အပိုင်း ၁၀၅
Viewers 10k


Chapter 105


"ဟား...ရပါတယ်...ငါလည်းပြန်တွေးကြည့်တော့မှားခဲ့တာပဲ၊ နင့်ကိုဒီလိုဖြေရခက်တဲ့မေးခွန်းမျိုးမမေးခဲ့သင့်ဘူး၊ ပြီးတော့ အဲဒီအဆင့်အထိရောက်အောင်မလုပ်လိုက်သင့်ဘူး၊ ငါလည်းမှားသွားပါတယ်"

ဘလပ်စ်: "......"

သူကြေကွဲသွားပြီ။ သည်လူက အခြားသူများကိုအယုံသွင်းရတွင်တကယ်တော်သည်! နှစ်ယောက်လုံးက အတော်လေးလိုက်ဖက်ကြသည်ပင်။ ယဲ့ကျားက ချန်းချင်းယဲ့ဘေးသို့သွားပြီးမေးမြန်းသည်။

"ရှောင်းရှောင်းပိုင်ရောဘယ်လိုလဲ"

ချန်းချင်းယဲ့ကား သူ၏အင်းဆက်အကြောင်းမေးလျှင် လုံးဝမငြင်းနိုင်ချေ။ သူသည်တွေဝေနေပြီးမှ နောက်ဆုံး ပြောချင်နေသည့်ဆန္ဒကိုရွေးချယ်လိုက်သည်။ သူလက်ဝါးဖြန့်လိုက်ပြီး လက်မအရွယ်ခန့်အထိကြီးလာပြီဖြစ်သော ပိုးကောင်ဖြူလေးအားပြလိုက်သည်။ ၎င်းသည်လက်ချောင်းများကြားမှတွားသွားထွက်လာပြီး လက်ဖဝါးအလယ်တွင်ရပ်သွားသည်။ ၎င်း၏ကိုယ်ထည်က လုံးလုံးလေးဖြင့်နူးညံ့သည်၊ ချောမွတ်ပြီးလရောင်အောက်တွင်ပြောင်လက်နေသည်။ ထိုအချိန်တွင် ၎သည်ခေါင်းထောင်လာပြီး ဘေးပတ်ဝန်းကျင်အားစူးစမ်းနေသည်။

ချန်းချင်းယဲ့: "မကြာသေးခင်က သူအစားအရမ်းစားတယ်၊ ကြီးတော့ကြီးလာတယ်၊ ဒါပေမဲ့ သူအစားမက်တော့ခန္ဓာကိုယ်ကိုထိခိုက်မှာစိုးတယ်၊ အခြားသူငယ်ချင်းတွေနဲ့လည်းအဆင်ပြေတယ်၊ အထူးသဖြင့်အားချန်းပေါ့...."

သူစကားပြောနေခြင်းက ရုတ်တရက်ရပ်သွားသည်။ လူငယ်လေးကဖြူဝင်းသည့်လက်ချောင်းလေးများကိုဆန့်ထုတ်ပြီး ရှောင်းရှောင်းပိုင်ကိုအသာလေးကိုင်လိုက်သည်။ ရှောင်းရှောင်းပိုင်က ရင်းနှီးသောအထိအတွေ့ကိုမှတ်မိပုံရသည်။ ၎င်းကိုယ်ကရုတ်တရက်လှုပ်ရှားလာပြီး မြင်ရခက်သောခြေချောင်းများဖြင့် အခြားသူ၏လက်ကိုဖက်တွယ်ရန်ကြိုးစားပြီး တရင်းတနှီးပွတ်သပ်နေသည်။ ယဲ့ကျား၏နှုတ်ခမ်းပေါ်မှအကွေးလေးက နက်ရှိုင်းသွားသည်။ သူချန်းချင်းယဲ့ကိုမော့ကြည့်ပြီးပြုံးပြလိူက်သည်။

"သူ့ကိုအတော်လေးဂရုစိုက်ထားတာပဲ"

ချက်ချင်းပင် ချန်းချင်းယဲ့ကစိတ်မဆိုးတော့ချေ။ သူ၏ပါးများကနီမြန်းသွားပြီး ဗလုံးဗထွေးပြောသည်။

"ကျေးဇူးပဲ..."

