ရေးအဆင့်က အပြင်ကထက် ပိုမြင့်တယ်!


ဧည့်သည်အချို့သည် ပုန်းအောင်းရန် ဗီလာထဲသို့ ပြေးလွှားသွားသော်လည်း နေရာတွင် ရပ်ကာ အပေါ်မှ ပေါက်ကွဲမှုကို ကြည့်နေကြသူများလည်း ရှိနေသည်။


ယန်ကျင်းဇီသည်လည်း နေရာတွင် ရပ်နေသူများထဲမှ တစ်ဦးအပါအဝင် ဖြစ်ပြီး သူ့အပေါ်မှ ပေါက်ကွဲမှုကို ကြည့်နေကာ မျက်မှောင်ကြုံ့လျက်ဖြင့် မေးလိုက်သည် : “ ဒီမှာ ဘာဖြစ်နေတာလဲ? ”


“ အရှင်၊ အဲ့ဒါ Zerg! တစ်ယောက်ယောက်က Zerg နဲ့ ပူးပေါင်းတာ ဖြစ်လိမ့်မယ်။ ” Allen ၏ သားတစ်ဦးက ယန်ကျင်းဇီအနားတွင် ပေါ်လာသည်။


တပ်မှူးခုနစ်ဦးသည် အာကာသယာဉ် ပေါ်လာသည့်အခိုက်အတန့်တွင် ယန်ကျင်းဇီထံသို့ ရောက်လာကြသည်။ ရှဝေချန်သည်လည်း သူ့သားထံသို့ ရောက်လာပြီး ဗိုလ်ချုပ်ကြီးများနှင့် ဒုတိယဗိုလ်ချုပ်ကြီးများက တပ်မှူးဆီ ရောက်လာကြ၏... နောက်ဆုံးတွင် စွမ်းအားကြီးသူများ အားလုံး အတူစုဝေးသွားကြသည်။


ဤအချိန်တွင် Allen ၏ သားထံမှ စကားကြားရသော် တစ်စုံတစ်ဦးက ဆိုသည် : “ Zerg ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? စစ်ဌာနချုပ်က ဘာသတင်းမှ မကြားထားဘူး! ”


သို့သော် ဤလူ၏စကား ဆုံးပြီးသည်နှင့်တပြိုင်နက် တပ်မှူးတစ်ဦးက ပြောလာသည် : “ အဲ့ဒါ Zerg! ”


လူတိုင်းဟာ ချက်ချင်း တိတ်ဆိတ်သွားပြီး တစ်ချိန်တည်းတွင်ပင် အာကာသယာဉ်ပေါက်ကွဲမှု အပျက်အစီးများကြားမှ ထွက်ပေါ်လာသည့် သွားများနှင့် ခြေသည်းများပါသော သတ္တဝါအချို့ကို သတိပြုမိလိုက်ကြသည်။ ၎င်းတို့မှာ အမှန်တကယ်ပင် Zerg များ ဖြစ်ကြသည်။


Zerg ဟာ အလွန်ကြောက်စရာကောင်းသော အမျိုးအနွယ် ဖြစ်သည်။


သူတို့သည် ပုံသဏ္ဍာန်အမျိုးမျိုး ရှိသော ဉာဏ်ရည်ရှိသတ္တဝါများလည်း ဖြစ်ကြသည်။ အများစုဟာ ခန္ဓာကိုယ်ပျော့ပျောင်းပြီး ခြေများစွာ ရှိကာ ပိုမိုအရေးကြီးသည်မှာ ဤမျိုးနွယ်က စားသောက်ခြင်း၌ အလွန်တော်သည်။


သူတို့သည် သူတို့မျိုးနွယ်မှလွဲ၍ အားလုံးကို စားကြပြီး စွမ်းအင်စားရသည်ကို နှစ်သက်သည် – ဥပမာအားဖြင့် လူသားများ ကြောက်ရွံ့ကြသော မီးတောက်များ ဖြစ်သည်။ သူတို့သည် အတွင်းမှစွမ်းအင်ကို စုပ်ယူနိုင်ကြသည်။


