✨ Chapter 26
အနမ်းတစ်ပွင့်
သူက ဒီလိုမျိုး ကြီးပြင်းလာတာပေါ့... ဒီနှစ်တွေအတွင်း သူသာ မကောင်းတဲ့ကိစ္စတွေကို မကျူးလွန်ခဲ့ဘူးဆိုရင် အရမ်းကိုတည်ငြိမ်အေးဆေးတဲ့ လူငယ်လေးလို့တောင် ထင်ရတယ်...
ဒါ့ကြောင့် ရုပ်ရည်ကြည့်မကောင်းတဲ့သူတွေက လူဆိုးတွေ မဟုတ်ကြသလို ရုပ်ရည်ချောမောတဲ့သူတွေကလည်း လူကောင်းတွေ မဟုတ်ကြဘူး... စာအုပ်တစ်အုပ်ကို သူ့ရဲ့မျက်နှာဖုံးနဲ့ အကဲဖြတ်လို့မရဘူးပဲ ...
ထို့အပြင် ထိုလူကို ဤနေရာသို့ လာခွင့်ပြုသည်အထိ မြို့စားကြီးက သူ့ကို ဤမျှလောက်ထိ သဘောကျပြီး အလိုလိုက်လိမ့်မည်ဟု မည်သူကမျှ ထင်မထားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ကျယ်ပြောလှသောဧရိယာနှင့်အတူ မြို့စားကြီး၏အိမ်တော်က ကြီးမားလှသော်လည်း ကားလို့စ် နေ့စဉ်ပုံမှန် နေထိုင်သည့် ဤနေရာသည်ကား တားမြစ်ဧရိယာဖြစ်သောကြောင့်ပင်။
စာကြည့်ခန်းထဲတွင် သူ့လက်အောက်ငယ်သားများနှင့် ရံဖန်ရံခါ တွေ့ဆုံမှုမှလွဲ၍ ကားလို့စ်က အခြားမည်သူ့ကိုမျှ ဤနေရာသို့ ခြေချခွင့်မပြုခဲ့ပေ။ ဆန္ဒရှိသလို ခြေဦးတည့်ရာ လျှောက်ပတ်သွားလာနေသည့် လူပေါ်ကြော့ ဆယ်ကျော်သက်လေးတစ်ဦးဆိုလျှင် ပြောစရာပင်မလိုပေ။
ဤနေရာ၌ မြို့စားကြီး ဧည့်ခံဖူးသည့် ဧည့်သည်ကို အစေခံများ တွေ့ဖူးသည်မှာ ယခုအကြိမ်က ပထမဆုံးပင်။ ထို့အတွက် ကျီလင်က ထူးခြားကြောင်း ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပေသည်။ ထို့ကြောင့် လူတိုင်းက သူ့ကို အလွန်ရိုရိုသေသေ ဆက်ဆံကြပြီး အနည်းငယ်မျှ မပျင်းရိဝံ့ကြပေ။
ထိုအစေခံများ တွေးနေသည့်ကိစ္စကို ကျီလင် မသိခဲ့ပေ။ ဤနေရာတွင် လမ်းလျှောက်ရင်း သဲလွန်စများကိုရယူရန် စတင်အကြံထုတ်တော့သည်။ ကားလို့စ် ပြန်မလာသေးခင် သူ တစ်ခုခုရှာနိုင်လျှင် ပိုကောင်းပေလိမ့်မည်။
ထို့ကြောင့် ကျီလင် လှည့်ထွက်ပြီး အထဲသို့ ဝင်သွားလိုက်သည်။
ဤအဆောက်အအုံတွင် အသုံးပြုထားသည့်ပစ္စည်းများက သာမာန်သတ္တုများမဟုတ်ပေ။ အဓိကအားဖြင့် ရှားပါးကျောက်တုံးများနှင့် အဖိုးတန်သစ်သားများဖြင့် ပြုလုပ်ထားသည်။ ကြယ်တာရာခေတ်တွင် အဆိုပါပစ္စည်းများက သတ္တုများထက် ပို၍စျေးကြီးနိုင်ကြောင်း သိထားကြပေသည်။
ကျယ်ပြောလှသော ခန်းမကြီးက ပရိဘောဂမျိုးစုံဖြင့် ဝန်းရံထားပြီး တစ်ခုချင်းစီက အလွန်ထူးခြားလှသည်။
အရေးမကြီးသည့် ဇိမ်ခံပစ္စည်းသည်ပင် နေရာတိုင်း၌ ပေါ်လွင်ထင်ရှားနေပေသည်။
