Chapter 30
Viewers 3k

✨ Chapter 30

 ရန်စခြင်း



ကျီလင် အသက်တစ်ချက်ရှူလိုက်ပြီး သစ်ပင်အကြီးကြီးနောက်တွင် ပုန်းနေလိုက်သည်။ မကြာမီ နဉ်ယွီလည်း ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။


ရက်အနည်းငယ်ကြာပြီးနောက် နဉ်ယွီက ပြန်ပေးဆွဲခံရမှုကြောင့် ထိခိုက်ပုံမပေါ်တော့ဘဲ ချောမောနေဆဲပင်။ သူ၏အစိမ်းရောင်မျက်လုံးများက နူးညံ့ပြီး တည်ငြိမ်နေသည်။ နဉ်ယွီက ကျင်းဆွေ့ကို သေသေချာချာ မှတ်မိသွားပြီး လမ်းလျှောက်လာရင်း ပြုံးပြနှုတ်ဆက်လိုက်သည်။

"ဧကရာဇ်…"


ကျင်းဆွေ့က သူ့ကို လှည့်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် မြင့်တက်သွားသည်။

"မင်းပဲ…"


ကျီလင်က နှစ်ယောက်သား စကားပြောနေသည်ကို ဘေးမှ တိတ်တဆိတ်ကြည့်နေပြီး စိတ်လှုပ်ရှားလာ၏။


ဇာတ်ကွက်က နောက်ဆုံးတော့ မှန်သွားပြီ...


ကောင်းတယ်...


တွေ့ဆုံမှု၊ စကားဝိုင်းနှင့် နှစ်ဦးသား၏ အမူအရာ... အားလုံးက ယခင်ဘဝနှင့် တစ်ထပ်တည်းပင်။ ကျီလင်မှာ ဝမ်းသာမှုကြောင့် ငိုကြွေးလုနီးပါးပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။ ကြမ်းတမ်းလှသော ဗီလိန်များစွာကို ရင်ဆိုင်ပြီးနောက် နောက်ဆုံးတွင် ဇာတ်ကြောင်းအတိုင်း လိုက်ပါပြုလုပ်လိုသည့် တစ်စုံတစ်ယောက်ကို တွေ့ခဲ့ရပေပြီ။


သေချာတာပေါ့... ဇာတ်ဆောင် gong နဲ့ shou တို့က ယုံကြည်အားကိုးလို့ရတုန်းပဲ...


မင်းတို့က ငါ အိမ်ပြန်ဖို့အတွက် ငါ့ရဲ့မျှော်လင့်ချက်လေးပဲ... ဒီနိုင်ငံရပ်ခြားတိုင်းပြည်က ငါ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေပဲ...


ထိုနေရာတွင် ကျင်းဆွေ့နှင့် နဉ်ယွီက ခဏမျှ ရင်းရင်းနှီးနှီး စကားပြောခဲ့ကြသည်။ ထို့နောက် အကြောင်းတစ်ခုခုကြောင့် ကျင်းဆွေ့က ခေတ္တမျှ ထွက်သွားခဲ့သည်။


အဆင်ပြေပါတယ်... မကြာခင် သူ ပြန်လာမယ်ဆိုတာ သူ သိထားပြီးသား... ဖြစ်စဉ်အားလုံးရဲ့ အလယ်ပိုင်းက အဲဒီအခြေအနေကို အသုံးချဖို့ ငါ့အတွက် ပြီးပြည့်စုံတဲ့ စင်မြင့်တစ်ခုပဲ...


