Chapter 96
အဲ့ကိစ္စကို ကစားသမားတွေက အမြဲ မနာလိုပြီး မုန်းတီးနေကြတယ်…
အေ့စ်နဲ့ တူတူနေရတာက အနိုင်ရဖို့ ပိုနီးစပ်တယ်လေ…
ချန်ချင်းယဲ့၊ ဝေ့ရွှယ်ချူးနှင့် ဘလပ်စ်တို့က ထိုကလေးတည်ရှိမှုကို သိကြလေသည်။ သို့သော် အေ့စ် ဂိမ်းထဲမှ ထွက်ခွာပြီးနောက် ကလေးက ပျောက်ကွယ်သွားပြီး ပြန်ပေါ်မလာတော့ချေ။
ထို့ကြောင့် ကစားသမားအများစုက ကလေးက အေ့စ်ရဲ့ကာကွယ်မှု မရှိတော့လို့ ရက်စက်တဲ့ ဂိမ်းထဲမှာ သေသွားပြီလို့ တွေးခဲ့ကြသည်…
တချို့က သက်ပြင်းချကြတယ်…တချို့က ၀မ်းသာကြတယ်…
ဂိမ်းပြိုကျပြီးတဲ့နောက် သူတို့သုံးယောက်က အေ့စ်ကို အပြင်ကမ္ဘာမှာ ပြန်တွေ့ခဲ့ကြသော်လည်း ပညာရှိစွာနဲ့ ကလေးရဲ့ တည်ရှိမှုကို မပြောခဲ့ကြပေ….
နောက်ဆုံးတော့ သူတို့က အချိန်အကြာကြီးအတူတူနေခဲ့တာလေ…နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိနေမှာပေါ့…သူ ထွက်သွားပြီးတော့ ဂိမ်းထဲမှာ ကျန်ခဲ့တဲ့ ကလေးက သေသွားတာကို သိသွားရင် အေ့စ် အရမ်း၀မ်းနည်းရလိမ့်မယ်…
ဒါပေမဲ့ အခု ဒဏ္ဍာရီဆန်တဲ့ ဇာတ်ဆောင်က သူတို့ရှေ့ ရောက်နေတယ်…
ဘလပ်၏ မျက်လုံးများ ပြူးကျယ်ကာ အံ့ဩစွာ ပြောလိုက်သည်။
"ဒါဆို မင်းက အသက်ရှင်နေတာပေါ့…"
ချန်ချင်းယဲ့က ဘလပ်စ်ကို ကန်လိုက်သည်။
ဘလပ်စ်က အော်လိုက်ပြီး ပါးစပ်ချက်ချင်း ပိတ်လိုက်လေသည်။
သို့သော်လည်း ချန်ချင်းယဲ့က ဘလပ်စ်ကို တားလိုက်နိုင်သော်လည်း ဘလပ်ကဲ့သို့ စိတ်ထဲရှိရာ ပြောတတ်သည့် ဝေ့ရွှယ်ချူးကို မတားလိုက်နိုင်ပေ။
ဝေ့ရွှယ်ချူးက မေးလိုက်သည်။
"နင်က မသေဘူးဆို ဘာလို့ အေ့စ်ဘေးမှာ ပေါ်မလာရတာလဲ…"
ယဲ့ကျား : "..."
ဒီမေးခွန်းက ပြန်ဖြေဖို့ ခက်ခဲတယ်…
သူက ဒီကလေးက ကစားသမား မဟုတ်ဘူး…တစ္ဆေဘုရင်ကျီရွှမ်ပါလို့ မပြောနိုင်ဘူးလေ…
သို့သော် ကျီရွှမ်က ဝေ့ရွှယ်ချူး၏မေးခွန်းကို ပြန်မေးလိုက်လေသည်။
"ဘာလို့ဆို ကျွန်တော်က ကောကော စိတ်ဆိုးအောင် လုပ်မိခဲ့လို့လေ…"
ဝေ့ရွှယ်ချူး၏ နှလုံးသားက အရည်ပျော်ကျသွားလေသည်။
"ဒါဆို အခု နင်ရဲ့ကောကောက စိတ်ဆိုးပြေပြီလား…"
ယဲ့ကျား :"..."
ကျီရွှမ်က ပြောလိုက်သည်။
"မပြေသေးဘူး…ဒါပေမဲ့ ကျွန်တော် ကြိုးစားမှာပါ…"
ဝေ့ရွှယ်ချူး: "!"
