Chapter 36
Viewers 3k

✨ Chapter 36

မေးမြန်းမှု



ကောင်ငယ်လေး၏ သေဆုံးမှုကမူ အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည့် အရေးမပါသော ဖုန်မှုန့်အမှုန်အမွှားတစ်ခုကဲ့သို့ပင်။ တိတ်တဆိတ် တားမြစ်ချက်တစ်ခုကဲ့သို့ မည်သူမျှ ထပ်မံမဖော်ပြတော့ပေ။


နှစ်ပေါင်းများစွာကြာပြီးနောက် ဘရန်ဒန်က ကြွေလင့်သွားသော ကြယ်လေးတစ်ပွင့်ကဲ့သို့ တလက်လက် တောက်ပနေသော ကောင်ငယ်လေးကို ရံဖန်ရံခါ သတိရမိသည်။


ကျီလင် သေဆုံးသွားခဲ့သည့် ည၌ ကျင်းဆွေ့လည်း သူ့နည်းတူ နောင်တရနေမည်လားဟု ဘရန်ဒန် အမြဲတွေးတောမိ၏။ သို့သော် နှမြောစရာကောင်းစွာပင် ယခင်ဘဝမှ သူ၏နောက်ဆုံး အခိုက်အတန့်အထိ ကျင်းဆွေ့၏ စိတ်ရင်းအမှန်ကို ဘရန်ဒန် မမြင်ခဲ့ရပေ။


အတိုင်းအတာတစ်ခုအထိ ကျင်းဆွေ့က အမြဲတမ်း အရည်အချင်းပြည့်မီသော ဧကရာဇ်တစ်ပါးဖြစ်၏။ တည်တည်ငြိမ်ငြိမ်နှင့် ဆင်ခြင်တုံတရားရှိပြီး ပြောင်းလဲတတ်သူလည်း ဖြစ်သည်။


ကျင်းဆွေ့၏နှလုံးသားထဲတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမှန်တကယ် ထည့်မထားခဲ့ပေ။


ဘရန်ဒန်က အစပိုင်းတွင် သူ့ကို ထောက်ခံရန် ရွေးချယ်ခဲ့ပြီး ကျင်းဆွေ့၏ နှလုံးသားကိုလည်း သိမြင်နိုင်ခဲ့သည်။ နောက်မှလိုက်နာရန် ထိုက်တန်သည့် အုပ်ချုပ်သူတစ်ဦး၊ ယုံကြည်ရသော သူငယ်ချင်းတစ်ဦးအဖြစ် ယုံကြည်ခဲ့သော်လည်း ယခုအခိုက်အတန့်၌ ထိုအမျိုးသား၏ တည်ငြိမ်သော အမူအရာကို မြင်လိုက်ရချိန်တွင် ထိုသူ၏ အေးစက်မှုကို ပထမဆုံးအကြိမ်အဖြစ် အလွန်ပင်မုန်းတီးမိသည်။


သူက ကောင်ငယ်လေးနှင့် မထိုက်တန်ကြောင်း ခံစားမိ၏။


မင်း သူ့ကို ပြန်မကြိုက်တာ ဒါမှမဟုတ် သူ့ကို စိမ်းစိမ်းကားကားတောင် ဆက်ဆံလို့ရတယ်... ဒါပေမဲ့ သူ့ကို ထိခိုက်နာကျင်အောင် လုပ်ဖို့တော့ မလိုဘူးလေ... အမှန်တော့ မင်း သူ့ကို နည်းနည်းပို သည်းခံပြီး သနားနေသရွေ့ သူက အဲဒီအဆင့်အထိ ရောက်မှာမဟုတ်ဘူး... ဒါပေမယ့် မင်းက အဲဒီလိုမလုပ်ခဲ့ဘူး...


မင်းက ဘာမှမလုပ်ခဲ့ဘူးလို့ ထင်ရပေမယ့် အမြဲတမ်း သတိမထားမိဘဲ သူ့ကို ချောက်နက်ထဲ ပိုရောက်အောင် တွန်းချနေသလိုပဲ...


