Chapter 28
Viewers 3k

✨ Chapter 28



ကျီလင် ကားလို့စ်၏အိမ်တော်တွင် ရက်အနည်းငယ်ကြာ နေထိုင်ခဲ့သည်။ သူက နေ့တိုင်း အမှားတစ်ခုမဟုတ်တစ်ခုကို ကျူးလွန်ရန် အစွမ်းကုန်ကြိုးစားခဲ့ပြီး အသေးအဖွဲ့ကိစ္စလေးများကို အကြီးအကျယ် ပြုလုပ်ခဲ့သည်။ လူများကို မသတ်နိုင်သည့် အချက်မှလွဲ၍ သူ တွေးနိုင်သမျှ မကောင်းသည့်ကိစ္စများအားလုံးကို ပြုလုပ်ခဲ့သည်။


ကျီလင်က ရှေးဟောင်းကမ္ဘာမြေမှ ထိန်းသိမ်းထားပြီး ကားလို့စ်၏ဥယျာဉ်ထဲတွင် ဂရုတစိုက် စိုက်ပျိုးထားသည့် အဖိုးတန်မျိုးစေ့များမှ ပွင့်လာသော နှင်းဆီပွင့်ဖတ်များကို အသုံးပြုကာ လက်ဖက်ရည်ပြုလုပ်ခဲ့သည်။ ခန်းမအတွင်းရှိ ဆဲလ်တုကြယ်မှ အဖိုးတန် တိမ်သလင်းကျောက် ရုပ်ထုများစွာကို ဖျက်ဆီးခဲ့ပြီး အသားကင်လုပ်စားနေစဉ်အတွင်း ဥယျာဉ်တစ်ခုလုံးကို မတော်တဆ မီးလောင်တိုက်သွင်းခဲ့သည်။ ကျီလင်မှာ ကားလို့စ်၏စာကြည့်ခန်းထဲ၌သာ အချိန်ကုန်ဆုံးခဲ့ပြီး ကားလို့စ်၏ ထိုင်ခုံပေါ်တွင် ထိုင်ကာ ကားလို့စ် စုဆောင်းထားသည့် ရှေးဟောင်းစာအုပ်များကို ဖတ်နေခဲ့သည်။ ထို့အပြင် အခြားဝေးလံလှသောကြယ်များမှ အကောင်းဆုံးသော အစားအစာများကို သူ့အတွက် သွားရောက်ယူဆောင်လာရန် ကားလို့စ်၏အစေခံများကို တစ်ခါတစ်ရံ အမိန့်ပေးတတ်သည်။


ဒါပေမဲ့လို့...


ကားလို့စ်က လုံးဝစိတ်အနှောင့်အယှက် မဖြစ်ဘူး...


ထိုသူက စိတ်ပျက်သည့် အရိပ်အမြွက်ကိုပင် တစ်ခါမျှ မဖော်ပြခဲ့ပေ။ ထို့အပြင် သူ့အချစ်ကလေး လက်ဖက်ရည် ပြုလုပ်နိုင်ရန်အတွက် ရှေးဟောင်းနှင်းဆီများကို ပိုမိုပြီးစိုက်ပျိုးရန် အင်ပါယာသိပ္ပံ အကယ်ဒမီကျောင်း၏ ရှေးဟောင်းရုက္ခဗေဒပညာရှင်များကိုပင် ခိုင်းစေခဲ့သည်။ ပျက်စီးသွားသော ဆဲလ်တုကြယ်၏ တိမ်သလင်းကျောက်အတွက်မူ ပြောဖို့ရန်ပင် မထိုက်တန်လှပေ။ ကားလို့စ်မှာ သူ့ချစ်သူ၏လက်လေး ထိခိုက်သွားမည်ကိုသာ စိုးရိမ်နေပေ၏။


