✨ Chapter 27
ကျီလင့်ကို စောင့်ကြည့်မထားတဲ့အတွက် မြို့စားကြီးက ငါနဲ့ တခြားသူတွေကို သွယ်ဝိုက်ပြီး အပြစ်တင်နေတာလား... ဒါမှမဟုတ် တကယ်ကြီး... ကျီလင့်ကို တားမြစ်ခဲ့တဲ့အတွက် အပြစ်တင်နေတာလား...
တားမြစ်ခဲ့သည်ဖြစ်စေ မတားခဲ့သည်ဖြစ်စေ အရေးမကြီးပေ။ ပြစ်ဒဏ်ကို မလွှဲမသွေခံရပေမည်။ ၎င်းက အန်ဒါဆန်ကို ကြောက်ရွံ့သွားစေသည်။
သူ့နောက်ရှိ အခြားသောအစေခံတို့မူကား ကြမ်းပြင်ပေါ်တွင် ပို၍ပင်ကြောက်လန့်တုန်လှုပ်သွားကြ၏။
ကားလို့စ်က အန်ဒါဆန်ကို ကြည့်လိုက်ပြီး သူ့အသံမှာ နွေးထွေးမှု အနည်းငယ်မျှ မရှိခဲ့ပေ။
"နှစ်ပေါင်းများစွာ ငါနဲ့ အတူရှိနေခဲ့တဲ့ မင်းအတွက်ကတော့ သတိပေးမှုတစ်ခုအနေနဲ့ မင်းကိုယ်တိုင် ကြိမ်ဒဏ်အချက်ငါးဆယ် ခံယူလိုက်... သူတို့အတွက်ကတော့..."
ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြသော အစေခံများဘက်သို့ လှည့်ကြည့်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဒီလိုမျိုးဘာမှ ကောင်းကောင်းမလုပ်နိုင်တဲ့ လူတွေကို မြို့စားမင်းစံအိမ်တော်မှာ မလိုအပ်ဘူး...သူတို့ကို သုတ်သင်ရှင်းလင်းပစ်လိုက်…"
သူ့စကားများ ထွက်ပေါ်လာသည်နှင့် ကျီလင်ကို တားမြစ်ခဲ့သည့် အစေခံက ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ရုတ်တရက် မျက်ရည်များနှင့်အတူ ရှိုက်ကြီးတငင် အော်ဟစ်ငိုယိုလာသည်။
"မြို့စားမင်း ကျွန်တော်တို့အသက်ကို ချမ်းသာပေးပါ... အသက်ကို ချမ်းသာပေးပါ မြို့စားမင်းကြီး... ကျွန်တော် မှားတာသိပါပြီ... နောက်တစ်ခါ ထပ်မလုပ်တော့ပါဘူး..."
ကျီလင် ဤမြင်ကွင်းကို စိတ်လွတ်စွာ ကြည့်နေခဲ့မိသည်။ ထို့နောက် အစေခံ၏ ရုတ်တရက် ငိုသံကြောင့် ထိတ်လန့်သွားပြီး လှေကားမှ ပပြုတ်ကျသွား၍ မျက်လုံးများကိုမှိတ်ပြီး အလန့်တကြား အော်ဟစ်လိုက်၏။ သို့သော် နာကျင်မှုကို မခံစားရဘဲ နွေးထွေးလှသည့် ရင်ခွင်ထဲသို့ ရောက်ရှိသွားလေသည်။ သန်မာသည့်လက်တစ်စုံက သူ့အား မြဲမြံစွာ ဖမ်းဆုပ်ထားသည်။
ကျီလင် မျက်လုံးများကို ဖွင့်ကြည့်လိုက်ချိန်တွင် ကားလို့စ်၏ ချောမောကြော့ရှင်းပြီး နားလည်ရခက်သည့် မျက်နှာကို တွေ့လိုက်ရသည်။