ပြောစရာမလိုစွာပင် သူတို့၏ မျိုးပွားမှုစွမ်းရည်က အလွန်အားကောင်းနေသေးသည်။


ထို့ကြောင့် ဤမျိုးနွယ်က နေရာတိုင်းနီးပါးကို အမြဲလိုလို ကျူးကျော်နေပြီး သူတို့၏ယဉ်ကျေးမှုက ကျူးကျော်ရန်စနေစဉ် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။


နှစ်သောင်းချီကြာအောင် သူတို့ဟာ အဆက်မပြတ် သိမ်းပိုက်နေခဲ့ပြီး ဂြိုဟ်များကို လုယူကာ ၎င်းတို့တွင် အသက်ရှင်နေထိုင် ပေါက်ဖွားပြီးနောက် အရင်းအမြစ်အားလုံး ကုန်ခမ်းသွားသောအခါ နောက်တစ်ခုကို သွားလုယူကြသည်။


သူတို့က ပြိုင်ဘက်နှင့် တွေ့ပြီး ရှုံးနိမ့်လာလျှင် ပြန်ဆုတ်ကာ နှစ်အနည်းငယ် အားမွေးပြီးနောက် သွားပြန်လုကြ၏။


ကြယ်တာရာမဟာမိတ်ကို ပထမဆုံးတည်ထောင်စဉ်က သူတို့နှင့်‌ တွေ့ခဲ့သည်။ လူသားများက စိတ်စွမ်းအင်များ တိုးတက်ပြောင်းလဲခဲ့ပြီး ထိုအချိန်တွင် Zerg များကို အခြားမျိုးနွယ်အဖွဲ့အစည်းက ‌နှင်ထုတ်လိုက်သောကြောင့် ဆိုးဆိုးရွားရွား ထိခိုက်လာကြသော အချက်တို့ကြောင့်သာ မဟုတ်လျှင် လူသားမျိုးနွယ်တို့ အနိုင်မရရှိနိုင်ခဲ့လောက်ပေ။


ယခု သူတို့က ပြန်ရောက်လာသည်...


ရှိသမျှလူအားလုံးတို့တွင် အေးတိအေးစက် မျက်နှာများ ရှိနေကြပြီး ဤအချိန်တွင် သူတို့အုပ်စု၏ အစွန်းအဖျား၌ ရုတ်ရုတ်သဲသဲဖြစ်နေသူများ ရှိကြသည်။


“ ရှင် ကျွန်မကိုလွှတ်! ” ရှချီချီက ဖုဖေးကို ပြောသည်။


အချက်ပေးသံမြည်ခါစတွင် ရှချီချီသည် ‌၎င်းကို အလေးအနက် မထားခဲ့ဘဲ နောက်ပိုင်းတွင် အာကာသယာဉ်ကို တွေ့သောအခါ၌လည်း အလေးအနက် မထားခဲ့ပေ။


ယခုမူကား သူ(မ)သည် အာကာသယာဉ် ပေါက်ကွဲကာ Zerg ထွက်လာသည်ကို မြင်လိုက်ရပြီး သူ(မ)၏အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူ(မ)သည် ဗီလာသို့ သွားကာ ပုန်းနေချင်သည် – ဒီမှာရှိတဲ့လူတွေက ဗီလာထဲက အားနည်းသူတွေ၊ အသက်ကြီးသူတွေကို သေချာပေါက် ကာကွယ်ပေးမှာပဲ ဟုတ်တယ်မလား?