အားယား…ချစ်ဖို့ကောင်းလိုက်တာ…
ယဲ့ကျားက သူ့ရှေ့မှ အန္တရာယ်များသည့် ခေါင်းစဉ်ကို ဖြတ်ပစ်လိုက်သည်။
"အိုကေ…မင်းတို့ ဘာတွေတွေ့ခဲ့လဲ ပြောပြကြပါဦး…"
ဦးစွာ သူက အိမ်မက်ဖန်ဆင်းသူနှင့် သူ့ကြား စကားဝိုင်းကို ပြန်လည်ပြောပြခဲ့ပြီး ကျီရွှမ်ပါ၀င်သည့် အကြောင်းအရာများကိုတော့ ဖယ်ထုတ်ထားခဲ့လေသည်။
ယဲ့ကျား၏ ဇာတ်ကြောင်းကို နားထောင်ပြီးနောက် အားလုံးတိတ်ဆိတ်သွားကြသည်။
ဒီအချက်အလက်တွေက အရမ်းများလွန်းတယ်…
ချန်ချင်းယဲ့: "ဒါဆို မင်းက အိမ်မက်ဖန်ဆင်းသူနဲ့ တိုက်ဖူးပြီး သူ့ခေါင်းကို ဖြတ်ဖူးတယ်ပေါ့…"
ယဲ့ကျား :"အဲ့လိုဖြစ်မယ်…*
ဝေ့ရွှယ်ချူး၏ မျက်နှာက ရုတ်တရက် တောက်ပလာလေသည်။
"သူ ရုတ်တရက် ပျောက်သွားတာက ဒါကြောင့်ပေ့ါ…သူ ဒဏ်ရာအပြင်းအထန်ရသွားလို့ ပြန်ကုသနေတာပေါ့…"
ဘလပ်က မေးလိုက်သည်။
"ဒါဆို မင်း အဲ့ဒါက မှတ်မိနေတာလား…"
ယဲ့ကျား :"ဟုတ်တယ်…"
ချန်ချင်းယဲ့:"မင်းက သူနဲ့ အပေးအယူလုပ်ခဲ့တယ်လို့ ပြောတယ်မလား…မင်း မှတ်ဉာဏ်တွေ ပျောက်သွားတာ အဲ့ဒါနဲ့ ဆက်စပ်နေမယ်…"
ဝေ့ရွှယ်ချူးက သက်ပြင်းချလိုက်သည်။
"ကံမကောင်းစွာနဲ့ နင်က အရေးကြီးတဲ့အချက်ကို မေ့နေတယ်…နင်သာ အဲ့ဒါကို မှတ်မိရင် ငါတို့ သူ့ကို ဘယ်လိုကိုင်တွယ်ရမလဲ သိမှာ…သူ့အားနည်းချက်ကိုသာ ငါတို့သိရင် သူ့ကို အကြိမ်ထောင်နဲ့ချီပြီး နာကျင်အောင် လုပ်နိုင်တယ်…ဓားစာခံတွေသာ မရှိရင် ငါတို့ သူ့ကိုသတ်နိုင်မှာ…အခုတော့…"
သူက စကားကို ဆုံးအောင် မပြောသော်လည်း အားလုံးသိကြလေသည်။
အခု အိမ်မက်ဖန်ဆင်းသူက လူထောင်ပေါင်းများစွာနဲ့ ချည်နှောင်ထားတာ…သူ သေရင် အပြစ်မဲ့တဲ့ လူတွေလည်း သေရလိမ့်မယ်…
အိမ်မက်ဖန်ဆင်းသူမှာ လူသားဆန်မှု မရှိဘူး…
ဒါပေမဲ့ သူတို့ အဲ့ဒါကို ဒီအတိုင်းထိုင်ကြည့်နေလို့မရတာ…
ဘလပ်စ်က ကျောက်စရစ်ကို ကန်လိုက်ပြီး ပြောလိုက်သည်။
"ဒါဆို ငါတို့ အခု ဘာမှ မလုပ်နိုင်ဘူးလား…"
ယဲ့ကျား၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
သူက လက်ချောင်းထိပ်ဖြင့် အမာရွတ်ကို နူးညံ့စွာ ပွတ်သပ်လိုက်သည်။
ထိပ်ဆုံးအလွှာမှ ထွက်လာပြီးနောက် အမာရွတ်က အရောင်ပြန်ဖျော့သွားပြီး မူလအရောင်ပြန်ဖြစ်သွားပြီဖြစ်သည်။
ယဲ့ကျားက ဖြည်းညှင်းစွာ ပြောလိုက်သည်။