တကယ်တမ်း၌ ကျင်းဆွေ့နှင့်နဉ်ယွီတို့၏ စကားဝိုင်းနှင့် ပတ်သက်ပြီးပြောရလျှင် နားလည်မှုလွဲမှားနိုင်သည့် ရှင်းရှင်းလင်းလင်း မရှိသည့်အကြောင်းအရာမျိုးဟူ၍ ဘာမှမရှိခဲ့ပေ။ အပြန်အလှန် ချစ်ကြိုက်မှုအတွက်မူ ၎င်းက ယခုလောလောဆယ်၌ ထွက်ပြူစ အဖူးငယ်လေးမျှသာပင်။ ပို၍တန်ဖိုးထား လက်ခံသင့်ပေ၏။


ဤမြင်ကွင်းက အခြားသူများအတွက်မူ သာမန်ဟုသာ ထင်ရပြီး ကျင်းဆွေ့က သာမန်လူတန်းစားများ၏ စိတ်နှလုံးကို အရယူရန် နဉ်ယွီနှင့်ပူးပေါင်းနေခြင်း ဖြစ်မည်ဟုသာ ထင်မြင်ပေလိမ့်မည်။


သို့သော် မုန်းစရာကောင်းသော အမြှောက်စာ တစ်ယောက်ဖြစ်သည့် ကျီလင့်အတွက်မူ အန္တရာယ်ကို ဖိတ်ခေါ်ရန် ယုတ္တိတန်သည့် နည်လမ်းများ မလိုအပ်ခဲ့ပေ။


မင်းရဲ့ IQ ကို အတင်းအော့ဖ်လိုင်းလုပ်ပြီး ကျင်းဆွေ့နဲ့ ကောင်းကောင်းမွန်မွန် စကားပြောဖူးသူတိုင်းကို ပြဿနာသွားရှာလိုက်ရုံပဲ...


ငါ့ရဲ့အပြုအမူကို ကျင်းဆွေ့က မုန်းသွားလောက်လား...


ဆောရီး... အဲဒါက အရေးမကြီးဘူး...


ကျီလင်က ကျင်းဆွေ့ ထွက်ခွာသွားမည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ပြီး သူ့အမူအရာကို ပြင်ဆင်လိုက်သည်။ ထို့နောက် ကျီလင်က သစ်ပင်အောက်ရှိ နဉ်ယွီဆီသို့ တည်တည်ငြိမ်ငြိမ် လမ်းလျှောက်သွားပြီး ဒေါသကြီးသောအသံဖြင့် ပြောလိုက်သည်။

"ထပ်ပြီး မင်းပဲလား…"


နဉ်ယွီက ခေါင်းမော့ကြည့်လာသည်။ ရောက်ရှိလာသည့်သူမှာ ကျီလင်ဖြစ်ကြောင်း တွေ့လိုက်ရချိန်တွင် သူ့မျက်ခုံးများက သတိမထားမိလောက်အောင် အနည်းငယ် တွန့်သွားလေသည်။


ကျီလင်က သူ့ကို မနှစ်မြို့ဖွယ် စိုက်ကြည့်ရင်း ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"နိမ့်ကျတဲ့ သာမန်လူ... မင်းကို ဘယ်သူက ဒီကို လာခွင့်ပေးတာလဲ... ဧကရာဇ်ကို ဖြားယောင်းချင်တယ်ဆိုရင်တော့ လက်လျှော့လိုက်တော့… ဧကရာဇ်က မင်းကို သဘောကျမှာ မဟုတ်ဘူး…"


နဉ်ယွီက ကျီလင်ကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းပါးများက အနည်းငယ် စေ့ပိတ်သွားသည်။ ကျီလင်နှင့် လုံးဝ ပတ်သက်လိုစိတ်မရှိသည့် လွန်ကဲလှသော အမူအရာကို ဖော်ပြလာပြီး လှည့်ထွက်သွားလေသည်။


သို့သော် နောက်ဆုံး၌ ကျီလင်က အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်သည်။

သူ့ကို ဘယ်လိုလုပ် လွှတ်ပေးလိုက်ရမှာလဲ...


