အပိုင်း ၉၈
Viewers 10k

Chapter 98


ယဲ့ကျားက တံစဉ်းကို ပြန်သိမ်းလိုက်ပြီး မှန်ကွဲစများနှင့် ပြည့်နှက်နေသော ကြမ်းပြင်ပေါ် လျှောက်လာကာ မှန်စများက တိုက်ခတ်နေသော လေပြင်းကြောင့် မျက်စိတစ်မှိတ်အတွင်း သဲလွန်စပင်မကျန် ပျောက်ကွယ်သွားကြလေသည်။

ယဲ့ကျားက ပြုံးကာ ပြောလိုက်သည်။

"‌ဆောရီး…ဒီတစ်ကြိမ်တော့ ချိန်းပြီးလာတာမဟုတ်ဘူး…"

အိမ်မက်ဖန်ဆင်းသူက ထိတ်လန့်မှုမှ လွတ်မြောက်လာပြီဖြစ်ပြီး ယဲ့ကျားနှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်လိုက်ကာ သူ့မျက်နှာက အုပ်မှိုင်းနေပြီး သူ့၏ပြန်မထည့်ရသေးသော နီရဲရှည်လျားသည့် လျှာကြီးမှ နံ့ဟော်စေးကပ်သော အရည်များက တစ်စက်စက် ကျနေလေသည်။

"အေ့စ်…"

သူ့အသံက ဗလုံးဗထွေးဖြစ်နေပြီး အသံထဲတွင် ရက်စက်မှုအရိပ်အယောင်များ ရှိနေလေသည်။

အိမ်မက်ဖန်ဆင်းသူက သူ့၏ ရှုပ်တွန့်နေသော၀တ်စုံကို သပ်ရပ်အောင် လုပ်လိုက်ပြီး သူ့၏ မျက်လုံးနက်များဖြင့် သူ့ရှေ့မှ လူငယ်ကို စိုက်ကြည့်လိုက်သည်။

"ဘာလဲ…မင်းရဲ့ စိတ်ရင်းအမှန် ထွက်ပေါ်လာပြီလား…"

အိမ်မက်ဖန်ဆင်းသူက မျက်လုံးကို မှေးစင်းထားကာ မျက်နှာပေါ်တွင် တည်ငြိမ်နူးညံ့မှုများက တစ်ဖန် ပြန်ရောက်လာသော်လည်း ထိုမျက်နှာအောက်တွင် အမုန်းတရားများရှိနေလေသည်။

"ကြည့်ရတာ မင်းက သနားစရာလူတွေကို လျစ်လျူရှုထားဖို့ ဆုံးဖြတ်လိုက်ပြီလား…အပြစ်မဲ့တဲ့ လူတွေကို မင်းလက်နဲ့ သွေးစွန်းစေဖို့ ဆုံးဖြတ်လိုက်ပြီလား…ဂုဏ်ယူပါတယ်…မင်း နောက်ဆုံးတော့ ဒီကမ္ဘာပေါ်မှာ ရှင်သန်နိုင်မဲ့ နည်းလမ်းကို တွေ့သွားပြီပဲ…"

ထို့နောက် သူက လက်ကို မြှောက်လိုက်ပြီး ယဲ့ကျားအတွက် နှလုံးသားထဲမှ အမှန်တကယ် ပျော်ရွှင်နေသကဲ့သို့ လက်ခုပ်တီးပေးလိုက်လေသည်။

ယဲ့ကျားက တစ်ဖက်လူထံ ဖြည်းညှင်းစွာ လျှောက်သွားပြီး ပြောလိုက်သည်။

"မင်းက ဒီလိုပြောတယ်ဆိုတော့ မင်းက ငါနဲ့တကယ် ထပ်တိုက်ချင်နေပုံပဲ…"

သူက နှုတ်ခမ်းကို ကွေးညွှတ်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးပြလိုက်လေသည်။

"ငါက ဒါကို တကယ်ရှားရှားပါးပါး မြင်ဖူးတာပဲ…တစ္ဆေတစ်ကောင်က အရေးမပါတဲ့ လူသားတစ်ယောက်ကို ရှုံးဖို့ တကယ်ဆန္ဒရှိနေတာပဲ.."