ကားလို့စ်က ကောင်ငယ်လေးကို ပွေ့ထားခဲ့သည်။ သူ့ရင်ထဲ ချစ်ခြင်းမေတ္တာ၊ ကရုဏာစိတ်တို့ဖြင့် ရှုပ်ထွေးနေပြီး ဗလာကျင်းနေသော ကျီလင်၏မျက်လုံးများကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"သတိထားလေ…"
ထိုလူ၏မျက်နှာက သူနှင့်အလွန်နီးကပ်နေသောကြောင့် တစ်ဖက်လူ၏ စိုးရိမ်နေသည့် အမူအရာကို ကျီလင် ရှင်းရှင်းလင်းလင်း မြင်နေရပေသည်။ ထို့အပြင် ၎င်းက အတုအယောင် မဟုတ်သောကြောင့် ကျီလင့်အား စိတ်ရှုပ်သွားစေသည်။ သူ့ရှေ့ရှိလူက အမှန်တကယ် နူးညံ့ပြီး အန္တရာယ်မရှိသကဲ့သို့ပင်။ သူ ဘာလုပ်လုပ် ဤလူက စိတ်ဆိုးလိမ့်မည် မဟုတ်ပေ။
သူ မသိစိတ်မှ လက်ဆန့်ထုတ်ကာ ကားလို့စ်၏ဆံပင်များကို ထိကြည့်လိုက်သည်။ ထို့နောက် သူ့အညိုရောင်ဆံပင်များကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ အထိအတွေ့က သူ့ဆံပင်ထက် အနည်းငယ် ပိုကြမ်းပေ၏။
ထို့နောက် သူ့လက်က လေထဲတွင် အေးခဲသွားသည်။
သေစမ်း... ငါ သွားပတ်သက်မိတာက ဘယ်လို မကောင်းဆိုးဝါးမလို့လဲ... ငါ ကားလို့စ်ရဲ့ခေါင်းကိုတောင် ထိလိုက်သေးတယ်...
ဒီလိုမျိုးတစ်စုံတစ်ယောက်က သူ့ခေါင်းကို ထိနိုင်လို့လား... လုံးဝကို မထိနိုင်ဘူး...အားးး
သို့သော် ကျီလင့်အား ပိုမိုထိတ်လန့်သွားစေသည့် ကိစ္စတစ်ခု ဖြစ်ပျက်သွားခဲ့သည်...
ကားလို့စ်က ဒေါသမထွက်သေးပေ။ သို့သော် ၎င်းအစား သူ့မျက်လုံးအကြည့်များက ပို၍နူးညံ့လာပြီး ကျီလင် နားမလည်နိုင်သော ရှုပ်ထွေးသည့် စိတ်ခံစားမှုမျိုးဖြင့် ဖုံးကွယ်ထားပေသည်။ သူ့နှုတ်ခမ်းများကို ကွေးညွတ်လိုက်ပြီး ဆွဲဆောင်မှုရှိသည့် အသံတိုးတိုးဖြင့် ပြောလာသည်။
"ဒီမှာရှိတဲ့ ဘယ်တံခါးမဆို မင်းအတွက် အမြဲဖွင့်ထားတယ်... နောက်တစ်ခါ မင်းကို တားရဲတဲ့သူရှိရင် ကိုယ့်ကို ပြောနိုင်တယ် ဟုတ်ပြီလား…"
ကျီလင်: "..."
ထိုကဲ့သို့သော ကားလို့စ်က အလွန်ကြောက်စရာကောင်းသော်လည်း ကျီလင်မှာ ပြုတ်ကျရလောက်သည်အထိ သူ့ကို ကြောက်လန့်စေသည့် ကိစ္စကို မေ့မသွားသေးပေ။
အကြိမ်တိုင်းမှာ လူတွေကို သတ်မနေနဲ့... အား... ပညာတတ်တဲ့ လူ့အဖွဲ့အစည်းနဲ့ သဟဇာတဖြစ်အောင် နေထိုင်ဖို့က အရေးကြီးဆုံးပဲ... ကျွန်တော်တို့ စကားနဲ့ပဲ ကောင်းကောင်းမွန်မွန် ပြောကြရအောင်လေ...