ဘလပ်စ်: "....."

သူစတီးချောင်းရအောင် သံကိုထုခဲ့တာမဟုတ်ဘူးလား....

ဒီလူက လူတိုင်းသူ့ကိုလက်ခံလာအောင် လုပ်နိုင်တာပဲ....!

သူအသက်ရှူမြန်နေသည်မှာသက်သာသွားသည့်တိုင် အားနည်းနေသေးသည်။ စိတ်ဆိုးလွန်း၍ သူယဲ့ကျားကို ဝင်ထိုးလိုက်သည်။ ဆေးမိသွားသော ချန်းချင်းယဲ့နှင့်ဝေ့ရွှယ်ချုးတို့က ဘလပ်စ်ကိုဘယ်တဖက်၊ ညာတဖက်ဆွဲထားနှင့်ကြပြီး သူ့ကိုပင်ဖြောင်းဖျနေကြသေးသည်။

"အစ်ကိုယဲ့ကတောင်းပန်ပြီးနေပြီလေဗျာ"

"ဟုတ်တယ်"

ဘလပ်စ်က ယဲ့ကျားကိုပုခုံးပေါ်မှကျော်ကြည့်သည်၊ တဖက်လူကသူ၏မျက်လုံးများပိတ်လုမတတ်ဖြစ်အောင်သူ့ကိုပြုံးပြနေသည်။ထိုသူသည် ကလိမ်စေ့ငြမ်းစင်ခြင်းအောင်မြင်သွားသော မြေခွေးတစ်ကောင်လိုပင်။

ဘလပ်စ်: "!"

စိတ်တိုလိုက်တာ!

သို့သော် နောက်ဆုံး၌ ဘလပ်စ်ကထိုနှစ်ယောက်ကိုမနိုင်နိုင်ပေ...အင်းဆက်နှင့်ကစားရသည်ကို ကြိုက်သည့် နှာဘူးကောင်လည်းပါသည်။ ထို့နောက် သူယဲ့ကျားနှင့်တိုက်ခိုက်ရန်တွေးမနေတော့ဘဲ မျက်နှာမသာမယာဖြင့်သာသွားလိုက်သည်။

ယဲ့ကျား၏အမူအရာက အလေးအနက်ဖြစ်သွားပြီး သူမီးခိုးရောင်သေတ္တာကိုဘယ်လိုရခဲ့သည့်အကြောင်းရှင်းပြလိုက်သည်။

ဝေ့ရွှယ်ချုးကခေါင်းညိတ်ကာ "ဆိုတော့အခုဘာလုပ်ဖို့လိုသေးလဲ"

ယဲ့ကျား: "နည်းလမ်းကရှင်းပါတယ်၊ သူ့ရဲ့သွေးပမာဏက အခြားအရာတွေကို တိုက်ခိုက်ရာမှာအကန့်အသတ်ရှိတယ်၊ အဲဒါကြောင့် အခြားလူရဲ့အာရုံကိုငါတို့ဘက်ကနေဆွဲထားနိုင်ရင် ငါတို့သွေးတွေကိုဖြန့်ပစ်ပြီး သူကာကွယ်ထားတဲ့ဟာကိုအမြန်ယူလိုက်ရုံပဲ"

ချန်းချင်းယွဲ့ကမျက်မှန်ကိုပင့်တင်ပြီး "ကိစ္စမရှိဘူး"

ယဲ့ကျားက ဘလပ်စ်ကိုလှမ်းကြည့်ပြီး "မင်းရော ပါမှာလား"

ဘလက်စ်ကအေးတိအေးစက်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။

"မပါဘူး..."

