✨ Chapter 35
ဘရန်ဒန်က ကျင်းဆွေ့နှင့် တွေ့ဆုံပြီး လတ်တလော မူမမှန်သည့် ကားလို့စ်၏ အပြုအမူနှင့် ပတ်သက်၍ ဆွေးနွေးချင်သောကြောင့် နန်းတော်ထဲသို့ ဝင်လာခဲ့သည်။ ဘရန်ဒန်က ကားလို့စ်လည်း ပြန်လည်မွေးဖွားလာသည်ဟု သံသယရှိသည်။ ပြန်လည်မွေးဖွားလာသော ကားလို့စ်က သူတို့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ထို့ကြောင့် ယင်းကိစ္စက အရေးပေါ် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
သို့သော် ဘရန်ဒန် ဝင်လာသည်နှင့် သူ မမြင်ချင်သော မြင်ကွင်းကို မြင်လိုက်ရသည်။
ကောင်ငယ်လေးက လျှပ်တပြက်အတွင်း ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး မျက်လုံးပြာပြာလေးများဖြင့် ကျင်းဆွေ့အား ကြည့်နေသည်။ ထိုမျက်လုံးများက အလွန်အမင်း မျှော်လင့်ချက်ကင်းမဲ့ကာ နာကျင်နေပုံရပြီး ချက်ချင်းပင် သူ့နှလုံးသားအား တောင့်တင်းသွားစေသည်။
ဘရန်ဒန်က ကျင်းဆွေ့နှင့် ရင်းနှီးပေသည်။ အစောပိုင်းက အရာအားလုံးကို မမြင်ခဲ့လျှင်ပင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို ခန့်မှန်းနိုင်ပေသည်။ ဘရန်ဒန်မှာ သူ့စိတ်နှလုံးသားထဲမှ ဒေါသထွက်ကာ ဝမ်းနည်းသွားရသည့်အပြင် ကောင်ငယ်လေးအတွက် မတရားမှုကြောင့် ခံပြင်းဒေါသကိုလည်း ခံစားလိုက်ရသည်။
ကောင်ငယ်လေးမှာ အလုံအလောက် မသန်မာသော်လည်း တကယ်တမ်း၌ သူ့စိတ်နှလုံးသားထဲတွင် အလွန်သတ္တိရှိပေသည်။
အားနည်းတဲ့ ကောင်ငယ်လေးက မီးတောင်နဲ့ ဓားပင်လယ်တွေကို ကျော်ဖြတ်ရဲရုံသာမက ခက်ခက်ခဲခဲလည်း တိုက်ပွဲဝင်ခဲ့ပြီး အန္တရာယ်တွေကြားထဲက မင်းကို ကယ်တင်ပေးခဲ့တယ်... နောက်ဆုံး မင်းအတွက် ကားလို့စ်ရဲ့လက်ထဲမှာပဲ သေဆုံးသွားခဲ့ရတာ...
သူ့ကို နှိမ့်ချပြောဆိုဖို့ မင်းမှာ ဘာအရည်အချင်းတွေ ရှိလို့လဲ...
သူ့ကို တန်ဖိုးမထားဘဲ ဒီလိုမျိုးနာကျင်စေတယ်ပေါ့...