ဘရန်ဒန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ရုတ်တရက် ရှေ့သို့လှမ်းကာ ကျင်းဆွေ့၏ကော်လံကို ဆွဲယူလိုက်သည်။ ထို့နောက် ကျင်းဆွေ့၏မျက်လုံးများကို စိုက်ကြည့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"နောက်ဆုံးတစ်ခေါက်တုန်းက ငါ မင်းကို ပြောခဲ့တယ်လေ... မင်း သူ့အပေါ် ဒီလို မလုပ်သင့်ဘူး…"


ကျင်းဆွေ့၏ အကြည့်က ဘရန်ဒန်၏ လက်ဖမိုးပေါ်သို့ ဖြတ်ပြေးသွားသည်။ သူ၏ရွှေရောင်မျက်လုံးများထဲရှိ အကြည့်များက တဖြည်းဖြည်း နစ်မြုပ်သွား၏။ အေးစက်ပြီး လူသတ်ချင်နေသည့် အငွေ့အသက်များက ပတ်ဝန်းကျင်လေထုကို တောင့်တင်းလုနီးပါး ဖြစ်သွားစေခဲ့သည်။ အေးစက်ပြီး ချောမောသော ကျင်းဆွေ့၏ မျက်နှာပေါ်တွင် ဘယ်သောအခါမှ ထုတ်ဖော်ပြသခြင်းမရှိခဲ့သော ဧကရာဇ်တစ်ပါး၏ ဩဇာကြီးမားလှသည့် အရှိန်အဝါကို ဖော်ပြထားသည်။


သူ ဘရန်ဒန်၏ ပံ့ပိုးကူညီမှုကို လိုအပ်ပြီး ဘရန်ဒန်ကို လူယုံတစ်ဦးအဖြစ် အသိအမှတ်ပြုခဲ့သော်လည်း ၎င်းက ဤသို့သော နားမလည်နိုင်သည့် စော်ကားမှုမျိုးကို သူ သည်းခံမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။


ကျင်းဆွေ့က ဘရန်ဒန်ကို ကြည့်ကာ နှုတ်ခမ်းပါးများကို ဖွင့်ဟပြီး အေးစက်စက် စကားလုံးများကို ပြောဆိုလိုက်သည်။

"ငါတို့ စကားပြောသင့်ပြီ ထင်တယ်…"


××××××


ကျီလင်က ဘရန်ဒန်ကို ခါချနိုင်ခဲ့ပြီး သူ့မျက်လုံးများကို ပွတ်သပ်ကာ ဖုန်များပေနေသည့် သူ့အဝတ်အစားများကို ထပ်မံပုတ်ခါလိုက်သည်။ ထို့နောက် ဘာမှမဖြစ်ခဲ့သကဲ့သို့ သူ့အမေထံသို့ ပြန်သွားခဲ့သည်။


ကျီလင် ပြန်လာသည်ကို မဒမ်မာရီနာ မြင်လိုက်ရချိန်တွင် သူမသား၏ စိတ်အခြေအနေက အတန်ငယ်ကျဆင်းနေပုံကို ပါးနပ်စွာ သတိပြုမိပြီး စိုးရိမ်စိတ်ဖြင့် ပြောလိုက်သည်။

"ဘာဖြစ်လာတာလဲ ကလေး…"


ကျီလင်က မျက်လွှာများကို ချကာ ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး မေမေ…"


မဒမ်မာရီနာနှင့် မဒမ်ရှမန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အနည်းငယ် စိုးရိမ်နေပုံပေါ်သည်။ ကျီလင်ဆိုသည်မှာ သူတို့နှစ်ဦးစလုံး၏ ချစ်ရသည့်ကလေးဖြစ်ပြီး ကျင်းဆွေ့အပေါ်ထားသည့် ကျီလင်၏ ဝေဝါးသောခံစားချက်ကို သူတို့နှစ်ဦးလုံး သိထားကြသည်။ သို့သော်လည်း ကျင်းဆွေ့က ကျီလင်ကို အလွန်နှစ်သက်ခြင်းမရှိပေ။


စိတ်မချမ်းသာစရာ တစ်ခုခု ဖြစ်သွားလို့များလား...


