Chapter 37
Viewers 3k

 ✨ Chapter 37

စီးချင်းတိုက်ပွဲ



မြို့စားကြီးကျီထင်က အလွန်ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

"အစကတည်းက သူ့ကို ပြောင်ပြောင်တင်းတင်း ရန်စခဲ့တဲ့သူက ရှောင်လင်လေ... သူသာ သဘောမတူရင် သူ့ကို တခြားသူတွေက ငကြောက်လို့ ပြောမှာစိုးလို့နေမှာပေါ့…"


မဒမ်မာရီနာက ပို၍ပင်ဒေါသဖြစ်သွားခဲ့သည်။

"ကျွန်မ ဂရုမစိုက်ဘူး... အခုဘာလုပ်ရမလဲဆိုတာသာ ပြော…"


မြို့စားကြီးကျီထင်က သူ့နဖူးကို ဖိလိုက်ပြီး အလွန်စိတ်သောကရောက်နေသည်။ သူ့သားက နဉ်ယွီကို ဘယ်သောအခါမှ အနိုင်ရနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ယှဉ်ပြိုင်ပွဲကို ရှောင်လိုက်ခြင်းက သာတူညီမျှ အရှက်ရစေသည်။


ကိစ္စများကို ထိုနည်းလမ်းဖြင့် အဆုံးသတ်ရန် အမှန်တကယ် ခက်ခဲပေ၏။


မည်သို့ပင်ဆိုစေကာမူ ဤကိစ္စမှာ တစ်စုံတစ်ယောက်က သူ၏အာဏာကို အခြားသူတစ်ဦးအပေါ် အသုံးချနိုင်သည့် အသေးအဖွဲ့ကိစ္စ မဟုတ်ပေ။ ၎င်းမှာ မြင့်မြတ်ပြီး တရားမျှတသော ယှဉ်ပြိုင်ပွဲတစ်ခုပင်။ သူ၏မြို့စားကြီး ရာထူးအာဏာဖြင့်ပင် ထိုယှဉ်ပြိုင်ပွဲကို ရပ်တန့်ပိုင်ခွင့်မရှိပေ။


ကျီလင်က သူ့အဖေနှင့်အမေကို ဝမ်းနည်းသည့် အမူအရာဖြင့် ကြည့်ကာ ခဏမျှ နှုတ်ဆိတ်သွား၏။ ထို့နောက် ခေါင်းကိုမော့ပြီး ခိုင်မာသောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"မေမေနဲ့ဖေဖေတို့ကို စိတ်ပူရအောင် လုပ်မိလို့ တောင်းပန်ပါတယ်... ဒါပေမယ့် သား ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ သားက ပြဿနာကို မျက်နှာချင်းဆိုင် ဖြေရှင်းချင်လို့ပါ... သားရဲ့တစ်ဇွတ်ထိုးနိုင်တဲ့ ဆန္ဒအတွက် ခွင့်လွှတ်ပေးပါ…"


ကျီလင်က အပြစ်ရှိသလို ခံစားရသော်လည်း ၎င်းက သူ လုပ်ကိုလုပ်ရမည့်ကိစ္စပင်။


မြို့စားကြီးကျီထင်နှင့် မဒမ်မာရီနာတို့က သူ့ကို တိတ်တဆိတ် ကြည့်နေကြသည်။ နောက်ဆုံးတွင် မဒမ်မာရီနာက သက်ပြင်းချကာ ပြောလာသည်။

"စိတ်မပူပါနဲ့ မေမေက မင်းကို ဘာမှ အဖြစ်ခံမှာ မဟုတ်ဘူး…"


ငါတို့ရဲ့သားလေးက အရမ်းဇွဲကောင်းနေမှတော့ ငါတို့က ဘာများလုပ်နိုင်ဦးမှာလဲ...


