Chapter 31
Viewers 3k

Chapter 31



ကောင်ငယ်လေးတစ်ယောက်ရဲ့ ဖြူစင်ရိုးသားမှုကို ဒီလိုမျိုး မတုံ့ပြန်သင့်ဘူး...


ဘရန်ဒန်က ရင်ဘတ်ထဲတွင် တလိပ်လိပ်တက်လာသော ဒေါသများကို သည်းခံပြီး ကျင်းဆွေ့ကို အေးစက်စွာ ကြည့်ကာ လှောင်ပြောင်သံ တစ်ချက် ပြုလိုက်သည်။

"ဧကရာဇ်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ကလေးတစ်ယောက်နဲ့ ဒီလိုမျိုး အငြင်းပွားနေတာက မသင့်တော်ဘူးလေ ဟုတ်တယ်မလား…"


ကျင်းဆွေ့၏ မျက်လုံးများက အနည်းငယ် ပြင်းထန်သိပ်သည်းသွားပြီး ဘရန်ဒန်အား စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ မကြာသေးမီက ဘရန်ဒန် မူမမှန်သည်ကို သတိထားမိသည်။ ၎င်းကို ဤအခိုက်အတန့်က အတည်ပြုပေးလိုက်သော်လည်း ပဟေဠိမေးခွန်းများက ပေါ်ပေါက်လာဆဲပင်။

တစ်ချိန်က သူ အမုန်းဆုံး လူပေါ်ကြော့ကောင်ကို ဘရန်ဒန်က ဘာကြောင့် ကာကွယ်ပေးရတာလဲ... အဲဒါအပြင် မင်းရဲ့ရဲဘော်ရဲဘက်တွေကိုလည်း လျစ်လျူရှုထားတယ်ပေါ့...


ဤသည်မှာ လုံးဝ ယုတ္တိမတန်လှပေ။


ဘရန်ဒန် ကာကွယ်ပေးသင့်သော သူမှာ နဉ်ယွီသာဖြစ်၏။


ကျင်းဆွေ့က ခေါင်းလှည့်ကာ နဉ်ယွီကို လှည့်ကြည့်လိုက်သည်။ ထိုသူက လွန်ခဲ့သော အခိုက်အတန့်ကတည်းက စကားတစ်ခွန်းမျှ ဝင်မပြောဘဲ သူ၏တည်ရှိမှုမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး မျက်လွှာများချထားလေသည်။ ၎င်းကိုမြင်ပြီး ကျင်းဆွေ့ မျက်မှောင်ကြုတ်လိုက်မိသည်။


နဉ်ယွီကို ကြည့်ရသည်မှာ အံ့သြသွားပုံမရပေ။


ထိုနေရာတွင် တိတ်တဆိတ် ရပ်နေသည်မှာ ဘေးမှကြည့်နေသူတစ်ယောက်ကဲ့သို့ပင်။


ခဏကြာပြီးနောက် ကျင်းဆွေ့က လှည့်လာပြီး ပေါ့ပေါ့ပါးပါး ပြောလာသည်။

"မင်းကတောင် ပြောလာပြီဆိုတော့ ငါလည်း ဒီထက်ပိုပြီး ဂရုစိုက်မနေတော့ဘူး…"


ကျင်းဆွေ့က ကျီလင်၏ အဓိပ္ပါယ်မဲ့သော စကားများကို ရွံရှာနေခဲ့သည်။ ဤတစ်ကြိမ်တွင် ကျီလင်က နဉ်ယွီကို မိုက်မဲစွာရန်စရန် ရောက်လာခဲ့ပြီး သူ့အကြံအစည်ကို နှောင့်ယှက်ခဲ့သောကြောင့် ကျီထင်အား သူ့ကို(ကျီလင်) ဆုံးမခိုင်းမည်ဟု ကျင်းဆွေ့က ပြောဆိုခဲ့သည်။ သို့သော် ဘရန်ဒန်က ကန့်ကွက်ခဲ့ပြီး နဉ်ယွီ့တွင်လည်း မည်သည့်ထင်မြင်ချက် သဘောထားမှ မရှိသောကြောင့် ၎င်းအတွက်ဖြင့် ဘရန်ဒန် စိတ်မကျေနပ်ဖြစ်သွားစေရန် လုပ်စရာမလိုအပ်ပေ။


