Chapter 24
Viewers 3k

✨ Chapter 24



သို့မဟုတ်ပါက အနှီလူနှစ်ယောက်မှာ ဤနေရာတွင် အလွန်တိုက်ဆိုင်စွာ ပေါ်လာရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။ သို့သော် သူ၏မည်သည့်အရာက ဤဗီလိန်နှစ်ယောက်အား ဒုက္ခခံခိုင်းရန် ထိုက်တန်လဲ ဆိုသည်ကို ကျီလင် မစဉ်းစားနိုင်ခဲ့ပေ။

ငါက မုန်းစရာအကောင်းဆုံး အမြောက်စာတစ်ယောက်လေ...အားးး…


သို့သော် ယခုအချိန်က ထိုကိစ္စကို စဉ်းစားရမည့်အချိန် မဟုတ်သေးပေ။ ကျီလင် မျက်လုံးများကို ပင့်လိုက်ပြီး ကားလို့စ်အား နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

"အန်ကယ်ကားလို့စ်... ကျွန်တော် အိမ်ပြန်သင့်ပြီ…"


ထိုစကားကို ပြောပြီးနောက် ကားလို့စ်အား လေးလေးနက်နက် စိုက်ကြည့်ကာ အိမ်ပြန်ရန် စိတ်ပိုင်းဖြတ်ထားမှုကို ပြသလိုက်သည်။


ဝမ်ယန်၏ ရုတ်တရက် ပေါ်ပေါက်လာမှုက အလွန်ပင်မသဲကွဲလှသော်လည်း ယခုအခါ အိမ်ပြန်ခြင်းက အကောင်းဆုံး ရွေးချယ်မှုပင်။

ဒါကြောင့် ဝမ်ယန် ရောက်ရှိလာတာက အချိန်ကိုက် ရွာသွန်းလာတဲ့မိုးလိုပဲ...အား…


"အန်ကယ်ကားလို့စ်…"

ကားလို့စ်က သူ့အား လွှတ်မပေးပေ။ ထို့ကြောင့် ကျီလင်က သူ့ကို ဗလာကျင်းပြီး ပဟေဠိဆန်သည့် အကြည့်ဖြင့် တမင်တကာ ကြည့်ကာ ထပ်မံသတိပေးလိုက်သည်။


ကားလို့စ်က ကောင်ငယ်လေး၏ မှိန်းမောနေသော အပြာရောင်မျက်လုံးများကို ကြည့်လိုက်သည်။ အလွန်သနားစရာကောင်းလှ၏။


အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူ သွားခွင့်ပေးလိုက်သည်။


ချက်ချင်းပင် ကျီလင်က ကားလို့စ်၏ရင်ခွင်ထဲမှ ကျွမ်းကျွမ်းကျင်ကျင် ရုန်းထွက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

"ဒါဆို ကျွန်တော် အရင်သွားနှင့်တော့မယ်..."


ကားလို့စ်က သူ့ကို တိတ်တဆိတ် ကြည့်နေခဲ့သည်။


ကျီလင် ကားလို့စ်ကို နောက်တစ်ကြိမ် မကြည့်ရဲတော့ဘဲ ဟိုဗာကား၏ဘေးသို့ အမြန်လျှောက်သွားလိုက်သည်။ ဝမ်ယန်က သူ့အား နှိမ့်ချရိုကျိုးစွာ ပြုံးပြလာပြီး သူ့လက်ကို ကိုင်ကာ ကားပေါ်သို့တက်ရန် ကူညီပေးခဲ့သည်။ သူ၏အပြုအမူက နူးညံ့သိမ်မွေ့ပြီး တစ်ဖက်သားအပေါ် စဉ်းစားပေးသည့်ပုံပေါက်ပေ၏။


