Chapter 32
Viewers 3k

✨ Chapter 32

 လွှတ်တော်အမတ်



ကျီလင်က ကားလို့စ်ကို မှင်သက်စွာ ကြည့်နေမိ၏။


ခင်ဗျားက ဒီလောက်ထိ ပွင့်လင်းတဲ့လူလို့ ကျွန်တော် မမျှော်လင့်ထားဘူး... ဒါက တကယ်ကို အံ့သြစရာပဲ... ဒါပေါ့ ကျင်းဆွေ့က ကျွန်တော့်ကို မကြိုက်ဘူးဆိုတာ ကျွန်တော် သိတယ်... တကယ်တော့ မူလပိုင်ရှင် ကိုယ်တိုင်ကလွဲရင် လူတိုင်းက အဲဒီအကြောင်းကို သိထားပြီးသား... ဒါပေမဲ့ ဘယ်သူကမှ ပြောပြပေးမှာ မဟုတ်ဘူး...


အဲဒါက Emperor's New Clothes* နဲ့တူတူပဲ... လူတိုင်းက မြင်ရတယ်... ဒါပေမဲ့ ဘယ်သူကမှ ဘာမှမပြောဘူး...


[TN - *"The Emperor's New Clothes" က ဒိန်းမတ်စာရေးဆရာ Hans Christian Andersen ရေးသားတဲ့ စာပေရိုးရာပုံပြင်တစ်ပုဒ်ပါ။ သူ့လက်အောက်ခံ ပြည်သူလူထုရှေ့မှောက်မှာ ကိုယ်လုံးတီး ဝတ်လစ်စလစ်နေခဲ့တဲ့ အသုံးမကျတဲ့ ဧကရာဇ်တစ်ပါးအကြောင်းကို ရေးသားထားတာပါ။ အဲဒီပုံပြင်ကို ဘာသာစကား ၁၀၀ ကျော် ဘာသာပြန်ဆိုထားပါတယ်။]


ထို့အပြင် ယခုအချိန်၌ ကားလို့စ်က အနှီ 'လျှို့ဝှက်ချက်' ကို ပြောပြနေပေသည်။


ကျီလင်က အလွန်စိတ်ကသိကအောက်ဖြစ်သလို ခံစားလိုက်ရသည်။

ကျင်းဆွေ့ရဲ့ နံပါတ်တစ် ဦးနှောက်မရှိတဲ့ အမာခံပရိသတ်တစ်ဦးအနေနဲ့ ငါ အသည်းကွဲနေရမှာလား... ဒါမှမဟုတ် ပူဆွေးဝမ်းနည်းနေသင့်လား... ဒါမှမဟုတ် အဲဒီလို 'ရက်စက်ကြမ်းကြုတ်တဲ့' စကားလုံးတွေကြောင့် အရမ်းစိတ်ထိခိုက် ခံစားနေသင့်လား...


ကျီလင်က မျက်တောင်များကို ခတ်လိုက်ရင်း မျက်ရည်များ စီးကျလာလေသည်။ သူ လက်ကိုဆန့်လိုက်ပြီး ကားလို့စ်၏ ရင်ဘတ်အား ထုရိုက်လိုက်သည်။

"ခင်ဗျား ကျွန်တော့်ကိုလိမ်နေတာ... မယုံဘူး... သူ... သူက... ကျွန်တော့်ကို မကြိုက်ဘူးလို့ ခင်ဗျားကို ဘယ်သူက ပြောတာလဲ…"


ကားလို့စ်က ကျီလင်၏လက်ကို ဆုပ်ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်ချောင်းများက မျက်ရည်များစွန်းနေသော ပါးပြင်များကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် စိတ်ဝိညာဉ်ဆုံးရှုံးသွားသကဲ့သို့ ဝေဝါးရှုပ်ထွေးနေသော ကောင်ငယ်လေး၏ မျက်လုံးများကို ကြည့်လိုက်သည်။ ကားလို့စ်က တိုးလျနှေးကွေးသောအသံဖြင့် ပြောနေသော်လည်း စကားလုံးများကမူ ကရုဏာစိတ်ကင်းမဲ့လှ၏။

"သူ မင်းကို နည်းနည်းလေးပဲ သဘောကျတယ်ဆိုရင်တောင် အဲဒီနိမ့်ကျတဲ့ သာမန်လူအတွက် ဘယ်လိုလုပ်ပြီး မင်းကို အပြစ်တင်မှာလဲ…"