စစ်ဘက်ဆိုင်ရာဌာန၌ သူ့အပေါ် ဘရန်ဒန်၏ ပံ့ပိုးကူညီမှုနှင့် နှိုင်းယှဉ်ပါက ကျီလင်၏ကိစ္စမှာ အလွန်သေးငယ်လှသောကြောင့် ဖော်ပြရန်မထိုက်တန်ပေ။


ကျင်းဆွေ့က ထိုကိစ္စကို လက်လျှော့ရန် စီစဉ်ထားခဲ့သော်လည်း ကျီလင်မှာ ထိုသို့ပြုလုပ်လိုစိတ်မရှိပေ။ ဤကဲ့သို့ကောင်းမွန်သော အခွင့်အရေးနှင့် ကြုံတွေ့ရသည်မှာ မလွယ်ကူလှပေ။

အဲဒါကို ဖျက်ဆီးပစ်ဖို့ ဘယ်လိုလုပ်ပြီး ဘရန်ဒန်ကို ခွင့်ပြုပေးရမှာလဲ...


ကျီလင်က ချက်ချင်း ရှေ့သို့တိုးသွားကာ နီရဲနေသော မျက်လုံးများဖြင့် ကျင်းဆွေ့ကို ကြည့်လိုက်ပြီး နှိမ့်ချစွာ စောဒကတက်လိုက်သည်။

"ကျွန်တော် လုပ်တာက ဘယ်နေရာမှာ မှားနေလို့လဲ... ကျွန်တော် မမှားဘူးမလား... ဒီဇာတ်နိမ့် သာမာန်လူတစ်ယောက်ကို ပါးရိုက်လို့မရဘူးလား…"


ကျင်းဆွေ့၏ မျက်လုံးများက အနည်းငယ် အေးစက်သွားပြီး သူ့နှုတ်ခမ်းပါးများက စေ့ပိတ်သွား၏။ သူ့နှလုံးသားထဲရှိ စိတ်မရှည်မှုကို ချိုးနှိမ်ထားသကဲ့သို့ပင်။


ဘရန်ဒန်က ကျီလင်၏ တုံ့ဆိုင်းသွားမှုကို မြင်လိုက်ရချိန်တွင် စိတ်သောကရောက်ပြီး ကူကယ်ရာမဲ့သွားခဲ့သည်။ ကောင်ငယ်လေးက ကျင်းဆွေ့ကို အလွန်အမင်း ချစ်မြတ်နိုးကြောင်း သူ သိပေသည်။ သို့သော်လည်း ထိုသို့ပြုလုပ်ခြင်းက သူသည် ဒေါသကြီးပြီး ဆင်ခြင်တုံတရားမဲ့သူ ဖြစ်ကြောင်းကိုသာ ဖော်ပြနိုင်မည်ဖြစ်၏။


လေထုအခြေအနေက တစ်နည်းနည်းဖြင့် ငြိမ်သက်သွားချိန်တွင် ဘေးဘက်ဆီမှ အေးစက်စက်အသံတစ်သံက ပေါ်ထွက်လာလေသည်။


ကားလို့စ်က အနက်ရောင် အဝတ်အစားများကို ၀တ်ဆင်ထားပြီး သူ၏ကိုယ်ဟန်အနေအထားမှာ တည်ငြိမ်ပြီး ကျက်သရေရှိလှ၏။ လက်နှစ်ဘက်စလုံးဖြင့် ငွေမှင်ရောင် တုတ်ချောင်းကို ကိုင်ဆောင်ထားပြီး သစ်ပင်ပင်စည်အား ပျင်းရိလေးတွဲစွာ မှီထားသည်။ ကားလို့စ်က ဘေးနားတွင် မည်မျှကြာအောင် ကြည့်နေသည်ကို ကျီလင် မသိပေ။ ထို့အပြင် ယခုအချိန်၌ သူ့ပါးစပ်ထောင့်များက အနည်းငယ် မြင့်တက်နေသည်။ သူ့ခေါင်းကို မော့လိုက်ပြီး လှောင်ရယ်သံတစ်ချက် ပြုလိုက်သည်။