မဒမ်ရှမန်က အနည်းငယ် စိတ်ကသိကအောက်ဖြစ်သွား၏။ သူမက ဤချစ်စဖွယ်ကောင်လေး ကျီလင်ကို မည်မျှနှစ်သက်စေကာမူ ၎င်းက အသုံးမဝင်ပေ။ သူမ၏သားက ကိုယ်ပိုင်ထင်မြင်ချက်ရှိသူဖြစ်ပြီး ၎င်းမှာ ထိုကဲ့သို့အတင်းအကြပ် တွန်းအားပေး၍ရသည့် ကိစ္စလည်းမဟုတ်ပေ။ သူမ၏စကားကို နားထောင်မည် မဟုတ်မှန်းသိသောကြောင့် ကျီလင်၏မူမမှန်မှုကို မသိချင်ဟန်ဆောင်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။

"ရှောင်လင် သား အချိန်ရရင် နန်းတော်ထဲလာပြီး အန်တီ့ကို အဖော်ပြုပေးဦး... သား မလာရင် အန်တီ စိတ်ဆိုးမှာနော်…"


ကျီလင်က အဆင်ပြေဟန်ဆောင်နေသော်လည်း ဘရန်ဒန်က အခြေအနေအား ဝင်ရောက်နှောင့်ယှက်လိုက်သည်ကို စဉ်စားမိလိုက်ချိန်တွင် သူ့စိတ်ခံစားချက်က အတက်အကျရှိနေဆဲပင်။ ထို့နောက် ဖြည်းညင်းစွာ ပြောလိုက်သည်။

"ဟုတ်…"


မဒမ်ရှမန်က သက်ပြင်းချလိုက်သည်။


သူမ၏သားကို ထိုကဲ့သို့မြင်လိုက်ရသဖြင့် မဒမ်မာရီနာက အချိန်ကြာကြာ မနေတော့ဘဲ မဒမ်ရှမန်ကို နှုတ်ဆက်ကာ ကျီလင့်အား အိမ်ပြန်ခေါ်သွားခဲ့သည်။


ကျီလင် အိမ်ပြန်ရောက်သည်နှင့် မဒမ်မာရီနာကို ချန်ထားခဲ့ပြီး အခန်းထဲသို့ဝင်ကာ အခန်းတံခါးကို သော့ခတ်ထားလိုက်သည်။


ကျီလင် ၎င်းကို စဉ်းစားနေမိသည်။ ဘရန်ဒန်က ယခင်ဘဝမှ အပြစ်ရှိစိတ်ကြောင့် သည်းမခံနိုင်ဖြစ်ကာ ကျင်းဆွေ့ထံ တစ်ခုခု ပြောခဲ့ပေလိမ့်မည်။ သူ ကျင်းဆွေ့ကို ယုံကြည်ရမည်။ အမျိုးသား ဇာတ်လိုက်၏ ရက်စက်ကြမ်းကြုတ်မှုအား ယုံကိုယုံကြည်ရပေမည်။ ဘရန်ဒန်၏ အဓိပ္ပါယ်မရှိသည့် စကားကြောင့် သူကဲ့သို့ ဆိုးသွမ်းသော အမြှောက်စာမျိုးကို သဘောကျမည်မှာ လုံးဝမဖြစ်နိုင်ပေ။ ကျီလင်က ကိုယ့်သေတွင်းကို အလေးအနက်ထား တူးနေသရွေ့ ဇာတ်ကြောင်းကို ကယ်တင်နိုင်ရန် အခွင့်အရေးရှိနေဆဲပင်။


အနည်းဆုံး ယနေ့တွင် သူက ကျင်းဆွေ့ထံမှ အောင်အောင်မြင်မြင် မျက်နှာဖြတ်ရိုက်ခံခဲ့ရပြီး နဉ်ယွီကို စိန်ခေါ်ရန် အကြောင်းပြချက်တစ်ခု ရရှိသွားခဲ့သည်။


