အပိုင်း ၉၇
Viewers 10k

Chapter 97


လူနာခန်းအပြင်ဘက်တွင် ၀မ်ချန်ကျစ် စိုးရိမ်စွာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေလေသည်။

သူ့၏ မျက်လုံးမှ မျက်ကွင်းညိုများက ပိုမိုဆိုးရွားလာပြီး အတွေးလွန်နေပုံပေါ်နေသည်။ သူ့၏ ကျောပြင်က ‌ခနော်ခနဲ့ဖြစ်နေပြီး ယခု အသက်အရွယ်နှင့် မသက်‌ဆိုင်သော အရာဖြစ်သည်။

သူ ကမ္ဘာပေါ်မှာ သရဲတစ္ဆေတွေ၊ နတ်ဘုရားတွေ ရှိမှန်း မယုံကြည်ခဲ့ဘူး…Mမြို့ကကြီးမားတဲ့ ကသောင်းကနင်းဖြစ်ရပ်က ဒါကို သက်သေပြနေပေမဲ့ သူ အဲ့ဒါကို လှောင်ရယ်ခဲ့တယ်…ဒါပေမဲ့ သူက သဘာ၀လွန်စွမ်းရည်က အမှန်တကယ်တည်ရှိဖို့ မျှော်လင့်နေရမဲ့ နေ့ရောက်လာမယ်လို့ မထင်ထားခဲ့ဘူး…အဲ့အတွက် သူ့အသက်နဲ့ ဝိညာဉ်ကို‌တောင် ပေးဆပ်နိုင်တယ်…

၀မ်ချန်ကျစ်က မှန်မှတစ်ဆင့်မြင်ရသည့် ကလေးမလေးကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ကာ သူ့စိတ်သူ တည်ငြိမ်အောင်လုပ်နေလေသည်။

"မစ္စတာ၀မ်…"

ထိုအချိန်တွင် သူနှင့် ရင်းနှီးနေသယောင် ရှိသောအသံက သူ့နောက်မှ ထွက်လာသည်ကို ကြားလိုက်ရသည်။

၀မ်ချန်ကျစ် ထိတ်လန့်သွားပြီး နောက်လှည့်ကြည့်လိုက်သည်။

ထိုအခါ ယမန်နေ့က DMကုမ္ပဏီအပြင်ဘက်တွင် တွေ့ခဲ့‌ကာ စကားပြောခဲ့သော လူငယ်လေးကို တွေ့လိုက်ရလေသည်။ ဆေးရုံကော်ရစ်တာမှ အေးစက်စက်အလင်းရောင်က ဟူဒီ၀တ်ထားသော လူငယ်လေး၏ ခေါင်းပေါ်သို့ ကျရောက်နေလေသည်။ သူက လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းနိုင်ကာ လူများကို အလိုလို ကြောက်ရွံ့စေလေသည်။

၀မ်ချန်ကျစ် သတိရှိစွာ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး အနည်းငယ်ရန်လိုစွာ မေးလိုက်သည်။

"မင်း ဘာလိုချင်လို့လဲ…"

လူငယ်လေးက ရှေ့သို့ ခြေတစ်လှမ်းတိုးလာပြီး ဖြူဖျော့ဖျော့လက်ကို မြှောက်လိုက်ကာ ဟူဒီကို ချွတ်လိုက်သည်။

ထိုအခါ ဟော်ဒီ၏ အောက်မှ ချောမောသောမျက်နှာက ပေါ်လာပြီး ဆံပင်အရောင်နှင့် မျက်လုံးအရောင်က အလွန်တောက်ပနေကာ နှုတ်ခမ်းထက်တွင် စွဲမက်စရာကောင်းသောအပြုံး ရှိနေလေသည်။

"ကျွန်တော် ခင်ဗျားနဲ့ စကားပြောချင်တယ်…"

၀မ်ချန်ကျစ်က အနည်းငယ် အံ့အားသင့်သွားသည်။

သူ့၏ သဘောထားက ယခင်လောက်‌တော့ ရန်မလိုတော့ပေ။

"ငါ မနေ့က မင်းကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီ…မင်း ဘာကို ပြောစေချင်သေးလို့လဲ…"

ယဲ့ကျား: "ကျွန်တော်တို့ ဘာလို့ တခြားနေရာမှာ မပြောကြတာလဲ…"

သူ သီးသန့်လူနာခန်းကို ကြည့်လိုက်သည်။

"ကျွန်တော် ခင်ဗျားရဲ့သမီးကို အနှောင့်အယှက်မပေးချင်လို့ပါ…"

၀မ်ချန်ကျစ်က တုံ့ဆိုင်းသွားပြီး ကုတင်ပေါ်တွင် သတိမေ့နေသည့် သမီးကို လှည့်ကြည့်လိုက်ကာ ပြောလိုက်သည်။

"အိုကေ…"

.......