"အချစ်ကလေး ပြောတာမှန်တယ်... သူက နိမ့်ကျတဲ့ သာမန်လူတစ်ယောက်ပဲလေ... ဘာလို့ ပါးရိုက်လို့ မရမှာလဲ…"


ကျင်းဆွေ့၏ မျက်ဆံများက ကျုံ့သွားပြီး မျက်လုံးများက အေးစက်လာကာ ကားလို့စ်ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။


တစ်ချိန်တည်းမှာပင် ဘရန်ဒန်ကလည်း ဒေါသတကြီး စိုက်ကြည့်လာသည်။ ယခင်ဘဝက အပြစ်ရှိစိတ်အားလုံးကြောင့် ဘရန်ဒန်၏ နှလုံးသားထဲရှိ ချိန်ခွင်လျှာက ယိမ်းယိုင်သွားပြီး ကျီလင်နှင့် နဉ်ယွီအကြား၌ ကျီလင်ကို ကာကွယ်ရန် ဘရန်ဒန်က ရွေးချယ်ခဲ့ပေသည်။ သို့သော်ငြားလည်း ၎င်းက မျိုးမစစ် ကားလို့စ်အား သူ၏ရဲဘော်ရဲဘက်ကို အရှက်ခွဲခွင့်ပြုမည်ဟု မဆိုလိုပေ။


ကားလို့စ်က လူနှစ်ယောက်၏အကြည့်နှင့် ဆုံတွေ့လိုက်ရသည်။ သူက ကျင်းဆွေ့၏ မျက်လုံးများကို တည်ငြိမ်စွာကြည့်ပြီး ဖြည်းညှင်းစွာ ပြုံးလိုက်၏။

"ကျုပ် ပြောတာမှန်တယ် မဟုတ်လား... ဧကရာဇ်——"


သူက နောက်ဆုံးစကားလုံးသုံးလုံးကို ဒေါသနှင့် ရန်စလိုသည့် အရိပ်အယောင်များဖြင့် အသံရှည်ဆွဲကာ ပြောလိုက်သည်။


ကျင်းဆွေ့၏ မျက်လုံးများက အနည်းငယ် ပြောင်းလဲသွားသည်။


ကျီလင်က ကျင်းဆွေ့ မည်ကဲ့သို့ တုံ့ပြန်မည်ကို သိချင်သောကြောင့် ခေါင်းလှည့်ကြည့်လိုက်သည်။ ယခင်ဘဝတွင် ကားလို့စ်က ဘေးမှသာ ရပ်ကြည့်နေခဲ့ပြီး ပါဝင်မပတ်သက်ခဲ့ပေ။ သို့သော် ဤဘဝ၌ အတော်များများ ကွဲပြားသွားပေပြီ။ ထို့အပြင် ကျီလင်က ကားလို့စ်၏ ပေါ်ပေါက်လာမှုကြောင့် အံ့သြမသွားခဲ့ပေ။ သို့သော် ကားလို့စ်၏ သဘောထားက အရေးမကြီးပေ။


အဓိကဇာတ်လိုက်၏ သဘောထားကသာ အဓိကသော့ချက်ဖြစ်၏။


လေထုမှာ ပေတစ်ထောင်အနက်ရှိသည့် အေးခဲနေသော ချောက်နက်ကြီးတစ်ခုကဲ့သို့ တစ်ခဏမျှ အေးခဲသွား၏။ ထို့အပြင် အသက်ရှူသံများကိုပင် ရှင်းရှင်းလင်းလင်း ကြားနိုင်ပေသည်။


ထိုကဲ့သို့ တိတ်ဆိတ်နေချိန်တွင် ကျင်းဆွေ့က ကားလို့စ်ကို တိုက်ရိုက်ကြည့်လိုက်သည်။ သူ၏ရွှေရောင်မျက်လုံးများက အေးစက်ကာ ထိတ်လန့်ဖွယ်ကောင်းလှ၏။