ယခင်ဘဝက ဤဇာတ်ကွက်ကို အောင်မြင်စွာ ပြီးမြောက်ဆောင်ရွက်နိုင်ခဲ့သည်။ ကျင်းဆွေ့နှင့် နဉ်ယွီအကြား ကောလဟာလသတင်းကို မြင်ပြီးနောက် မကျေမနပ်နှင့် မေးခွန်းသွားထုတ်ခဲ့သည်။ သို့သော်လည်း ကျင်းဆွေ့က ကျီလင်မှာ နဉ်ယွီထက် အရည်အချင်းညံ့ဖျင်းသည်ဟု ထင်သောကြောင့် ၎င်းကို သက်သေပြရန်အတွက် နဉ်ယွီနှင့် ယှဉ်ပြိုင်ခဲ့ရသည်။ သို့သော် သူက နဥ်ယွီ၏ ပြိုင်ဘက်မဟုတ်ကြောင်းကို သူလည်း သိပေသည်။ ထို့ကြောင့် သူက စာရိတ္တညံ့ဖျင်းပြီး အရှက်မရှိသူတစ်ယောက်အနေဖြင့် နဉ်ယွီ၏မက်ခါကို ဖျက်ဆီးရန် လူတစ်ဦးအား လာဘ်ထိုးကာခိုင်းစေခဲ့သည်။ ယှဉ်ပြိုင်မှုအတွင်း မလျော်ကန်သော နည်းလမ်းများကို အသုံးပြုပြီး ကျင်းဆွေ့အား အလှလေးကို ကယ်တင်ပေးသော ဟီးရိုးတစ်ယောက်ဖြစ်လာစေရန် အခွင့်အလမ်းကို ဖန်တီးပေးခဲ့သည်။ ထို့နောက် သူလည်း နောက်တစ်ကြိမ် မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရပြန်သည်။


ဤအဖြစ်အပျက်အားလုံးကို ကွန်ရက်တစ်ခုလုံးတွင် တိုက်ရိုက်ထုတ်လွှင့်ခြင်းမရှိခဲ့ပါက မူလပိုင်ရှင်က ရန်သူအား လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်ခဲ့သည့် ဉာဏ်ရည်အနည်းငယ် ထက်မြက်သော ရက်စက်ကြမ်းကြုတ်သည့် အမြှောက်စာတစ်ယောက်ဟု ကျီလင် ပြောနိုင်ပေလိမ့်မည်။ သို့သော် လက်တွေ့၌ကား ထိုသူက လုံးဝပင် ဦးနှောက်မရှိသော အမြှောက်စာတစ်ယောက်ပင်။


မင်းက ညစ်ပတ်တဲ့ လှည့်ကွက်တွေကို သုံးမယ်ဆိုလည်း လူအများကို မမြင်စေနဲ့လေ...


အင်ပါယာတစ်ခုလုံး၏ လူများက ဤကဲ့သို့ ကွန်ရက်တစ်ခုလုံး၌ တိုက်ရိုက်ထုတ်လွှင့်မှုမျိုးကို အာရုံစိုက်ကြည့်ရှုခဲ့ကြသည်။ နဉ်ယွီကို တိုက်ခိုက်ရန် ဤစက်ဆုပ်ဖွယ် နည်းလမ်းများကို အသုံးပြုခဲ့သည့်အပြင် လာဘ်ထိုးကာ သူ့ကိုယ်သူ လူမုန်းများစေရန် ဖိတ်ခေါ်ခဲ့ပေသည်။


တခြားဘာများ အသုံးဝင်လို့လဲ...အားးး…


မူရင်းစာအုပ်၏ ဇာတ်ကွက်ကြောင့်သာ မဟုတ်ပါက မူရင်းပိုင်ရှင်က သူ၏ရည်မှန်းချက် ပြည့်ဝစေရန် နဉ်ယွီကို တမင်သက်သက် ကူညီနေခြင်းဟု ကျီလင် သံသယဖြစ်မိလိမ့်မည်...


ဒီလိုမျိုး ကိုယ့်ကျိုးစွန့်တတ်တဲ့စိတ်ဓာတ်က ဘယ်လောက်တောင် လေးစားဖွယ် ကောင်းလိုက်လဲ...


၎င်းက အင်ပါယာ အထက်တန်းလွှာ လူပေါ်ကြော့တစ်ယောက်၏ မိုက်မဲပြီး စက်ဆုပ်ဖွယ်ကောင်းမှုကို ပြည့်ပြည့်စုံစုံ သရုပ်သကန် ဖော်ပြနေပေ၏။


ပြောရမည်ဆိုလျှင် သူက ဤအခြေအနေကို ဆက်ခံပြီးကတည်းက နဉ်ယွီ၏ ပြီးပြည့်စုံပြီး မွန်မြတ်သည့်စရိုက်ကို ကူညီပံ့ပိုးပေးရန် သူ၏ကိုယ်ပိုင် စာရိတ္တညံ့ဖျင်းပြီး ရက်စက်ယုတ်မာသော မိုက်မဲမှုတို့ကို အသုံးပြုကာ ဇာတ်ကြောင်းကို တစ်စိုက်မတ်မတ် လျှောက်လှမ်းရပေမည်။ ကျင်းဆွေ့အား အလှလေးကို ကယ်တင်ပေးခဲ့သော သူရဲကောင်းတစ်ဦးဖြစ်စေရန် အခွင့်အရေးဖန်တီးပေးခဲ့ပြီး အင်ပါယာတွင် သူ့နာမည်ကို ဆက်လက်ရယူစေခဲ့သည်။


