Chapter 33
Viewers 3k

✨ Chapter 33



သို့သော် ကျီလင် ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်သည်။


ပိုက်ဆံက လုံလောက်တယ်... မဟုတ်သေးဘူး... အကျိုးကျေးဇူးတွေက လုံလောက်တယ်... သေချာတာကတော့ ဝမ်ယန်က ငါ့ကို လာရှုပ်နိုင်မှာ မဟုတ်သေးဘူး... ငါ့မှာ မစ်ရှင်တွေကို လောင်းကြေးထပ်ပြီး ထမ်းဆောင်တဲ့နေရာမှာ ကျွမ်းကျင်တဲ့အရည်အချင်းတွေရှိတယ်...


နောက်ပြီး ငါ ပြောလိုက်ရင်တောင်မှ အသုံးဝင်မှာ မဟုတ်ဘူး... ဘယ်သူကမှ ငါ့ကို ယုံကြမှာမဟုတ်သလို ငါ့ဒုက္ခငါ ရှာနေသလိုပဲ ဖြစ်လိမ့်မယ်...


ဤကဲ့သို့ ဘာမှမလုပ်ဘဲ ဆယ်ရက်ကျော်မျှ အချိန်ကုန်ဆုံးသွားခဲ့သည်။


ယနေ့တွင် ကျီလင်က ပျင်းရိစွာ အိပ်ပျော်နေခဲ့ပြီး ဆက်သွယ်ရေးစက်၏ အသံကြောင့် ရုတ်တရက် နိုးလာခဲ့သည်။ ဆက်သွယ်လာသူမှာ အမှန်တကယ် အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သော ရို့စ်ပင်ဖြစ်၏။


ရို့စ်: "အားးး သတင်းကို သွားကြည့်လိုက်... ဒီနေ့အတွက် ရွေးကောက်ပွဲရလဒ်ကို သိပြီးပြီလား... ဘယ်သူအနိုင်ရလဲ မင်း သိလား…"


ကျီလင်က အနှိုးခံလိုက်ရခြင်းကြောင့် စိတ်မကြည်မသာ ဖြစ်နေသည်။

ဒါက အဓိပ္ပာယ်ကိုမရှိဘူး...


ကျီလင်က ရလဒ်ကို ဟိုးယခင်ကတည်းက သိထားပြီးဖြစ်သောကြောင့် အလွန်တည်ငြိမ်နေ၏။ ထို့နောက် သမ်းဝေလျက်ပင် မေးလိုက်သည်။

"အာ... ဘယ်သူလဲ…"


ရို့စ်၏အသံက ကျယ်လောင်လာပြီး အိမ်ခေါင်မိုးအား ပွင့်ထွက်သွားလုမတတ်ပင်။

"လုပ်စမ်းပါ... မင်း ဒီလိုအရေးကြီးတဲ့ သတင်းကို မကြည့်ရသေးဘူးလား... သူက ဝမ်ယန်ပဲ... မင်းမိသားစုက အဲဒီဝမ်ယန်ပဲ... မင်းမိသားစုထဲက အဲဒီသာမန်လူ ဝမ်ယန်ပဲ...အားးး"


ထိုစကားကို သုံးကြိမ်တိတိ ပြောဆိုခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဤကလေး မည်မျှတုန်လှုပ်သွားသည်ကို တွေ့နိုင်ပေ၏။


ကျီလင်က အလွန်ဆွံ့အသွား၏။ သို့သော် အံ့သြသွားသည့် အမူအရာကို မလိုလားစွာ ဖော်ပြလိုက်သည်။

"အိုး... သူလား…"


ရို့စ်: "ဟုတ်တယ် သူပဲ... တကယ်ကို သူပဲ…"


ကျီလင်: "..."


