✨ Chapter 25
ဝမ်ယန် ထိုအကြောင်းကို တွေးလိုက်မိပြီးနောက် ကိုယ့်ကိုယ်ကို အပြစ်တင်သည့် နာကျင်မှုစိတ်က ချွန်ထက်သည့် ဓားသွားတစ်လက်ကဲ့သို့ သူ့ရင်ဘတ်ထဲ၌ မွှေနှောက်နေခဲ့သည်။
ထို့အပြင် ကောင်ငယ်လေး သေဆုံးသွားသည့်အချိန်အထိ သူမည်မျှမှားခဲ့ကြောင်းကို သူ နားမလည်ခဲ့ပေ။
ကောင်ငယ်လေး၏ စစ်မှန်သောမြင့်မြတ်မှုမှာ သူ၏မြင့်မားလှသော အဆင့်အတန်းပေါ်၌ မူတည်မနေဘဲ ဝမ်ယန် မည်သည့်အခါမျှ မထိတွေ့နိုင်သည့် သန့်ရှင်းဖြူစင်သော စိတ်နှလုံးသားပေါ်တွင်သာ မူတည်လေသည်။ ထိုသို့သောရွံရှာဖွယ်နည်းလမ်းဖြင့် သူက ဤလူသားကို ဘယ်သောအခါမျှ အမှန်တကယ် ရရှိနိုင်မည်မဟုတ်ပေ။
တစ်နေ့တွင် ကောင်ငယ်လေးက ပလ္လင်ထက်မှ ဆင်းလာလျှင်ပင် သူက ထိုသူ၏ခြေတော်ရင်း၌ ဝပ်တွားပြီး ခြေချောင်းများကို အရိုအသေပြုနမ်းရန်သာ ထိုက်တန်ပေသည်။
ဝမ်ယန်၏မျက်လုံးများ တောက်ပလာပြီး သူ့နှလုံးသားထဲရှိ လေးလံထိုင်းမှိုင်းနေသည့် ခံစားချက်များကို မျိုသိပ်ထားလိုက်သည်။ သူ့နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားပြီး ခေါင်းငိုက်စိုက်ချကာ ဩရှရှအသံဖြင့် ပြောလိုက်သည်။
"နားလည်ပါပြီ... မင်း ကိုယ့်ကို လိုအပ်မယ်ဆိုရင်တော့ ကျေးဇူးပြုပြီး ကိုယ့်ကို ပြောပြပေးပါ... ဟုတ်ပြီလား…"
ဒီဘဝမှာ မင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့သစ္စာစောင့်သိမှုနဲ့ စိတ်ဆန္ဒကို ကိုယ် ကျိန်ဆိုဝံ့တယ်...
မင်းကို ဘယ်တော့မှ သစ္စာမဖောက်ဘူး...
............
ကျီလင်က နောက်ဆုံးတွင် ဤနတ်ဘုရားကြီးဝမ်ယန်ကို ပြန်လွှတ်လိုက်နိုင်ပြီး အိပ်ချင်မူးတူးဖြင့် အိပ်ရာပေါ်သို့ လှဲချလိုက်လေသည်။ ထိုမှသာ ယနေ့ည၌ ဘရန်ဒန်၏လုပ်ရပ်ကို အသေအချာ ပြန်လည်စဉ်းစားရန် အချိန်ရလာခဲ့သည်။ ထို့နောက် သူ ထိုအကြောင်းကို ပိုတွေးလေလေ၊ တစ်စုံတစ်ခုက မှားယွင်းနေကြောင်း ပိုခံစားရလေလေပင်...