ကျီလင် : ဘာဆက်လုပ်နိုင်မှာလဲ... ငါလည်း စိတ်ပျက်လာပြီလို့... အားးး


ထို့အပြင် သူ ကားလို့စ်နှင့်အတူ ရှိနေသည့် ဤရက်များအတွင်း ယခုနေရာ၏ ထောင့်များနှင့် အက်ကွဲကြောင်းတိုင်းကို စစ်ဆေးခဲ့သော်လည်း မည်သည်ကိုမျှ ရှာမတွေ့ခဲ့ပေ။ ကားလို့စ်ကိုယ်တိုင်က ပို၍ပင်စိတ်ပိုင်းဖြတ်ထားပြီး မည်သည်ကိုမျှ မမြင်ချင်ဟန်ဆောင်ကာ သူ့အား အလိုလိုက်ထားလေသည်။


ကျီလင်က နောက်ဆုံးလက်ကျန်နှင်းဆီပန်းကို ယူလိုက်ပြီး ပွင့်ချပ်များကို တစ်ချပ်ပြီးတစ်ချပ် စတင်ခွာချလိုက်သည်။


ကားလို့စ်က ပြန်လည်မွေးဖွားလာတယ်...


ကားလို့စ်က ပြန်လည်မမွေးဖွားလာဘူး...


ကားလို့စ်က ပြန်လည်မွေးဖွားလာတယ်...


ကားလို့စ်က ပြန်လည်မမွေးဖွားလာဘူး...


ကားလို့စ်က ပြန်လည်မွေးဖွားလာတယ်...


စနစ်က ဤရက်ပိုင်းအတွင်း မြင်တွေ့ခဲ့သမျှကို မှတ်မိနေပြီး ရေငုံနှုတ်ပိတ်နေရခြင်းကို သည်းမခံနိုင်တော့ပေ။

[ငါ မကြာသေးခင်က သူငယ်ချင်းတွေနဲ့ ဂိမ်းကစားခဲ့တယ်... ဒါပေမဲ့ ကံမကောင်းဘဲ ဆက်တိုက်ရှုံးခဲ့ပေမယ့် တကယ်တမ်းကျတော့ တစ်ခါနှစ်ခါ ရှုံးတာက ဘာမှပြဿနာမရှိဘူး... အဆုံးမှာ မင်း နိုင်နေသရွေ့ အဆင်ပြေတယ်…]


ကျီလင် အံ့အားသင့်သွားပြီး အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

[မင်း ဘာကို အတိအကျ ဆိုလိုချင်နေတာလဲ…]


နောက်ဆုံးတွင် ကျီလင်က သူနှင့် စကားပြောလိုစိတ် ရှိနေပြီဖြစ်ကြောင်း စနစ်က တွေ့လိုက်ရပြီး လျင်မြန်စွာ ပြောလိုက်သည်။

[ငါ ပြောချင်တာက ကျရှုံးမှုဆိုတာ အောင်မြင်ခြင်းရဲ့မိခင်ပဲ... တစ်ကြိမ် နှစ်ကြိမ်နဲ့ အဆင်မပြေဘူးဆိုရင် နောက်ထပ် သုံးကြိမ် လေးကြိမ် မင်း ကြိုးစားကြည့်လို့ ရနိုင်သေးတယ်…]


ကျီလင်: [...]


တစ်ခါ နှစ်ခါဆိုရင်တောင် ခက်နေပြီလေ... အဲဒါကို မင်းက သုံးလေးခါလောက် ကြိုးစားဖို့ ပြောနေတာလား... ဘာလို့ အကြိမ်တစ်သန်းလောက် ကြိုးစားလို့ ရိုးရိုးရှင်းရှင်း မပြောလိုက်တာလဲ... ဒါက လူတွေကို နှစ်သိမ့်ပေးဖို့ နနည်းလမ်းကောင်းတစ်ခုလား...


ကျီလင် သူ့ဒေါသကို ထိန်းလိုက်သည်။

[ဒါဆို အချိန်လည်း အတော်ကြာပြီ... သူတို့ ပြန်မွေးဖွားလာတာ ဟုတ်လား မဟုတ်လား ဆိုတာကို မင်း ရှာတွေ့ပြီလား…] 


စနစ်: [မရှာရသေးဘူး...]


