အပိုင်း ၁၇၂ ( Mine Owner 21 )
Viewers 16k

မူလက အလှဆင်ထားသော ပွဲကျင်းပရာတွင် ယခုအခါ၌ ကြီးမားသော အင်းဆက်များနှင့် ပြည့်နေသည်။ သူတို့အားလုံးဟာ ပုံသဏ္ဍာန်ထူးခြားပြီး ကြီးမားကြကာ ထွန့်ထွန့်လူးလျက် လွှဲယမ်းလှုပ်ရှားနေကြသည်။ သူတို့က အနီးအနားတွင် တွားသွားနေသောအခါ ရွံစရာကောင်းလှသည်။


အင်းဆက်ပိုးတစ်ကောင်ဆိုလျှင် ၎င်းနားရှိ အသားကင်တန်းတစ်ခုလုံးကို စားပစ်နေရာ “ကျွတ်-ကျွတ်-ကျွတ်” အသံထွက်နေသည်...


ဤအသံဟာ တိုက်ပွဲကို နောက်တစ်ကြိမ် စတင်စေခဲ့သည် – အသားကင်ရန် တာဝန်ယူထားသော အမျိုးသားက “ငါ့ဆိုင်” ဟု အော်ကာ ဒေါသတကြီး ပြေးထွက်သွားပြီး ပိုးကောင်နှင့် တိုက်ခိုက်တော့သည်။


သူ မျက်နှာအပ်ပြီး ပြုတ်မကျတာ အံ့ဩစရာပဲ!


“အဲ့အသားကင်စားဖိုမှူးက အဆင့် SS စွမ်းအားရှင်... ” ဗီလာထဲရှိ အမျိုးသားတစ်ဦးက အေးအေးဆေးဆေး ဆိုသည်။ 


ဤလူသည် အဆင့် S စစ်သည်တော် ဖြစ်သော်ငြား မငယ်ရွယ်တော့ဘဲ ယခင်က သူ့စိတ်စွမ်းအင်မှာ အထိန်းကွပ်မဲ့ခဲ့သောကြောင့် သူသည် သွားရောက်မတိုက်ခိုက်ခဲ့ပေ။


ဒါပေမယ့် သူက ကျန်းမာရေးပဲ မကောင်းတာ၊ သူ့မှာ သူ့အမြင် ရှိသေးတယ်!


ယခု သူ့စကားများ ထွက်လာသောအခါ ရှမိသားစု ဗီလာထဲရှိ လူများသည် ထပ်မံဆွံ့အသွားကြပြန်သည် – အသားကင်နေတဲ့လူက အဆင့် SS စစ်သည်တော်တစ်ယောက်လား?


“ တပ်မှူးတွေ သူ့နားမှာ စုဝေးပြီး အသားကင်စားနေကြတာ မဆန်းတော့ပါဘူး။ ” လူတစ်ဦးက ပြောသည်။


“ ဒါဆို တပ်မှူးတွေက သူ့ကြောင့် ဒီကိုလာကြတာလား? ” ထိုလူက ဆက်ပြောပြန်သည်။


“ ဒီပွဲမှာ... ဘာလို့ စွမ်းအားရှင်တွေ အရမ်းများနေတာလဲ? ” ထိုစားပွဲထိုးများက အလွန်သန်မာကြပြီး ဤအချိန်တွင် သူတို့အားလုံးက လက်နက်များ ကိုင်ဆောင်ထားကြကာ တိုက်ခိုက်ချင်စိတ်များ အပြည့်အဝရှိနေကြသည်။


ဤမေးခွန်းများကို ဖြေဆိုနိုင်သူ မရှိချေ။ လူတိုင်းသည် ဘာဖြစ်‌‌နေမှန်း မသိပေ။ လူအများအပြားသည် ဗီလာထဲတွင် ရှောင်တိမ်းနေသော ရှမိသားစုကို သွားတွေ့ကြသော်လည်း ရှမိသားစုသည် လုံးဝ စိတ်ရှုပ်ထွေးနေကြပြီး ဘာကိုမှ မသိကြပေ။


ရှမိသားစုကို မဆိုနှင့်၊ ရှအမျိုးသမီးပင် ဘာဖြစ်နေမှန်း မသိရှာ။


ရှဝေချန်သည် ဗီလာထဲသို့ မဝင်ရောက်ခဲ့ဘဲ သူ့ဇနီးဖြစ်သူ ရှအမျိုးသမီးသည်လည်း သူ့အနားတွင် မြဲမြဲတည်ရှိနေသည်။