ပြန်လည်မွေးဖွားခြင်းဟူသော စကားလုံးက ကျီလင်၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာပြန်သည်။
ဘရန်ဒန်သာဖြစ်ပါက ပြန်လည်မွေးဖွားပြီးနောက် ဤကဲ့သို့ပြုမူလာပေလိမ့်မည်။ နောက်ဆုံးတွင် သံမဏိသွေးသားပိုင်ရှင် မာရှယ်ဘရန်ဒန်က ကားလို့စ်နှင့် တခြားသူများနှင့်မတူဘဲ စည်းကမ်းကြီးသည့် လူတစ်ယောက်ပင်။ ရိုးရိုးရှင်းရှင်းပြောရလျှင် သူက နာကျည်းမှုနှင့် ကျေးဇူးကြွေးများကို သေသေချာချာ ပိုင်းခြားထားပေသည်။
သူ့ယခင်ဘဝ၌ ဇာတ်ကြောင်းအတိုင်း လိုက်နာပြီး စနစ်၏လမ်းညွှန်မှုအောက်တွင် ဘရန်ဒန်ကို တစ်ကြိမ်ကယ်တင်ရန် သူ့ကိုယ်သူစွန့်စားခဲ့သည်။ ထို့နောက် သူ့အား ပြန်ပေးဆပ်ရန် တမင်သက်သက် မောက်မာစွာတောင်းဆိုခဲ့သည်။ ထိုမှသာ ဘရန်ဒန်၏စက်ဆုပ်မှုကို နှိုးဆွနိုင်မည်ပင်။
ထိုအချိန်က သူ၏လုပ်ဆောင်မှုမှာ မည်မျှရွံရှာဖွယ်ကောင်းပြီး မုန်းတီးဖွယ်ကောင်းသည်ကို ကျီလင် သိပေသည်။ 'အင်ပါယာစစ်နတ်ဘုရား' ဟု လူသိများသော မာရှယ်ဘရန်ဒန်က သူကဲ့သို့ အမှိုက်တစ်စထံမှ ကယ်ဆယ်ခြင်းကိုခံခဲ့ရပြီး သူ့ကို ဓားစာခံအဖြစ် ဖမ်းထားရသည်အား နှစ်သက်သည့်သူနှင့် အဆက်အဆံလုပ်ရန် တွန်းအားပေးခံခဲ့ရသည်။
အဲဒါက ယင်ကောင်တစ်ကောင်ကို စားရတာထက်တောင် ပိုရွံဖို့ကောင်းတယ် မဟုတ်လား...
သို့သော် ၎င်းက အသက်ကယ်တင်ပေးသည့် ကျေးဇူးကြောင့်ဖြစ်သောကြောင့် နောက်ဆုံးတွင် ဘရန်ဒန်က သူ့နှာခေါင်းကိုပိတ်ကာ သဘောတူခဲ့သည်။
(TN-သဘောမတူချင်ပေမဲ့ တူလိုက်ရတာကို ပြောတာပါ)
ဘရန်ဒန် ပြန်လည်မွေးဖွားလာချိန်တွင် သူ လုပ်ခဲ့သည့်အရာကို မြင်ပြီးနောက် ဒေါသအလွန်ထွက်နေမည်ဖြစ်သော်လည်း ယခင်ဘဝတွင် ကယ်တင်ခံရသောကျေးဇူးကြောင့် တစ်စုံတစ်ခုကို မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် သည်းခံနေခြင်းဖြစ်ရပေမည်။
အဲဒီအချိန်တုန်းက ရှုပ်ထွေးတဲ့ အခြေအနေတွေနဲ့ ရရုန်းကန်နေရလို့ သူ့မျက်နှာက ရှုံ့တွနေတဲ့အမူအရာ ဖြစ်နေတာပဲ... အဲဒါက ဖြစ်နိုင်ချေရှိတယ် အားးး
တကယ်လို့... ဘရန်ဒန်က ပြန်လည်မွေးဖွားလာတာကြောင့် သူ့အပြုအမူတွေ တကယ် ပြောင်းလဲသွားခဲ့ရင် ဝမ်ယန်နဲ့ ကားလို့စ်ကျတော့ရော ဘာလို့လဲ...
ကျီလင် ရုတ်တရက် တုန်လှုပ်သွားသည်။
ဒီအတွေးက အရမ်းကြောက်စရာကောင်းတယ်ပဲ... အဲဒါကို ရပ်ပစ်ရမယ်...
ကျီလင် ခုတင်ပေါ်မှ ထထိုင်လိုက်သည်။
[စနစ်... သူတို့ ပြန်လည်မွေးဖွားမလာတာ သေချာလို့လား...]
စနစ်မှာ ခဏတာမျှ အသံတိတ်သွားပြီး ဖြည်းညင်းစွာပြောလာသည်။
[ငါလည်း သေချာမသိဘူး…]
ကျီလင်: [???]