ဝေ့ရွှယ်ချုးက မျက်ခုံးပင့်ပြီးခနဲ့သည်။

"ကြောက်လွန်းနေတာပဲမဟုတ်ဘူးလား"

ဘလပ်စ်: "ငါကြောက်တယ်လို့ဘယ်သူပြောလဲ"

ဝေ့ရွှယ်ချုးက ယဲ့ကျးကို အဓိပ္ပါယ်တစ်မျိုးဖြင့်လှမ်းကြည့်သည်။

ယဲ့ကျား: "....."

ကျေးဇူးပဲ၊ ငါအသစ်တစ်ခုသင်လိုက်ရပြီ။

လေးယောက်သား ယဲ့ကျားသေတ္တာဖွင့်ခဲ့သည့်နေရာကိုပြန်လာလိုက်ကြသည်။ ၎င်းကစွန့်ပစ်ထားသောဆောက်လုပ်ရေးဧရိယာဖြစ်ပြီး ခြောက်ကပ်နေသည်။ မဝေးလှသောမြေကြီးအလွတ်ပေါ်တွင် သွေးကန်နှင့်အလယ်မှမီးခိုးရောင်သေတ္တာကိုမြင်နေရသည်။

ဝေ့ရွှယ်ချုး:"အထဲမှာဘာရှိလဲ"

ယဲ့ကျား: "ငါလည်းမသိဘူး"

တံစဉ်ကြီးကလက်ထဲတွင် ဖြည်းဖြည်းချင်းပေါ်လာသည်။ သူပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"ဒါပေမဲ့ ငါတို့မကြာခင်သိရမှာပါ"

ချန်းချင်းယဲ့က လက်များကိုဖြန့်ကားကာ ဝတ်ရုံလက်ထဲမှအင်းစက်များကိုထုတ်သည်။ အနက်ရောင်ပိုးမွှားအုပ်ကြီးက သွေးမည်းကန်ထံသို့တည့်မတ်စွာဦးတည်သွားစဉ် ကျန်နှစ်ယောက်က ယဲ့ကျားအနောက်မှလိုက်လာပြီး သွေးများကိုမြှားကာ အလယ်မှသေတ္တာနှင့်ဝေးသွားရန်လုပ်သည်။

သွေးများက ဉာဏ်မရှိ၍ မည်းမည်းမြင်ရာတိုက်ခိုက်လာလေသည်။ မြှားခေါ်သည့်ပမာဏက လုံလောက်သွားသည်နှင့် သေတ္တာအားဝန်းရံထားသည့်သွေးများကခွာသွားပြီး ၎င်းတို့ကာကွယ်ထားသည့်အရာမှအမြန်ကွဲထွက်သွားသည်။ မကြာခင် မြေကွက်လပ်ပေါ်လာသည်။

ယဲ့ကျားကအခွင့်အရေးကိုအမိအရယူပြီး သေတ္တာထံတဟုန်ထိုးပြေးသွားလိုက်သည်။ သူ၏လက်ထဲမှတံစဉ်က သူ၏လက်မောင်းနီးပါးကြီးလာပြီးအသွားထက်သောဓားက သေတ္တာအစွန်းကိုပိုင်းနိုင်ပြီးယူလိုက်နိုင်သည်။

ပြီးသွားပြီ!

ထိုအချိန်မှာပင်မဝေးလှသောနေရာမှအင်းစက်များက သွေးများ၏ဝါးမြိုခြင်းကိုခံလိုက်ရပြီ။ သွေးများကနောက်ဆုံးတွင်အနားရရန်အချိန်ရှိသွားသည်။ ၎င်းတို့က ယဲ့ကျားထံသို့အရှိန်ဖြင့်ဝင်လာသည်။ ယဲ့ကျားကအံကြိတ်ပြီးနောက်ပြန်မဆုတ်ပေ။ သူကအားပိုသုံးပြီးသေတ္တာကိုဆုပ်ကိုင်ထားသည်။ တလိမ့်လိမ့်နှင့်သွေးလှိုင်းလုံးက မျက်စိအရှေ့ရောက်လာလေသည်။