ကျီလင် စိတ်ထဲမှ ပြောလိုက်မိသည်။

'ခင်ဗျား ပြောခဲ့တာတွေက သောက်ကျိုးနည်းအောင် ကျိုးကြောင်းဆီလျော်လွန်းတယ်... ကျိုးကြောင်းဆီလျော်လွန်းလို့ ငြင်းလို့တောင် မရနိုင်ဘူး... ဒါပေမဲ့ အခုအချိန်မှာတော့ ဒီလိုစကားမျိုးကို ကျွန်တော် နားမထောင်ချင်ဘူး... အားးး ငါက ငါ့ရဲ့ရေတပ်ကို ကောင်းကောင်း ကစားပြီး အိမ်ပြန်ဖို့ ဆုလိုချင်ရုံပဲ... အားးး ဗီလိန်အိုကြီး... ခင်ဗျား အရင်ဘဝတုန်းက ကျွန်တော့်ကို လိမ်ညာပြီး ဒုက္ခပေးရတာနဲ့တင် မလုံလောက်သေးဘူး... ဒီဘဝမှာလည်း ငါ့ရဲ့ 'အချစ်စစ်နောက် လိုက်ပိုးပန်းမှု' ကို နှောင့်နှေးစေဖို့အတွက် ဓားပေါင်းတစ်ထောင်နဲ့တောင် သတ်ပစ်ခဲ့တယ်... အဲဒါကို တွေးမိပြီး ရုတ်တရက် စိတ်မကောင်းတောင် ဖြစ်လာသလိုပဲ... ခင်ဗျားလို ဗီလိန်ဘော့စ်ကြီး တစ်ယောက်က ဘာလို့ ကျွန်တော့်လို အမြှောက်စာတစ်ယောက်နဲ့ တိုက်ခိုက်ချင်နေရတာလဲ…'


ကျီလင်က မျက်ရည်များအပြည့်ဖြင့် ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ဘာမှ ဆက်မပြောပါနဲ့တော့…"


ကားလို့စ်က မျက်ရည်အပြည့်ဖြစ်နေသည့် ကောင်ငယ်လေး၏ မျက်လုံးများကို ကြည့်လိုက်မိသည်။ ထိုမျက်လုံးများထဲတွင် ဝမ်းနည်းမှုနှင့် နာကျင်မှုများက ရောယှက်နေသောကြောင့် ကားလို့စ်၏ နှလုံးသားမှာ အနည်းငယ် နစ်မြုပ်သွားခဲ့ရသည်။ သူ့တွင်လည်း အားနည်းသည့် အခိုက်အတန့်မျိုး ရှိနေကြောင်းကို ကားလို့စ်မှာ ပထမဆုံးအကြိမ် သိလိုက်ရပြီး ဆက်လက်၍ တောင့်ခံနိုင်စွမ်းမရှိခဲ့ပေ။


သို့သော် သူ ကျီလင့်အား အဖြစ်မှန်ကို နားလည်သွားစေရန် မလုပ်နိုင်ပါက ကျင်းဆွေ့ကြောင့် သူ့တစ်ကိုယ်လုံး ဒဏ်ရာရသွားလျှင်ပင် ကျီလင်က လက်လျှော့မည်မဟုတ်ပေ။


ကားလို့စ်က သူ့မျက်လုံးများထဲရှိ သနားစိတ်ကို မျိုသိပ်ထားပြီး တစ်ခွန်းပြီးတစ်ခွန်း ပြောလိုက်သည်။

"မင်း ဘာလို့ အမှန်တရားကို လက်မခံနိုင်ရတာလဲ…"


ကျီလင်က ကားလို့စ်ထံမှ နောက်သို့တွန်းလိုက်ခြင်းကို ခံလိုက်ရပြီး မည်ကဲ့သို့ ဆက်လုပ်ရမှန်းမသိ ဖြစ်လုနီးပါးပင်။ ထို့နောက် ကျီလင်က အံကြိတ်ကာ ကားလို့စ်ကို ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်သည်။ သူ၏မျက်နှာသည်လည်း 'မယုံဘူး... နားမထောင်ချင်ဘူး' ဆိုသည့် အမူအရာကို အပြည့်အဝ ဖော်ပြနေပြီး မုန်းတီးစွာ ပြောလိုက်သည်။

"ထွက်သွား... ကျွန်တော့်ကိစ္စတွေကို ခင်ဗျား ဝင်ပါစရာမလိုဘူး…"


ထိုသို့ပြောပြီး ကျီလင် လှည့်ထွက်ပြေးလာခဲ့သည်။


ကျီလင် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးလာခဲ့သည်။ အတော်ဝေးဝေးသို့ ပြေးလာပြီးနောက်မှသာ နောက်ကို သတိကြီးစွာဖြင့် ပြန်လှည့်ကြည့်လိုက်သည်။