ကျီလင် မမြင်နိုင်သည့် ရှုထောင့်တစ်ခုတွင် ဝမ်ယန်က ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး သူ၏မျက်လုံးနက်နက်များက ကားလို့စ်၏အကြည့်အား ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ အေးစက်ပြီး ဗလာသက်သက် အကြည့်တစ်ခုပင်။ ကားတံခါးက ဖြည်းညှင်းစွာ ပိတ်သွားပြီး နှစ်ယောက်သား၏ မြင်ကွင်းကို ပိတ်ဆို့လိုက်သည်အထိ အေးစက်ပြီး မထီမဲ့မြင်အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။


ကားလို့စ်၏မျက်ဆံက ကျုံ့သွားပြီး လူသတ်ချင်စိတ်မှာလည်း သူ့မျက်လုံးများမှ ပေါက်ကွဲထွက်လာပေသည်။


သူတို့နှစ်ယောက် အစမှအဆုံးအထိ စကားတစ်ခွန်းမှ မပြောခဲ့ကြပေ။ သို့သော် တစ်ယောက်နှင့်တစ်ယောက် ခပ်ဝေးဝေးမှ ကြည့်သည်ဆိုရုံမျှ အကြည့်တစ်ချက်က ဓားနှင့် ဓားမြှောင်များ ထွက်လာသည့်ပုံနှယ်။


အရမ်းကောင်းတယ်... ကြည့်ရတာ မင်း ဆုံးဖြတ်ချက်ချပြီးပြီထင်တယ်...


ဒါဆို အဲဒါအတွက် ပေးဆပ်ရမဲ့ တန်ဖိုးကို မင်း နားလည်ထားသင့်တယ်...


............


ကားတံခါး အပြည့်အဝ ပိတ်မသွားမီအထိ ကျီလင်က ခေါင်းငုံ့ထားပုံရသည့် သူ့ဘေးနားမှ ငွေရောင်ဆံပင်နှင့်လူကို တစ်ချက်ကြည့်လိုက်သည်။

ဒီနေ့တော့ ငါ မီးတွင်းတစ်ခုကနေ နောက်တစ်ခုပြီးတစ်ခုဆီကို အဆက်မပြတ် ခုန်ဆင်းနေတယ်လို့ ခံစားနေရတယ်...


ဘာပဲဖြစ်ဖြစ် ငါကလည်း မီးတွင်းထဲကနေ ခုန်မထွက်နိုင်သေးဘူးပဲ...


ကျီလင်က ဝမ်းနည်းစွာဖြင့် သူ့မျက်လုံးများကို အပြင်သို့ အကြည့်လွှဲလိုက်သည်။ သူ့စိတ်က အချိန်ကို အဆက်မပြတ် တွေးတောတွက်ချက်နေပြီး နောက်ဆုံးတွင် သူ့အိမ်သို့ ပြန်ရောက်သွားခဲ့သည်။


ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကြောင့် ကျီလင်က ဝမ်ယန်နှင့် ဆက်လက်ပြောဆိုဆက်ဆံရန် အမှန်တကယ် ဆန္ဒရှိမနေပေ။ ထိုသူ့တွင် မည်သည့်အစီအစဥ် ရှိနေသည်ကို ဂရုစိုက်ပြီး စိတ်ဒုက္ခအရောက်မခံချင်တော့ပေ။ ထိုအစီအစဉ်ကလည်း အမြဲတမ်း ကောင်းသည့်ပုံစံမဟုတ်ပေ။ ထို့ကြောင့် သူ တစ်ခါတည်းသာ ပြောလိုက်သည်။

"ဒီနေ့ မင်း ငါ့ဆီမှာ နေပေးဖို့ မလိုဘူး... အရင်ပြန်သွားနှင့်လိုက်တော့…"


သို့သော် ယခုတစ်ကြိမ်တွင် ဝမ်ယန်က ခါတိုင်းကဲ့သို့ နာခံမှုရှိရှိ ထွက်ခွာမသွားပေ။ ထိုအစား ထိုနေရာတွင် ရပ်ကာ ရှုပ်ထွေးနက်နဲသော အကြည့်ဖြင့် သူ့ကို ကြည့်နေသည်။


ကျီလင်: "....."


