Chapter 34
Viewers 3k

✨ Chapter 34



နောက်ဆုံးတွင် တစ်နေ့လုံး ဒုက္ခဖြစ်စေပြီး မိုက်မဲကာ မောက်မာလှသည့် ခါချ၍လည်းမရနိုင်သော ဤကဲ့သို့အမှိုက်တစ်စကို မည်သူကမှ သဘောမကျကြပေ။


ကျီလင် အတိတ်မှအကြောင်းများကို ပြန်သတိရနေစဉ် ကားက ရပ်တန့်သွားခဲ့သည်။ ကျီလင်က ခမ်းနားထည်ဝါလှသည့် နန်းတော်ထဲသို့ သူ့အမေနှင့်အတူ ၀င်သွားလိုက်သည်။ မဒမ်ရှမန်က သူတို့ကို ခန်းမထဲ၌ စောင့်ဆိုင်းနေခဲ့သည်။ သူမက ကျီလင်ကို တွေ့ရသည့်အတွက် အလွန်ပျော်ရွှင်သွားပြီး နှစ်လိုဖွယ် ပြုံးပြလာသည်။

"ကျွန်တော် ဒီကိုမရောက်တာ အတော်ကြာပြီ... အန်တီ့ကို အရမ်းသတိရနေတာ…"


ကျီလင်က ကြည့်ကောင်းသည့် အပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြသလိုက်သည်။ သူက မဒမ်ရှမန်၏ရှေ့၌ အမြဲတစေ အပြုအမူကောင်းမွန်ပြီး စိတ်ကျေနပ်ဖွယ် ကောင်းနေခဲ့သည်။


မဒမ်ရှမန်က ကျီလင်၏လက်ကို ဆွဲယူပြီး အချိန်အကြာကြီး စိတ်ဝင်တစား ကြည့်နေခဲ့သည်။ ထို့နောက် အစေခံများအား လက်ဆောင်ပစ္စည်း အမြောက်အများကို ပြင်ဆင်ခိုင်းလိုက်သည်။

"ဒါတွေက မင်းအတွက်ပဲ... မင်း ကြိုက်လိမ့်မယ်ဆိုတာ အန်တီ သိတယ်…"


မဒမ်မာရီနာက ဘေးမှကြည့်နေပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။

"အရမ်းကြီး ယဉ်ကျေးမနေဖို့ ငါ ပြောခဲ့တယ်လေ... ငါတို့ ရောက်လာတိုင်း နန်းတော်ကို ဝင်စီးနေသလိုပဲ…"


မဒမ်ရှမန်က သူမ၏မျက်ခုံးများကို ပင့်လိုက်ပြီး ဧကရီမယ်တော်ကြီး၏ အရှိန်အဝါအပြည့်နှင့် ပြောလိုက်သည်။

"ဘယ်သူတွေက အဲဒီလို ပြောရဲတာလဲ…"


ကျီလင်က ထိုနေရာတွင် ခဏမျှနေပြီး သူ့မစ်ရှင်အကြောင်းကို တွေးတောမိကာ ထိုင်မနေနိုင်တော့ပေ။ မျက်လုံးကို ဝေ့ဝဲကြည့်ကာ စကားပြောရန် အခွင့်အရေးတစ်ခု ရှာလိုက်သည်။

"အန်တီရှမန်... မေမေ... ကျွန်တော် အပြင်ထွက်ပြီး လျှောက်ပတ်ကြည့်ချင်တယ်…"


မဒမ်ရှမန်နှင့် မဒမ်မာရီနာတို့က တစ်ယောက်ကိုတစ်ယောက် အသံတိတ် လှမ်းကြည့်လိုက်သည်။ ထို့နောက် မဒမ်ရှမန်က ကျီလင်ထံသို့ ပြန်လှည့်လာပြီး ပြောလိုက်သည်။

"သွားလေ... ဒါပေမဲ့ စောစောပြန်လာဖို့ မမေ့နဲ့နော်…"


