✨ Chapter 22
ယေဘုယျဆန္ဒ
သူက ဆယ်ကျော်သက်လေး၏ သတိရှိကာ ကြောက်ရွံ့နေသော မျက်လုံးများကို ကြည့်လိုက်သည်။ ရှေ့ကိုဆက်လျှောက်သွားရန် စိတ်အားထက်သန်နေသော်လည်း ထိုသူ့အား ကြောက်လန့်သွားစေမည်ကိုလည်း စိုးရိမ်မိပေသည်။ ခဏအကြာတွင် ဘရန်ဒန်က သူ စိတ်မဆိုးကြောင်း ကြိုးစားပြသရန် သူ၏နှုတ်ခမ်းထောင့်များကို အပေါ်သို့ဆွဲဆန့်လိုက်ပြီး ရှားရှားပါးပါး တောင့်တင်းသည့် အပြုံးတစ်ပွင့်ကို ပြုံးပြလိုက်ပြီး ဖြေးဖြေးချင်း ပြောလိုက်သည်။
"ကိုယ် မင်းကို မထိပါဘူး…"
ကျီလင်က ဘရန်ဒန်၏ 'အေးစက်စက်ပြီး ကြောက်စရာကောင်းသော' အလွန်အကျည်းတန်သည့်အပြုံးကို မြင်လိုက်ရပြီး ရုတ်တရက် ပို၍ပင်ကြောက်စရာကောင်းသလို ခံစားလာရသည်။
ဘရန်ဒန်၏အပြုံးကို သူ့ဘဝနှစ်ခုစာတွင် တစ်ကြိမ်မျှ မမြင်ဖူးခဲ့ပေ။ နဂိုကတည်းက ဘရန်ဒန်မှာ မပြုံးပြတတ်သည့် ဇာတ်ကောင်ဖြစ်ပြီး သူ၏နက်မှောင်ခက်ထန်သော မျက်နှာနှင့် သွေးအေးသည့်ပုံရိပ်ကို လူအများအား အမြဲပြသခဲ့သည်။ သူ့ထံသို့ ဤကဲ့သို့နူးညံ့ပြီး ကြည်နူးစရာကောင်းသည့် အပြုံးမျိုးမဆိုထားနှင့် သူ့သူငယ်ချင်းများနှင့် လက်အောက်ငယ်သားများအပေါ်ကိုပင် ပြုံးပြခဲလှသည်။ အများအားဖြင့် ထိုသူက ငြင်းဆန်လိုမှုနှင့် မထီမဲ့မြင်ပြုသော အမူအရာမျိုးသာ ပေးတတ်သည်။
နောက်ပြီးတော့ အစ်ကိုကြီးရေ မင်း ပြုံးနေတာက ငါ့ကို သေဒဏ်စီရင်ပြီး မြေကြီးထဲ ပို့တော့မဲ့အတိုင်းပဲ...
ကျီလင် ပြောချင်နေသည့်စကားများကို မျိုချလိုက်ပြီး သတိကြီးစွားထားကာ ဘရန်ဒန်ကို စိုက်ကြည့်လိုက်သည်။
"ခင်ဗျား ခင်ဗျား ဘာလုပ်ချင်တာလဲ..."