ကျီလင် ခဏမျှ ရုန်းကန်လိုက်သည်။ သူက တင်းမာသော မျက်နှာထားဖြင့် ကားလို့စ်၏လက်များထံမှ ခုန်ဆင်းကာ သက်ပြင်းချလိုက်၏။
"အန်ကယ်ကားလို့စ် ဒီလိုလုပ်တာက မမှန်ကန်ဘူးလေ…"
ကားလို့စ်က စိတ်အနှောင့်အယှက် ဖြစ်ရမည့်အစား ကျီလင်၏စကားကို နားထောင်ကာ မေးလာသည်။
"ကိုယ် ဘာအမှားလုပ်မိလို့လဲ…"
ကျီလင်က ခေါင်းကိုမော့ကာ မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားပြီး အထင်ကြီးလောက်ဖွယ် ပြောဆိုလိုက်သည်။
"သူတို့က ကျွန်တော့်ကို တားရဲတယ်ဆိုတာ တခြားသူတွေကိုလည်း ဒီနေရာကို ဝင်ခွင့်မပြုတဲ့အတွက်ကြောင့် ဖြစ်ရမယ်... အဲဒါကြောင့် သူတို့က ကျွန်တော့်ကို မတားလိုက်ရင် အပြစ်ပေးခံရမှာကို ကြောက်ကြတယ်... အာ နောက်ပြီး ကျွန်တော် ဝင်ခွင့်ရှိတယ်ဆိုတာကိုလည်း အန်ကယ်က သူတို့ကို ကြိုမပြောထားခဲ့ဘူးလေ... အဲဒါကို အခု အန်ကယ်က သူတို့ကို ကောင်းကောင်း အလုပ်မလုပ်တဲ့အတွက် အပြစ်တင်နေတယ်... တကယ်ဆို မှားတဲ့သူက အန်ကယ်မဟုတ်ဘူးလား…"
အန်ကယ် နားလည်နိုင်မှာပါ... ကျွန်တော်က အန်ကယ့်ကိုပဲ ပစ်မှတ်ထားနေတာ... အန်ကယ်ရဲ့အစေခံတွေကို မဟုတ်ဘူး... ဟုတ်ပြီလား...
အန်ကယ် တတ်နိုင်ရင် ကျွန်တော်နဲ့ လာရင်ဆိုင်လေ... ဘယ်လိုလူကများ အလုပ်ဖြုတ်ပြီးသား အစေခံတစ်ယောက်ကို အလုပ်ပြန်ခန့်လို့လဲ...
လုပ်ရိုးလုပ်စဉ်အတိုင်း မကစားဘဲ လူအများ၏ဘဝကို အကြိမ်တိုင်း နှုတ်ယူချင်နေသော အနှီဗီလိန်ကြောင့် ကျီလင်မှာ ရူးသွပ်သွားလေပြီ။
ကားလို့စ်က အနည်းငယ် ဒေါသထွက်နေပုံရသည့် သူ့ရှေ့မှ ဆယ်ကျော်သက်လေးကို ကြည့်လိုက်သည်။ ထို့နောက် အချိန်အတော်ကြာပြီးနောက် သူ့နှုတ်ခမ်းများထံမှ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ ကားလို့စ်မှာ စိတ်ကောင်းဝင်နေပုံရ၏။ ဒေါသထွက်နေသော ကလေးအား ချော့မြူနေသကဲ့သို့ ယဉ်ယဉ်ကျေးကျေး ပြောလာသည်။
"မင်း မှန်ပါတယ်... ကိုယ် အမှားလုပ်မိသွားတယ်... နောက်ပြီး အခြားဘယ်သူကိုမှ အပြစ်တင်စရာမလိုဘူး…"
နောက်ဆုံးတွင် ကျီလင်မှာ မျက်နှာလွှဲကာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
အခြားတစ်စုံတစ်ယောက်သာ သူ့ကြောင့် အသတ်ခံရပါက သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။ နောက်တစ်ကြိမ်၌ သူ ပိုပြီးအာရုံစိုက်ကာ လုပ်သင့်ပုံရ၏။
ကားလို့စ်က သူ့ရှေ့ရှိ ကောင်ငယ်လေး၏ မာနကြီးပြီး ဆက်ဆံရခက်ခဲသည့် အသွင်အပြင်ကို ကြည့်နေလေသည်။ နူးညံ့သိမ်မွေ့သော ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာမှုတို့ကို သူ့နှလုံးသားတစ်ခုလုံးဖြင့် ခံစားနေရခြင်းအား ရပ်တန့်နိုင်စွမ်းမရှိပေ။
ဘယ်လိုတောင် နှစ်သက်စရာကောင်းပြီး သနားကြင်နာတတ်တဲ့ ကောင်လေးပါလိမ့်... ဒီလိုမျိုးနိမ့်ကျတဲ့ အစေခံရဲ့အသက်ကိုတောင် ကာကွယ်ပေးလိုစိတ်ရှိတယ်... သူက မာနကြီးပုံပေါက်ပေမယ့် တကယ်တော့ ဘယ်သူ့ထက်မဆို ဥာဏ်ထက်မြက်ပြီး ကြင်နာတတ်တယ်... သူ့မှာ သူ့ကိုယ်ပိုင် သည်းခံနိုင်တဲ့ အတိုင်းအတာနဲ့ ဇွဲသတ္တိရှိတယ်...