ကျီလင်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

"ဟုတ်…"


ထိုသို့ပြောပြီး ၎င်းနေရာမှ အမြန်လှည့်ထွက်လာခဲ့သည်။ ကျီလင်က နန်းတော်နှင့် အလွန်ရင်းနှီးပြီး ဤနေရာမှ အစေခံအများစုကလည်း ဧကရီမယ်တော်ကြီး၏ မျက်နှာသာပေးမှုကို ခံရသော သခင်လေးကျီလင်ကို သိကြသောကြောင့် ပုံမှန်အတိုင်း မည်သူကမျှ သူ့ကို တားမည်မဟုတ်ပေ။


ကျီလင်က သူ့မှတ်ဉာဏ်များအတိုင်း လျှောက်သွားပြီး မကြာမီမှာပင် ကျင်းဆွေ့၏နန်းတော် အပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။


အကွာအဝေးတစ်ခုမှ နန်းတော်ရှိ တောရိုင်းသားရဲ တိရစ္ဆာန်တစ်ကောင်၏ ဟိန်းဟောက်သံကို ကြားနေရသည်။ ၎င်းက ကျင်းဆွေ့၏ အိမ်မွေးတိရစ္ဆာန်ဖြစ်ကြောင်း ကျီလင် သိထားပေသည်။ အလွန်အစွမ်းထက်သော တိမ်အမဲလိုက်သားရဲတစ်ကောင်ဖြစ်သည့်အပြင် ယခင်ဘဝက မြင်ခဲ့ဖူးပေသည်။ ၎င်းကို လှောင်အိမ်ထဲ၌ သော့ခတ်ထားလျှင်ပင် ဘောင်းဘီထဲ သေးပေါက်ချနိုင်သည်အထိ သူ့အား ခြောက်လှန့်နိုင်ပေသည်။


ကျီလင်၏ ခြေထောက်များက အနည်းငယ် ပျော့ခွေသွားသော်လည်း မစ်ရှင်အတွက် တောင့်တင်းစွာ လျှောက်လှမ်းလိုက်ဆဲပင်။


အရပ်ရှည်ရှည် လူတစ်ယောက်က သံလှောင်အိမ်တစ်ခု၏ ရှေ့တွင် ရပ်နေပြီး သူ၏ပခုံးထက်တွင် အနက်ရောင်ဆံပင်များက လျော့ရဲစွာ ကျဆင်းနေ၏။ ထိုသူ၏မျက်နှာက ချောမောခံ့ညားကာ အေးစက်နေ၏။ ရွှေရောင်မျက်ဆံများသည်လည်း နေရောင်အောက်တွင် ပို၍ပင် ပြိုးပြိုးပြက်ပြက် တောက်ပနေသည်။ ထို့အပြင် ကျယ်ပြန့်သောပခုံးများ၊ သေးသွယ်သောခါးနှင့် သွယ်လျပြီး ဖြောင့်စင်းသောခြေတံများ ပိုင်ဆိုင်ထားလေသည်။


ထိုသူက အသားတစ်ပိုင်းကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် လှောင်အိမ်ထဲရှိ သားရဲကြီးက ၎င်းအသားပိုင်းကို လျင်မြန်စွာ ကိုက်စားပစ်လိုက်သည်။


ကျီလင်က ဦးခေါင်းမှ ခြေထောက်အထိ မီတာတစ်ရာနီးပါး မြင့်မားပြီး ချွန်ထက်သောအရိုးများဖြင့် ဖုံးအုပ်ထားသော ကြီးမားလှသည့် ကြောက်စရာ မကောင်းဆိုးဝါးကြီးကို ကြည့်လိုက်သည်။ ကျီလင် တိတ်တဆိတ် တံတွေးမျိုချလိုက်ပြီးနောက် ခေါင်းကို လှည့်လိုက်သည်။ ထိုမှသာ သူ မြင်ရလိမ့်မည် မဟုတ်ပေ။ ထို့နောက် ကျီလင် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။

'မမြင်ရဘူး... မမြင်ရတော့ဘူး...ငါ မမြင်ရတော့ဘူး...'