"အဲ့လိုမဟုတ်ဘူး…"
အားလုံးက ယဲ့ကျားကို ကြည့်လိုက်ကြလေသည်။
ဘလပ်စ်က ကြောင်အစွာ မေးလိုက်သည်။
"မင်း တစ်ခုခုကို မှတ်မိလာလို့လား…"
ယဲ့ကျား ခေါင်းခါလိုက်သည်။
သူက လက်ကောက်၀တ်ကို ကိုင်ထားပြီး ဆက်ပြောလိုက်သည်။
"ငါက သူနဲ့ အပေးအယူ လုပ်ခဲ့တယ်…သူနဲ့အပေးအယူလုပ်ခဲ့တဲ့ ကစားသမားတွေအားလုံး သေသွားကြတယ်…ဒါပေမဲ့ ငါက အသက်ရှင်နေတယ်…သူ့ကိုလည်း ထိခိုက်အောင် လုပ်နိုင်ခဲ့တယ်…အဲ့ဒါက စာချုပ်မှာ ဟာကွက်ရှိတာကို ပြနေတာပဲ…"
ချန်ချင်းယဲ့၏ မျက်လုံးများက တောက်ပလာသည်။
"ဟုတ်တယ်…"
ယဲ့ကျားက မျက်လုံးများကို မှေးစင်းလိုက်ပြီး ပြောလိုက်သည်။
"ငါ တစ်ကြိမ်ရှာတွေ့ခဲ့တယ်…နောက်တစ်ကြိမ်လည်း ရှာတွေ့မှာပဲ…"
သူ့အသံ အနိမ့်အမြင့်မရှိသော်လည်း သူ့နှလုံးသား အောက်ခြေ၌ ယုံကြည်ချက်အပြည့်ရှိနေလေသည်။
ကျီရွှမ်က ခေါင်းမော့ကာ လူငယ်လေး၏ မျက်နှာကို ကြည့်လိုက်သည်။ လူငယ်လေး၏ မျက်လုံးများက တောက်ပနေလေသည်။
ဒါက လှလိုက်တာ…
ကျန်သုံးယောက် ပျော်ရွှင်သွားကြသည်။
ဝေ့ရွှယ်ချူးက မေးလိုက်၏။
"ဒါဆို ငါတို့ ဘာဆက်လုပ်ကြမှာလဲ…"
ယဲ့ကျား :"မူလ အစီအစဉ်အတိုင်း ဆက်သွားမယ်…အရင်ဆုံး PIAMBက ၀န်ထမ်းတွေကို ဒီနေရာကို စောင့်ကြည့်ခိုင်းရမယ်…ပြီးရင် အရင်နည်းလမ်းအတိုင်း အိမ်မက်ဖန်ဆင်းသူနဲ့ အပေးအယူလုပ်ပြီး သေသွားတဲ့ လူတွေရဲ့ ခန္ဓာကိုယ်ကို ကြည့်ရမယ်…သူတို့ ခန္ဓာကိုယ်မှာ တစ်ခုခု ရှာတွေ့မလား မသိနိုင်ဘူး…"
သုံးယောက်လုံး ခေါင်းငြိမ့်လိုက်ကြသည်။
"အိုကေ…"
ထိုအချိန်တွင် သူတို့နောက်မှ အဆောက်အအုံ၏ တံခါးပွင့်လာပြီး လူတစ်ယောက်ထွက်လာလေသည်။
သူ့ကြည့်ရသည်မှာ နှေးကွေးလေးကန်နေပြီးမျက်နှာက ဘ၀၏ လောကဓံများကို ခံစားနေရပုံ ပေါ်ပြီး အလွန်ပင်ပန်းနွမ်းနယ်နေလေသည်။ မျက်လုံး၏ အောက်တွင် မျက်ကွင်းညိုကြီးရှိပြီး အချိန်အတော်ကြာ မအိပ်ရသေးပုံပေါ်၏။
သို့သော် သူ့မျက်လုံးထဲ၌ ပျော်ရွှင်မှု အရိပ်အယောင်များ ရှိနေလေသည်။
ယဲ့ကျား၏ နှလုံးသား အနည်းငယ် လှုပ်ရှားသွားသည်။
သူ ဒီလူကို မှတ်မိတယ်…
ဓာတ်လှေကား ပထမတစ်ခါ ရပ်တုန်းက တံခါးအပြင်မှာ ထိုင်နေတဲ့ လူပဲ…
ယဲ့ကျား၏ နှလုံးသားက သူ့အတွေးကြောင့် ပြောင်းလဲသွားပြီး ထိုလူထံ လျင်မြန်စွာ လျှောက်သွားလိုက်သည်။