ရို့စ်က အံ့အားသင့်နေပြီး မကျေမချမ်းဖြင့် အော်ဟစ်လာသည်။

"အဲဒီလူတွေက ဘာတွေ လုပ်နေကြတာလဲ မသိဘူး... သာမန်လူကိုတောင် မကျော်နိုင်ဘဲ လွှတ်တော်အမတ်တောင် ဖြစ်ခွင့်ပေးလိုက်သေးတယ်... သူတို့အားလုံးက အရှုံးသမားတွေပဲ မဟုတ်ဘူးလား…"


၎င်းက ယခုလက်ရှိ အထက်တန်းလွှာများစွာ၏ အဆင့်အတန်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ကျီလင် သူ့ဘာသာသူ တွေးလိုက်မိသည်။

"ဘယ်လိုတောင် အရှုံးသမားအုပ်စုပါလိမ့်…"


ရို့စ်က မကျေမနပ်ဖြစ်နေသော်လည်း အဖြစ်မှန်များကို လက်ခံလိုက်ရသောကြောင့် ချဉ်စူးစူးဖြင့် ပြောလာသည်။

"သူလည်း ကပ်သီးလေးနဲ့ နိုင်သွားတာ... ဒုတိယနေရာနဲ့ဆို 2% အောက်လောက်လေးပဲ ကွာတယ်... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အနိုင်ရတာက အနိုင်ရတာပဲ... နောက်ဆယ်နှစ်ထိအောင် ငါတို့ သာမန်အမတ်တစ်ယောက်နဲ့ ရင်ဆိုင်ရတော့မယ်…"


ကျီလင် အံ့အားသင့်သွားပြီး ပြောလိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ…"


ရို့စ်: "ငါတို့က သာမန်အမတ်တစ်ယောက်နဲ့ ရင်ဆိုင်ရတော့..."


ကျီလင် ခဏမျှ အသံတိတ်သွား၏။

"ငါ မင်းနဲ့ နောက်မှစကားပြောမယ်…"


ကျီလင် ရုတ်ချည်းဖုန်းချလိုက်ပြီး သတင်းကို ဖွင့်ဖတ်လိုက်သည်။


ရွေးကောက်ပွဲက အလွန်စိတ်လှုပ်ရှားစရာကောင်းပြီး မတည်မငြိမ်ဖြစ်နေကြောင်း သတင်းများက ဖော်ပြထားသည်။ လုပ်ငန်းစဉ်ကို စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး မဲဆွယ်စည်းရုံးမှုအဖြစ် ဖော်ပြခဲ့သည်။ အချက်အလက်များထဲမှ တစ်ခုက ဝမ်ယန်မှာ ဒုတိယနေရာနှင့် 2% အောက်သာ ကွာဟနေကြောင်း ပြသထားပြီး ရှုံးလုနီးနီး ဖြစ်နေသည်။


သို့သော် ယခင်ဘဝ၌ ဒုတိယနေရာနှင့် အနည်းဆုံး 20% အသာစီးဖြင့် ဝမ်ယန်က ဤအမတ်ရာထူးကို အနိုင်ရခဲ့ကြောင်း ကျီလင် ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ ထို့ကြောင့် ကွာခြားချက်က အလွန်ကြီးမားပေ၏။


ကျီလင်က ဤကြီးမားသော ပြောင်းလဲမှုကို လလျစ်လျူရှုချင်လျှင်ပင် လျစ်လျူရှုမထားနိုင်ပေ။


သူ့စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။

ဝမ်ယန်က ကားလို့စ်နဲ့ ဆက်ဆံရေး ပျက်ပြားသွားတာ ဖြစ်နိုင်လား...


ယခင်ဘဝက ဝမ်ယန်နှင့် ကားလို့စ်တို့က လျှို့ဝှက်စွာ ပူးပေါင်းခဲ့ကြပြီး ဤရာထူးကို အလွယ်တကူ ရယူခဲ့ကြသည်။ သို့သော် ဝမ်ယန်၏ လက်ရှိအနေအထား အာဏာနှင့်ဆိုလျှင် ကားလို့စ်၏ ထောက်ခံမှုကို ဆုံးရှုံးလိုက်ပါက လွှတ်တော်အမတ်ရာထူးကို ဆက်လက်ရရှိရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။ ထို့အပြင် သီသီကလေးကပ်ပြီး အနိုင်ရခြင်းက အလွန်အထင်ကြီးစရာကောင်းလှပေ၏။


ဒါပေမယ့် သူ့တို့ ဘာလို့ အဆင်မပြေဖြစ်ခဲ့ကြတာလဲ...


ယခင်ဘဝက သူတို့နှစ်ဦးကြားတွင် ကွဲလွဲမှုဟူ၍မရှိခဲ့ပေ။


အားးး ဒီဇာတ်ကြောင်းပြောင်းလဲမှုကို နားကိုမလည်နိုင်ဘူး...