ကျီလင်က သူ့အကြည့်များကို ကျင်းဆွေ့၏ ခန္ဓာကိုယ်အပေါ်တွင်သာ အလုံးစုံ စုပုံထားသည်။ အလွန့်အလွန် စူးစိုက်ကြည့်နေပြီး ဘေးပတ်ဝန်းကျင်ကို ဆက်မကြည့်တော့ပေ။ သူ လမ်းလျှောက်လာပြီး ခေါင်းကို မော့ကာ ပြောလိုက်သည်။

"ကျင်းဆွေ့ကော…"


အပြင်လူများ မရှိချိန်တွင် ကျီလင်က ကျင်းဆွေ့အား ထိုကဲ့သို့ခေါ်တတ်သည်။ ၎င်းက သူတို့နှစ်ယောက်၏ ထူးခြားသော အခေါ်အဝေါ်ပင်။


ကျီလင် ရောက်လာသည်ကို ကျင်းဆွေ့က သိထားပြီးဖြစ်သည်။ သို့သော် ကျီလင်၏ပါးစပ်မှ သူ့ကို ထိုသို့ ခေါ်လာသည်အထိ လှည့်မကြည့်ခဲ့ပေ။ ကျင်းဆွေ့က ဂရုမစိုက်သည့် အကြည့်များဖြင့် ကျီလင်၏မျက်လုံးများကို ကြည့်ကာ ပြောလိုက်သသည်။

"မင်း ဒီကို ဘာလာလုပ်တာလဲ…"


ကျီလင်က ကျင်းဆွေ့၏ အေးစက်စက် မျက်လုံးများကို ကြည့်ပြီး မတိုင်မီက မြင်ခဲ့ဖူးသည့်သတင်းကို သတိရသွားသည်။ အချိန်အတန်ကြာ စုဆောင်းထားသောမျက်ရည်များကို အတင်းဖျစ်ညှစ်ထုတ်ကာ မျက်လုံးနီရဲရဲလေးများဖြင့် ကျင်းဆွေ့ကိုကြည့်ရင်း မယုံကြည်နိုင်သည့် လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။

"အပြင်... အပြင်ကလူတွေက ပြောနေကြတယ်... ကောနဲ့နဉ်ယွီက အတူတူ..."


ကျီလင်က ကျင်းဆွေ့ကို တည်ငြိမ်စွာပင် စိုက်ကြည့်ပြီး မေးလိုက်သည်။

"အဲဒါ အမှန်မဟုတ်ဘူး ဟုတ်တယ်မလား…"


ကျင်းဆွေ့က ကျီလင်၏ မျက်လုံးများကို ကြည့်လိုက်သည်။ ကောင်ငယ်လေး၏ ကြည်လင်ပြတ်သားသော မျက်လုံးများက မျှော်လင့်တကြီး သူ့ကို စူးစိုက်ကြည့်နေပြီး မဟုတ်မမှန်ကြောင်း ငြင်းဆိုလာမည့်အဖြေကို မျှော်လင့်နေသည်။


ထိုအဖြစ်အပျက်က အမှန်မဟုတ်ပေ။ တစ်စုံတစ်ယောက်ထံမှ ဖမ်းမိသွားသော ကောလဟာလတစ်ခုမျှသာ ဖြစ်သော်လည်း ကျင်းဆွေ့ထံတွင် ၎င်းကို ဖြေရှင်းရန် ရည်ရွယ်ချက်မရှိပေ။ ကျီလင်ထံ ထိုကိစ္စအား ပို၍ပင်ရှင်းမပြချင်ပေ။