ဆေးရုံခေါင်မိုးပေါ်၌…

ကောင်းကင်ယံက ပြာရာမှ မည်းလာပြီး တိမ်ဖြူများက လွင့်မျောနေလေသည်။

၀မ်ချန်ကျစ် သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး မလှမ်းမကမ်းမှ လူငယ်လေးကို ကြည့်လိုက်ကာ ပြောလိုက်သည်။

"ပြောလေ…"

လူငယ်လေး၏ ဆံနွယ်များက လေကြောင့် ရှုပ်ပွကုန်ပြီး ပယင်းရောင်မျက်လုံးထဲတွင် လှိုင်းဂယက်များ ထလာသည်။ လူငယ်လေးက ရှေ့တစ်လှမ်းတိုးလာပြီး အင်္ကျီလက်ကို လှန်လိုက်ပြီး လက်ကောက်၀တ်ကို ပြကာ ပြောလာသည်။

"ဒါနဲ့ ရင်းနှီးမနေဘူးလား…"

၀မ်ချန်ကျစ်က ရုတ်တရက် ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးကျယ်လာလေသည်။

လူငယ်လေး၏ လက်ကောက်၀တ်က ဖြူဖျော့သေးသွယ်ပြီး သွေးကြောများပင် မြင်နေရလေသည်။

လက်ကောက်၀တ်ပေါ်တွင် မသိသာသော အမာရွတ်နှစ်ခုရှိပြီး ထောင့်ဖြတ်အနေအထားတွင် ရှိနေကြလေသည်။

၀မ်ချန်ကျစ်က မသိစိတ်အရ ကိုယ့်လက်ကောက်၀တ်ကို ငုံ့ကြည့်လိုက်မိသည်။

လူငယ်လေး၏ အမာရွတ်က ‌အချိန်ကြာကြာရှိနေခဲ့ပုံပေါ်ပြီး သေချာမကြည့်လျှင် မြင်ပင်မမြင်နိုင်ချေ။

၀မ်ချန်ကျစ်က ခေါင်းမော့လာပြီး မျက်လုံးများ ပြူးကျယ်ကာ မေးလိုက်သည်။

"မင်း…"

"ဟုတ်တယ်..."

ယဲ့ကျားက မျက်လုံးကို လှိမ့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျွန်တော် အရင်က သူနဲ့ အပေးအယူ လုပ်ခဲ့ဖူးတယ်…"

၀မ်ချန်ကျစ်က တစ်ဖက်လူကို ယုံသင့်မယုံသင့် မသိသောကြောင့် သံသယရှိစွာ ကြည့်နေလိုက်သည်။

ယဲ့ကျား : "ကျွန်တော်က အရင်က သူနဲ့စာချုပ်ချုပ်ဖူးတာမို့လို့ ဒါကဘယ်လိုဆိုတာ အတိအကျ သိတယ်…တကယ်က ခင်ဗျား လှည့်စားခံလိုက်ရတာ…"

တကယ်တော့ သူ သူတို့ကိုင်တွယ်ရမှာက အိပ်မက်ဖန်ဆင်းသူဆိုတာ သိပြီးကတည်းက မေးခွန်းတစ်ခုကို အမြဲတွေးလာခဲ့တာ…

အိမ်မက်ဖန်ဆင်းသူက လူတွေရဲ့ ဆန္ဒကို ဘယ်လို ဖြည့်‌ဆည်းပေးတာလဲ…

ဝေ့ရွှယ်ချူး ဘလပ်စ်နဲ့ စကားပြောတုန်းက သူ့ကို မီးခွက်စောင့်ဘီလူးလို့ပြောခဲ့ကြတယ်…

ဒီလို လူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့ ဒဏ္ဍာရီဆန်ဆန်တည်ရှိမှုက ပုံပြင်ထဲမှာပဲ ရှိတယ်…

ပြီးတော့ အိမ်မက်ဖန်ဆင်းသူက မီးခွက်စောင့်ဘီလူးမဟုတ်ဘူး…အရမ်းစွမ်းအားကြီးတဲ့တစ္ဆေပဲ…

