Chapter 29
Viewers 3k

✨ Chapter 29

ကျင်းဆွေ့



ထိုစကားလုံးများ ထွက်ကျလာသည်နှင့် ဤရက်များအတွင်း သူ့အပေါ် အမြဲတမ်း နူးညံ့ကာ အလိုလိုက်ပေးခဲ့သည့် ကားလို့စ်၏မျက်လုံးများက အေးစက်သွားသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်မှ ရေခဲတစ်မျှ အေးစက်သည့် အရောင်အဝါများလည်း စိမ့်ထွက်နေပေ၏။


ကျီလင်မှာ ဘယ်သောအခါမှ စိတ်ဆိုးပုံမပေါ်သော ကားလို့စ်ကို အချိန်အတော်ကြာ ကျင့်သားရနေခဲ့ပြီဖြစ်၏။ သို့သော် ထိုကဲ့သို့ ကြောက်စရာကောင်းသည့်ဘက်ခြမ်းအား ပြသလာသည်ကို ရုတ်တရက် မြင်လိုက်ရပြီး တုန်လှုပ်သွားလေသည်။ ထိတ်လန့်ကာ မသေချာသော အကြည့်များဖြင့် ကားလို့စ်ကို ကြည့်လိုက်မိသည်။ သူ ပြောလိုက်သည့်စကားထဲတွင် မည်သည့်စကားက အမှားပါသွားလဲဆိုသည်ကို ကျီလင် မသိခဲ့ပေ။


ကားလို့စ်က အသက်ပြင်းပြင်းရှူလိုက်ပြီး ကောင်ငယ်လေး၏ သံသယနှင့် ထိတ်လန့်နေသော မျက်လုံးများကို ကြည့်လိုက်မိသည်။ ထိုအခါမှသာ ယခုလေးပင် သူ၏စိတ်ခံစားချက်များက အထိန်းအချုပ် လွတ်ထွက်သွားကြောင်း ကားလို့စ် သဘောပေါက်သွားပေသည်။ ၎င်းက ကောင်ငယ်လေးကို ကြောက်ရွံ့သွားစေပေလိမ့်မည်။ သို့သော် ယခုအချိန်၌ သူ့ရင်ဘတ်ထဲရှိ ထိန်းချုပ်မရသော မနာလိုစိတ်က စပျစ်နွယ်ပင်ကဲ့သို့ သူ့နှလုံးသားကို ရစ်ပတ်ထားလေသည်။ ဆက်လက်ဖုံးကွယ်ထား၍ မရနိုင်သော စိတ်အနှောင့်အယှက်ဖြစ်စေသည့် လှိုင်းလုံးများအား ဆက်တိုက်သယ်ဆောင်ဖြစ်ပေါ်လာစေသည်။


အဘယ်ကြောင့် ကျီလင်က နန်းတော်ထဲသို့ ဝင်ရောက်ချင်လဲ ဆိုသည့်အကြောင်းကို သူ သိပေသည်။ အဖြေသည်ကား အရှင်းသားပင်။ ကျီလင့်အတွက် ကျင်းဆွေ့အား တွေ့ခွင့်ရမည် ဖြစ်သောကြောင့်ပင်။


ကားလို့စ်မှာ သူ့အိမ်သို့လာရန် ကျီလင့်ကို ဖိတ်ခေါ်ခဲ့ပြီး နန်းတော်ညစာစားပွဲနှင့် ပတ်သက်ပြီး တစ်ခွန်းတစ်ပါဒမျှ မဟခဲ့ပေ။ ထိုအကြောင်းကို ကောင်ငယ်လေး မေ့သွားလိမ့်မည်ဟု မျှော်လင့်ထား၏။


မီးပုံထဲသို့ တိုးဝင်သွားသော ပိုးဖလံလေးတစ်ကောင်ကဲ့သို့ ယောက်ျားတစ်ယောက်ဆီ ဆက်လက်ချဉ်းကပ်သွားမည့် ကောင်ငယ်လေးကို သူ မမြင်ချင်ပေ။