ကျင်းဆွေ့၏ နှုတ်ခမ်းထောင့်များက ဖြည်းညှင်းစွာ မြင့်တက်သွားပြီး အချိန်အတော်ကြာပြီးနောက် ရယ်မောလိုက်သည်။

"အဲဒါက မှန်တယ်လို့ ငါ ပြောရင်ရော…"


ကျင်းဆွေ့က ရုတ်တရက် မယုံကြည်မှု၊ ဝမ်းနည်းမှုတို့နှင့် ပြည့်နှက်နေသော ကောင်ငယ်လေး၏ မျက်လုံးများကို ကြည့်လိုက်သည်။ ထို့နောက် ကိုယ်ကိုကိုင်းကာ ကောင်ငယ်လေးနားသို့ ချဉ်းကပ်သွား၏။ သူ၏ရွှေရောင် မျက်ဆံများက အေးစက်မှုတစ်ခု ဖြတ်ပြေးသွားပြီး လှောင်အပြုံးတစ်ခုဖြင့် ပြောလာသည်။

"ဒါဆို အဲဒါနဲ့ပတ်သက်ပြီး မင်းက ဘာဆက်လုပ်မှာလဲ…"


----------


ကျီလင်က ကျင်းဆွေ့၏ အေးစက်နေသော ရွှေရောင်မျက်ဆံများကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။ ထို့နောက် ကျင်းဆွေ့၏ပါးစပ်မှ ထွက်ကျလာသော အေးစက်စက် စကားလုံးများကို နားထောင်ရင်း စကားပင် မပြောနိုင်တော့ပေ။


ကျွန်တော် ဘာလုပ်မလဲလို့ ခင်ဗျားက လာမေးနေတာလား... ဒါပေါ့ 'မနာလိုစိတ်' ကြောင့် နဉ်ယွီကို ဒုက္ခပေးဖို့ စီစဉ်နေတယ်လေ...


ကျီလင်က မျက်တောင်များခတ်လိုက်ပြီး အသည်းကွဲသွားသည့် အမူအရာကို ဖော်ပြလိုက်သည်။ ထိုကဲ့သို့သော အဖြေကို လုံးဝလက်မခံနိုင်သကဲ့သို့ တီးတိုးရေရွတ်လိုက်သည်။

"မဖြစ်နိုင်ဘူး... အဲလိုနိမ့်ကျတဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ..."


ကျင်းဆွေ့၏ နှုတ်ခမ်းထောင့်များက မြင့်တက်သွားပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

"ဘာလို့ မဖြစ်နိုင်ရမှာလဲ…"


ကျီလင် ထိုစကားကို ကြားပြီးသည်နှင့် ပျော်ရွှင်နေသော မျက်လုံးများက မျက်ရည်များပြည့်လာပြီး ဒေါသတကြီးဖြင့် မေးလိုက်သည်။

"ကျွန်တော် ခင်ဗျားကို အရမ်းကြိုက်တယ်လေ... ဘာလို့ ကျွန်တော့်ကို ပြန်မကြိုက်တာလဲ…"


ကျင်းဆွေ့က ပြုံးလိုက်ပြီး လှောင်ပြောင်သလို ကြည့်ကာ ဂရုမစိုက်သည့် အသံဖြင့် ပြောလိုက်သည်။

"တခြားသူတွေက ငါ့ကို လာကြိုက်ရင် ငါက ပြန်ပြီးကြိုက်ပေးရမယ်လို့ ဘယ်သူကပြောလဲ…"


သူ၏အပြုံးက တည်ငြိမ်နေ၏။ ထိုအပြုံးက စက်ဆုပ်စရာဟူ၍ အနည်းငယ်မျှ မရှိပေ။ ကျက်သရေရှိပြီး မျက်စိပသာဒပင်ရှိသေးသည်ဟု ဆိုနိုင်၏။ သူ့နှုတ်ခမ်းထောင့်များ၏ ကွေးညွတ်ပုံလေးကပင် ပြီးပြည့်စုံလှသည်။ မည်သို့ပင်ဆိုစေကာမူ ကျင်းဆွေ့၏မျက်လုံးက ပိုပြီးအေးဆေးတည်ငြိမ်ကာ လျစ်လျူရှုထားလေလေ၊ သူ့တို့ကို ဂရုမစိုက်ကြောင်း လူအများက ခံစားရလေလေပင်။