သူက ကောင်ငယ်လေးကို တည်ငြိမ်အောင် မလုပ်နိုင်ရုံသာမက တစ်ဖက်လူမှာ ပိုမိုကြောက်လန့်သွားကာ သတိတကြီးဖြစ်သွားပြီး သူ့မျက်လုံးများက ခါးခါးသီးသီး ဖြစ်သွားသည်ကို ဘရန်ဒန် တွေ့လိုက်ရသည်။
ကြားရက်များအတွင်း သူနှင့်ထိတွေ့ခဲ့သူ အများစုမှာ သူ့လက်အောက်ငယ်သားများဖြစ်ကြသည်။ စစ်မြေပြင်ရှိ စစ်သားများအားလုံးက အရေထူပြီး တိုက်ခိုက်ခြင်းနှင့် ရိုက်နှက်ခြင်းကို ခံနိုင်ရည်ရှိကြပေသည်။ သူတို့ မည်ကဲ့သို့လေ့ကျင့်ခဲ့လဲဆိုသည်မှာ အရေးမကြီးပေ။ သူတို့၏စိတ်ပိုင်းဆိုင်ရာ ခံစားချက်များကို စိုးရိမ်ပူပန်ရန် ဘယ်သောအခါကမှ မလိုအပ်ပေ။ သူ့သူငယ်ချင်းများကလည်း သူနှင့်စိတ်တူကိုယ်တူ သန်မာသူများဖြစ်ကြပြီး ပေါ့ပေါ့ပါးပါးနှင့် လွယ်လွယ်ကူကူ ပေါင်းသင်းဆက်ဆံနိုင်ကြသည်။ ရန်သူများအတွက်အနေဖြင့် အေးစက်စက်ဖြင့် တစ်ခါတည်း ရိုက်နှက်လိုက်ခြင်းက ပိုကောင်းပေသည်။
သူ့အနေဖြင့် လူအများကို နှစ်သိမ့်ပေးခြင်းဆိုသည်မှာ ယခင်က တစ်ခါမျှ မလုပ်ခဲ့ဖူးသည့်အရာပင်။
အထူးသဖြင့် ဤကဲ့သို့ အလိုလိုက်ခံထားရပြီး ထိတ်လန့်နေသော ကလေးငယ်အား နှစ်သိမ့်ပေးခြင်းပင်။ သူ စကားကျယ်ကျယ် ပြောမိလျှင် ထိုကလေးအား ငိုယိုသွားစေသည်အထိ ခြောက်လှန့်မိပေလိမ့်မည်။
၎င်းက ဘရန်ဒန်အတွက် အန္တရာယ်ရှိလှသည့် တိုက်ပွဲများထက် ပိုမိုခက်ခဲပေ၏။
ထို့အပြင် တစ်ဖက်လူက သူ့အား သိသိသာသာပင် မယုံကြည်ဘဲ ခုခံနေပေ၏။
ထိတ်လန့်နေသော တိရစ္ဆာန်သေးသေးလေးတစ်ကောင်ကဲ့သို့ပင်။
ဘရန်ဒန်က ခါးသက်စွာ ပြုံးလိုက်ပြီး ကျီလင်ကို ကြည့်လိုက်သည်။ ထို့နောက် အတတ်နိုင်ဆုံး ညင်သာသည့်လေသံနှင့် ပြောလိုက်သည်။
"ဒါက မင်းရဲ့အကြံမဟုတ်မှန်း ကိုယ် သိပါတယ်… မျိုးဗီဇဖျက်ဆေးကို ယူလာတဲ့သူက သမ်းတုန်း ဟုတ်တယ်မလား…"
ကျီလင်က ဘရန်ဒန်အား တအံ့တဩကြည့်နေပြီး ဘရန်ဒန့်တွင် ဘုရားသခင်ကဲ့သို့ အရာအားလုံးကို သိမြင်သည့်ဉာဏ်များ ရှိနေလားဟု ထင်မှတ်လုနီးနီးပင်။
သမ်းတုန်းက မျိုးဗီဇဖျက်ဆေးကို ယူလာတဲ့အကြောင်းကို သူ ဘယ်လိုသိသွားလဲ... နောက်ပြီး အဓိကအချက်က ဘာလို့ သူက ငါအပြစ်တွေကို လျှော့ပေါ့ပေးနေရတာလဲ အား... သူ့ကို နှစ်သိမ့်နေပုံရတဲ့ အဲဒီထူးဆန်းတဲ့လေသံက ဘာဖြစ်နေတာလဲ အား...
ခင်ဗျားက ကျွန်တော့်ကို သိမ်းကျုံးရိုက်နှက်ပြီး နဉ်ယွီနဲ့ ထွက်သွားသင့်တာ မဟုတ်ဘူးလား...