ထို့နောက် ရှအမျိုးသမီးသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း၌ မိတ်ဆွေကောင်းဟု သူ(မ) သတ်မှတ်ထားခဲ့သည့် အိမ်တော်ထိန်း Allen က ရုတ်တရက် သူ့စိတ်စွမ်းအင်ကို ထုတ်ကာ အဆင့် S စစ်သည်တော် ဖြစ်လာသည်ကို တွေ့လိုက်ရသည်။


သူ(မ)ကို အသားကင်အရသာမြည်းခိုင်းတဲ့ စားဖိုမှူးက ပိုတောင် စွမ်းအားကြီးပြီး အဆင့် SS စွမ်းအားရှင် ဖြစ်နေတယ်လေ!


ထိုငယ်ရွယ်သော စားပွဲထိုးများ အားလုံးကလည်း စစ်သည်တော်များ ဖြစ်ကြကာ အနည်းဆုံး အဆင့် A တွင် ရှိကြသည်။


ယခု အခြေအနေကသာ အလွန်အရေးကြီးမနေလျှင် ရှအမျိုးသမီးသည် Allen ကို ဆွဲဖမ်းပြီး သူ့ပခုံးများကို လှုပ်ယမ်းကာ မေးမြန်းလိုက်ချင်သည်။ ဘာတွေဖြစ်နေတာလဲ!


တခြားသူများလည်း ထိတ်လန့်သွားကြသည်။ ဗိုလ်ချုပ်ကြီးများနှင့် ဒုတိယဗိုလ်ချုပ်ကြီးများသည် ဘဝကို စတင်သံသယဝင်မိကြသည် — သူတို့လို အစွမ်းထက်ကြတဲ့ အဆင့် S စစ်သည်တော်တွေက စားပွဲထိုးတွေအဖြစ် တကယ်ကြီး အလုပ်လုပ်နေကြတယ်! သူတို့လည်း ဘာဖြစ်နေလဲ မေးချင်မိတယ်!


သို့သော် Zerg နှင့် လူသားတို့၏ တိုက်ပွဲဟာ စတင်ဖြစ်ပွားနေပြီဖြစ်သည်။


တပ်မှူးများစွာသည် ရှေ့ဆုံးသို့ အလျင်အမြန် တက်ကြပြီး ဗိုလ်ချုပ်ကြီးများနှင့် ဒုတိယဗိုလ်ချုပ်ကြီးများသည် နောက်ကျမကျန်ခဲ့ကြပ။ Lone Wolf နှင့် ဖုဖေးကဲ့သို့ မျိုးဆက်သစ် အဆင့် S စွမ်းအားရှင်များလျှင်ပင် လျင်လျင်မြန်မြန် လိုက်ပါကြသည်။


Zerg များသည် လူသားစားကောင်များ ဖြစ်ကြသည်။ ဤ Zerg များက တပ်မှူးများအားလုံးကို သတ်ဖြတ်လိုက်လျှင် ကြယ်တာရာမဟာမိတ်တစ်ခုလုံး အနာဂတ်မှာ ဖျက်ဆီးခံရလိမ့်မယ်!


ဤနေရာရှိ လူများဟာ အလုံးစုံ ကောင်းမွန်သူများ မဟုတ်ကြသော်လည်း ဤအခိုက်အတန့်တွင် သူတို့အားလုံးသည် အတူတကွ စည်းလုံးခဲ့ကြသည်။


ဖုဖေးသည် တိုက်ခိုက်ရန် သွားချိန်တွင် ရှဇီရှိူ့ကိုပင် ပြောခဲ့သည် : “ မင်း ဗီလာထဲမှာ ပုန်းနေ! ”


ရှဇီရှိူ့သည် သူ့ကို လျစ်လျူရှုပြီး ယန်ကျင်းဇီကို ပြောလိုက်သည် : “ ကျင်းဇီ၊ မင်း ဗီလာကို သွားတော့! ” သူသည် ယခုတလော သူ့စိတ်စွမ်းအင်ကို များစွာမြှင့်တင်ခဲ့ပြီး သူ မစစ်ဆေးရသေးသော်လည်း အဆင့် A တော့ ရှိလောက်ပြီဖြစ်သည်။ ထို့ကြောင့် သူသည် ဆက်နေချင်သော်ငြား ယန်ကျင်းဇီကတော့ မတူချေ။