သို့သော် နောက်ဆုံးအချိန်အထိ သူ ၎င်းကို ရှောင်မသွားနိုင်သေးပေ။ သူ့ကိုယ်ပိုင်ဖြစ်တည်မှုနှင့် ကြိုးစားမှုအားလုံးက ကျီလင်၏စိတ်နှလုံးကို သိမ်းပိုက်စိုးမိုးထားသည့် ကျင်းဆွေ့၏အနေအထားကို ချိုးနှိမ်ရန် မလုံလောက်သေးပေ။ ကျင်းဆွေ့ထံမှ အကြည့်တစ်ချက်၊ စကားလေးတစ်ခွန်းထက်ပင် ပိုပြီးအရေးမပါလှပေ။


သူကိုယ်တိုင်မှာ အကြင်သူ လေးစားရသည့် လူကြီးတစ်ယောက်ထက် ဘာမှမပိုခဲ့ပေ။ သို့သော် ကျင်းဆွေ့ဆိုသူမှာ အကြင်သူ့တွင်ရှိသမျှ အရာအားလုံးနှင့် ပုံအောပြီး အမှန်တကယ် ချစ်မြတ်နိုးရသူပင်။


မင်းကိုယ်တိုင် ပြောင်းလဲသွားရင်တောင် ကံကြမ္မာရဲ့ လမ်းကြောင်းကို ပြောင်းလဲလို့မရဘူး...


ကျီလင်ကို ကျင်းဆွေ့နှင့် တွေ့ခွင့်မပြုရန်မှာ မဖြစ်နိုင်ပေ။


သူတို့နှစ်ယောက် တွေ့ဆုံတော့မည်ဟု စဉ်းစားလိုက်ရုံနှင့် ကောင်ငယ် လေး၏ ချစ်မြတ်နိုးသော အကြည့်များကို စိတ်ကူးကြည့်နိုင်ပေသည်။ ထိုသူက တခြားယောက်ျားတစ်ယောက်ကို ချွင်းချက်မရှိ ကြည့်နေလိမ့်မည်။ ထို့အပြင် မှားယွင်းသည့်အချစ်ကို စွဲလမ်းနေပြီး နနောင်တမရခဲ့ပေ။ ထိုအရာများအားလုံးက ကားလို့စ်ကို မနာလိုဖြစ်စေပြီး နာကျင်စေ၏။


အရာရာတိုင်း ပြည့်ပြည့်စုံစုံ လိုတရ မွေးဖွားလာသည့် ကားလို့စ်အတွက် ဤသည်က မနာလိုမှုနှင့် တွန့်ဆုတ်မှုတို့ကို မြည်းစမ်းခံစားဖူးသည့် ပထမဆုံးအကြိမ်ပင်။


ကောင်ငယ်လေးထံသို့ ဂရုတစိုက် ချဉ်းကပ်ခြင်းနှင့် အလိုလိုက်ခြင်းက သူ့အား ကြောက်ရွံ့မှု လျော့နည်းရန်အတွက်သာ ပြုလုပ်နိုင်ခဲ့သည်။ တစ်ဖက်တွင်မူ ကျင်းဆွေ့မှာ သူ အမြဲလိုချင်သည့်အရာတိုင်းကို အလွယ်တကူ ရယူနိုင်ပေသည်။


ကျီလင်က ကားလို့စ်ကို ဂရုတစိုက်ကြည့်ရှုလိုက်သည်။ ထိုယောက်ျား၏ ကြော့ရှင်းသောမျက်နှာက နှင်းအလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေပြီး သူ့မျက်လုံးထဲရှိ အကြည့်များက အဆုံးအစမရှိသော အသူတရာချောက်နက်ကြီးတစ်ခုကဲ့သို့ မည်းမှောင်နေ၏။ အလွန်တရာကြောက်စရာကောင်းပြီး အုံ့မှိုင်းနေကာ တစ်စုံတစ်ရာကို ခြိမ်းခြောက်နေပုံရသည်။


ကျီလင် ထိတ်လန့်သွားရ၏။

ဘာလို့ ကားလို့စ်ရဲ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွားတာလဲ... အဲဒါက ကျင်းဆွေ့နဲ့ ပတ်သက်နေလို့လား...