ကျီလင်က နှုတ်ခမ်းများကိုသပ်လိုက်ပြီး အားကျသည့်အကြည့်ဖြင့် ကြည့်နေမိသည်။ သို့သော် သူက ကားလို့စ် မည်မျှချမ်းသာလဲဆိုသည်ကို အသိအမှတ်ပြုရန် ရောက်လာခဲ့ခြင်း မဟုတ်ပေ။ သူ့ရည်ရွယ်ချက်မှာ ကားလို့စ်၏အိမ်၌ ပြန်လည်မွေးဖွားခြင်း သဲလွန်စများရှိမရှိကို သိရန်အတွက်ပင်။ ထို့ကြောင့် သူ ခန်းမထဲတွင် အချိန်အများကြီး မဖြုန်းဘဲ ကြောင်လိမ်လှေကားအတိုင်း တက်လာခဲ့သည်။ ထို့နောက် ဒုတိယထပ်သို့ ရောက်သည့်အချိန်တွင် စင်္ကြံအဆုံး၌ ထူထဲခိုင်ခံ့သော သစ်သားတံခါးတစ်ချပ်ကို တွေ့လိုက်ရပြီး ၎င်းဆီသို့ သွားကြည့်ရန် ပြင်လိုက်သည်။
သို့သော် သူ အနားသို့ မသွားမီမှာပင် လေးလေးစားစား ခေါင်းငုံ့ထားသော အစေခံတစ်ယောက်က သူ့အား တားမြစ်လာသည်။
"အဲဒါက မြို့စားကြီးရဲ့ စာကြည့်ခန်းပါ... ဝင်လို့မရပါဘူး…"
ကျီလင်၏မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။
ဒါဆို ငါ အဲဒီ့အခန်းထဲ ဝင်လို့မရဘူးလား...
မူမမှန်တာတစ်ခုခုကို ရှာဖို့အတွက် နေ့တစ်ဝက်လောက် လမ်းလျှောက်နေခဲ့ရတာ မဟုတ်ဘူးလား...
ဤအစေခံ၏ ထိတ်လန့်နေသည့် အမူအရာကို ကြည့်လိုက်လျှင် အများအားဖြင့် စာကြည့်ခန်းထဲသို့ အခြားသူများကို ပေါ့ပေါ့တန်တန် ဝင်ခွင့်မပြုထားကြောင်း သိနိုင်ပေသည်။ ထို့ကြောင့်သာ သူ တားမြစ်ခံရခြင်းဖြစ်၏။
စာကြည့်ခန်း အာ... အဲဒါက များသောအားဖြင့် လျှို့ဝှက်ပြီးအရေးကြီးတဲ့နေရာပဲ... နောက်ပြီး ငါ့ကို ဝင်ခွင့်မပြုလေလေ ငါက ပိုပြီးဝင်ချင်လေလေပဲ...
အဲဒါက ဒီအခန်းပဲ...
ကျီလင်က ချက်ခြင်းပင် မကျေနပ်သည့် အမူအရာကို ဖော်ပြပြီး အေးစက်စွာပြောလိုက်သည်။
"ဘေးဖယ်စမ်း... မင်း ငါ့ကို ဘယ်လိုတောင်တားမြစ်ရဲတာလဲ…"
အစေခံက တောင်းပန်လိုက်သည်။ သူသည်လည်း ကျီလင်ကို တားမြစ်ရန် အမှန်တကယ် ဝန်လေးနေသည်။ ကျီလင်မှာ သူ စော်ကားနိုင်သည့် လူတစ်ယောက် မဟုတ်ပေ။ သို့သော်လည်း ဆန္ဒအတိုင်း မြို့စားမင်း၏စာကြည့်ခန်းထဲသို့ တစ်စုံတစ်ယောက်ကို ဝင်ခွင့်ပေးလိုက်လျှင် သူလည်း သေသွားပေလိမ့်မည်။ ထို့ကြောင့် အသံတိုးတိုးလေးနှင့် တောင်းပန်လိုက်သည်။
"ကျေးဇူးပြုပြီး နားလည်ပေးပါ... သခင်လေး အဲဒီကို တကယ်ဝင်လို့မရပါဘူး…"
"ဖယ်စမ်း…"
ကျီလင်က အစေခံအား ကန်ထုတ်လိုက်သည်။ ထို့နောက် မဆိုင်းမတွပင် ရှေ့သို့တိုးပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