"လူကြီးမင်း…"
ထိုလူက တစ်ဖက်လူက သူ့ကို ခေါ်နေမှန်း သိသောအခါ ပြန်ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ…"
ယဲ့ကျားက တည့်တိုးမေးလိုက်သည်။
"လူကြီးမင်း နတ်ဆိုးနဲ့ အပေးအယူ လုပ်ပြီးပြီလား…"
ထိုလူကို သူ့ကို သံသယရှိစွာ ကြည့်လာသည်။
"မင်း ဘာတွေပြောနေတာလဲ…ငါ ဘာမှ မသိဘူး…"
ယဲ့ကျား :" ကျွန်တော်က သူနဲ့ အပေးအယူလုပ်ဖို့ လာခဲ့တာ…ဒါပေမဲ့ ဝိညာဉ်ကို အပေါင်ထားရမယ်ဆိုလို့ နောင်တရသွားတယ်…ဒါက တကယ် မတန်ဘူးနော်…လူကြီးမင်းရော ဘယ်လိုထင်လဲ…"
ထိုလူက ဒေါသထွက်သွားလေသည်။
"မင်း…မင်း ဘာသိလို့လဲ…"
သူက လက်သီးကို တင်းတင်းဆုပ်ထားပြီး ပြောလိုက်သည်။
"ငါ့သမီးက ဆေးရုံကုတင်ပေါ်မှာ လှဲနေရတယ်…သေမလား ရှင်မလားဆိုတာ မသေချာဘူး…မင်းသာဆိုရင်ရော အဲ့လိုဖြစ်ရင် ကိုယ့်ကိုကိုယ် အစားမထိုးချင်ဘူးလား…ဘယ်လောက်ပဲ ပေးရပေးရ လုပ်မှာပဲ…မင်းလို မတ်တပ်ရပ်ပြီး စကားပြောနေနိုင်တဲ့ လူကတော့ ဒါကို ဘယ်သိပါ့မလဲ…ငါ ဘာပဲလုပ်ခဲ့လုပ်ခဲ့ မင်းနဲ့ မဆိုင်ဘူး…"
ယဲ့ကျားက ထိတ်လန့်သွားလေသည်။
ထိုလူ၏ မျက်နှာက မှုန်ကုပ်နေပြီး ကားပါကင်ဆီ လျှောက်သွားကာ ကားစက်နိုးပြီး ထွက်သွားလေသည်။
ယဲ့ကျားက ထွက်သွားသောကားကို ကြည့်ပြီး တွေးနေလေသည်။
ကူညီပေးသည့် လူများ တိုးလာသည်နှင့်အမျှ စစ်ဆေးမှုက ပိုမိုလျင်မြန်လာလေသည်။ သူတို့ လက်ထဲတွင် ရှိသောအမှုက ဆယ့်ငါးမှုမှ ခုနှစ်ဆယ်၊ ထိုမှ အမှုနှစ်ရာအထိပင် ရှိလာလေသည်။
ယဲ့ကျားက ဟိုတယ်သို့ ပြန်လာပြီးနောက် အချက်အလက်များကို မရပ်မနားဖတ်နေပြီး သဲလွန်စများကို ရှာဖွေနေသည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး ညရောက်လာလေသည်။
အကန့်အသတ်မရှိသော သမုဒ္ဒရာထဲတွင် သဲလွန်စများရှာဖွေနေရခြင်းက ပိုမိုခက်ခဲလာသည်။
ထို့အချိန်တွင် ယဲ့ကျား သူ့အိပ်ရာက နစ်၀င်သွားသည်ကို ခံစားမိလိုက်သည်။ သူ ခေါင်းကို မော့ကာ ကြည့်လိုက်သောအခါ ကျီရွှမ်က အိပ်ရာအစွန်းတွင် ထိုင်နေလေသည်။ နီရဲနေသော မျက်လုံးတစ်စုံက သူ့ကို မျက်တောင်မခတ် ကြည့်နေလေသည်။
"ကောကော အကူအညီ လိုသေးလား…"
ထို့နောက် သူ နှုတ်ခမ်းကို စုလိုက်ပြီး တိုးတိုးပြောလိုက်သည်။
"ဂွတ်နိုက်ကစ်လေး ပေးရမလား…"
"..."