ဘရန်ဒန်က ထိုအကြောင်းကို တွေးမိပြီး အလွန်ဒေါသထွက်နေသည်။ သူက ကျီလင်ကို သူ့ရင်ခွင်ထဲတွင် အခိုင်အမာ ကာကွယ်ပေးထားပြီး ကျင်းဆွေ့အား အေးစက်ပြတ်သားသော အကြည့်ဖြင့် ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ…"
ကျင်းဆွေ့၏ မျက်ခုံးများက အနည်းငယ် ကျုံ့သွား၏။ နောက်ဆုံးအကြိမ် ညစာစားပွဲ၌ ဘရန်ဒန်က တစ်ခုခု မူမမှန်နေကြောင်း ကျင်းဆွေ့ ခံစားမိသည်။ ယခုအခါ ဘရန်ဒန်က ကျီလင်ကို ဤကဲ့သို့ ကာကွယ်ပေးနေသည်ကို မြင်လိုက်ရချိန်တွင် သူ့မျက်လုံးများက နစ်မွန်းသွားပြီး နှုတ်ခမ်းပါးများက တင်းကျပ်တောင့်တင်းသွားသည်။
ကျီလင်က ဤမြင်ကွင်းကို တွေ့လိုက်ရချိန်၌ အနည်းငယ် ထိတ်လန့်သွားသော်လည်း အသိပြန်ဝင်လာခဲ့သည်။ ပြန်လည်မွေးဖွားလာသော ဘရန်ဒန်က ကျင်းဆွေ့အား ဆက်လက်ထိပ်တိုက်ရင်ဆိုင်ပြီး ဇာတ်ကြောင်းတစ်လျှောက် သူ့ကိုယ်သူ ပြဿနာဖြစ်စေမည့် တစ်စုံတစ်ရာကို မပြောမိစေရန်အလို့ငှာ အနည်းငယ် စိုးရိမ်သောကရောက်နေသည့် အကြည့်ကို ဖော်ပြလိုက်သည်။
ခင်ဗျား ပြန်လည်မွေးဖွားလာလည်း ကိစ္စမရှိဘူး... ခင်ဗျား လုပ်ချင်တာလုပ်နိုင်တယ်...ဒါပေမဲ့ ကျွန်တော့်ရဲ့ကိစ္စကို မဖျက်ဆီးပါနဲ့...အားးး ကျွန်တော့်ရဲ့ ချစ်လှစွာသော ဇာတ်လိုက်ကိုလည်း မဖျက်ဆီးပါနဲ့...အားးး…
ကျီလင် မျက်ရည်များဝဲလာကာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ကျွန်တော့်ကိုလွှတ်…"
ဘရန်ဒန်က ကောင်ငယ်လေးအပေါ် ယခုလေးပင် သူ့နှလုံးသားထဲ၌ စိုးရိမ်သောကရောက်နေပြီး သနားကရုဏာသက်လှသောကြောင့် မသိစိတ်မှ ကျီလင်ကို တစ်ခါတည်း ပွေ့ဖက်မိသွားသည်။ နီရဲနေသော မျက်လုံးများနှင့် ရုန်းကန်နေရသည့် ကောင်ငယ်လေးကို မြင်လိုက်ရချိန်တွင် သူ့နှလုံးသားက နာကျင်သွားပြီး လက်ကို ချက်ချင်း လွှတ်ပေးလိုက်သည်။
ကျီလင် လှည့်ကာ ထွက်ပြေးလာခဲ့သည်။
ဘရန်ဒန်က ကျင်းဆွေ့ကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် ထွက်ပြေးသွားသော ကျီလင်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက အေးစက်နေပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ကောင်ငယ်လေးနောက်သို့ လိုက်သွားခဲ့သည်။
ကျီလင်က ပြေးနေစဉ် သူ့နောက်မှ လှုပ်ရှားမှုများကို နားစွင့်နေခဲ့သည်။ ဘရန်ဒန်က သူ့နောက်သို့ အမှန်တကယ် လိုက်လာကြောင်း တွေ့လိုက်ရသည်။ နောက်ဆုံး ဘရန်ဒန့်အား ကျင်းဆွေ့၏ဘေးမှ ဝေးရာသို့ ဖြားယောင်းခေါ်ဆောင်နိုင်ခဲ့သည့်အတွက် ကျီလင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ သို့သော် ဤပြဿနာအား တစ်ယောက်တည်း ဖြေရှင်းရန် အခွင့်အရေးကို ရှာရပေတော့မည်။
ကျီလင်က အကျွမ်းတဝင်ရှိလှသော နန်းတော်ဥယျာဉ်များကို ကျွမ်းကျင်စွာ လျှောက်ပတ်သွားရင်း ထောင့်တစ်ထောင့်သို့ ကွေ့ချလိုက်သည်။ သူ့မျက်လုံးများက သူ့အရှေ့ရှိ မြေပြင်ပေါ်မှ ကျောက်တုံးပေါ်သို့ ရောက်ရှိသွား၏။ ထို့နောက် မျက်စိစုံမှိတ်ပြီး တမင်တကာ အပြေးအလွှား ဝင်တိုက်လိုက်သည်။ 'ဗုတ်' ဟူသောအသံနှင့်အတူ ခလုတ်တိုက်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့လက်ဖဝါးမှာ ပူလောင်ပြီး နာကျင်လာသည်။