ဝမ်ယန်မှာ သူ့ရှေ့မှ ကောင်ငယ်လေးကို နာကျင်ကြောက်လန့်စွာဖြင့် ကြည့်နေမိသည်။ သူသာ ကောင်ငယ်လေးနောက်ကို အစကတည်းက လိုက်သွားခဲ့မည်ဆိုလျှင် ဘရန်ဒန်နှင့် ကားလို့စ်ကို သူတစ်ယောက်တည်း(ကျီလင်) ရင်ဆိုင်ရန် လိုအပ်မည်မဟုတ်ပေ။ တစ်စုံတစ်ရာသာ ဖြစ်သွားခဲ့လျှင် သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။


သူ၏မျက်လုံးနက်နက်များအောက်တွင် ကိုယ့်ကိုယ်ကို ပြစ်တင်ရှုတ်ချသည့် အကြည့်တစ်ခု ပေါ်ထွက်လာသည်။ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျီလင့်အား ပြောလိုက်သည်။

"ကိုယ် မင်းဆီ ဝန်ခံချင်တာ တစ်ခုရှိတယ်…"


ထိုစကားကိုကြားလိုက်ရချိန်တွင် ကျီလင်၏ကြောက်လန့်စိတ်များမှာ ပေါက်ကွဲထွက်လုမတတ်ပင်။

သေစမ်း... မင်းက ငါ့ကို ဘာဝန်ခံမှာလဲ... ရိုးရိုးသားသား ပြောရရင် မင်းက လူတစ်ယောက်ရဲ့မျက်နှာ၊ သားရဲတစ်ကောင်ရဲ့ နှလုံးသားရှိတဲ့ မျက်ဆံဖြူဝံပုလွေပဲလေ... တကယ်ကြီး မင်း ငါ့ကို ထိန်းချုပ်နေတာလား... ဘာမှ ငါ့ကို လာဝန်ခံမနေနဲ့... အားးး လုံးဝမကြားချင်ဘူး...


အလိမ်အညာငြိမ်းချမ်းရေးနဲ့ ရှေ့ဆက်သွားတာက ငါတို့အတွက် မကောင်းဘူးလား...


ကျီလင် ထိတ်လန့်နေချိန်တွင် ဝမ်ယန်၏ စကားသံတိုးတိုးကို ကြားလိုက်ရသည်။

"တောင်းပန်ပါတယ်... မင်းခွင့်ပြုချက်မပါဘဲ မင်းရဲ့တည်နေရာကို ကိုယ် စုံစမ်းမိခဲ့တယ်…"


ကျီလင်: "..."


ငါ မင်းကို အပိုပြောတာ မဟုတ်ဘူး... အစ်ကိုကြီးရေ... စကားကိုတစ်ခါတည်း ပြောလိုက်တာက အကောင်းဆုံးပဲ... အရမ်းပြတ်တောင်းပြတ်တောင်း ပြောနေတာက လူတွေကို အထင်မှားဖို့ လွယ်စေတယ်... ငါက မင်း အဲဒီအကြောင်းကို ဝန်ခံတော့မယ်လို့ တွေးပြီး ကြောက်တောင်ကြောက်သွားတယ်...


အဲဒါကို မင်း မပြောဘဲနဲ့တောင် ငါသိတယ်ကွ...


မင်းရဲ့သရုပ်မှန်ကို ဝန်မခံသရွေ့ ဘာအရေးလဲ...


ကျီလင် သူ့စိတ်ထဲမှ ပြောလိုက်မိသည်။ သူ့နှလုံးသားလေးကို နောက်တစ်ဖန် နေရာတကျဖြစ်အောင် ပြန်ထားလိုက်ပြီးနောက် အေးစက်စက် အမူအရာလေးဖြင့် ပြောလိုက်သည်။

"ဒါက မင်း ဝန်ခံချင်တဲ့အကြောင်းလား…"