ရှချီချီ ကြောက်ရွံ့နေသည်မှာ မဆန်းချေ။ ထိုစာအုပ်ထဲတွင် Zerg ဟာ အလွန်ကြောက်စရာကောင်းသော သတ္တဝါ ဖြစ်သည်။ ကြယ်မြို့တော်တွင် သူတို့ ပထမဆုံး ပေါ်လာစဉ်က သူတို့သည် တပ်မ ၁ ၏ တပ်မှူးကို သတ်ပစ်ခဲ့ရုံတင်မက စွမ်းအားရှင်အများအပြားကိုလည်း သတ်ပစ်ခဲ့ကြသည်။ နေရာတကာမှာ သွေးတွေစီးနေခဲ့တယ်!


သူ(မ) ‌ဒီဟာတွေကို တကယ် မရင်ဆိုင်ရဲဘူး!


ရှချီချီသည် တုန်ယင်နေ‌သည်။ သို့သော်လည်း ဖုဖေးက သူ(မ)လက်ကို ဆုပ်ကိုင်လာသည်။


“ ငါ့ကိုလွှတ်! ” ရှချီချီက ထပ်အော်သည်။


“ ချီချီ? ” ဖုဖေးသည် ရှချီချီကို အံ့အားသင့်စွာ ကြည့်ပြီး သူ(မ)လက်ကို လွှတ်လိုက်သည်။


ရှချီချီက လှည့်ပြီး ပြေးသွားသည်။


ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှိနေကြသူများသည် အနည်းငယ် ဆွံ့အသွားကြသော်ငြား ဘယ်သူမှ သူ(မ)ကို အပြစ်မတင်ကြပေ... ငယ်ရွယ်သော အကူဆရာတစ်ဦးက တိုက်ပွဲတွင် မပါဝင်လိုခြင်းမှာ ပုံမှန်ပင်။


သို့ရာတွင် ဖုဖေးသည် ရှချီချီကို ကြည့်ပြီးနောက် နေရာတွင် ခိုင်မြဲစွာ ရပ်နေသော ရှဇီရှိူ့ကို ကြည့်ကာ အလွန်စိတ်ပျက်သွားမိသည်။


သို့သော် အမှန်တကယ်တော့ ရှချီချီကဲ့သို့ လူများစွာ ရှိနေသည်။ ဗီလာထဲတွင် လူအများအပြားက ငိုကြွေးနေကြသည် : “ ငါ ဒီပွဲကို မလာခဲ့သင့်ဘူး။ ”


“ ငါ သိခဲ့မယ်ဆိုရင် ငါ ဘယ်တော့မှ လာမှာမဟုတ်ဘူး။ ”


“ Zerg, အဲ့ဒါ Zerg... ”


“ ငါတို့ ဘာလုပ်ကြမလဲ? ”





ဗီလာထဲရှိ လူများသည် ငိုကြွေးနေကြကာ Kan Ye ၏ တိုက်ရိုက်ထုတ်လွှင့်မှုက အရာအားလုံးကို မှတ်တမ်းတင်ခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်နေသည်။


သူတင်မဟုတ်ဘဲ တိုက်ရိုက်ထုတ်လွှင့်နေသော အခြားသူများလည်း ရှိသည်။ ဤအခိုက်အတန့်တွင် အနီးအနားရှိ ဂြိုဟ်များ အပါအဝင် ကြယ်မြို့တော်တစ်ခုလုံးနီးပါးက ဤနေရာ၏အခြေအနေကို အွန်လိုင်းမှ စောင့်ကြည့်နေကြသည်။


“အဲ့စားပွဲထိုးတွေက ဗီလာမှာ လာမရှောင်ကြသေးဘူး! ပြေးကြပါတော့!”


“သူတို့အကုန်လုံး အဆင်ပြေပါစေလို့ ငါ မျှော်လင့်တယ်!”


“အကာအကွယ်အဖုံးက Zerg ကို မရပ်နိုင်ဘူးလို့ ပြောနေကြတယ်။ ငါတို့ ဘယ်လိုလုပ်ကြမလဲ? ”


...