ကျင်းဆွေ့အကြောင်းပြောရလျှင် ထိုသူမှာ သူ၏တစ်သက်တာရန်သူပင်ဖြစ်၏။ ယခင်ဘဝက ကားလို့စ်မှာ ကျင်းဆွေ့၏လက်ထဲ၌ ရှုံးနိမ့်သွားခဲ့သည်။

ဒါဆို အခု ငါက ကားလို့စ်ရဲ့အနာကို တကယ်ကြီး တုတ်နဲ့သွားထိုးနေတာပဲ မဟုတ်ဘူးလား...


ကားလိုစ့်၏ မာနကြီးသော နှလုံးသားနှင့်ဆိုလျှင် သူ့မျက်နှာကို ပြောင်းလဲသွားအောင်လုပ်နိုင်မည့် တစ်ဦးတည်းသောလူက ကျင်းဆွေ့ပင် ဖြစ်ရပေမည်။ ကျင်းဆွေ့ဆိုသည်မှာ ကားလို့စ်၏ရှေ့တွင် ပြောကြားခွင့်မရှိသော ဆန့်ကျင်ဘက်ကြေးခွံဖြစ်၏။ 


[TN-ဆန့်ကျင်ဘက်ကြေးခွံဆိုတာ တားမြစ်စကားလုံးနဲ့ အဓိပ္ပါယ်ဆင်တူပါတယ်]


ကျီလင် ထိုအကြောင်းကို ပိုတွေးလေလေ၊ သံသယဝင်ဖူးသည့် ကားလို့စ်က ပြန်လည်မွေးဖွားလာခြင်း ဟူသောကိစ္စမှာ အမှန်တကယ်ဟု ပိုပြီးခံစားရလေလေပင်။ ယခင်ဘဝက ရှုံးနိမ့်မှုကြောင့် ကားလို့စ်မှာ ကျင်းဆွေ့ကို ပို၍ပင်သိက္ခာချချင်နေပေ၏။ သူ ကြောက်ရွံ့သော်လည်း ဤပါတီက မဖြစ်မနေ သွားရမည့်ပွဲဖြစ်၏။ ထို့ကြောင့် ကျီလင်က စိတ်ရှုပ်ထွေးသွားဟန်ဆောင်ကာ မေးလိုက်သည်။

"အန်ကယ်ကားလို့စ် ဘာဖြစ်လို့လဲ…"


ကားလို့စ်မှာ တဖြည်းဖြည်းချင်း အသိပြန်ဝင်လာပြီးနောက် ကောင်ငယ်လေး၏မျက်လုံးများကို ကြည့်ကာ သူ့နှလုံးသားထဲရှိ နာကျင်မှုကို တဖြည်းဖြည်း မျိုသိပ်ထားလိုက်သည်။ ထို့အပြင် သူ့မျက်လုံးထဲရှိ မှောင်မိုက်သည့် အကြည့်များက ရုတ်တရက် မြင့်တက်လာပြီး ပျောက်ကွယ်သွားလေသည်။ နောက်ဆုံးတွင် ဖောက်ထွင်းမမြင်နိုင်သော ရှုပ်ထွေးနက်နဲမှုတစ်ခုသာ ကျန်ရှိခဲ့၏။


အချိန်အတော်ကြာပြီး နောက်ဆုံး၌ သူ ဆုံးဖြတ်ချက်တစ်ခုခု ချလိုက်ပုံရ၏။


သူ ဖြည်းညှင်းစွာ ပြောလာသည်။

"အဲဒီကိစ္စတစ်ခုတည်းကြောင့်ဆိုရင် မင်း သီးသန့်ကြီး အိမ်ပြန်စရာမလိုပါဘူး…"


ကျီလင်က သူ့အား သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။


ကားလို့စ်၏ နှုတ်ခမ်းပါးများက အနည်းငယ် မြင့်တက်နေ၏။ သူ ကျီလင့်အား လေးလေးနက်နက် ကြည့်ကာ ပြောလိုက်သည်။

"ကိုယ်လည်းပဲ မင်းကို ညစာစားပွဲဆီ ခေါ်သွားပေးနိုင်ပါတယ်…"


........................