ကျီလင် ယခင်က ပုံမှန်မဟုတ်သည့် လူမျိုးကို အမှတ်တမဲ့ သတိရသွားသည်။
ဘရန်ဒန်လည်း ပုံမှန်မဟုတ်တာ ဖြစ်နိုင်လောက်လား...
ထိုအတွေးကြောင့် ကျီလင်မှာ မျက်ရည်ကျလုနီးပါးပင် ဖြစ်သွားရသည်။ ခန့်မှန်း၍မရသည့် ဘရန်ဒန်ကို ရင်ဆိုင်ရသည်နှင့်ယှဉ်လိုက်လျှင် တစ်ခါတည်း အရိုက်ခံရခြင်းက သူ့အနေနှင့် ပိုကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
တာဝန်တစ်ခုကို ငါကိုယ်တိုင် လုပ်ရတာက ပိုလွယ်တယ်မလား...
ဒုတိယအကြိမ်က ပထမအကြိမ်ထက် ပိုခက်ခဲပေသည်။ လုပ်ရိုးလုပ်စဉ်အတိုင်း မကစားကြသည့် လူကောင်ကြီးကြီးအုပ်စုနှင့် ရင်ဆိုင်နေရသည့် အကြောင်းကိုဖြင့် ထည့်ပြောစရာပင် မလိုအပ်ပေ။ ၎င်းက လုံးဝကို ခဲယဉ်းလှပေ၏။
သူ ပြန်လာပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို တွေးတောရင်း ဝမ်းနည်းမှုမျိုးစုံက သူ့နှလုံးသားထဲသို့ တစ်ဟုန်ထိုး တိုးဝင်လာခဲ့ပြီး သူ့မျက်လုံးများ စပ်ဖျင်းဖျင်းဖြစ်လာသလို ခံစားလိုက်ရသည်။
ဘရန်ဒန်က ရုတ်တရက် နီရဲလာသော ဆယ်ကျော်သက်၏ မျက်လုံးများကို ကြည့်လိုက်ပြီး ကြီးစွာသောပြစ်မှုကို ကျူးလွန်မိသကဲ့သို့ပင်။ ရုတ်တရက် ကူကယ်ရာမဲ့သွား၏။
ငါ... ငါ သူ့ကို နှစ်သိမ့်ပေးဖို့ အရမ်းကိုကြိုးစားခဲ့တာပါ... ဘာလို့ဆယ်ကျော်သက်လေးက ပိုစိတ်ဆိုးနေပုံပေါက်သွားရတာလဲ...
ဘယ်နေရာမှာ ငါ တစ်ခုခုမှားပြောမိတာလဲ...
ဘရန်ဒန်က အသက်ပြင်းပြင်းရှူလိုကိပြီး မျက်လုံးရဲရဲလေးများဖြငိ့ ဝမ်းနည်းနေပုံပေါက်သော သူ့ရှေ့ရှိ ဆယ်ကျော်သက်လေးကို ကြည့်လိုက်သည်။ အခြေအနေအမှန်ကို မသိသည့်လူသာ မြင်လျှင် သူက ထိုကလေးကို ဆူပူနေသည်ဟု ထင်ပေလိမ့်မည်။ သို့သော် တကယ်တမ်းပြောရလျှင် သူ့မှာ လေးပင်လှသည့် စကားလုံးလေးတစ်ခွန်းမျှပင် ပြောလိုစိတ်မရှိပေ။
ဘရန်ဒန် ခေါင်းကိုက်လာသကဲ့သို့ မည်ကဲ့သို့ဆက်ပြောရမည်မှန်း မသိတော့ပေ။
ရုတ်တရက် သတ္တုကြမ်းပြင်ပေါ် ဖြည်းညှင်းစွာ ရိုက်ခတ်နေသည့် ကြံတုတ်သံက သူ့နောက်မှ ထွက်ပေါ်လာသည်။ ထို့နောက် ကျက်သရေရှိကာ ဆွဲဆောင်မှုရှိသော်လည်း အနည်းငယ် တိုးလျသော အသံတစ်ခုက ထွက်ပေါ်လာသည်။
"အိုး… ဒီနေရာက အရမ်းသက်ဝင်မြူးကြွနေပုံပဲ …"
ဘရန်ဒန်၏မျက်ဆံများက ကျုံ့သွားပြီး ခေါင်းကို တဖြေးဖြေး နောက်လှည့်ကြည့်လိုက်ချိန်တွင် ကားလို့စ်၏ ကြော့ရှင်းပြီး နက်နဲသောအပြုံးကို တွေ့လိုက်ရသည်။