အမှန်၌ သူတို့ အစိုးရိမ်ဆုံးဖြစ်ရမည့် အကြောင်းမှာ ကျီလင်၏ အသက်နှင့် လုံခြုံမှုသာဖြစ်ပြီး သူ့အပြုအမူက ကျီမိသားစုအတွက် အရှက်ရစေမည်ဆိုသော အကြောင်းမဟုတ်ပေ။ ကျီလင်က သူတို့၏အချစ်ရဆုံး ကလေးဖြစ်သောကြောင့် ဒဏ်ရာအနည်းငယ် ရသွားမည်ကိုပင် မမြင်ချင်ကြပေ။


ကျီလင် ကောင်းကောင်းမွန်မွန် ပြန်လာနိုင်သရွေ့ ကျန်သည့်ကိစ္စများက သူ့သဘောအတိုင်းပင်။


ကျီလင်က သူ ဂရုစိုက်ပါမည်ဟု ကျိန်ဆိုပြီး သူ့အဖေနှင့်အမေ ပြန်မသွားမီအထိ အချိန်အတော်ကြာ စကားပြောပေးခဲ့ရသည်။ ထို့နောက် သက်ပြင်းရှည်ကြီးကို ရှူထုတ်လိုက်ပြီး တံခါးကို မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်သည်။


ကျီလင်: [စနစ် မင်း ပြောခဲ့တယ်လေ... တစ်နေ့ ငါ အိမ်ပြန်သွားရင် သူတို့ ဘာလုပ်မှာလဲ...]


စနစ်: [မင်း နည်းနည်းတော့ အတွေးလွန်နေပြီ ထင်တယ်…]


ကျီလင်: [?]


စနစ်: [ဒီကမ္ဘာကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် မင်းက မစ်ရှင်ကို ပြီးမြောက်အောင် လုပ်နိုင်သရွေ့ ပုံမှန်အတိုင်း အရာအားလုံးက အဆင်ပြေသွားမှာပါ... ဘယ်အရာကိုမဆို လုပ်နိုင်တဲ့နည်းလမ်းကတော့ ရှိစမြဲပဲ... ဒါပေမယ့်... မင်းက မစ်ရှစ်ကို ပြီးမြောက်အောင် လုပ်နိုင်တယ်ဆိုတာ သေချာရဲ့လား…]


ကျီလင်: [.....]


ငါက ဒီလိုမျိုး 'အနာပေါ် တုတ်ကျအောင် ပြောနိုင်တဲ့' စနစ်နဲ့ ခံစားချက်နက်ရှိုင်းလှတဲ့ စကားလုံးတွေကို ပြောဖို့ ဘယ်လိုများ စိတ်ကူးမိသွားရတာလဲ... :)


ယှဉ်ပြိုင်ပွဲကို သုံးရက်အကြာတွင် စတင်ရန် သတ်မှတ်ထားသော်လည်း ကျီလင်ထံတွင် ဤသုံးရက်ကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းရန် ကံကြမ္မာပါမလာခဲ့ပေ။


နောက်နေ့မနက်စောစော၌ ကျီလင်က သူ့ကို ဖျောင်းဖျရန် ရောက်လာခဲ့သည့် ဝမ်ယန်ကို ကြိုဆိုဧည့်ခံခဲ့ရသည်။


၎င်းကြောင့် ကျီလင် အနည်းငယ် အံ့သြသွားသည်။ ယခင်ဘဝ၌ ဝမ်ယန်က သူ့ကို ဤကိစ္စအတွက် ဖျောင်းဖျမပြောဆိုခဲ့ပေ။ ဤဗီလိန်က ဉာဏ်အများဆုံးနှင့် အကောက်ကျစ်ဆုံး သူတစ်ယောက်ဖြစ်ပြီး သူ့အတွေးများအတိုင်းသာ ပြောဆိုတတ်သည်။ သူ့နောက်ကွယ်၌ ဟာသများကို ကြည့်ရှုရန် သိသိသာသာပင် တွေးတောနေခဲ့သည်။


ငါ့ကို စက်ဆုပ်မုန်းတီးနေတာကိုတောင် ဘယ်လိုလုပ် လာပြီး ဖျောင်းဖျနိုင်ရတာလဲ...