ယန်ကျင်းဇီဟာ ယခင်က ဝေးလံခေါင်သီသော ဂြိုဟ်ပေါ်တွင် နေထိုင်ခဲ့ပြီး သက်ဆိုင်ရာ လေ့ကျင့်မှု မရရှိခဲ့ချေ။ သူသည် ယန်ကျင်းဇီ သွားရောက်တိုက်ခိုက်မည်ကို ခွင့်မပြုရဲပေ။


ယန်ကျင်းဇီ : “ ... ”


ယန်ကျင်းဇီသည် မလှမ်းမကမ်းရှိ စစ်မြေပြင်ကို လှမ်းကြည့်သည်။ ယနေ့ သူ သေချာပေါက် လှုပ်ရှားရလိမ့်မည်။


လှုပ်ရှားရခြင်းက ပြဿနာမရှိ၊ ပြဿနာမှာ.. နောက်ကျရင် သူ ဘယ်လိုရှင်းပြရမလဲ?


အခြေခံအားဖြင့် ပွဲရှိ စိတ်စွမ်းအင်အဆင့်မြင့်မားသော စစ်သည်တော်များအားလုံးသည် စတင်တိုက်ခိုက်နေကြပြီဖြစ်ကာ အကူဆရာများက ကူညီရန် အနီးအနားတွင် ရှိနေသည်။


သို့သော် သူတို့သည် အားနည်းနေဆဲဖြစ်သည် – Zerg တွေက ပြင်ဆင်လာကြတယ်!


Kan Ye စကားထပ်မပြောတော့ဘဲ တိုက်ပွဲအခြေအနေကိုသာ ကြယ်မြို့တော်တစ်ခုလုံးသို့ တိုက်ရိုက်ထုတ်လွှင့်နေခဲ့သည်။


ဤအခိုက်အတန့်တွင် ကြယ်မြို့တော်၌ ဤစစ်သည်တော်များအတွက် ဆုတောင်းပေးနေသူများ မရေမတွက်နိုင်အောင် ရှိနေသည်။


အမှန်ပင်၊ Cossack ကဲ့သို့ ကွဲပြားသူများလည်း ရှိသည်။


Cossack သည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေပြီး *အန္တရာယ်ကိုဖီဆန်လျက် လူသားများ ရုန်းကန်နေရသည်ကို မြင်သောအခါ သူ့မျက်နှာမှာ ဘဝင်ခိုက်နေသည်။


(T/N note : *စာသားတိုက်ရိုက်ပြန်ရင်တော့ လေထဲတွင် လူသားများ ပြုတ်ကျနေသည်တဲ့။ လူပြုတ်ကျတာထက်စာရင် လူတွေ အန္တရာယ်တောထဲမှာ တိုက်ခိုက်နေရတာကို ပြောတယ်လို့ ထင်တာနဲ့ လှလှလေး ရေးပေးလိုက်ပါတယ်။)


ဖြစ်နိုင်သည်မှာ သူ့ကို စိတ်မကျေနပ်စေသည့် တစ်ခုတည်းသော အရာက... ထိုနေရာတွင် ဖုဖေးလည်း ရှိနေခြင်းပင်။


မည်သို့ပင်ဖြစ်စေ ဖုဖေးက သူ့သား ဖြစ်သည်။ သူသည် ဖုဖေးကို မတော်တဆမှု မဖြစ်စေချင်ပေ။ သို့သော်ငြား ဖုဖေး မရှိတော့လျှင်တောင်မှ အဆင်ပြေသည်။


သူသည် ယခုအခါ အမှိုက်ဖြစ်နေပြီဖြစ်ရာ သူ့သား သေသွားလျှင်လည်း ကိစ္စမရှိချေ။


ထို့အပြင်... သူသည် ဖုဖေးကို အလွန်မကျေနပ်ပေ။


ယခင်က သူ့စိတ်စွမ်းအင် အထိန်းကွပ်မဲ့စဉ်အချိန်၌ ဖုဖေးက သူ့အတွက် သူ့စိတ်စွမ်းအင်ကို ကူညီဖြီးသင်ပေးမည့် ပိုမိုကောင်းမွန်သော အကူဆရာအနည်းငယ်ကို ရှာနိုင်ခဲ့သည်။ ဘာကြောင့် သူက ရှချီချီဆီကို သွားရတာလဲ?


အဲ့ရှချီချီက သူ့စိတ်စွမ်းအင်ကို ဘယ်လိုသွယ်ပို့ပေးရမလဲ လုံးဝ မသိတဲ့အပြင် အလုပ်လုပ်တာလည်း အချိန်ဆွဲနေသေးတယ်၊ သူ(မ)က သူ့ဒဏ်ရာကို လုံးဝ စိတ်မပူဘူး!