သူ့အား ညစာစားပွဲသို့ ခေါ်သွားပေးမည်ဟု ကားလို့စ်ကိုယ်တိုင် ကတိပေးခဲ့သောကြောင့် ကျီလင့်ထံတွင် အမှန်တကယ် ဤနေရာမှ ထွက်သွားခွင့်တောင်းဆိုရန် အကြောင်းပြချက်မရှိတော့ပေ။ ထို့ကြောင့် သူ ကားလို့စ်၏အိမ်တွင် ဆက်လက်နေထိုင်ဖြစ်ပြီး မနက်ဖြန်၌ အဆင်ပြေပြေ ဖြစ်သွားစေရန် ဆုတောင်းနေမိသည်။


နောက်တစ်နေ့၌ ကျီလင် နိုးလာပြီး မျက်လုံးများကို ပွတ်သပ်ကာ ခုတင်ပေါ်မှ ထထိုင်လိုက်ချိန်တွင် အစေခံများအား တွေ့လိုက်ရသည်။ ထိုသူတို့က အဝတ်အစားများကို ပြင်ဆင်ပေးရန် ရောက်လာခြင်းဖြစ်၏။ သူတို့က ကျီလင့်အား အဝတ်အစား ကူလဲပေးတော့မည့်အချိန်တွင် ကားလို့စ်က ဝင်လာပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်းတို့ ထွက်သွားတော့... ငါလုပ်လိုက်မယ်…"


ကျီလင်: "..."


လျှပ်စီးကဲသို့ ပျောက်ကွယ်သွားသော အစေခံများကို ကြည့်ကာ သူတို့အား ဆွဲမထားနိုင်ခဲ့ခြင်းကို မုန်းမိသည်။ သို့သော် နောက်ဆုံး၌ အကြောင်းပြချက်က စိတ်အားထက်သန်မှုကို အနိုင်ယူသွားခဲ့သည်။ သူ့မျက်လုံးပြူးလေးများဖြင့် ရိုးသားစွာ ကားလို့စ်ကို ကြည့်လိုက်ပြီး ဘာမှမပြောခဲ့ပေ။


ကားလို့စ်က ကောင်ငယ်လေး၏ မျက်လုံးများထဲရှိ တွေဝေပြီး အံ့သြနေသည့် အကြည့်ကိုကြည့်ကာ သူ့နှလုံးသားထဲတွင် ချစ်ခြင်းမေတ္တာနှင့် မနာလိုစိတ်များ ရောယှက်နေခဲ့သည်။ ထို့အပြင် သူ့မျက်လုံးများထဲရှိ ရှုပ်ထွေးသော စိတ်ခံစားမှုများကိုလည်း ဖုံးကွယ်ထားလိုက်သည်။ သူ အဝတ်အစားများကို ကောက်ကိုင်လိုက်ပြီး ကျီလင်၏ဘေးနားသို့ လျှောက်သွားကာ နူးညံ့သည့်အသံနှင့် ပြောလိုက်သည်။

"ဒီဝတ်စုံက ကိုယ် မင်းအတွက် အထူးရွေးပေးထားတာ... မင်းနဲ့ အရမ်းလိုက်ဖက်မှာ သေချာတယ်…"


ကျီလင်က သူ့အဝတ်အစားများကို ကူညီလဲလှယ်ပေးရန် အဆင်သင့်ဖြစ်နေသော ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် ဗီလိန်ကြီးကို ကြည့်လိုက်သည်။ အချိန်အတော်ကြာ တုံ့ဆိုင်းရုန်းကန်ပြီး နောက်ဆုံးတွင် ကျီလင်က သူ့သဘောအတိုင်း လိုက်နာရန် ရွေးချယ်လိုက်သည်။


စကားနားထောင်ပြီး လက်နှစ်ဖက်ကို ဖွင့်ကာ ကားလို့စ် ကိုင်ဆောင်ထားသော အဝတ်အစားများကို လဲဝတ်လိုက်သည်။