ငါ-ိုး... သေလောက်အောင် အရမ်းနာတာပဲ... အားးး…
ကျီလင်က သရုပ်ဆောင်မှုအတွက် သူ၏အနစ်နာခံမှုကို တွေးတောရင်း မျက်ရည်များပင် ကျလာမိသည်။ ထို့နောက် မြေပြင်ပေါ်တွင် ထိုင်ချကာ လှည့်ပတ်ကြည့်လိုက်သည်။ ဘရန်ဒန်က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး သူ့ကို ကူညီရန် လက်ကမ်းပေးလာသည်။
ကျီလင်က လက်များကို မြေပြင်ပေါ်သို့ ထောက်ကာ နောက်သို့ ပြန်ဆုတ်လိုက်သည်။ ကျီလင်၏မျက်နှာက ဖြူဖျော့နေပြီး ထိတ်လန့်တကြား ခပ်လှမ်းလှမ်းမှ ပြောလိုက်သည်။
"မလာနဲ့…"
ဘရန်ဒန်က မြေပြင်ပေါ်တွင် ထိုင်နေသော ကောင်ငယ်လေးကို ကြည့်လိုက်သည်။ သူ၏မျက်လုံးပြာပြာများက စိမ်းကားရန်လိုနေပြီး မျက်ရည်များဖြင့် ပြည့်နေကာ သူ၏သွယ်လျသော ခန္ဓာကိုယ်လေးက အနည်းငယ် တုန်လှုပ်နေသည်။ ဤမြင်ကွင်းက သူ့နှလုံးသားကို ဓားဖြင့်ထိုးလိုက်သကဲ့သို့ပင်။
သူ အရမ်းကြောက်နေတာလား... တကယ်တော့ ငါ သူ့ကို လုံးဝ နာကျင်အောင် မလုပ်ချင်ပါဘူး...
ဤသို့သော ကျီလင်၏ပုံစံက သူ့အတွက် ရှေ့ဆက်ရန် ခက်ခဲလုနီးပါးဖြစ်စေခဲ့သည်။ သို့သော် ဘရန်ဒန်က ယခင်ဘဝမှကိစ္စများကို မှတ်မိပေသည်။ ကျီလင်က အင်တာနက်ပေါ်မှ ကောလာဟာလများကို နားထောင်ပြီး နဉ်ယွီအား စိန်ခေါ်ခဲ့သည်။ ကျင်းဆွေ့၏ လှုံ့ဆော်မှုကြောင့် ကျီလင်က မနာလိုဝန်တိုပြီး နဉ်ယွီ့ကို စိန်ခေါ်ကာ နောက်ဆုံးတွင် အင်တာနက်တစ်ခွင်လုံး၏ ပြက်ရယ်ပြုစရာတစ်ခု ဖြစ်လာခဲ့သည်။
ဘရန်ဒန်က ရှေ့သို့ အခိုင်အမာ လျှောက်လှမ်းနေဆဲဖြစ်ပြီး ကျီလင်၏မျက်လုံးများကို အလေးအနက် စိုက်ကြည့်လိုက်သည်။ ထို့နောက် အက်ကွဲနေသည့်အသံဖြင့် ပြောလိုက်သည်။
"ကိုယ် မင်းကို ထိခိုက်အောင်မလုပ်ပါဘူး…"
အမှန်တွင် ဘရန်ဒန်က ဤစကားကို ပြီးခဲ့သည့်အကြိမ်က ပြောခဲ့ပြီးဖြစ်၏။ သို့သော် ထိုအချိန်က ကျီလင်မှာ ဘရန်ဒန်၏ ပြန်လည်မွေးဖွားခြင်းအကြောင်းနှင့် ဆက်စပ်ပြီး မစဉ်းစားနိုင်ခဲ့သည့်အတွက် ထိုစကားကို မယုံကြည်ခဲ့ပေ။ သို့ရာတွင် ယခုအချိန်၌ သူ့စိတ်ထဲတွင် မှန်းဆချက်အချို့ ရှိနေပေသည်။ ဘရန်ဒန်က လိမ်ညာခြင်းကို နှစ်သက်သော လူလိမ်တစ်ယောက် မဟုတ်ကြောင်းကို တွေးတောမိသွားပြီး ကျီလင်က ဆက်လက်၍ အလွန်ကြောက်လန့်မနေတော့ပေ။
သို့သော်ငြား ကျီလင်က မယုံကြည်သလို ဟန်ဆောင်ကာ ဘရန်ဒန်ကို သတိကြီးကြီးထားပြီး ကြည့်လိုက်သည်။
"ဒါဆို ခင်ဗျားက ကျွန်တော့်ဆီကနေ ဘာလိုချင်လို့လဲ"
နောက်ဆုံးတွင် ကျီလင်က သူ့စကားအား နားထောင်လိုစိတ်ရှိကြောင်း တွေ့လိုက်ရသဖြင့် ဘရန်ဒန်က နူးညံ့ပျော့ပျောင်းသည့် အမူအရာကို ပြသရန် ကြိုးစားလိုက်သည်။
"မင်းက နဉ်ယွီ့ထက် မညံ့ဘူးဆိုတဲ့အကြောင်းကို ကိုယ်က ပြောပြချင်လို့ပါ... အဲဒါကြောင့် တခြားသူအတွက် ဘာမှ သက်သေပြစရာမလိုဘူး…"
ကျီလင်: "..."