ဝမ်ယန်က အပြစ်ရှိသည့် အကြည့်နှင့်ကြည့်ကာ ပြောလိုက်သည်။

"ဟုတ်တယ်... ဘာကြောင့်လဲဆိုတော့ ကိုယ် မင်းကို အရမ်းဂရုစိုက်ပြီး မင်းရဲ့လုံခြုံရေးကို စိတ်ပူလို့... မင်းဘယ်မှာရှိလဲဆိုတာကို အလျင်စလို စုံစမ်းခဲ့ပြီး ကိုယ့်သဘောနဲ့ကိုယ် လုပ်ခဲ့တဲ့အတွက် မင်း ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်…"


ဒါပေါ့... ဒါကမှ မင်းရဲ့ပုံမှန်အတိုင်း ဟန်ဆောင်မှုပဲ... အဲဒီအကြောင်းကို ငါက အစဖော်မှာကို ကြောက်နေတာလား... ဘာပဲဖြစ်ဖြစ် မူလပိုင်ရှင်ရဲ့ အရေးပါတဲ့စကားတွေနဲ့ဆိုရင်တောင် ဒီကိစ္စကို အနှေးနဲ့အမြန် ဖော်ထုတ်နိုင်မှာပဲ... ဖုံးကွယ်ထားလို့မရဘူး...


ကျီလင်က ထိုအကြောင်းကို သူ့နှလုံးသားထဲမှ အလေးအနက် မမှတ်ယူသော်လည်း မေးကိုမော့ကာ မကျေနပ်ဟန်ဖြင့် နှာမှုတ်လိုက်ဆဲပင်။

"ငါ့မှာ ဘာအန္တရာယ်ရှိနိုင်မှာလဲ... ဒီအင်ပါယာကြယ်မှာ ငါ့ကို ဘယ်သူက ထိရဲမှာလဲ... ဘယ်သူကများ မင်းကို သူများကိစ္စမှာ ဝင်ပါခိုင်းလို့လဲ…"


ဝမ်ယန်က တလေးတစား ဦးညွှတ်လိုက်သည်။

"တောင်းပန်ပါတယ် ဝင်ပါမိတဲ့သူက ကိုယ်ပါ…"


သူ ထိုကဲ့သို့ပြောလိုက်ပြီဖြစ်သောကြောင့် နေ့စဉ်အကြောင်းအရာများထဲမှ မုန်းတီးမှုအနည်းငယ်ကို ရိုးရိုးရှင်းရှင်း ဆွဲထုတ်နိုင်သည်ဟု ကျီလင် တွေးလိုက်မိသည်။ ထို့နောက် အထင်သေးသည့်လေသံဖြင့် ထပ်လောင်း ပြောကြားလိုက်သည်။

"ဒါဆို ဘာကြောင့်များ ဇာတ်နိမ့်တစ်ယောက်ဖြစ်တဲ့ နဉ်ယွီက ငါ့ကို မထီမဲ့မြင်ပြုရဲရတာလဲ... ဒီနေ့ မာရှယ်ဘရန်ဒန် ရုတ်တရက် ပေါ်လာခဲ့လို့သာပေါ့... မဟုတ်ရင်တော့ ငါ့ကို စော်ကားရင် ဘာဖြစ်မလဲဆိုတာကို အဲဒီဇာတ်နိမ့်လေး သေချာပေါက် သိသွားအောင် ငါ လုပ်လိုက်ပြီ"


ဝမ်ယန်က လူငယ်လေး၏ အပေါက်ဆိုးဆိုးပါးစပ်နှင့် ရှုံးနိမ့်ကြောင်း ဝန်ခံရန် ငြင်းဆန်နေပုံအား ကြည့်နေမိသည်။ သို့သော်လည်း သူ၏နှလုံးသားက နူးညံ့ပြီးချစ်မြတ်နိုးသည့် ခံစားချက်များဖြင့် တဖြည်းဖြည်း ပြည့်လျှံလာပေ၏။


ယခင်ဘဝတွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပျက်ခဲ့သည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိပေသည်။


သို့သော် တကယ်တမ်း၌ ကောင်ငယ်လေးတွင် မည်သည့်မုန်းတီးဖွယ် ရည်ရွယ်ချက်မှ လုံးဝမရှိခဲ့ပေ။