ကျီလင် စနစ်အား မေးလိုက်သည်။

[ဘာဖြစ်နေလဲဆိုတာ မင်းရော သိလား…]


စနစ်က အသံတိတ်သွား၏။

[ငါလည်း မသိဘူး]


ကျီလင်: [...]


ငါ စနစ်ဆီကနေ ဘာကိုမှ မမျှော်လင့်ထားသင့်ဘူး...


ဤအချိန်တွင် အပြင်ဘက်မှ အစေခံက သတင်းပို့ရန် ရောက်လာခဲ့သည်။

"သခင်လေး အရာရှိကြီး၀မ်ယန် ရောက်နေပါတယ်…"


ကျွတ် ကျွတ် ကျွတ်... ဘယ်လိုတောင် အခွင့်အရေးယူတတ်တဲ့ လူတစ်စုပါလိမ့်... ဒီရလဒ်က အခုမှ ထွက်လာကာစပဲရှိသေးတယ်... သူတို့က ဝမ်ယန်ကို အရာရှိကြီးဆိုပြီး စခေါ်နေပြီ...


ကျီလင်က သူ့အတွေးကို ပြန်ရုတ်သိမ်းလိုက်၏။ ဝမ်ယန်က ရွေးကောက်ပွဲရလဒ်အား သူ့ဆီသို့ လာရောက်အစီရင်ခံခြင်း ဖြစ်ပေမည်။ သို့သော် သူ့အတွက် ယခုချက်ချင်း ဝမ်ယန်နှင့် ပြောဆိုဆက်ဆံရန် စိတ်ကောင်းဝင်နေသည်မှာ ရှားပါးလွန်းလှသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ယန် အမတ်ဖြစ်လာပြီးနောက် မကြာမီ သူ၏နိုင်ငံရေးဆိုင်ရာ ရုန်းကန်မှုများနှင့် အရှိန်အဟုန်မြှင့် တိုးတက်ရေးလမ်းကြောင်းတွင် သူ့ကိုယ်သူ မြှုပ်နှံသွားမည် ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် သူ၏အာဏာက အရှိန်အဟုန်ဖြင့် ကြီးထွားလာပြီး သူ့သခင်လေး၏ ဂရုစိုက်မှုမှာ သူ့အတွက် အရေးမကြီးတော့ပေ။


ဝမ်ယန်၏ခရီးလမ်းက ကြယ်ရောင်စုံတောက်ပနေပြီး သူ့အနားသို့ လာရောက်လည်ပတ်ရန် အချိန်မရှိတော့ပေ။


ကျီလင် ထိုအကြောင်းကို တွေးနေချိန်၌ ဝမ်ယန်က တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။


ကျီလင်က ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ဂုဏ်ယူစွာဖြင့် ကြည့်လိုက်သည်။ ထို့နောက် မေးစေ့ကို ပင့်ချီကာ ပြောလိုက်သည်။

"မင်းက အပြင်မှာ ငါ့မျက်နှာကို မပျက်စေဘူးပဲ... မဆိုးပါဘူး…"


ဝမ်ယန်က ငွေရောင်ဆံပင်ကို နောက်ကျောဘက်တွင် စည်းနှောင်ထားပြီး သူ၏အနက်ရောင် ဖီးနစ်မျက်လုံးများက ကျီလင့်အား ရိုသေစွာ ကြည့်လာသည်။

"ကံကောင်းစွာနဲ့ပဲ အရှက်ရစရာတော့ ဖြစ်မသွားခဲ့ပါဘူး…"


ကျီလင်၏အပြုအမူမှာ အလွန်ကျေနပ်နေပုံပေါ်၏။ ထို့နောက် မောက်မာမှုကို ဆက်လက်ဖော်ပြပြီး သရော်ဟန် နှာတစ်ချက်မှုတ်လိုက်သည်။

"မင်း အမတ်ဖြစ်သွားရင်တောင် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး မင်းရဲ့အောက်ခြေဘဝကို မမေ့လိုက်နဲ့…"


ကျီလင်၏ အပြောအဆိုနှင့် အမူအရာတွင် အထင်သေးမှုကို ဖုံးကွယ်ထားပေသည်။


ကျီလင် ထိုစကားများကို ပြောဆိုပြီးနောက် ဝမ်ယန် ထွက်သွားမည်ကို စောင့်ဆိုင်းနေခဲ့သည်။

ဒါပေမဲ့ အဲဒီဝမ်ယန်က ရုတ်တရက် ရှေ့တိုးလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...