ဘရန်ဒန်၏မျက်လုံးများထဲတွင် အေးစက်မှုက ရုတ်တရက် ပေါ်ထွက်လာသည်။ ယခုလောလောဆယ် သူ ကျီလင်နှင့် စကားပြောရန် စိတ်ပူနေသောကြောင့် ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် မေ့လျော့သွားခဲ့သည်။ ကားလို့စ် ပေါ်လာသည်ကိုပင် သူ သတိမထားမိပေ။
သူ၏ပထမဆုံး တုံ့ပြန်မှုက ကျီလင်ကို ဆွဲယူလိုက်ပြီး ပထမဦးစွာ ဆယ်ကျော်သက်လေးကို ကာကွယ်ပေးရန် ကြိုးစားလိုက်သည်။
ရလဒ်အနေဖြင့် ဘရန်ဒန်၏လက်ကို မြှောက်လိုက်သည်နှင့် သူ့အားမျက်နှာချင်းဆိုင်ထားသော ကြောက်လန့်နေသည့် ဆယ်ကျော်သက်လေးကို တွေ့လိုက်ရသည်။ ထိုကောင်ငယ်လေးက သွက်လက်သော ယုန်လေးတစ်ကောင်ကဲ့သို့ သူ့အား အလျင်အမြန် ဖြတ်ကျော်သွားပြီး ကားလို့စ်၏ ရင်ခွင်ထဲသို့ ချက်ချင်းခုန်ဝင်သွားပေသည်။
ဘရန်ဒန်၏လက်က လေထုအလယ်တွင် ကျန်ရစ်နေခဲ့ပြီး အံ့အားသင့်သွားခဲ့သည်။
'ရင်ခွင်ထဲသို့ ပစ်ဝင်လာသည့်' ကျီလင်၏လုပ်ရပ်ကြောင့် ကားလို့စ်လည်း အနည်းငယ် အံ့အားသင့်သွားသော်လည်း အလျင်အမြန်ပင် နူးညံ့သိမ်မွေ့သည့် အမူအရာပြပြီး လက်ကိုမြှောက်ကာ ဆယ်ကျော်သက်လေးအား သူ့ရင်ခွင်ထဲသို့ ဆွဲယူလိုက်သည်။ လက်ဖဝါးက ဆယ်ကျော်သက်လေး၏ ပခုံးပေါ်သို့ သက်သောင့်သက်သာရှိစွာ ကျရောက်သွားပြီး ညင်ညင်သာသာ ပုတ်ပေးလိုက်သည်။
ဘရန်ဒန်က တဖြည်းဖြည်း အသိပြန်ဝင်လာပြီး သူ့မျက်လုံးများထဲတွင် တောက်လောင်နေသော အမှောင်ထုကို ဖုံးကွယ်ထားလိုက်သည်။ ထို့နောက် အေးစက်စက်အမူအရာဖြင့် ကားလို့စ်ကို ကြည့်ပြီး လက်သီးဆုပ်လိုက်သည်။ သူ မေ့လုနီးပါးပင်။ ယခုအခါ ကားလို့စ်က သူ၏စရိုက်အမှန်ကို မထုတ်ဖော်ပြရသေးပေ။ ထို့ကြောင့် ကျီလင်က သူ့ကို မိုက်မဲစွာ ယုံကြည်နေဆဲပင်။
ကျီလင်က ကားလို့စ်၏အဝတ်အစားများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး မျက်လုံးရဲရဲလေးများဖြင့် ပြောလိုက်သည်။
"အန်ကယ်ကားလို့စ် ကျွန်တော့်ကို ကယ်ပါဦး…"
ကားလို့စ်က အဘယ်ကြောင့် ဤနေရာသို့ ရောက်နေလဲ သိသို့မဟုတ် ဘာလုပ်ရန် ရောက်လာလဲဆိုသည်ကို သူ မသိသော်လည်း ယခုအချိန်အထိ ကားလို့စ်က သူ့အပေါ် ကောင်းပေးဟန်ဆောင်နေဆဲပင်။
ဒီကိစ္စမှာ ကျွန်တော့်ဘက်ကနေ ရပ်တည်ပေးလို့ရတယ်... ဘာပဲဖြစ်ဖြစ် အန်ကယ်နဲ့ ဘရန်ဒန်က အမြဲတမ်း ရန်ဘက်တွေဖြစ်နေကြတာလေ… သူ့ရှေ့မှာ ကျွန်တော့်ကို ကာကွယ်ဖို့က ပုံမှန်ပဲ... အန်ကယ်က ကျွန်တော့်ကို အသုံးချသလို ကျွန်တော့်ကလည်း အန်ကယ့်ကို အသုံးချမှ တရားမျှတရာရောက်မှာပေါ့ ဟုတ်တယ်မလား...