သို့သော် ဤတစ်ကြိမ်၌ ဝမ်ယန် ရောက်လာခဲ့သည်။


ဝမ်ယန်က အခန်းထဲသို့ ဝင်လာခဲ့သည်။ သူက အနက်ရောင် ၀တ်ရုံရှည်ကို ၀တ်ဆင်ထားပြီး ငွေရောင်ဆံပင်ရှည်များကို ကျောဘက်တွင် စည်းနှောင်ထားသည်။ သူ၏အနက်ရောင် မျက်လုံးများက ရှုပ်ထွေးပွေလီသော ခံစားချက်များ ပြည့်နှက်နေ၏။

"မင်း နဉ်ယွီနဲ့ တကယ်ကို ယှဉ်ပြိုင်ချင်တာလား…"


ကျီလင်၏ ဇာတ်ကောင်မှာ ဘယ်သောအခါမှ ယိမ်းယိုင်သွားလိမ့်မည် မဟုတ်ပေ။ သူက အင်အားအပြည့်ဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဟုတ်တယ်…"


ဝမ်ယန်က ခေါင်းမာသော လေသံဖြင့် ပြောဆိုလာသော ကောင်ငယ်လေး၏ မြဲမြံသောမျက်လုံးများကို ကြည့်နေမိသည်။ သို့သော်လည်း ယခင်ဘဝက ဖြစ်ခဲ့သမျှ အရာအားလုံးကို သတိရပြီး သူ့နှလုံးသားက အလွန်လေးလံနေသည်။ ကျီလင်နှင့် နဉ်ယွီတို့ တိုက်ခိုက်ကြမည်ကို သူ မလိုချင်ပေ။ ကိုယ့်ကိုယ်ကို အရှက်ခွဲမိရုံသာဖြစ်ပေလိမ့်မည်။ သို့သော် ကျီလင်က ဤအဆင့်အထိ ရောက်သွားပေသည်။


အချို့သောကိစ္စများမှာ ရှောင်လွှဲ၍ မရပေ။ လူတစ်ဦးက ပြန်လည်မွေးဖွားလာလျှင်ပင် အဆုံးသတ်ကို မတားဆီးနိုင်ပေ။


၎င်းကိုတွေးရင်း ဝမ်ယန်၏နှလုံးသားက ကျင်းဆွေ့အပေါ် ပြင်းပြင်းထန်ထန် နာကြည်းပြီး မကျေမနပ်ဖြစ်မိသည်။

ကောင်ငယ်လေးက မင်းကို ဒီလိုမျိုးချစ်မြတ်နိုးတယ်... အဲဒါကို ဘာလို့ သူ့စိတ်ခံစားချက်ကို နည်းနည်းလေးမှ ဂရုမစိုက်နိုင်ရတာလဲ... ဆန့်ကျင်ဘက်အနေနဲ့ သူ့ကို ဒီအခြေအနေထိရောက်အောင် အတင်းအကြပ် တွန်းအားပေးခဲ့သေးတယ်...


သူ၏ညာလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်သည်။ ခဏအကြာ၌ ဝမ်ယန်က သူ့လက်ထဲမှ သေတ္တာတစ်ခုကို ထုတ်ကာ ကိုယ်ကိုကိုင်းညွတ်ပြီး ကျီလင့်ရှေ့တွင် တလေးတစား ဖွင့်ပြလာသည်။


ကျီလင်က ၎င်းကို သံသယဖြင့် လှမ်းကြည့်လိုက်သည်။ အတွင်းထဲ၌ လှပသော သလင်းကျောက်သဏ္ဍာန် အရွက်များရှိသည့် ခရမ်းရောင် အပင်ငယ်လေးတစ်ပင်ရှိသည်။