အစေခံက ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ မြို့စားကြီး၏ စာကြည့်ခန်းထဲသို့ ဝင့်ကြွားစွာဝင်သွားသည့် ကျီလင်ကို မြင်လိုက်ရပြီး သူ့မျက်နှာက ကြောက်လန့်စိတ်ကြောင့် ဖြူဖျော့သွားသည်။ ထို့နောက် ကြမ်းပြင်ပေါ်မှ ထကာ နောက်ပြန်လှည့်ပြီး စိုးရိမ်တကြီး ပြေးထွက်လာခဲ့သည်။ ဤကိစ္စမှာ ထိန်းချုပ်၍မရနိုင်သောကြောင့် ထိုအကြောင်းကို သခင်အန်ဒါဆန်အား ပြောပြရုံသာ တတ်နိုင်ခဲ့သည်။
ကျီလင် လမ်းလျှောက်ဝင်လာပြီးနောက် သူနှင့်မျက်နှာချင်းဆိုင်ရှိ နံရံတစ်ခုစာနီးပါး မြင့်မားသော စာအုပ်စင်ကြီးတစ်ခုလုံးကို တွေ့လိုက်ရသည်။ သူ ပတ်ပတ်လည် ကြည့်ရှုလိုက်ပြီးနောက် သူ့ရှေ့မှ စားပွဲကျယ်ကျယ်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ၎င်းက ကားလို့စ်၏ရုံးခန်း ဖြစ်ပေလိမ့်မည်။
ကျီလင်က စားပွဲပေါ်ရှိ အရာအားလုံးကို သေသေချာချာ ဂရုတစိုက် ကြည့်ရှုစစ်ဆေးလိုက်သည်။ ထို့နောက် အံဆွဲကိုဖွင့်လိုက်သည်။ စာများနှင့်စာရွက်များကို အလျဉ်းသင့်သလို လှန်လှောရှာဖွေကာ ရှုပ်ပွနေအောင် လုပ်ထားလိုက်သည်။ သူ့အား ရှာတွေ့သွားပါက နောက်ဆက်တွဲ အကျိုးဆက်ကို ဂရုမစိုက်သည့်ပုံပင်။
သို့သော် မကြာမီမှာပင် ကျီလင်၏အကြည့်များက စိတ်ပျက်လက်ပျက်ဖြစ်သွား၏။
ကားလို့စ်နှင့် အခြားအထက်တန်းလွှာများအကြား အပြန်အလှန်ပေးပို့ထားသောစာများနှင့် ကားလို့စ်၏နာမည်အောက်ရှိ ပိုင်ဆိုင်မှုအချို့မှတ်တမ်းကဲ့သို့သော အရေးကြီးသည့် အရာအချို့ ရှိသော်ငြားလည်း ပြန်လည်မွေးဖွားခြင်းနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာမျှ မရှိခဲ့ပေ။
ဒါပေမဲ့ ကားလို့စ်သာ တကယ်ကြီး ပြန်လည်မွေးဖွားလာခဲ့ရင် သူ့ရဲ့ပြန်လည်မွေးဖွားခြင်း ခရီးစဉ်ကို မှတ်တမ်းတင်ထားဖို့ ဒိုင်ယာရီ ရေးမှာမဟုတ်ဘူး ဟုတ်တယ်မလား...
ထို့ကြောင့် သူ ဤနေရာတွင် ရှာကြည့်ချင်လျှင်ပင် သဲလွန်စကို တွေ့နိုင်ရန်ဆိုသည်မှာ မလွယ်ကူလှပေ။
ကျီလင် ကားလို့စ်၏စားပွဲပေါ်တွင် ရှာဖွေခဲ့သော်လည်း မည်သည်ကိုမျှ ရှာမတွေ့ခဲ့ပေ။ ထို့နောက် သူ့အနောက်ဘက်ရှိ စာအုပ်စင်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။ မျက်ခုံးများကိုပင့်လျက် အပေါ်တက်ရန် ဘေးနားရှိ လှေကားကို ရွှေ့လိုက်သည်။
စနစ်က ၎င်းကို သည်းမခံနိုင်တော့ဘဲ ပြောလာခဲ့သည်။
[မင်း ဒါကို မလုပ်တာ ပိုကောင်းမယ်လို့ အကြံပေးချင်တယ်… ဒီလိုမျိုးလုပ်တာအတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကို မင်း စဉ်းစားပြီးပြီလား…]
ကျီလင် နှာမှုတ်လိုက်သည်။
ငါတို့က စစ်အေးတိုက်ပွဲကို တိုက်နေတုန်းပဲ...