ကျီလင်က နဉ်ယွီ့အား လှမ်းဆွဲပြီး အော်ပြောလိုက်သည်။

"မင်း ဘယ်သွားမလို့လဲ... အဲဒီ့မှာ ရပ်လိုက်စမ်း…"


နဉ်ယွီ၏ အင်္ကျီစမှာ ကျီလင်၏ဆွဲထားခြင်းကို ခံထားရသောကြောင့် ရပ်တန့်ရုံသာ တတ်နိုင်တော့၏။ သူ့အား မာန်ဖီပြနေသည့် ရုပ်ဆိုးဆိုး သားရဲတစ်ကောင်ကဲ့သို့ မာနကြီးပြီး ကြောက်ရွံ့ခြင်းမရှိသည့် ကောင်ငယ်လေးကို ပြန်လှည်ကြည့်လိုက်သည်။ သူ ရုတ်တရက် ဒေါသတကြီး ရယ်မောလိုက်သည်။

"ငါ့ကို လွှတ်ပေး…"


ကျီလင် သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"မလွှတ်ဘူး…"


နဉ်ယွီက သူ့အား အေးစက်သည့်အမူအရာဖြင့် ပြန်ကြည့်လာသည်။


နဉ်ယွီက သူ့အား ဘာမှပြန်လုပ်နိုင်သည့်ပုံ မပေါ်သောကြောင့် ကျီလင် ကြောက်ရွံ့နေလိမ့်မည် မဟုတ်ပေ။ ကျီလင်က စံနှုန်းပြည့်မီသော မုန်းစရာ အမြှောက်စာဇာတ်ကောင်၏ မနာလိုစိတ်ပြင်းပြသည့် အကြည့်ကို စိတ်အားတက်ကြွစွာ ဖော်ပြပြီး အော်ပြောလိုက်သည်။

"မင်း နောက်တစ်ခါ ဧကရာဇ်နားကို ချဉ်းကပ်ရဲရင် ငါက သေချာပေါက် ဒီအတိုင်းလွှတ်မပေးဘူး... နောက်တစ်ကြိမ်ဆိုရင်တော့ တစ်ယောက်ယောက်က လာကယ်ပေးရလောက်အောင် မင်း သိပ်ကံကောင်းနေမှာ မဟုတ်တော့ဘူး…"


နဉ်ယွီက မျက်လုံးများကို ငုံ့ပြီး သူ့ကို ကြည့်လာသည်။ သူ့နှုတ်ခမ်းထောင့်များက မြင့်တက်သွားပြီး အဓိပ္ပါယ်ပါသည့် အသံတစ်ခုဖြင့် ပြောလာသည်။

"တကယ်လား…"


၎င်းအသံက နွေးထွေးလှသည့် သူ၏ပုံမှန်အသံ ဖြစ်သော်လည်း တိုင်းတာ၍မရနိုင်သော အေးစက်စက် အကြွင်းအကျန်တစ်ခုနှင့် ရောနှောနေ၏။ တက်သစ်စ နေရောင်ခြည်အောက်တွင် ကွယ်ဝှက်ထားသော ရေအနက်ထောင်ပေါင်းများစွာ၏ အောက်ခြေရှိ ရေအေးစီးကြောင်းတစ်ခုသကဲ့သို့ပင်။ ကျီလင်မှာ တုန်လှုပ်သွားရသည်။ သူ၏ခြေဖဝါးအောက်ခြေမှ ကြောက်ရွံ့မှုဒေါသကို ခံစားလိုက်ရသည်။


ဒါ—ဒါက ငါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲဖြစ်ရမယ်... ဘယ်လိုလုပ် ချစ်စရာကောင်းပြီး ရိုးသားတဲ့ ဇာတ်လိုက်လေးက ဒီလိုကြောက်စရာကောင်းတဲ့ အသံကို လုပ်နိုင်မှာလဲ...


