Chapter 23
Viewers 3k

✨ Chapter 23

 ပြန်လည်မွေးဖွားလာခြင်းလား



ကျီလင်က နဉ်ယွီကို နှစ်ကြိမ်ဆက်တိုက် နှောက်ယှက်ခဲ့သည်။ သူ့စိတ်ထဲရှိ အမှန်တရားက မည်သို့ပင်ဖြစ်စေကာမူ အနည်းဆုံးအနေဖြင့် အပေါ်ယံတွင် သူက အလွန်အမင်း ရိုင်းပျစွာပြုမူခဲ့ပုံရပြီး နဉ်ယွီကို အန္တရာယ်ဖြစ်စေခဲ့သည်။ သို့သော် ဤဘဝတွင် နဉ်ယွီအတွက် သူ မရပ်တည်ပေးခဲ့ဘဲ သူ့အား ဂုဏ်သိက္ခာထိခိုက်ပျက်ပြားစေမည်ကို ခွင့်ပြုပေးခဲ့သည်။ ထိုကိစ္စအားလုံးက ဘရန်ဒန်၏ နှလုံးသားကို နာကျင်ခံစားရစေခဲ့သည်။


သို့သော် ကျီလင့်တွင် အမှန်တကယ်၌ ဆိုးရွားသည့် ရည်ရွယ်ချက်မရှိကြောင်း သူ မည်ကဲ့သို့ ရှင်းပြရမည်ကို မသိပေ။


နဉ်ယွီက ဘရန်ဒန်၏ ကသိကအောက်ဖြစ်မှုနှင့် ရုန်းကန်နေရပုံကို ထက်မြက်စွာ ခံစားမိသွားသည်။ ထို့နောက် ပေါ့ပေါ့ပါးပါး ပြုံးကာ တိုးတိုးလေးပြောလိုက်သည်။ 

"ကျွန်တော် အဆင်ပြေပါတယ်…"


ရိုးရိုးရှင်းရှင်း စကားလုံးလေးသုံးလုံးက အလွယ်တကူပင် အရာအားလုံးကို ပေါ့ပါးသွားစေသည်။


နဉ်ယွီက 'ကျွန်တော် အဆင်ပြေပါတယ်' ဟု ပြောလိုက်သည့်အတွက် ကျီလင့်နောက်သို့ မလိုက်လျှင်ပင် အဆင်ပြေပေသည်။ 

ဘယ်လိုမျိုး ဆုံးဖြတ်ချက်ချပါစေ ခင်ဗျားမှာလည်း ခင်ဗျားရဲ့အကြောင်းပြချက်ရှိမှာပဲ... ဘာလို့လဲဆိုတော့ လူတစ်ယောက်အနေနဲ့ ကျွန်တော် ခင်ဗျားကို ယုံကြည်လို့ပဲ...


နောက်ပြီး ကျွန်တော်က စစ်သားတစ်ယောက်ပါ... ပြဿနာနည်းနည်းလောင်ကို မခံနိုင်တဲ့အားနည်းသူတစ်ယောက် မဟုတ်ဘူး...


ဘရန်ဒန်က နဉ်ယွီပြောသည့် စကားလုံးများ၏ အဓိပ္ပါယ်ကို နားလည်ပြီး သူ့မျက်လုံးများထဲမှ ဆိုလိုရင်းကို သဘောပေါက်ပေသည်။ ထို့ကြောင့် စိတ်သက်သာသွားသကဲ့သို့ သက်ပြင်းတစ်ချက်ချကာ သူ့စိတ်ထဲတွင် ပိုပြီးအပြစ်ရှိသလို ခံစားလာရသည်။ ခဏအကြာ၌ နောက်ဆုံးတွင် သူ ဆုံးဖြတ်ချက်တစ်ခုချပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ 

"နောက်ထပ် မတော်တဆမှုတွေ မဖြစ်အောင် လောလောဆယ် ငါ့အိမ်မှာ ပြောင်းနေလို့ရတယ်…"