ယဲ့ကျား၏ မျက်လုံးကို စွေကြည့်လိုက်ပြီး သူ့၏သူငယ်အိမ်များက ရှည်လျားသော မျက်တောင်ရှည်များအောက်တွင် တောက်ပနေလေသည်။
အချိန်အတော်ကြာပြီးနောက် ဖိုင်ကို လိပ်လိုက်ပြီး လက်မြှောက်လိုက်ကာ ကျီရွှမ်ကို ရိုက်လိုက်သည်။
"အ…"
ကျီရွှမ်က ထိတ်လန့်သွားပြီး ခေါင်းနောက်ကို အုပ်လိုက်ကာ မျက်တောင်ခတ်လိုက်ပြီး တစ်ဖက်လူကို ကြည့်နေလေသည်။
"မင်းရဲ့ အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ်…"
ယဲ့ကျားက မတ်တပ်ရပ်လိုက်ပြီး သူ့ရှေ့မှ ဖိုင်များထဲမှ ဖိုင်အနည်းငယ်ကို ယူလိုက်သည်။
သူက ပြုံးကာ ပြောလိုက်၏။
"ဒါပေမဲ့ မလိုဘူး…"
ယဲ့ကျားက ဖုန်းကို ထုတ်လိုက်ပြီး PIAMBမှတာ၀န်ရှိသူကို ဆက်လိုက်သည်။ နှုတ်ခွန်းဆက်စကား အနည်းငယ် ပြောပြီးနောက် မေးလိုက်သည်။
"DMကုမ္ပဏီကို စစ်ဆေးတာ ဘယ်လိုလဲ…"
တစ်ဖက်မှ လျန်ရီက အနည်းငယ် ရှက်ရွံ့စွာ ဖြေလိုက်သည်။
"ငါတို့ စက်မှုလက်မှုနဲ့ ကူးသန်းဆက်သွယ်ရေးဘက်ကို ဆက်သွယ်ထားပြီးပြီ…ရဲဌာနနဲ့လည်း ဆက်သွယ်ပြီးပြီ…အဲ့ဒီကုမ္ပဏီရဲ့ လုပ်ထုံးလုပ်နည်းတွေ အားလုံးက ဥပဒေနဲ့ ကိုက်ညီတယ်…အခွန်နဲ့ ဘဏ္ဍာရေးပိုင်းမှာလည်း ဟာကွက်မရှိဘူး…ရာဇဝတ်မှုတစ်ခုခုလုပ်ရင်သိရအောင် ၀န်ထမ်းကို လွှတ်ပြီး အနီးအနားကနေ စောင့်ကြည့်ခိုင်းထားပေမဲ့ အပြင်ဘက်ကနေ စောင့်ကြည့်နေတာ ဖြစ်တဲ့အတွက် အချက်အလက်ရဖို့ ခဲယဉ်းတယ်…"
ယဲ့ကျား ခေါင်းငြိမ့်လိုက်သည်။
သူ အဲ့ဒီအပိုင်းကနေ အစကတည်းက မမျှော်လင့်ထားပါဘူး…အိမ်မက်ဖန်ဆင်းသူက ဒီလို ပေါ်ပေါ်ထင်ထင် လုပ်နေကတည်းက သူ့မှာယုံကြည်ချက်အပြည့်ရှိနေတာ သိသာတယ်…
ယဲ့ကျားက ခေါင်းငုံ့ကာ နှစ်စက္ကန့်လောက် စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ငါ တချို့အမှုတွေနဲ့ ပတ်သတ်ပြီး တိကျတဲ့ အချက်အလက်တွေ လိုတယ်…"
ထို့နောက် သူ ယူလာသောဖိုင်ကို ဖွင့်လိုက်ကာ ခေါင်းစဉ်များကို ဖတ်ပြလိုက်သည်။
လျန်ရီ :" ရတယ်…"
မကြာမီ ယဲ့ကျား၏ ဖုန်းက အချက်ပေးသံ မြည်လာပြီး သူ ဖွင့်ကြည့်လိုက်သောအခါ မျက်နှာပေါ်၌ ကျေနပ်သည့်အမူအရာ ပေါ်လာလေသည်။
"နောက်ဆုံးအနေနဲ့ ကားလိုင်စင်နံပါတ်လေးကို စစ်ဆေးပေးပါဦး..."