သူက ငါ့ဘဝမှာ သူတွေ့ဖူးသမျှ ရတနာတွေထဲက အလှပဆုံးရတနာလေးပဲ...
ကားလို့စ်၏ မျက်လုံးများက သူ့ထံတွင် နက်နက်ရှိုင်းရှိုင်း စွဲကပ်နေ၏။ သူ ကောင်လေး၏လက်ကို ကိုင်လိုက်ပြီး မျက်လွှာများကိုချကာ နွေးထွေးသည့်လေသံဖြင့် ပြောလိုက်သည်။
"အရေးမပါတဲ့ကိစ္စလေးကို ဖြေရှင်းနေရတာနဲ့ အချိန်အတော်ကြာသွားပြီ... ဗိုက်ဆာနေပြီလား…"
ကျီလင် ထိုအကြောင်းကို တွေးနေသော်လည်း ခေါင်းညိတ်လိုက်ဆဲပင်။
ကားလို့စ်က ပြုံးကာ ပြောလိုက်သည်။
"ဒါဆို သွားစားကြစို့... အဆင်သင့် ဖြစ်လောက်ပြီ…"
ထိုသို့ပြောပြီး ကားလို့စ်က ကျီလင်ကို ထမင်းစားခန်းထဲသို့ ခေါ်သွားလေသည်။
ရှည်လျားလှသော ထမင်းစား စားပွဲပေါ်တွင် လက်ရာမြောက်သော အစားအစာ အမျိုးမျိုးဖြင့် ပြည့်နှက်နေပြီဖြစ်၏။ ထို့အပြင် အဖိုးတန် ကျောက်များဖြင့် ပုံဖော်ဖန်တီးထားသော ဖောက်ထွင်းမြင်ရသော ဓါး၊ ခက်ရင်းနှင့် ဇွန်းစသည့် မီးဖိုချောင်ပစ္စည်းများက အလင်းရောင်အောက်တွင် တလက်လက် တောက်ပကာ အလွန်အဆင့်အတန်း မြင့်မားလှပေ၏။
ကားလို့စ်က ကျီလင့်အတွက် ကုလားထိုင်ကို ကိုယ်တိုင်ကိုယ်ကျ ဆွဲထုတ်ပေးလေသည်။ ထို့နောက် ပြုံးပြီး ကျီလင် ထိုထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်ကို ကြည့်ကာ ကျီလင့်ဘေးတွင် ဝင်ထိုင်လိုက်လေသည်။
ကျီလင် ကားလို့စ်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်နေသေးသော်လည်း သူ့ဗိုက်ကို အလွတ်မထားနိုင်ပေ။ သူ အလုံအလောက် စားသောက်ပြီးမှသာ ဆက်လက် တိုက်ပွဲဝင်ရန် ခွန်အားရှိပေလိမ့်မည်။
ထိုအကြောင်းကို တွေးတောရင်း ဝမ်းနည်းမှုနှင့် ဒေါသတို့ကို စိတ်ဓါတ်လှုံ့ဆော်မှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲကာ ပျော်ရွှင်စွာ စားသောက်တော့သည်။
ကားလို့စ် ဖန်ခွက်ထဲရှိ ဝိုင်နီကို ဖြည်းဖြည်းချင်း သောက်လိုက်သည်။ သို့သော် သူ့အကြည့်များက ကောင်ငယ်လေး၏ မျက်နှာပေါ်တွင်သာ ကျရောက်နေခဲ့သည်။ သူ့မျက်လုံးများထဲမှ နက်မှောင်သည့် အကြည့်များက တဖြည်းဖြည်း နက်ရှိုင်းလာလေသည်။