ကားလို့စ် လိုက်မလာခဲ့ပေ။


ကျီလင် လေးပင်စွာ အသက်ရှူထုတ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူက ယခုအချိန်တွင် အလွန်လိမ္မာပါးနပ်နေပြီး ကားလို့စ်၏ စကားများကို ပိတ်ဆို့ရန် နည်းလမ်းကို အမှန်တကယ် တွေးတောနိုင်ခဲ့သည်။ သို့မဟုတ်ပါက သူ၏သရုပ်မှန်ကို အတင်းအကြပ် ဖော်ထုတ်ခံရလုနီးပါးပင်။


ဒီမြေခွေးအိုကြီးက အရမ်းကြောက်စရာကောင်းတယ်...


မလွယ်ဘူး... ဒုတိယအကြိမ် လုပ်ဖို့ဆိုတာ လုံးဝကို လွယ်ကူမနေဘူး...


..................


ကားလို့စ်က နီရဲပြီး ဝမ်းနည်းနေသော မျက်လုံးများဖြင့် သူ့ထံမှ ထွက်ပြေးသွားသည့် ကောင်ငယ်လေးကို တိတ်တဆိတ် ကြည့်နေခဲ့သည်။


သို့သော် သူ ထိုကောင်ငယ်လေးနောက်မှ လိုက်မသွားခဲ့သလို ထိုသူ့အား တားလည်းမတားမြစ်ခဲ့ပေ။ သူ ထိုနေရာတွင် မလှုပ်မယှက်သာ ရပ်နေခဲ့သည်။


ကျင်းဆွေ့အပေါ် ကျီလင်၏အချစ်က မည်မျှနက်ရှိုင်းကြောင်းကို ယခင်ဘဝမှ အရာအားလုံးက ကားလို့စ်အား ရှင်းရှင်းလင်းလင်း နားလည်သွားစေခဲ့သည်။ ယခုပင် သူ ပြောခဲ့သည့်စကားများက ကျီလင့်အတွက် လက်ခံရန် ခက်ခဲမည်မှာ မလွဲဧကန်ပင်။ ယခုလတ်တလောအချိန်၌ ကျီလင် မယုံကြည်လျှင်ပင် ကိစ္စမရှိပေ။ သူ တစ်နေ့ သေချာပေါက် နားလည်လာပေလိမ့်မည်။ ၎င်းက ကျီလင့်အား သူ့ဘေးနားသို့ ပြန်လည်ခေါ်ဆောင်နိုင်မည့် အချိန်ကောင်းပင်ဖြစ်၏။


ကားလို့စ်၏ မျက်လုံးများက မည်းမှောင်နေပြီး သူ၏နှုတ်ခမ်းပါးများက မျဉ်းဖြောင့်တစ်ကြောင်းကဲ့သို့ တင်းတင်းစေ့ပိတ်ထားသည်။ အချိန်အတော်ကြာပြီးနောက် သူ့အကြည့်ကို ပြန်လည်ရုပ်သိမ်းကာ လှည့်ထွက်လာခဲ့သည်။


အန်ဒါဆန်က နန်းတော်အပြင်ဘက်တွင် စောင့်ဆိုင်းနေသည်။ ထုံးစံအရဆိုလျှင် ညစာစားပွဲက အလွန်နောက်ကျသည့်တိုင်အောင် ပြီးဆုံးလိမ့်မည် မဟုတ်ပေ။ သို့သော် ယခုတစ်ကြိမ်တွင် သူ အံ့အားသင့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် မြို့စားကြီးက အထဲသို့ဝင်သွားပြီး မကြာမီတွင် ပြန်ထွက်လာခဲ့သောကြောင့်ပင်။


သူ အလျင်အမြန် ရှေ့သို့လျှောက်သွားလိုက်ပြီး တရိုတသေ မေးမြန်းလိုက်သည်။

"သခင် ဘာလို့ အစောကြီးထွက်လာတာလဲ... ဘာတွေဖြစ်ခဲ့လို့လဲ…"


ကားလို့စ်က သူ့ညာဘက်လက်တွင် တုတ်ချောင်းကို ကိုင်ထားပြီး သူ၏နက်ရှိုင်းသော အကြည့်များက အန်ဒါဆန်အပေါ် ဖြတ်ပြေးသွားသည်။ ကားလို့စ်၏ ကြော့ရှင်းလှသော မျက်နှာကောက်ကြောင်းက ညအချိန်၌ အေးစက်နေသော အလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေပုံရပြီး ပေါ့ပေါ့ပါးပါးပင် ပြောလာသည်။