အစ်ကိုကြီးရေ... မင်းက ပြန်လည်မွေးဖွားလာတယ်ဆိုတဲ့ အချက်ကို ဖော်ထုတ်ပြလိုက်တာပဲ...
ဘရန်ဒန်က ကျီလင်ကို လေးလေးနက်နက် ကြည့်နေသည်။ သူ့စိတ်ထဲ၌ ထိုစကားက အလုံအလောက် ဂရုစိုက်သည်ဟု မယူဆနိုင်ကြောင်း အမှန်တကယ် တွေးတောနေခဲ့သည်။
ယခင်ဘဝ၌ ဘရန်ဒန်က ကျီလင်၏ လူပေါ်ကြော့ အသွင်အပြင်ကြောင့် မျက်ကန်းတစ္ဆေ ဖြစ်ခဲ့ပြီး ကောင်ငယ်လေး၏ အတွင်းစိတ်ထားအလှကို မမြင်နိုင်ခဲ့ပေ။ သို့သော် ယခုဘဝ၌ ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ စစ်တပ်၏ အရည်အသွေးမှာ လူတစ်ဦးအား ဘယ်သောအခါမှ တိုင်းတာ၍ တန်ဖိုးမဖြတ်တတ်ပေ။ နဉ်ယွီက အလွန်ကောင်းမွန်ပြီး အစွမ်းထက်သော်လည်း ကျီလင်က သူ့ထက် မလျော့ပေ။ ကောင်ငယ်လေးက အားနည်းသော်လည်း သူ၏ရဲရင့်ခိုင်မာသော နှလုံးသားက မည်သူ့ထက်မျှ နိမ့်ကျလိမ့်မည်မဟုတ်ကြောင်း ဘရန်ဒန် အသေအချာ ယုံကြည်ပေသည်။
ကံမကောင်းစွာဖြင့် ကောင်ငယ်လေး၏ ပတ်ဝန်းကျင်ရှိ မြေခွေးနှင့် ခွေးတိရစ္ဆာန် သူငယ်ချင်းအုပ်စု၏ သွေးဆောင်မှုနှင့်အတူ ကျင်းဆွေ့၏ လျစ်လျူရှုမှု၊ အထင်အမြင်သေးမှုတို့ကြောင့် အကြင်သူမှာ တစ်လှမ်းပြီးတစ်လှမ်း လမ်းမှားသို့ သက်ဆင်းသွားခဲ့ပြီး နောက်ဆုံး သူ့ကိုယ်သူ ပြန်လှည့်၍ မရတော့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ဘရန်ဒန်က ဤဘဝ၌ ကောင်ငယ်လေးက ယခင်ဘဝမှ လမ်းစဉ်အတိုင်း နောက်တစ်ကြိမ် ဖြစ်သွားမည်ကို မတွေ့ချင်ပေ။
အကြင်သူမှာ ပိုမိုကောင်းမွန်သည့်ဘဝကို ပိုင်ဆိုင်သင့်ပေ၏။
ဘရန်ဒန်က ကိုယ်ကိုကိုင်းကာ ကျီလင် မတ်တပ်ရပ်နိုင်ရန် ကူညီထူပေးခဲ့သည်။ ဘရန်ဒန်၏ လှုပ်ရှားမှုများက မကြုံစဖူး နူးညံ့နေ၏။ ပျက်စီးကျိုးပဲ့လွယ်သည့် အဖိုးတန်ရတနာကို ကိုင်ဆောင်ထားသကဲ့သို့ပင်။ ဘရန်ဒန်က ကောင်ငယ်လေး၏ လက်ဖဝါးမှ သွေးများကို ဝမ်းနည်းသောကရောက်စွာ ကြည့်နေသည်။ ထို့နောက် ကောင်ငယ်လေး၏ လက်ကို ဆုပ်ကိုင်ကာ သွေးစများကို သူ၏အင်္ကျီလက်အနားဖြင့် ညင်ညင်သာသာ သုတ်ပေးပြီး ဩရှသောအသံဖြင့် ပြောလိုက်သည်။