လျန်ရီ :"ရတယ်…"
ဒီကားနံပါတ်က မနေ့က အိမ်မက်ဖန်ဆင်းသူဆီမှာ တွေ့ခဲ့တဲ့လူရဲ့ ကားနံပါတ်ပါ…အဲ့ဒီလူက ဘာမှ မပြောသွားပေမဲ့လည်း သူ အဲ့လူရဲ့ ကားနံပါတ်ကို တိတ်တိတ်လေးမှတ်ထားခဲ့တယ်…
မကြာမီပင် ကားပိုင်ရှင်၏ အချက်အလက်များရောက်ရှိလာလေသည်။
နာမည်က ၀မ်ချန်ကျစ်…အသက်က လေးဆယ့်ငါးနှစ်…လက်ထပ်ပြီးပြီ…သမီးက ဒီနှစ်မှာ ဆယ့်သုံးနှစ်ပြည့်ပြီ…အခု ပြည်သူ့ဆေးရုံမှာ တက်နေတယ်…
ယဲ့ကျား : "သူ့သမီး ဘာလို့ဆေးရုံတက်နေလဲသိလား…"
တစ်ဖက်မှ ကီးဘုတ်ရိုက်သံများ ထွက်ပေါ်လာလေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ပြန်ဖြေလာသည်။
"ကိုယ်တွင်းအင်္ဂါ အလုပ်မလုပ်တာလို့ ပြောပေမဲ့,ဆေးရုံက ကျိုးကြောင်းဆီလျော်တဲ့ ခေါင်းစဉ် ရှာမတွေ့ပုံပဲ…"
ယဲ့ကျား :" အသေးစိတ်အချက်အလက်တွေ ပို့ပေး…"
လျန်ရီ:"ရတယ်…"
ယဲ့ကျားက လျန်ရီကို ကျေးဇူးတင်ပြီးနောက် ဖုန်းချလိုက်သည်။
သူက ခေါင်းကို ငုံ့ကာ လျန်ရီ သူ့ထံပေးပို့လာသော အချက်အလက်များကို ကြည့်နေလေသည်။ ထို့နောက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာလေသည်။
ကြည့်ရတာ ဒီတစ်ခါတော့ သူ့အထင် မှန်ပုံပဲ…
ယဲ့ကျားက စိတ်ထဲတွင် နောက်လုပ်မည့် ဗျူဟာကို ဆွဲလိုက်ပြီးနောက် ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။
ထို့နောက် ကုတင်ပေါ်တွင် ထိုင်နေသော ကျီရွှမ်ကို လှည့်ကြည့်လိုက်သည်။
အိုကေ…ဒီကိစ္စကို ကိုင်တွယ်ဖို့ အချိန်ရောက်ပြီ…
ယဲ့ကျားက သူ့ရှေ့မှ ကောင်လေးကို စိုက်ကြည့်လိုက်ပြီး ကူရာမဲ့စွာ မေးလိုက်သည်။
"မင်းအခြေအနေ ဘယ်လိုလဲ…"
ကျီရွှမ်က လှပသောမျက်နှာကို မော့ကာ အပြစ်ကင်းစင်စွာ ကြည့်လိုက်သည်။
"သိဘူး…"
ယဲ့ကျား :"မင်း သရုပ်ဆက်ဆောင်နေသေးတာလား…"
ကျီရွှမ်နိုးနိုးလာချင်းကတော့ ဒါကို အမှန်လို့ထင်ခဲ့တယ်…
ဒါပေမဲ့ အခုတော့ သူ မသေချာတော့ဘူး…
ကျီရွှမ်က Fမြို့လိုက်လာတယ်…သူ့အမာရွတ်အကြောင်း သတိပေးတယ်…ဒီလို ဆက်တိုက်လုပ်ဆောင်ချက်တွေက ဆန့်ကျင်ဘက်အခြေအနေကို ညွန်ပြနေတယ်…ကျီရွှမ်က သူ့ကို သဲလွန်စတွေ ပေးရုံတင်မကဘူး…အိမ်မက်ဖန်ဆင်းသူရဲ့ ကုမ္ပဏီကို အပြင်က ၀င်မရမှန်းသိလို့ သူ့ရဲ့ လက်ကောက်၀တ်မှာ အမှတ်အသားကိုတောင် တိတ်တိတ်လေး ချန်ထားသေးတယ်….