ဒါပေမဲ့ ဘယ်လောက်ပဲ အစွမ်းထက်ထက် အကန့်အသတ်ဆိုတာရှိတယ်…သူက တစ္ဆေတစ်‌ကောင်ပဲ…အရာအားလုံးကို ဖန်ဆင်းနိုင်တဲ့ နတ်ဘုရားမဟုတ်ဘူး…ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကစားသမားတိုင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ မဖြစ်နိုင်ဘူး…ကစားသမားရဲ့ ဆန္ဒက ဂိမ်းထဲက ထွက်သွားချင်ရင်ရော…သူက ကစားသမားကို ဂိမ်းထဲက တကယ်လွှတ်ပေးနိုင်လို့လား…

ယင်းကို သတိထားမိပြီးနောက် ယဲ့ကျားက ရုံး၀န်ထမ်း၏ ဇနီးသည်ထံ ထပ်မံဖုန်းဆက်ပြီးမေးခဲ့သည်။

"မဒမ်ရဲ့ ခင်ပွန်းအပေါ်မှာ ခံစားချက်တွေ ရှိနေသေးလား…"

"ရှိပါသေးတယ်…"

သို့သော် ဇနီးက ခဏလောက် တုံ့ဆိုင်းသွားပြီး ဆက်ပြောလာလေသည်။

"ဒါပေမဲ့ ထူးဆန်းတာက သူသေပြီးသွားတော့ အချစ်တွေက ပြန်ပျောက်သွားသလိုပဲ…ကျွန်မ အရင်လို ပြန်ဖြစ်သွားသလိုပဲ…"

ထိုအဖြေက ယဲ့ကျား၏ မျှော်လင့်ချက်ဖြစ်လာသည်။

အိမ်မက်ဖန်ဆင်းသူက ဆန္ဒတိုင်းကို မဖြည့်ဆည်းပေးနိုင်ဘူး…သူက အဲ့လောက် အစွမ်းထက်တာ မဟုတ်ဘူး…သူ လုပ်တာက အိမ်မက်တွေကို ဖန်တီးရုံကလွဲပြီး ဘာမှမဟုတ်ဘူး…

ဒါပေမဲ့ သူနဲ့ စာချုပ်ချုပ်ထားတဲ့လူက တန်ကြေးကို ပေးဆောင်ရတာက‌တော့ အမှန်ပဲ…

ရလဒ်အနေနှင့် ယဲ့ကျား ရွေးချယ်ထားသော ဖိုင်အချို့က ၀မ်ချန်ကျစ်နှင့် အလားတူသော လူများ၏အမှုများဖြစ်သည်။

ယဲ့ကျားက ဖုန်းထုတ်လိုက်ပြီး ဖိုင်ကိုဖွင့်လိုက်ကာ ၀မ်ချန်ကျစ်ထံ ပစ်ပေးလိုက်သည်။

၀မ်ချန်ကျစ်က ဖုန်းကို လျင်မြန်စွာ ဖမ်းယူလိုက်လေသည်။

ကျောင်း×××အမျိုးသားက ကားမတော်တဆမှုနဲ့ သေဆုံးခဲ့တယ်…နှလုံးအစားထိုးမှုခံယူပြီးသက်သာလာတဲ့ သူ့အမေက သူသေသွားပြီး သုံးရက်မြောက်နေ့မှာ ရုတ်တရက် ‌နှလုံးအစားထိုးမှုက မအောင်မြင်တေ့ာဘဲ သေသွားခဲ့တယ်…

လျှို×××အမျိုးသမီးက အဆောက်အအုံပေါ်ကနေ ပြုတ်ကျပြီး သေသွားခဲ့တယ်…ကင်ဆာဆဲလ်တွေ ပျံ့နှံ့နေပြီး အံ့ဖွယ်နည်းနဲ့ ပျောက်ကင်းသွားတဲ့သူ့သားက သူသေသွားပြီး သုံးရက်မြောက်နေ့မှာ သေသွားခဲ့တယ်…

ဒါ့အပြင် အများကြီးရှိသေးတယ်…

အဆုံးတွင် ၀မ်ချန်ကျစ်၏ လက်များက တုန်ရီလာပြီး ဖုန်းပင် မကိုင်နိုင်လုနီးနီးဖြစ်နေလေသည်။ သူက ခေါင်းမော့ကာ သူ့ရှေ့မှလူငယ်လေးကို ကြည့်လိုက်ပြီး ဗလုံးဗထွေး ပြောလိုက်သည်။