မည်ကဲ့သို့ဆိုစေကာမူ သူ ထိုစကားကို ပြောလိုက်ဆဲပင်။


သို့သော် ယခုတစ်ကြိမ်တွင် နဉ်ယွီ အန္တရာယ်နှင့် ကြုံတွေ့ရမည်ကို စိုးရိမ်သောကြောင့် မဟုတ်ပေ။ ဤဖြစ်ရပ်ပြီးနောက် နဉ်ယွီ နောက်တစ်ကြိမ် နှောင့်ယှက်ခံရတော့မည် မဟုတ်ကြောင်း သူ သိပေသည်။ ထို့အပြင် သမ်းတုန်း၏ကံကြမ္မာက ထိုလူပေါ်ကြော့များကို အဟန့်အတား ဖြစ်စေရန် လုံလောက်နေပြီဖြစ်သောကြောင့် သူတို့ နောက်တစ်ကြိမ် ရူးသွပ်စွာ ပြုမူဝံ့မည်မဟုတ်ပေ။


သူ့အိမ်တွင် နဉ်ယွီကို နေထိုင်ခွင့်ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မကြာမီ ကျင်းဆွေ့က သူ့အိမ်တွင် နဉ်ယွီကို တွေ့သွားပြီး နဉ်ယွီ၏ဆွဲဆောင်မှုအား ခံရမည်ကို သိသောကြောင့်ပင်။


နောက်ဆုံးတွင် နဉ်ယွီကဲ့သို့ ထူးချွန်သည့်လူက အခြားသူများ၏ အာရုံစိုက်မှုကို လွယ်လွယ်ကူကူဖြင့် အမြဲ စွဲဆောင်နိုင်ပြီး သူ၏တောက်ပထက်မြက်မှုကို ဖုံးကွယ်ထား၍မရနိုင်ပေ။


အဲဒါကြောင့် သူ သူ့(နဉ်ယွီ)ကို ဆက်မကြိုက်တော့ရင်တောင် ကိစ္စမရှိဘူး ဟုတ်တယ်မလား... စနဉ်ယွီကို နှစ်သက်ပြီး ယုံကြည်သူ အများအပြားရှိလိမ့်မည် ဖြစ်သောကြောင့် နဉ်ယွီက ထိုအရာများကို ဘယ်သောအခါမှ လစ်ဟင်းမနေခဲ့ပေ။


သို့သော် ကျီလင်မှာ မတူပေ။ မည်သူကမျှ သူ့ကို သဘောမကျသလို မည်သူကမျှလည်း ယုံကြည်မပေးကြပေ။ ထို့အပြင် သူ့ကို ကာကွယ်ပေးမည့်သူလည်း မရှိပေ။


ထိုသူ(ကျီလင်)က သူ၏ကာကွယ်ပေးမှုကို လိုအပ်သည့် တစ်ယောက်သောသူပင်။


တောင်းပန်ပါတယ်...


ဒီဘဝမှာ မင်းရဲ့အချစ်ရေးနဲ့ တိုးတက်အောင်မြင်မှုရဲ့ ဆုလာဘ်တွေကို ရရှိနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်... မင်းနဲ့ကျင်းဆွေ့လည်း ဘာပြဿနာမှမရှိဘဲ အတူနေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်... အဲဒါက မင်းအတွက် ငါ ပေးနိုင်တဲ့ တစ်ခုတည်းသော လျော်ကြေးပဲ...


ပြီးတော့ ဒီကိစ္စမှာ ကျီလင်က စောစောစီးစီး လက်လျှော့လိုက်တာကြောင့် မနာကျင်ခဲ့ရဘူး ဟုတ်တယ်မလား...