သူက ပိုပြီးသက်သာနိုင်ခဲ့ပေမယ့် ရှချီချီကြောင့် သူ့လက်ရှိအခြေအနေက အရမ်းဆိုးတယ်! 


Cossack ရှချီချီကို မုန်းသည်။


Cossack က သူ(မ)ကို မုန်းတီးကြောင်း ရှချီချီ မသိခဲ့ဘဲ ယခုအချိန်အထိ သူ(မ)သည် Cossack အကြောင်းကို တွေးနေမိဆဲဖြစ်သည်။


Cossack ဟာ ကြယ်တာရာမဟာမိတ်၏ အသန်မာဆုံးလူ၊ Marshal ဖြစ်ပြီး သူတစ်ဦးတည်း ပိုင်ဆိုင်သည့် သီးသန့်တပ်ဖွဲ့ ရှိသည်။ အခု ဒီလိုကိစ္စ ဖြစ်နေတော့ Cossack က သေချာပေါက် ရောက်လာမှာမလား?


သူ(မ)သည် ဗီလာထဲတွင် လာပုန်းမိသည့် လုပ်ရပ်ကို နောင်တရမိသည်။ သူ(မ)ဟာ ဖုဖေးနှင့်အတူ တိုက်ပွဲဝင်နေသင့်သည်။


သို့သော် ထို Zerg များက တကယ် ကြောက်စရာကောင်းသည်... အဲ့လူတွေ အစားခံရလိမ့်မယ်! 


ဤသို့‌တွေးနေစဉ် ရှချီချီသည် ယန်ကျင်းဇီက Zerg ထံသို့ လျှောက်သွားသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။


“ မိုင်းပိုင်ရှင်က စစ်မြေပြင်မှာ ဘာလုပ်မလို့လဲ? သူများတွေရဲ့ တိုက်ပွဲတွေကို နှောင့်ယှက်နေတာလား? ” ရှချီချီ ပြောလိုက်သည်။


အနီးနားရှိ လူများသည်လည်း ၎င်းကို ထူးဆန်းသည်ဟု ထင်မိကြသည်။ ဂြိုဟ်အစွန်အဖျားက ဒီမိုင်းပိုင်ရှင်က Zerg နဲ့ သွားတိုက်ခိုက်ဖို့ ကြံစည်နေသေးတာလား?


Kan Ye ၏ တိုက်ရိုက်ထုတ်လွှင့်အလုံးသည် တပ်မှူးများကို ‌ရိုက်ကူးနေခဲ့သည်။ ယခု လူတစ်ဦးက ယန်ကျင်းဇီအကြောင်း ပြောလာသည်။ Kan Ye ၏ စိတ်စွမ်းအင် လှုပ်ရှားလိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်အလုံးက ယန်ကျင်းဇီကို ချိန်ရွယ်လိုက်သည်။ Kan Ye ကလည်း ရှင်းပြသည် : “ ရှဝေချန်ရဲ့အကြီးဆုံးသားက ဂြိုဟ်အဖျားတစ်ခုက မိုင်းပိုင်ရှင်တစ်ယောက်နဲ့ နှောင်ကြိုးဖွဲ့ခဲ့တယ်။ အဲ့လူက မိုင်းပိုင်ရှင်ပါ။ သူလည်း သွားတိုက်ခိုက်တော့မယ်... ”


“ချသာချ!”


“သူက လူကောင်းပဲ!”


“သူ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်…”


……



Star Network ရှိ လူများသည် သူ့ကို စတင်ကောင်းချီးပေးကြပြီး တစ်ချိန်တည်းတွင်ပင် Cossack ၏ မျက်နှာမှာ ပြောင်းလဲသွားသည်။


သူသည် ယခုမှသာ ယန်ကျင်းဇီကို မြင်ခဲ့ပြီး ဤအချိန်မတိုင်ခင်အထိ ထိုနေရာတွင် ယန်ကျင်းဇီလည်း ရှိနေမှန်း မသိခဲ့ပေ။ 


ဒါဆို သူက ရှဝေချန်ရဲ့သားရဲ့ နှောင်ကြိုးသွယ်လက်တွဲဖော်ပေါ့! အဲ့တပ်မှူးတွေအကုန်လုံး ရှဝေချန်ကို ဖားဖို့ ကြိုးစားနေကြတာ မဆန်းတော့ဘူး!