ကျီလင် ဒေါသတကြီး ပြောလိုက်သည်။
[မင်း အရင်တုန်းက ငါ့ကို ကျိန်ပြောခဲ့တယ် မဟုတ်ဘူးလား... ဒီစာအုပ်မှာ ပြန်လည်မွေးဖွားလာတဲ့ ဇာတ်ကောင်တွေ မရှိဘူးဆို…]
စနစ်က ရှင်းပြလာ၏။
[ဒီစာအုပ်မှာ တကယ်ကို ပြန်လည်မွေးဖွားလာတဲ့ ဇာတ်ကောင်တွေ မပါဘူး... ဒါပေမဲ့ မင်းရဲ့နောက်ဆုံးမစ်ရှင် ကျရှုံးမှုက ကမ္ဘာကြီးကို ပြိုလဲသွားစေခဲ့တယ်... နောက်ပြီး ဒီကမ္ဘာမှာရှိတဲ့ ဇာတ်ကောင်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိလဲဆိုတာကို အခုလောလောဆယ် ရှာဖွေနိုင်ဦးမှာမဟုတ်ဘူး... ငါ့ရဲ့ဒေတာစနစ်တွက်ချက်မှုတွေအရ ပြန်လည်မွေးဖွားမှုဖြစ်နိုင်ခြေက ထည့်စဉ်းစားစရာမလိုအောင်ကို နည်းပါးတယ်... ဒါပေမဲ့ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး... မာဖီးစ်စည်းမျဉ်းအရ...]
ကျီလင်: [မင်း ပါးစပ်ပိတ်ထားလိုက်တော့…]
၎င်းကို စဉ်းစားပြီးနောက် စနစ်မှာ လက်ရှိအချိန်တွင် ကျိုးကြောင်းမဆီလျော်သော ပိုင်ရှင်အား အနှောင့်အယှက်မပေးရန် ဆုံးဖြတ်လိုက်ပြီး ကျွမ်းကျင်လှသော စကားအသုံးအနှုန်းများဖြင့် စကားဝိုင်းကို အဆုံးသတ်လိုက်သည်။
[ပုံမှန်မဟုတ်ဘဲ မမျှော်လင့်ထားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရရင် ပိုင်ရှင်က ကိုယ်ပိုင်ဉာဏ်ပညာကို အသုံးချပြီး မစ်ရှင်တွေပြီးမြောက်ဖို့အတွက် လုံ့လဝီရိယရှိရှိ အပြင်းအထန် ကြိုးစားဖို့ တောင်းဆိုပါတယ်...]
ကျီလင်၏အမူအရာမှာ အံ့ဩသွားပြီး အချိန်အတော်ကြာပြီးနောက် စနစ်ထံသို့ 'ဟီးဟီး' ဟုသာ ပြန်ပြောခဲ့သည်။
ကျီလင် ဒေါသတကြီးဖြင့် ခုတင်ပေါ်သို့ လေးပင်စွာ လှဲချလိုက်ပြီး ကြက်အစပ်စနစ်ကို ဖောက်ထုတ်ကာ ရိုက်နှက်ပစ်ချင်သော်လည်း မဖြစ်နိုင်မှန်း သူသိသည်။ ထို့ကြောင့် စနစ်နှင့် စစ်အေးတိုက်ပွဲ ဆင်နွှဲရန်သာ ဆုံးဖြတ်လိုက်သည်။
စစ်အေးတိုက်ပွဲ... စစ်အေးတိုက်ပွဲပဲ...
............