ဝမ်ယန်မှာ အသက်ပင်မရှူနိုင်တော့ပေ။ သူ(ကျီလင်)က နဉ်ယွီကို အမှန်တကယ် ထိခိုက်လိုစိတ် မရှိခဲ့သော်လည်း ထိုအချိန်၌ ဘရန်ဒန်က သူ့(ကျီလင်)ကို နာကျင်စေဆဲပင်။ ကောင်ငယ်လေးက သူ၏ဆိုးရွားလှသည့်ပါးစပ်နှင့် ခေါင်းမာမှုတို့ကြောင့် အတော်လေး ဒုက္ခရောက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ဂုဏ်သိက္ခာနှင့် မာနကို မစွန့်လွှတ်နိုင်သောကြောင့်ပင်။


ကောင်ငယ်လေးက အရှက်ရခြင်းအား သည်းမခံနိုင်သည်ကို ဝမ်ယန် နားလည်ပေသည်။ ထို့ကြောင့် မှားယွင်းနေကြောင်း မဖော်ထုတ်ခဲ့ပေ။

"ဒါပေါ့ မင်းကို စော်ကားတဲ့သူက သေချာပေါက် တန်ရာတန်ကြေးတော့ပေးရမှာပဲ... ဒါပေမယ့် အနာဂတ်မှာ မင်း လုပ်ချင်တာရှိရင် ကိုယ့်ကို အမိန့်ပေးလိမ့်မယ်လို့ မျှော်လင့်နေတုန်းပဲ…"


ကျီလင်မှာ ရုတ်တရက် မကျေမနပ်ဖြစ်သွား၏။

"အဲဒါ ဘာကိုဆိုလိုတာလဲ... ငါက အဲဒီကိစ္စတွေကို မလုပ်နိုင်ဘူးလို့ မင်းက ထင်နေတာလား... နောက်ပြီး ဇာတ်နိမ့်တစ်ယောက်ကို ရှင်းပစ်ဖို့ မင်းရဲ့အကူအညီလိုအပ်မယ်ပေါ့…"


ဝမ်ယန်က ရုတ်တရက် ဒူးထောက်ထိုင်ချလိုက်သည်။ မည်းနက်ပြီး နူးညံ့သိမ်မွေ့လှသော မျက်လုံးများဖြင့် ကောင်ငယ်လေး၏ အပြာရောင်မျက်လုံးများကို မော့ကာစိုက်ကြည့်လိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ ပြောလာသည်။

"ကိုယ် အဲဒီလိုဆိုလိုချင်တာ မဟုတ်ဘူး…"


ထိုသူ ဒူးထောက်လိမ့်မည်ဟု ကျီလင် မမျှော်လင့်ထားပေ။ ထို့ကြောင့် သူ အလွန်ကြောက်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လုနီးပါးပင်။ သို့သော် နောက်ဆုံး၌ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းထားနိုင်ခဲ့သည်။ သူ မျက်ခုံးပင့်ကာ ပြောလိုက်သည်။

"အိုး..."


ဝမ်ယန်၏ အနက်ရောင်မျက်လုံးများက မမြင်နိုင်လောက်သော ရူးသွပ်မှု အရောင်အသွေးများဖြင့် ပြည့်နှက်နေသည်။ ထို့နောက် ရိုးသားဖြူစင်သည့် အမူအရာဖြင့် စကားတစ်ခွန်းပြီးတစ်ခွန်း ပြောခဲ့သည်။

"ကိုယ်က မင်းရဲ့အရည်အချင်းကို မေးခွန်းထုတ်နေတာ မဟုတ်ဘူး... မင်းရဲ့သစ္စာရှိတဲ့ အစေခံတစ်ယောက်အနေနဲ့ ပြောနေတာ... မင်းဆီမှာ အခစားဝင်ဖို့က ကိုယ့်တာဝန်ပဲ…"