အိမ်မက်ဖန်ဆင်းသူ၏ မျက်နှာက အုပ်မှိုင်းလာလေသည်။ လည်ပင်းမှ ဒဏ်ရာက တစ်ဖန် နာကျင်လာဟန်ပေါ်၏။

ယဲ့ကျား၏ မျက်နှာက မပြောင်းလဲပေ။

အိမ်မက်ဖန်ဆင်းသူက ယဲ့ကျား သူ့ကို လာမထိဖို့ ထောင်နဲ့ချီတဲ့ လူသားတွေနဲ့ သူ့ကိုယ်သူ ချည်နှောင်ထားခဲ့တယ်…ပြီးတော့ အားနည်းချက်ကို တမင်ပြခဲ့ပြီး ကျီရွှမ်ကို မနာလိုကြောင်း ပြောပြခဲ့တယ်…ကျီရွှမ်က အမေ့ရဲ့တိုက်ရိုက်ဆင်းသက်သူဖြစ်တာကြောင့် ဒဏ်ရာတွေက မြန်မြန်သက်သာပြီး သူကတော့ ယဲ့ကျားကြောင့် ရထားတဲ့ဒဏ်ရာ အခုထိ မပျောက်‌သေးကြောင်း ပြောပြခဲ့တယ်…အဲ့ဒါမှ ယဲ့ကျားနဲ့ ထိပ်တိုက်ရင်ဆိုင်ရတာကို ရှောင်နိုင်မှာကို…

တကယ်‌တော့ ယဲ့ကျားက အိမ်မက်ဖန်ဆင်းသူနဲ့ တွေ့တုန်းက တစ်ဖက်လူကို စမ်းကြည့်ခဲ့ပြီး အိမ်မက်ဖန်ဆင်းသူရဲ့ တုံ့ပြန်မှုက သူ့အတွေးကို အတည်ပြုပေးခဲ့တယ်…

အဲ့ဒါကြောင့် အိမ်မက်ဖန်ဆင်းသူက သူ့နေရာကို တခြားတစ္ဆေတွေ မ၀င်အောင် ကာကွယ်ထားခဲ့တာ…အဲ့ဒါကြောင့် သူက ကျီရွှမ်ကို မြင်တော့ အရမ်းကြောက်သွားခဲ့တယ်…

အိမ်မက်ဖန်ဆင်းသူက ယဲ့ကျားကို ရက်စက်စွာ စိုက်ကြည့်နေလေသည်။

အချိန်အတော်ကြာပြီးနောက် သူက သုန်မှုန်စွာ ပြုံးပြလိုက်သည်။

"ငါ မင်းဘာလုပ်ချင်လဲသိတယ်…"

အိမ်မက်ဖန်ဆင်းသူက အ၀တ်အစားများပေါ်မှ မှန်စများကို ခါလိုက်ပြီး ပြောလိုက်သည်။

"ငါက တစ်ကြိမ်ကျရှုံးသွားပြီးတော့ ပိုမပြင်ဆင်ထားဘူးလို့ ထင်လို့လား…"

သူ့အသံ ဆုံးသွားပြီးနောက် ဝေ့ရွှယ်ချူး၊ ချန်ချင်းယဲ့နှင့် ဘလပ်စ်၏ မျက်နှာများက ပရိုဂျက်တာပေါ်တွင် ပေါ်လာလေသည်။ သူတို့၏ နောက်ခံမြင်ကွင်းက ဤအဆောက်အအုံဖြစ်ပြီး သူတို့အားလုံးကို တစ္ဆေအုပ်စုက ဝိုင်းရံထားလေသည်။ မီး‌တောက်များနှင့်မီးပွားများက နေရာကျဉ်းကျဉ်းလေးတွင် တောက်ပနေပြီး တစ္ဆေများ၏ အော်ဟစ်ဟိန်းဟောက်သံများက အင်းစက်များ၏ တဝီဝီမြည်သံနှင့်ရော‌ယှက်နေလေသည်။ ထိုအသံများက ရုံးခန်းထဲတွင် ထိတ်လန့်စရာကောင်းနေလေသည်။

အိမ်မက်ဖန်ဆင်းသူ၏မျက်နှာပေါ်တွင် မောက်မာမှုနှင့် အထင်သေးမှု အရိပ်အယောင် ရှိနေလေသည်။