ဝမ်ယန်၏ နှုတ်ခမ်းပါးများက အနည်းငယ် ပွင့်ဟလာပြီး ဖြည်းဖြည်းချင်း ပြောလာသည်။

"ဒါက ရဲ့စ်ဆာကြယ်ရဲ့ ချော်ရည်စီးကြောင်းတွေထဲမှာ ပေါက်တဲ့ ဆေးဖက်ဝင် အပင်ပဲ... မင်း ယူထားလိုက်ရင် စွမ်းအားကြီးတဲ့ ဆင့်ကဲပြောင်းလဲသူတောင် စမ်းသပ်ရှာမတွေ့နိုင်တဲ့ သေလုနီးပါး နာမကျန်းမှုကို ထင်ယောင်ထင်မှား ခံစားရစေလိမ့်မယ်... ဒီဟာက လူ့ခန္ဓာကိုယ်အပေါ်ကိုတော့ အန္တရာယ်ဖြစ်စေတဲ့ သက်ရောက်မှုမျိုး မရှိဘူး... နောက်ပြီး အကျိုးသက်ရောက်မှုက နှစ်လအကြာမှာ သူ့အလိုလို ပျောက်သွားလိမ့်မယ်…"


ကျီလင်က ဝမ်ယန်ကို သံသယဖြင့် ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ဝမ်ယန်က နဉ်ယွီနှင့်ယှဉ်ပြိုင်ခြင်းမှ သူ့အား ဟန့်တားရန် အမှန်တကယ် ကြိုးစားနေမှန်း သိလိုက်ရသည်။ ကျီလင်က ချက်ချင်းပင် ဒေါသထွက်သွားပြီး အော်ဟစ်ပြောဆိုလိုက်သည်။

"ဒါက ဘာကိုဆိုလိုတာလဲ... ယှဉ်ပြိုင်ပွဲကို ရှောင်ဖို့အတွက် ငါ့ကို နေမကောင်းချင်ယောင် ဆောင်ခိုင်းနေတာလား…"


ဝမ်ယန်က ကျီလင်၏ ဒေါသထွက်နေသော အမူအရာကို ကြည့်နေသည်။ သူ၏နောက်ထပ်စကားများက ကောင်ငယ်လေးကို ပို၍ဒေါသထွက်စေမည်မှန်း သူ သိသော်လည်း ခေါင်းကို မော့ထားပြီး သူ့ကိုစိုက်ကြည့်ကာ တစ်ခွန်းပြီးတစ်ခွန်း ပြောဆိုလိုက်သည်။

"မင်း ဒါကို သုံးလိုက်ရင် ဒီပွဲကို ရွှေ့ဆိုင်းဖို့အတွက် မင်းမှာ သင့်လျော်တဲ့ အကြောင်းပြချက်တစ်ခုကို ရလိမ့်မယ်... နောက်ပြီး ကိစ္စအားလုံး အေးချမ်းသွားတဲ့အခါ ဒီကိစ္စကို ဖယ်ရှားပစ်ဖို့ သဘာဝကျကျ နည်းလမ်းတစ်ခု ရှိလာပါလိမ့်မယ်…"


ကျီလင်က ပြင်းပြင်းထန်ထန် လက်ကို ဝှေ့ယမ်းလိုက်ပြီး ဝမ်ယန်၏လက်ထဲရှိ သေတ္တာကို ရိုက်ချလိုက်သည်။ သူ့မျက်လုံးများထဲတွင် ဒေါသတရားများ တောက်လောင်နေပုံပေါ်ပြီး သူ့ကို စိုက်ကြည့်ကာ အော်ပြောလိုက်သည်။

"မင်းက ငါ့ကို အထင်သေးနေတာလား... မင်းလည်း ငါက ဒီလိုဇာတ်နိမ့် သာမန်လူထက် ညံ့တယ်လို့ ထင်နေတာမလား…"


ဝမ်ယန်က သူ ဂရုတစိုက် ပြင်ဆင်ပေးထားသော ဆေးပင်လေး ဤကဲ့သို့ မြေပြင်ပေါ် လှိမ့်ဆင်းသွားသည်ကို ကြည့်နေမိသည်။ ထို့နောက် ကောင်ငယ်လေး၏ ခေါင်းမာပြီး ဇွဲကောင်းသော အသွင်အပြင်ကို ကြည့်ကာ သူ့မျက်လုံးထဲရှိ နက်နဲလှသော ခါးသီးမှုများနှင့်အတူ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ကိုယ် ပြောချင်တာ အဲဒီလိုမဟုတ်ပါဘူး... ကိုယ်က..."