"မင်းက အရမ်းတော်ပါတယ်...တကယ်ပြောတာ…"
ကျီလင်က ဘရန်ဒန်၏ အေးစက်စက်မျက်နှာကို ကြည့်လိုက်သည်။ ထိုစကားလုံးများကို လေးလေးနက်နက် ပြောလာသော ဘရန်ဒန်အား မြင်လိုက်ရချိန်တွင် ထိုသို့သော ရိုးရှင်းသည့် ချီးကျူးစကားများက ထိရောက်ပြီး အလုံအလောက် မကောင်းမွန်ကြောင်း တွေးမိလိုက်သည်။ ကားလို့စ်နှင့် အခြားသူများ၏ စကားများနှင့်နှိုင်းယှဉ်လျှင် အလွန်ရိုးရှင်းလွန်းပေ၏။
ဒါပေမဲ့... စကားကို ကောင်းကောင်းမွန်မွန် မပြောတတ်တဲ့ ဒီလူအတွက်ကတော့ ဒါက သူ ဖော်ပြနိုင်တာ အားလုံးနီးပါးပဲ မဟုတ်ဘူးလား...
ဘရန်ဒန်က သူ့အား လေးလေးနက်နက် အခိုင်အမာပင် ပြောနေ၏။
သို့သော် ကျီလင်မှာ ငိုချလုနီးပါးပင်။
ယခင်ဘဝတွင် ကျီလင်က ဘရန်ဒန်၏အသက်ကို တစ်ကြိမ် ကယ်တင်ပေးခဲ့ဖူးသည်။ သို့သော် ဘရန်ဒန်၏ စိတ်ကောင်းနှလုံးကောင်းကို သူ၏မနှစ်မြို့ဖွယ် စကားလုံးများဖြင့် အောင်အောင်မြင်မြင် ဖျက်ဆီးပစ်နိုင်ခဲ့ပြီး ဘရန်ဒန်က သူ့အား အမှန်အကန် မုန်းတီးသွားစေရန် အဆုံးသတ်နိုင်ခဲ့သည်။
ပြန်မွေးဖွားလာပြီးတဲ့နောက်ပိုင်း ကျွန်တော်က ပိုကောင်းတယ်ဆိုတာကို ခင်ဗျားက ဘာလို့ရုတ်တရက်ကြီး သိသွားရတာလဲ...
အချစ်နဲ့မုန်းတီးမှုကို ပြတ်ပြတ်သားသား ပိုင်းဖြတ်ထားတဲ့ သံမဏိသွေးပိုင်ရှင် မာရှယ်ကြီးက ဘယ်လိုဖြစ်သွားရတာလဲ... နဉ်ယွီကို တိတ်တခိုး ချစ်မြတ်နိုးခဲ့တဲ့ အမျိုးသားဇာတ်ဆောင်က ဘာဖြစ်သွားတာလဲ...
ဇာတ်ကြောင်း အရမ်းပြောင်းလဲနေတာက အဆင်မပြေဘူးနော် အားးး…
ဒါပေမယ့် ဒီကမ္ဘာမှာရှိတဲ့ ဘယ်အရာကမှ အိမ်ပြန်ဖို့အတွက် ငါ့ရဲ့စိတ်ပိုင်းဖြတ်မှုကို ရပ်တန့်နိုင်မှာ မဟုတ်ဘူး... နောက်ပြီး ဇာတ်ကြောင်းအတိုင်း ဆက်သွားမဲ့ ငါ့ကိုလည်း ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ဘူး...