ဒီဟာတွေက ယဲ့ကျားကို သဲလွန်စတွေ ပေးခဲ့တယ်…
ကျီရွှမ်က ဝိညာဉ်ပျက်စီးမှုကြောင့် အားနည်းတဲ့ အခြေအနေရောက်နေပေမဲ့ အမေ့ရဲ့ တိုက်ရိုက်ဆင်းသက်သူက ဒီလိုမျိုး အကြာကြီး အားနည်းနေတာ မဖြစ်နိုင်ဘူး…
အဲ့ဒီအတွက် အဖြေတစ်ခုပဲ ရှိတယ်…
ယဲ့ကျားက ခေါင်းငုံ့နေပြီး တစ်ဖက်လူကို တည်ငြိမ်စွာ ကြည့်နေပြီး တစ်ခုခုကို စောင့်စားနေဟန်ပေါ်သည်။
လေထုက တဖြည်းဖြည်းတင်းမာလာလေသည်။
ကောင်လေးက ယဲ့ကျားကို ပြန်ကြည့်နေပြီး သူ့၏ နီရဲသော မျက်လုံးတစ်စုံက ထူးဆန်းစွာ တောက်ပနေသည်။
အချိန်အတော်ကြာပြီးနောက် သူ့နှုတ်ခမ်းက ကွေးညွတ်လာပြီး သာမာန်ကာလျှံကာ ပြောလိုက်သည်။
"အာ…ကျွန်တော် ကောကောကို ဖုံးကွယ်ထားလို့မရဘူးပဲ…"
သူ့မျက်နှာပေါ်မှ ချစ်စရာအမူအရာက ကြက်သီးဖြန်းဖြန်းစရာ ကောင်းနေလေသည်။
"ကျွန်တော် နည်းနည်းလောက်တော့ ထပ်ဖုံးကွယ်နိုင်မယ်လို့ ထင်ထားတာ…နှမျောစရာပဲ…"
ကျီရွှမ်က ကုတင်ပေါ်မှ ဆင်းလာပြီး ယဲ့ကျားဆီသို့ လျှောက်လာလေသည်။
သူက ယဲ့ကျားရှေ့ရောက်သည့်အချိန်တွင် သူ့၏မူလပုံစံ ပြန်ပြောင်းလိုက်သည်။
ယဲ့ကျားထက် ခေါင်းတစ်၀က်စာ ပိုအရပ်ရှည်သောကြောင့် ယဲ့ကျားက သူ့ကို မော့ကြည့်နေရလေသည်။
ထိုအမျိုးသား၏ ပခုံးက ပြန့်ကားပြီး လူကို ဖော်မပြနိုင်သော ဖိအား ပေးနိုင်စွမ်းရှိသည်။
သူ့၏ မျက်လုံးများက သွေးရောင်သန်းနေပြီး နှုတ်ခမ်းများက ကွေးညွှတ်နေလေသည်။
ယဲ့ကျားက တစ်ဖက်လူကို နောက်မဆုတ်တမ်း ပြန်ကြည့်လိုက်သည်။
"ငါ့ကိုပြော…မင်း ဘယ်အချိန်ကတည်းက ပြန်ကောင်းနေတာလဲ…"
"သိပ်မကြာသေးပါဘူး…"
ကျီရွှမ်က တစ်ဖက်လူ၏မေးခွန်းကို ပါးနပ်စွာ ရှောင်တိမ်းလိုက်သည်။
"ဒါပေမဲ့…ကျွန်တော့်ရဲ့ အကူအညီက လုံလောက်တာထက်ကို ပိုမယ်နော်…"
ယဲ့ကျား၏ မျက်ခုံးက ပင့်တက်သွားသည်။
"အကူအညီ…မင်း အပေးအယူစာချုပ်ရဲ့ဟာကွက်ကို သိလို့လား…ဒါမှမဟုတ် အပြစ်မဲ့တဲ့ လူတွေကို မထိခိုက်ဘဲ သူ့ကို သတ်နိုင်မဲ့ နည်းလမ်းကို သိလို့လား…"
ကျီရွှမ် :"မသိဘူး…"
ယဲ့ကျားက ပြုံးကာ ပြောလိုက်သည်။
"ငါ ထင်သားပဲ…"
ထို့နောက် သူ့ရှေ့မှ အမျိုးသား၏ ပခုံးကိုကို လက်ထဲမှ ဖိုင်လိပ်နှင့် ရိုက်လိုက်ပြီး ပြောလိုက်သည်။