ဆယ်ကျော်သက်လေးမှာ အစာစားရ ခက်ခဲနေပုံရသည်။ အစားအစာများကို ငုံထားသော ဟမ်းစတားလေးတစ်ကောင်သကဲ့သို့ သူ၏ပါးဖောင်းဖောင်းလေးများက အလွန်ချစ်စရာကောင်းလှ၏။ မည်သူမျှ သူ့ကို မလုယက်ကြပေ။ သို့သော် သူ့ကိုကြည့်ရသည်မှာ အလျင်လိုနေပုံရပြီး မတော်တဆ သီးသွားကာ ရုတ်တရက် ပြင်းပြင်းထန်ထန် ချောင်းဆိုးသွားလေသည်။ သူ့မျက်လုံးထောင့်များက ကြည်လင်နေသော မျက်ရည်စက်များဖြင့် တောက်ပနေသည်။
ကားလို့စ်က လက်ဆန့်ထုတ်လိုက်ပြီး သူ့နောက်ကျောကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ရေခွက်ကို ကောက်ယူပြီး သူ့ပါးစပ်နားသို့ တေ့ပေးလိုက်သည်။ ထို့နောက် ကောင်လေး၏ နှုတ်ခမ်းထောင့်ကို လက်မဖြင့် ညင်သာစွာ သုတ်ပေးလိုက်သည်။ နူးညံ့သော အထိအတွေ့ပင်။ ထိုအထိအတွေ့က သူ့အား စိတ်လွတ်သွားလုနီးပါး ဖြစ်သွားစေခဲ့သည်။
ငါ့ရှေ့လက်တစ်ကမ်းက ကောင်ငယ်လေးက ငါ့ကို လိုလိုလားလား လက်ခံလာအောင် ဘယ်လိုလုပ်ရမလဲ...
ကားလို့စ်အတွက်မူ ထိုကိစ္စက ကျင်းဆွေ့ကို မည်ကဲ့သို့ သတ်ရမလဲဆိုသည့် ကိစ္စထက် ပိုပြီးခေါင်းကိုက်စေသည်။ အမှန်တကယ်တွင် လူတစ်ယောက်ကို သတ်ခြင်းက တစ်စုံတစ်ယောက်က သူ့အား သဘောကျလာစေရန် ပြုလုပ်ရသည်ထက် ပို၍ရိုးရှင်းပေသည်။
အထူးသဖြင့် ထိုလူက သူ့နှလုံးသားထဲတွင် တစ်စုံတစ်ယောက်အား ထည့်ထားချိန်၌ပင်။
ကားလို့စ်က သူ့စိတ်ထဲရှိ အတွေးများကို မျိုသိပ်ထားလိုက်သည်။ အလုံအလောက် စားပြီးလုနီပါးဖြစ်နေသည့် ကောင်ငယ်လေးကို ကြည့်နေပြီးနောက် နူးညံ့စွာ မေးလိုက်သည်။
"ဝပြီလား…"
ကျီလင်မှာ လေချဉ်တက်လိုက်မိသည်။ ထိုအပြုအမူက သူ့ပုံရိပ်ကို အမှန်တကယ် ထိခိုက်စေသည်ဟု ကျီလင် ခံစားလိုက်ရပြီး အနည်းငယ် ရှက်သွေးဖြာသွားကာ ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် ဝပြီ…"
ထိုသို့ပြောရင်း ကားလို့စ်ကို စိတ်ရှုပ်ထွေးစွာဖြင့် တဖန်ပြန်ကြည့်လိုက်လေသည်။ ကားလို့စ်မှာ တစ်ညလုံး ဘာမှမစားခဲ့ဘဲ အချိန်အများစု၌ သူ့ကိုသာ ကြည့်နေခဲ့သည်။
ငါ့ကိုကြည့်ပြီး ဗိုက်ပြည့်သွားတာက ဖြစ်နိုင်ပါ့မလား...