နောက်စက္ကန့်အနည်းငယ်တွင် အေးစက်သောအထိအတွေ့ကသူ၏လက်မောင်းမှတဆင့်ခါးပေါ်သို့ရောက်လာပြီး သန်မာသောအားတစ်ခုကသူ့ကိုအနောက်ဘက်တွန်းပို့လိုက်သည်။

ချက်ချင်းပင် ၎င်းတို့ကနောက်ဆုတ်သွားသည်။ ၎င်းတို့စောင့်ကြပ်နေသောအရာကပျောက်သွားပြီး ဖောက်ကနဲအသံဖြင့် ၎င်းတို့ကအလင်းအရှိန်ဖြင့်အငွေ့ပျံသွားကာ အနက်ရောင်အစက်အပြောက်များသာကျန်ရစ်ခဲ့သည်။ လေထဲတွင်ခုန်ပျံနေသောအင်းဆက်များက ချန်းချင်းယွဲ့အကျႌလက်ထဲပြန်ဝင်သွားသည်။

ဝေ့ရွှယ်ချုးနှင့်ဘလပ်စ်မှာ သူတို့၏ပြိုင်ဘက်ကိုတပြိုင်တည်းရှင်းလိုက်သည်။ သူတို့ ယဲ့ကျားကိုပြိုင်တူကြည့်လိုက်သည်။

သုံးယောက်လုံးက တပြိုင်တည်းအသံတိတ်သွားသည်။

"....."

ယဲ့ကျားကခေါင်းငုံ့ပြီး သူ၏ခါးတွင်တင်းကျပ်စွာဖက်ထားသည့် ဖြူလျော်သွယ်လျသည့်လက်များကိုကြည့်လိုက်သည်။ ရင်းနှီးနေသောအငွေ့အသက်ကို သူ၏အနောက်၌ခံစားနေရသည်။ အင်မတန်ကိုရင်းနှီးနေသည်။ အတော်လေးကိုရင်းနှီးနေသည်...

ယဲ့ကျား၏ဦးနှောက်က တဒင်္ဂမျှဗလာဖြစ်သွားသည်။ သူသည်ကြောင်အန်းနေသောမျက်နှာဖြင့်လူသုံးယောက်ကိုရင်ဆိုင်ပြီး တောင့်ဆတ်နေသောအပြုံးဖြင့် "အာ...ငါရှင်းပြပါ့မယ်"

......


အပ်ကျသံပင်ကြားနိုင်သောတိတ်ဆိတ်မှုအောက်ဝယ် ခြောက်သွေ့နေပြီးသား သွေးမည်းများမှာဖျော့တော့သည့်အလင်းရောင်ကြောင့် ကြမ်းပြင်ပေါ်တွင်အကွက်လိုက်ထင်ဟပ်နေသည်။

ဤဗလာကျတ်တီးမြေတွင် ရှိနေသူများမှာ တစ်ယောက်နှင့်တစ်ယောက်ရှော့ခ်ရလျက် စိုက်ကြည့်နေကြသည်။ လေထုသည်အတော်အတန်ထူးဆန်းပြီး ကို့ရို့ကားယားနိုင်နေသည်။

"......"

ယဲ့ကျားမှာပြောပြီးမှပင်နောင်တရတော့သည်။

သေစမ်း....

သူဒီအခြေအနေကြီးကိုဘယ်လိုရှင်းရမှာလဲ!!!

ထိုအချိန်မှာပင် ကျီရွှမ်ကရုတ်ချည်းစကားပြောပြီးတိတ်ဆိတ်မှုကို ဖျက်ဆီးပစ်လိုက်သည်။

"သေတ္တာကိုဖွင့်လို့ရတယ်"

ပြောပြီးသည်နှင့်သူသည် ယဲ့ကျားခါးပေါ်မှလက်ကိုသဘာဝကျစွာပြန်ရုတ်သွားပြီး အနောက်သို့ခြေတစ်လှမ်းဆုတ်သည်။ နီရဲရဲမျက်ဝန်းသည်အနည်းငယ်မှေးထားပြီး ယဲ့ကျားလက်ထဲမှသေတ္တာကို ကြည့်နေသည်။ ထိုစကားကြောင့် အားလုံးကအာရုံပြန်စိုက်သွားကာ ယဲ့ကျားလက်ထဲမှသေတ္တာကိုကြည့်လိုက်ကြသည်။