"ဘာမှမဖြစ်ပါဘူး…"


အန်ဒါဆန်က ခေါင်းငုံ့ပြီး ထပ်မမေးရဲတော့ပေ။ သူ ကားလို့စ်နှင့် နှစ်အတော်ကြာ အတူရှိခဲ့ကြပြီး စကားအသွားအလာကို အကဲဖြတ်စောင့်ကြည့်ရာ၌ အတော်ဆုံးဖြစ်လာပေသည်။ ထို့ကြောင့် ယခုအချိန်တွင် မြို့စားကြီး၏ စိတ်အခြေအနေက မကောင်းကြောင်းကို သူ ကောင်းကောင်း သိပေ၏။ မြို့စားကြီးက သခင်လေးကျီလင်နှင့်အတူ ညစာစားပွဲသို့ ဝင်ရောက်ခဲ့သွားသော်လည်း ယခုအခါ သူတစ်ယောက်တည်း ပြန်ထွက်လာခဲ့သည်။


ဤအချိန်အတောအတွင်း သခင်လေးကျီလင်အပေါ် မြို့စားကြီး၏ အလိုလိုက်နှစ်သက်မှုကို စဉ်းစားလိုက်မိသည်။ ထို့နောက် သခင်လေးကျီလင်၏ နှလုံးသားထဲတွင် ချစ်မြတ်နိုးရသူကို သတိရသွားပြီး အန်ဒါဆန်က ကြောက်စရာကောင်းသော လျှို့ဝှက်ချက်ကို ရှာဖွေတွေ့လိုက်ရသလို ခံစားလိုက်ရသည်။ သူ စကားမပြောဝံ့တော့ဘဲ မျက်လွှာချကာ မြို့စားကြီးကို ကြည့်ပင်မကြည့်ဝံ့တော့ပေ။


အန်ဒါဆန်က ကိုယ်ကိုကိုင်းညွတ်ကာ ကားလို့စ်အတွက် တံခါးကိုဖွင့်ပေးလိုက်သည်။ မြို့စားကြီး ကားထဲသို့ ဝင်ရောက်သွားချိန်တွင် တံခါးကို ပြန်ပိတ်ကာ နန်းတော်မှ မောင်းထွက်လာခဲ့သည်။


မကြာမီမှာပင် ဟိုဗာကားမှာ မြို့စားမင်း၏အိမ်တော်၌ ရပ်တန့်သွားခဲ့သည်။


အန်ဒါဆန်က ပြောလိုက်သည်။

"တခြားခိုင်းစရာတွေ မရှိတော့ရင် ကျွန်တော် အရင်အနားယူပါတော့မယ် အရှင်…"


ကားလို့စ်က ခေါင်းကိုလှည့်ပြီး စိတ်ဓာတ်ကျနေသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။

"ခဏနေဦး…"


အန်ဒါဆန်က ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့…"


ကားလို့စ်၏ နှုတ်ခမ်းထောင့်များက အေးစက်ပြီး သစ္စာမဲ့သော အသွင်သဏ္ဍာန်အဖြစ် ကွေးညွတ်သွား၏။ ထို့နောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဧကရာဇ်က နာမည်ကောင်းကို လိုချင်နေတာ... အဲဒါကြောင့် သူ့ကို လက်ကမ်းပေးလိုက်ကြစို့…"


အန်ဒါဆန်က နောက်ဆုံးတွင် စိတ်ရှုပ်ထွေးစွာဖြင့် သူ့မျက်လုံးများကို မော့ကြည့်လိုက်သည်။

သာမန်လူတန်းစားတွေရဲ့ ထောက်ခံမှုကို ရရှိသွားမဲ့ ဧကရာဇ်ကို မြို့စားကြီးက မမြင်ချင်ဆုံး မဟုတ်ဘူးလား... ဒါက မြို့စားကြီးရဲ့ပုံစံနဲ့ အရမ်းကိုမကိုက်ညီဘူး... နောက်ပြီး အရင်ကတောင် တိတ်တဆိတ် အနှောင့်အယှက် ပေးခဲ့ဖူးတယ်လေ... အခု ဧကရာဇ် နာမည်ကောင်းကို ရရှိစေဖို့ မြို့စားကြီးက ကူညီချင်နေတာလား...