အကာအကွယ်အဖုံးသည် Zerg ကို အမှန်တကယ် မတားဆီးနိုင်ချေ။ အာကာသယာဉ် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်သော ကြီးမားသည့် စွမ်းအင်က အကာအကွယ်အဖုံးကို လောင်မြိုက်နိုင်ပြီး Zerg ကလည်း စုပ်ယူနိုင်သည်။ Zerg ဟာ အကာအကွယ်အဖုံးကို ကိုက်လည်း ကိုက်ဝါးနိုင်ကြသည်။


သို့သော် ဤဒိုင်းကာ၏အရည်အသွေးမှာ သိသိသာသာ ကောင်းလှပြီး ယခုထိပင် မပျက်စီးသေးသည်မှာ အံ့ဩစရာကောင်းလှသည်။


“ အကာအကွယ်ဒိုင်းက အဲ့ဒါကို ဆက်မထိန်းနိုင်တော့ဘူး။ ” Allen က ရုတ်တရက် ပြောလာသည်။


“ အသင့်ပြင်! ” တပ်မ ၁ ၏ တပ်မှူးသည် ချက်ချင်း အော်ကာ စကားပြောပြီးနောက် ယန်ကျင်းဇီကို လှမ်းကြည့်သည် — ဒီပွဲကျင်းပရာမှာ သုံးတဲ့ အကာအကွယ်ဒိုင်းက စစ်ဌာနချုပ်ကဟာနဲ့ တကယ်ကြီး အဆင့်တူတူပဲ!


သူတောင် မဝယ်နိုင်တဲ့ အကာအကွယ်ဒိုင်း!


သူ ရှဝေချန်ကို တကယ်ပဲ အရမ်းမနာလိုဖြစ်မိတယ်! ဘာကြောင့် သူ့မှာ ရှဇီရှိူ့လိုသား မရှိတာလဲ?


တပ်မ ၁ ၏ တပ်မှူးက အသင့်ပြင်ရန် ပြောပြီးနောက် ရှိသမျှလူအားလုံးသည် သူတို့၏စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ကြသည်။


Zerg ဟာ မှော်မျိုးနွယ်တစ်မျိုး ဖြစ်သည်။ သူတို့သည် စကြဝဠာအတွင်းသို့ တိုက်ရိုက်ရောက်ရှိနိုင်ပြီး စွမ်းအင်စုပ်ယူနိုင်သဖြင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများသည် သူတို့အတွက် အသုံးမဝင်ချေ။ သူတို့ကို သတ်ရန် အကောင်းဆုံးနည်းလမ်းမှာ စိတ်စွမ်းအင်နှင့် တိုက်ခိုက်ခြင်း ဖြစ်သည်။


တပ်မှူးခုနစ်ယောက်လုံးက အဆင့် SS စစ်သည်တော်တွေပဲ၊ သူတို့ သတ်နိုင်လောက်တယ်မလား? လူအများသည် ဤသို့တွေးကြပြီး တစ်ခုခုမှားနေမှန်း ရုတ်တရက် သဘောပေါက်သွားသည်။


ဗီလာထဲရှိ လူအများအပြားသည် စစ်သည်တော်များ သို့မဟုတ် အကူဆရာများ ဖြစ်ကြပြီး ဤအခိုက်အတန့်တွင် သူတို့ တုန်လှုပ်သွားကြသည်။


“ အဲ့စားပွဲထိုးတွေအကုန်လုံး စစ်သည်တော်တွေပဲ! ”


“ ဘုရားရေ၊ ငါ့ကို အအေးလာပေးတဲ့သူက အနည်းဆုံး အဆင့် S စစ်သည်တော်ပဲ! ”


“ ဘာလို့ သူတို့က စားပွဲထိုးတွေ လုပ်နေကြတာလဲ? ”


“ ဒါဆို တကယ်တော့ ဒါက Zerg ကို မျှားဖို့ ထောင်ချောက်လား? ”