ထို့အပြင် ထိုသို့လုပ်ဆောင်ခြင်းအတွက် နောက်ဆက်တွဲအကျိုးဆက်များကို သေချာပေါက် သူ ထည့်သွင်းစဉ်းစားခဲ့ပေသည်။ စနစ်က သူ့ကို သတိပေးရန် မလိုအပ်ပေ။ ကားလို့စ်က သူ့အား မည်မျှအထိ သည်းခံနိုင်မည်ကို သူ ကြည့်ချင်ရုံပင်။
ကျီလင် မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားလိုက်သည်။
ယခင်ဘဝ၌ သူ ပြည်နှင်ဒဏ်ပေးခံရပြီးနောက် ကျင်းဆွေ့နှင့် ဘရန်ဒန်တို့၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသော ကားလို့စ်နှင့် မတော်တဆ တွေ့ဆုံခဲ့သည်။ ထိုအချိန်က အသက်ကယ်ပေးချင်သည့် စိတ်ထားများ ယိုဖိတ်ကျလာကာ ကားလို့စ်ကို တစ်ကြိမ် ကယ်ဆယ်ပေးခဲ့ပြီး သူ့အိမ်တွင် ဖွက်ထားပေးခဲ့သည်။ ကားလို့စ်က သူထွက်သွားတော့မည့်အချိန်တွင် သူ့ကို တစ်ခုခုပြောခဲ့သည်။
အပြန်အလှန်အနေနဲ့ ငါ မင်းအတွက် တစ်ခုခုလုပ်ပေးမယ်...
ထိုအချိန်က ကျီလင်မှာ ကားလို့စ်၏စကားများကို လုံးဝမယုံကြည်ခဲ့ပေ။ အမှန်တကယ် ကျေးဇူးပြန်ဆပ်လိမ့်မည်ဟု မထင်ထားသောကြောင့် ထိုစကားကို အလေးအနက် မထားခဲ့ပေ။ သို့သော်လည်း မကြာမီမှာပင် နဉ်ယွီ ပြန်ပေးဆွဲခံရသည့်သတင်းကို သိခဲ့ရသည်။
ဤအဖြစ်အပျက်က မူရင်းစာအုပ်တွင် မဖြစ်ခဲ့ဖူးသော ကိစ္စပင်ဖြစ်၏။ ထို့အပြင် ယခင်ဘဝ၌သာ ဖြစ်ပျက်ခဲ့သော ကိစ္စတစ်ခုလည်းဖြစ်သည်။ တစ်စုံတစ်ရာက အဓိကဇာတ်ကြောင်းမှ ကွဲထွက်သွားလေသည်။
ထိုသို့မဖြစ်ခဲ့သင့်ပေ။
ထိုအချိန်တွင် ကျီလင်မှာ အလွန်စိတ်ရှုပ်သွားရသည်။ တည်ငြိမ်သွားပြီးနောက် သူ(ကားလို့စ်) ထွက်သွားချိန်တွင် သူ့အတွက် တစ်ခုခုလုပ်ပေးမည်ဟု ကားလို့စ်ပြောခဲ့သည့်စကားကို ရုတ်တရက် တွေးလိုက်မိသည်။
အဲဒါက နဉ်ယွီကိစ္စကို ကူညီဖြေရှင်းပေးတာ မဖြစ်နိုင်ဘူးလား... နဉ်ယွီ့ကို ပြန်ပေးဆွဲခဲ့တဲ့လူက ကားလို့စ်လား...
ကြွက်သေတစ်ကောင်ကို ထိမိသည့် ကြောင်ကန်းတစ်ကောင်၏ ခံစားချက်ဖြင့် ကျီလင် ထိုအကြောင်းကို ကားလို့စ်အား အစမ်းသဘောဖြင့် မေးကြည့်ခဲ့ရာ ကားလို့စ်က မဆိုင်းမတွ ဝန်ခံခဲ့သည်။
ထိုအချိန်က ကျီလင်မှာ အံ့သြသွားခဲ့ရသည်။ ကားလို့စ်က ကျေးဇူးကြွေးကို ပြန်ဆပ်ရန်အတွက် နဉ်ယွီကိုသတ်ရန် အမှန်တကယ် ကူညီပေးချင်ခဲ့ပေသည်။
ဒါပေမဲ့ ငါ အဲဒီလို လုံးဝ မတောင်းဆိုခဲ့ဘူးလေ အား... ခင်ဗျား ကိုယ်သဘောနဲ့ကိုယ် စလုပ်လို့ လိုလို့လား... ငါက အားဖြည့်လောင်စာလေးတစ်ခုလိုတောင် ခံစားသွားရတယ်...