သို့သော် သူ ထပ်မမေးဝံ့ဘဲ လေးလေးစားစား ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့…"


ထို့နောက် မြို့စားကြီး ထွက်ခွာသွားသည်ကို ကြည့်နေခဲ့မိသည်။


ကားလို့စ် သူ့အိမ်သို့ ပြန်လာပြီးနောက် ခြံဝင်းထဲတွင် ရပ်ကာ ညချမ်းချိန်ခါတွင် လူတစ်ဦးတစ်ယောက်မျှ ရှိမနေသည့် ပန်းခြံကို ကြည့်နေမိသည်။ ကောင်ငယ်လေးက ဤနေရာတွင် မရှိတော့ပေ။ အချိန်အတော်ကြာသည်အထိ ပြန်လာမည် မဟုတ်ခြင်းလည်း ဖြစ်နိုင်၏။


ကားလို့စ်၏ မျက်လုံးများထဲရှိ အကြည့်များက ပိုမိုအေးစက်သည်ထက် အေးစက်လာပြီး ဖုံးကွယ်ထား၍မရနိုင်သည့် လူသတ်ချင်စိတ်များက တဖြည်းဖြည်း ပေါ်ပေါက်လာပေသည်။


ယခင်ဘဝက သူ ကျင်းဆွေ့ကို သေစေချင်ခဲ့သည့် အကြောင်းအရင်းမှာ ပုဂ္ဂိုလ်ရေးအရ အငြိုးထားမှုများနှင့် မသက်ဆိုင်ဘဲ အကျိုးစီးပွားအတွက် အငြင်းပွားမှုမျှသာဖြစ်၏။ သို့သော် ဤဘဝ၌ သူ့နှလုံးသား၏ မနာလိုဝန်တိုစိတ်ကြောင့် ကျင်းဆွေ့ကို သေစေချင်မိသည်။ ထို့အပြင် ၎င်းစိတ်ဆန္ဒက အရင်ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လာခဲ့သည်။


ကားလို့စ်က တုတ်ချောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ၏နှုတ်ခမ်းများပေါ်တွင် လှောင်ပြောင်မှုတစ်ခု ပေါ်ထွက်လာခဲ့သည်။

လူတွေရဲ့နှလုံးသားကို အရယူနိုင်ဖို့အတွက် နဉ်ယွီနဲ့မင်းရဲ့ ဆက်ဆံရေးကို အပြင်လူတွေ ထင်ကြေးပေးလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမလား... အင်ပါယာရဲ့ အရှင်သခင်တစ်ယောက်အနေနဲ့ အထက်တန်းလွှာတွေရဲ့ အာဏာကို အားနည်းစေပြီး သာမန်လူတန်းစားတွေရဲ့ အာဏာကို အသုံးပြုနိုင်ဖို့အတွက် မင်းရဲ့အိမ်ထောင်ရေးကို အသုံးချခဲ့တယ်... အပေးအယူချစ်ပ်ပြားတစ်ခုအနေနဲ့ နိမ့်ကျတဲ့ သာမန်လူတစ်ယောက်ကို လက်ထပ်ဖို့လည်း ဝန်မလေးခဲ့ဘူး... မင်းက ရယ်ရောတယ်လို့ ပြောသင့်လား... ဒါမှမဟုတ် နှလုံးသားမဲ့တယ်လို့ ပြောသင့်လားဆိုတာတောင် ငါ မသိတော့ဘူး... မင်းက တည်ငြိမ်ပြီး ဆင်ခြင်တုံတရားရှိပေမဲ့ ဘယ်လိုတောင် နှလုံးသားကင်းမဲ့တဲ့ လူတစ်ယောက်လဲ...


ဒါပေမဲ့ စိတ်မပူပါနဲ့... ဒီတစ်ခါတော့ ငါ မင်းကို ကူညီပေးမယ်...


ဘာဖြစ်လို့လဲဆိုတော့... ချစ်စရာကောင်ငယ်လေးက မကြာခင်မှာ မင်းကို လက်လျှော့နိုင်တော့မှာမလို့ပဲ...


..................


ကျီလင်က ညစာစားပွဲ၌ သူ့မိဘများနှင့် အောင်မြင်စွာ တွေ့ရှိပြီးနောက် အတူတူ အိမ်ပြန်လာခဲ့သည်။