"မင်းက ငါ့အာရုံကို လာဆွဲဆောင်ပြီး မင်းအဖွဲ့သားတွေက စာချုပ်ကို ခိုးမှာလေ…မင်း အရင်က ဒီလိုလှည့်ကွက် မလုပ်ဖူးဘူးလို့ ထင်လို့လား…"

‌အိမ်မက်ဖန်ဆင်းသူ၏ မျက်နှာတွင် သက်တောင့်သက်သာရှိသော အပြုံးတစ်ခု ပေါ်လာလေသည်။

"အဲ့ဒါတွေကို သိမ်းထားရင် ဘာအကျိုးရှိမှာမို့လို့‌လဲ…ပြီး‌တော့ ငါက အဲ့ဒါတွေကို ဒီအဆောက်အအုံထဲ ထားမယ်ထင်လို့လား…"

ယဲ့ကျားက မျက်လုံးကို မှေးစင်းကာ တစ်ဖက်လူကို စိုက်ကြည့်နေပြီး ဘာမှမပြောပေ။

အိမ်မက်ဖန်ဆင်းသူ:"ဒါပေမဲ့ မင်း ဒီတစ်ခေါက်တော့ အရင်တစ်‌ခေါက်ကလို လွယ်လွယ်ထွက်သွားလို့ မရတော့ဘူး…"

သူက ကြမ်းတမ်းစွာ ရယ်မောလိုက်ကာ ပါးစပ်ထောင့်တွင် အနီရောင် အပေါက်များပေါ်လာပြီး နီရဲရှည်လျားသော လျှာများစွာ ထွက်လာလေသည်။ ထိုလျှာများမှ စီးကပ်သော အရည်များ တစ်စက်စက်ကျနေပြီး ထိုအရည်များက ကြမ်းပြင်ပေါ်သို့ ရောက်သောအခါ ရှဲခနဲ မြည်သံနှင့်အတူ ကြမ်းပြင်ကို တိုက်စားသွားလေသည်။ သူ့၏ လည်ချောင်းထဲမှ ကြောက်စရာကောင်းသော အသံထွက်ပေါ်လာလေသည်။

"အခု မင်းရဲ့မိတ်ဆွေတွေက စာချုပ်ကို မယူနိုင်ဘူး…မင်း ငါနဲ့ စာချုပ်ချုပ်ချင်လား…"

အိမ်မက်ဖန်ဆင်းသူ၏ မျက်နှာက ဖ‌ယောင်းကဲ့သို့ တွန့်လိမ်လာပြီး မောက်မာသည့် ရယ်သံနှင့် လျှာများကလည်းထိတ်လန့်စရာကောင်းစွာ လှုပ်ရှားနေလေသည်။

"စိတ်မပူပါနဲ့…မင်းရဲ့ဝိညာဉ်က ငါ့စားပွဲပေါ်က အရသာအရှိဆုံးအစာ ဖြစ်လာလိမ့်မယ်…ငါက မင်းရဲ့ဝိညာဉ်နဲ့ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်းစီ စားမှာပါ…ဟား…ဟား…"

ထို့နောက် နီရဲရှည်လျားသော လျှာကြီးက ယဲ့ကျားထံသို့ ချွန်ထက်သည့် ဓားသွားသဖွယ် တဟုန်ထိုး တိုးလာလေသည်။

ယဲ့ကျားက တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

သူ့၏လှုပ်ရှားမှုများက မြန်ဆန်ပြီး တစ်ဖက်လူ၏ တိုက်ခိုက်မှုများကို အရိပ်သဖွယ် ရှောင်တိမ်းနေသောကြောင့် အချိန်အ‌‌တော်ကြာသည့်အထိ ထိခိုက်မှု မရှိချေ။

အိမ်မက်ဖန်ဆင်းသူက စိတ်မရှည်တော့ပေ။

သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ဆန့်ထွက်ဖောင်းကားလာပြီး အေးစက်မည်းမှောင်သည့် တ‌စ္ဆေလေများက ပျံ့နှံ့လာကာ မီးခိုးရောင်မြူခိုးများက လေထဲ၌ သိပ်သည်းလာကာ အသက်ရှိနေသကဲ့သို့ လူးလွန့်နေလေသည်။ ကြမ်းပြင်နှင့် နံရံများက ၎င်းတို့ကြောင့် တိုက်စားခံနေရလေသည်။ စေးကပ်ချွဲပျစ်သော အရည်များက နေရာအနှံ့စီးဆင်းသွားပြီး ယဲ့ကျားထံသို့ မြွေသဖွယ် ဦးတည်သွားနေလေသည်။