သူ၏ဆယ်ကျော်သက်အကောင်ပေါက်လေးမှာ အလွန်မြင့်မြတ်ကာ ဖြူစင်လှပြီး လေးစားချစ်ခင်အားကျရန် မွေးဖွားလာခဲ့ခြင်းပေ။ ထို့အပြင် သူ့လက်ထဲ၌ ကိုယ်တိုင်ကိုယ်ကျ ပြုစုစောင့်ရှောက်ပေးခဲ့ပေသည်။


သူက ညစ်ပတ်ယုတ်ညံ့ပြီး မကောင်းသည့် မည်သည့်အရာကိုမဆို ပြုလုပ်ခဲ့ပေ၏။ အဘယ်ကြောင့်ဆိုသော် သူ့လက်များက ညစ်ပတ်သောကြောင့်ပင်။


မင်းကို စိတ်မချမ်းသာစေတဲ့ အရာတွေအားလုံးကို ကိုယ်က ပျောက်ကွယ်သွားအောင် လုပ်နိုင်တယ်...


ကိုယ့်အတွက်တော့ ကမ္ဘာကြီးတစ်ခုလုံးကတောင် မင်းလောက် အရေးမကြီးဘူး...


ကျီလင်က ထိုကဲ့သို့ ရိုးသားသော အပြုအမူနှင့် တည်တည်ငြိမ်ငြိမ် ကတိပေးနေသည့် ဝမ်ယန်ကို ကြည့်လိုက်သည်။ သူ သူ့(ဝမ်ယန်)ကို စေ့စေ့မကြည့်ဘဲမနေနိုင်ပေ။


အဲလောက်ထိ လိုအပ်လို့လား... မင်းက သရုပ်ဆောင်တစ်ယောက်လား... သရုပ်ဆောင်ရတာကို စွဲလမ်းနေတာလား...


ငါက သောက်ကျိုးနည်းကြီး မင်းကို ယုံလိုက်ဦးမယ်...


ကျီလင် သူ့ယခင်ဘဝက အဖြစ်အပျက်များကို ပြန်သတိရမိသည်။ ဇာတ်လမ်းအဆုံးသတ်ခါနီးအချိန်၊ သူလည်း မစ်ရှင်ပြီးခါနီးအချိန်၌ နဉ်ယွီနှင့်ကျင်းဆွေ့ကို တားဆီးရန်အတွက် နဉ်ယွီအား လုပ်ကြံသတ်ဖြတ်ရန် ဝမ်ယန်ထံတွင် တမင်တကာ အကူအညီ တောင်းဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ယန်က သူ့အား အမှန်တကယ် မကူညီမည်ကို သိသောကြောင့်ပင်။ ထို့အပြင် ဤကိစ္စက နဉ်ယွီနှင့်ကျင်းဆွေ့ကြားရှိ ဆက်ဆံရေးကို ပို၍ပင်တိုးတက်သွားစေလိမ့်မည်။


ဝမ်ယန်မှာလည်း သူ့မျှော်လင့်ချက်များအတိုင်း အသက်ရှင်ခဲ့သည်။ သူက လုပ်ကြံသတ်ဖြတ်မှုကို မအောင်မြင်စေရန် တမင်ကြံစည်ခဲ့ပြီး တရားခံက သူဖြစ်ကြောင်း ဖော်ပြနိုင်သည့် သက်သေအထောက်အထားများကို ချန်ထားခဲ့သည်။ ထို့ကြောင့် သူက စစ်သူရဲကောင်း နဉ်ယွီကို ထိခိုက်နစ်နာစေမှု၊ အမျိုးသားရေးပြစ်မှုတို့ဖြင့် တစ်သီတစ်တန်းပင် စွပ်စွဲခံခဲ့ရသည်။