"ဒါ…ဒါက…"

ယဲ့ကျားက ၀မ်ချန်ကျစ်၏ လက်ထဲမှ ဖုန်းကို ပြန်ယူလိုက်ပြီး ပြောလိုက်သည်။

"ဒါက နတ်ဆိုးနဲ့ အပေးအယူလုပ်တဲ့အခါ ပေးရတဲ့ တန်ကြေးပဲ…ခင်ဗျားရဲ သမီးက အံ့ဖွယ်နည်းနဲ့ ကောင်းမွန်လာလိမ့်မယ်…ဒါပေမဲ့ စာချုပ်ပြီးသွားလို့ ခင်ဗျားဝိညာဉ်ကို ပေးဆောင်ပြီးသွားရင် သူ့ရဲ့လက်‌ဆောင်က ပျက်ပြယ်သွားလိမ့်မယ်…သူက အဲ့အတွက်ပဲ ဒီမှာရှိနေတာ…လ၀က်အတွင်းမှာ စာချုပ်တန်ကြေးကို ပေးဆောင်ရလိမ့်မယ်…တစ္ဆေတွေကို မယုံသင့်ဘူး…သူတို့က အမြဲတမ်းဆိုးဝါးတဲ့ အတွေးတွေနဲ့ အလိုဆန္ဒတွေ ရှိနေတာ…သူတို့နဲ့ မဆက်ဆံသင့်ဘူး…"

၀မ်ချန်ကျစ်က လက်ဆန့်ထုတ်လိုက်ပြီး အောက်ပြုတ်မကျသွားစေရန် လက်ရန်းကို ကိုင်လိုက်ကာ ပြောလိုက်သည်။

"အဲ့ဒါဆို ငါ အခုဘာလုပ်ရမလဲ…ဒီစာချုပ်ကို ဘယ်လိုပြန်ဖျက်ရမှာလဲ…"

ယဲ့ကျားက ခေါင်းခါလိုက်သည်။

"၀မ်းနည်းစရာပဲ…ဖျက်လို့မရဘူး…"

အိမ်မက်ဖန်ဆင်းသူရဲ့ ဆန္ဒဖြည့်ဆည်းပေးမှုက တကယ်မဟုတ်ပေမဲ့ စာချုပ်က‌တော့ အမှန်ပဲ…

"ငါသေပြီးရင် ငါ့သမီး‌လေးလည်း သေမှာပေါ့…"

၀မ်ချန်ကျစ်၏ မျက်နှာပေါ်၌ စိတ်ပျက်မှုများ ရှိနေလေသည်။

ယဲ့ကျားက မျက်လုံးကို မှေးစင်းလိုက်ပြီး ပြောလိုက်သည်။

"အဲ့လိုတော့ မဟုတ်လောက်ဘူး…"

၀မ်ချန်ကျစ်က ထိတ်လန့်သွားပြီး သူ့မျက်လုံးထဲ၌ မျှော်လင့်ချက်အလင်းရောင် တောက်ပလာလေသည်။

"မင်း…မင်း အဲ့ဒါက ဘာကိုဆိုလိုတာလဲ…"

ယဲ့ကျား :"ကျွန်တော် အဲ့ဒါကို စုံစမ်းကြည့်ပြီးပြီ…ခင်ဗျားသမီးရဲ့အခြေအနေက အချိုးအကွေ့ ဖြစ်လာလောက်တယ်…"

ထို့နောက် သူ့အိတ်ကပ်ထဲမှ စာရွက်ပိုင်းလေးကို ထုတ်လိုက်သည်

"ကျွန်တော် လုပ်ထားတာ…အခု အချိန်ကျလာပြီ…"

ယဲ့ကျား၏ လက်ကြားတွင် ညှပ်ထားသော စက္ကူပိုင်းလေးက အလိုလို မီးထတောက်လာလေသည်။ ထို့နောက် တက်ကြွနေသည့် မိန်းမငယ်လေးတစ်ယောက်၏အသံ ပေါ်လာလေသည်။

"ငါတို့ တွေ့ပြီ…နင် ပြောသလိုပဲ…တကယ်ကပ်ပါးကောင်ပဲ…ဒီရွံ့စရာကောင်းရဲ့အကောင်တွေက ကျန်နေဦးမယ်လို့ မထင်ထားခဲ့ဘူး…ကျီရွှမ်က သူတို့ကို အမြစ်ပြတ်သုတ်သင်လိုက်ပြီလို့ ထင်ထားတာ…"