ကျီလင် မှေးခနဲ အိပ်ပျော်သွားပြီး နောက်နေ့၌ မျက်လုံးအောက်တွင် မျက်ကွင်းမည်းမည်းများဖြင့် နိုးလာခဲ့သည်။
ပုံမှန်အတိုင်း ကြယ်ကွန်ရက်မှ အစီရင်ခံစာကို ကြည့်လိုက်ပြီးနောက် ယမန်နေ့ညက လေလံပွဲ၌ သူ အဘယ့်ကြောင့် နဉ်ယွီနှင့်တွေ့ဆုံခဲ့သည်ကို နားလည်သွားခဲ့သည်။ ၎င်းက တကယ့်ကို တိုက်ဆိုင်မှုတစ်ခုပင်။
နဉ်ယွီက တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။ ဘရန်ဒန်လက်အောက်ရှိ စစ်တပ်စစ်ဆေးရေးဌာနက ကြီးမားသော မှောင်ခိုစက်မှုလုပ်ငန်း ကွင်းဆက်တစ်ခု၏ သဲလွန်စများကို အချိန်အတော်ကြာ စုံစမ်းစစ်ဆေးနေခဲ့သည်။ ကျွန်ကုန်သွယ်ခြင်းနှင့် မှောင်ခိုမျိုးရိုးဗီဇ ဆင့်ကဲဖြစ်စဉ်အေးဂျင့်များကဲ့သို့ အမျိုးမျိုးသော ရာဇ၀တ်မှုများ ပါဝင်နေပြီး အထက်တန်းလွှာ လူတန်းစားများလည်း ပါဝင်ပတ်သက်နေပေသည်။ ထိုမှောင်ခိုစက်မှုလုပ်ငန်း ကွင်းဆက်မှာ ယမန်နေ့ညကပင် ဖမ်းဆီးဖယ်ရှားခံခဲ့ရ၏။
အစီရင်ခံစာတွင် သူ့အကြောင်းနှင့်ပတ်သက်ပြီး ဘာမှမဖော်ပြထားသောကြောင့် ကျီလင် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့သည်။
အတိုချုပ်ပြောရရင် ဒီလိုကြီးမားကျယ်ပြန့်လှတဲ့ အင်ပါယာကြယ်ကြီးမှာ ငါတို့နှစ်ယောက် ဒီလိုမျိုးဆုံတွေ့နိုင်တယ်ပေါ့... အဲဒါက ကံကြမ္မာပဲ မဟုတ်ဘူးလား...
သူ သတင်းကို ဆက်လက်ကြည့်ရှုပြီးနောက် မျှော်လင့်ထားသည့်အတိုင်း သူ ကြည့်ချင်သည့် အတင်းအဖျင်းဘက်သို့ ရောက်သွားခဲ့သည်။ နဉ်ယွီ၏ စိတ်အားထက်သန်နေကြသော ပရိသတ်အချို့က မာရှယ်ဘရန်ဒန်၏ နေအိမ်ထဲသို့ ဝင်သွားပြီး ပြန်ထွက်လာသော နဉ်ယွီ၏ပုံရိပ်ကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့သည်။
ကျီလင်မှာ မျက်ရည်ကျလုမတတ်ဖြစ်သွားသည်။ ဤဒုတိယမြောက်ဘဝ၌ မှန်ကန်သည့်ဇာတ်ကြောင်းကို နောက်ဆုံးတွင် သူ မြင်တွေ့ရပေပြီーー
သတင်းကောင်းပဲ... တစ်နည်းအားဖြင့် ငါ့ကြောင့် နဉ်ယွီက ဘရန်ဒန်ရဲ့အိမ်မှာ နေနေတုန်းပဲ...
ဇာတ်ကြောင်းအရ ဘရန်ဒန်၏အိမ်တွင် အချိန်ကြာလာသည်နှင့်အမျှ နဉ်ယွီက ဘရန်ဒန်နှင့် အချိန်ကြာကြာဆက်ဆံရေး ရှိလာမည်ဖြစ်သည်။ ထိုဆက်ဆံရေးကြောင့် ဘရန်ဒန်က နဉ်ယွီကို ချစ်မိသွားမည်ဖြစ်သည်။ နဉ်ယွီသည်လည်း ကျင်းဆွေ့နှင့် တွေ့ဆုံပြီး ဆက်ဆံရေးတစ်ခု ထူထောင်ရန် အခွင့်အလမ်း ရှိလာပေလိမ့်မည်။
နောက်ဆုံးတော့ ဇာတ်ကြောင်းကို ပြန်အဖတ်ဆယ်နိုင်ခဲ့ပြီ... ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေက အချည်းနှီးတော့ ဖြစ်မသွားဘူးပဲ...