ယဲ့ကျားက အံ့ဩတကြီးဖြင့်ကျီရွှမ်ကိုလှမ်းကြည့်လိုက်သည်။ ထိုသူ၏စရိုက်ကြောင့် တဖက်လူကသူ့အားယခုကဲ့သို့ ကူညီလာလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။ ပိုပြီးမမျှော်လင့်ထားသည်က ကျီရွှမ်ကိုယ်တိုင်လည်းသူ၏အံ့ဩနေမှုကိုသတိထားမိသွားခြင်းပင်။ မျက်လုံးများကိုပင့်ကာသူ့အားကြည့်လာရင်း နှုတ်ခမ်းပေါ်မှအပြုံးရေးရေးဖြင့် အနီရင့်ရင့်မျက်ဝန်းများသည် သူ၏မဟူရာမျက်လုံးများအတွင်းချဉ်းနင်းဝင်လာသည်။ ထိုသူကနှုတ်ခမ်းများကိုသာလှုပ်ကာ: "မင်းငါ့ကိုအကြွေးတင်သွားပြီ"

ယဲ့ကျား: "....."

ထိုသူ၏အကျင့်ကဆိုးနေဆဲပင်။

အခြားသူသုံးယောက်သည် ဟိုကြည့်သည်ကြည့်လုပ်ရင်းမှ ယဲ့ကျားလက်ထဲမှသေတ္တာထံအကြည့်ရောက်လာသည်။ ယဲ့ကျားက သေတ္တာထဲမှပစ္စည်း၏အရေးကြီးပုံကိုပြောပြထားခဲ့သည့်တိုင် စိတ်လှုပ်ရှားမှုကိုထိန်းချုပ်မရပေ။ ဝေ့ရွှယ်ချုးသည် ဘေးတွင်ရပ်နေသောကျီရွှမ်ကိုသတိအနေအထားဖြင့်ကြည့်သည်။

သူမသည်ရှေ့တွင်မြင်ခဲ့ဖူးသော ခက်ထန်သည့်အဆင့်တစ္ဆေများအပေါ်မယုံကြည်လင့်ကစား ထိုသူတို့ကိုကူညီခဲ့ဖူးကြောင်းဝန်ခံရမည်၊ သည့်အပြင် ယခုအချိန်အခါ၌သူတို့ အာရုံစိုက်နိုင်မည့်ပစ္စည်းတစ်ခုရှိနေရန်ပိုအရေးကြီးသည်။

ဝေ့ရွှယ်ချုးသည် ယဲ့ကျားကိုလှည့်ကြည့်ပြီး အသက်ကိုဝအောင်ရှူလိုက်ကာ "ဖွင့်လိုက်တော့"

"အင်း"

ယဲ့ကျားက ခပ်တိုးတိုးသာပြန်ဖြေပြီး အဖုံးကိုဖြည်းဖြည်းချင်းဖွင့်သည်။သော့မခတ်ထားလေရာ အဖုံးကလွယ်လင့်တကူပွင့်သွားသည်။ အားလုံးကလည်ပင်းများကိုဆန့်ကာ အထဲသို့ကြည့်ကြ၏။ သေတ္တာထဲတွင်နောက်ထပ်သေတ္တာတစ်လုံးရှိနေသည်။

ယဲ့ကျား: "....."

အားလုံး အသံတိတ်သွားသည်။

"............."

"အိုး..အိုး...အိုး....!"

ဘလပ်ကဒေါသထွက်လွန်းပြီး မျက်ခုံးများကမိုးပေါ်ရောက်တော့မည်။ သူသံကုန်အော်ဟစ်လိုက်၏။

"ဒီသရဲမှာ ပြဿနာတစ်ခုခုရှိနေတာလား!"