ထိုသူက ကျီလင်၏လက်ကို ကိုင်ကာ လေးနက်ညင်သာစွာ အနမ်းပေးလာသည်။ ထို့နောက် မျက်လုံးများကို မော့ကြည့်ပြီး ပြောလိုက်သည်။

"မမေ့ပါဘူး…"


ကျီလင် အံ့အားသင့်သွား၏။


ဝမ်ယန်က သူ့ကို လေးလေးနက်နက် စိုက်ကြည့်ရင်း ကတိတစ်ခုပေးနေသကဲ့သို့ ဖြည်းညှင်းစွာ ပြောလာသည်။

"ကိုယ့်ရဲ့အဆင့်အတန်းက ဘယ်လိုပဲဖြစ်နေပါစေ ဒီတစ်ခုကတော့ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး... အဲဒါက—— ကိုယ်က မင်းရဲ့သစ္စာအရှိဆုံး အစေခံပဲ…"


ကျီလင်က သူ၏ ကျဉ်းမြောင်းလှသော ဖီးနစ်မျက်လုံးများကို ကြည့်ကာ ခဏမျှ မှင်သက်သွား၏။ ထို့နောက် အကြည့်လွှဲလိုက်သည်။

ဒီဗီလိန်တွေရဲ့ သရုပ်ဆောင်စွမ်းရည်က တကယ်ကို ကောင်းတာပဲ...


ဒီကောင်က အရမ်းတော်တဲ့လူလိမ်ပဲ... အရမ်းကို ကလိမ်ကကျစ်ကျလွန်းတယ်...


ကျီလင် သူ့လက်ကို ပြန်ဆွဲယူလိုက်ပြီး မကျေမနပ်ဖြင့် နှုတ်ခမ်းစူကာ ပြောလိုက်သည်။

"သိပြီ... ငါ သိပြီ... ဝေးဝေးသွားတော့…"


ကျီလင်၏ စိတ်မရှည်သော အသံကြောင့် ဝမ်ယန်မှာ လုံးဝ စိတ်အနှောင့်အယှက် ဖြစ်မသွားပေ။ သူက ကျီလင့်ကိုလေးလေးစားစား ဆက်ဆံနေဆဲဖြစ်ပြီး မျက်လွှာများကိုချကာ သူ့မျက်လုံးများထဲရှိ တောက်လောင်နေသော အချစ်များကို ဖယ်ရှားပစ်လိုက်သည်။


ယခုအချိန်တွင် အပြင်ဘက်ရှိ လူတိုင်းက သာမန်လူတန်းစား အမတ်တစ်ယောက်ဖြစ်သည့် သူ့အပေါ် ရန်လိုနေကြပြီး သူ့အား ဤရာထူးမှ ဆွဲချရန် မစောင့်နိုင်ကြတော့ပေ။ သူ့အနေဖြင့် မရေမတွက်နိုင်သော နိုင်ငံရေး ပြိုင်ဘက်များအား ရင်ဆိုင်နေရရုံသာမက ကားလို့စ်၏ တန်ပြန်တိုက်ခိုက်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။ ၎င်းက အလွန်ခက်ခဲမည်ဟု ယူဆနိုင်ပေ၏။


သို့သော် အချိန်တိုင်း နေရာတိုင်း ကောင်ငယ်လေး၏ ဘေးနားတွင် ရှိနေသမျှ ကာလပတ်လုံး နှလုံးသားမှ နွေးထွေးမှုကို ခံစားရလိမ့်မည်ဖြစ်သည်။