မှောင်မိုက်ပြီး အေးစက်သော ကားလို့စ်က သူ၏စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို အဘယ်ကြောင့် ရုတ်တရက် ဝင်ရောက်စွက်ဖက်လိုသည်ကို ကျီလင် နားမလည်နိုင်ခဲ့ပေ။ ၎င်းက ဗီလိန်တစ်ယောက် ပြုလုပ်ရမည့်ကိစ္စနှင့် အမှန်တကယ် မတူညီလှပေ။ သို့သော် တဖြည်းဖြည်းနှင့် ကျီလင်လည်း ဆက်လက်မစဉ်းစားချင်တော့ပေ။ သူနှင့်ကားလို့စ်၏ ရှုထောင့်သုံးခုမှ စဉ်းစားတွေးခေါ်ပုံက ကွာခြားသောကြောင့် အဖြေတစ်ခုကို ရှာဖွေရန်မှာ မဖြစ်နိုင်ပေ။ ကားလို့စ်က သူ့ကို ကူညီရန်စိတ်ဆန္ဒများ ရုတ်တရက် ပြင်းထန်လာခြင်းမျိုး ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ယခင်ဘဝ၌ ကျီလင်က သူ့ကို မနှောင့်ယှက်ခဲ့သော်လည်း ကားလို့စ်က သူ့ကို အသုံးချခဲ့သည်။


လုပ်ရိုးလုပ်စဉ်အတိုင်း မကပြခဲ့သော အချို့အပိုင်းများနှင့် ဘေးမှကြည့်ရှုသူများ ရှိခဲ့သည်။ သို့သော် ဖြစ်စဉ်တစ်ခုလုံး ခြုံငုံကြည့်လျှင် ယနေ့တွင် ဇာတ်ကွက်တစ်ခုလုံးက ချောချောမွေ့မွေ့ ပြီးဆုံးသွားပေသည်။ ထို့ကြောင့် ကျီလင် အနည်းငယ် စိတ်သက်သာရာရခဲ့သည်။


အခုကတော့ နောက်ထပ် ဇာတ်ကွက်တွေ ဖြစ်ပေါ်လာမဲ့အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဖို့ပဲ လိုတော့တယ်...


စာအုပ်ထဲရှိ ဖော်ပြချက်များအရ နန်းတော်ညစာစားပွဲ၌ ကျင်းဆွေ့က နဉ်ယွီကို ကာကွယ်ရန်အတွက် ကျီလင့်အား အပြစ်ပေးရန် တုံ့ဆိုင်းမနေခဲ့ပေ။ ထိုကိစ္စက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ကျီလင်က နဉ်ယွီကို ပြဿနာရှာခဲ့သောကြောင့် ဧကရာဇ်ထံမှ အပြစ်ပေးခံခဲ့ရကြောင်း လူတိုင်း သိသွားကြပေသည်။ ဤကိစ္စတွင် ဂုဏ်သိက္ခာပျက်စီးရသူမှာ ကျီလင်ဖြစ်သော်လည်း အမှန်တကယ် အကျိုးအမြတ်ရသူမှာ ကျင်းဆွေ့ပင်ဖြစ်၏။


ကျင်းဆွေ့ရဲ့ တိတ်တဆိတ် သဘောတူညီချက်မပါဘဲ လူသိမများတဲ့ ဒီလိုအသေးအဖွဲ့ကိစ္စလေးက ဘယ်လိုလုပ် အချိန်တိုအတွင်း ပျံ့နှံ့သွားပြီး မင်းမျိုးမင်းနွယ် အသိုင်းအဝိုင်းတွေကြားမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်မှာလဲ... နောက်ပြီး အင်တာနက်ပေါ်ကိုတောင် တစ်ခါတည်း ပျံ့နှံ့သွားပြီး လူတိုင်းအတွက် နေ့လည်ခင်း လက်ဖက်ရည်ဝိုင်းရဲ့ အတင်းအဖျင်းခေါင်စဉ်တောင် ဖြစ်လာသေးတယ်...


ကျင်းဆွေ့ အမှန်တကယ် ပြောချင်သည့် သတင်းစကားမှာ သူက နဉ်ယွီကဲ့သို့ ထူးချွန်ရဲရင့်သော ဆင့်ကဲပြောင်းလဲလာသူများကို တန်ဖိုးထားကြောင်း၊ သူ၏လက်အောက်ခံ ပြည်သူပြည်သားများကို ကာကွယ်ပေးလိုစိတ်ရှိကြောင်းနှင့် ကျီလင်ကဲ့သို့သော မျိုးရိုးမြင့် အထက်တန်းလွှာမှ သားသမီးများကို အပြစ်ပေးရန် တုံ့ဆိုင်းမနေကြောင်း စသည်တို့ပင်ဖြစ်၏။ သူ့အမြင်၌ သာမန်လူတန်းစားနှင့် အထက်တန်းလွှာလူတန်းစားများက သာတူညီမျှပင်။


ပညာရှင်အဆင့်ပဲ... တကယ်ကို ကျွမ်းကျင်ပညာရှင်အဆင့်ပဲ...