ကျီလင်က နောက်တစ်ကြိမ် 'မယုံဘူး... နားမထောင်ဘူး' ဟူသော နည်းစနစ်ကို အသုံးချကာ ဘရန်ဒန်အား ယုံကြည်မှု ကင်းမဲ့သော မျက်လုံးများနှင့် စိုက်ကြည့်ပြီး ကျယ်လောင်စွာ ပြစ်တင်စွပ်စွဲလိုက်သည်။
"ကျွန်တော့်ကို မလိမ်နဲ့... ကျွန်တော်က နဉ်ယွီ့ထက် ညံ့တယ်လို့ ခင်ဗျားလည်း ထင်နေတာမလား... နဉ်ယွီက ခင်ဗျား သဘောအကျဆုံး ဂျူနီယာမလား... ခင်ဗျားကြောင့်သာ မဟုတ်ရင် သူ့လို နိမ့်ကျတဲ့ သာမန်လူတစ်ယောက်က ပေါ်လွင်လာဖို့ ဘယ်လိုလုပ် အခွင့်အရေးရှိမှာလား…"
ဘရန်ဒန်၏ မျက်လုံးများက နာကျင်သွားပုံရပြီး ဆွံ့အသွားသည်။ ကျီလင် ပြောသည်မှာမှန်၏။ သူက နဉ်ယွီကို အဆင့်တိုးမြှင့်ပေးခဲ့သည်မှာ အမှန်ပင်။ ဘရန်ဒန်က ပါးစပ်ကိုဖွင့်ပြီး တစ်ခွန်းတည်းသာ ပြောနိုင်တော့သည်။
"ကိုယ်..."
ကျီလင်၏အမူအရာမှာ 'ကျွန်တော့်ကို အရူးလုပ်ချင်နေတဲ့ လူလိမ်ကြီး' ဟူသည့်ပုံပေါက်နေသည်။ သူ့ကို အတင်းတွန်းထုတ်ပြီး မရပ်မနား ပြောလာသည်။
"ကျွန်တော် နဉ်ယွီ့ဆီ ပြဿနာသွားရှာမှာ ကြောက်လို့ ခင်ဗျားက အဲဒီလိုပြောတာ ဟုတ်တယ်မလား... အိပ်မက်မက်မနေနဲ့... ခင်ဗျား ဘာပဲပြောပြော သူ့ကို ဒီအတိုင်းလွှတ်ထားမှာ မဟုတ်ဘူး...စောင့်ကြည့်နေလိုက်…"
ဘရန်ဒန်: "ကိုယ် မဟုတ်..."
ကျီလင်: "ဟုတ်ပါတယ်"
ဘရန်ဒန်: "ကိုယ်..."
ကျီလင်: "ကျွန်တော့်ကို လိမ်ဖို့မကြိုးစားနဲ့"
ဘရန်ဒန်: "မင်း..."
ကျီလင်: "ကျွန်တော်က နဉ်ယွီ့ထက် မညံ့ဘူးဆိုတာ ခင်ဗျားကို သက်သေပြမယ်... အဲဒီဇာတ်နိမ့်သာမန်လူ သေဖို့သာပြင်ထားလိုက်…"
ကျီလင်က ထိုသို့ပြောပြီး လှည့်ထွက်ကာ ဒေါသတကြီးဖြင့် ပြေးထွက်လာခဲ့သည်။ ခြေလှမ်းပေါင်းများစွာ ပြေးလာပြီးနောက် ကျီလင် ပြန်လှည့်လာပြီး သတိပေးလိုက်သည်။
"လိုက်မလာနဲ့နော်... နောက်တစ်ခါ ထပ်လိုက်လာရင် ကျွန်တော် အော်လိုက်မှာ... အဲဒါဆို အန်တီရှမန်က ကျွန်တော့်အတွက် ကူပြီး တရားမျှတမှုကို သေချာပေါက် ရှာပေးလိမ့်မယ်…"
ဘရန်ဒန်: "..."