ကားလို့စ်က သူ့မျက်လုံးများကို အနည်းငယ် ငုံ့ကြည့်လိုက်သည်။ သွယ်လျသော သူ၏လက်ချောင်းများက ကျီလင့်အတွက် အရည်အသွေးကောင်းမွန်သည့် ကျောက်မျက်ရတနာဖြင့် ပြုလုပ်ထားသော ကြယ်သီးများကို ခိုင်မြဲစွာ တစ်လုံးပြီးတစ်လုံး ကူညီတပ်ဆင်ပေးခဲ့သည်။ လက်ဆန့်ထုတ်ပြီး ကျီလင်၏ပခုံးပေါ်ရှိ အတွန့်ရာများကို ဖယ်ရှားပေးခဲ့သည်။ ထို့နောက် သူ့အကြည့်များက တဖြည်းဖြည်း အောက်ဘက်သို့ ရွေ့လျားသွားပြီး ကောင်ငယ်လေး၏ ပြေပြစ်လှပသော လည်ပင်းပေါ်သို့ သက်ဆင်းသွားသည်။ ဤရှုထောင့်မှဆိုလျှင် ပုန်းကွယ်နေသည့် ညှပ်ရိုးများကို မြင်တွေ့နိုင်ပေ၏။ လှပပြီးနူးညံ့သည့် ညှပ်ရိုးများပင်။ ကားလို့စ် အနည်းငယ်မျှ ရပ်တန့်သွား၏။ ထို့နောက် နောက်ဆုံးကြယ်သီးကို တပ်ပေးလိုက်ပြီး သူ့လက်ကိုလွှတ်ကာ နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်လိုက်သည်။


ထို့နောက် သူ့ရှေ့မှ ကောင်ငယ်လေးကို ကြည့်လိုက်သည်။


ကောင်ငယ်လေးက ရွှေရောင်အနားကွပ်ထားသည့် အနည်းငယ် ဖြူစွတ်သော အပေါ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ နက်ပြာရောင်ကျောက်မျက်ရတနာ ကြယ်သီးများက သူ၏မျက်လုံးပြာပြာများဖြင့် ပနံသင့်နေ၏။ ခန္ဓာကိုယ်နှင့်ကွက်တိဖြစ်နေသော ဝတ်စုံက သွယ်လျသော သူ့ခန္ဓာကိုယ်ကို သေသပ်လှပစွာ ရစ်ပတ်ထားပြီး သူ၏ရွှေရောင် ဆံပင်တိုတိုလေးများကို ဖြီးကာ ဘေးဘက်သို့ချထားသည်။ ပြီးပြည့်စုံပြီး အထက်တန်းတန်လွန်းလှ၏။ ပန်းချီကားထဲက ခုန်ထွက်လာသော မင်းသားငယ်လေးတစ်ပါးကဲ့သို့ပင်။


ထို့အပြင် ဖြူစင်သန့်ရှင်းပြီး အပြစ်ကင်းစင်သော နတ်သားလေးတစ်ပါးကဲ့သို့ သူ့ရှေ့တွင် အကာအကွယ်မရှိ မတ်တတ်ရပ်နေသည်။


ကားလို့စ်၏လည်စေ့မှာ ခေတ္တမျှလှုပ်ရှားသွားသည်။ အချိန်အနည်းငယ်ကြာပြီးနောက် ကိုယ်ကို ကိုင်းညွတ်ပြီး ကျီလင့်ထံသို့ လက်ဆန့်ထုတ်ကာ ဖြူစင်ရိုးသားပြီး နက်နဲသော အကြည့်ဖြင့် ကျီလင်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ၏နှုတ်ခမ်းပါးများကို ဖွင့်ဟပြီး ပြောလိုက်သည်။

"ကိုယ်တို့ သွားဖို့ အချိန်ကျပြီ…"


ကျီလင် ခဏမျှ တုံ့ဆိုင်းသွား၏။ သို့သော် သူ့လက်ကို ကားလို့စ်၏လက်အတွင်းသို့ ထည့်လိုက်ဆဲဖြစ်ပြီး သူ့အား ဦးဆောင်ခေါ်သွားခွင့်ပြုလိုက်သည်။