ယဲ့ကျားက ပခုံးတွန့်ကာ ပြောလိုက်သည်။

"ပိုက်ကွန်ထဲက လွတ်သွားတဲ့ ငါးနည်းနည်းက‌တော့ အမြဲတမ်းရှိတယ်…"

သူက ဒါကို အရင်က ကြုံခဲ့ဖူးတယ်…ဒါ့ကြောင့် ဒီကလေးမလေးရဲ့ အခြေအနေကို မြင်တော့ အဲ့ဒါကို တွေးမိခဲ့တာ…

‌ဝေ့ရွှယ်ချူး၏ နောက်မှ မီးရှို့ခံရသောကြောင့် စူးစူးရှရှအော်သံကို ကြားလိုက်ရပြီး ဘလပ်စ်၏ စိတ်တိုနေသောအသံကိုလည်း ကြားလိုက်ရလေသည်။

"မင်းက ရိုးသားသင့်တယ်…"

နောက်တစ်စက္ကန့်တွင် ချန်ချင်းယဲ့၏ တည်ငြိမ်သော အသံထွက်ပေါ်လာလေသည်။

"ဒါပြီးရင် ငါတို့ ဘာဆက်လုပ်ရမလဲ…"

ယဲ့ကျားက ပေါ့ပါးစွာ ပြောလိုက်သည်။

"မီးမြိုက်လိုက်…"

ထို့နောက် ဘလပ်စ်၏ စိတ်လှုပ်ရှားနေသောအသံ ထွက်ပေါ်လာ၏။

"အိုကေ…"

ထို့နောက် မီးတောက်သံများနှင့်အတူ အော်ဟစ်သံများလည်း ထွက်ပေါ်လာလေ၏။

ယဲ့ကျားက ကြောက်ရွံ့နေသော ၀မ်ချန်ကျစ်၏လက်ဖဝါးကို အားနာနေသည့်အနေနှင့် တစ်ချက်ညှစ်လိုက်သည်။

ထို့နောက် မီးလောင်ကျွမ်းနေသော စက္ကူအပိုင်းအစလေးက ပြာဖြစ်သွားပြီး လေနှင့်အတူ လွင့်စင်သွားလေသည်။

ယဲ့ကျားက ၀မ်ချန်ကျစ်ကို ဖော်ရွေစွာ ပြောလိုက်သည်။

"အဲ့ကပ်ပါးကောင်က လုံး၀မီးလောင်ကျွမ်းသွားဖို့ ကြာလောက်တယ်…ဘာလို့ ကျွန်တော်တို့ အရင်အောက်မဆင်းကြတာလဲ…"

၀မ်ချန်ကျစ်က ကြောင်အစွာ ခေါင်းငြိမ့်လိုက်သည်။

နှစ်ယောက်သားက အထူးကြပ်မတ်ဆောင်၏ တစ်ဖက်တစ်ချက်တွင် ထိုင်ကာ အချိန်ကိုတိတ်ဆိတ်စွာ စောင့်နေကြလေသည်။

ယဲ့ကျားက စိတ်ထဲ၌ တွက်ချက်နေသည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် သူက ခေါင်းငုံ့ကာ ဖုန်းစခရင်တွင် ပေါ်ထားသော နာရီကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"အဆင်ပြေသင့်ပြီ…"

ထိုအချိန်တွင် အထူးကြပ်မတ်ဆောင်ထဲမှ စက်ပစ္စည်းများက ရုတ်တရက် ထမြည်လာလေသည်။ ဆေးရုံရှိ ဆရာ၀န်များနှင့် သူနာပြုများ တရှိန်ထိုး ပြေးလာကြလေသည်။ ၀မ်ချန်ကျစ် ကြမ်းတမ်းစွာ ထရပ်လိုက်ပြီး သူနှင့် မျက်နှာချင်းဆိုင်နေရာကို သေချာကြည့်နေလေသည်။

ယဲ့ကျားက ထိုင်ခုံပေါ်တွင် ခြေထောက်ကွေးကာ ထိုင်နေပြီး တိတ်ဆိတ်စွာ စောင့်နေလေသည်။

အချိန်အ‌တော်ကြာပြီးနောက်…

ဆရာ၀န်က ထွက်လာပြီး ၀မ်ချန်ကျစ်ကို ပြောလိုက်သည်။

"ခင်ဗျားသမီးရဲ့ အခြေအနေ တည်ငြိမ်လာပြီ…"