ကျင်းဆွေ့၏ သူငယ်ချင်းတစ်ယောက်အနေဖြင့် ကျင်းဆွေ့က အေးစက်ပြီး ဆုံးဖြတ်ချက် ခိုင်မာသည့်သူတစ်ယောက်ဖြစ်ကြောင်းကို ဘရန်ဒန် ကောင်းကောင်းကြီး သိပေသည်။ ခိုင်မာပြီး ရည်ရွယ်ချက်ပြတ်သားသည့် နဉ်ယွီလို လူတစ်ယောက်ကသာ သူ့အတွက် သင့်တော်သည့် လက်တွဲဖော်တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပေ၏။


ထို့အပြင် ‌ကောင်ငယ်လေး၏အချစ်က အလွန်ဖြူစင်ပြီး တောက်လောင်နေသောကြောင့် နာကျင်ရုံသာ ဖြစ်စေလိမ့်မည်။


-----------


သမ်းတုန်းက ဒဏ်ရာအပြင်းအထန် ရသွားခဲ့သော်လည်း မသေသေးသောကြောင့် ကယ်ဆယ်ရေးဌာနကို အလျင်အမြန် ပို့ပေးခဲ့သည်။ အင်ပါယာကြယ်၏ ဆေးကုသမှုဖြင့် အသက်အန္တရာယ် စိုးရိမ်စရာမလိုအပ်ပေ။ ကျီလင် ထိုအကြောင်းကို သိပြီး နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။


နောက်ဆုံး ထိုအချိန်၌ သူ့တွင် ကြောက်ရွံ့သလို ခံစားရရန် အချိန်ရှိလာပေပြီ...


ငါက ကျားပါးစပ်ကနေ ထွက်လာပြီး ဝံပုလွေတွင်းသို့ ဝင်လိုက်တာပဲ အား...


သူ ဘရန်ဒန်ကို ရှောင်ရန် ကြိုးစားနေခြင်းကြောင့်သာ မဟုတ်လျှင် ကားလို့စ်အနားသို့ သွားပြီး အန္တရာယ်ဖြစ်စေမည် မဟုတ်ပေ။ 

ပြီးတော့ ဒီလူယုတ်မာက အချိန်ကိုက်ကို ပေါ်လာတာပဲ... ငါ့ကို နောက်ယောင်ခံလိုက်နေတာ မဟုတ်ဘူးလား...


ထိုအတွေးက သူ့ကို ရိုးရိုးရှင်းရှင်းပင် လန့်သွားစေသည်။


ကျီလင်က ကားလို့စ်၏ရင်ခွင်ထဲတွင် အချုပ်ခံထားရသည့်အတွက် အလွန်စိတ်အနှောင့်အယှက်ဖြစ်နေသောကြောင့် ချက်ချင်းထွက်သွားရန် မစောင့်နိုင်တော့ပေ။ သူက ကားလို့စ်၏အင်္ကျီကို ဆုပ်ကိုင်ထားသည့်လက်ကို လွှတ်ပေးလိုက်သည်။ မျက်တောင်များက တုန်ယင်နေပြီး ခေါင်းကိုမော့ကာ စိုစွတ်နေသည့်မျက်လုံးများကို လှစ်ဟပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."


ကားလို့စ်က သူ့လက်ထဲမှ ချစ်စဖွယ်အသေးလေးကို ကြည့်ကာ သူ့အမူအရာက အလွန်နူးညံ့သွားသည်။

"မင်းက ဘာလို့ ကိုယ့်အပေါ် ယဉ်ကျေးနေရတာလဲ…"


ကျီလင်က ကျေးဇူးတင်သည့်အကြည့်ကို ဖော်ပြလိုက်ပြီး သတိကြီးစွာ ပြောလိုက်သည်။

"အဲဒါက- ကျွန်တော် အိမ်ပြန်သင့်ပြီ..."


ထိုသို့ပြောရင်း ဖြည်းညှင်းစွာတွန်းထုတ်ကာ ကားလို့စ်၏ရင်ခွင်ထဲမှ ထွက်ရန် ကြိုးစားလိုက်သည်။


သို့သော် အနည်းငယ်မျှ ကြိုးစားပြီးနောက် သူ့ခါးနေရာမှ အားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ကျီလင် ထိတ်လန့်သွားပြီး သူ့နောက်ကျောပြင်က ကားလို့စ်၏ရင်ဘက်နှင့် ထိစပ်သွားခဲ့သည်။ ထိတ်လန့်တကြား မော့ကြည့်လိုက်ချိန်တွင် ထိုလူ၏ အညိုရင့်ရောင် မျက်လုံးများနှင့် အကြည့်ချင်းဆုံးသွား၏။ ထိုမျက်လုံးများက သူ လုံးဝ နားမလည်နိုင်သော ခံစားချက်များကို ပေးစွမ်းနိုင်ပေသည်။