ကားလို့စ်က ကောင်ငယ်လေး၏ စိုစွတ်သော အပြာရောင်မျက်လုံးများကို ကြည့်လိုက်သည်။ ထိုမျက်လုံးများက ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ မျှော်လင့်တကြီး ကြည့်လာပြီး အလွန်ချစ်စရာကောင်းကာ သနားစဖွယ်ကောင်းလှ၏။ သူ့နှလုံးသားထဲတွင် နူးညံ့သိမ်မွေ့မှုကို ခံစားလိုက်ရပြီး သူ့မျက်လုံးများက ပို၍နူးညံ့လာသည်။
ဘရန်ဒန်က ကောင်ငယ်လေးကို အမှန်တကယ် မခြောက်လှန့်သင့်သော်လည်း ထိုကိစ္စအတွက်ကြောင့်သာ မဟုတ်ပါက ထိုအကောင်ပေါက်လေးက စတင်အကူအညီတောင်းရန် ဆန္ဒရှိမည်မဟုတ်ပေ။ ထိုကဲ့သို့ တွေးကြည့်မိပြီး ဘရန်ဒန်သည်ပင် စိတ်မချမ်းသာစရာ မဟုတ်တော့သလို ခံစားရသည်။
မည်သို့ပင်ဆိုစေကာမူ ဤဘဝ၌ ကောင်ငယ်လေးအား နောက်ထပ်နာကျင်စေခွင့်ကို ဘရန်ဒန်အား ပေးလိမ့်မည်မဟုတ်ပေ။
ကောင်ငယ်လေးက ကားလို့စ်၏ရင်ခွင်ထဲသို့ ကာကွယ်မှုမရှိဘဲ အပြေးအလွှား ပြေးဝင်လာသွားသည်ကို ကြည့်နေမိသည်။ ကားလို့စ်အပေါ် ယုံကြည်အားကိုးသည့်အကြည့်က သူ့မျက်လုံးများကို နာကျင်စေသည်။ ဒေါသနှင့်မနာလိုမှုများက သူ့နှလုံးသားထဲ တိုးဝင်လာပြီး တိုက်ရိုက်ရှေ့တက်ကာ ကားလို့စ်၏ရင်ခွင်ထဲမှ ကျီလင်ကို ဆတ်ခနဲပြန်ဆွဲယူရန် မစောင့်နိုင်တော့ပေ။
သူ၏နောက်ဆုံးဘဝတွင် ကျီလင်ကို သွေးအေးရက်စက်သည့် သူပုန်တပ်ခေါင်းဆောင်ဖြစ်သည့် ထိုလူသတ်သမားများလက်ထဲသို့ ပေးပို့ခဲ့သူမှာ ကရုဏာတရားမရှိသည့် လူယုတ်မာကားလို့စ်ပင်ဖြစ်၏။ ကျီလင်၏သေဆုံးမှုကို အသုံးချပြီး သူပုန်တပ်အပေါ် အထက်တန်းလွှာများ၏ မကျေနပ်မှုကို သွေးထိုးလှုံ့ဆော်ခဲ့သည်။ ထို့နောက် ကျင်းဆွေ့ကို တွန်းအားပေးကာ သူပုန်တပ်နှင့် ၎င်းတို့အား ထောက်ခံအားပေးသူ အရပ်သားများကို သွေးချောင်းစီး အမြစ်ပြတ်သုတ်သင်မှုကို လက်တွေ့ဆောင်ရွက်စေခဲ့သည်။
သူ့ရည်မှန်းချက်များ အောင်မြင်ရန်အတွက် သူ့ကိုယုံကြည်သည့် ကောင်ငယ်လေးကို စတေးရန် တွန့်ဆုတ်မနေခဲ့ပေ။
သူသာ အတော်အတန် ကံကောင်းမနေပါလျှင် ကျီလင်မှာ ထိုအချိန်က သေဆုံးသွားပေလိမ့်မည်။
သို့သော် ကျီလင်က ယခုအချိန်တွင် ဤကိစ္စများအကြောင်းကို မသိသေးပေ။ သူ့အပေါ် အလွန်ကောင်းပေးပုံပေါက်သည့် ဤဝံပုလွေအရေခြုံထားသော အန်ကယ်ကားလို့စ်၏အေးစက်ပြီး စက်ဆုပ်ဖွယ်ကောင်းသည့် ဖြစ်တည်နေမှုကို သူ မသိပေ။