ချန်းချင်းယဲ့က မျက်မှန်ကိုပင့်တင်ပြီး "ငါတို့စိတ်ချင်းတူတဲ့အချိန်တော့ရှိသေးတာပဲ"

ယဲ့ကျားက အထဲမှသေတ္တာလေးကိုထုတ်ပြီး အသေအချာစစ်ဆေးနေသည်။ ၎င်းသည် လေးဖက်လေးတန်ပြေပြစ်သည့်မျက်နှာပြင်ဖြင့် ကုဗတုံးလေးတစ်တုံးဖြစ်ပြီး သော့ထည့်ရန်အပေါက် သို့မဟုတ် အက်ကြောင်းရာပင်မရှိချေ။ လှုပ်ကြည့်လျှင် အထဲမှအသံတစ်သံကိုကြားရနိုင်သည်။

ဝေ့ရွှယ်ချုး: "ဒီခက်ထန်တဲ့အဆင့်တစ္ဆေကဘာလဲဟ၊ သေတ္တာရှိတဲ့နေရာကိုသိရရင် ဘယ်လိုဖွင့်ရမလဲဆိုတာလည်းသိရမယ်မဟုတ်ဘူးလား"

ယဲ့ကျားက လေကိုအဆုတ်ထဲအထိတဆုံးရှူသွင်းလိုက်ပြီး "အဲဒါက...ခက်မယ်ထင်တယ်...."

အချိန်အတန်ကြာ ကုန်ဆုံးသွားခဲ့ပြီ။

ရုပ်သေးအရှင်သည် ခက်ထန်အဆင့်တစ္ဆေကို ရုပ်သေးတစ္ဆေအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီထင်၏။ မျှော်လင့်ချက်အနည်းငယ်ဖြင့် ယဲ့ကျားသည်ကျီရွှမ်ထံလှမ်းကြည့်သည်။ ထိုသူက သူ၏ခန့်မှန်းချက်မှာမှန်ကန်ကြောင်းပုခုံးတွန့်ပြသည်။

ယဲ့ကျား: "....."

ဝေ့ရွှယ်ချုးကမျက်မှောင်ကြုံ့ကာ "ဘာဖြစ်လို့လဲ"

ယဲ့ကျားသည် စိတ်ကုန်နေသွားသောပုံစံဖြင့် နှာခေါင်းရိုးတလျှောက်နှိပ်နေရင်း "အလောင်းကဖျက်ဆီးခံလိုက်ရလို့"

ဝေ့ရွှယ်ချုး: "......."

ကြောက်ဖို့ကောင်းလိုက်တဲ့လူ။ "ဒါပေမဲ့"

ယဲ့ကျားသည် မီးခိုးရောင်သေတ္တာလေးအားကြည့်ရင်း မျက်လုံးများကိုမှေးလိုက်သည်။ အေးစက်စက်အလင်းရောင်သည် သူ၏လက်ချောင်းထိပ်ဖျားများတွင် တလက်လက်ဖြင့် လရောင်အောက်ဝယ်အလင်းပြန်နေသည်။

"ငါတို့အားသုံးပြီးဖွင့်လို့ရတယ်"

သို့သော် ယဲ့ကျားမလုပ်ခင် ချန်းချင်းယဲ့ကရုတ်တရက်အော်လိုက်သည်။

"ဟေး!"

သူမျက်မှန်ကိုပင့်ပြီး တဖက်သူ၏လက်ထဲမှသေတ္တာလေးအားငုံ့ကြည့်လိုက်သည်။

"ဒါကဘာလဲ"

ချန်းချင်းယဲ့ကသေတ္တာ၏ထောင့်လေးကိုလက်ညိုးထိုးပြပြီး: "ကြည့်ရတာနည်းနည်းရင်းနှီးနေသလိုပဲ"

ယဲ့ကျားက အသာလေးနောက်ဆုတ်လိုက်သည်။ သူသည်ချန်းချင်းယဲ့ရှိသည့်ဘက်ကို သေတ္တာအားလှည့်လိုက်ပြီး ထိုသူလက်ညိုးထိုးသည့်နေရာကိုကြည့်လိုက်သည်။