စိုးရိမ်ကြောက်ရွံ့မှုက နားမလည်နိုင်စွာပင် ကျီလင်၏နှလုံးသား အပေါ်ယံသို့ ထွက်ပေါ်လာပေသည်။ နောက်အခိုက်အတန့်တွင် ထိုလူ၏ ကျူးကျော်ရန်လိုနေသည့် အသက်ရှူသံများက နီးကပ်လာသလို ခံစားလိုက်ရသည်။ နွေးထွေးလှသော အသက်ရှူသံဖြင့် ရစ်ပတ်ထားသည့် ထိုလူ၏ဆွဲဆောင်မှုရှိလှသည့် အသံတိုးတိုးက သူ့နားထဲသို့ ထွက်ပေါ်လာသည်မှာ လူများအား တုန်လှုပ်သွားစေနိုင်သည်။

"မင်း သွားတော့မှာလား… ကိုယ့်ကို ခံစားစေရအောင် လုပ်မလို့လား..."


ကားလို့စ်၏ နှုတ်ခမ်းပါးများက အနည်းငယ်ပွင့်ဟလာပြီး အဓိပ္ပါယ်ပါသည့် လေသံနှင့် ပြောလိုက်သည်။

"မင်း ကိုယ့်ကို ရှောင်နေတာပဲ…"


ကျီလင် အေးခဲသွားရ၏။


----------


ကျီလင်၏ခန္ဓာကိုယ်က အေးခဲသွားပြီး ခဏတာမျှ ကားလို့စ်၏ မျက်လုံးများအောက်တွင် သူ ဖုံးကွယ်ထားသည့် အရာအားလုံးက ဆက်လက်ပြီး ဖုံးကွယ်ထား၍ မရတော့ကြောင်း ခံစားရစေသည်။ သို့သော် သူ အလျင်အမြန် စိတ်ထိန်းလိုက်သည်။ အနည်းဆုံး ယခုအချိန်အထိ သူ၏အကျင့်စရိုက်နှင့်အတိုင်း အဆင်ပြေပြေ ပြုမူခဲ့ပေသည်။ ကားလို့စ် သံသယဝင်နိုင်သည့် ပြစ်ချက်အနည်းငယ် ရှိလျှင်တောင်မှ တကယ့်အမှန်တရားကို မှန်းဆနိုင်သည့်နည်းလမ်း သူ့တွင် မရှိပေ။


ကားလို့စ်က ခန့်မှန်းရခက်ခဲပြီး ဉာဏ်များတတ်သော်ငြားလည်း ထိုသူက ဤကမ္ဘာပေါ်မှ လူတစ်ဦးလည်းဖြစ်သည်။

'Truman Show*' တစ်ခုမှာ ငါ ပါနေမိတယ်လို့ ဘာလို့များ ထင်နိုင်ရတာလဲ...


(TN - *Truman show ဆိုတာ ရုပ်ရှင်ကားပါ။ အာမခံအရောင်းသမားတစ်ယောက်က သူ့ဘဝတစ်ခုလုံး TV ရှိုးတစ်ခုဖြစ်ပြီး သူ့မိသားစုဝင်တွေကလည်း သရုပ်ဆောင်တွေပဲ ဖြစ်တယ်ဆိုတဲ့အချက်ကို သတိမမူမိဘူး။ သူ အဲဒီကိစ္စတွေကို စတင်သတိပြုမိလာပြီး အမှန်တရားကို သိသွားတဲ့အချိန်မှာ လွတ်မြောက်ဖို့ ဆုံးဖြတ်လိုက်တယ်။)


ဒီမြေခွေးအိုကြီးက ငါ့စိတ်ခံစားချက်တွေရဲ့ ဟာကွက်တွေကို သိသိသာသာ ကောင်းကောင်းကြီး သတိပြုမိသွားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်... အဲဒီလိုဆိုရင်တောင် ငါကတော့ သေတဲ့အထိ ဝန်ခံမှာ မဟုတ်ဘူး...