ထိုအခိုက်အတန့်တွင် ယဲ့ကျားက ရုတ်တရက် ပြောလိုက်သည်။

"မင်းပြောတာမှန်တယ်…"

တစ်ဖက်လူ ဆိုလိုချင်သည့် အဓိပ္ပာယ်ကို နားမလည်သောကြောင့် အိမ်မက်ဖန်ဆင်းသူ၏ လှုပ်ရှားမှုများက ရပ်တန့်သွားလေသည်။

သူ့ရှေ့မှ လူငယ်လေးပြောသည်ကို နားထောင်နေ၏။

"ငါက တကယ် မင်းအာရုံကို ဆွဲဆောင်နေတာ…"

ဘာလို့လဲမသိ…သူ့နှလုံးသားက မရေရာပြီး ထူးဆန်းသလို ခံစားနေရတယ်…

"ဒါလေ..."

ယဲ့ကျားက ခဏလောက်ရပ်တန့်သွားပြီး တစ္ဆေများကို သတ်ဖြတ်နေသည့် လူသုံးယောက်ကို ပြနေသော ပရိုဂျက်တာကို ညွှန်ပြလိုက်သည်။

"သူတို့ရောပဲ…"

ဒါ…

ဒါက ဘာကိုဆိုလိုတာလဲ…

အိမ်မက်ဖန်ဆင်းသူ၏ သူငယ်အိမ်များ ရုတ်တရက် နစ်၀င်သွားလေသည်။

ထိုအခိုက်အတန့်တွင် ယဲ့ကျား၏ အိတ်ကပ်ထဲမှ ဖုန်းက အသံမြည်လာပြီး ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းစခရင်ကို တစ်ချက်ကြည့်‌လိုက်လေသည်။ ထို့နောက် သူက နက်ရှိုင်းစွာ ပြုံးလိုက်သည်။

"နည်းလမ်းဟောင်းက ပိုပြီး အလုပ်ဖြစ်တာပေါ့…ဟုတ်တယ်မလား…"

နောက်တစ်ခဏတွင် အိမ်မက်ဖန်ဆင်းသူ၏ မျက်နှာက ပြောင်းလဲသွားလေသည်။

သူက တစ်ခုခုကို သတိပြုမိသွားပုံရသည်။

သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများက လျင်မြန်စွာ ပျောက်ကွယ်နေကာ အ‌ဆောင်အဖြစ် အသုံးပြုခဲ့သော စာချုပ်များကလည်း တစ်ခုပြီးတစ်ခု ပျောက်ကွယ်နေလေသည်။

ယဲ့ကျားက ပြုံးကာ ပြောလိုက်သည်။

"အခု ငါ ထိန်းချုပ်နေစရာ မလိုတော့ဘူး…"

နောက်တစ်ခဏတွင် သူ့လက်ထဲတွင် တံစဉ်းတစ်လက်ပေါ်လာပြီး ချွန်ထက်သော တံစဉ်းသွားက လေကို ဖြတ်ကာ လျှာများစွာကို ဖြတ်ပစ်လိုက်သည်။ ကြမ်းတမ်းပြီး ရုပ်ဆိုးသောလျှာများမှ အနက်ရောင်နှင့် အနီရောင်သွေးများ ပန်းထွက်လာကာ ကြမ်းပြင်ထဲသို့ စိမ့်၀င်သွားလေသည်။ အချို့က နံရံပေါ်သို့ စင်သွားကြပြီး ကြောက်စရာကောင်းသော စိတ္တဇပန်းချီနှင့်ပင် တူလေသည်။.