အဘယ်ကြောင့်ဆိုသော် လူတိုင်းက သူ့အား မကောင်းသည့် ရည်ရွယ်ချက်များနှင့် ပြောဆိုဆက်ဆံနေချိန်တွင် ကောင်ငယ်လေးတစ်ယောက်တည်းကသာ သူ၏စိတ်ခံစားချက်များကို ဖုံးကွယ်မထားဘဲ သူ့အား ရိုးရိုးသားသား ရင်ဆိုင်ခဲ့လေသည်။ သူ့ပါးစပ်မှ ထိုကဲ့သို့သော စကားများ ပြောနေသော်လည်း ထိုမျက်လုံးများထဲတွင် အထင်သေးမှုနှင့် ရွံရှာမှုတို့က အနည်းငယ်မျှပင် မရှိကြောင်းကို ဝမ်ယန် မြင်နိုင်ပေသည်။ ထို့အပြင် ထိုသူက များများစားစားပင် အံ့ဩထိတ်လန့်မသွားခဲ့ပေ။ ဝမ်ယန်က မည်မျှဝေးသည့်နေရာသို့ ရောက်သွားပါစေ ထိုသူက တည်တည်ငြိမ်ငြိမ် ပေါ့ပေါ့ပါးပါးဖြင့် ရင်ဆိုင်နိုင်စွမ်းရှိပုံရ၏။


သာမန်လူတစ်ယောက်အနေဖြင့် ဤရာထူးနှင့် မထိုက်တန်ကြောင်း ယူဆရန်မဆိုထားနှင့် ထိုသူက သူ့အား ဘယ်သောအခါမှ မေးခွန်းမထုတ်ခဲ့ပေ။


ယခင်ဘဝ၌ ကောင်ငယ်လေးတစ်ဦးတည်းကသာ ချွင်းချက်မရှိ သူ့အား ကူညီပေးခဲ့သည်။ ကျီလင်က မောက်မာပုံရပြီး မာနကြီးပုံပေါ်သော်လည်း ထိုသူ၏ စိတ်နှလုံးသားအတွင်း၌ သူ့အား တန်းတူညီမျှစွာ မြင်ပေးခဲ့သည်။ ထို့အပြင် ပြင်ပကမ္ဘာ၏ အပြောင်းအလဲများကြောင့်လည်း ပြောင်းလဲမသွားခဲ့ပေ။


ကိုယ့်အတွက် အခုလောလောဆယ် ကိုယ် အလိုရှိတဲ့အရာအားလုံးက မင်းကို ကာကွယ်ပေးဖို့ပဲ...


..................


ကျီလင်က နောက်ဆုံးတွင် ဝမ်ယန့်ကို နှင်လွှတ်လိုက်နိုင်ပြီး သူ၏ငါးဆားနယ်ဘဝကို ဆက်လက်နေထိုင်ခဲ့သည်။


ရက်အနည်းငယ် ကြာပြီးနောက် နောက်ဆုံးတွင် ကျီလင်က သူမြင်ချင်ဆုံး သတင်းကို မြင်လိုက်ရသည်။


နာမည်ကြီး အတင်းအဖျင်း သတင်းမီဒီယာတစ်ခုက ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။ ထိုဓာတ်ပုံများမှာ ဘရန်ဒန်၏အိမ်သို့ ဝင်ထွက်ပြီး နဉ်ယွီနှင့် ရင်းရင်းနှီးနှီး ပြုမူဆက်ဆံနေသည့် ကျင်းဆွေ့၏ ဓာတ်ပုံများပင်ဖြစ်၏။ 'မဟုတ်ရင် ညစာစားပွဲမှာ နဉ်ယွီကို ကာကွယ်ပေးဖို့အတွက်နဲ့ ဘယ်လိုလုပ်ပြီး ကျင်းဆွေ့က ကျီလင့်ကို ပွင့်ပွင့်လင်းလင်း အပြစ်တင်မှာလဲ' ဟူသော ကျင်းဆွေ့နှင့် နဉ်ယွီကြားရှိ နီးကပ်သည့်ဆက်ဆံရေးကို ရည်ညွှန်းပြောဆိုထားသည့် စာသားနှင့်အတူ ပူးတွဲဖော်ပြထားသည်။ စာကြောင်းများထဲရှိ စကားလုံးများက ကျင်းဆွေ့နှင့်နဉ်ယွီကြားရှိ အမျိုးသား-အမျိုးသား ဆက်ဆံရေးကို မရှင်းမလင်း အရိပ်အမြွက်မျှသာ ဖော်ပြထားပြီး ကျီလင့်အား အာရုံစိုက်စေရန်ပင် ရေးသားဖော်ပြထား၏။ ထိုသို့ဖြင့် ကျီလင်က gong နှင့် shou ကြားရှိ ချစ်ခြင်းမေတ္တာ၏ ခြေနင်းကျောက်တုံးလေး ဖြစ်လာခဲ့သည်။