ထိုနေရာတွင် ယန်ကျင်းဇီ ရှိနေကြောင်း သိလိုက်ရသောအခါ Cossack အနည်းငယ် စိတ်ပူသွားသည်။ သို့ရာတွင် မကြာမီ သူ စိတ်ပြန်အေးသွား၏။


အဲ့မှာ ယန်ကျင်းဇီ ရှိနေလည်း ဘာဖြစ်‌လဲ?


အဲ့ဒီ Zerg တွေက အရမ်းသန်မာတယ်၊ ယန်ကျင်းဇီက အဆင့် SSS ဆိုရင်တောင်မှ မနိုင်လောက်ဘူး! သူ့ကိုတောင် အဲ့ဒီ Zerg တွေက သတ်နိုင်လောက်တယ်! 


သူတို့အကုန် သေသွားရင် ပိုတောင်ကောင်းဦးမယ်!


Cossack တက်ကြွသွားသည်။


ဤအချိန်တွင် ယန်ကျင်းဇီသည် စစ်မြေပြင်သို့ ရောက်ရှိနေပြီဖြစ်သည်။


တပ်မှူးများသည် ဤသို့မြင်ရသောအခါ စိတ်သက်သာရာရစွာ သက်ပြင်းချခဲ့သည် — ဒီလူ လှုပ်ရှားတော့မယ်ဆိုရင် အများကြီးပိုလွယ်သွားလိမ့်မယ်!


သို့သော် အခြားသူများ၏အမြင်က သူတို့နှင့် မတူချေ။


Lone Wolf က ယန်ကျင်းဇီကို ပြောသည် : “ ထွက်သွား၊ ဒီမှာ အန္တရာယ်ရှိတယ်! ”


ဖုဖေးကပင် ပြော၏ : “ ဒါ မင်းရှိသင့်တဲ့နေရာမဟုတ်ဘူး! ”


ရှဇီရှိူ့သည် ယန်ကျင်းဇီ၏နောက်မှ လိုက်လာကာ ဖုဖေးကို မျက်စောင်းလှမ်းထိုးလိုက်ပြီး ယန်ကျင်းဇီကို ပြောလိုက်သည် : “ ကျင်းဇီ! အဲ့ Zerg ကို အတူထိန်းရအောင်! ”


ယန်ကျင်းဇီက ထွက်သွားဖို့ ဆန္ဒမရှိလျှင် သူတို့ အတူတိုက်ခိုက်ကြမည်။


“ မဟုတ်ဘူး၊ ကိုယ် တစ်ယောက်တည်း အဆင်ပြေတယ်။ ” ယန်ကျင်းဇီ ရှဇီရှိူ့ကို ပြောလိုက်သည်။


ယခင်က သူ ချက်ချင်း မလှုပ်ရှားခဲ့ခြင်းမှာ အခြားသူများ အန္တရာယ်မရှိကြခြင်းနှင့် ဤ Zerg မျိုးနွယ်၏ အင်အားကို သူ ကြည့်ချင်ခဲ့သောကြောင့် ဖြစ်သည်။ ယခု...


သူ့လက်အောက်က လူတွေ အန္တရာယ်ရှိနေပြီ!


Allen ၏ သားနှစ်ယောက်က ငယ်ရွယ်ပြီး တိုက်ခိုက်ရသည်ကို နှစ်သက်ကာ ရှေ့သို့ အပြေးအလွှား တက်သွားကြသည်။ ယခုအချိန်တွင် သူတို့ထဲမှ တစ်ဦးသည် Zerg တစ်ကောင်၏ ထက်ဝက်ကိုက်ဖြတ်ခြင်းကို ခံရတော့မည်ပင်။


ယန်ကျင်းဇီသည် ရုတ်တရက် လှုပ်ရှားကာ သူ့ကို ကယ်တင်ခဲ့သည်။ တစ်ချိန်တည်းတွင် သူ ယခင်က သိမ်းထားခဲ့သော စိတ်စွမ်းအင်အားလုံးကိုလည်း ထုတ်လွှတ်လိုက်သည်။


ရှိရှိသမျှ စစ်သည်တော်များနှင့် အကူဆရာများ အားလုံးတို့ဟာ တခဏတာမျှ ဆွံ့အသွားကြသည်။


ဒီစိတ်စွမ်းအင်က ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ? သူတို့အားလုံးကို ဒီစိတ်စွမ်းအင်က ဖိနှိပ်ထားတယ်!