"ဗိုလ်မှူးနဉ်ယွီက ရဲရင့်တဲ့သူရဲကောင်း စစ်သားတစ်ယောက်ပဲ... နောက်ပြီး အင်ပါယာရဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ သူနဲ့သက်ဆိုင်တဲ့ လေးစားမှုကို ခံယူထိုက်တယ်... အဲဒါကြောင့် ကားလို့စ်... ခင်ဗျားရဲ့ မသင့်လျော်တဲ့ အသုံးအနှုန်းကို ပြန်ပြင်လိုက်ပါ…"


ကားလို့စ်က ကျင်းဆွေ့ကို ကြည့်လိုက်သည်။


အချိန်အတော်ကြာပြီးနောက် ကားလို့စ်က ပခုံးတွန့်ပြလိုက်ပြီး ပျင်းရိစွာ ပြုံးလိုက်သည်။

"ဧကရာဇ်က သူ့ကို ကာကွယ်ပေးနေတာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား…"


ကျင်းဆွေ့က သူ့ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။ သူ့လေသံက တည်ငြိမ်နေသော်လည်း ဧကရာဇ်တစ်ပါး၏ ဩဇာအာဏာရှိသည့်အသံဖြင့် ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။

"ဟုတ်တယ်…"


ကျီလင်က ကားလို့စ်၏ရှေ့တွင် နဉ်ယွီအပေါ် ကျင်းဆွေ့၏ ပြင်းပြင်းထန်ထန် ကာကွယ်ပေးနေမှုကို မြင်ပြီး လက်မထောင်ပြရန် မစောင့်နိုင်တော့ပေ။

ခင်ဗျားလို အားကိုးရတဲ့ အကိုကြီးတစ်ယောက်ကို ကျွန်တော်လည်း သဘောကျတယ်... ဇာတ်ရုပ်အနေနဲ့ ခင်ဗျားရဲ့သရုပ်ဆောင်မှုက ဒီထက်ပိုပြီး မကောင်းနိုင်တော့ဘူး... အကောင်းဆုံးပဲ...


လွန်ခဲ့သည့် အခိုက်အတန့်ကတည်းက သူ့မျက်လုံးထဲတွင် ဝေ့ဝဲလာသော မျက်ရည်များက နောက်ဆုံးတွင် စီးကျလာပေသည်။


ဘရန်ဒန်က မျက်ရည်များကို တိတ်တဆိတ်သုတ်လျက် ကျင်းဆွေ့ကို စိုက်ကြည့်နေသော ကောင်ငယ်လေးကို ကြည့်ပြီး လက်တစ်စုံက သူ့နှလုံးသားကို ဆုပ်ကိုင်ထားသကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရသည်။ ဘရန်ဒန်က ကျင်းဆွေ့မှာ စိတ်ခံစားချက်ကင်းမဲ့သည်အထိ ရက်စက်တတ်သူ တစ်ယောက်ဖြစ်ကြောင်း သိထားပေသည်။ ထို့အပြင် ကျင်းဆွေ့က မည်သူ့အတွက်မှလည်း ရပ်တန့်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ထိုသို့သော မြင်ကွင်းကိုမြင်လိုက်ရချိန်၌ တစ်ချိန်က သိကျွမ်းဖူးပြီး ယုံကြည်ခဲ့ရသည့် ဤသူငယ်ချင်းအပေါ် ပြင်းထန်လှသည့် နာကျည်းမုန်းတီးမှုများ ပထမဆုံးအကြိမ် ပေါက်ဖွားလာခဲ့သည်။


မင်းက ကားလို့စ်နဲ့ ထိပ်တိုက်တွေ့နေရုံပဲ... နောက်ပြီး ဒီလိုအချင်းပွားမှုကြောင့် ကောင်ငယ်လေး စိတ်ထိခိုက်သွားမှာကို ဂရုမစိုက်ဘူး...


သတိမထားမိဘဲ တစ်ဖက်သားကိုတောင် နာကျင်စေခဲ့တယ်...


ဒါမှမဟုတ် မင်းက နားလည်ပြီး ဂရုမစိုက်တာလည်း ဖြစ်နိုင်တယ်...