ဘရန်ဒန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ကောင်ငယ်လေးက သူ့စကားတစ်ဝက်မျှပင် နားမထောင်ခဲ့ပေ။ သူ ကောင်ငယ်လေးကို လုံးဝ မတားနိုင်သောကြောင့် နောက်တစ်ကြိမ် ထွက်သွားသည်ကိုသာ ကြည့်နေလိုက်ရသည်။
ဘရန်ဒန်၏ မျက်နှာက တောင့်တင်းသွားပြီး သူ့မျက်လုံးများက နာကျင်မှုနှင့် နောင်တများ ရောထွေးနေသည်။ ဘရန်ဒန်က သူ့စိတ်ထဲရှိ သံသယဖြစ်ဖွယ် ချဉ်စူးစူး သဝန်တိုမှုကို ကြိုးစားဖိနှိပ်ပြီး ညာလက်ကို ခပ်တင်းတင်း ဆုပ်ထားလိုက်သည်။ အမှန်တကယ်၌ ကျီလင်က သူ့စကားကို နားထောင်မည် မဟုတ်မှန်း မျှော်လင့်ထားပြီးသားပင်။
ကျီလင်၏နှလုံးသားထဲတွင် ကျင်းဆွေ့သာ ရှိသောကြောင့် ကျင်းဆွေ့တစ်ဦးတည်းသာ အကြင်သူ့ကို ပျော်ရွှင်ပြီး ရယ်မောအောင်လုပ်နိုင်သလို စိတ်ဆင်းရဲပြီး ဝမ်းနည်းအောင်လည်း လုပ်ပေးနိုင်သည်။
ကျင်းဆွေ့၏ အထင်အမြင်သေးမှုက ကျီလင်၏ နာကျင်မှုနှင့် စွဲလမ်းမှုတို့၏ မူလဇစ်မြစ်ဖြစ်ပေသည်။ သူက စကားအခွန်းပေါင်း ရာချီသောင်းချီပြီး ပြောနေသော်လည်း ကျင်းဆွေ့၏ စကားတစ်ခွန်း၊ အကြည့်တစ်ချက်နှင့် မယှဉ်နိုင်ပေ။
သို့သော် ကျင်းဆွေ့က ဤအရာအားလုံးကို သိနေသော်လည်း ကောင်ငယ်လေးအား နာကျင်သွားစေမည့် အကြောင်းကို ဂရုမစိုက်ခဲ့ပေ။ ကောင်ငယ်လေးက နောက်ပြန်မလှည့်နိုင်သည့် ထိုလမ်းဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းသွားနေသည်ကို ထိုင်ကြည့်နေခဲ့သည်။
ဘရန်ဒန်၏ မျက်လုံးများက ဒေါသများဖြင့် ပြည့်နှက်နေပြီး သူ၏ရင်ဘတ်မှာလည်း ပြင်းထန်စွာ ခုန်လှုပ်နေသည်။ ယခင်ဘဝက ကျင်းဆွေ့နှင့်နဉ်ယွီတို့ အတူတူရှိခဲ့ကြသော်လည်း ဘရန်ဒန်မှာ ဤမျှလောက် ဒေါသမထွက်ခဲ့ပေ။ ထိုအချိန်က နဉ်ယွီအား တည်ငြိမ်စွာဖြင့် ကောင်းချီးပေးကာ ထိုအမှန်တရားကို လက်ခံခဲ့သည်။ သို့သော် ယခုအကြိမ်တွင် ကောင်ငယ်လေးအပေါ် ကျူးဆွေ့ ကျူးလွန်ခဲ့သော ဒုက္ခများနှင့် ယခင်ဘဝ၌ ကောင်ငယ်လေး၏ဘဝက မည်သို့ကုန်ဆုံးသွားသည်ကို သတိရနေသရွေ့ ဘရန်ဒန်က သူ့ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။
ဘရန်ဒန်၏ မျက်နှာက နှင်းခဲကဲ့သို့ အေးစက်နေပြီး ကျင်းဆွေ့၏ နန်းတော်သို့ ပြန်သွားခဲ့သည်။ ကျင်းဆွေ့က ထိုနေရာတွင် တိမ်အမဲလိုက်သားရဲအား ဘာမှမဖြစ်သကဲ့သို့ အစာကျွေးနေသည်ကို မြင်လိုက်ရသည်။ ယခုလတ်တလော ဖြစ်ပျက်သွားခဲ့သမျှ အရာအားလုံးက သူ့နှလုံးသားထဲတွင် လှိုင်းဂယက် အနည်းငယ်မျှ ထသွားခြင်းမရှိသကဲ့သို့ပင်။
ကျင်းဆွေ့က အသံကြားလိုက်ချိန်တွင် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လာပြီး ဘရန်ဒန်ကို ပေါ့ပေါ့ပါးပါး ကြည့်ကာ ပြောလာသည်။
"မင်း ပြန်လာပြီလား…"
ဘရန်ဒန်၏ မျက်လုံးများက အေးစက်နေပြီး သူ့ရှေ့တွင်ရှိသည့် ထိုအမျိုးသားထံသို့ ခြေလှမ်းကြီးများဖြင့် လှမ်းသွားလိုက်သည်။ သူ၏နီညိုရောင် ဆံပင်အောက်ရှိ မီးခိုးရောင် မျက်ဆံများက မှင်ကဲ့သို့ မည်းမှောင်နေ၏။ နေ့ဖြစ်စေ ညဖြစ်စေ စိတ်ခံစားချက်များ ပြောင်းလဲမသွားတတ်သည့် သူ့ရှေ့မှလူကို စိုက်ကြည့်နေသည်။
ဘရန်ဒန်မှာ တစ်ခါတရံ တွေးမိ၏။
အင်ပါယာရဲ့ တော်ဝင်အာဏာကလွဲလို့ ဘယ်အရာကများ ဒီအမျိုးသားကို စိတ်လှုပ်ရှားအောင် လုပ်ပေးနိုင်လောက်လဲ...