ဤအဖြစ်အပျက်က တွန်းအားတစ်ခုကဲ့သို့ ကျီလင့်အား လှုံ့ဆော်မှုအချို့ကို ပြန်လည်ရရှိစေခဲ့သည်။
တကယ်တမ်း သူသည် မူလက အလွန်ပင်ခေါင်းမာပြီး ခံနိုင်ရည်ရှိသူဖြစ်၏။ သူ မကြာခဏ အခက်အခဲများ၊ ထိုးနှက်ချက်များနှင့် ကြုံတွေ့ရပြီး သာမန်လူများကဲ့သို့ စိတ်ဓာတ်ကျတတ်သော်လည်း တကယ်ပင် လွယ်လွယ်နှင့် အရှုံးမပေးတတ်ပေ။ အမြဲတစေ ပြန်ထရပ်ပြီး အလုပ်ကို ဆက်လက်ကြိုးစားလုပ်ကိုင်ခဲ့သည်။
အိမ်ပြန်ဖို့အတွက်ဆို ဘယ်ဟာကများ အဆင်မပြေဖြစ်ရမှာလဲ...
ကျီလင် အိမ်မှာသာနေပြီး နောက်ဇာတ်ကွက်အတွက် မည်ကဲ့သို့ဆက်လုပ်ရမည်ကို စတင်စဉ်းစားလေတော့သည်။
သူ့ယခင်ဘဝအကြောင်း ပြောရလျှင် နဉ်ယွီကို ပြန်ပေးဆွဲပြီးနောက် သူ ဒဏ်ရာရခဲ့သည်။ ဤအချိန်တွင် နလန်ပြန်ထလာစေရန် သူ အိမ်မှာသာရှိနေသင့်သည်။ ဤတစ်ကြိမ်တွင် ဘာမှမဖြစ်ခဲ့သည့်အတွက် အိမ်တွင် စားလိုက်သောက်လိုက် နေရခြင်းကလည်း မဆိုးဟု ထင်ရပေ၏။
ယခင်က အလှည့်အပြောင်းအချို့ ရှိခဲ့သော်လည်း အခြားရှုထောင့်မှ ပြန်စဉ်းစားကြည့်လျှင် အနည်းငယ်မျှ အရိုက်ခံရခြင်းကလည်း အဆင်ပြေပေ၏။
ယနေ့တွင် ကျီလင်က အိမ်၌နေပြီး နောက်ဇာတ်ကွက်အတွက် သူ ဘာလုပ်သင့်သည်ကို တွေးတောနေကာ ဘာမှမလုပ်ဘဲ အချိန်ဖြုန်းနေသည်။ ထိုအချိန်တွင် မိသားစုအစေခံဟာဒီက လှပသောဖိတ်ကြားလွှာတစ်ခုနှင့်အတူ ရုတ်တရက် ရောက်လာပြီး ကျီလင့်အား လေးလေးစားစား ပြောလာသည်။
"သခင်လေး... အရှင်ကားလို့စ်က ဒီဟာကို သခင်လေးဆီ ပေးခိုင်းလိုက်လို့ပါ…"
ကျီလင် ၎င်းကို မယုံသင်္ကာဖြင့် ယူကာကြည့်လိုက်သည်။ ထို့နောက် ထိုဖိတ်ကြားလွှာမှာ ကားလို့စ်က သူ့အိမ်၌ ခေတ္တခဏမျှလာနေရန် သူ့အား ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
အမှန်တကယ်တွင် အထက်တန်းလွှာများကြား ဤကဲ့သို့ပေါင်းသင်းဆက်ဆံမှုမျိုးမှာ သာမန်သာဖြစ်၏။ မူလပိုင်ရှင်က သူ့သူငယ်ချင်း၏အိမ်သို့ သွားနေလေ့ရှိသည်။ သို့သော် ကားလို့စ်ထံသို့ သွားရောက်ရမည့်ကိစ္စမှာမူ အလွန်မူမမှန်လှပေ။ အင်အားကြီးသော မြို့စားကြီးတစ်ယောက်အနေဖြင့် သူ့လက်ထဲတွင် အခွင့်အရေးများစွာရှိကြောင်း ပြောစရာပင်မလိုလှပေ။
ဒါဆို ငါ့လို ဂျူနီယာတစ်ယောက်ကို အိမ်မှာလာနေဖို့ ဖိတ်တာက လိုလို့လား... သူက ငါနဲ့အတူ မိန်းကလေးတွေနဲ့ သောက်စားပျော်ပါးဖို့လား...