ဘရန်ဒန်က သူ့လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။

ဒါပေမဲ့ ငါကရော ကျင်းဆွေ့ကို အပြစ်တင်ဖို့ အမှန်တကယ် အရည်အချင်း ပြည့်မီရဲ့လား...


ဤမြင်ကွင်းမျိုးက ယခင်ဘဝက သူကိုယ်တိုင်အား ပြန်သတိရစေသည်...


အရင်ဘဝတုန်းက ငါလည်း ကောင်ငယ်လေးကို ဒီလို နာကျင်စေခဲ့တာမလား...


ကျီလင်က အေးစက်သောအကြည့်ဖြင့် ကြည့်နေသော ကျင်းဆွေ့ကို ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးများကို မှိတ်လျက် ရုန်းကန်နေရသော ဘရန်ဒန်ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် ပျင်းရိစွာ ရပ်နေသော ကားလို့စ်ဆီသို့ သူ့အကြည့်များက ရောက်ရှိသွားခဲ့သည်။


လူကောင်ကြီးကြီး ယောက်ျားကြီးသုံးယောက်က အချင်းချင်း ဆန့်ကျင်ဘက်တွင် ရပ်နေကြသည်။ ဇာတ်ကွက်သည်ကား ဘရန်ဒန်နှင့် ကားလို့စ်ကြောင့် ရှုပ်ထွေးသွားပေပြီ။ မူရင်းစာရေးဆရာပင် သူတို့ကို ဆက်လက်ပြီး နားမလည်နိုင်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေ၏။ ကံအားလျော်စွာဖြင့် သူ၏မဆုတ်မနစ် ကြိုးစားအားထုတ်မှုအပြီးတွင် သူ၏ပန်းတိုင်သို့ ရောက်ရှိအောင်မြင်သွားသကဲ့သို့ မှတ်ယူနိုင်ပေသည်။ *အဘယ်ကြောင့်ဆိုသော် ကျင်းဆွေ့က နဉ်ယွီ့အရှေ့တွင် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သောကြောင့်ပင်။ သူက နဉ်ယွီနှင့်ပတ်သက်ပြီး ယုတ္တိတန်စွာ မနာလိုဖြစ်နိုင်ပြီး သူ၏နောက်ထပ် လှုပ်ရှားမှုကို စတင်စီစဉ်နိုင်ပေသည်။


[TN - *ဒီနေရာမှာ တကယ်ပါးရိုက်တာကို ပြောတာမဟုတ်ပါဘူး။ ကျီလင်ရှေ့မှာတင် ကျင်းဆွေ့က နဉ်ယွီအတွက် ကာကွယ်ပေးတာကြောင့် မျက်နှာဖြတ်ရိုက်ခံရသလိုပဲလို့ ပြောချင်တာပါ။]


ဤနေရာ၌ ဆက်နေခြင်းက အသုံးမဝင်တော့သောကြောင့် ပြန်ဆုတ်ရမည့်အချိန်ပင်။


ကျီလင်က သူ့မျက်လုံးထောင့်များကို သုတ်လိုက်ပြီး ကျင်းဆွေ့ကို မုန်းတီးဖွယ်ဟန်ဆောင်ကာ ကြည့်လိုက်သည်။ ထိုကဲ့သို့ ထိုးနှက်ချက်မျိုးကို သူ လုံးဝ သည်းမခံနိုင်တော့သည့်ပုံဖြင့် ရုတ်တရက်လှည့်ကာ မျက်ရည်များဖြင့် ပြေးထွက်လာခဲ့သည်။


ဘရန်ဒန်မှာ မူလက ကောင်ငယ်လေးနောက်သို့ ပြေးလိုက်သွားချင်သော်လည်း ကားလို့စ်က သူ့ထက် ခြေတစ်လှမ်း ပိုမြန်သွားခဲ့သည်။