ကျီလင်က ဤထက်ပိုပြီး ဆက်ပြောရမည်ကို စိုးရိမ်နေမိသည်။ ထို့ကြောင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ထွက်သွား... ဒီကနေ ထွက်သွားစမ်း…"


ထိုသို့ပြောပြီး ဝမ်ယန်ကို တွန်းထုတ်ကာ တံခါးကို ပြင်းပြင်းထန်ထန် ဆောင့်ပိတ်ချလိုက်သည်။


မင်းက ငါ့အကြံအစည်တွေကို ဖျက်ဆီးဖို့ ကြိုးစားနေတာပဲ...


ဟင်းလျာတွေ တည်ခင်းပေးဖို့ ငါ့စိတ်ဆုံးဖြတ်ချက်ကို ဘယ်သူမှ မတားနိုင်ဘူး...


ကျီလင် တံခါးကို ပိတ်လိုက်ပြီးနောက် အဟကြားမှ ဂရုတစိုက် ချောင်းကြည့်လိုက်သည်။ ဝမ်ယန်က အပြင်ဘက်တွင် ရပ်နေဆဲဖြစ်ပြီး ထွက်သွားရန် ငြင်းဆိုနေသည်ကို တွေ့လိုက်ရသည်။ သူ့အမူအရာက လေးနက်နေပြီး ကျဉ်းမြောင်းလှသော ဖီးနစ်မျက်လုံးများက ရှုပ်ထွေးသော စိုးရိမ်ပူပန်မှုနှင့် အကူအညီမဲ့မှုများဖြင့် ပြည့်နှက်နေသည်။


အီး... ကြည့်ရတာတော့ မင်းက ငါ့ကို တကယ် ဂရုစိုက်နေတဲ့ပုံပဲ...


မင်းလည်း ပြန်လည်မွေးဖွားလာတယ်လို့ ယူဆကြည့်ရအောင်... ဒါပေမဲ့ ငါ မင်းကို ယုံမယ်လို့တော့ မထင်နဲ့... အရင်ဘဝတုန်းက မင်းက မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့တဲ့လူတစ်ယောက်ပါ... မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည့်နေပြီး လူတွေကို လှည့်စားတဲ့အချိန်ဆို မပျော့ညံ့ပါဘူး... ငါက မင်းရဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို ဒီလိုမျိုး ထိခိုက်စေခဲ့တယ်... နောက်ပြီး မင်းကို လက်အောက်ငယ်သားတစ်ယောက်လို ဆက်ဆံခဲ့တယ်... အဲဒါကို မင်းက ဘာကြောင့် ငါ့အတွက် စိတ်ပူနေရတာလဲ... မင်း ပြန်လည်မွေးလာရင်တောင်မှ ငါ့ကို ပိုမုန်းနေရမှာ မဟုတ်ဘူးလား...


နေပါဦး... ဒီကောင်က ငါ့အပေါ် လက်စားချေဖို့ အဆိပ်ရှိတဲ့ ဆေးဖက်ဝင်အပင်တွေကို လှည့်စားပြီး ကျွေးဖို့လုပ်နေတာ မဟုတ်လောက်ဘူးလား...


ပို ပိုပြီးတောင် ဆိုးလာတာပဲ...


ကျီလင်က ရင်တုန်ပန်းတုန်ဖြင့် မြေပြင်ပေါ်ရှိ ဆေးဖက်ဝင်အပင်များကို တစ်ချက်ကြည့်လိုက်သည်။ သူ တစ်ရှူးတစ်ရွက်ကို ယူကာ လက်နှစ်ချောင်းဖြင့် ဂရုတစိုက် ကောက်ယူလိုက်ပြီး အမှိုက်ပုံးထဲသို့ အမြန်ပစ်ချလိုက်သည်။ ထို့နောက် ဝမ်ယန်ကို လျစ်လျူရှုပြီး ဆက်အိပ်လိုက်သည်။