ကျီလင် သူ့စကားကို အပြုံးလေးတစ်ခုဖြင့် ကြားဖြတ်ပြောလိုက်သည်။

[ဒါဆို မင်းက ဘာလို့ ချက်ချင်း မပေါက်ကွဲသွားတာလဲ…]


စနစ်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီး သူ့စကားကို ဆက်လက်ပြောဆိုလိုက်သည်။

[အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်က တခြားသူတွေအပေါ် ပုဂ္ဂိုလ်ရေးအရ အလွယ်တကူ တိုက်ခိုက်မှာမဟုတ်ဘူး… ]


ကျီလင်: [ငါက မင်းကို ပုဂ္ဂိုလ်ရေးအရ လွယ်လွယ်နဲ့ တိုက်ခိုက်နေတာ မဟုတ်ဘူး... ငါ အဲဒါကို သည်းခံနေတာကြာပြီ... လုံးဝကို 'မလွယ်ကူ'ဘူး... တကယ်ကြီးကို မလွယ်တာ... :)]


စနစ်: [.....]

ပိုင်ရှင်ကို နှစ်သိမ့်ပေးဖို့ စဉ်းစားလိုက်တာက ငါ စိတ်လွတ်နေလို့ပဲ ဖြစ်ရမယ်...


ကြင်နာမှုက လူတိုင်းနဲ့ မထိုက်တန်ဘူး... စစ်အေးတိုက်ပွဲက မရှိမဖြစ်ကို လိုအပ်တယ်...


အဲဒါက အကျိုးမဖြစ်ထွန်းတဲ့အပြင် နှစ်ဦးနှစ်ဖက်ကြား ဒဏ်ရာတစ်ခု ဖြစ်လာဖို့ ကံကြမ္မာပါလာပြီးသားပဲ...


ကျီလင်မှာ စနစ်နှင့် စကားစဖြတ်လိုက်ပြီး သူ့လက်ပေါ်ရှိ နောက်ဆုံးပွင့်ချပ်ကို ဆွဲခွာလိုက်သည်။

အိုး မဟုတ်သေးပါဘူး... စနစ်နဲ့ စကားပြောဖို့ အရမ်းအာရုံစိုက်နေတာနဲ့ အခုလေးတင် ငါ ရေနေတာ ဘယ်အထိရောက်သွားပြီလဲ...


မည်းမှောင်နေသော မျက်နှာဖြင့် ပွင့်ချပ်များမရှိတော့သည့် ပန်းခက်ကို မြေပြင်ပေါ်သို့ ပစ်ချကာ နင်းလျှောက်သွားခဲ့သည်။


ထို့နောက် တံခါးမှ ထွက်လာခဲ့သည်။


အပြင်ဘက်၌ စောင့်နေသည့် အစေခံက ကျီလင် ထွက်လာသည်ကို မြင်ပြီး ချက်ခြင်းပင် ရိုသေလေးစားစွာ ပြောလာသည်။

"သခင်လေးကျီလင် တစ်ခုခုလိုအပ်တာများ ရှိလို့လား…"


အနှီအစေခံမှာ ကျီလင်အား စာကြည့်ခန်းထဲသို့ မဝင်ရောက်ရန် တားမြစ်မှုကြောင့် အသတ်ခံရလုနီးပါးဖြစ်ခဲ့သည့် သူပင်ဖြစ်၏။ အစေခံက သူ့ရှေ့ရှိ ချောမောခံ့ညားသည့် ဆယ်ကျော်သက်လေးကို ဂရုတစိုက် ကြည့်လိုက်မိသည်။ ထိုအချိန်၌ သူ့နှလုံးသားတစ်ခုလုံးဖြင့် ထိုလူငယ်လေးအား လေးစားမိ၏။ ကျီလင်က မကောင်းမှုမှန်သမျှကို ပြုလုပ်ခဲ့သော အလွန်ကြီးကျယ်သည့် လူတစ်ဦးဖြစ်ပြီး သူ့အပြုအမူများက ဆိုးရွားလွန်းပုံပေါ်သည်ဟု အပြင်လူများက ပြောဆိုခဲ့ကြသည်။ သို့သော် ရှင်းပြ၍မရနိုင်စွာပင် သူ့စိတ်ထဲ၌ သူ့ရှေ့ရှိ ဆယ်ကျော်သက်လေးအပေါ် ကောင်းမွန်သည့် ခံစားချက်များရှိပေ၏။


သူ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။ 


တစ်နေ့တွင်...