ကျီလင် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ဆက်ပြောရမည့် စာသားများကို မေ့လုနီးပါးပင် ဖြစ်သွားခဲ့သည်။


ကံကောင်းစွာဖြင့် ထိုအချိန်တွင် ကျင်းဆွေ့က နောက်တစ်ကြိမ် ပေါ်လာပြန်သည်။


ကျီလင်၏မျက်လုံးထောင့်မှ သူ့ထံသို့ လျှောက်လှမ်းလာသော ကျင်းဆွေ့ကို ဖြတ်ခနဲမြင်လိုက်ရပြီး သူ့အမူအရာမှာ အသိစိတ်ပြန်ကပ်သွားခဲ့သည်။ ကျီလင်က စကားပြောနေသည်ကို ရပ်လိုက်ပြီး နဉ်ယွီကို ပါးရိုက်ရန် လက်ဖဝါးကို မြှောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ အော်ဟစ်ပြောဆိုလိုက်သည်။

"ကိုယ့်အဆင့်ကိုယ်သိပြီး ဧကရာဇ်နဲ့ ဝေးဝေးနေစမ်း…"


မျှော်လင့်ထားသည့်အတိုင်း ထိုရိုက်ချက်မှာ ကျရှုံးသွားခဲ့သည်။


ကျီလင် သူ့လက်ကောက်ဝတ်အား ပြင်းထန်စွာ ဆုပ်ကိုင်ခံထားရသည်ကို ခံစားမိသည်။ ကျီလင် ခေါင်းမော့လိုက်ချိန်တွင် သူ့မျက်လုံးများက အေးစက်သော ရွှေရောင်မျက်ဆံများနှင့် ဆုံတွေ့လိုက်ရသည်။ ထိုလူ၏ လျစ်လျူရှုထားသော မျက်လုံးများက သူ့ကို ပေါ့ပါးစွာ ကြည့်နေသည်မှာ အူထဲအသည်းထဲအထိ အေးစက်သွားစေသည်။


အဆင်မပြေမှုများစွာကို ကြုံတွေ့ခဲ့ရပြီးနောက် ကျီလင်မှာ အလွန်ပူးပေါင်းလုပ်ဆောင်တတ်ပြီး ယုံကြည်စိတ်ချရသော ဇာတ်ကောင်တစ်ဦးနှင့် နောက်ဆုံးတွင် တွေ့ဆုံခဲ့ရပေသည်။ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး သူ့မျက်လုံးများက နီရဲလာကာ ပျော်ရွှင်မှုကြောင့် မျက်ရည်များ ထွက်ကျမလာစေရန် ထိန်းထားရသည်။ ထို့နောက် တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

"ဧ-ဧကရာဇ်..."


ကျင်းဆွေ့၏နှုတ်ခမ်းပါးများက အနည်းငယ် စေ့ပိတ်ထားပြီး စိတ်မရှည်မှုများက သူ့ရွှေရောင်မျက်ဆံများထဲတွင် တောက်လောင်နေသည်။ အကယ်၍ မြို့စားကြီးကျီထင်၏ မျက်နှာကိုသာ မထောက်ထားခဲ့ပါက ကျီထင့်အပေါ် ကျင်းဆွေ့၏ သည်းခံနိုင်မှုအတိုင်းအတာက ကုန်းခမ်းသွားသည်မှာ အတော်ကြာပြီဖြစ်၏။ ကျင်းဆွေ့က မျက်မှောင်ကြုတ်လိုက်ပြီး တင်းမာစွာပြောလာသည်။

"မင်း ဘာတွေလုပ်နေတာလဲ…"


ထိုစကားများကို ကြားလိုက်ရချိန်တွင် ကျီလင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။ သူ ဝမ်းနည်းပြီး တုန်လှုပ်သွားဟန်ဆောင်ကာ ရေရွတ်ပြောဆိုလိုက်သည်။

"ဧကရာဇ်...ခင်ဗျားက ဒီလိုသာမာန်ဇာတ်နိမ့်လေး တစ်ယောက်အတွက်နဲ့ ကျွန်တော့်ကို တကယ်ကြီး အပြစ်တင်နေတာလား"