သို့သော် မကြာခင်မှာပင် ကိစ္စများက ဤမျှလောက် မရိုးရှင်းကြောင့် ကျီလင် နားလည်သွားရသည်။ ကားလို့စ်က မည်သည့်ကိစ္စကိုမဆို ရည်ရွယ်ချက် ပြတ်ပြတ်သားသားဖြင့် အမြဲလုပ်ဆောင်တတ်ပေသည်။ နဉ်ယွီ့အား ပြန်ပေးဆွဲခဲ့သည့် ရည်ရွယ်မှာ သူ့ကို ကူညီရန်အတွက်မဟုတ်ဘဲ ကျင်းဆွေ့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက်ပင်။ ထို့ကြောင့် အနှီပြန်ပေးဆွဲမှုက ကျင်းဆွေ့ကို လက်စားချေချင်သည့် သူ့ကိုယ်ပိုင် ရည်ရွယ်ချက်အတွက်သာမက သူ့အပေါ်(ကျီလင်) 'ကျေးဇူးပြန်ဆပ်သည့် နည်းလမ်း' လည်းဖြစ်၏။
ဒါက ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာ မဟုတ်ဘူးလား...
ထိုသို့သော အလှည့်အပြောင်းမျိုးနှင့် ရင်ဆိုင်ရချိန်တွင် ကျီလင်က နဉ်ယွီကို သေချာပေါက် သေခွင့်မပေးနိုင်ပေ။ ထို့ကြောင့် သူ ရိုးရိုးရှင်းရှင်းပင် အစီအစဥ်ဆွဲကာ ကားလို့စ်အား တောင်းဆိုခဲ့သည်။ သို့မှသာ သူ အကျဉ်းချခံထားရသည့် နဉ်ယွီကို တွေ့ခွင့်ရခဲ့ပြီး သူ့ဒေါသကို ပေါက်ကွဲပစ်ဟန်ဆောင်ခဲ့သည်။ သို့သော် တကယ့်အဖြစ်မှန်မှာ နဉ်ယွီ့အား လွတ်မြောက်ရန် အခွင့်အလမ်းတစ်ခု ဖန်တီးပေးရန်အတွက်ပင်။
ယခုပြန်တွေးကြည့်လျှင် ကားလို့စ် ထိုသို့ပြုလုပ်ခဲ့သည့် အဓိကရည်ရွယ်ချက်မှာ ကျင်းဆွေ့နှင့် ဖြေရှင်းရန်အတွက် ဖြစ်ကောင်းဖြစ်နိုင်၏...
ငါ့ကို ကျေးဇူးပြန်ဆပ်ဖို့ဆိုတဲ့ အကြောင်းပြချက်ကတော့ အရမ်း အရမ်းကို သေးငယ်လွန်းတဲ့ အစိတ်အပိုင်းတစ်ခုလေးပဲ ရှိတာမလား...