လျှို့ဝှက်အစီအစဉ်ပဲ... ဒါက လျှို့ဝှက်အစီအစဉ်တစ်ခုပဲ ဖြစ်ရမယ်...
စနစ်: [ဖိတ်ကြားချက်ကို လက်မခံဖို့ အကြံပေးချင်တယ်…]
ကျီလင်က အမှိုက်စနစ်နှင့် စကားမပြောရန် ပြတ်ပြတ်သားသား စိတ်ပိုင်းဖြတ်ထားပြီး စစ်အေးတိုက်ပွဲ ဆင်နွှဲနေဆဲပင်။
နောက်ပြီး မင်းက ဘာရည်ရွယ်ချက်နဲ့ တခြားအဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေကို လာပြောနေရတာလဲ...
သူ့လက်ချောင်းများက ဖိတ်စာပေါ်ရှိ လှပတင့်တယ်သော စာသားများကို ပွတ်သပ်လိုက်သည်။ သူ့မျက်လုံးများမှာလည်း ပြောင်းလဲသွား၏။
အသေးစိတ်ကျကျပြေရလျှင် သူ ကားလို့စ်ကိုချဉ်းကပ်ရန် အလွန်ဝန်လေးနေ၏။
သို့သော် ယခုအချိန်တွင် ထိုသို့မဟုတ်တော့ပေ။ မျက်စိစုံမှိတ်ပြီး ရှောင်နေခြင်းက အသုံးမဝင်တော့ပေ။ ကားလို့စ်က သူ့ကို ဖိတ်ခေါ်ခဲ့သောကြောင့် အကြောင်းအရင်း တစ်စုံတစ်ရာတော့ ရှိရပေမည်။
ဒါဆို... ဒီဟာက စမ်းသပ်ဖို့ အခွင့်အရေးကောင်းတစ်ခုပဲ မဟုတ်ဘူးလား... မင်းက ကျားတွင်းထဲကို ဝင်မသွားဘဲ ကျားကို ဘယ်လိုလုပ်ဖမ်းနိုင်မှာလဲ...
ကျီလင် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူ့မျက်လုံးထဲ၌ အခိုင်အမာ ဆုံးဖြတ်ထားသည့် အကြည့်တစ်ခုက ပေါ်လာပေသည်။
စနစ်က စည်းရုံးသည့်လေသံဖြင့် ပြောလိုက်သည်။
[မင်း အဲဒါကို စဉ်းစားဖို့ လိုတယ်နော်…]
ကျီလင်က ဖိတ်စာကိုခေါက်ပြီး ဘေးဖယ်ထားလိုက်သည်။ ထို့နောက် မျက်လုံးကိုပင့်ပြီး ဟာဒီကို ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ငါ့အစား အန်ကယ်ကားလို့စ်ကို ပြန်စာပါးပေးပါဦး... သူ့ဖိတ်ကြားချက်ကို ငါ လက်ခံပါတယ်လို့…"
---------
အင်ပါယာမြို့တော်၏ ကြီးမားလှသော အချက်အချာနေရာ၌ ခမ်းနားထည်ဝါလှသည့် အင်ပါယာနန်းတော်အပြင် မြို့စားကားလို့စ်၏စံအိမ်က အကျယ်ပြန့်ဆုံးဧရိယာကို သိမ်းပိုက်ထားသည်။