ကျီလင်က ဖြူလျော်နေသည့်မျက်နှာဖြင့် နှုတ်ခမ်းကိုကိုက်ကာ အမှန်တရားကို လက်မခံလိုဘဲ အဖြေတစ်ခုကို တောင်းခံနေပုံပေါ်၏။

"အဲဒီဇာတ်နိမ့် နဉ်ယွီမှာ ဘာကများ ကြိုက်စရာရှိလို့လဲ... ကျွန်တော်က ဘယ်နေရာမှာ သူ့ထက် နိမ့်ကျနေလို့လဲ…"


ကျင်းဆွေ့က ရယ်စရာကောင်းသည့် ဟာသများကို ကြားလိုက်ရသကဲ့သို့ မျက်ခုံးများကို ပင့်လိုက်သည်။ သူက ကျီလင်ကို လေးလေးနက်နက် စိုက်ကြည့်ပြီး လှောင်ပြောင်ရယ်မောကာ ရှင်းရှင်းလင်းလင်းနှင့် ဖြည်းညင်းစွာ ပြောလာသည်။

"မင်းရဲ့အထက်တန်းလွှာဆိုတဲ့ အဆင့်အတန်းကလွဲရင် မင်းရဲ့ဘယ်နေရာက သူနဲ့ ယှဉ်နိုင်လို့လဲ…"


ယခုအချိန်တွင် ကျင်းဆွေ့က နဉ်ယွီ့အကြောင်းကို အများကြီး မတွေးထားသော်လည်း ကျီလင့်အပေါ် ဤကဲ့သို့ သူ၏အထင်အမြင်သေးမှုကို မတားနိုင်ခဲ့ပေ။


ယနေ့ခေတ် အထက်တန်းလွှာများကြားတွင် ကျီလင်ကဲ့သို့ ကိုယ်ပိုင်အသိဉာဏ်မရှိကြသည့် လူများမှာ လူနည်းစုမျှသာ မဟုတ်ကြပေ။ သူတို့က မူးမူးရူးရူးနှင့် အကျင့်ပျက်ကာ အဆင့်နိမ့် သတ္တဝါများသာဖြစ်သော်လည်း အားနည်းသော လူသားတစ်ဦးဖြစ်ကြောင်း ကာလကြာရှည်စွာ မေ့လျော့နေခဲ့ကြသည်။ ထိုသူတို့က ၎င်းတို့၏ လက်ရှိအဆင့်အတန်းနှင့် အာဏာကို စွဲလမ်းနေခဲ့ကြပြီး သူတို့ထက် အားနည်းသူများကို လျစ်လျူရှုခဲ့ကြသည်။ အမှန်တကယ်၌ ထိုလူများက သူတို့ထက်နိမ့်ကျသော်လည်း အလားအလာကောင်းများနှင့် ခြိမ်းခြောက်နိုင်စွမ်းများလည်း ရှိကြပေသည်။


ယနေ့ခေတ်အင်ပါယာက အလွန်ဩဇာအင်အားကြီးမားသည်ဟု ထင်ရလျှင်ပင် နောက်ဆုံးတွင် အဆိုပါအကျင့်စာရိတ္တ ပျက်ပြားနေသော အထက်တန်းလွှာများက အင်ပါယာ ဆုတ်ယုတ်ပျက်စီးခြင်း၏ မူလဇစ်မြစ် ဖြစ်လာပေလိမ့်မည်။