ထိုသူက လူအများ၏နှလုံးသားကို အရယူနိုင်ရန် ဤကဲ့သို့သေးငယ်သည့် မတော်တဆမှုတစ်ခုကိုလည်း အသုံးချနိုင်ပေသည်။


ကျီလင့်အတွက် ထည့်စဉ်းစားရန်မလိုသော်လည်း ကျင်းဆွေ့မျက်လုံးများထဲ၌ နဉ်ယွီက စိတ်ပိုင်းဆိုင်ရာ ပြဿနာများထက် ပိုတန်ဖိုးရှိပေ၏။ ကျီလင် ထိုအကြောင်းကို အချိန်တိုင်း တွေးမိသည်။ ကျင်းဆွေ့ကဲ့သို့ ဆင်ခြင်တုံတရားရှိပြီး အကြင်နာတရားကင်းမဲ့သည့် လူတစ်ယောက်က နဉ်ယွီကို အမှန်တကယ် ချစ်မြတ်နိုးပြီး နောက်ဆုံးတွင် လက်ထပ်ရန် စီစဉ်ထားသည် ဆိုသောအကြောင်းက မယုံနိုင်စရာကောင်းလောက်အောင် ခံစားရသည်။


ထို့နောက် သူ့အတွက်လည်း ပြီးပြည့်စုံသော win-win အခြေအနေတစ်ခုဖြစ်ကြောင်း ကျီလင် ခံစားမိသည်။


သူ မစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သလို ကျင်းဆွေ့ကလည်း သူလိုချင်သည့် နာမည်ဂုဏ်သတင်းကို ရရှိခဲ့ပြီး နဉ်ယွီ၏ မျက်နှာသာပေးမှုကို ရရှိခဲ့ပေသည်။


ပြီးပြည့်စုံချက်ပဲ...


ကျီလင်က ကျင်းဆွေ့နှင့် နဉ်ယွီ၏ ကောလဟာလ ထွက်ပေါ်လာရန် အချိန်ကြာလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။ ထိုအချိန်တွင် သူက ယုတ္တိနည်းကျကျ မနာလိုဖြစ်ကာ ကျင်းဆွေ့ကို မေးခွန်းထုတ်ပေလိမ့်မည်။ ထို့နောက် သူက နဉ်ယွီ၏ပြစ်ချက်ကို ရှာဖွေရန် ကျရှုံးခဲ့ပြီး မျက်နှာ ဖြတ်ရိုက်ခံရကာ ကိုယ့်ကိုယ်ကို အရူးလုပ်မိပေလိမ့်မည်။


ကျီလင်က နေ့တိုင်း အင်တာနက်သုံးလိုက်၊ အိပ်လိုက်၊ စားလိုက်သောက်လိုက်ဖြင့် အိမ်တွင် ပျော်ပျော်ရွှင်ရွှင် စောင့်ဆိုင်းနေခဲ့သည်။ ယခုတစ်ကြိမ်တွင် ကားလို့စ်က အံ့အားသင့်ဖွယ် သူ့အား လာမရှာခဲ့သလို ဝမ်ယန်ကလည်း မဲဆွယ်စည်းရုံးရေးတွင် အလုပ်များနေသောကြောင့် သူ့ရှေ့တွင် ပေါ်မလာခဲ့ပေ။


ဒီလိုဘဝလေးမှာ နေရတာ ဘယ်လောက်တောင် ဇိမ်ရှိလိုက်လဲ...


ယုံကြည်စိတ်ချရသော gong နှင့် shou တို့ကို စဉ်းစားရင်း သူ့အား လက်ယပ်ခေါ်နေသည့် တောက်ပသော အနာဂတ်ကို ကျီလင် မြင်နေရပေပြီ...


အင်တာနက်ပေါ်ရှိ သတင်းများကလည်း လုံးဝ သူ့မျှော်လင့်ထားသည့်အတိုင်းပင်။ ကျင်းဆွေ့က ညစာစားပွဲ၌ နဉ်ယွီကို ကာကွယ်ပေးခဲ့သည်ဟူသော သတင်းက ယခင်ဘဝကကဲ့သို့ အမှန်တကယ်ပင် ပွတ်လောရိုက်သွားခဲ့သည်။ ကျီလင့်ကို အနည်းငယ် အံ့အားသင့်စေသည့် တစ်ခုတည်းသောအရာမှာ ထိုကိစ္စကြောင့် ဖြစ်ပေါ်လာသော ဂယက်ရိုက်မှုအရှိန်နှင့် အကျိုးဆက်များက ယခင်ဘဝကထက် အမှန်တကယ် မြန်ဆန်နေခဲ့သည်။