အကယ်၍ ယခင်ဘဝ၌ ကားလို့စ်က နဉ်ယွီကို သတ်ပစ်ရန် အဆင်သင့်ဖြစ်နေပါက ဤဘဝတွင် သူ့အတွက် နဉ်ယွီကို ကူသတ်ပေးရန် ဤလုပ်ရပ်အား ကြိုတင်ပြုလုပ်ပေးလိမ့်မည်။ သို့သော် ၎င်းက ဖြစ်နိုင်ချေမရှိသလောက်ပင်။
ဤအတွေးက ကျီလင့်အား ပဟေဠိဖြစ်သွားစေသည်။ ကားလို့စ်က 'တစ်စုံတစ်ယောက်၏ ကြင်နာမှုကို ပြန်ပေးဆပ်တတ်သည့်' လူစားမျိုး မဖြစ်နိုင်ကြောင်း သူ အမြဲတမ်း ခံစားမိသည်။ သို့သော် ကားလို့စ်၏ လှုပ်ရှားမှုတိုင်းကို ရှင်းပြရန် အခြားသင့်လျော်သည့် အကြောင်းပြချက်မှာလည်း အမှန်တကယ် ရှိမနေပေ။
ထို့အပြင် ကားလို့စ်က သူ့မျက်နှာပေါ်တွင် ဒေါသရိပ်ကို မဖော်ပြဘဲ သိုဝှက်တတ်သူဖြစ်သည်။ သူက ဂုဏ်သိက္ခာရှိသော စစ်သားတစ်ယောက်ဖြစ်သည့် ဘရန်ဒန်နှင့် မတူညီပေ။ ဘရန်ဒန်က ဂုဏ်သရေရှိသည့် လူကြီးလူကောင်းတစ်ယောက်ဖြစ်ပြီး လိမ္မာပါးနပ်ကာ ပွင့်လင်းလှ၏။ ဘရန်ဒန်သာ လူတစ်ယောက်ကို ထောက်ပံ့ပေးချင်လျှင် ကောင်းကင်အထိတိုင် မြှောက်ပင့်ပေးလိမ့်မည်ဖြစ်ပြီး ချနင်းချင်ပါက မြေကြီးထဲ ရောက်သည်အထိ နင်းခြေပစ်ပေလိမ့်မည်။ ဘရန်ဒန်က သူ့သူငယ်ချင်းများကို တည်ငြိမ်ယုံကြည်စွာ ဆက်ဆံခဲ့ပြီး ရန်သူများကို အညှာအတာမဲ့စွာ ဆက်ဆံခဲ့သည်။ လူတစ်ဦးအပေါ်ထားရှိသည့် သူ၏နှစ်သက်မှုများနှင့် မနှစ်သက်မှုများကို ဖုံးကွယ်ရန် ဘယ်သောအခါမှ စိတ်အနှောင့်အယှက် ဖြစ်မနေပေ။
တစ်ဖက်တွင်မူ ကားလို့စ်က သူ့မျက်နှာပေါ်တွင် မည်သည့်စိတ်ခံစားချက်ကိုမှ မဖော်ပြတတ်ပေ။ ထို့အပြင် သူ၏လှုပ်ရှားမှုတိုင်းမှာလည်း နားမလည်နိုင်စရာပင်။
ပြန်လည်မွေးဖွားလာသော ကားလို့စ်က မည်သို့သော အပြုအမူမျိုး ပြုလုပ်မည်ကို ကျီလင် အမှန်တကယ် မသိနိုင်ပေ။
သူ ကားလို့စ်၏စာအုပ်စင်ကို သတိလက်လွတ် ငေးကြည့်နေမိသည်။ စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ်ကြည့်ရင်း အံ့အားသင့်နေရ၏။ ကားလို့စ်တွင် ရှေးဟောင်းစာအုပ်များကို စုဆောင်းတတ်သည့် အလေ့အထရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ထို့အပြင် သူ၏ဝါသနာများကလည်း အလွန်များပြားလွန်းလှ၏။ စာအုပ်စင်ပေါ်တွင် သမ္မာကျမ်းစာ အမျိုးအစားပေါင်းများစွာကို အမှန်တကယ် မြင်တွေ့ခဲ့ရသည်။ ရိုးရှင်းလွယ်ကူသော တရုတ်စာလုံးများပါရှိသည့် စာအုပ်များစွာလည်း ရှိနေပေသည်။
ကျီလင် စာအုပ်ကိုကိုင်ပြီး စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ ဤခံစားချက်က တရုတ်ရှေးဟောင်း စားလုံးများနှင့် အရုပ်စာများကို မြင်တွေ့လိုက်ရသည့် ခေတ်သစ်လူသားတို့နှင့် တူလှသည်။
ထို့အပြင် စာအုပ်များထဲရှိ ပါဝင်သည့် အကြောင်းအရာမှာလည်း အလွန်စိတ်ဝင်စားစရာကောင်းလှသည်။ ၎င်းက ရိုးရှင်းလွယ်ကူသောတရုတ်စာ စာအုပ်တစ်အုပ်ဖြစ်သောကြောင့် ကျီလင် နားလည်ရလွယ်ပေ၏။ အမှန်တကယ်၌ ၎င်းစာအုပ်က ကမ္ဘာမြေမှထွက်ခွာလာပြီးနောက် လူသားများ၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်းကို ဖော်ပြထားသည့် စာတမ်းတစ်ခုဖြစ်ပြီး အချက်အလက်များကို အသေးစိတ်ရေးသားထားသည်။ ကျီလင် ထိုစာအုပ်ကို ကြည့်ပြီး အံ့အားမသင့်သွားဘဲ မနေနိုင်ပေ။
ဤစာအုပ်၏ကမ္ဘာ့အမြင်က အလွန်လက်တွေ့ဆန်လွန်းလှ၏။ ဤမျှအရေးမပါသည့် အသေးစိတ်အချက်အလက်များကပင် အလွန်တိကျလှသည်။ ၎င်းက အစစ်အမှန် ကမ္ဘာတစ်ခုနီးပါးကဲ့သို့ပင်။
ကံကောင်းစွာပင် သူ ဤနေရာ၌ အချိန်အကြာကြီး မနေဘဲ နောက်ဆုံးတွင် အိမ်ပြန်ရမည်ဖြစ်သည်။
သို့သော် ဤကမ္ဘာကြီးတွင် နေထိုင်ခဲ့သူများအတွက် ဤကမ္ဘာကြီးက လုံးဝအစစ်အမှန်ပင် ဖြစ်နေသည်။
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဘယ်သူက ဒီလောက်ရှင်းရှင်းလင်းလင်း ပြောနိုင်မှာလဲ...