ရာထူးကြီးသော အင်ပါယာအထက်တန်းလွှာများအတွက် လူသိမခံဘဲ ညစ်ပတ်သည့်ကိစ္စများကို မည်မျှလုပ်ခဲ့ကြသည်က အရေးမကြီးလှပေ။ သို့သော် အနည်းဆုံး အပေါ်ယံတွင်မူ အများသူငှာ သာမန်လူတန်းစားများ၏ ခံစားချက်ကို ထောက်ထားစဉ်းစားပေးရန် လိုအပ်သည်။ အင်ပါယာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့်ကိစ္စဆိုလျှင် ဆိုဖွယ်ရာမရှိပေ။ ကျီလင်က နဉ်ယွီအား လုပ်ကြံသတ်ဖြတ်ရန် အမိန့်ပေးခိုင်းစေသည့်ကိစ္စကို အရေးကြီးဆုံး ထိပ်ပိုင်းနေရာထိရောက်အောင် ဝမ်ယန်က နောက်တစ်ကြိမ် တွန်းပို့ခဲ့ပြီး ကျင်းဆွေ့ကို ဒေါသထွက်စေခဲ့သည်။


ပြည်သူလူထု၏ ထင်မြင်ယူဆချက်က ဆက်လက်ပြင်းထန်လာပြီး နောက်ဆုံးတွင် ဖခင်ဖြစ်သူ ကျီထင်ထံသို့ပင် ရောက်ရှိသွားခဲ့သည်။ ကျီထင်မှာ ၎င်းကို သည်းမခံနိုင်ခဲ့ပေ။ ကျီထင်က ဤကိစ္စအတွက် ငွေကြေးများစွာပေးခဲ့ပြီး နောက်ဆုံးတွင် ကျင်းဆွေ့၏ နားလည်မှုနှင့် အပေးအယူကို ရရှိခဲ့သည်။ ကျီလင်၏အသက်ကို ကယ်တင်ရန် နည်းလမ်းမှာ သူ၏မြင့်မြတ်သော အထက်တန်းလွှာဂုဏ်ပုဒ်ကို ရုတ်သိမ်းပြီး အင်ပါယာကြယ်မှ နယ်နှင်ဒဏ်ပေးရန်ဖြစ်သည်။ မည်သည့်အခါမျှ ပြန်လာခွင့်မပြုခြင်းက လူအများ၏ ဒေါသကို ငြိမ်းချမ်းစေသည့် နည်းလမ်းပင်။


၎င်းက ကျီလင်၏မျှော်မှန်းချက်အတွင်း ရှိသော်လည်း ဤကိစ္စကြောင့် သူ ဝမ်ယန်၏ အနက်ရောင်နှလုံးသားကို အနက်ရှိုင်းဆုံးအထိ နားလည်သွားခဲ့သည်။


နဉ်ယွီကို ကူညီဖို့အတွက် သူ့မှာ စာနာစိတ်လေးတောင် မရှိတော့ဘူး... အားးး


အနာဂတ်တွင် သူ သူ(ဝမ်ယန်)၏ 'အကူအညီ' ကို လိုအပ်ချိန်တွင် ဝမ်ယန်ကို ရှာဖွေရမည်ဖြစ်သော်လည်း ယခုအတွက် မဟုတ်သေးပေ။ ယခုအချိန်တွင် သူ အင်ပါယာကြယ်၌ နေထိုင်ကာ နဉ်ယွီ့ကို အခက်တွေ့အောင် ဆက်လက်လုပ်ဆောင်ရပေမည်။

အခုအချိန်မှာ မင်းလို လူသတ်သမားကြီးကို သုံးဖို့ဆိုတာ ငါ ရူးနေလို့ပဲ...


ကျီလင်က မထီမဲ့မြင်အမူအရာကို ဖော်ပြလိုက်သည်။ ထို့နောက် မေးစေ့ကိုမော့ပြီး စိတ်မရှည်စွာ ပြောလိုက်သည်။

"သိပြီ... မင်း သွားတော့... ငါ အနားယူတော့မယ်…"