ကျင်းဆွေ့၏ မျက်လုံးများထဲရှိ အကြည့်များက ပိုမိုအေးစက်လာသည်။ ဆုပ်ကိုင်ထားသည့်လက်များက ပို၍ပင်တင်းကျပ်သွားပြီး ကျီလင်၏ မျက်လုံးများအား ငုံ့ကြည့်လိုက်သည်။ သူ့အသံထဲတွင် ကွယ်ဝှက်ထားသော သတိပေးချက်တစ်ခုပါရှိပြီး အေးစက်ကာ အကြင်နာမဲ့လှ၏။

"မင်း နောက်တစ်ကြိမ် ဒီလိုမျိုး ဆက်ပြီး မိုက်မိုက်မဲမဲ ပြုမူနေရင်တော့ ငါ မြို့စားကြီးကျီထင်ကို ပြောပြီး မင်းကို ကောင်းကောင်း ဆုံးမခိုင်းရမယ်…"


ကျင်းဆွေ့က နဉ်ယွီအကြောင်း အစမှအဆုံးတိုင် တစ်ခွန်းမျှမပြောခဲ့သော်ငြား နဉ်ယွီအပေါ် သူ၏ကာကွယ်ပေးမှုနှင့် ကျီလင့်အပေါ် သူ၏အထင်အမြင်သေးမှုတို့ကို အတိုင်းသားမြင်နေရသည်။ သူ၏တည်ငြိမ်အေးစက်မှုက ကျီလင်၏ ရည်ရွယ်ချက်ရှိရှိ အပြစ်ရှာမှုကို ရယ်စရာကောင်းစေပြီး ဆင်ခြင်တုံတရားမဲ့သည့်ပုံပေါ်စေသည်။


ကျင်းဆွေ့၏ မျက်လုံးများထဲတွင် ကျီလင်က နေရာတိုင်းတွင် သူ့အတွက် ဒုက္ခဖြစ်စေသည့် ခုန်ပေါက်နေသော လူရွှင်တော်တစ်ဦးမျှသာ ဖြစ်နိုင်ပေ၏။


အာ ဒီအထင်သေးတဲ့ စကားတွေက မူရင်းစာအုပ်ထဲကအတိုင်း အတိအကျကို တူညီတာပဲ...


ကျီလင်၏မျက်ရည်များက ရေပန်းကဲ့သို့ ဖြာထွက်လုနီးပါးပင်။


ပုံမှန်မဟုတ်သည့် ဗီလိန်များ ဆယ့်တစ်မီလီယံလောက် ရှိလျှင်ပင် gong နှင့် shou တို့က ဇာတ်ကြောင်းအတိုင်း လိုက်ပါပြီး မှန်ကန်သည့်စကားများကို ပြောနိုင်သရွေ့ ကျီလင်က ဤမစ်ရှင်ကို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း တွေးတောမိသည်။


ကျီလင်က ကျင်းဆွေ့၏ အေးစက်စက်မျက်နှာကို ကြည့်လိုက်သော်လည်း အောင်ပွဲ၏ အလင်းရောင်ကို မြင်လိုက်ရသကဲ့သို့ပင်။


တစ်စုံတစ်ယောက်၏ အမှောင်မိုက်ဆုံးအချိန်တွင် မှိန်ဖျော့ဖျော့ လင်းလက်နေသော မျှော်လင့်ချက်အလင်းရောင်တစ်ခုကဲ့သို့ပင်။


ဤကဲ့သို့သင့်လျော်သော မြင်ကွင်းမျိုးနှင့် ကြုံတွေ့ရသည်မှာ ရှားလှ၏။ ကျီလင်က အနည်းငယ် ဆက်ကစားရန် ပြင်ဆင်လိုက်သည်။ သို့သော် သူစကားပြောရန် အခွင့်အရေးမရမီ ဘေးဘက်မှ ဒေါသသံစွက်နေသည့် အသံစူးစူးကို ရုတ်တရက် သူ ကြားလိုက်ရသည်။

"ကျင်းဆွေ့…"


ဘယ်သူလဲ... ဘယ်သူကများ ဒီလိုမျိုးအတင့်ရဲပြီး ဧကရာဇ်ကို နာမည်တပ်ခေါ်ရဲတာလဲ...