ထိုအချိန်တွင် အပြင်ဘက် စင်္ကြံလမ်း၌ အနည်းငယ် လျင်မြန်သော ခြေသံများ ထွက်ပေါ်လာသည်။
ကျီလင် ခေါင်းမော့ကြည့်လိုက်ချိန်တွင် အစေခံများဝန်ရံပြီး လျှောက်လှမ်းလာသော ကားလို့စ်ကို တွေ့လိုက်ရသည်။ ကားလို့စ်မှာ သတင်းရပြီးသည်နှင့် အပြင်မှ အပြေးအလွှား ပြန်ရောက်လာပုံရသည်။ သို့သော် သူ့အမူအရာက တည်ငြိမ်နေပြီး သူ့ပါးစပ်ထောင့်၌ အပြုံးဖျော့ဖျော့လေးတစ်ပွင့် ရှိနေဆဲပင်။
ကားလို့စ်က လှေကားပေါ်ရှိ ကောင်ငယ်လေးကို မော့ကြည့်လိုက်သည်။ ထိုသူက ခြေထောက်များကို ညင်သာစွာ ဘယ်ညာယမ်းရင်း လှေကားပေါ်တွင် ထိုင်နေသည်။ နေရောင်အောက်တွင် ရွှေရောင်ဆံပင်များက နူးညံ့လှပနေ၏။ ပင်လယ်ပြာရောင် မျက်လုံးများက တောက်ပနေကာ ဖြူဖွေးသော လက်ချောင်းများက အနက်ရောင်အဖုံးစာအုပ်ကို ညင်သာစွာ ဆုပ်ကိုင်ပြီး သူ့ကို မျှော်ကြည့်လာပေသည်။ တကယ်တမ်း၌...
မတိုင်ခင်က သူ့ဖိတ်ကြားချက်ကို ကျီလင် လက်ခံမလားဆိုသည်ကို မသေချာခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ကောင်ငယ်လေးက သူနှင့်ရင်ဆိုင်ရသည့်အချိန်တိုင်း အနည်းငယ် ထိန်းချုပ်ထားပုံရပေသည်။
မည်သို့ပင်ဖြစ်စေ ကံကောင်းထောက်မစွာဖြင့် သူ ရောက်လာခဲ့သည်။
ကားလို့စ်က နူးညံ့သိမ်မွေ့စွာ ပြုံးပြလိုက်သည်။
"မင်းက ဒီမှာပဲ…"
ကျီလင်က လှေကားပေါ်တွင် ထိုင်ကာ ကားလို့စ်ကို အထက်စီးမှငုံ့ကြည့်နေသည်။ သူက အခြေအနေကို အခွင့်ကောင်းယူပြီး အချိန်အတော်ကြာ ကြံစည်အားယူထားသော အရှိန်ကို ထုတ်သုံးလိုက်သည်။ ထို့နောက် မကျေမနပ်ဖြင့် မျက်ခုံးများကိုပင့်ကာ ပြောလိုက်သည်။
"အန်ကယ်ကားလို့စ်က ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်တယ်လို့ မထင်ဘူး... ကျွန်တော် အိမ်ပြန်တော့မယ်…"
ကားလို့စ်၏အကြည့်များက ချက်ချင်းပင် ရှုပ်ထွေးသွားပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဘာလို့ဒီလိုပြောတာလဲ... ဘာက မင်းကို စိတ်မချမ်းမသာ ဖြစ်စေတာလဲ…"
ကျီလင်က မကျေမနပ်ဖြစ်ကာ စိတ်ကောက်နေသည့်အသံဖြင့် မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောလိုက်သည်။
"ကျွန်တော်က အပျင်းပြေဖတ်ဖို့ စာအုပ်နည်းနည်းလောက် ရှာချင်လို့ ဒီအထဲကို ဝင်ချင်ရုံပါ... အန်ကယ့်ရဲ့လူတွေက ကျွန်တော့်ကို ဝင်ခွင့်မပေးဘူး…"
"ကျွန်တော့်ကို ခွင့်လည်းမပြုမပေးဘူး... ဝင်ခွင့်လည်းမပေးဘူး..."