"အားးးးးး"

ပြင်းထန်သော အော်သံများက ထိပ်ဆုံးအလွှာတွင် ပဲ့တင်ထပ်သွားပြီး တိုက်ခတ်နေသောလေနှင့်အတူ ကောင်းကင်ယံသို့ ရောက်ရှိသွားလေသည်။

"မင်း…မင်း ဘာလုပ်လိုက်တာလဲ…"

အိမ်မက်ဖန်ဆင်းသူ၏ အမူအရာက တွန့်ရှုံ့နေပြီး ယဲ့ကျားက သူ့ဆီ ခြေတစ်လှမ်းဆီ လျှောက်လာခိုက် စူးရှအက်ရှသော အသံဖြင့် အော်လိုက်လေသည်။ ယဲ့ကျား၏ တံစဉ်းသွားမှ သွေးများပေကျံနေပြီး ၎င်းတို့ ကြမ်းပြင်ပေါ်သို့ မကျမီ တံစဉ်းသွားက စုပ်ယူလိုက်လေသည်။ သူက သန့်ရှင်းသော လရောင်နှင့်တူပြီး တောက်ပသည့်အလင်းရောင်က လူများကို ဖြတ်တောက်မည့်ဟန်ဖြစ်နေလေသည်။

အိမ်မက်ဖန်ဆင်းသူ၏ ကျန်ရှိနေသော လျှာတစ်ခုက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ယဲ့ကျားက နီးကပ်လာသည်နှင့်အမျှ သူက အလိုအလျောက် တစ်ခုခုကို ကြောက်ရွံ့စွာ နောက်ဆုတ်သွားလေသည်။

သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့တုန်းကနဲ့စာရင် ယဲ့ကျားရဲ့ ခွန်အားက ထပ်တိုးလာတာပဲ…သူက ဒဏ်ရာရနေသေးပေမဲ့ ယဲ့ကျားက တစ္ဆေတွေကို ဘယ်လောက်စားခဲ့လဲ မသိဘူး…အခုအပေးအယူလုပ်ဖို့ တိုကင်ပြားကို ထပ်ဆုံးရှုံးရပြန်ပြီ…သူက သူ့အားသာချက်ကို လုံး၀ဆုံးရှုံးသွားပြီ…

သူ ဒီအခြေအနေကို ကြောက်တယ်…

ယဲ့ကျားက မျက်လုံးကို အောက်စိုက်ကာ သူ့ရှေ့မှ တစ္ဆေကို အထင်သေးစွာ ကြည့်လိုက်ပြီးပေါ့ပါးစွာ ပြောလိုက်သည်။

"မင်း သာမာန်လူသားတွေနဲ့ ချုပ်ထားတဲ့ စာချုပ်က စာချုပ်တစ်ခုဖြစ်နေတုန်းပဲ…စာချုပ်ဆိုကတည်းက မင်းက စည်းမျဉ်းတွေကို လိုက်နာရမှာပဲ…လျှောက်ထားသူက မင်းကို တန်ကြေးပေးလိမ့်မယ်…မင်းက သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမယ်…ပြီးတော့အလုပ်သမားစာချုပ်ပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှုစာချုပ်ပဲဖြစ်ဖြစ် မင်းတို့ရဲ့ဆက်ဆံရေးက ငွေနဲ့ချည်နှောင်ထားတာ…"

အိမ်မက်ဖန်ဆင်းသူက တစ်ခုခုကို သဘောပေါက်သွားပြီး သူ့၏အမူအရာက ရုတ်တရက် အေးခဲသွားလေသည်။

ဒါကြောင့် အေ့စ်က သူ့အခန်းထဲ ၀င်၀င်လာချင်း ကွန်ပျူတာကို ဖျက်ဆီးခဲ့တာလား…

ဘာလို့ဆို သူက စာချုပ်တွေကို မဖျက်ဆီးနိုင်ဘူးလေ…အဲ့ဒါကြောင့် သူ့ကုမ္ပဏီကို…

ယဲ့ကျားက ပြုံးကာ ပြောလိုက်သည်။

"မင်း ရင်းနှီးမြှုပ်နှံရတာကို ကြိုက်တာလား…ဒီလိုဆို ငါ မင်းကို လူတိုင်းသိတဲ့ ဗဟုသုတတစ်ခုကို ပြောပြမယ်…ရင်းနှီးမြှုပ်နှံခြင်းဆိုတာ လူသားတွေကို စားတဲ့ သားရဲကောင်ကြီးပဲ…လူတွေက တစ်ခါတစ်လေမှာတော့ အလှည့်အပြောင်းတွေဖြစ်ပြီး သူ့ကို ပြန်စားကြတာလည်း ရှိတာပေါ့…"