မကြာမီမှာပင် ဟိုဗာကားမှာ နန်းတော်၏ဂိတ်တံခါးရှေ့၌ ရပ်တန့်သွားခဲ့သည်။


အင်ပါယာနန်းတော်သည်ကား အင်ပါယာတစ်ခုလုံးတွင် အာဏာအမြင့်ဆုံးသင်္ကေတဖြစ်၏။ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် အင်ပါယာမိသားစု၏ အာဏာကို စစ်ဆေးပြီး မျှခြေညီမျှစေရန် စစ်ဘက်ရေးရာဝန်ကြီးဌာနနှင့် ပါလီမန်များအဖွဲ့ စသည့်တို့နှင့်အတူ တရားမျှတပြီး ပြီးပြည့်စုံသော အစိုးရစနစ်တစ်ရပ် အင်ပါယာတွင် ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း ဧကရာဇ်သည်သာ အင်ပါယာ၏ အကြီးမြတ်ဆုံး အုပ်ချုပ်သူအဖြစ် လူတိုင်းက အသိအမှတ်ပြု လက်ခံထားဆဲပင်။ သို့ရာတွင် အမှန်တကယ်အားဖြင့် ဧကရာဇ်တိုင်း၏ အာဏာက ကိုယ်ပိုင်အစွမ်းအစနှင့် ခွဲခြား၍မရပေ။


အားနည်းသည့် ဧကရာဇ်က သြဇာအာဏာကို အထက်တန်းလွှာများနှင့် အညှာအတာကင်းမဲ့စွာ ခွဲဝေပိုင်ဆိုင်နေချိန်တွင် ဩဇာကြီးမားသော ဧကရာဇ်တစ်ပါး၌ ပိုပြီးပြောရေးဆိုခွင့် ရှိပေလိမ့်မည်။ 


ကျင်းဆွေ့ ထီးနန်းစိုးစံခဲ့သည်မှာ ဆယ်နှစ်ပင် မပြည့်သေးသော်လည်း ထိုသူက ဩဇာကြီးမားသော ဧကရာဇ်တစ်ပါးဖြစ်သည်မှာ သံသယဝင်စရာပင်မရှိပေ။ ကျင်းဆွေ့က SSS အဆင့်ရှိသည့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။ ထိုမျှသာမက တစ်ချိန်တည်းမှာပင် သူ၏ တည်ငြိမ်ပြီး အလျင်အမြန် ဆုံးဖြတ်ချက်ချနိုင်သည့် အရည်အချင်းများက သူ့အား စက်ဆုပ်ဖွယ်ကောင်းသော အထက်တန်းလွှာများ၏ မျက်လုံးများအကြားတွင် အခိုင်အမြဲ ရပ်တည်နိုင်ရန် အထောက်အပံ့ဖြစ်စေခဲ့သည်။ ထို့အပြင် ဘရန်ဒန်နှင့် အင်အားပေါင်းစည်းပြီးနောက် ၎င်းက ကားလို့စ်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။


ကျင်းဆွေ့က အင်ပါယာ၏ အနှစ်တစ်ထောင်ကြာ တည်မြဲနေသည့် အခြေအနေကို ချိုးဖျက်ပြီး အထက်တန်းလွှာများနှင့် သာမန်လူများကြား ဆက်ဆံရေးကို ပြောင်းလဲပစ်ချင်ခဲ့သည်။


ဤကိစ္စက လွယ်ကူသောကိစ္စဟု သတ်မှတ်၍မရပေ။ ပင်ကိုယ်စွမ်းရည်သာမက ရဲစွမ်းသတ္တိလည်း လိုအပ်ပေ၏။ သို့သော် ကျင်းဆွေ့တွင် ထိုအရာနှစ်မျိုးလုံး ရှိနေပေသည်။


သူရဲ့တည်ရှိမှုက ဒီစာအုပ်ထဲမှာ သြဇာအရှိဆုံး အဓိကဇာတ်ကောင်ပဲ...အားးး…


ကျီလင်က ကောင်းကင်ယံအထိ ရောက်လုနီးပါး မြင့်မားလှသော နန်းတော်၏ဂိတ်တံခါးကို မော့ကြည့်လိုက်သည်။ ယနေ့၏ ဇာတ်ကြောင်းနှင့် နောက်ထပ် ဆက်ဖြစ်လာမည့် အကြောင်းအရာကို စဉ်းစားလိုက်သည်။ ထို့နောက် သူ့စိတ်ကို တည်ငြိမ်အောင်ထားပြီး အထဲသို့ဝင်သွားလိုက်သည်။