ကျီလင်၏နှုတ်ခမ်းထောင့်များက တင်းတင်းစေ့သွားပြီး အေးစက်စွာ မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ဒီလိုမှန်း သိခဲ့ရင် ကျွန်တော် မလာပါဘူး…"
ကားလို့စ် ခဏမျှ အသံတိတ်သွားသည်။
"ကိုယ် သိပြီ…"
စကားပြောပြီးနောက် ကျီလင် ကားလို့စ်ကို ထိတ်လန့်တကြား စိုက်ကြည့်နေမိသည်။
ခင်ဗျားက ဘာသိတာလဲ... ခင်ဗျားရဲ့စာကြည့်ခန်းထဲကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် ခင်ဗျားက ကျွန်တော့်ကို ဘာလုပ်မလဲဆိုတာကို သိချင်တယ်... ဒီနေရာက ခင်ဗျားရဲ့လျှို့ဝှက်နေရာလေ...
ကားလို့စ်က ပြန်လည်မွေးဖွားလာသည်ဟု သူ သံသယရှိသော်လည်း ၎င်းက ရူးရူးမိုက်မိုက် ပြုမူဝံ့သည်ဟု မဆိုလိုပေ။ မည်သို့ပင်ဆိုဆို ကားလို့စ်က ကြင်နာပြီး ဖြောင့်မတ်သော စရိုက်ရှိသူ မဟုတ်ပေ။ သူက သွေးအေးရက်စက်ပြီး ဒေါသကြီးပေ၏။
ငါ ကားလို့စ်ရဲ့ စိတ်နေသဘောထားကို စမ်းသပ်ကြည့်ချင်တယ်... ဒါပေမဲ့ ကြီးမားတဲ့တင်းအားက ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်စေမှာကိုလည်း စိုးရိမ်မိတယ်... ဒါက ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရတာနဲ့ အတူတူပဲ...
ကျီလင်၏နှလုံးသားမှာ ပြင်းပြင်းထန်ထန် ခုန်လှုပ်သွားရ၏။
ကားလို့စ်က သူ့ဘေးနားရှိ အန်ဒါဆန်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများက အေးစက်လာပြီး ဖြေးညင်းစွာ ပြောလိုက်သည်။
"ကျီလင့်ကို ဒီနေရာရဲ့ အရှင်သခင်လို ဆက်ဆံဖို့နဲ့ သူ့ကို နည်းနည်းလေးမှ ဒေါသမထွက်စေဖို့ ငါ မင်းကို ညွှန်ကြားထားခဲ့တယ်လေ... ဒါပေမဲ့ မင်း ဘာလုပ်လိုက်တာလဲ…"
ကားလို့စ်၏လေသံက အလွန်တည်ငြိမ်နေသော်လည်း အန်ဒါဆန်၏မျက်နှာက ဖြူဖျော့သွားပြီး သူ့နဖူးမှ ချွေးအေးများ စီးကျလာလေသည်။ ထို့နောက် ကိုယ်ကို ကိုင်းညွတ်ကာ တုန်တုန်ယင်ယင်အသံဖြင့် ပြောလာ၏။
"ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော်တို့..."
သူ့စကားကို မည်ကဲ့သို့ဆက်ပြောရမည်မှန်း မသိတော့ပေ။ အဘယ်ကြောင့်ဆိုသော် မြို့စားကြီး၏ ဖြစ်ချင်သည့် ရည်ရွယ်ချက်အမှန်ကို နားမလည်သောကြောင့်ပင်။ ဤစာကြည့်ခန်းက အမှန်ပင် မြို့စားကြီး၏ လျှို့ဝှက်ပြီးအရေးကြီးသော နေရာဖြစ်ပြီး အခြားမည်သူမျှ ဝင်ရောက်ခွင့်မရှိပေ။
✨✨✨