ထို့အပြင် ပြဿနာတစ်စုံတစ်ရာ မရှိသော ကားလို့စ်၏မျက်လုံးထဲရှိ အကြည့်က လူအများကို နားမလည်နိုင်သည့် ထိတ်လန့်စရာကောင်းသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။ စောင့်ကြည့်ခံရသော သားကောင်ကဲ့သို့ပင်။
ကျီလင်မှာ ကိုယ့်ကိုယ်ကို ဘေးကင်းလုံခြုံအောင် နေထိုင်ရန် ဉာဏ်ပြေးလှပေသည်။ သူ မတ်တတ်ရပ်ကာ ကားလို့စ်အား ပြောလိုက်သည်။
"ကျွန်တော် အိပ်ချင်နေပြီး အနားယူချင်တယ်…"
ကားလို့စ်၏ နှုတ်ခန်းပါးများက အပေါ်သို့ ကွေးညွတ်သွားပြီး ခပ်တိုးတိုးလေး ရယ်မောလိုက်သည်။
"ကောင်းပါပြီ…"
သူ ထပြီး ကျီလင်ကို အခန်းသို့ ကိုယ်တိုင်ကိုယ်ကျ ခေါ်သွားပေးခဲ့သည်။ ဤအခန်းမှာ အထူးစီစဉ်ပေးထားပုံရသည်။ ကားလို့စ်က ပြုံးကာ ပြောလာသည်။
"ဧည့်ခန်းက များသောအားဖြင့် လူနေလေ့သိပ်မရှိဘူး... အဲဒါကြောင့် ယာယီပဲ သန့်ရှင်းရေးလုပ်ထားရတယ်... နည်းနည်းတော့ ရှင်းနေလိမ့်မယ်... ဒါကြောင့် စိတ်မရှိပါနဲ့…"
တကယ်တမ်း၌ ဤနေရာသို့ မည်သူမျှ လာရောက်တည်းခိုလေ့မရှိ ဆိုသည့်စကားမှာ မမှန်ကန်ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ကားလို့စ်၏ကိုယ်ပိုင် အိပ်ခန်းမှလွဲ၍ အခြားမည်သူမျှအတွက်မှ ဧည့်ခန်းပြင်ဆင်ထားခြင်း မရှိသောကြောင့်ပင်။ ဤအခန်းမှာ မူလက နေသာဆောင်ဖြစ်ပြီး ကားလို့စ်၏ အိပ်ခန်းဘေးတွင် တည်ရှိသည်။ ထိုအခန်းမှာ ညတွင်းချင်း ပြင်ဆင်ထားသော်လည်း လုံးဝ ရိုးရှင်းသည့်ပုံမပေါ်ပေ။ အလွန်ဇိမ်ကျပြီး နွေးထွေးကာ သက်သောင့်သက်သာရှိလှသည်။
ကျီလင်က ထိုအကြောင်းကို မသိဘဲ ကားလို့စ်ကို ခပ်စောစော ရှောင်ချင်ရုံသာပင်။ သူ ကားလို့စ်ကို စမ်းသပ်ရန် ရောက်လာခဲ့သော်လည်း ဖြည်းဖြည်းချင်း အချိန်ယူရပေမည်။ ထို့ကြောင့် သူ ကားလို့စ်အား ပြောလိုက်သည်။
"ဒါဆို ကျွန်တော် အရင် အနားယူတော့မယ်…"
ကားလို့စ်က ပြုံးပြပြီး အခန်းထဲမှ ထွက်ကာ တံခါးကို ပြန်ပိတ်ပေးလိုက်သည်။
တံခါးပိတ်သွားသည်ကို တွေ့လိုက်ရသည်နှင့် ကျီလင်က ချက်ချင်းပင် တံခါးဆီသို့ ညင်သာစွာ လျှောက်သွားလိုက်သည်။ တံခါးသော့ကို သေသေချာချာ စစ်ဆေးပြီး ပြဿနာမရှိကြောင်း သေချာမှသာ လေးပင်စွာ သက်ပြင်းချမိ၏။
ဒီနေ့ကတော့ အရမ်းကိုပင်ပန်းတယ်...