သို့သော် ဤသို့အနည်းငယ်သောပြောင်းလဲမှုကို ကျီလင် ဂရုမစိုက်ပေ။ ဗီလိန်များ ပြန်လည်မွေးဖွားလာသည်ဟူသော ထိုသံသယအချို့နှင့် နှိုင်းယှဉ်ပါက ဤသည်မှာ ပြဿနာမဟုတ်ပေ။ လိပ်ပြာအကျိုးသက်ရောက်မှုကို ကျီလင် နားလည်ပေသည်။


ဤကာလအတွင်း ကျင်းဆွေ့နှင့် နဉ်ယွီတို့အပြင် အများအပြား အာရုံစိုက်ခံရခဲ့သည့် ကိစ္စတစ်ခုလည်း ရှိပေ၏။ ယင်းမှာ ဆယ်စုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာကျင်းပသော အထွေထွေရွေးကောက်ပွဲကြီးပင်ဖြစ်၏။


ရွေးကောက်ပွဲက လွှတ်တော်အမတ်အသစ်ကို ရွေးချယ်လိမ့်မည်ဖြစ်သည်။


ဇာတ်ကြောင်းနှင့်ရင်းနှီးထားသူ ကျီလင်က ဤရွေးကောက်ပွဲတွင် ဝမ်ယန်က အတားအဆီးမရှိ အကြွင်းမဲ့ အသာစီးရပြီး အမတ်ရာထူးကို တက်လှမ်းနိုင်လိမ့်မည်ဖြစ်ကြောင်း ကောင်းကောင်း သိထားပြီးဖြစ်၏။ သာမန်လူတန်းစားတစ်ဦးက ပထမဆုံးသော လွှတ်တော်အမတ် ဖြစ်လာပြီး ဝမ်ယန်၏ အလင်းရောင်က နဉ်ယွီ့ကိုပင် လွှမ်းမိုးသွားခဲ့သည်။


နဉ်ယွီကဲ့သို့ ဝမ်ယန်သည်လည်း မရေမတွက်နိုင်သော သာမန်လူများထံမှ ဂုဏ်ယူဖွယ် စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်း ခံရပေလိမ့်မည်။ ဝမ်ယန်၏အောင်မြင်မှုက သာမန်လူတန်းစား ပြည်သူလူထု၏ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများတွင် အဓိကတိုးတက်မှုတစ်ခုကို ကိုယ်စားပြုပြီး သမိုင်းဝင်သည့် ပြောင်းလဲမှုတစ်ခုလည်း ဖြစ်လာခဲ့သည်။


သို့ရာတွင် ဝမ်ယန်က သာမန်လူတန်းစားများ၏ ချစ်ခင်မြတ်နှိုးမှုထံမှ အကျိုးအမြတ် ရယူလိမ့်မည် မဟုတ်ကြောင်း ကျီလင် သိထားပေသည်။


ဖြောင့်မတ်မှန်ကန်သော နဉ်ယွီနှင့်မတူဘဲ ဝမ်ယန်က ကာလအတန်ကြာ ကားလို့စ်နှင့်အတူ လက်တွဲခဲ့သော အတ္တသမားစစ်စစ်သာဖြစ်၏။ ထို့ကြောင့် ယခင်ဘဝ၌ ကျီလင်က အင်တာနက်ပေါ်တွင် ဝမ်ယန်အား ချီးမွမ်းသည့် မှတ်ချက်အမျိုးမျိုးကို မြင်တွေ့ခဲ့ရသည့် အချိန်တိုင်း ဝမ်ယန်၏ သရုပ်မှန်ကို မဖော်ပြမိစေရန် သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားလွှမ်းမိုးမှုကို အတင်းအကျပ် ထိန်းချုပ်ထားခဲ့ရသည်။


ကျီလင်က အင်တာနက်၏ အခြားတစ်ဖက်ခြမ်းရှိ သူငယ်ချင်းလေးများ၏ လည်ပင်းကို အပြင်းအထန်လှုပ်ရမ်းပြီး ပြောပစ်ချင်လှသည်။

'နိုးထတော့... နိုးထလိုက်တော့... မင်းက နဉ်ယွီရဲ့ပရိသတ် ဖြစ်လာလည်း အဆင်ပြေတယ်... ဝမ်ယန်ကို မေ့လိုက်တော့... သူ မင်းတို့ကောင်တွေကို သစ္စာဖောက်ဖို့ ဗီလိန်ကြီးကားလို့စ်နဲ့ လက်တွဲပြီး လျှို့ဝှက်ကြံစည်ပြီးသွားပြီ...အားးး...



✨✨✨