ကျန်သုံးယောက်က အပေါ်ဆုံးထပ်သို့ ရောက်သည့်အခါ အားလုံးအဆင်ပြေနေပြီဖြစ်သည်။

မျက်နှာကျက်မှ ကြမ်းပြင်အထိ ရှည်လျားကြီးမားသော ပြတင်းပေါက်များက ကွဲသွားပြီး ရုံးခန်းထဲသို့ အပြင်ဘက်မှ လေများ တိုး၀င်နေလေသည်။ ကြမ်းပြင်နှင့် နံရံပေါ်တွင် စေးကပ်သော အနက်ရောင်သွေးများက နေရာအနှံ့ ပေကျံစွန်းထင်းနေပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ခဲ့သည်နှင့်တူပြီး အလွန်ကြောက်စရာကောင်းနေလေသည်။

ကြမ်းပြင်ပေါ်တွင် အပိုင်းပိုင်းဖြတ်တောက်ခံထားရသော လျှာများက ပြန့်ကြဲနေပြီး ဆတ်ခနဲဆတ်ခနဲ လှုပ်ရှားနေဆဲဖြစ်သည်။ ရုပ်ဆိုးသော အသားအပိုင်းအစများက အပျက်အစီးများကြားတွင် ဆန့်ငင်ဆန့်ငင် လှုပ်နေဆဲဖြစ်၏။

နှစ်ပိုင်းပြတ်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျနေသော စားပွဲတစ်ပိုင်းတွင် လူငယ်လေးတစ်ယောက်ထိုင်နေကာ လက်တစ်ဖက်ကတံစဉ်းတစ်လက်ကို ကိုင်ထားပြီး လက်တစ်ဖက်က အိမ်မက်ဖန်ဆင်းသူ၏ဆံပင်ကိုကိုင်ထားလေသည်။ ပြန်မကောင်းမွန်သေးသည့် လည်ပင်းက ဟနေပြီး ခေါင်းနှင့် ခန္ဓာကိုယ်ကို ချိတ်ဆက်ပေးထားသည့်မှာအတွင်းရှိ အသားသာဖြစ်လေသည်။ အိမ်မက်ဖန်ဆင်းသူ၏ ခြေလက်များက ဖြတ်တောက်ခံထားရပြီး အိမ်မက်ဖန်ဆင်းသူက ယခုအချိန်တွင် အပြင်းအထန် တုန်ရီနေလေသည်။

အိမ်မက်ဖန်ဆင်းသူ၏ ပါးစပ်ထဲတွင် လျှာတစ်ခုသာ ကျန်တော့ပြီး စကားပြောနိုင်ရုံလေးသာ ရှိတော့လေသည်။

လျှာပြတ်နေသော ပါးစပ်ထဲမှ အနက်ရောင်သွေးများထွက်နေပြီး ၎င်းတို့က ကြမ်းပြင်ပေါ်သို့ ကျသွားကာ တရှဲရှဲမြည်သံနှင့်အတူ ကြမ်းပြင်ကို တိုက်စားသွားလေသည်။

အေ့စ်က အိမ်မက်ဖန်ဆင်းသူ၏ခေါင်းကိုလှုပ်ကာ ဖြည်းညှင်းစွာ မေးလိုက်သည်။

"မင်း မပြောဘူးလား…"

"..."

ဝေ့ရွှယ်ချူး၊ ချန်ချင်းယဲ့နှင့် ဘလပ်စ်တို့ တိတ်ဆိတ်နေကြလေသည်။ သူတို့က တံခါး၀တွင် ရပ်နေပြီး ဝင်သွားရနိုးနိုး ပြန်ဆုတ်ရနိုးနိုးဖြစ်နေလေသည်။

သူတို့နှစ်ယောက်ထဲမှာ ဗီလိန်က ဘယ်သူလဲ…

ဘလပ်စ်က ကူရာမဲ့စွာ မေးလိုက်သည်။

"ဒါနဲ့ မင်းက ဘာ‌မေးနေတာလဲ…"

ယဲ့ကျားက ခေါင်းမော့ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဘာရယ်မဟုတ်ပါဘူး…သူရဲ့ဘဏ္ဍာတိုက်က ဘယ်မှာလဲ သိချင်လို့…"

ဘလပ်စ် :"..."