အချိန်ခဏကြာပြီးနောက် ကျီလင်က သူ၏မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်ပြီး ရိုးသားကာ အပြစ်ကင်းသည့်အသံဖြင့် ပြောလိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…"


ကားလို့စ်က သူ့ကို လေးလေးနက်နက် ကြည့်လိုက်သည်။

"တကယ်လား…"


ကျီလင်၏မျက်လုံးများက အလွန်အမင်း 'ရိုးသား' နေပြီး အထင်လွဲခံရခြင်းအတွက် မကျေနပ်သည့် အရိပ်အမြွက်လေးတစ်ခုပင်ပါ ရှိနေပုံရသည်။

"ဒါပေါ့... ကျွန်တော်က အန်ကယ့်ကို ရှောင်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…"


ကားလို့စ်၏နှုတ်ခမ်းများက ပင့်တက်သွားပြီး အပြုံးသဏ္ဌာန် ကွေးညွှတ်သွားလေ၏။ အကောင်ပေါက်လေးက သူ့ကိုယ်သူ ဖုံးကွယ်ရန် ခက်ခက်ခဲခဲ ကြိုးစားနေသော်လည်း ကံမကောင်းစွာပင် ၎င်းက မပြည့်စုံသေးပေ။ သူ့တွင် ပေးမသိစေချင်သည့် လျှို့ဝှက်ချက်များ သေချာပေါက် ရှိရပေမည်။


သို့သော် ယခုအခါ ကျီလင်က ထိုကိစ္စကို မပြောပြချင်သေးသရွေ့ သူက ထိုကိစ္စနှင့်ပတ်သက်ပြီး ကျီလင့်အပေါ် ဖိအားပေးလိမ့်မည် မဟုတ်ပေ။


ထို့အပြင် အနှီအကောင်ပေါက်လေးက တစ်ခုခုကို ဖုံးကွယ်ဟန်ဆောင်နေချိန်တွင် အလွန်ချစ်စရာကောင်းလှ၏။


ဆယ်ကျော်သက်လေးက အခြားသူများကဲ့သို့ ကြောက်လန့်ပြီး သတိတကြီးဖြင့် သူ့အား ရင်ဆိုင်ရမည့်အစား သူ့ရှေ့တွင် ပိုမိုယုံကြည်စိတ်ချပြီး အတားအဆီးမရှိ ဆက်ဆံလာနိုင်လိမ့်မည်ဟု သူမျှော်လင့်မိသည်။


ကံကောင်းထောက်မစွာဖြင့် ဆယ်ကျော်သက်လေးက သူ့အပေါ် တဖြည်းဖြည်းချင်း ပွင့်လင်းလာမည့်အချိန်အထိ သူ့တွင် လုံလောက်သည့် စိတ်ရှည်သည်းခံနိုင်စွမ်း ရှိပေသည်။


ကားလို့စ်၏ လက်ချောင်းထိပ်များက ကျီလင်၏ အနည်းငယ်နီရဲနေသော မျက်လုံးများကို ညင်သာစွာ ပွတ်သပ်ပြီး နှုတ်ခမ်းများကိုဖွင့်ကာ အသံတိုးတိုးဖြင့် ရယ်မောလိုက်သည်။

"ဒါပေမယ့်... ကိုယ်သာ ဒီနေ့ ပေါ်မလာခဲ့ရင် မင်း ကိုယ့်ကို ရှာဖို့သတိရမှာလား"


ကျီလင် သူ့ပါးစပ်ကို ဟလိုက်သော်လည်း ဆွံ့အသွားရ၏။


ကားလို့စ်က သူ၏စိတ်ကသိကအောက်ဖြစ်နေသည့် အမူအရာကို ကြည့်ပြီး အချိန်တစ်ခုကြာပြီးနောက် ကူကယ်ရာမဲ့သည့် သက်ပြင်းတစ်ချက်ကို ညင်သာစွာ ရှိုက်ထုတ်လာခဲ့သည်။