ကျီလင် အထိတ်တလန့်ဖြင့် လှည့်ကြည့်လိုက်ရာ အနက်ရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဘရန်ဒန်ကို တွေ့လိုက်ရသည်။ သူ့အမူအရာက အေးစက်နေပြီး ခြေလှမ်းအကျဲကြီးများဖြင့် ရှေ့သို့လျှောက်လှမ်းလာသည်။ သူ၏ မီးခိုးရောင် မျက်ဆံများထဲတွင် ဖုံးကွယ်မထားသော ဒေါသတရားကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။


ကျီလင် အံ့အားသင့်သွား၏။ ယခင်ဘဝက ဘရန်ဒန်မှာ ဤနေရာတွင် လုံးဝ ပေါ်လာခဲ့ပေ။

ဒါက ငါနဲ့ကျင်းဆွေ့ကြားက နှစ်ယောက်တွဲ သရုပ်ဆောင်မှုတစ်ခုလေ... ခင်ဗျားက ဒီမှာ ဘာလုပ်နေတာလဲ...အားးး


မျက်စိတစ်မှိတ်အတွင်းမှာပင် ဘရန်ဒန်က သူ့ရှေ့သို့ ရောက်ရှိလာသည်။ သူ၏ အရပ်ရှည်သည့် ခန္ဓာကိုယ်ကြီးကို ကျီလင့်အရှေ့တွင် ကာကွယ်ပိတ်ဆို့လိုက်ပြီး လက်ကိုမြှောက်ကာ ကျီလင့်အား ဆုပ်ကိုင်ထားသော ကျင်းဆွေ့၏ လက်ကောက်ဝတ်ကို တင်းကြပ်စွာ ပြန်လည်ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ရှောင်ရှားခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ကျင်းဆွေ့အား သူ၏မီးခိုးရောင် မျက်လုံးများနှင့် စိုက်ကြည့်ကာ စကားတစ်ခွန်းချင်းစီ ပြောလိုက်သည်။

"သူ့လက်ကို လွှတ်လိုက်…"


ကျီလင်: "..."


ကျင်းဆွေ့က သူ့မျက်လုံးများကို ပင့်ကြည့်လာပြီး သူ့မျက်လုံးများထဲတွင် နားမလည်နိုင်သည့် အကြည့်များက ဖျတ်ခနဲ ဖြတ်ပြေးသွား၏။ သို့သော် ကျင်းဆွေ့က သူ့လက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး ဘရန်ဒန်ကို အလေးအနက် ကြည့်လာသည်။


နောက်ဆုံး၌ ကျင်းဆွေ့က သူ့လက်အား လွှတ်လိုက်သည်ကို မြင်လိုက်ရချိန်တွင် ဘရန်ဒန်က ကျင်းဆွေ့ကို ဦးစွာ အပြစ်တင်ရန် စိတ်မကူးနိုင်အားသေးပေ။ ဒိုင်းကာသဖွယ် သူ့နောက်၌ ကာကွယ်ပေးထားသော ကောင်ငယ်လေးကို အမြန်ပြန်လှည့်ကြည့်လိုက်သည်။ ကောင်ငယ်လေး၏ မျက်လုံးများက နီရဲနေပြီး ငိုမဲ့မဲ့အကြည့်များဖြင့် သူ့ကိုကြည့်နေလေသည်။ ထို့အပြင် ကောင်ငယ်လေး၏ လက်ကောက်ဝတ်ဖြူဖြူပေါ်၌ ဖျစ်ညှစ်ခံထားရသောကြောင့် အနီရောင်အမှတ်ရာတစ်ခု ထင်နေပေ၏။ ၎င်းအမှတ်ရာက ကျင်းဆွေ့၏ သနားညှာတာမှုကင်းမဲ့ကြောင်းကို ဖော်ပြနေပြီး ယင်းအရာအားလုံးက ဘရန်ဒန်၏ နှလုံးသားကို နာကျင်စေသည်။


ကျင်းဆွေ့က အရမ်းအရမ်းကို လွန်လွန်းအားကြီးတယ်... ဘယ်လိုလုပ်ပြီး ကျီလင်ကို ဒီလို ဆက်ဆံနိုင်ရတာလဲ...