ကျီလင်က ထိုစကားများကို လေးလေးနက်နက် သဘောတူထောက်ခံခဲ့သည်။ ဇာတ်ကြောင်းအတိုင်း သွေဖယ်မသွားသေးသော အမျိုးသားဇာတ်လိုက်က အင်အားအကြီးဆုံးဖြစ်နေဆဲဟု ထင်မြင်မိသည်။ သူ့တွင် နဉ်ယွီနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် နောက်ဆုံး၌ အကြောင်းပြချက်တစ်ခု ရှိလာပြီဟုလည်း တွေးမိသည်။

ဒါက အရေးကြီးတဲ့ ဇာတ်ကွက်တစ်ခုပဲ... နဉ်ယွီရဲ့စွမ်းရည်ကို ထုတ်ဖော်ပေးနိုင်သလို gong နဲ့ shou တို့ရဲ့ ခံစားချက်တွေကို မြှင့်တင်ပေးနိုင်တယ်... အားးး


ကျီလင်က သူ့စိတ်ထဲတွင် စိတ်လှုပ်ရှားနေသော်လည်း မျက်နှာပေါ်တွင် အရှက်ရသွားသည့် အမူအရာကို ဖော်ပြထားသည်။ ထို့နောက် မယုံကြည်စွာ ပြောလိုက်သည်။

"ခင်ဗျား... ကျွန်တော်က သူ့ထက် ညံ့တယ်လို့ ခင်ဗျားက ထင်တယ်ပေါ့…"


ကျင်းဆွေ့က သူ့ကို ဂရုမစိုက်ဟန်ကြည့်နေပြီး ရွှေရောင်မျက်ဆံများထဲရှိ အလင်းရောင်က အေးစက်နေ၏။


စကားတစ်ခွန်းမှ ထုတ်မပြောသော်လည်း ဂရုမစိုက်ဟန် ထိုမျက်လုံးများနှင့် ဆုံတွေ့လိုက်ရုံဖြင့် ကျီလင်က ကျိုးကြောင်းမဆီလျော်သော စွန့်ပစ်ပစ္စည်းတစ်ခု၊ သို့မဟုတ် ဟာသတစ်ခုဖြစ်ကြောင်း ဖော်ပြနေပေသည်။


ကျီလင်က ယိုင်တိယိုင်တိုင်ဖြင့် နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။ ထို့နောက် အသည်းကွဲသွားသည့် အမူအရာကိုဖော်ပြလိုက်ပြီး ယနေ့အတွက် လုံလောက်ပြီဖြစ်ကြောင်း ခန့်မှန်းဆုံးဖြတ်လိုက်သည်။ ကျီလင် လှည့်ထွက်သွားလုဆဲဆဲအချိန်၌ ရုတ်တရတ် သန်မာသည့် လက်တစ်ဖက်က သူ့အား ဘေးဘက်မှ ဖမ်းဆွဲလိုက်လေသည်။ ခိုင်မြဲပြီးသန်မာသည့် လက်မောင်းက သူ့ကို ပူးကပ်နွေးထွေးသည့် ပွေ့ဖက်နှင့်အတူ တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားလေသည်။ အလွန်တင်းကျပ်လှသောကြောင့်အသက်ရှူရပ်လုမတတ်ပင်။


ကျီလင်က တအံ့တသြဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ ဘရန်ဒန်၏ အေးစက်တင်းမာသော မျက်နှာကို တွေ့လိုက်ရသည်။ ထိုယောက်ျား၏ မီးခိုးရောင် မျက်ဆံများထဲ၌ စိုးရိမ်ပူပန်မှုနှင့် သနားမှုတို့ကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားသည်။


ကျီလင်၏မျက်နှာမှာ ဖြူဖျော့သွား၏။

"..."


အစ်ကိုကြီးရေ... လာစမ်းပါ... အဲဒီလို မလုပ်စမ်းပါနဲ့... ခင်ဗျား အဲဒီလိုလုပ်ရင် ကျွန်တော် ကြောက်လွန်းလို့ပါ...



✨✨✨