မြို့စားကြီးကားလို့စ်၏မိသားစုက အင်ပါယာတွင် ရှေးအစဉ်အဆက်ကတည်းက အမွေဆက်ခံလာခဲ့သော အထက်တန်းလွှာ မိသားစုများထဲမှတစ်စုဖြစ်သည်ဟု ဆိုကြသည်။ အစောဆုံးဆိုသည်မှာ ကမ္ဘာမြေကြီး၏ ဝေးလံလှသော ခေတ်ကတည်းကဟုပင် ကောက်ချက်ချ၍ရနိုင်သည်။ မိသားစု၏မျိုးရိုးစဉ်ဆက် ကြွယ်ဝချမ်းသာမှုကို ကိန်းဂဏန်းများဖြင့် တိုင်းတာရန်ပင် ခဲယဉ်းလှပြီး အမွေအနှစ်များမှာလည်း အလွန်ကြွယ်ဝ၏။ ကားလို့စ်၏လက်ထက်တွင် ဤအရာများအားလုံးက ကျဆင်းမသွားရုံသာမက မြင့်မားသော အဆင့်အတန်းတစ်ခုသို့ပင် ရောက်ရှိလာခဲ့သည်။ သူ၏အင်အားနှင့် ကြွယ်ဝမှုက မရေမတွက်နိုင်သော အင်ပါယာအထက်တန်းလွှာများကို ပခုံးချင်းယှဉ်ရန် ခက်ခဲစေကာ အကြွယ်ဝဆုံးနေရာနှင့် ထိုက်တန်ပေသည်။
၎င်းကပင် ကားလို့စ်က ကျင်းဆွေ့ကို စာအုပ်တစ်အုပ်လုံး အတိုက်အခိုက်ပြုနိုင်သည့် သော့ချက်ဖြစ်သည်။ ထိုသူက အမှန်တကယ်ကို အစွမ်းထက်လွန်းလှ၏။
သို့ရာတွင် မြို့စားကြီးကျီထင်က ကားလို့စ်၏အဖွဲ့ခွဲတွင် မပါဝင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျီထင်က ကားလို့စ်နှင့် ကျင်းဆွေ့တို့အကြား တိုက်ပွဲတွင်ပါဝင်ရန် ဆန္ဒမရှိသောကြောင့်ပင်။ ထို့အပြင် ကျီလင်နှင့်ကားလို့စ်တို့ကြား အပြန်အလှန်ဆက်ဆံမှုမှာ များများစားစား မရှိခဲ့ကြပေ။ ထို့ကြောင့် ကျီလင်က သူ၏ယခင်ဘဝ၌ ဤမြို့စားစံအိမ်သို့ မရောက်ဖူးခဲ့ပေ။
ကျီလင်က သူ့ကို အန်ကယ်ကားလို့စ် ဟု ခေါ်ခဲ့သော်လည်း ၎င်းက သာမန်ရင်းနှီးသည့် အကြီးတစ်ယောက်အပေါ် သုံးသည့်အသုံးအနှုန်းပင်။
ကျီလင် သူ့ရှေ့ရှိ ကြီးကျယ်ခမ်းနားလှသော မြို့စားစံအိမ်တော်ကြီး၏ ဂိတ်တံခါးကို စူးစမ်းကြည့်လိုက်ပြီး ကားပေါ်မှဆင်းရန် ဆုံးဖြတ်လိုက်သည်။
ကားလို့စ်က သူ့ကို ပွင့်ပွင့်လင်းလင်း ဖိတ်ကြားရဲသည့် သတ္တိရှိသောကြောင့် ပုံမှန်အတိုင်း သူ့အသက်ကို မသတ်ဘဲ အကောင်းပကတိအတိုင်း သူ့ကို အိမ်ပြန်ပို့ပေးပေလိမ့်မည်။ ၎င်းက ကျီလင် ဖိတ်ကြားချက်ကို လက်ခံဝံ့သည့် အကြောင်းရင်းပင်ဖြစ်၏။
ဘာပဲဖြစ်ဖြစ် ငါ သေမှာမဟုတ်ဘူး... ဘာကြောက်စရာရှိလို့လဲ...