"ကိုယ် မင်းကို အပြစ်တင်ချင်တာ မဟုတ်ပါဘူး... ကိုယ်က... မင်းကို စိတ်ပူရုံပါပဲ"


ကားလို့စ်၏မျက်လုံးများက စိုးရိမ်စိတ်များနှင့် ပြည့်နှက်နေ၏။

"ဒီနေ့ ကိုယ်သာ အဲဒီနေရာကို ရောက်မလာခဲ့ရင် ဘာဆက်ဖြစ်သွားမလဲ... ဒီနေ့လိုအန္တရာယ်မျိုး မင်းကို ထပ်မကြုံစေချင်ဘူး... နားလည်လား"


ကျီလင်က သူ့ကို အူကြောင်ကြောင်နှင့် ကြည့်နေရင်း သူ့အကြည့်များက ထိုလူ၏အညိုရင့်ရောင် မျက်ဝန်းများနှင့် ဆုံတွေ့သွားသည်။ အနှီမျက်ဝန်းများထဲတွင် ပါရှိသည့်အကြည့်က အလွန်နူးညံ့သိမ်မွေ့ပြီး ဟန်ဆောင်မှုကင်းကာ စစ်မှန်လွန်းလှ၏။ အဆုံးမရှိသော သမုဒ္ဒရာကြီးတစ်စင်းကဲ့သို့ သူနှင့်သက်ဆိုင်သည့် အရာအားလုံးကို အပြည့်အ၀ လွှမ်းခြုံပွေ့ဖက်ထားပေသည်။


သူ၏ကောင်းကွက်၊ ဆိုးကွက်နှင့် စိတ်ဆန္ဒအားလုံးကို လက်ခံပေးခဲ့သည်။


သူ လုပ်ခဲ့သည့်ကိစ္စမှာ မှန်ကန်သလား၊ သို့တည်းမဟုတ် အခြားလူများကို ထိခိုက်စေခဲ့လား ဆိုသည်ကို ကားလို့စ်က ဘယ်သောအခါကမျှ ဂရုမစိုက်ဘဲ သူ့နောက်တွင် တုံ့ဆိုင်းခြင်းအလျဉ်းမရှိ မားမားမတ်မတ် ရပ်တည်ပေးခဲ့သည်။ သူ့အတွက် လေဒဏ်၊ မိုးဒဏ်များကို ဒိုင်းကာသဖွယ်ကာကွယ်ပေးပြီး အရာအားလုံးကို ခုခံတွန်းလှန်ပေးခဲ့သည်။


ကျီလင်၏မျက်လုံးများက တစ်ခဏမျှ တွေဝေမိန်းမောသွားခဲ့သည်။


သူက သွေးဆာအေးစက်ပြီး ဆိုးသွမ်းကာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အန္တရာယ်ရှိသည့် ရှုထောင့်စရိုက်သုံးမျိုးနှင့် ဗီလိန်တစ်ဦးဖြစ်သော်လည်း ထိုသူသာ လူတစ်ယောက်ကို ခြွင်းချက်မရှိ အလိုလိုက်ပေးချင်သည့် စိတ်ဆန္ဒရှိချိန်တွင် အမှန်တကယ် ညှို့ယူဖမ်းစားနိုင်စွမ်း ရှိလှ၏။ သတိလက်လွတ် လိုက်လျောပေးလိုက်ရန်မှာ လွယ်ကူလွန်းလှပေသည်။


ကံမကောင်းစွာဖြင့် ကျီလင်က ပွင့်လင်းရိုးသားသည့် လူငယ်တစ်ဦးဖြစ်ပြီး ယခုအချိန်တွင် သူ၏ဦးနှောက်က အထူးကြည်လင်နေပေသည်။


ကားလို့စ်၏စကားများက ယုံကြည်၍ရနိုင်မည်ဆိုလျှင် မျိုးစေ့တစ်စေ့ကပင် သစ်ပင်တစ်ပင် ဖြစ်လာနိုင်ပေ၏။

ဒါဆို အခု နဉ်ယွီ့ပြဿနာကို ဖြေရှင်းပေးဆိုပြီး ငါက ကားလို့စ်ကို သွားရှာဖိုဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... အဲဒီလိုသာဆိုရင် ငါက ဒီမစ်ရှင်ကို မပြီးမြောက်ချင်လို့ပဲ ဖြစ်ရမယ်...