ကျီလင် နိုးလာချိန်၌ အချိန်သည်ကား နေ့လည်ခင်းအချိန်ရှိပြီဖြစ်သည်။ သူ အိပ်ရာထလာချိန်တွင် နောက်ဆုံး၌ ဝမ်ယန် ထွက်သွားသည်ကို တွေ့လိုက်ရသည်။ သို့သော် သက်ပြင်းတစ်ချက် ချ၍မပြီးမီမှာပင် အစေခံက အလျင်အမြန် ရောက်လာပြီး သတင်းပို့သည်ကို ကြားလိုက်ရသည်။

"သခင်လေး မာရှယ်ဘရန်ဒန် ရောက်နေပါတယ်…"


အစေခံက ထိတ်လန့်သွားပုံရပြီး သူ့ခြေလှမ်းများက အလျင်လိုနေ၏။ စကားမဆုံးမီမှာပင် ကျီလင်က လေကဲ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာသည့် ဘရန်ဒန်ကို မြင်လိုက်ရသည်။ အရပ်ရှည်ပြီး ထွားကြိုင်းသော ထိုလူက အေးစက်ခက်ထန်နေပုံရပြီး သူ၏အေးစက်စက် အမူအရာက စစ်မြေပြင် လူသတ်ကွင်းပေါ်၌ ရှိနေသကဲ့သို့ပင်။ အစေခံက အသိအာရုံများ ပျောက်ဆုံးသည်အထိ ကြောက်လန့်နေသည်မှာ အံ့သြစရာမရှိပေ။


ကျီလင်က အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် မတ်တပ်ထရပ်လိုက်ပြီး အံ့အားသင့်သွားသည့် အမူအရာကို ဖော်ပြလိုက်သည်။


ဘရန်ဒန်က ငါ့ကိုတွေ့ဖို့ ငါ့အိမ်ကို ရောက်လာတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ငါတို့ကြားမှာ ခင်မင်ရင်းနှီးမှုမှ မရှိတာ...


ဒါက နည်းနည်း လွန်လွန်းတယ် မဟုတ်ဘူးလား...


ဘရန်ဒန်က ကျီလင်၏ ရှေ့တွင် ရပ်လိုက်သည်။ သူ့မျက်လုံးများက အလွန်ရှုပ်ထွေးနေပြီး သူ့ရှေ့မှ ကောင်ငယ်လေးကို စိတ်အားထက်သန်စွာ ကြည့်နေသည်။ မည်သို့ပင်ဆိုစေကာမူ သူ အကြံပြုခဲ့သည့် နဉ်ယွီ့အား စိန်မခေါ်သင့်ကြောင်း အကြံဉာဏ်ကို ကောင်ငယ်လေးက နားမထောင်ခဲ့ပေ။

ငါ သူ့ကို တကယ် မတားနိုင်တော့ဘူးလား...


ဘရန်ဒန်က သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"မင်းက နဉ်ယွီနဲ့ ပြိုင်မှာလား…"


ကျီလင်က သူ့စိတ်ထဲရှိ အံ့အားသင့်မှုကို မျိုသိပ်လိုက်သည်။ ထို့နောက် ခေါင်းကို မြင့်မြင့်မော့ကာ ကြည့်လိုက်ပြီး မျက်ခုံးများကို ပင့်လိုက်သည်။

"ပြိုင်မယ်ဆိုရင်ရော ဘာဖြစ်လဲ…"


ဘရန်ဒန်က သူ့စိတ်ထဲတွင် မရေမတွက်နိုင်သော အငြင်းအခုန်စကားများ ရှိနေခဲ့သော်လည်း ကျီလင်က သူ့စကားကို နားထောင်မည် မဟုတ်ကြောင်း သိပေသည်။ နောက်ဆုံး စကားလုံးပေါင်းတစ်ထောင်၌ စကားတစ်ခွန်းသာ ကျန်ရစ်ခဲ့သည်။

"ဒါဆို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ယှဉ်ပြိုင်ကြရအောင်... မင်းရှုံးရင်တောင် ကိစ္စမရှိဘူး…"


ငါသာ ဖြောင့်မတ်တဲ့ နည်းလမ်းကို သုံးခဲ့ရင် စက်ဆုပ်ရွံရှာဖွယ် စရိုက်ဆိုးကို ဘယ်လိုလုပ် ပြနိုင်တော့မှာလဲ... နောက်ပြီး ကြီးကျယ်ခမ်းနားလှတဲ့ နဉ်ယွီရဲ့ သူရသတ္တိကို ဘယ်လိုလုပ်ပြီး ထုတ်ဖော်နိုင်တော့မှာလဲ...