ယခင်ဘဝ၌ သူက ကျီလင်ကို လုံးဝ ဂရုမစိုက်ခဲ့ခြင်းကြောင့် ညစာစားပွဲတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို သတိမထားမိခဲ့ပေ။ ညစာစားပွဲပြီးမှသာ ထိုကိစ္စက ပျံ့နှံ့သွားခဲ့သည်။ ညစာစားပွဲ၌ ကျီလင်က နဉ်ယွီကို အရှက်ခွဲခဲ့သောကြောင့် ကျီလင်က ဧကရာဇ်ထံမှ အပြစ်ပေးခံခဲ့ရကြောင်း လူတိုင်း သိသွားခဲ့ကြသည်။ ထိုအချိန်မှသာ သူက ထိုနေရာတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို သိရှိသွားခဲ့သည်။ သို့သော်လည်း သူ ထိုအချိန်က အနှီအကြောင်းအရာကို ကြားခဲ့ရသော်လည်း ရယ်မောရုံသာရယ်မောနေခဲ့သည်။


ပြန်လည်မွေးဖွားလာပြီးနောက် အဖြစ်အပျက်ဟောင်းများက သူ့အလိုလို တစ်ကြော့ပြန်ဖြစ်လာပြီး ကောင်ငယ်လေးကို ထိခိုက်သွားမည်အား စိုးရိမ်မိသည်။ ထို့ကြောင့်ပင် ဘရန်ဒန် အပြေးအလွှားရောက်လာခဲ့သော်လည်း ခြေတစ်လှမ်းနောက်ကျသွားခဲ့ရသည်။


သူ ဤအရာအားလုံးကို ရပ်တန့်ခဲ့သင့်ပေ၏။


ကျီလင်က ဘရန်ဒန်၏ မျက်လုံးများထဲရှိ စိတ်ပူပြီး စိုးရိမ်နေသော အကြည့်ကို ကြည့်လိုက်သည်။ ဤတစ်ကြိမ်၌ ဘရန်ဒန်၏ ခုခံမှုမှာ သိသာထင်ရှားလွန်းလှ၏။ ပုံရိပ်က အလွန်ဆန့်ကျင်ဘက် ဖြစ်နေသဖြင့် ကျီလင်၏ ဦးနှောက်ကို ခဏမျှ မစဉ်းစားနိုင် ဖြစ်သွားခဲ့ရသည်။

အမြဲတမ်း အေးစက်နေတဲ့ ဒီသွေးအေးစစ်သားက ငါ့လို လူပေါ်ကြော့ကို တကယ်ကြီး ကာကွယ်ပေးခဲ့တယ်ပေါ့...


ကယ်ကြပါဦး... သူက တကယ်ကြီးကို ပြန်လည်မွေးဖွားလာတာ မဖြစ်နိုင်ဘူး...


ဒါပေမယ့် ခင်ဗျားဘာသာခင်ဗျား ပြန်လည်မွေးဖွား လာရင်တောင်မှ ဘာလို့ ကျွန်တော်နဲ့ ခပ်ဝေးဝေးမှာ မနေတာလဲ... ကျွန်တော်က ခင်ဗျားကို ဒုက္ခပေးခဲ့တဲ့ မုန်းစရာ လူပေါ်ကြော့ကောင်လေ... ဒါပေမဲ့ အဲဒီ့အစား ကျွန်တော့်အတွက်နဲ့ ကျင်းဆွေ့ကို အတိုက်အခံတောင် လုပ်နေသေးတယ်...အားးး သူက ခင်ဗျားရဲ့ အချစ်ဆုံးသူငယ်ချင်း မဟုတ်ဘူးလား...