ယခုလေးပင် သူ့အပေါ် ကားလို့စ်၏အကြည့်များက အနည်းငယ် မှားယွင်းနေပုံပေါ်ကြောင်း ကျီလင် ခံစားမိသည်။ ထို့ကြောင့် သူ အမြဲ စိုးရိမ်နေခဲ့သည်။ သို့သော် ကားလို့စ်တွင် အစမှအဆုံးအထိ မူမမှန်သည့် အပြုအမူမျိုး မရှိခဲ့ပေ။ သူ အတွေးလွန်သွားပုံရ၏။
ကံမကောင်းစွာဖြင့် ယနေ့တွင် သူ အသုံးဝင်သော အချက်အလက်တစ်ခုမျှ မရရှိခဲ့ပေ။ မူလက ကျီလင်မှာ စနစ်အား ၎င်း၏ထင်မြင်ချက်ကို မေးမြန်းရန် ရည်ရွယ်ထားခဲ့သည်။ သို့သော်လည်း သူနှင့်စနစ်က စစ်အေးတိုက်ပွဲ ဖြစ်နေဆဲဟု ပြန်တွေးမိချိန်တွင် သူ မမေးဘဲထားလိုက်သည်။
သူ ခုတင်ပေါ်တွင် လှဲလျောင်းကာ သက်သောင့်သက်သာဖြစ်သည့် ရနံ့ကို ရှူရှိုက်ရင်း မကြာမီပင် ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်ပျော်သွားခဲ့သည်။
တိတ်ဆိတ်သောည၌ ပြတင်းပေါက်အပြင်ဘက်မှ သစ်ရွက်ခြောက်သံသဲ့သဲ့ကိုသာ ကြားရပေသည်။
တိုးညင်းလှသော 'ကလစ်' ဟူသည့်အသံက ခပ်တိုးတိုး လွင့်ပျံလာ၏။ သို့သော် ညအချိန်အခါ၏ လှိုင်းတံပိုးကို အနည်းငယ်မျှ ထိတ်လန့်မသွားစေခဲ့ပေ။ တံခါးက ဖြည်းညှင်းစွာ ပွင့်သွားပြီး အနက်ရောင် သားရေဖိနပ်တစ်ရံက ကော်ဇောထူထူပေါ်သို့ လျှောက်လှမ်းလာသည်မှာ မည်သည့်အသံမျှ မထွက်ပေါ်လာဘဲ တိတ်ဆိတ်လျက်သားပင်။
နောက်ခံအလင်းရောင်နှင့်အတူ အရပ်ရှည်ရှည် လူတစ်ယောက်က တံခါးဝတွင် ခေတ္တရပ်ကာ ခုတင်ဆီသို့ ဖြည်းဖြည်းချင်း တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းလာသည်။
ကားလို့စ် အိပ်ရာပေါ်ရှိ ကောင်ငယ်လေးကို ငုံ့ကြည့်လိုက်သည်။
ကောင်ငယ်လေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီး နူးညံ့ပျော့ပျောင်းသည့် သူ၏ ရွှေရောင်ဆံပင်လေးများက ခေါင်းအုံးပေါ်တွင် ပြန့်ကျဲနေသလို ဆံနွယ်စများက နဖူးပေါ်၌လည်း ကျဆင်းနေလေသည်။ ငွေလရောင်က သူ့မျက်နှာပေါ်သို့ ဖြာကျနေပြီး လှပတင့်တယ်လှသော မျက်နှာဘေးဘက်ပုံရိပ်၏ ပုံသဏ္ဍာန်ကို ပုံဖော်ထားသည်မှာ အထိန်းအကွပ်မဲ့နေသည့် လွတ်လပ်မှုကဲ့သို့ပင်။ သူ့မျက်လုံးများကို မှိတ်ထားသော်လည်း ထိုမျက်လုံးများကို ဖွင့်လိုက်ချိန်တွင် အနှီအပြာရောင်မျက်လုံးများက မည်မျှအထိ စူးရှတောက်ပနေလဲဆိုသည်ကို ကားလို့စ် စိတ်ကူးကြည့်နိုင်ပေ၏။
အချိန်အတော်ကြာပြီးနောက် ကားလို့စ်က ကိုယ်ကိုကွေးညွှတ်ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် အိပ်ပျော်နေသော ဆယ်ကျော်သက်လေးအတွက် အနည်းငယ် ရှုပ်ပွနေသော ဆံပင်တိုတိုလေးများကို ကူညီရှင်းလင်းပေးလိုက်သည်။