တစ်စုံတစ်ဦးက ဤမျှရဲရင့်ပြီး သူကဲ့သို့ နိမ့်ပါးလှသောဘဝကို ကာကွယ်ပေးကာ သွေးဆာပြီး ကြောက်မက်ဖွယ်ကောင်းသည့် မြို့စားကြီးကားလို့စ်အား ရင်ဆိုင်ပေးခဲ့သည်။


ဆယ်ကျော်သက်လေးက လူကြီးလူကောင်းတစ်ယောက် မဟုတ်ပေ။ သို့သော် ထိုသူက ခေါင်းမာသူ ဖြစ်လင့်ကစား ရဲရင့်ပြီး ကြင်နာတတ်သော ကလေးတစ်ယောက်ပင်။


ပြီးတော့ ဆယ်ကျော်သက်လေးရဲ့ အထက်တန်းလွှာ အဆင့်အတန်းမျိုးနဲ့ဆိုရင် ခေါင်းမာပြီး မာနထောင်လွှားတာက ဘာများမှားယွင်းနေလို့လဲ...


ကျီလင်မှာ တစ်ဖက်သား၏စိတ်ထဲရှိ ရှုပ်ထွေးလှသော အတွေးများကို မသိခဲ့ပေ။ အလုပ်အကျွေးပြုခံရခြင်းကို သဘောမကျသောကြောင့် ပျင်းရိစွာသာ ပြောလိုက်သည်။

"မလိုဘူး…"


ထို့နောက် သူတစ်ယောက်တည်း ဥယျာဉ်ဆီသို့ ဦးတည်ကာ လျှောက်သွားခဲ့သည်။


အမှန်တင် ယခုအချိန်၌ ကျီလင်က ကားလို့စ်အား မည်ကဲ့သို့နှုတ်ဆက်စကားဆိုရမည်ကို စဉ်းစားနေခဲ့သည်။ သူ ဤအလည်အပတ်ခရီးမှတစ်ဆင့် သူ့အပေါ် ကားလို့စ်၏သည်းခံနိုင်စွမ်းကို စမ်းသပ်ခြင်းမှလွဲ၍ ဘာတစ်ခုမှ မရရှိခဲ့ပေ။


ကျီလင်လည်း တဖြည်းဖြည်းနှင့် ၎င်းကို သဘောပေါက်လာခဲ့သည်။


ကားလို့စ် ပြန်လည်မွေးဖွားလာသည်ဖြစ်စေ၊ မမွေးဖွားသည်ဖြစ်စေ ကိစ္စတစ်ခုမှာ ဘယ်သောအခါမှ ပြောင်းလဲသွားမည် မဟုတ်ပေ။ ကျင်းဆွေ့နှင့်ပတ်သက်ပြီး ရုန်းကန်နေရခြင်းက ကားလို့စ်အတွက် အရေးအကြီးဆုံးကိစ္စပင်ဖြစ်၏။ ၎င်းက ကားလို့စ်၏ နှစ်ဘဝစာလုံးအတွက် တစ်သက်တာ စွဲလမ်းမှုတစ်ခုဖြစ်ပြီး သူကိုယ်တိုင်က အခြေအနေတစ်ခုလုံးနှင့် မသက်ဆိုင်သော အသေးစိတ်အချက်များကို ပိုင်ဆိုင်ထားသည့် မမျှော်လင့်ထားသော ပြောင်းလဲမှုတစ်ခုသာဖြစ်၏။