ထိုအခိုက်အတန့်တွင် ၀မ်ချန်ကျစ်က ဆရာ၀န်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး တစ်ကိုယ်လုံးရှိ အားအင်များ ဆုံးရှုံးသွားသကဲ့သို့ ကြမ်းပြင်ပေါ်သို့ ပုံကျသွားက ရှိုက်ကြီးတငင် ငိုနေလေသည်။

ယဲ့ကျားက သူ့နောက်တွင် ရပ်နေပြီး ငုံ့ကြည့်လိုက်သည်။

ဆရာ၀န်၏ လက်ကို ဆုပ်ကိုင်ထားသော ၀မ်ချန်ကျစ်၏ လက်ကောက်၀တ်မှ အနီရောင် တောက်ပနေသော ဒဏ်ရာက ဆက်လက်ရှိနေသေးသော်လည်း အရောင်ဖျော့လာပြီး အလွန်လျင်မြန်စွာ အရေပြားထဲသို့ စိမ့်၀င်သွားလေသည်။

အချိန်အ‌တော်ကြာပြီးနောက် ၀မ်ချန်ကျစ်က ၀မ်းနည်းမှုမှ လွတ်မြောက်လာပြီး ရုတ်တရက် သူ့ကျေးဇူးရှင်ကို သတိရသွားကာ လှည့်ကြည့်လိုက်သော်လည်း သူ့နောက်တွင် မည်သူမှ မရှိချေ။

ဆေးရုံအောက်ထပ်၌…

ကျီရွှမ်က နံရံကို မှီကာ ရပ်နေပြီး ခြေတံများကို ကွေးထားးလေသည်။

ရံဖန်ရံခါ ဖြတ်သွားသော မိန်းကလေးများ၏မျက်လုံးက အထိန်းအကွပ်မဲ့စွာ သူ့ထံရောက်လာသော်လည်း ရှက်ရွံ့ထိတ်လန့်စွာ အကြည့် ပြန်ရုတ်သွားကြလေသည်။

ရုတ်တရက် ကျီရွှမ်က တစ်ခုခုကို သတိထားမိသွားလေသည်။ သူက ခေါင်းကို မော့ကာ တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ ချောက်သဖွယ် နက်ရှိုင်းသော မျက်လုံးများက ရုတ်တရက် ‌တောက်ပသွားလေသည်။ သူ့၏နှုတ်ခမ်းများက ကွေးညွှတ်လာပြီး မျက်နှာပေါ်၌ အပြုံးတစ်ပွင့်ပေါ်လာလေသည်။

လှေကားထိပ်တွင် ချောမောသော လူငယ်လေး တစ်ယောက်ပေါ်လာပြီး ကျီရွှမ်က သူ့ထံသို့လျင်မြန်စွာ လျှောက်သွားလေသည်။

ချောမောတဲ့ကောင်လေးတွေက သူတို့ဘာသာဖြစ်နေကြတာကို…

တိတ်တဆိတ်စောင့်ကြည့်နေကြသည့် မိန်းကလေးများက စိတ်၀င်စားမှု ပျောက်ဆုံးသွားကြလေသည်။

မေ့လိုက်တော့…ပါသွားပြီပဲ…

ကျီရွှမ်က ယဲ့ကျားကို ကြည့်ကာ မေးလိုက်သည်။

"ဖြေရှင်းပြီးပြီလား…"

ယဲ့ကျားက ငြီးငြူကာ ပြောလိုက်သည်။

"ကြည့်ရ‌တာ အိမ်မက်ဖန်ဆင်းသူက စာချုပ်နဲ့ ပတ်သတ်ပြီး အပြည့်အ၀ခံစားခွင့်ရှိတာပဲ…သူက စာချုပ်နဲ့ သူ့ကိုယ်သူ ဆက်နွယ်ထားတာပဲ…"

အချိန်က သော့ချက်ပဲ…

အိမ်မက်ဖန်ဆင်းသူက လ၀က်အတွင်း ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ရင် စာချုပ်က ပျက်ပြယ်သွားတာပဲ…အိမ်မက်ဖန်ဆင်းသူရဲ့ စွမ်းရည်က ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ လုံလောက်တယ်…ဒါ့ကြောင့် စာချုပ်ကို ပျက်စေချင်ရင် အိမ်မက်ဖန်ဆင်းသူက မလုပ်နိုင်တဲ့ ဆန္ဒဖြစ်ဖို့လိုတယ်…ဒါပေမဲ့ အဲ့လိုဆိုရင် တစ်ဖက်လူကစာချုပ်ကို လက်မှတ်ထိုးမှာ မဟုတ်ဘူး…ဒါမှမဟုတ် အိမ်မက်ဖန်ဆင်းသူ မလုပ်ပေးခင် ဆန္ဒပြည့်သွားအောင် လုပ်ပေါ့…