ဘရန်ဒန်၏ လုပ်ရပ်ကို ကျီလင် တွေးလိုက်မိသည်နှင့် သူ့မျက်ရည်များက အဟန့်အတားမရှိ စီးကျလုနီးပါး ဖြစ်သွားရသော်လည်း သူ ကျင်းဆွေ့၏ အေးစက်စက် မျက်နှာထားကို တိတ်တဆိတ် ကြည့်လိုက်မိသည်။ အားတက်စရာအနေဖြင့် အနည်းဆုံး ဇာတ်လိုက်က ပုံမှန်ဖြစ်နေဆဲပင်။


စိတ်အေးအေးထားစမ်း... လန့်မသွားနဲ့...


ငါ ဆက်လုပ်နိုင်သေးတယ်...


ကျီလင်က ဘရန်ဒန်အား မမြင်ချင်ဟန်ဆောင်ထားလိုက်ပြီး သူ့နှုတ်ခမ်းကို ကိုက်ကာ ကျင်းဆွေ့အား ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ သူ၏ဝမ်းနည်းပူဆွေးမှုကို ခေါင်းမာမာဖြင့် သည်းခံထားနေရသကဲ့သို့ပင်။


ကျင်းဆွေ့က သူ့ထံသို့ မျက်လုံးထောင့်မှ အကြည့်ကလေး တစ်ချက်မျှပင် မစွန့်ကြဲခဲ့ပေ။ သို့သော် ၎င်းအစား ကျင်းဆွေ့က သူ့လက်နှစ်ဖက်ကို နောက်သို့ပစ်ထားကာ ဘရန်ဒန်ကို အလေးအနက် စိုက်ကြည့်ပြီး ဖြည်းညှင်းစွာ ပြောလာသည်။

"ဘာလို့ မင်းက ဒီမှာရှိနေတာလဲ…"


ဘရန်ဒန်က ကျီလင်၏ မြဲမြံကာခေါင်းမာပြီး ဝမ်းနည်းနေသော မျက်လုံးများကို ကြည့်ကာ သူ့စိတ်ထဲတွင် စိတ်မကောင်းဖြစ်သွားသည်။ ထိုအချိန်က ကျင်းဆွေ့၏ တဲ့တိုးဆန်ဆန် စကားများကို ကြားလိုက်ရချိန်တွင် ဗုံးစနက်တံကို ဖြုတ်လိုက်သကဲ့သို့ သူ့ရင်ထဲ၌ မကျေနပ်မှုများက ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။


ကျီလင်က မင်းကို ဘယ်လောက်ချစ်လဲဆိုတာ မင်း ရှင်းရှင်းလင်းလင်း နားလည်ပါတယ်... မင်းကို သူ့အတွက် နည်းနည်းလောက်ပိုပြီး အာရုံစိုက်စေချင်ပြီး သူ့အတွက် ပိုကြည့်လာစေချင်ရုံပဲ သူက လိုအပ်တာပါ... ဒါပေမဲ့ မင်းက သူ့ကို အမြဲတမ်း စက်ဆုပ်ရွံရှာပြီး အထင်အမြင်သေးခဲ့တယ်... သူ့နှလုံးသားကိုလည်း နင်းချေလိုက်သေးတယ်...


သူ့နှလုံးသားကိုလည်း စွန့်ပစ်လိုက်တယ်...


အရင်ဘဝက သူ ဘယ်လိုသေဆုံးသွားလဲဆိုတာ မင်း သိရဲ့လား... မင်းက သူ့ကို ဒီလိုမျိုးနာကျင်စေခဲ့တာတောင် သူက မင်းအတွက် သူ့အသက်ကို ပေးဆပ်ချင်နေတုန်းပဲ...


ဒါပေမဲ့ မင်း ဂရုစိုက်ခဲ့လို့လား... ဂရုမစိုက်ခဲ့ဘူးလေ...



✨✨✨