ကားလို့စ်သာ အမှန်တကယ် ပြန်လည်မွေးဖွားလာခဲ့လျှင် ယခင်ဘဝက သူ၏အကူအညီပေးမှုကြောင့် အပြစ်ရှိသလို ခံစားရပြီး ဤဘဝ၌ သူ့ကိုယ်သူ အနည်းငယ်မျှ ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ပေလိမ့်မည်။ ၎င်းက သာမန်မဟုတ်သည့် ကိစ္စမဟုတ်ပေ။ ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို မြင်အောင်ကြည့်ရန်သာ လိုအပ်၏။


ယူဆကြည့်လျှင် အဓိကဇာတ်ကွက် စတင်ချိန်၌ သူ့အား(ကျီလင်) ဂရုစိုက်ရန် သူ့တွင်(ကားလို့စ်) အချိန်ရှိလိမ့်မည် မဟုတ်ပေ။


ကျီလင့်အတွက်မှာမူ…


ကျင်းဆွေ့နှင့်နဉ်ယွီတို့လို အရေးအကြီးဆုံးအရာတွေနဲ့ သူက ဘယ်လိုများယှဉ်လို့ရနိုင်မှာလဲ...


ထို့ကြောင့် သူ မနက်ဖြန်ည၌ ကျင်းပပြုလုပ်မည့် နန်းတော်ကပွဲသို့ သွားရပေမည်။


မနက်ဖြန်ညတွင် ကျင်းဆွေ့က အင်ပါယာနန်းတော်၌ ညစာစားပွဲတစ်ခုကျင်းပမည်ဖြစ်သည်။ ဖိတ်ကြားခံရသူများတွင် အဆင့်မြင့်အင်ပါယာ အထက်တန်းလွှာများသာမက နာဒိုဂလက်ဆီတွင် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများ ရရှိခဲ့သည့် ပြည်သူ့အချစ်တော် တက်သစ်စကြယ်ပွင့်လေး နဉ်ယွီလည်း ပါဝင်မည်ဖြစ်သည်။


အင်ပါယာမိသားစု၏ ညစာစားပွဲသို့ တက်ရောက်ရန် သာမန်နောက်ခံများရှိသည့် အရာရှိများအား ဖိတ်ကြားခြင်းက ဧကရာဇ်၏ လုပ်ပိုင်ခွင့်အာဏာနှင့် သာမန်လူတန်းစားများအပေါ် တန်းတူရည်တူဆက်ဆံမှုတို့ကို သေသချာပေါက် ထင်ဟပ်နေစေခဲ့သည်။


သူ၏ယခင်ဘဝ အတွေ့အကြုံနှင့် မူရင်းစာအုပ်၏ ဇာတ်ကွက်အရ နဉ်ယွီက ဘရန်ဒန်၏အိမ်တွင် ကျင်းဆွေ့နှင့် တွေ့ဆုံခဲ့ပြီးဖြစ်ပေလိမ့်မည်။ သာမန်လူတန်းစားအများ၏ နှလုံးသားများကို အရယူရန် ရည်ရွယ်ချက်အတွက် ဖြစ်စေ၊ သူ နဉ်ယွီကို နှစ်သက်သောကြောင့်ဖြစ်စေ၊ ကျင်းဆွေ့က ထိုညစာစားပွဲ၌ နဉ်ယွီကို မျက်နှာသာပေးခဲ့သည်။ ကျီလင်မှာ ညစာစားပွဲတွင် ပါဝင်ဆင်နွှဲခဲ့ပြီး ကျင်းဆွေ့နှင့်နဉ်ယွီတို့ အတူတူ စကားပြောနေသည်အား မြင်လိုက်ရချိန်တွင် 'အလွန်တရာမနာလို' ဖြစ်သွားပြီး နဉ်ယွီ့အား ပါးရိုက်ရန် ခြေတစ်လှမ်းတိုးခဲ့သည်။ သို့သော်လည်း ချစ်ရသူထံမှ ကရုဏာကင်းမဲ့လှသည့် ပါးရိုက်ခြင်းကိုသာ ခံခဲ့ရသည်။ နောက်ဆုံးတွင် သူ နဉ်ယွီအား လုံးလုံးသိက္ခာချခဲ့ပြီး နဉ်ယွီ့အတွက် နောက်တစ်ကြိမ် လမ်းခင်းပေးခဲ့ပြန်သည်။ ထို့အပြင် နဉ်ယွီ့အား ကာကွယ်ရန်နှင့် သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို တိုးတက်စေရန် ကျင်းဆွေ့ကိုလည်း အခွင့်အရေးပေးခဲ့သည်။