အမျိုးမျိုးသော ကျော်ကြားသူများနှင့် အထက်တန်းလွှာများအားလုံးက သူတို့ ပတ်ပတ်လည်တွင် ဖြတ်သန်းသွားလာနေကြသည်။ သူတို့က ကားလို့စ်နှင့် ကားလို့စ်နောက်မှ လိုက်လာသည့် ကျီလင်တို့အား မြင်တွေ့လိုက်ချိန်၌ အားလုံးက သူ့အား လေးလေးစားစား အရိုအသေပေးကာ နှုတ်ဆက်လာကြသည်။


ကျီလင်က အပေါ်ယံတွင် ကောင်းကောင်း ပြုမူနေသော်လည်း သူ့မျက်လုံးများက အနည်းငယ် ဂဏာမငြိမ်ဖြစ်နေလေသည်။ သူ ကားလို့စ်ကို ချန်ထားခဲ့ရန် အခွင့်အရေးကို ရှာပြီး တစ်ယောက်တည်း လုပ်ဆောင်ရပေမည်။ မည်သို့ပင်ဆိုစေကာမူ ကားလို့စ်က သူ၏ကိုယ်ပိုင်မစ်ရှင်အတွက် မျက်စိထဲတွင် ထင်းထွက်နေပေသည်။ ကားလို့စ်နှင့် အတူရှိနေလျှင် နဉ်ယွီက စိတ်အားထက်သန်စွာ ရိုက်နှက်ခြင်းသာ ခံရပေလိမ့်မည်။


ဒီနေ့ရဲ့ 'ပါးရိုက်ခံရခြင်း' ဇာတ်ကွက်ကို ငါ ဘယ်လို ပြီးမြောက်အောင် လုပ်နိုင်တော့မှာလဲ...


ကားလို့စ်ကို ဖယ်ရှားပစ်ရမယ်...


ဤအတောအတွင်း ကားလို့စ်က သူ့ကို အနီးကပ် စောင့်ကြည့်နေသောကြောင့် ကျီလင် အနည်းငယ် စိုးရိမ်သွား၏။ သို့သော်လည်း နောက်ဆုံး၌ အချိန်အကြာကြီး မယူလိုက်ရဘဲ အခွင့်ကောင်းက ရောက်ရှိလာပေသည်။ ဒုတိယဗိုလ်ချုပ်ဟော့ခ်နှင့် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော အထက်အတန်းလွှာမှ လူအများအပြားက ကားလို့စ်ထံ လာရောက်နှုတ်ဆက်ခဲ့ကြသည်။


ကျီလင်က အခွင့်ကောင်းယူကာ ပြောလိုက်သည်။

"အန်ကယ်ကားလို့စ်... အရင်ဝင်သွားပြီး အန်ကယ် လုပ်စရာရှိတာ လုပ်လို့ရပါတယ်... ကျွန်တော် ကိုယ့်ဘာသာကိုယ်ပဲ ဝင်လိုက်မယ်…"


ကားလို့စ်က သဘောတူလိမ့်မည် မဟုတ်ဟု သူ ထင်လိုက်သည်။ ထို့ကြောင့် သူ့အဖေအား အကြောင်းပြချက်တစ်ခုအနေနှင့် ထုတ်သုံးမည့်ဆဲဆဲအချိန်၌ ကားလို့စ်က သူ့အား နူးညံ့စွာ ပြုံးပြလာသည်။

"ကောင်းပြီလေ…"


ကျီလင် အံ့ဩသွားရ၏။

ဘယ်လိုလုပ်ပြီး ကားလို့စ်က ဒီလောက်မြန်မြန် သဘောတူနိုင်တာလဲ...


သို့သော် သူ ထိုအကြောင်းနှင့် ပတ်သက်ပြီး အများကြီးစဉ်းစားမနေခဲ့ပေ။ နောက်ဆုံး၌ သူ ကားလို့စ်ကို ဖယ်ရှားနိုင်ခဲ့ပေပြီ။ ထို့ကြောင့် သူ အံ့သြသွားပြီး ထွက်လာခဲ့သည်။


အခုအချိန်ဆို ကျင်းဆွေ့နဲ့ နဉ်ယွီက တွေ့ပြီးသွားသင့်ပြီ ဟုတ်တယ်မလား...