၎င်းကိုတွေးရင်း ကျီလင်က နောက်တစ်ကြိမ် ရည်မှန်းချက်များနှင့် ရုတ်တရက် ပြည့်နှက်သွားပြီး သူ၏ကိုယ်ပိုင် homepage ကို ဖွင့်ရန် မစောင့်နိုင်တော့ပေ။ သူက နဉ်ယွီအား အမည်တပ်ခေါ်ပြီး နဉ်ယွီနှင့်အတူ ယှဉ်ပြိုင်တိုက်ခိုက်ချင်ကြောင်း ရန်လိုကာ မောက်မာရိုင်းစိုင်းသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။


ဤကြေညာချက်ကို ပေးပို့ပြီးနောက် မရေမတွက်နိုင်သော လူများနှင့် အဓိကမီဒီယာများက ချက်ချင်းပင် တစ်ဆင့်ပေးပို့ကူးယူဖော်ပြခဲ့ပြီး ကွန်ရက်တစ်ခုလုံးပေါ်၌ အလျင်အမြန် အရေးကြီးသတင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။


မြို့စားကြီးကျီထင်၏ တစ်ဦးတည်းသောသားဖြစ်သူ လူသိများသော သခင်လေးကျီလင်က ပြည်သူ့အချစ်တော်လေး၊ တိုက်ပွဲသူရဲကောင်း နဉ်ယွီကို စိန်ခေါ်ခဲ့သည်။


နဉ်ယွီ၏ ပရိသတ်များက ချက်ချင်းပင် ကျီလင်ကို အစမှအဆုံးတိုင် မညှာမတာ လှောင်ပြောင်ခဲ့ကြသည်။ ကျီလင့်ဘက်မှ ရပ်တည်လိုသော အထက်တန်းလွှာများပင်လျှင် ကျီလင်အတွက် ခုခံကာကွယ်ပေးရန် မည်သို့ပြောဆိုရမည်ကို မသိကြတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ဤအပြုအမူက အသိဉာဏ်မရှိဘဲ လွန်လွန်းအားကြီးလှသည်။


သို့သော် ကျီလင်က အင်တာနက်ပေါ်ရှိ လှောင်ပြောင်မှုများကို ဂရုမစိုက်ဘဲ နဉ်ယွီ၏ အကောင့်ကိုသာ စိုက်ကြည့်နေခဲ့သည်။ နာရီပေါင်းများစွာ ထိတ်ထိတ်လန့်လန့်ဖြင့် စောင့်ဆိုင်းနေခဲ့ရပြီး နောက်ဆုံး၌ နဉ်ယွီက စကားတစ်ခွန်းတည်း ပြန်ဖြေလာခဲ့သည်။

"ကောင်းပြီ…"


နဉ်ယွီက သူ၏စိန်ခေါ်မှုကို လက်ခံလိုက်ပေပြီ။


ယခုအချိန်သည်ကား ကြယ်တာရာခေတ်ဖြစ်သော်ငြား စီးချင်းတိုက်ပွဲ အစဉ်အလာကို ထိန်းသိမ်းလာခဲ့သည်။ အင်အားကြီးမားသော အင်ပါယာ အထက်တန်းလွှာများအတွက် ညှိနှိုင်း၍မရသော အငြင်းပွားမှုများရှိသည့်အခါ ယှဉ်ပြိုင်ပွဲများက ပဋိပက္ခများကို ဖြေရှင်းရန်နှင့် ၎င်းတို့၏ရာထူးဂုဏ်ကို ကာကွယ်ရန် နောက်ဆုံးနှင့် အကောင်းဆုံး နည်းလမ်းပင်ဖြစ်၏။


အထက်တန်းလွှာတစ်ဦးက စတင်လိုက်သော ယှဉ်ပြိုင်ပွဲတစ်ခုက အလွန်ပြင်းထန်ပြီး အင်ပါယာဥပဒေဖြင့် အကာအကွယ်ပေးထားသလို စတင်လိုက်သည်နှင့် လွယ်ကူစွာ ပြီးဆုံးနိုင်မည် မဟုတ်ပေ။ ထို့အပြင် အလွန်လည်း ကြောက်စရာကောင်းလှသည်။