ကျီလင်က ထိုအကြောင်းနှင့် ပတ်သက်ပြီး ဂရုမစိုက်ဘဲ နာခံစွာ ပြောလိုက်သည်။

"တောင်းပန်ပါတယ်... တကယ်တော့ အဲဒါက ရုတ်တရက် ဖြစ်လာတဲ့ စိတ်ဆန္ဒတစ်ခုသက်သက်ပါပဲ... ကျွန်တော် အဲဒီအကြောင်းကို လုံးဝ မစဉ်းစားခဲ့မိဘူး... နောက်ပြီး မာရှယ်ဘရန်ဒန်နဲ့ တွေ့လိမ့်မယ်လို့လည်း မမျှော်လင့်ထားဘူး…"


"မင်း..."

ခဏအကြာတွင် ကားလို့စ်က လက်ကို မြှောက်လိုက်ပြီး ကျီလင်၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ သူ၏လက်ချောင်းထိပ်များက နူးညံ့သောရွှေရောင်ဆံပင်များကို ပွတ်သပ်လိုက်ပြီး သူ့မျက်လုံးများ၏ နက်ရှိုင်းလှသောနေရာ၌ ထိန်းချုပ်ဟန့်တားထားသည့် ရှုပ်ထွေးသောအကြည့်တစ်ခု ရှိနေပေသည်။


သူ အလွန်အမင်း ဖိအားမပေးမိစေရန် ကောင်ငယ်လေးရှေ့တွင် ရက်အတော်ကြာ မပေါ်လာခဲ့ပေ။ သို့သော် ခွဲခွာခြင်းက သူ့နှလုံးသားထဲမှ အတွေးများကို နည်းနည်းလေးမျှ လျော့မသွားစေသည့်အပြင် အရေးကြီးလှသည့် စိတ်ဆန္ဒများက ပိုမိုကြီးထွားလာကြောင်း တွေ့ခဲ့ရသည်။ ဤသည်မှာ သူ တစ်စုံတစ်ယောက်ကို ဂရုစိုက်ပေးရန် ကြိုးစားဖူးသည့် ပထမဆုံးအကြိမ်ပင်။


နောက်တစ်ကြိမ် ကောင်ငယ်လေးအပေါ် ထားရှိသည့် သူ၏ပုံမှန်မဟုတ်သည့် ခံစားချက်များကိုလည်း ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားစေသည်။


တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ဝမ်ယန်သည်ပင် ကောင်ငယ်လေး၏ ဘေးနား၌ မကြာခဏဆိုသလို ပေါ်လာနိုင်ပြီး တစ်ချိန်လုံး သူ့ကို စောင့်ကြည့်ကာ စောင့်ရှောက်ပေးနိုင်ပေ၏။


သို့သော် သူကဖြင့် မလုပ်နိုင်ပေ။


ဤအရာအားလုံးက ကားလို့စ်ကို မနာလိုဖြစ်စေပြီး သူ့စိတ်ထဲရှိ ပြင်းပြသောစိတ်ဆန္ဒများအား လွတ်ထွက်လုနီးပါးပင်။ အရာအားလုံးအစား ကောင်ငယ်လေးကို သူ့ဘေးနားတွင် အကျဉ်းချထားချင်ပေသည်။ သို့မှသာ သူ့မျက်စိအောက်မှ အချိန်ခဏလေးသော်မျှ ထွက်သွားနိုင်မည် မဟုတ်ပေ။ သို့သော် ထိုအစား ကောင်ငယ်လေး ပြောကြားသည့်စကားလုံး အနည်းငယ်မျှကိုပင် အခြားသူများထံမှသာ သိခွင့်ရှိပေသည်။