သူ့လက်ချောင်းထိပ်များက ကောင်လေး၏ နဖူး၊ မျက်တောင်များ၊ နှာခေါင်း၊ မေးစေ့များပေါ်သို့ လျှောကျသွားပြီး... နောက်ဆုံးတွင် နူးညံ့သော နှုတ်ခမ်းများပေါ်သို့ ကျရောက်သွားသည်။
ကားလို့စ်၏မျက်ဝန်းများက တဟုန်းဟုန်း တောက်လောင်နေ၏။ သူ့နှလုံးသားထဲတွင် အစဉ်အမြဲ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားခဲ့သော စိတ်ဆန္ဒများက သူ့မျက်လုံးများတွင် ဖုံးကွယ်ထားခြင်းမရှိတော့ဘဲ ပြောင်းပြောင်းတင်းတင်း ရှင်းလင်းစွာ ဖော်ပြထားသည်။
ကောင်ငယ်လေးမှာ သူ့မျက်စိရှေ့တွင် ရှိနေပေသည်။
အကယ်၍ သူ့ယခင်ဘဝ၌သာဆိုလျှင် ကျီလင့်အပေါ် အပြစ်ရှိစိတ်နှင့် နောင်တတရားကိုသာ ယောင်ဝါးဝါးဖြင့် ခံစားရနေမည်ဖြစ်၏။ ဤဘဝ၌ သူ အကြင်သူ့ကို လိုချင်သည်မှာ သေချာလှ၏။
သူ့ခန္ဓာကိုယ်၊ သူ့နှလုံးသား၊ သူ၏အရာအားလုံးကို ရယူလိုပြီး ထိုသူ့အား သူ့အပိုင်အဖြစ် လုံးလုံးလျားလျား ပြုလုပ်ပစ်ချင်လှသည်။
ဘာကြောင့်လဲဆိုတော့ မင်းနဲ့ နည်းနည်း ရင်းနှီးလာပြီး မင်းကို နည်းနည်းလောက်လေး ပိုသိလာတဲ့အချိန်တိုင်း မင်းကို ကိုယ် ထင်ထားတာထက် နည်းနည်းချင်းစီ ပိုပိုပြီးချစ်မြတ်နိုးလာတယ်ဆိုတာကို ကိုယ် သဘောပေါက်လာလို့ပဲ...
မင်းက အရမ်းကိုတောက်ပပြီး လှပတယ်... တစ်ချိန်တည်းမှာပဲ ကမ္ဘာပေါ်မှာ အနူးညံ့ဆုံးနဲ့ အကြင်နာဆုံး နှလုံးသားကို ပိုင်ဆိုင်ထားတယ်... မင်းရဲ့ ကြင်နာမှုတွေက... ဒီလိုမျိုး မာကျောပြီးအေးစက်နေတဲ့ ကိုယ်ရဲ့နှလုံးသားကို အရည်ပျော်သွားစေနိုင်တယ်... တစ်ယောက်ယောက်ကသာ ကိုယ့်အနားရှိနေရင် ကိုယ် အထီးမကျန်တော့ဘူးလို့ ခံစားရအောင် ပြုလုပ်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူလေးပဲ...
ကားလို့စ် ဖြည်းညှင်းစွာ ကိုယ်ကိုကိုင်းညွတ်လိုက်ပြီး ခေါင်းငုံ့ကာ အချိန်အကြာကြီး စောင့်မျှော်နေခဲ့ရသော ထိုနှုတ်ခမ်းလေးများကို လေးနက်စွာ နမ်းလိုက်သည်။
ထိုနှုတ်ခမ်းများ၏ လန်းဆန်းမှုနှင့် ချိုမြမှုတို့က သူ စိတ်ကူးထားသည်ထက် ကျော်လွန်နေ၏။ နောက်ပြန်မဆုတ်နိုင်သော ဝဲဂယက်ကြီးတစ်ခုကဲ့သို့ သူ့တစ်ကိုယ်လုံးကို စုပ်ယူသွားလေသည်။
သူ့ လက်တစ်ဖက်ကို ကောင်ငယ်လေး၏ လည်ပင်းဘေးတွင် ထားလိုက်ပြီး အနမ်းကို ပိုမိုနက်ရှိုင်းစေမိသည်။ သူ့မျက်လုံးများက ရူးသွပ်မှု၊ လောဘနှင့် တောင့်တမှုတို့ ရောထွေးနေပြီး သိမ်းငှက်တစ်ကောင်ကဲ့သို့ မည်းနက်ပြီးစူးရှသည့် အကြည့်ကို ဖော်ထုတ်ပြသလိုက်သည်။
ဘယ်သူမှ မင်းကို ကိုယ့်ဆီက ယူသွားလို့ မရဘူး...
အဲဒီလူဆိုရင်တောင်မှ မရဘူး...
✨✨✨