ဒါ... ဒါဘယ်သူ့စိတ်စွမ်းအင်လဲ?


တခြားသူများ မည်မျှစိတ်ရှုပ်ထွေးနေကြပါစေ၊ ရှဇီရှိူ့သည် မရှုပ်ထွေးပေ။


သူနှင့်ယန်ကျင်းဇီတို့၏ စိတ်စွမ်းအင်များသည် ချည်နှောင်ထားသည်။


ယခင်က သူနှင့်ယန်ကျင်းဇီတို့ စိတ်စွမ်းအင် အပြန်အလှန်တုံ့ပြန်မှု ပြုလုပ်ခဲ့ချိန်တွင် သူသည် သူတို့နှစ်ဦးတွင် တူညီသော စိတ်စွမ်းအင် ရှိပြီး သူတို့က ကဏ္ဍပေါင်းစုံ၌ ညီတူညီမျှ ရှိကာ အဆက်အသွယ်များ ရှိခဲ့ကြသည်ဟု ခံစားခဲ့ရသော်ငြား ဤအခိုက်အတန့်တွင်မူ...


သူ့စိတ်စွမ်းအင်က ယန်ကျင်းဇီ၏စိတ်စွမ်းအင်ထဲတွင် နစ်မြုပ်သွားခဲ့သည်။


ဘယ်လိုလုပ်ပြီး ယန်ကျင်းဇီဆီမှာ အဲ့လောက်အစွမ်းထက်တဲ့ စိတ်စွမ်းအင် ရှိနေနိုင်တာလဲ?


ရှဇီရှိူ့သည် နေရာတွင်ပင် အေးခဲသွားပြီး ဤအချိန်တွင် ယန်ကျင်းဇီသည် Zerg များကို တိုက်ခိုက်နေပြီဖြစ်သည်။ 


သူသည် ဤအင်းဆက်များ၏ အရွယ်အစားကို ကြည့်ရှုပြီး သူ့ mecha (မက်ခါစက်ရုပ်) “စစ်နတ်ဘုရား” ကို တိုက်ရိုက်ထုတ်လိုက်သည်။


mecha ရဲ့ အပူလက်နက်တွေက အင်းဆက်တွေကို တိုက်တဲ့နေရာမှာ အသုံးမဝင်ပေမယ့် mecha နဲ့ဆိုရင် ပိုပြီးအဆင်ပြေလိမ့်မယ်!


“ စစ်နတ်ဘုရား! အဲ့ဒါ စစ်နတ်ဘုရား! ” ယန်ကျင်းဇီကို ရပ်တန့်ရန် ကြိုးစားခဲ့သော Lone Wolf သည် စိတ်လှုပ်ရှားသွားခဲ့သည်။


“ စစ်နတ်ဘုရားလား? ” ဖုဖေး အံ့ဩသွား၏။


ဗီလာထဲရှိ လူများအပြင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသူများလည်း စိတ်လှုပ်ရှားသွားကြသည် : “စစ်နတ်ဘုရားပဲ!”


ရှချီချီတစ်ဦးတည်းကသာ နားမလည်ပေ : “ စစ်နတ်ဘုရားက ဘာလဲ? ”


ပတ်ဝန်းကျင်မှ လူများသည် ရှချီချီကို အရူးတစ်ယောက်ကို ကြည့်နေသော အမူအရာများနှင့် ကြည့်လိုက်ကြသည် – စစ်နတ်ဘုရားရဲ့ပုံက ဖတ်စာအုပ်မှာ ရှိတယ်၊ ဒီလူက မသိဘူးလား?


အမှန်ပင်၊ သူတို့သည် ရှချီချီကို ဂရုမစိုက်အားပေ။ ယခု ပြဿနာမှာ... စစ်နတ်ဘုရားကို ရှဇီရှိူ့နှင့် နှောင်ကြိုးသွယ်ထားသည့် မိုင်းပိုင်ရှင်က ထုတ်လိုက်ပုံပေါ်သည်...


သူက စစ်နတ်ဘုရားကို တကယ် ထုတ်ခဲ့တယ်၊ သူက ဘယ်သူလဲ?


အရှင် Marshal လား?


ဒီမိုင်းပိုင်ရှင်က အရှင် Marshal တဲ့လား?!