ကောင်ငယ်လေးအား ဖက်ထားသည့် ကားလို့စ်၏လက်မောင်းက အနည်းငယ် တင်းကျပ်သွားလေသည်။


ကျီလင်က ရုတ်တရက် နက်မှောင်သွားသော ကားလို့စ်၏မျက်လုံးများကို ကြည့်လိုက်သည်။ သူ့ရှေ့မှလူက ကြောက်စရာကောင်းသော အစွယ်များကို ဖော်ပြတော့မည်ပုံနှယ်။


ငါ ကြောက်လာပြီနော်...


အခုလေးတင် ငါ ဖြေလိုက်တဲ့အဖြေက ပြဿနာမရှိသင့်ဘူးလေ ဟုတ်တယ်မလား... ဘယ်လိုလုပ်ပြီး ခင်ဗျားရဲ့ သဘောထားကို မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်ရတာလဲ... ဘာလို့ ဗီလိန်က အရမ်းစိတ်ဆိုးနေရတာလဲ... ခင်ဗျား အကြာကြီး ဟန်ဆောင်ခဲ့ပြီးပြီလေ... အဲဒါကြောင့် ခင်ဗျား ဆက်ပြီး ဟန်ဆောင်ရမယ်လေ အားးး...


ကျီလင် အနည်းငယ် ကြောက်လန့်သွားပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

"အန်- အန်ကယ်ကားလို့စ်..."


ကျီလင် ထိတ်လန့်နေချိန်၌ ရုတ်တရက် အနက်ရောင်ဟိုဗားကားတစ်စီးက သူတို့နှစ်ယောက်ရှေ့တွင် ရပ်တန့်သွားသည်။ ကားတံခါးက ဖြည်းညှင်းစွာ ပွင့်သွားကာ အဖြူရောင် ၀တ်ရုံရှည်ဝတ်ထားသည့် ငွေရောင်ဆံပင်ရှည်နှင့် ခပ်ချောချောလူတစ်ယောက်က ဆင်းလာပြီး သူ့ထံသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းလာသည်။ ထို့နောက် ခေါင်းကို တလေးတစား ငုံ့ကာ အရိုအသေပေးလာသည်။

"သခင်လေး... သခင်လေးကို အိမ်ပြန်ခေါ်သွားဖို့ လာခဲ့တာပါ…"


ကျီလင်၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသည့်အကြည့်တစ်ခု ပေါ်ပေါက်လာသည်။


သူက ဘယ်ကနေရောက်လာတာလဲ...


ငါー ငါ ထွက်လာတဲ့အချိန်တုန်းက ဝမ်ယန်ကို မပြောခဲ့ဘူးလေ... ငါ ဒီမှာရှိနေတာကို ဝမ်ယန်က ဘယ်လိုလုပ် သိသွားတာလဲ အားးး...


ကားလို့စ်က ခေါင်းလှည့်ကာ ဘေးနားတွင် လေးလေးစားစား မတ်တပ်ရပ်နေသော ငွေရောင်ဆံပင်နှင့် အမျိုးသားကို လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး ရေခဲတမျှ အေးစက်နေသည့် အလွှာတစ်လွှာဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းသွားလေသည်...

ဒီကောင်က တကယ်ကို မျက်စိစပါးမွှေးစူးစရာပဲ...


ကျီလင်က ဗီလိန်ကားလို့စ်၏ ရင်ခွင်ထဲတွင် ထိန်းချုပ်ခံထားရပြီး အသိစိတ်ကင်းမဲ့စွာဖြင့် ဘေးနား၌ လေးလေးစားစား ရပ်နေသည့် နောက်ထပ်ဗီလိန်ဖြစ်သူ ဝမ်ယန်ကို လှမ်းကြည့်လိုက်သည်။


နောက်ဆုံးတွင် သူက နောက်ယောင်ခံ လိုက်ခံရကြောင်းကို ကျီလင် ဝမ်းနည်းစွာ သဘောပေါက်သွားခဲ့သည်။



✨✨✨