ဒါပေမဲ့ အဲ့ဒါက သိသိသာသာကို လက်တွေ့မဆန်ဘူး…နောက်ဆုံးတော့ ဒါက အထူးအခြေအနေလေ…၀မ်ချန်ကျစ်ရဲ့ သမီးကသွေးကင်ဆာ ဒါမှမဟုတ် တခြားကုမရတဲ့‌ ရောဂါဖြစ်နေရင် သူက ၀မ်ချန်ကျစ်ရဲ့ ဝိညာဉ်ကို အိမ်မက်ဖန်ဆင်းသူ ယူသွားမှာကို ကြည့်နေရုံပဲ တတ်နိုင်တယ်…

အဲ့တော့ သူ ဒီဟာကွက်ကို ဘယ်လိုအသုံးချရမလဲ…

ကျီရွှမ်က ပြုံးကာ မေးလိုက်သည်။

"ကြည့်ရတာ ကောကော ဟာကွက်ကို ရှာတွေ့ပြီနဲ့ တူတယ်…ကျွန်တော် ကောကောရဲ့ခွန်အားကို ယုံတယ်…"

ဒီလူက သက်သေပေးဖို့အတွက် ဂွတ်နိုက်အနမ်းတောင်းခဲ့တဲ့သူ မဟုတ်သလိုပဲ…

ယဲ့ကျား :"..."

သူက ကျီရွှမ်ကို ဂရုစိုက်ရန် အလွန်ပျင်းရိနေပြီဖြစ်သည်။

ယဲ့ကျားက မျက်လုံးကို အောက်စိုက်ကာ ပြောလိုက်သည်။

"ငါ့မှာ အကြံတစ်ခုရှိတယ်…ငါ မင်းရဲ့အကူအညီကို လိုတယ်…"

ကျီရွှမ်ကသဘောတူလိုက်သည်။

"ရတာပေါ့…"

ထို့နောက် လက်ကို မြှောက်လိုက်ကာ သွယ်လျသော လက်ချောင်းထိပ်ဖြင့် နှုတ်ခမ်းကို ထိလိုက်ပြီး မဟူရာမျက်လုံးထဲ၌ အပြုံးတစ်ခု ပေါ်လာလေသည်။

"ဒါဆို ကောကော စာချုပ်ချုပ်ချင်လား…"

.........

DMကုမ္ပဏီ၏အပေါ်ဆုံးထပ်၌ စက်ဝိုင်းသဏ္ဍာန်ရုံးခန်းတစ်ခုက လေထဲတွင် ရှိနေလေသည်။ မှန်ပြတင်းပေါက်များက အလွန်ကြည်လင်ပြီး ကောင်းကင်ကို လက်နှင့် ထိနေသကဲ့သို့ပင် ဖြစ်သည်။

အိမ်မက်ဖန်ဆင်းသူက သားရေထိုင်ခုံပေါ်တွင် ထိုင်နေပြီး လက်ဖဝါးအရွယ်ခန့်ရှိသည့် ဖန်ပုလင်းတစ်လုံးကို ကိုင်ထားလေသည်။

သူက ပုလင်းအဖုံးကို ဖြည်းညှင်းစွာ လှည့်ဖွင့်လိုက်သည်။

ထို့နောက် ပါးစပ်ကို ထိတ်လန့်စရာကောင်းသည့် အတိုင်းအတာထိ ဟလိုက်ပြီး နီရဲပြီး ရှည်လျားသော လျှာက ပါးစပ်ထဲမှ ထွက်ကျလာလေသည်။ စေးကပ်သော ချွဲသလိပ်များက လျှာပေါ်မှ တစ်စက်စက် ကျနေလေသည်။ လျှာက ပုလင်းထဲမှ ၀င်သွားပြီး ကြည်လင်သော အရည်များကို လျှက်လိုက်လေသည်။

အိမ်မက်ဖန်ဆင်းသူက မျက်လုံးများကို မှေးစင်းထားပြီး ယစ်မြူးနေလေသည်။

စိတ်ပျက်အားငယ်နေတဲ့ လူသားဝိညာဉ်က ကမ္ဘာပေါ်မှာ အရသာအရှိဆုံးအစာပဲ…

သူ့၏ အလျှံအပယ်ဖြစ်နေသော အစာများကို တွေးမိသွားပြီး အိမ်မက်ဖန်ဆင်းသူက နက်ရှိုင်းစွာ ပြုံးလိုက်သည်။