ကားလို့စ်အပေါ် ကောင်ငယ်လေး၏ ယုံကြည်မှုနှင့် မှီခိုအားထားမှုကို သတိရသွားပြီး ဘရန်ဒန်က ခက်ခက်ခဲခဲ ရပ်တန့်လိုက်သည်။ သူ့မျက်လုံးများက ဂနာမငြိမ်ဖြစ်နေပြီး ယခုအချိန်တွင် ကောင်ငယ်လေးက ဝမ်းနည်းပူဆွေးနေသည်ဟူသော အချက်ကို ကြိုးစားလက်ခံနေရသည်။

နောက်ပြီး ငါ့ရဲ့တည်ရှိနေမှုက ကောင်ငယ်လေးအတွက် ပိုခက်ခဲပြီး ကြောက်လန့်စေလိမ့်မယ် မဟုတ်လား...


ဘရန်ဒန်က ညာဘက်လက်ဖြင့် လက်သီးတင်းတင်းဆုပ်ထားပြီး ကျင်းဆွေ့ထံ ဖြည်းညှင်းစွာ ပြန်ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲ၌ နာကျင်မှုများက ဖြတ်ခနဲလက်သွား၏။ အားနည်းမှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့၏ အရိပ်အယောင်များဖြင့် သူ့အသံက တိုးလျပြီး အက်ကွဲနေသည်။

"မင်း သူ့အပေါ် ဒီလောက်ထိ မရက်စက်သင့်ဘူး... သူက... မင်းကို သဘောကျရုံပါပဲ…"


ကျီလင်က 'အသည်းကွဲမှု' ဟူသော သရုပ်ဆောင်ချက်ဖြင့် ထိုနေရာမှ ထွက်ခွာလာခဲ့သော်လည်း ယခုအချိန်က အနားယူရန် အချိန်မဟုတ်သေးကြောင်း သိပေသည်။ ကားလို့စ်က သူ့နောက်မှ လိုက်လာကြောင်းကို သူ သိသည့်အတွက် ကျန်ရှိနေသည့် ပြဇာတ်ကို ကပြဖျော်ဖြေရမည်ပင်။


မြေခွေးအိုကြီး ကားလို့စ်က အလွန်အမင်း အရိပ်အကဲဖတ်တတ်ပေ၏။ သို့သော်လည်း ကျီလင်က သူ့ပြဿနာအား ကားလို့စ်က သတိပြုမိသွားမည်ကို မလိုလားပေ။


ကျီလင်က ရေကူးကန်ဆီသို့ ပြေးသွားပြီးနောက် ရပ်တန့်လိုက်သည်။ အသက်ရှူသံများက မြန်နေပြီး မျက်လုံးထဲရှိ ဝမ်းနည်းပူဆွေးဖွယ် မျက်ရည်များနှင့်အတူ ကားလို့စ်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် နူးညံ့လှသောအသံလေးဖြင့် လှမ်းခေါ်လိုက်သည်။

"အန်ကယ်ကားလို့စ်..."


ကားလို့စ်က လက်ကိုင်ပုဝါကို ထုတ်ကာ ကောင်ငယ်လေး၏ မျက်လုံးထောင့်များမှ မျက်ရည်များကို ညင်သာစွာ သုတ်ပေးပြီး နူးညံ့စွာ ပြောလိုက်သည်။

"မငိုပါနဲ့…"


ကျီလင်ကမူ သူ့ကိုယ်သူ ငိုရန် အားပေးလိုက်သည်။

ငိုလိုက်... ဆက်သာငို...


ထို့နောက် ကျီလင်က နီရဲနေသော မျက်လုံးများ၊ တတ်တဆိတ် စီးကျနေသော မျက်ရည်များနှင့်အတူ ပြောလိုက်သည်။

"ဧကရာဇ်က နိမ့်ကျတဲ့ သာမန်လူတစ်ယောက်အတွက်နဲ့ ကျွန်တော့်ကို ဒီလိုမျိုးဆက်ဆံတယ်... တကယ်ကြီး သူ့ကို ဒီလိုမျိုး ကာကွယ်ပေးတယ်..."