"အဲ့ဒါဆို လျှောက်မပြောနဲ့…"
ကျီရွှမ်၏ အပြုံးက ပိုမိုနက်ရှိုင်းသွားပြီး အပြင်ထွက်ရန် ပြင်ဆင်နေသော ယဲ့ကျားကိုမေးလိုက်သည်။
"ဒါဆို ကောကောအခု ဘာလုပ်မှာလဲ…"
"၀မ်ချန်ကျစ်…သူက အိမ်မက်ဖန်ဆင်းသူနဲ့ အပေးအယူ လုပ်ခဲ့တယ်…"
ယဲ့ကျားက ဟူဒီကို ၀တ်ကာ ပြန်ဖြေလိုက်သည်။
"လက်ရှိရထားတဲ့ အမှုတွေထဲမှာ အပေးအယူ
လုပ်တဲ့ လူတွေ အကုန်လုံး သေသွားပြီ…သူပဲ အသက်ရှင်နေသေးတာ…"
ယဲ့ကျားက ကျီရွှမ်ကို ခေါင်းမော့ကြည့်လိုက်ပြီး သူ့သူငယ်အိမ်များက မည်းမှောင်နေလေသည်။
"သူ့ရဲ့စာချုပ်က အခုထိမပြီးသေးဘူး…သူက ငါတို့အောင်မြင်ဖို့ သော့ချက်ပဲ…"
ထို့နောက် ခေါင်းစွပ်ကို ၀တ်လိုက်သည်။
ခေါင်းစွပ်၏ အရိပ်က လူငယ်လေး၏ ကြည်လင်သော ပယင်းရောင်မျက်လုံးများကို၏ ဖုံးအုပ်ထားလေသည်။
ယဲ့ကျားက ဝေ့ရွှယ်ချူး၊ ဘလပ်စ်နှင့် ချန်ချင်းယဲ့တို့ကို အေ့စ်အဖြစ် ဆက်သွယ်ကာ လိပ်စာတစ်ခုကို စုံစမ်းခိုင်းထားသည်။
ယဲ့ကျားက တံခါးဖွင့်လိုက်ပြီး ကျီရွှမ်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"မင်း မလာဘူးလား…မင်းရဲ့ ဒဏ်ရာက ကောင်းသွားပြီမလား…"
ယဲ့ကျား၏ အသံက ယနေ့မိုးလေ၀သအခြေအနေအကြောင်းပြောနေသကဲ့သို့ အသံအနိမ့်အမြင့်မရှိချေ။
သူ့နောက်လိုက်လာမှတော့ အကောင်းဆုံးအသုံးချကြတာပေါ့…
ယဲ့ကျား :"လာလေ…"
ထိုအချိန်တွင် မှင်သက်နေသည့် ကျီရွှမ်က သတိပြန်၀င်လာပြီး အပြုံးက မျက်လုံးအတွင်းပိုင်းထဲသို့ စိမ့်၀င်သွားကာ ပြောလိုက်သည်။
"လာပြီ…"
မကြာမီ ယဲ့ကျားက ဆေးရုံသို့ ရောက်ရှိလာလေသည်။
....
အထူးကြပ်မတ်ကုသဆောင်၌…
ကလေးမလေးတစ်ယောက်က ဆေးရုံကုတင်ပေါ်တွင် လှဲနေပြီး မျက်နှာက ဖြူဖျော့နေကာ အညိုရောင်ဆံနွယ်ရှည်များက အဖြူရောင်ခေါင်းအုံးပေါ် ပြန့်ကျဲနေလေသည်။ သူက မျက်လုံးမှိတ်ထားပြီး သူ့ခန္ဓာကိုယ်က စက္ကူရွက်သဖွယ် ပေါ့ပါးဟန်ပေါ်သည်။
ကလေးမလေးဘေးရှိ စက်များစွာက တချက်ချက်မြည်နေလေသည်။ မျက်နှာပြင်ပေါ်တွင် ဂရပ်လိုင်းများကို ပြနေပြီး ကလေးမလေး၏ သေခြင်းရှင်ခြင်းကို မှတ်တမ်းတင်နေလေသည်။