ထို့အပြင် သစ္စာဖောက်မှုက သူ့ကို မည်မျှနာကျင်စေမည်နည်း။
ဘရန်ဒန်က မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များဖြင့် အေးစက်စက် ကြည့်နေပြီး ရုတ်တရက် အော်ပြောလိုက်သည်။
"သူ့ကို လွှတ်လိုက်…"
ကျီလင်၏ထိတ်လန့်နေသည့် ခန္ဓာကိုယ်က အေးခဲသွားပြီး ကားလို့စ်၏ အဝတ်အစားများကို ပို၍တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
ကားလို့စ်က ကျီလင်၏ကြောက်ရွံ့မှုကို ခံစားရကာ နှလုံးသားထဲတွင် သနားမိသွားပြီး ကောင်ငယ်လေးကို သူ့ရင်ခွင်ထဲ၌ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ ဘရန်ဒန်ကို မော့ကြည့်လိုက်ပြီး မျက်ခုံးများကို ပင့်ကာ ပြောလိုက်သည်။
"အိုး... ငါက သူ့ကို လွှတ်ပေးလိမ့်မယ်လို့ မင်းက ဘာလို့ထင်နေတာလဲ"…"
ဘရန်ဒန်က အသံမြည်သည်အထိ လက်သီးများကို ဆုပ်ထားသည်။ သူ ကားလို့စ်၏ မုန်းတီးဖွယ်မျက်နှာကို ကြည့်ကာ ထိုသူ၏အရေခြုံမျက်နှာဖုံးကို လက်သီးတစ်ချက်ဖြင့် ရိုက်ချိုးပစ်ရန် စိတ်အားထက်သန်နေသည်။ သို့သော် ကျီလင်၏ကြောက်ရွံ့နေသည့် မျက်လုံးများက အထိန်းကြိုးတစ်ခုကဲ့သို့ သူ၏စိတ်ဆန္ဒများကို အခိုင်အမာ ချုပ်နှောင်ထားပေသည်။
အချိန်အတော်ကြာသည်အထိ သူ ကျီလင်ကို လေးလေးနက်နက် ကြည့်ကာ ကတိပေးသည့်အတိုင်း အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ဒီကိုလာခဲ့ပါ… ကိုယ် မင်းကို မထိခိုက်စေရဘူး…"
ကျီလင်က သူ့ဆီသို့လာရန် ဆန္ဒရှိနေသရွေ့ ယခုချက်ချင်း ကားလို့စ်ကို ဆန့်ကျင်ရမည်ဆိုလျှင်ပင် သူ အကြင်သူကို သေချာပေါက် ကောင်းကောင်းမွန်မွန် ကာကွယ်ပေးမည်ပင်။
သို့သော်... ဘရန်ဒန်မှာ ကြောက်ရွံ့ပြီး စိမ်းကားသော အကြည့်ကိုသာ အဖြေပြန်ရခဲ့သည်။
ဤအဖြေကို အချိန်အတော်ကြာကတည်းက မျှော်လင့်ထားပုံရသည်။
အလွန်အမင်း နာကျင်အေးစက်နေသည့် အကြည့်က ဘရန်ဒန်၏ မျက်လုံးများထဲသို့ တဖြည်းဖြည်း တိုးဝင်လာခဲ့သည်။
ကားလို့စ်၏ရင်ခွင်ထဲမှနေပြီး ကောင်ငယ်လေး သူ့ကို လှမ်းကြည့်သည့် အကြည့်က သွေးလှည့်ပတ်မှုကို အေးခဲသွားစေပြီး မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်နိုင်တော့ပေ။ နာကျင်ခြင်းနှင့် အားနည်းချက်တို့က စပျစ်နွယ်ပင်များကဲ့သို့ သူ၏ခြေလက်များကို ရစ်ပတ်ထားပြီး ဤအချက်ကို လက်ခံရန် တွန်းအားပေးနေပေသည်။