မင်းက တကယ် လူကောင်း မဟုတ်ဘူး…

နောက်ဆုံးတွင် အိမ်မက်ဖန်ဆင်းသူက နေရာများကို ပြောပြလိုက်ရလေသည်။

ယဲ့ကျားက ပြုံးကာ ပြောလိုက်သည်။

"အိုကေ…"

ထို့နောက် အခြားလူများဘက် လှည့်ကာ မေးလိုက်သည်။

"မင်းတို့မှာ ပလတ်စတစ်အိတ်ရှိလား…"

ကျန်သုံးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြန်ဖြေလိုက်သည်။

"မရှိဘူး…"

"ဒါဆို ငါ့ဘာသာပဲ လုပ်တော့မယ်…"

ယဲ့ကျားက ပခုံးတွန့်လိုက်ပြီး လက်ထဲမှ တံစဉ်းဖြင့် ကော်ဇောကို လေးထောင့်ကွက်လေး ဖြတ်လိုက်သည်။ ထို့နောက် အိမ်မက်ဖန်ဆင်းသူ၏ ခေါင်းကို လက်ဗလာနှင့် ဆွဲဖြုတ်လိုက်ပြီး ခေါင်းကို ကော်ဇောကို ဖြင့် ထုပ်လိုက်ကာ အထုပ်ကို ကိုင်၍ မတ်တပ်ရပ်လိုက်သည်။

"အတူတူ သွားမှာမလား…"

ကျန်‌သုံးယောက် :"...''

သေချာပါတယ်…မင်းက တကယ့်ကို ကြောက်စရာပဲ…

နာရီ၀က်ခန့် တက္ကစီစီး ပြီးနောက် သူတို့ သွားချင်သောနေရာသို့ ရောက်ရှိလာကြလေသည်။

ယာဉ်မောင်း၏ ထိတ်လန့်နေသော မျက်လုံးများကြောင့် ချန်ချင်းယဲ့က ကုန်ကျငွေနှစ်ဆ ပေးခဲ့လေသည်။‌

ဤနေရာက ပုဂ္ဂလိကဘဏ်ဖြစ်ပြီး အိမ်မက်ဖန်ဆင်းသူ၏ ဘဏ္ဍာတိုက်တစ်ခုလည်းဖြစ်သည်။

ဧည့်ကြို၀န်ထမ်းအမျိုးသမီးက ဖြူဖျော့သော မျက်နှာ၊ တောင့်တင်းသောခြေလှမ်းများ ရှိနေသော်လည်း ယဉ်ကျေးသော အပြုအမူကို ထိန်းသိမ်းထားဆဲဖြစ်ကာ သူတို့ကို မီးခံသေတ္တာနံပါတ် ၃၆၂သို့ ခေါ်သွားလေသည်။ ထို့နောက် လျှို့ဝှက်‌နံပါတ်ဖြင့် သံမဏိတံခါးကို ဖွင့်ပေးပြီးနောက် လျင်မြန်စွာ ပြန်ထွက်သွားလေသည်။

သူတို့ရှေ့တွင် အဆင့်မြင့် နည်းပညာနှင့် ကြီးမားသော မီးခံသေတ္တာတစ်လုံးရှိသည်။ အထဲတွင် စင်တန်းများရှိပြီး လက်ဖဝါးအရွယ်ခန့်ရှိသော ဖန်ပုလင်းများစီထားလေသည်။ ပုလင်းတစ်လုံးချင်းစီတွင် ဖောက်ထွင်းမြင်နိုင်‌သော အရည်များရှိပြီး ၎င်းတို့၏အရောင်က အနက်ရောင်သို့မဟုတ် အဖြူရောင်များ ဖြစ်ကြလေသည်။

အားလုံးက ကူရာမဲ့စွာ အသက်အောင့်မိသွားကြလေသည်။

ဒါတွေ အားလုံးက ခံရသူတွေရဲ့ ဝိညာဉ်တွေပဲ…

ပုလင်းတစ်ပုလင်းတိုင်းမှာအသက်တစ်ချောင်းရှိနေတယ်…

ယဲ့ကျားက သူ့နောက်မှ လူသုံးယောက်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"မင်းတို့အခု ခေါင်းဆောင်တွေဆီကို ဆက်သွယ်သင့်တယ်…"