အကာအကွယ်ဒိုင်းပေါ်မှ ယာဉ်ဟာ တောက်လောင်နေဆဲဖြစ်ပြီး အတွင်းရှိ ထွန့်ထွန့်လူးနေသော ကြီးမားရွံရှာဖွယ် အင်းဆက်ကြီးရာချီများစွာက ဒိုင်းကို ကိုက်ဖြတ်နေကြသည်ကို ဒိုင်းထဲမှ မြင်တွေ့ရနေသည်။


အကာအကွယ်ဒိုင်းသည် ရုတ်တရက် ပြိုကျသွားပြီး ဤ Zerg များဟာ မိုးရွာသကဲ့သို့ ကောင်းကင်ကနေ တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျလာကြသည်။


တပ်မ ၁ ၏ တပ်မှူးက ပြောလိုက်သည် : “ တိုက်! ”


စကားပြောပြီးနောက် သူသည် ဦးဆောင်ကာ တဟုန်ထိုး ချီတက်၍ Zerg တစ်ကောင်ကို စိတ်စွမ်းအင်ဖြင့် တိုက်ခိုက်လိုက်သည်။


ဗီလာ၏ပြတင်းပေါက်တွင် ရပ်နေသော Kan Ye သည် အေးစက်စက်မျက်နှာထားဖြင့် အပြင်သို့ကြည့်ကာ သူ့ပရိသတ်ကို ရှင်းပြနေသည် : “ Zerg က ပြင်ပတိုက်ခိုက်‌မှုတွေကို မကြောက်ပေမယ့် စိတ်စွမ်းအင်တိုက်ခိုက်မှုတွေကိုတော့ ကြောက်ကြတယ်။ အရင်စစ်ပွဲတွေမှာ အဆင့် A ရဲ့အထက် စစ်သည်တော်တွေက Zerg တစ်ကောင်ကို ကြီးကြီးမားမား ထိခိုက်စေနိုင်ခဲ့ပြီးတော့ အဆင့်နိမ့်စစ်သည်တော်တွေကလည်း စုပေါင်းပြီး Zerg တစ်ကောင်ကို ရပ်တန့်နိုင်ကြတယ်။ ”


“ တပ်မှူးခုနစ်ယောက်လုံးက အဆင့် SS စစ်သည်တော်တွေ ဖြစ်ကြတယ်။ သူတို့က အဲ့ဒီအင်းဆက်တွေကို သေချာပေါက် သတ်နိုင်လိမ့်မယ်! ”


“ အရင်မှတ်တမ်းတွေအရ Zerg မျိုးနွယ်ရဲ့ အားအကောင်းဆုံး Zerg ဟာ အဆင့် S စစ်သည်တော်ရဲ့ တိုက်ခိုက်မှုကိုပဲ ခုခံနိုင်ခဲ့တယ်။ ”


“ ငါတို့ သေချာပေါက် အောင်နိုင်လိမ့်မယ်! ”


……



သို့သော်ငြား Kan Ye သည် သူ စကားပြောပြီးသည်နှင့် တပ်မ ၁ ၏ တပ်မှူးက ခေါင်းကို အုပ်ကာ နာကျင်စွာ အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။


တစ်ချိန်တည်းတွင် Zerg အုပ်စုထဲမှ မည်းနက်နေသော အရောင်သာရှိသည့် ကြီးမားသော ဂေါ်ဖီထုပ်ပိုးကြီးကဲ့သို့ အင်းဆက်ကြီးတစ်ကောင်က လူသားစကားကို

အမှန်တကယ် ပြောခဲ့သည် : “ လူသားတွေ၊ အဆင့် SS စစ်သည်တော်တွေက ငါတို့ကို မသတ်နိုင်တော့ဘူး... ”


သူတို့ ဒီတစ်ခါ လာရဲတယ်ဆိုတာက သူတို့ အဆင့်တက်ပြောင်းလဲပြီး အဆင့် SS စစ်သည်တော်တွေရဲ့ တိုက်ခိုက်မှုတွေကို တောင့်ခံနိုင်သွားလို့ပဲ!


____