လူတိုင်း ဤသို့တွေးနေကြစဉ် ယန်ကျင်းဇီက mecha ထဲသို့ ဝင်သွားကာ သူ့စိတ်စွမ်းအင်ကို သုံးလျက် သူ့အနားရှိ Zerg များထဲမှ တစ်ကောင်ကို ဖိနှိပ်၍ သတ်ပစ်လိုက်ပြီး တစ်ချိန်တည်းတွင် သူက ဤ Zerg ၏ အမြီးကို ဖမ်းကိုင်ကာ စတင်ဝှေ့ယမ်းလျက် အခြားသော Zerg များကို ရိုက်နှက်နေသည်အား သူတို့ တွေ့လိုက်ရသည်။


Zerg ၏ ကိုယ်ထည်က အမှန်တကယ် ခိုင်မာပြီး ၎င်းကို မည်သို့မည်မျှရိုက်နှက်ပါစေ ၎င်းက မကျိုးပဲ့နိုင်ချေ။ ဤနည်းကို အားကိုးခြင်းဖြင့် Zerg ကို မသတ်နိုင်ပေ။


သို့သော်လည်း ယန်ကျင်းဇီ၏ စိတ်စွမ်းအင်သည် သူတို့၏စိတ်စွမ်းအင်ပင်လယ်ကို ဖျက်ဆီးနိုင်ပြီး သူတို့ကို လုံးဝ သတ်ပစ်နိုင်သည်။ ပြီးတော့ သူ Zerg ကို သုံးပြီး အခြား Zerg တွေကို ရိုက်တဲ့အချိန်မှာ တကယ်က သူ့စိတ်စွမ်းအင်ကိုလည်း သုံးထားတယ်!


လူတိုင်း တွေ့မြင်လိုက်ရသည်၊ mecha စစ်နတ်ဘုရားဟာ Zerg တစ်ကောင်ကို ကိုင်လျက်ဖြင့် ပြေးလွှားနေကြသော တခြား Zerg များနောက်သို့ လိုက်ဖမ်းနေပြီး ဖမ်းမိသောအခါတွင် သူက ခုန်ကာ ပြင်းထန်စွာ ရိုက်နှက်ပစ်လိုက်သည်...  


ထို့နောက် အရိုက်ခံလိုက်ရသည့် Zerg က မလှုပ်တော့ချေ။ သူ ဆက်လိုက်သွားသော ဒုတိယမြောက် Zerg ကလည်း ထပ်တူပင် မလှုပ်တော့...


အလယ်တွင် ယန်ကျင်းဇီသည် သူ တိုက်ခိုက်ပြီးနောက် ဘာမှ‌လုပ်စရာမရှိတော့သော စစ်သည်တော်များကိုလည်း အချိန်ယူကာ ပြောလိုက်သေးသည် : “ မင်းတို့ ဗီလာထဲက လူတွေကို သွားကာကွယ်၊ ဒီ Zerg တွေ သူတို့ကို မထိခိုက်စေနဲ့။ ပြီးတော့ ငါ့တိုက်ပွဲကိုလည်း ဝင်မစွက်ဖက်နဲ့။ ”


တပ်မှူးခုနစ်ဦး : “ ... ”


“ အားလုံး မြန်မြန်ပြန်ကြပါ။ ကျွန်တော်တို့အရှင် တိုက်ပွဲကို မနှောင့်ယှက်ကြပါနဲ့။ ” အထက်တန်းစား အိမ်တော်ထိန်းတစ်ဦးနှင့် တူနေဆဲဖြစ်သည့် Allen က မတ်တပ်ရပ်လာသည်။


Lone Wolf နှင့် အခြားသူများ : “…”


အရင်တိုက်ပွဲက အရမ်းပြင်းထန်ခဲ့ပြီး သူတို့အကုန်လုံးက ဒီမှာ သေဖို့ အဆင်သင့်ဖြစ်နေကြပြီ။ ဒါပေမယ့် အခု ဘာဖြစ်သွားတာလဲ?


တစ်ကောင်စီမှာ အဆင့် SS စစ်သည်တော်တွေရဲ့ တိုက်ခိုက်နိုင်အား ရှိကြတဲ့ အဲ့ဒီစွမ်းအားကြီးအင်းဆက်တွေက ဒီတိုင်းပဲ လိုက်ဖမ်းခံရပြီး အရိုက်ခံနေရတာလား?


ထို့အပြင် ဤ Zerg များ ပြေးရန် ကြိုးစားချိန်တွင် နောက်ထပ်အကာအကွယ်ဒိုင်းတစ်ခု ထွက်လာခဲ့သည်။


ဤ Zerg များသည် အကာအကွယ်အဖုံးကို ဝါးစားနိုင်သော်ငြား အချိန်ယူရသည်။ သို့သော် ယန်ကျင်းဇီက သူတို့ကို အချိန်မပေးပေ...