ဘရန်ဒန် ယခင်ဘဝမှ အကြောင်းများကို ပြန်သတိရမိသည်။
ယခင်ဘဝ၌ ဘရန်ဒန်က အပြေးအလွှား သွားရောက်ခဲ့သော်လည်း ကောင်ငယ်လေးက ကားလို့စ်အား တားဆီးရန် သူ့ခန္ဓာကိုယ်ကို စတေးပြီး ကျင်းဆွေ့၏ရင်ခွင်ထဲတွင် သေဆုံးသွားခဲ့သည့် မြင်ကွင်းကိုသာ မြင်လိုက်ရသည်။ ယခင်ဘဝက ကောင်ငယ်လေးအပေါ် ထင်မြင်ချက်အမျိုးမျိုး ရှိခဲ့သော်လည်း နောက်ဆုံး ထိုအခိုက်အတန့်၌ ပြောင်းလဲသွားခဲ့သည်။ လူတစ်ယောက်၏ ချစ်ခြင်းမေတ္တာက ဤမျှဖြူစင်နိုင်ကြောင်းကို သူ ဘယ်သောအခါကမှ မသိခဲ့ပေ။ မီးပုံကို ဝင်တိုးနေသည့် ပိုးဖလံတစ်ကောင်ကဲ့သို့ပင်။ သူ အရာအားလုံးကို စွန့်လွှတ်လိုက်လျှင်ပင် ဘယ်တော့မှ နောင်တရလိမ့်မည် မဟုတ်ပေ။
ဒါပေမယ့် ကျင်းဆွေ့ကရော...
သူက အမှန်တရားကို တည်တည်ငြိမ်ငြိမ် လက်ခံခဲ့ရုံသာမက သူ၏အမူအရာမှာ များစွာပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ ကျင်းဆွေ့က ကားလို့စ်ကို ဦးဆုံးဖြေရှင်းပြီးမှသာ လှည့်ပြီး ကောင်ငယ်လေး၏ အလောင်းကို ကောက်ချီခဲ့သည်။ ကောင်ငယ်လေး၏ အလောင်းကို မြို့စားကြီးကျီထင်၏ အိမ်တော်သို့ ကိုယ်တိုင်ကိုယ်ကျ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ဝမ်းနည်းပူဆွေးနေသော မြို့စားကြီးကျီထင်အား သူ့အတွက် တတ်နိုင်သမျှ ဖြည့်ဆည်းပေးမည်ဟု ပြောကြားခဲ့သည်။
အစမှအဆုံးအထိ တည်ငြိမ်ပြတ်သားပြီး ဆင်ခြင်တုံတရားရှိသော အပြုအမူဖြင့် အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။
ထို့နောက် နဉ်ယွီနှင့် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခဲ့သည်။
ထိုအချိန်မှာသာ ကျင်းဆွေ့က နဉ်ယွီကို ဤမျှလောက် မချစ်မနှစ်သက်ကြောင်းကို ဘရန်ဒန် နားလည်သွားခဲ့သည်။ နဉ်ယွီနှင့် လက်ထပ်စာချုပ်က ကျင်းဆွေ့အတွက် နိုင်ငံရေးအရ တောင်းဆိုမှုတစ်ခုသာဖြစ်သည်။ ကားလို့စ် သေဆုံးပြီးနောက် ထိုလက်ထပ်မှုက မလိုအပ်တော့သောကြောင့် သူတို့နှစ်ဦးက ဆက်ဆံရေးကို ပုံမှန်အတိုင်း အဆုံးသတ်ခဲ့ကြသည်။
✨✨✨