သာမာန်နောက်ခံရှိသည့် သာမန်လူတန်းစား တစ်ယောက်အနေဖြင့် နဉ်ယွီက မြောက်မြားစွာသော အင်ပါယာ အထက်တန်းလွှာများ၏ တန်ဖိုးထား လေးစားမှုကို ခံခဲ့ရသည်။ ပုဂ္ဂိုလ်ရေးအရ ကျင်းဆွေ့၏ မျက်နှာသာပေးခြင်းကို ခံရခြင်းက လူများစွာကို ကြောက်ရွံ့ထိတ်လန့်စေရုံသာမက ရိုင်းရိုင်းပျပျလည်း မပြုမူဝံ့ကြပေ။ ထိုသို့ဖြစ်ရခြင်းမှာ ယနေ့ခေတ် သာမန်လူတန်းစားများကြားရှိ သူ၏ကြီးမားသော ဂုဏ်သတင်းနှင့်လည်း ဆက်စပ်နေပေသည်။


အဲဒါက ပြည်သူ့အချစ်တော်လေးတွေရဲ့ စွမ်းအားပဲ... မှန်တယ်...


နောက်ဆုံး၌ အခြေအနေနှင့် ပြည်သူလူထု၏ ထင်မြင်ယူဆချက်တွင် သူ၏လှုပ်ရှားမှု လုပ်ဆောင်ချက်တိုင်းက ပါ၀င်လာပြီး သူ့အား တစ်ခုခုလုပ်ချင်သည့် မည်သူမဆို မပြုလုပ်မီ နှစ်ကြိမ် စဉ်းစားရပေလိမ့်မည်။ ပြည့်သူအချစ်တော်ကို ထိပါးခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်က နာမည်မရှိ၊ မသိသာမထင်ရှားသော ဖြတ်သွားဖြတ်လာတစ်ယောက်ကို ထိပါးခြင်းနှင့် မတူညီကြောင်း လူတိုင်း သိကြပေသည်။


နဉ်ယွီ၏ ဝိသေသလက္ခဏာက သူ့ကို ထင်ရှားပေါ်လွင်စေပြီး အားလုံး၏ကစားပွဲတိုင်းတွင် အရေးပါသော စစ်တုရင် နယ်ရုပ်တစ်ခုဖြစ်လာခဲ့သော်လည်း ၎င်းက သူ့အတွက် အကြီးမားဆုံးသော အကာအကွယ်တစ်ခုလည်းဖြစ်၏။


အချစ်ရူးဦးနှောက်နှင့် အရူးတစ်ယောက်ဖြစ်သည့် သူ့ခန္ဒာကိုယ်၏ မူလပိုင်ရှင်တစ်ဦးကသာ အသေးအဖွဲ့ကိစ္စလေးအတွက်ကြောင့် နဉ်ယွီ့အား ပြဿနာသွားရှာရဲလိမ့်မည်။ သူ၏ သနားစရာကောင်းသောအဆုံးသတ်ကို ရှောင်လွှဲ၍မရပေ။ မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ သူက အမှန်တကယ်ကို အမြောက်စာသာသာပင်။