ထိုအခိုက်အတန့်တွင် သူ့နောက်က ပြတင်းပေါက်ဆီမှ ပြတင်းပေါက်ခေါက်သံကို ကြားလိုက်ရလေသည်။

အိမ်မက်ဖန်ဆင်းသူက ထိတ်လန့်သွားသည်။

ခဏနေပါဦး…ဒါက အပေါ်ဆုံးထပ်လေ…

အိမ်မက်ဖန်ဆင်းသူက မျက်မှောင်ကြုတ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်သည်။

လူငယ်လေးတစ်ယောက်က ပြတင်းပေါက်အပြင်တွင် ရပ်နေပြီး လေများက အ၀တ်အစားထဲသို့ တိုး၀င်နေလေသည်။ နေမင်းကြီးက သူ့နောက်တွင် ‌‌တောက်ပနေပြီး သူ့၏ပုံရိပ်က ရွှေရောင်‌တောက်နေလေသည်။ သူက အိမ်နီးချင်း၏ အိမ်တံခါးကို ခေါက်နေသကဲ့သို့ ပြတင်းပေါက်မှန်ကို ခေါက်နေလေသည်။

"မင်္ဂလာ မနက်ခင်းပါ…"

နောက်တစ်ခဏတွင် ကြီးမားသော တံစဉ်းတစ်လက်က လေထဲတွင် ပေါ်လာပြီး ချွန်ထက်လှသော တံစဉ်းသွားက လေထဲမှ မမြင်ရသည့် အကာအကွယ်များကို စက္ကူသဖွယ် ဖြတ်‌တောက်လိုက်ပြီး ပြတင်းပေါက်မှန်ပေါ်ရောက်လာလေသည်။

"ခွပ်- - -"

မှန်ကွဲအက်သံက ထွက်ပေါ်လာပြီး ပင့်ကူမျှင်သဖွယ် အက်ကွဲကြောင်းများက ပြတင်းပေါက်တစ်လျှောက် ပျံ့နှံ့သွားလေသည်။

အိမ်မက်ဖန်ဆင်းသူ၏ မျက်လုံးများက ပြူးကျယ်သွားပြီး ချွန်ထက်သည့် တံစဉ်းသွား၏ပုံရိပ်က သူ့သူငယ်အိမ်ထဲတွင် ထင်ဟပ်နေလေသည်။ ထို့အခိုက်အတန့်တွင် ထိတ်လန့်မှုများက ခြေဖဝါးမှစ၍ ပျံ့နှံ့လာလေသည်။ သူ အချိန်အ‌တော်ကြာမေ့နေသော မှတ်ဉာဏ်များကလည်း သတိပေးခြင်းမရှိ ပြန်ပေါ်လာလေသည်။

သူက အလိုအလျောက် နောက်ပြန်ဆုတ်မိသွားလေသည်။

အိမ်မက်ဖန်ဆင်းသူ နောက်ဆုတ်လိုက်သည့် အခိုက်အတန့်တွင် ထူထဲသည့် မှန်ချပ်ကြီးက တစ်စစီ ကွဲကြေသွားပြီး အပြင်ဘက်မှ ပြင်းထန်သော လေများက ရုံးခန်းထဲသို့ တဟုန်ထိုး တိုး၀င်လာလေသည်။ အပြင်ဘက်မှ တံစဉ်းသွားကလည်း မှန်ကို ဖြတ်၍ အထဲသို့ရောက်လာလေသည်။

အိမ်မက်ဖန်ဆင်းသူထိုင်နေ‌‌သောသားရေထိုင်ခုံက အပေါ်အောက် နှစ်ပိုင်းပြတ်သွားပြီး ကြမ်းပြင်ပေါ်သို့ ဒုန်းခနဲ လဲကျသွားလေသည်။ ထိုင်ခုံအောက်မှ ကော်‌ဇောထူကြီးကလည်း ဆုတ်ပြဲသွားပြီး အောက်မှ စကျင်ကြမ်းပြင်က ကွဲအက်သွားလေသည်။

ထိုင်ခုံနောက်မှ စားပွဲကလည်း ဖြတ်တောက်ခံရပြီး ကွန်ပျူတာက ကွဲအက်သွားကာ လျှပ်စစ်မီးမွှားများ ထွက်လာလေသည်။