ကားလို့စ်က ကောင်ငယ်လေး၏ မျက်လုံးပြာပြာများထဲမှ ဝမ်းနည်းမှုကို ကြည့်လိုက်သည်။ သူ့နှလုံးသားထဲရှိ မနာလိုမှုများက အဆိပ်ပြင်းလှသည့် မြွေတစ်ကောင်ကဲ့သို့ပင်။ ကျီလင်က ကျင်းဆွေ့ကို သဘောကျကြောင်း သူ အမြဲသိထားပေ၏။ သို့သော် ဤမြင်ကွင်းကို သူ့မျက်လုံးများဖြင့် မြင်လိုက်ရချိန်တွင် နာကျင်ကာ မနာလိုဖြစ်မိဆဲပင်။ ကားလို့စ်မှာ ဤနည်းဖြင့် ကောင်ငယ်လေးကို တစ်ခါတည်း အပိုင်သိမ်းပစ်ရန် မစောင့်နိုင်တော့ပေ။ သို့မှသာ ထိုမျက်လုံးများက အခြားသူများကို မကြည့်နိုင်တော့ဘဲ တစ်စုံတစ်ယောက်အတွက် မျက်ရည်ကျတော့မည် မဟုတ်ပေ။


ကျီလင်က ကားလို့စ်၏ မှောင်မည်းနေသည့် အမူအရာကို ကြည့်ပြီး ထိုသူက စကားတစ်ခွန်းမှ မဆိုဘဲ လူသတ်တတ်သည့် ဗီလိန်ကြီးဖြစ်ကြောင်း သတိရမိသွားသည်။ ကျီလင်မှာ ကားလို့စ်၏ရှေ့တွင် နဉ်ယွီ၏မကောင်းကြောင်းကို အမှန်တကယ် မပြောဝံ့ပေ။ ရုတ်တရက် အကြံတစ်ခု သူ့ခေါင်းထဲတွင် ဖျတ်ခနဲပေါ်လာသည်။ သူ နဉ်ယွီ့အကြောင်းကို မပြောနိုင်သော်လည်း ကျင်းဆွေ့အကြောင်းကို ပြောနိုင်ပေသည်။

အားးး ဘာပဲဖြစ်ဖြစ် ကျင်းဆွေ့က ကားလို့စ် သတ်ချင်ရင်တောင် မသတ်နိုင်တဲ့ လူတစ်ယောက်လေ...


သူက ထက်မြက်လွန်းသည်ဟု ကျီလင် ခံစားမိသည်။ သူ နဉ်ယွီ၏အမည်ကို မျိုချလိုက်ပြီး ကျင်းဆွေ့ကို မုန်းတီးရင်း ငိုနေတော့သည်။

"ဧကရာဇ်က ကျွန်တော့်ဖေဖေ့ကို ပြောပြီး ကျွန်တော့်ကို ဆုံးမခိုင်းမယ်လို့လည်း ပြောခဲ့သေးတယ်... သူ့အမြင်မှာ ကျွန်တော်က ဒီလောက် ဆင်ခြင်ဉာဏ်မရှိတဲ့လူလား…"


ကားလို့စ်က မတရားခံရမှုကြောင့် ဒေါသထွက်နေသည့် ကောင်ငယ်လေး၏ အသွင်အပြင်ကို ကြည့်ကာ ယခင်ဘဝက အရာအားလုံးကို အမှတ်ရမိသည်။ သူ့မျက်လုံးများက နက်ရှိုင်းကာ အေးစက်နေပြီး ကျင်းဆွေ့အား သတ်ပစ်ချင်သည့် စိတ်ဆန္ဒကို မတားဆီးနိုင်ပေ။


သူတို့ နှစ်ယောက်လုံးက ရာထူးကြီးသူများဖြစ်ကြသောကြောင့် အပြစ်မဲ့သူများကို ထိခိုက်စေမည် မဟုတ်ကြောင်း ကျီလင် စိတ်ထဲမှ တွေးလိုက်မိသည်။ သူ့ဘဝတစ်ခုလုံး ၎င်းအပေါ်တွင်သာ မူတည်နေသကဲ့သို့ သရုပ်ဆောင်ကာ နီရဲနေသော မျက်လုံးများဖြင့် မေးခွန်းထုတ်လိုက်သည်။