ဤသတင်းက ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး နဉ်ယွီ၏ပရိသတ်များနှင့် ကျင်းဆွေ့၏ပရိသတ်များက တစ်ယောက်ကိုတစ်ယောက် လည်ပင်းများ ထညှစ်လုနီးပါးပင်။ ကျင်းဆွေ့၏ပရိသတ်များက 'ဧကရာဇ်က ဘယ်လိုလုပ်ပြီး နိမ့်ကျတဲ့သာမန်လူတစ်ယောက်ကို သဘောကျနိုင်မှာလဲ... သူက အပျော်ကစားရုံပဲ' ဟု ပြောဆိုခဲ့ကြသည်။ နဉ်ယွီ၏ ပရိသတ်များကလည်း သူတို့၏အိုင်ဒေါလ်က အလွန်သန်မာပြီး အလွန်လှကာ အလွန်တော်ကြောင်းနှင့် ဧကရာဇ်ထံတွင် လူကဲခတ်တော်သည့် ထက်မြက်သော မျက်လုံးများရှိကြောင်း ပြောဆိုခဲ့ကြသည်။


နှစ်ဖက်စလုံးက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ကျိန်ဆဲနေကြပြီး ရံဖန်ရံခါ ကျီလင်ကိုလည်း အတူတကွ ကျိန်ဆဲတတ်ကြသည်။


ကျီလင်မှာ ၎င်းကို မြင်ပြီး အလွန်ပျော်ရွှင်နေမိသည်။ အလွန်ပျော်ရွှင်နေသောကြောင့် ကျိန်ဆဲခံရလျှင်ပင် အရေးမကြီးပေ။ သူ ဤသတင်းကို စောင့်မျှော်နေခဲ့ခြင်းပင်။

ငါ့ရဲ့အကျင့်စရိုက်နဲ့ဆိုရင် ဒီလိုမကျေနပ်မှုတွေကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ...


ပို၍အရေးကြီးသည်မှာ သူက ကျင်းဆွေ့အပေါ် စွဲလမ်းနေပြီး ဤကောလဟာလကို လက်မခံနိုင်ခဲ့ပေ။ 


ကျီလင်က ဝဘ်ပေ့ဂျ်ကို ပိတ်လိုက်ပြီး ငါးဆားနယ်အခြေအနေမှ လုပ်ငန်းအခြေအနေသို့ ချောမွေ့စွာ ချက်ချင်း ပြောင်းလဲလိုက်သည်။ ထို့နောက် သူ့အမေကို ရှာရန် ပြေးထွက်သွားပြီး တောင်းဆိုလိုက်သည်။

"မေမေ သား နန်းတော်ထဲဝင်ချင်တယ်... သားကို ခေါ်သွားပေးလို့ရလား…"


မဒမ်မာရီနာက အိမ်၌ အဝတ်အစားများကို ရွေးချယ်နေသည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် သူမက တုံ့ဆိုင်းသွားပြီး မေးလာ၏။

"ရုတ်တရက်ကြီး ဘာလို့ နန်းတော်ထဲ ဝင်ချင်ရတာလဲ…"


ကျီလင်က ခေါင်းငုံ့ကာ ပြောလိုက်သည်။

"သား– သား အန်တီရှမန်ကို လွမ်းလို့..."


မဒမ်မာရီနာနှင့် ကျင်းဆွေ့၏မိခင် ဧကရီမယ်တော်ကြီး မဒမ်ရှမန်တို့မှာ အမှန်တကယ်ပင် ရင်းနှီးသောမိတ်ဆွေ သူငယ်ချင်းကောင်းများ ဖြစ်ကြသည်။ မဒမ်ရှမန်ကလည်း ကျီလင်ကို အလွန်နှစ်သက်ပေသည်။ သို့သော်လည်း ကျီလင်၏ အလိမ်အညာစကားများက ထင်ရှားလွန်းလှ၏။ ကျီလင် နန်းတော်သို့ လာချင်သည့် အကြောင်းအရင်းမှာ ကျင်းဆွေ့တစ်ဦးတည်းကြောင့်သာ ဖြစ်ကြောင်း ရှင်းလင်းလှသော်လည်း ထုတ်ပြောရန်အတွက်မူ ရှက်ရွံ့နေပေသည်။ မဒမ်မာရီနာက သားဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ကာ အလွန်ချစ်မြတ်နိုးစွာဖြင့် ပြောလိုက်သည်။