ကျီလင် ထိုအကြောင်းကို တွေးပြီး သူ့ခြေရင်းရှိ ကျောက်ခဲကို ကန်ချပစ်လိုက်သည်။ ထို့နောက် တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ ကားလို့စ် ပြန်လာမည့်အချိန်ကို စောင်းဆိုင်းပြီး နှုတ်ဆက်စကားပြောရပေမည်။ သူ ကားလို့စ်၏ ရည်ရွယ်ချက်ကို နားမလည်သောကြောင့် အနာဂတ်တွင် သူနှင့်ဝေးရာတွင် ရှောင်ပုန်းနေရန်မှာ အရေးကြီးလှ၏။


မတော်တဆမှုလေးတစ်ခုကြောင့် ငါ လက်လျှော့လိုက်မှာ မဟုတ်ဘူး...


........................


ကားလို့စ် အပြင်မှ ပြန်ရောက်လာပြီး တစ်ချက်လှမ်းကြည့်လိုက်ချိန်၌ ကျောက်တုံးဖြင့် ပြုလုပ်ထားသည့် ခုံတန်းလျားပေါ်တွင် မေးထောက်ကာ ထိုင်နေသည့် ကောင်ငယ်လေးကို တွေ့လိုက်ရသည်။ ကားလို့စ်၏မျက်လုံးများမှာ နူးညံ့သည့်အရောင်အသွေးများဖြင့် တောက်ပသွားသည်။


ဤရက်များအတွင်း ကောင်ငယ်လေးက ဤနေရာတွင် နေထိုင်ခဲ့သောကြောင့် သူ၏မြူးကြွသော အမူအရာများ၊ သူ့မျက်လုံးများနှင့် သူ၏ရူးကြောင်ကြောင် အပြုံးလေးများကို အချိန်မရွေး တွေ့နိုင်ပေ၏။ ကောင်ငယ်လေး၏ ကြင်နာမှုမှာ ဖုံးကွယ်ထားရန် ခက်ခဲလှသည်။ ထိုသူက တစ်ကိုယ်ကောင်းဆန်ဆန် ရည်ရွယ်ချက်မရှိ ပြုမူလျှင်တောင် မည်သူ့ကိုမှ မထိခိုက်စေခဲ့ပေ။ ထို့အပြင် ယခုတစ်ကြိမ်၌ ကားလို့စ်က ထိုအခြင်းအရာများကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်ခဲ့ရပေသည်။


ကောင်ငယ်လေးမှာ တောက်ပနေသော ကြယ်ပွင့်လေးတစ်ပွင့်နှင့်တူလှ၏။ အကြင်သူ၏လုပ်ရှားမှုတိုင်းက သူ၏ အေးစက်သော နှလုံးသားကို နွေးထွေးသွားစေသည်။


မင်းက ပိုပြီးနီးကပ်သွားလေလေ... နည်းနည်းချင်းစီ ဆွဲဆောင်ခံရလေလေပဲ...


အရင်ဘဝတုန်းက သူ့ကို(ကျီလင်) ဒီလိုမျိုး နာကျင်အောင် ဘယ်လိုလုပ်ပြီး လုပ်ရက်ရတာလဲ...


ကားလို့စ်၏မျက်လုံးများထဲတွင် နာကျင်မှု အရိပ်အယောင်က ဖြတ်ပြေးသွားသည်။ သူ နူးညံ့နွေးထွေးသည့် အမူအရာကို ဖော်ပြပြီး ကျီလင့်ဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ပြုံးကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဘာတွေတွေးနေတာလဲ…"


အာရုံပျံ့လွင့်နေမှုကြောင့် ယခုလေးပင် ကားလို့စ် ပြန်ရောက်လာသည်ကို ကျီလင် သတိမထားမိခဲ့ပေ။ အမှန်တိုင်းဆိုရလျှင် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရရှိလာခဲ့သည့် တစ်ခုတည်းသော အရာမှာ သူ ဘာပဲလုပ်လုပ် ကားလို့စ်က ဒေါသထွက်လိမ့်မည် မဟုတ်ကြောင်းကို ကျီလင် သိလာခဲ့ခြင်းပင်။ သူ့အပေါ် ကားလို့စ်၏ သည်းခံနိုင်မှုက သူ ထင်ထားသည်ထက် များစွာမြင့်မားပေ၏။ ထို့ကြောင့် သူ တဖြည်းဖြည်းနှင့် အလွန်ကြောက်လန့်ခြင်း မရှိတော့သည့်အပြင် သူ့သတ္တိမှာလည်း အနည်းငယ်ပို၍ ပွင့်လင်းလာခဲ့သည်။