ကောင်ငယ်လေးက ထွက်မသွားချင်သလို သူ့ထံသို့လည်း မလာချင်ခဲ့ပေ။
အကြင်သူမှာ သူ့ကို မယုံကြည်ပေ။
အမှန်တကယ်ပင် သူ့ဆန္ဒအတိုင်း ကရုဏာတရားမရှိဘဲ ကောင်ငယ်လေးကို ကားလို့စ်နှင့်ဝေးရာသို့ တွန်းပို့ပြီး ကြောက်ရွံ့စေမည်လားဟု တွေးနေမိသည်။ ဘရန်ဒန် ထိုသို့သောအမှုကို မလုပ်နိုင်ပေ။ ထိုကလေး နောက်တစ်ကြိမ် နာကျင်သွားမည်ကို သူ ခံနိုင်ရည်မရှိပေ။
ကားလို့စ်က ကောင်ငယ်လေး၏ သူ့အပေါ်မှီခိုနေသည့် မျက်လုံးများကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် လက်ကိုမြှောက်ကာ နူးညံ့သောရွှေရောင်ဆံပင်များကို ထိလိုက်ပြီး ကောင်ငယ်လေး၏ နာခံမှုကို အလွန်ကျေနပ်နေသည်။ ထိုကလေးက အလွန်ချစ်စရာကောင်းလှ၏။
ငါက ဘယ်လိုလုပ် သူ့ကို ကာကွယ်ပေးဖို့ ဆန္ဒမရှိရမှာလဲ...
မင်းကို စိတ်ဆိုးအောင် လုပ်နိုင်မဲ့သူ တစ်ယောက်မှမရှိဘူး၊ ဘရန်ဒန်ဆိုရင်တောင်မှပေါ့...
ကားလို့စ် ခေါင်းကိုမော့ကာ ဘရန်ဒန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် လှောင်ပြောင်နေသကဲ့သို့ အပေါ်သို့တွန့်ကွေးထားပြီး ပြောလိုက်သည်။
"ကြည့်ရတာတော့ သူ အဲဒီကို လာဖို့ဆန္ဒရှိပုံမရဘူး… အခြားဘာကိစ္စမှမရှိရင် အရာရှိကြီးမာရှယ်ကို နှုတ်ဆက်ပါတယ်…"
ထိုသို့ပြောပြီးနောက် ကျီလင်ကို ဖက်ပြီး လှည့်ထွက်သွားလေသည်။
ဘရန်ဒန်က ပိတ်ဆို့တားဆီးရန် ရှေ့သို့ခြေလှမ်းလိုက်သည်။
သို့သော် သူ ခြေလှမ်းလှမ်းလိုက်သည်နှင့် ရုတ်တရက် ရပ်လိုက်သည်။ လက်သီးများကို ဆုပ်ထားပြီး နောက်ဆုံး ကျီလင်၏နောက်ကျောပြင် သူ့ရှေ့မှ ပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုက်သည်။
သူ့မျက်လုံးများထဲတွင် ဟာရီကိန်းမုန်တိုင်းတစ်ခု တိုက်ခတ်သွားကဲ့သို့ အမှောင်ထုကြီးတစ်ခုက တိုးဝှေ့လာပေသည်။
သူကိုယ်တိုင် ထထိုနေရာသို့သွားလျှင်ပင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ ကျီလင်က ၎င်းကို ယုံကြည်လိမ့်မည်မဟုတ်ဘဲ ကားလို့စ်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ပေလိမ့်မည်။
ကားလို့စ်...