ကျီလင်က လှောင်ပြောင်လိုက်သည်။

"ခင်ဗျားရဲ့ ကောင်းမွန်လှတဲ့ လက်အောက်ငယ်သားလေးကို အရမ်းကိုအမြင့်ကြီး မှန်းထားတာပဲ... သူက ကျွန်တော့်ကို အနိုင်ယူနိုင်မှာ သေချာတယ်ပေါ့လေ…"


ဘရန်ဒန်က ကူကယ်ရာမဲ့နေပုံရပြီး ကျီလင်၏ စကားပြောဟန်ကို အချိန်အတော်ကြာ ကျင့်သားရနေခဲ့ပြီးဖြစ်သည်။ တကယ်တမ်း၌ ကောင်ငယ်လေးက မနာလိုဖြစ်နေခြင်းပင်။ ထို့ကြောင့် ဘရန်ဒန်က သူ့စကားများကို မကြားချင်ယောင်ဆောင်ပြီး ဖြည်းညှင်းစွာ ဆက်ပြောလိုက်သည်။

"မင်းဘက်မှာ ကိုယ် ရှိနေပေးမယ်…"


ကျီလင်က လှောင်ပြောင်ကာ ပြောလိုက်သည်။

"ခင်ဗျားက ကျွန်တော် ပျက်ရယ်ပြုခံရမှာကို မြင်ချင်နေတယ်ပေါ့…"


ဘရန်ဒန်က ခေါင်းယမ်းလိုက်သည်။

"မဟုတ်ဘူး…"


ကျီလင်က သူ့မျက်နှာပေါ်တွင် မယုံကြည်သည့် အကြည့်များကို ဆင်မြန်းထားသည်။ အခြေအတင် စကားလုံး တိုက်ပွဲအချို့ အပြီးတွင် သူ ဘရန်ဒန်ကို ပြန်လွှတ်သည်။


ဘရန်ဒန် ထွက်သွားချိန်တွင် ကျီလင်က သူ၏နောက်ကျောကို ကြည့်နေခဲ့သည်။ သို့သော် တစ်ချိန်ချိန်တွင် ကားလို့စ်လည်း ဤနေရာသို့ ရောက်လာနိုင်သောကြောင့် စိတ်သက်သာရာမရခဲ့ပေ။

အဲဒီမြေခွေးအိုကြီးက ငါ့ကို အမြဲတမ်း ဂရုစိုက်ချင်ယောင်ဆောင်နေတာ မလား...


ကျီလင်က စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့ပြီး ကားလို့စ်နှင့် မည်ကဲ့သို့ရင်ဆိုင်ရမည် ဆိုသည့်အကြောင်းကို ဆက်လက်တွေးတောနေခဲ့သော်လည်း ကားလို့စ်က ရောက်မလာခဲ့ပေ။


×××××


မြို့စားမင်းအိမ်တော်၌-


ကားလို့စ်က စာကြည့်ခန်းထဲတွင် ထိုင်နေပြီး လက်ထဲတွင် အနက်ရောင်အဖုံးဖြင့် ဖုံးအုပ်ထားသော စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။ ယခင်က ကျီလင် သူ့အိမ်၌ နေခဲ့စဉ်က မကြာခဏ လှန်ကြည့်ဖူးသည့် စာအုပ်ပင်။ သို့သော် တစ်စုံတစ်ယောက်က အနီးကပ် သေသေချာချာ ကြည့်ပါလျှင် ကားလို့စ်၏မျက်လုံးများက စာအုပ်ပေါ်တွင် ရှိမနေဘဲ သူ့မျက်လုံးများထဲရှိ အကြည့်များက မည်းမှောင်နေပြီး အုံ့မှိုင်းနေကြောင်း ပြောနိုင်ပေသည်။