ထို့အပြင် ယှဉ်ပြိုင်မှုတိုင်းကို ကွန်ရက်တစ်ခုလုံးတွင် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး အင်ပါယာတစ်ခုလုံးရှိလူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်ဖြစ်၏။


ထို့ကြောင့် ဤအစဉ်အလာကို ထိန်းသိမ်းလာခဲ့သော်လည်း အမှန်တကယ် မုန်းတီးခြင်းမျိုးသာ မဟုတ်ပါက အထက်တန်းလွှာများက လွယ်လွယ်ဖြင့် ယှဉ်ပြိုင်ပွဲကို ဘယ်သောအခါမှ စတင်ကြမည်မဟုတ်ပေ။ အကြောင်းမှာ ရှုံးသွားပါက သူတို့၏ဂုဏ်သိက္ခာကို ဆုံးရှုံးစေလိမ့်မည်။ အဆိုးရွားဆုံးအနေဖြင့် အသက်ကိုပင် ဆုံးရှုံးရပေလိမ့်မည်။


ရာထူးမြင့်ပြီး အင်အားကြီးမားသော အထက်တန်းလွှာများအတွက်ပင်လျှင် ၎င်းက ဂုဏ်သိက္ခာနှင့် ဘဝအတွက် တိုက်ပွဲဖြစ်ပြီး ကြမ်းတမ်းလွန်းသော လောင်းကစားတစ်ခုပင်။


ဤကဲ့သို့ အထက်တန်းလွှာ သူကောင်းမျိုးနွယ်တစ်ဦး... နာမည်ဆိုးလည်းရှိသည့် ကျီလင်က ပြည့်သူ့အချစ်တော် 'တက်သစ်စကြယ်ပွင့်လေး' ဖြစ်သည့် သာမန်လူတစ်ယောက်ကို စိန်ခေါ်ခဲ့သည်။ ထိုသတင်းကြောင့် အင်တာနက်ပေါ်တွင် အံ့အားသင့် လှုပ်ခတ်သွားမှုက အဆင့် ၁၀ ဆူနာမီထက် မလျော့နည်းလှပေ။ ပထမဆုံးအချက်အနေဖြင့် အဆင့်အတန်း ရှုထောင့်အရကြည့်လျှင် အကောင်ကြီးကြီး လူတစ်ယောက်က လူကောင်သေးသေးလေးကို အနိုင်ကျင့်နေသကဲ့သို့ ဖြစ်နေသည်။ ဒုတိယအချက်အနေဖြင့် ခွန်အားရှုထောင့်မှကြည့်လျှင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေသကဲ့သို့ပင်။ ထို့အပြင် ကျင်းဆွေ့နှင့် နဉ်ယွီတို့အကြား ယခင်ကောလဟာလနှင့်လည်း ဆက်စပ်နေသေး၏။ ဤယှဉ်ပြိုင်မှု၏ နောက်ကွယ်ရှိ အချစ်အမုန်း ဆက်ဆံရေးက စကားလုံးပေါင်း ထောင်နှင့်ချီပြီး ရေသားနိုင်သည်အထိ လုံလောက်ပေသည်။ ဖြစ်စဉ်တစ်ခုလုံးက လှည့်ကွက်များ၊ အလှည့်အပြောင်းများဖြင့် ပြည့်နှက်နေပြီး ရိုးရှင်းစွာပင် သတင်းခေါင်းစဉ်များအဖြစ် ကွဲထွက်ကုန်ကြသည်။ သတင်းများနှင့် အကြောင်းအရာများက အချိန်တိုင်း အဆက်မပြတ် အသစ်ဖြစ်နေပေသည်။


ကျီလင်က ထိုအကြောင်းနှင့် ပတ်သက်ပြီး ဂရုမစိုက်အားပေ။ နဉ်ယွီ၏အဖြေကို မြင်ရသည့်အချိန်မှသာ နောက်ဆုံး သက်ပြင်းချနိုင်ပေသည်။ သူက အင်တာနက်ကို ပိတ်လိုက်ပြီး အပြင်တွင် ရုတ်ရုတ်သဲသဲဖြစ်နေသည်များကို လျစ်လျူရှုထားလိုက်သည်။ ထို့နောက် သူ့အစီအစဉ်များကို ဝမ်းသာအားရဖြင့် ပြင်ဆင်တော့သည်။