ကားလို့စ်က မလှုပ်ရှားဘဲ တုတ်ချောင်းကို ကိုင်ထားသည့် သူ့လက်များသာ တင်းကျပ်သွားလေသည်။ ထို့နောက် အလျင်အမြန် ထွက်ခွာသွားသော ကျီလင်၏နောက်ကျောပြင်ကို လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး အေးစက်မှောင်မိုက်နေသော အရောင်အဝါက သူ့မျက်ဆံများအတွင်း ဖြတ်သန်းသွားလေသည်။


ရှေ့ဆက်သွားကြည့်လိုက်ပါ...


မင်း အရမ်းချစ်ရတဲ့သူက ဘယ်လောက်တောင် အေးစက်ပြီး အကြင်နာမဲ့လဲဆိုတာ မင်းမျက်လုံးတွေနဲ့ ကြည့်ကြည့်လိုက်စမ်းပါ...


ဒါဆို နောက်ဆုံးကျရင် မင်း ကိုယ့်ဆီ ပြန်လာလိမ့်မယ်...


........................


ကျီလင်က နန်းတော်နှင့်ပတ်သက်သည့် သူ့မှတ်ဉာဏ်များအတိုင်း လျှောက်သွားလိုက်သည်။ လှပခံ့ညားသော ဥယျာဉ်စင်္ကြံများကို ဖြတ်လျှောက်ကာ လှပသော ရေပန်းကို ဖြတ်သွားလိုက်သည်။ နောက်ဆုံး၌ သစ်ပင်ရိပ်အတွင်း ကျရောက်နေသော ရွှေရောင်မျက်လုံးများနှင့် ဆံပင်အနက်ရောင်ရှိသည့် အရပ်ရှည်ရှည် ယောက်ျားတစ်ယောက်၏ ပုံပန်းသဏ္ဍာန်ကို သူ တွေ့လိုက်ရသည်။


ကျီလင် သစ်ပင်ကြီးတစ်ပင်၏ နောက်သို့ ကမန်းကတန်း တိတ်တဆိတ် ပြေးပုန်းလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး နောက်တစ်ကြိမ် ပြန်ကြည့်ရန် ကြိုးစားလိုက်၏။


ထိုလူက နတ်ဘုရားတစ်ပါးကဲ့သို့ ချောမောခံ့ညားသည့် မျက်နှာကိုပိုင်ဆိုင်ထားပေသည်။ သူက ရှည်လျားလှသော အနက်ရောင်ဆံပင်များကို နောက်ကျောဘက်တွင် လျော့ရဲစွာ စည်းနှောင်ထားသည်။ ဖြောင့်စင်းနေသည့် မျက်ခုံးများအောက်တွင် ရွှေရောင်မျက်ဆံများက အေးစက်စက် အလင်းရောင်နှင့်အတူ တောက်ပနေသည်။ လူများက တိုက်ရိုက် မကြည့်ဝံ့သည်အထိ ထိုမျက်လုံးများက အလွန်စူးရှလှ၏။ ထို့အပြင် ဖျော့တော့သည့် နှုတ်ခမ်းပါးများနှင့် မြင့်မားဖြောင့်စင်းသည့် နှာတံတစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။ ထိုသူက မလှုပ်မရှားဘဲ မတ်တတ်ရပ်နေလျှင်ပင် အထက်တန်းကျပြီး ချီးကျူးလောက်ဖွယ် ရုပ်အသွင်အပြင်ကို ပိုင်ဆိုင်ထားဆဲပင်။ မည်သူမဆို ၎င်းကို လျစ်လျူရှုထားရန် မဖြစ်နိုင်ပေ။


ထိုသူမှာ ဤစာအုပ်၏ အဓိကဇာတ်ဆောင် အမျိုးသားတစ်ယောက်ဖြစ်သည့် ယနေ့ခေတ် အင်ပါယာ၏ အကြီးမြတ်ဆုံး အုပ်ချုပ်သူ——ဧကရာဇ်ကျင်းဆွေ့ပင်။



✨✨✨