"ကောင်းပြီ…"


"ကျေးဇူးတင်ပါတယ် မေမေ…"

ကျီလင်က ဝမ်းသာအားရ ပြောလိုက်သည်။


မဒမ်မာရီနာက ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။

"လာစမ်းပါဦး... မင်းက မေ့မေကို ဒီလိုအချိန်မျိုးမှာပဲ သတိရတာမလား…"


..................


တစ်နာရီကြာပြီးနောက် ကျီမိသားစု၏ ဟိုဗာကားမှာ နန်းတော်ဥယျာဉ်ထဲသို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။


မူလပိုင်ရှင်က မကြာခဏ လာရောက်လေ့ရှိသောကြောင့် ဤအင်ပါယာနန်းတော်မှာ ကျီလင်၏မှတ်ဉာဏ်များနှင့် ရင်းနှီးနေခဲ့သည်။ သူ၏မိခင်ဖြစ်သူ မဒမ်မာရီနာနှင့် ကျင်းဆွေ့၏မိခင် မဒမ်ရှမန်တို့မှာ ငယ်စဉ်ကတည်းက ညီအစ်မကောင်းများဖြစ်ကြပြီး အတူတကွ ပညာသင်ကာ ကြီးပြင်းလာခဲ့ကြသည်။ နောက်ပိုင်းတွင် မာရီနာက မြို့စားကြီးကျီထင်နှင့် လက်ထပ်ခဲ့ပြီး ရှမန်က အင်ပါယာ၏ ယခင်ဧကရာဇ်နှင့် လက်ထပ်ခဲ့သည်။ ထို့နောက် ဧကရာဇ်သားတော် ကျင်းဆွေ့ကို ဖွားမြင်ခဲ့သည်။ ညီအစ်မ နှစ်ယောက်စလုံးက အစဉ်အမြဲဆိုသလို တစ်ယောက်နှင့် တစ်ယောက် အလွန်ရင်းရင်းနှီးနှီး ရှိခဲ့ကြသည်။


မူလပိုင်ရှင် ကလေးဘဝ၌ မဒမ်ရှမန်က ဆော့ကစားရန် သူ့အား နန်းတော်သို့ မကြာခဏ ခေါ်သွားလေ့ရှိသည်။ ထို့ကြောင့်ပင် သူ့ထက် ဆယ်နှစ်ကြီးသည့် ကျင်းဆွေ့နှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်မှစ၍ ကျီလင်က နတ်ဘုရားတမျှ ချောမောခံ့ညားပြီး ပြီးပြည့်စုံသော အစ်ကိုကြီးကို လေးစားအားကျခဲ့ရသည်။ ထို့နောက် တဖြည်းဖြည်းနှင့် အနှီလေးစားအားကျမှုက အရူးအမူး ချစ်မြတ်နိုးမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။


တကယ်တမ်း၌ မူလပိုင်ရှင် ငယ်ရွယ်စဉ်အခါက မာနမကြီးသလို စက်ဆုပ်စရာလည်း မကောင်းပေ။ ထိုအချိန်က ကျင်းဆွေ့မှာ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပြီး ညီငယ်လေးတစ်ယောက်လို သဘောထားခဲ့သည်။ သို့သော် မူလပိုင်ရှင်က ဆိုးရွားသော လူပေါ်ကြော့လေးအဖြစ် ကြီးပြင်းလာရုံသာမက အလွန်အကျူး ပိုင်ဆိုင်လိုစိတ် ရှိလာခဲ့သည်။ သဝန်တိုမှုကြောင့် မကြာခဏဆိုသလို ကျင်းဆွေ့၏ သူငယ်ချင်းများကို ဒုက္ခပေးရန် လိုက်ရှာလေ့ရှိသည်။ ၎င်းက ကျင်းဆွေ့အား တဖြည်းဖြည်းနှင့် သူ့ကို ပို၍မုန်းတီးစေကာ စိတ်မရှည်ဖြစ်စေခဲ့သည်။



✨✨✨