“ ဘာတွေဖြစ်နေတာလဲ? ” ရှအမျိုးသမီးက နောက်ဆုံးတွင် Allen ကို ဖမ်းမိသွားသည်။


Allen က ရှအမျိုးသမီးကို ပြုံးကာ ကြည့်သည် : “ မဒမ်၊ ကျွန်တော့်သခင်လေးမှာ မိုင်းပိုင်ရှင်အပြင် နောက်ထပ်အထောက်အထား ရှိသေးတယ်။ ”


ရှအမျိုးသမီး : “ ဘာအထောက်အထားလဲ? ”


“ ကျွန်တော့်အရှင်က Marshal ဖြစ်ပါသေးတယ်။ ” Allen က ရိုးရှင်းစွာ ပြုံးပြသည်။


“ အရှင် Marshal... ဘာလို့ သူက မိုင်းပိုင်ရှင်လို ဟန်ဆောင်နေတာလဲ? ” ရှအမျိုးသမီးက Allen ကို ချက်ချင်း ကြည့်သည်။


Allen သည် ယန်ကျင်းဇီအတွက် ခုခံပြောဆိုရာတွင် လေးနက်မှုများ အပြည့်အဝထားရှိသည် : “ မဒမ်၊ ကျွန်တော့်အရှင်က မိုင်းပိုင်ရှင်အဖြစ် ဟန်မဆောင်ခဲ့ပါဘူး။ သူဟာ မိုင်းပိုင်ရှင်တစ်ယောက်ဖြစ်ပြီး မိုင်းတွင်းတွေ အများကြီးကို ပိုင်ဆိုင်ပါတယ်။ ”


သောက်ကျိုးနည်း၊ သူက မိုင်းတွင်းတွေ အများကြီးကို ပိုင်တယ်...


ရှဇီရှိူ့သည် Allen ကို ကြည့်ကာ ယန်ကျင်းဇီကို သူ ပထမဆုံး မြင်ဖူးသည့်အချိန်၌ ယန်ကျင်းဇီ၏ပုံစံကို တွေးမိလိုက်သည်... သူ့စိတ်စွမ်းအင်များပင် လျော့ကျသွားခဲ့သည်။


သူ ယခု စိတ်အခြေအနေမကောင်းသော်လည်း ယန်ကျင်းဇီ၏တိုက်ပွဲကို သွားသက်ရောက်၍မဖြစ်ပေ။ ဒါကြောင့် သူ သူ့စိတ်စွမ်းအင်ကိုပဲ အရင်ပြန်သိမ်းလိုက်ပြီ! 


ယန်ကျင်းဇီ : “!!!”


ယခင်၌ သူသည် ရှဇီရှိူ့၏စိတ်စွမ်းအင်ကို သူ့စိတ်စွမ်းအင်ဖြင့် အမြဲပွေ့ပိုက်ထားခဲ့သည်။ ထိုစိတ်စွမ်းအင်အလုံးငယ်လေးဟာ အလွန်ချစ်ဖို့ကောင်းလွန်းလှသောကြောင့် သူ့နှလုံးသားကို အရည်ပျော်စေခဲ့၏...


ဒါပေမယ့် အခု ရှဇီရှိူ့ ထွက်ပြေးသွားပြီ!


ရှဇီရှိူ့ စိတ်ဆိုးနေမှာပဲ!


ယန်ကျင်းဇီသည် အနည်းငယ် စိုးရိမ်သွားရာ ပိုမိုရက်စက်စွာ တိုက်ခိုက်တော့သည်။ Zerg များက ရှောင်တိမ်းကာ ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လာသည် : “ မင်းတို့လူသားတွေ အရမ်းကောက်ကျစ်တယ်! ငါတို့ကို ဒီလာဖို့ လှည့်စား

ပြီးတော့ အကုန်လုံးကို တစ်ခါတည်း လိုက်သတ်နေတယ်! ”


သို့သော် ဤ Zerg စကားပြောပြီးသည်နှင့်တပြိုင်နက် ၎င်းဟာ ယန်ကျင်းဇီထံမှ အခြား Zerg များ၏ အလောင်းများနှင့် ရိုက်နှက်ခြင်းကို ခံလိုက်ရသည် – လူသားစကား ပြောတဲ့ ဒီပိုးကောင်ကို မြင်ရတာ တကယ် အဆင်ပြေမနေဘူး!