ဝမ်ယန်က ကောင်ငယ်လေး၏ မထီမဲ့မြင်ပြုသည့် အမူအရာကို ကြည့်လိုက်သည်။ သူ့ပါးစပ်မှ သူ သိသည်ဟု ပြောသော်လည်း ဆယ်ကျော်သက်လေးက သူ့အကူအညီကို အမှန်တကယ် မလိုလားကြောင်း ဝမ်ယန်၏စိတ်ထဲတွင် ကောင်းကောင်း သိနေပေသည်။ ကူကယ်ရာမဲ့သည့်အကြည့်က ဝမ်ယန်၏မျက်လုံးများထဲတွင် ပေါ်ထွက်လာခဲ့သည်။ သူ့နှလုံးသားထဲတွင်လည်း နာကျင်မှုများ ပြည့်လျှံနေပေ၏။


ယခင်ဘဝက ကောင်ငယ်လေးသည်လည်း ဤပုံစံအတိုင်းပင်။ ထိုသူက မာနကြီးပြီး လွှမ်းမိုးချုပ်ကိုင်လိုစိတ်ရှိပုံပေါ်၏။ ထို့အပြင် နာကျင်စေသည့် စကားများကို ရံဖန်ရံခါ ပြောနေတတ်သော်လည်း သူ့အား(ဝမ်ယန်) လက်အောက်ငယ်သား တစ်ယောက်အနေနှင့် တစ်ခါမှ မဆက်ဆံခဲ့ဖူးသလို အကူအညီလည်း ပေးခဲ့သည်။


နောက်ပြီး ပြန်ပေးဆပ်ဖို့ ဘာကိုမှ မတောင်းဆိုခဲ့ဖူးဘူးမလား...


မြင့်မြတ်ပြီး အင်အားကြီးတဲ့ အထက်တန်းလွှာတစ်ယောက်ဖြစ်ပေမဲ့ ပြန်ပေးဆပ်ဖို့ ဘာကိုမှ မတောင်းဆိုဘဲ နိမ့်ကျတဲ့ငါ့ကို ကူညီပေးလိုစိတ်ရှိခဲ့တယ်...


ကောင်ငယ်လေး—— သူ့အတွက် အလုပ်လုပ်ပေးရန် ဒုတိယအကြိမ် တောင်းဆိုသည်မှာ ထိုညကပင်။ ထိုသူက နဉ်ယွီနှင့်ကျင်းဆွေ့၏ မင်္ဂလာဆောင်မည့်သတင်းကို တွေ့လိုက်ရချိန်တွင် သူ၏မျက်နှာမှာ ဖြူဖျော့ပြီး သွေးရောင်ကင်းမဲ့သွားခဲ့သည်။ သူ့နှလုံးသားက သေဆုံးသွားသကဲ့သို့ နဉ်ယွီကို သတ်ပစ်ရန် သူ့အား အမိန့်ပေးခဲ့သည်။


ဒါပေမဲ့ ငါကိုယ်တိုင်ကရော ဘာလုပ်ခဲ့လဲ...


ငါက တကယ်ကို—— 


အကြင်သူက သူ့အား တောင်းဆိုလာချိန်တွင် သူက သနားညှာခြင်းကင်းမဲ့စွာ သစ္စာဖောက်ခဲ့ပြီး ခွင့်မလွှတ်နိုင်သည့် စွဲချက်များကို ခံယူရန် ထားပစ်ခဲ့သည်။ အဆိုးဝါးဆုံးအနေဖြင့် အကြင်သူ၏ အချစ်ရဆုံးသူက အကြင်သူ့အား အင်ပါယာကြယ်မှ နှင်ထုတ်ခဲ့ပေသည်။


သူက အလွန်တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းကာ သူ၏စိတ်နှလုံးသားမှာ အလိုလောဘကြီးပြီး ရောင့်ရဲမကျေနပ်နိုင်ခဲ့ပေ။ မိမိ၏ညစ်ညမ်းလှသော စိတ်ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် မြင့်မြတ်ပြီး အင်အားကြီးသော ကောင်ငယ်လေးကို ဖုန်မှုန့်ထဲသို့ ပြုတ်ကျစေခဲ့ပြီး ထိုနည်းလမ်းဖြင့် သူ့အပိုင်ပြုလုပ်ရန် ကြိုးစားခဲ့မိသည်။



✨✨✨