အိမ်တော်ထိန်းအန်ဒါဆန်က ကျီလင့်ကို တလေးတစား ကြိုဆိုခဲ့သည်။ ကျီလင့်ကို ဤနေရာ၏သခင်တစ်ယောက်ကဲ့သို့ ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးရန်နှင့် နည်းနည်းလေးမျှ မပျော်ရွှင်အောင် မလုပ်မိစေရန် မြို့စားကြီးက သူ့ကို အမိန့်ပေးညွှန်ကြားခဲ့သည်။
မြို့စားကြီးက ဤကဲ့သို့ လူတစ်ယောက်ကို တန်းဖိုးထားသည်မှာ ပထမဆုံးအကြိမ်ပင်။ အန်ဒါဆန်၏စိတ်ထဲတွင် ပဟေဠိဖြစ်နေသော်လည်း မြို့စားကြီး၏ ဤကဲ့သို့သော အလေးပေးဆက်ဆံမှုကို ခံစားပိုင်ခွင့်ရှိသည့် ကျီလင်ကဲ့သို့ အင်ပါယာကြယ်၏ နာမည်ကျော်လူပေါ်ကြော့တစ်ဦးအကြောင်းကို နားမလည်ဘဲ ဖြစ်နေသည်။ သို့သော် အမိန့်ကို အလေးအနက် ဆောင်ရွက်နေဆဲပင်။
အန်ဒါဆင်က ကျီလင်ကို မြို့စားကြီးနေ့စဉ်နေထိုင်သည့် အဆောက်အအုံသို့ ခေါ်ဆောင်သွားပြီး လေးလေးစားစား ပြောလိုက်သည်။
"မြို့စားကြီးက လောလောဆယ် လုပ်စရာတွေ ရှိနေလို့ ဒီမှာ အနားယူပြီး ခဏစောင့်ပေးပါ…"
ကျီလင် သူ့ရှေ့ရှိ အမျိုးမျိုးသော ရှားပါးသစ်ပင်ပန်းမန်များဖြင့် ဝန်းရံထားသည့် စိမ်းစိုပြီး ခမ်းနားလှပသော ဥယျာဉ်ကို လှမ်းကြည့်လိုက်သည်။ လမ်းမကြီး၏ အတွင်းပိုင်းနေရာတွင် ဥရောပစတိုင် သုံးထပ်အဆောက်အအုံတစ်ခုရှိသည်။ ၎င်းက သမိုင်းကြောင်းတစ်လျှောက် မဖော်ပြနိုင်လောက်အောင် ကြီးကျယ်ခမ်းနားလွန်းသည့် အဆောက်အအုံပင်ဖြစ်၏။
အပြင်ဘက်ရှိ ကြယ်တာရာခေတ်၏ သိပ္ပံနည်းကျ ခံစားမှုတို့ဖြင့် ပြည့်နှက်နေသော သံမဏိအစုအဝေးကြီးနှင့် နှိုင်းယှဉ်ပါက ဤနေရာသို့ လာရောက်ခြင်းက လူတို့အား အချိန်နောက်ပြန် ခရီးသွားရသကဲ့သို့ ရုတ်တရက် ခံစားရစေသည်။
*ဟင်း* ကားလို့စ်က ဒီလိုမျိုးမိသားစုကို ချစ်မြတ်နိုးတတ်တဲ့ လူစားမျိုးဖြစ်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး...
ကျီလင် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ…"
အန်ဒါဆန်က ကျီလင့်အတွက် အကောင်းဆုံး အစားအသောက်များကို ပြင်ဆင်ပေးရန် အိမ်တော်ရှိ အိမ်အကူမိန်းကလေးများနှင့် အစေခံများအား အမိန့်ပေးလိုက်သည်။ ထို့နောက် ကျီလင့်အား ကောင်းကောင်းမွန်မွန် အမှုထမ်းရန် လူတိုင်းကို အမိန့်ပေးခဲ့ပြီး လှည့်ထွက်သွားသည်။
ကျီလင် ထိုနေရာတစ်ဝိုက်တွင် လှည့်ပတ်လျှောက်သွားနေလိုက်သည်။ ပန်းရနံ့များကို ရှူရှိုက်ပြီး ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်သည်။
ဘယ်လောက်ထူခြားတဲ့ ရှုခင်းလဲ ...
သူ ဤနေရာကို သဘောကျနေမိသည်။ သို့သော် အခြားသူများက သူ့ကို အထင်ကြီးအားကျနေမှန်း မသိခဲ့ပေ။
မြို့စားမင်းအိမ်တော်၏ အစေခံများက အစိမ်းရောင်အပင်များကြားတွင် လမ်းလျှောက်နေသော နတ်သူငယ်လေးနှင့်တူသည့် ကောင်လေးလှလှလေးကို သိချင်နေကြသည်။ အနှီလူသားက မြို့စားကြီးကျီထင်၏ တစ်ဦးတည်းသော အဖိုးတန်သားဖြစ်သူ နာမည်ကျော်လူပေါ်ကြော့ ကျီလင်ပင်ဖြစ်၏။ ထိုသူက အလွန်မောက်မာပြီး ရက်စက်သည်ဟု အများက ဆိုကြသည်။
✨✨✨