ကျီလင်က အပြင်လူများ၏ မှတ်ချက်များကို ဂရုမစိုက်ခြင်းက သူ့ပတ်ဝန်းကျင်မှ လူများကို ဂရုမစိုက်သည်ဟု မဆိုလိုပေ။


သူ့ဆီသို့ ပထမဆုံး ရောက်လာသူများမှာ သူ့မိဘများပင်။


မဒမ်မာရီနာက အခန်းထဲသို့ ဝင်လာသည်နှင့် စိုးရိမ်တကြီး မေးမြန်းလာသည်။

"‌ ပေါင်ပေ့လေး… သား ဘာတွေလုပ်နေတာလဲ…" 


မြို့စားကြီးကျီထင်၏ အမူအရာက လေးနက်သည့်ပုံပေါက်နေပြီး အသံဩဩဖြင့် ပြောလာသည်။

"ရှောင်လင် မင်းက တစ်ဇွတ်ထိုးနိုင်လွန်းတယ်…"


ကျီလင်က ခေါင်းကို ငုံ့ထားပြီး စကားမပြောတော့ပေ။ မူလပိုင်ရှင်က မည်သို့ပင်ဖြစ်နေပါစေ အနည်းဆုံး သူ့မိဘများက သူ့ကို အမှန်တကယ်ချစ်ကြပေသည်။ သူက မူရင်းစာအုပ်ထဲကအတိုင်း ဇာတ်ကြောင်းနောက်ကို လိုက်နေရသော်လည်း ဤအဖေနှင့်အမေကို ကြည့်ပြီး အနည်းငယ် အပြစ်ရှိသလို ခံစားရဆဲပင်။


ဤကဲ့သို့ ကိုယ့်သဘောနှင့်ကိုယ် လုပ်ခြင်းအားဖြင့် မည်သူ့ကိုမှ ထိခိုက်စေနိုင်မည် မဟုတ်ပေ။ သို့သော် ထိခိုက်သွားစေနိုင်မည့် တစ်ခုတည်းသော အရာမှာ သူ့အဖေနှင့်အမေသာဖြစ်၏။


မဒမ်မာရီနာက သားဖြစ်သူ၏ စိတ်ပျက်အားငယ်နေသည့်အသွင်အပြင်ကို ကြည့်ပြီး စိတ်နှလုံးမှာ အလွန်ညှိုးငယ်သွားရသည်။ သူမ၏ မျက်လုံးလှလှလေးများက စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေပြီး ခင်ပွန်းဖြစ်သူအား ပြောလိုက်သည်။

"ရှင် အရမ်းတင်းမာနေလို့ ကလေးက ကြောက်နေပြီ…"


မြို့စားကြီးကျီထင်၏ အမူအရာက အရုပ်ဆိုးသွားပြီး ပထမဆုံးအကြိမ်အဖြစ် ဇနီးဖြစ်သူ၏ စကားကို နားမထောင်ခဲ့ပေ။ ထိုအစား အသံနက်ကြီးဖြင့် ပြစ်တင်စွပ်စွဲလာသည်။

"အဲဒါတွေအားလုံးက မင်း သူ့ကို အလိုလိုက်ခဲ့တာကြောင့်ပဲ... အဲဒါကြောင့် သူက ဒါတွေကို သဘောရှိသလို လုပ်နေတာ…"


မဒမ်မာရီနာက မြို့စားကြီးကို မကျေနပ်စွာ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ဇာတ်နိမ့်သာမန်လူက မာနကြီးလွန်းနေတာကျတော့ ရှင်က ဘာလို့ မပြောတာလဲ... သူကရော ဘာလိုချင်တာလဲ... သူက ဘာလို့ ယှဉ်ပြိုင်ဖို့ သဘောတူခဲ့တာလဲ... သူက ကျွန်မကလေးရဲ့ ဂုဏ်သိက္ခာကို နင်းခြေပြီး ထိပ်ဆုံးကိုတက်ဖို့ ကြိုးစားနေတာလား... အရမ်းကိုရည်မှန်းချက် ကြီးတာပဲ…"



✨✨✨