သုံးယောက်သား ခေါင်းငြိမ့်လိုက်ကြပြီး ထွက်သွားကြလေသည်။

သူတို့က သေခြင်းရှင်ခြင်းကို မြင်ဖူးကြသော်လည်း ဤနေရာတွင် ကြာကြာမနေလိုကြပေ။

ယဲ့ကျားတစ်ယောက်သာ မီးခံသေတ္တာထဲ၌ ကျန်ခဲ့လေသည်။

သူက အနက်ရောင်သွေးများ တစ်စက်စက်ကျ‌နေသည့် ကော်ဇောကို ကိုင်ထားပြီး ကော်ရစ်တာတစ်လျှောက် ဖြည်းညှင်းစွာလျှောက်သွားကာ လူသားဝိညာဉ်ထည့်ထားသည့် ပုလင်းများကို တင်ထားသော စင်တန်းများကို တစ်တန်းပြီး တစ်တန်း ဖြတ်လျှောက်နေလေသည်။

အဆုံးထိ သူ လျှောက်သွားပြီး မမျှော်လင့်စွာနှင့် စင်တန်းကြားတွင် နေရာလွတ်ရှိနေလေသည်။

ထိုနေရာလွတ်၌ တစ်ခုခုရှိခဲ့ပုံရပြီး ယခု မရှိတော့သောကြောင့် နေရာလွတ်အဖြစ်ကျန်ခဲ့ခြင်းဖြစ်သည်။

ယဲ့ကျားက ထိုနေရာကို ကြည့်လိုက်သည်။

အဲ့ဒီမှာ ဘာပဲထားထား ထားထား ယူသွားတာဖြစ်မယ်…

ယဲ့ကျားက အိမ်မက်ဖန်ဆင်းသူ၏ ခေါင်းကို ထုပ်ထားသည့် ကော်ဇောကို ဆွဲဖယ်လိုက်ကာ တစ်ဖက်လူ၏ ဆံပင်ကို ဆွဲ၍ ခေါင်းကို မြှောက်လိုက်ပြီး အနက်ရောင်သွေးများဖြင့် ကြောက်စရာကောင်းနေသော မျက်နှာကို ကြည့်လိုက်သည်။

"ဒီမှာ ဘာရှိခဲ့တာလဲ…"

အိမ်မက်ဖန်ဆင်းသူက ယဲ့ကျားကို ခါးသီးစွာ ကြည့်လိုက်ပြီး ပြန်မဖြေပေ။

ယဲ့ကျားက မျက်လုံးကို မှေးစင်းလိုက်ပြီး ဖြည်းညှင်းစွာ မေးလိုက်သည်

"ဒီဟာက အမေ မင်းကို ပေးထားတဲ့ တာ၀န်နဲ့ပတ်သက်နေတာလား…"

အိမ်မက်ဖန်ဆင်းသူ၏ အမူအရာက ထပ်မံ တွန့်ရှုံ့သွားလေသည်။ သူ့အသံက အက်ရှကြမ်းတမ်းနေ၏။

"မင်း ဘယ်လိုထင်လဲ…ငါ မင်းကို ပြောပြမယ် ထင်လို့လား…"

ယဲ့ကျား: "မင်းပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ သေရမှာပဲ…ငါနဲ့ ပူးပေါင်းရင်တော့ အနည်းဆုံး လွယ်လွယ်သေရတာပေါ့…ဒါပေမဲ့ မင်းလိုတစ္ဆေအတွက် ‌သေတယ်ဆိုတဲ့စကားက သိပ်ပြီး မသင့်‌တော်‌ဘူးပဲ…နောက်ဆုံးတော့ မင်းက အသက်ရှင်နေတာ မဟုတ်ဘူးလေ…"

အိမ်မက်ဖန်ဆင်းသူက ရုတ်တရက် ကြမ်းတမ်းစွာ ရယ်လိုက်ရာ ပါးစပ်ထဲမှ သွေးများနှင့် အသားစများက ကြမ်းပြင်ပေါ်သို့ ကျနေလေသည်။

ယဲ့ကျားက မျက်မှောင်ကြုတ်လိုက်သည်။



Xxxxx