"ကျွန်တော် သူ့ကို အရမ်းသဘောကျတာ... ဘာလို့ သူက ကျွန်တော့်ကို မကြိုက်ဘဲ နိမ့်ကျတဲ့ သာမန်လူကို ကြိုက်တာလဲ... အဲဒီ နိမ့်ကျတဲ့ သာမန်လူက ဘာများကောင်းလို့လဲ…"


ကားလို့စ်က သူ့ကို အချိန်အကြာကြီး စူးစိုက်ကြည့်နေပြီး ဖြည်းညင်းစွာ သက်ပြင်းချလိုက်သည်။ သူ့မျက်လုံးများ၏ အရောင်က ဝဲဂယက်တစ်ခုကဲ့သို့ မည်းမှောင်နေ၏။ ကောင်ငယ်လေး၏ တုန်လှုပ်နေသော ခန္ဓာကိုယ်ကို သူ့လက်မောင်းများထဲသို့ ညင်သာစွာ ထွေးပွေ့ထားလိုက်ပြီး အသံတိုးတိုးဖြင့် နူးညံ့စွာ ပြောလိုက်သည်။

"ဒါဆို သူ့ကို သဘောမကျနဲ့တော့…"


အဲဒီလိုမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါ သေသွားရင်တောင် ကျင်းဆွေ့ကို သဘောကျရမယ်...


ကျီလင်က မသဲကွဲစွာဖြင့် ပြန်ဖြေလိုက်သည်။

"ကျွန်တော် သူ့ကို သဘောကျတယ်…"


ကားလို့စ်က ကောင်ငယ်လေး၏ ခေါင်းမာပြီး တောက်ပသော မျက်လုံးများကို ကြည့်လိုက်သည်။ အကြင်သူက ဤမျှကဲ့ရဲ့ရှုံ့ချခံရပြီး နာကျင်ရလျှင်ပင် ထိုလူ့အတွက် သူ့နှလုံးသားက အနည်းငယ်မျှ မပြောင်းလဲခဲ့ပေ။


မင်းက အဖြစ်မှန်ကို စောစော နားလည်ဖို့ ဘာကြောင့် ငြင်းဆန်နေရတာလဲ... မင်းတစ်ကိုယ်လုံး ဒဏ်ရာတွေရနေရင်တောင် လက်လျှော့ဖို့ ဘာလို့ ငြင်းဆန်နေရတာလဲ...


မင်း သူ့ကို ဒီလောက်တောင် သဘောကျနေတာ... အဲဒီလူရဲ့ ဘယ်နေရာကများ ထိုက်တန်လို့လဲ...


သူက မင်းရဲ့အချစ်နဲ့ လုံးဝ မထိုက်တန်ဘူး...


ကားလို့စ်က သူ့မျက်လုံးများကို မှိတ်ပြီး တစ်ဖန်ပြန်ဖွင့်လိုက်သည်။ သူ့မျက်လုံးများထဲရှိ နူးညံ့သိမ်မွေ့လှသော ချစ်ခြင်းမေတ္တာနှင့် ကရုဏာတရားတို့က နောက်ဆုံးတွင် ရက်စက်ပြီး အေးစက်သောအရောင်များဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ ကားလို့စ်က သူ၏လက်တစ်ဖက်ကို ကောင်ငယ်လေး၏ ပခုံးပေါ် ဖိထားပြီး ခေါင်းကို အနည်းငယ် ငုံ့ကာ ကောင်ငယ်လေး၏ မျက်လုံးများကို ကြည့်ရင်း ပြောလိုက်သည်။

"ခုထိ နားမလည်သေးဘူးလား…"


ကျီလင်က သူ့ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေသည်။


သူ ကားလို့စ်၏ နှုတ်ခမ်းပါးများက ပွင့်ဟလာသည်ကို မြင်လိုက်ရပြီး တိုးလျအေးစက်သောအသံကို ကြားလိုက်ရသည်။

"မင်းဘာပဲလုပ်လုပ် သူက မင်းကို သဘောကျမှာ မဟုတ်ဘူး..."


"သူက မင်းကို သဘောကျလာမှာ မဟုတ်ဘူး…"



✨✨✨