သူ့စိတ်ထဲတွင် ရှိနေသည်များကို တွေးတောရင်း ကျီလင်၏ နှုတ်ခမ်းများက အနည်းငယ် လှုပ်ရှားသွားသည်။

"အန်ကယ်ကားလို့စ်…"


ကားလို့စ်၏ မျက်လုံးများက နူးညံ့လာပြီး ကျီလင် ပြောချင်သမျှကို ပြောရန် အချက်ပြလိုက်သည်။


ကျီလင် ခေတ္တမျှ ရပ်လိုက်ပြီး ကားလို့စ်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"ကျွန်တော် ဒီမှာနေတာ ရက်နည်းနည်းကြာပြီ... အိမ်ပြန်ချင်တယ်…"


ကားလို့စ်က ထိုအရာအားလုံးကို မျှော်လင့်ထားသကဲ့သို့ အံ့ဩသွားခြင်းမရှိခဲ့ပေ။ သူ လက်ကိုမြှောက်ပြီး ကျီလင်၏ခေါင်းလေးကို ထိလိုက်သည်။ ထို့နောက် နူးညံ့စွာ မေးလာသည်။

"ဘာလို့လဲ... မင်း ဒီမှာနေရတာ မပျော်ဘူးလား…"


ကျီလင် အနည်းငယ် စိတ်မသက်မသာဖြစ်မိ၏။

ဘာလို့ မကြာခဏဆိုသလို ကားလို့စ်က ဒီလိုရင်းနှီးတဲ့ အပြုအမူတွေကို အမြဲပြုလုပ်နေနာလဲ... ငါလည်း ကားလို့စ်က ငါ့ခေါင်းကို ထိလာမှာကို လုံးဝ မလိုချင်ဘူး ဟုတ်ပြီလား...


သူ၏ပထမဆုံးအနမ်းအား ဆုံးရှုံးသွားမှန်းကိုပင် မသိလိုက်ဘဲ မကြာသေးမီက မြေခွေးအိုကြီး ကားလို့စ်က ထူးထူးဆန်းဆန်း ပြုမူနေသည်ကို ကျီ-အဖြောင့်ကောင်လေး-လင်မှာ ခံစားမိသော်လည်း မည်သည့်နေရာက လွဲမှားနေမှန်းကိုမူ မပြောနိုင်ခဲ့ပေ။


သို့သော် သူ ထိုအကြောင်းကို စဉ်းစားနေရန် အချိန်မရှိပေ။ သို့သော် မျက်တောင်များကို ခတ်ကာ ပြောလိုက်သည်။

"မဟုတ်ဘူး... ကျွန်တော်..."


သူ၏ပါးပြင်များ နီရဲလာပြီး ရှက်ဝဲဝဲအကြည့်များဖြင့် နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်။

"မနက်ဖြန် ကျွန်တော့်ဖေဖေက နန်းတော်ညစာစားပွဲကို တက်ရောက်လိမ့်မယ်... အဲဒါ ကျွန်တော်လည်း လိုက်သွားချင်လို့…"


သူ ဤနေရာသို့ မလာမီကတည်းက ထွက်ခွာရန် အကြောင်းပြချက်ကို အဆင်သင့် စဉ်းစားထားပြီးဖြစ်၏။ ဤနေရာမှ ထွက်ခွာပြီး နန်းတော်ထဲသို့ ဝင်ရောက်ကာ သူ့'ချစ်သူလေး'နှင့် တွေ့ဆုံရပေမည်။



✨✨✨