တကယ်တမ်း၌ ကျီလင် နဉ်ယွီကို စိန်ခေါ်ခဲ့သည့် အချိန်ကတည်းက ကားလို့စ် ထိုသတင်းကို ရခဲ့သော်လည်း ကျီလင့်ကို သွားမတွေ့ခဲ့ပေ။


အဘယ်ကြောင့်ဆိုသော် ကျီလင်က သူ့စိတ်ကို ပြောင်းလဲပစ်မည် မဟုတ်ကြောင်း သူ ကောင်းကောင်းသိပေသည်။


ကောင်ငယ်လေးက ပျော့ညံ့ပြီး ခေါင်းမာကာ မာနကြီးပုံပေါက်သော်လည်း အမှန်မှာ သူ့နှလုံးသားက အခြားသူများထက် ပို၍ဇွဲကောင်းပြီး ခိုင်မာလှပေ၏။

ဒါကြောင့်ပဲ နောင်တတရားရယ်လို့မရှိဘဲ တစ်စုံတစ်ယောက်ကို ရူးရူးမိုက်မိုက် ချစ်နိုင်တာ မလား...


ကောင်ငယ်လေး၏ နှလုံးသားက အနည်းငယ်ပို၍ ပြောင်းလဲသွားပါက ကောင်းသည့်ကိစ္စတစ်ခုဟုပင် ကားလို့စ်က တခါတရံတွင် တွေးတောခဲ့ဖူးသည်။


ကံမကောင်းစွာပင် ကောင်ငယ်လေး၏ နှလုံးသားမှာ လုံးဝမပြောင်းလဲသွားခဲ့ပေ။


လူတစ်ယောက်ကို အလွန်ချစ်မြတ်နိုးလျှင် စွမ်းအားမဲ့ပြီး အလွန်စိတ်ဆင်းရဲမှုကို ခံစားရပေလိမ့်မည်။


အန်ဒါဆန်က ခေါင်းငုံ့ကာ မတ်တတ်ရပ်နေပြီး တွေးခေါ်စဉ်းစားနေသော မြို့စားမင်းကို အနှောင့်အယှက် မဖြစ်စေရန်အလို့ငှာ အသက်ကိုပင် တိုးတိုးလေး ရှူနေရသည်။


အချိန်အတော်ကြာပြီးနောက် ကားလို့စ်က သူ့လက်ထဲရှိ စာအုပ်ကို ဖြည်းညှင်းစွာ ချလိုက်သည်။ သူ့အညိုရောင် မျက်ဆံများထဲတွင် အေးစက်စက်အကြည့်က ဖြတ်ပြေးသွားပြီး အသံတိုးတိုးဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"နဉ်ယွီကို သတ်လိုက်... အဲဒါကို ရှင်းရှင်းလင်းလင်း လုပ်ဖို့လည်း မမေ့နဲ့…"


ကောင်ငယ်လေးကို တားဆီးရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ နဉ်ယွီကို သတ်လိုက်သရွေ့ ပြဿနာကို ပုံမှန်အတိုင်း ဖြေရှင်းနိုင်မည် ဖြစ်သည်။


ကားလို့စ်က ယခုအချိန်တွင် နဉ်ယွီထံဦးတည်ပြီး လှုပ်ရှားမှုတစ်ခုမျှ မပြုလုပ်ချင်သော်လည်း ကျီလင်၏ ဂုဏ်သိက္ခာကို လူအများရှေ့၌ ပို၍ပင်ညှိုးနွမ်းစေမည့် အစီအစဉ်ကို သူ လက်မခံနိုင်ပေ။


နဉ်ယွီ 'မတော်တဆမှု' ဖြစ်ပြီး အဲ့ကိစ္စအတွက် တစ်ယောက်ယောက်ကို သံသယရှိရင်တောင်မှ သူတို့ ဘာပြောရဲမှာလဲ...



✨✨✨