ဘရန်ဒန်၏ မီးခိုးရောင်မျက်လုံးများက အေးစက်နေ၏။
ခင်ဗျား သိပ်ကြာကြာ ဂုဏ်ယူနေရမှာ မဟုတ်တော့ဘူး... ဘာလို့လဲဆိုတော့ ဒီတစ်ခေါက် ခင်ဗျားရဲ့မျက်နှာဖုံးကို ကျုပ်က သေချာပေါက် ကိုက်ဖြဲပြမယ်... ခင်ဗျားရဲ့ အေးစက်ပြီး ရက်စက်တတ်တဲ့ နှလုံးသားကို ကျီလင် ရှင်းရှင်းလင်းလင်း မြင်ရအောင် ပြပေးမယ်...
ဒီတစ်ခေါက်တော့ သူ့ကိုလှည့်စားဖို့ ခင်ဗျားကို နောက်ထပ်အခွင့်အရေး မပေးတော့ဘူး...
ကားလို့စ်က ကျီလင်နှင့်အတူ ထွက်ခွာသွားခဲ့ပြီး သူ့လက်အောက်ငယ်သားများအား မြေပြင်ပေါ်တွင် လဲကျနေသည့် သမ်းတုန်းကိုလည်း အတူခေါ်ဆောင်သွားခိုင်းရန် မမေ့လျော့ခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် အခန်းထဲ၌ ဘရန်ဒန်နှင့် နဉ်ယွီတို့သာ ကျန်နေခဲ့သည်။
နဉ်ယွီက ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ သူ အမှန်တကယ် ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။ S အဆင့် ဆင့်ကဲပြောင်းလဲသူ၏ ခန္ဓာကိုယ်ဖွဲ့စည်းမှုကြောင့် ဆေးအာနိသင်က ကြာကြာမသက်ရောက်ခဲ့ပေ။ သို့သော် သူက ဘေးနား၌ ငြိမ်ငြိမ်လေးသာ ရပ်နေပြီး ဘရန်ဒန်နှင့် ကားလို့စ်တို့အကြား အငြင်းပွားမှုတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။
ယနေ့ ဘရန်ဒန်၏ ပုံမှန်မဟုတ်သော အပြုအမူကိုကြည့်ပြီး နောက်ဆုံးအကြိမ် ကျီလင်အတွက် ခုခံပြောဆိုခဲ့သည့် ဘရန်ဒန်၏စကားများကို သတိရမိသွားသည်။ ထို့နောက် သံသယစိတ်များ သူ့မျက်လုံးထဲတွင် ထပ်မံပေါ်ပေါက်လာသော်လည်း နောက်ထပ် မည်သည့်မေးခွန်းကိုမျှ မမေးမြန်းတော့ဘဲ ရိုးရိုးရှင်းရှင်းသာ ပြောလိုက်သည်။
"လာကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…"
ဘရန်ဒန်က တည်ငြိမ်ပြီးနူးညံ့သော နဉ်ယွီ၏မျက်လုံးများကို ကြည့်လိုက်ပြီး သူ့နှလုံးသားထဲတွင် အပြစ်ရှိသည့် ခံစားချက်များ တဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
✨✨✨