၎င်းတွင် လရောင်ကထောင့်မှန်တကျထိုးမှမြင်ရနိုင်သော တိမ်လွှာပုံကိုတွေ့ရသည်။ ဝေ့ရွှယ်ချုးကပါ ရောက်လာသည်။ သူမသည်ထောင့်မှန်ကိုဂရုတစိုက်ရှာဖွေပြီး မျက်မှောင်ကြုံ့ကာ "နည်းနည်းတော့မြင်ဖူးသလိုပဲ"

သူမ ယဲ့ကျားကိုကြည့်လိုက်သည်။

"ရှင်ရောအရင်ကမြင်ဖူးလား"

ယဲ့ကျား၏အကြည့်သည် တဖြည်းဖြည်းမှောင်မိုက်လာသည်။ သူ၏လက်ချောင်းများက သေတ္တာ၏မညီညာသောမျက်နှာပြင်ပေါ်ပြေးလွှားနေကာ ပယင်းရောင်မျက်လုံး၏အခြေသည် အေးစက်သောလရောင်ကြောင့် တဖိတ်ဖိတ်လက်နေသည်။

"ဒါပေါ့"

ယဲ့ကျားအသံကတည်ငြိမ်နေသည်။

"အဲဒါက ဌာနရဲ့တံဆိပ်လေ"

အားလုံး မှင်သက်သွားကြသည်။ တပြိုင်တည်း ယဲ့ကျားကိုလှမ်းကြည့်ကြ၏။

ဘာဖြစ်တယ်....?!

ငါးမိနစ်အကြာ ယဲ့ကျားသည်လက်ထဲမှစက္ကူပေါ်ရှိမီးစကို ပုတ်ပြီးလျှောက်သွားသည်။

"ဘယ်လိုလဲ"

ဝေ့ရွှယ်ချုးက အလောတကြီးမေးသည်။ ယဲ့ကျားကမျက်လုံးမှေးကာခေါင်းကိုခါယမ်းပြီး "ဝူစူးက ဒီလိုသေတ္တာမျိုးတခါမှမမြင်ဖူးဘူး"

ချန်းချင်းယဲ့က အကျိုးအကြောင်းစပ်ဆက်ပြီးတွေးကြည့်သည်။

"ပုံမှန်ပါပဲ၊ ပြီးတော့ သူကဌာနမှာအကြာကြီးလုပ်ခဲ့တာမဟုတ်တော့ သိထားတာတွေလည်းနည်းမှာပဲ"

"အချိန်?"

ယဲ့ကျား ငြိမ်သွားသည်။ သူဖုန်းကိုထုတ်ပြီး လရောင်အောက်တွင်သေတ္တာ၏တဖက်ခြမ်းကို ချိန်ပြီး ဓာတ်ပုံရိုက်ကာ Wechat မှလူတစ်ယောက်ထံပို့လိုက်သည်။ ခဏအကြာတွင် ဖုန်းသံမြည်လာသည်။ ချိတ်ဆက်မှုအောင်မြင်သွားသည်နှင့် တဖက်မှ နားအူဖွယ်အော်သံနက်ကြီးထွက်လာသည်။ အနားတွင် မည်သူမှရှိမနေသောကြောင့် ရှင်းရှင်းလင်းလင်းကြားနိုင်သည်။

"ညလယ်ခေါင်ကြီးငါ့ကိုဘာတွေလာပို့နေတာလဲ! ဒီအချိန်ကြီး ဘယ်သူမှမအိပ်နေဘူးထင်လို့လား!"

ယဲ့ကျားကအေးအေးဆေးဆေးပင် ဖုန်းကိုသူ၏နားနှင့်ဝေးရာတွင်ထားကာမေးလိုက်၏။

"ခေါင်းဆောင်၊ တံဆိပ်ကိုမှတ်မိသေးလား"

လျိုကျောက်ချန်အသံက မယုံကြည်နိုင်သလိုဖြစ်နေသည်။

"ယဲ့ကျား မင်းပြီးခဲ့တဲ့နှစ်တွေက ဌာနမှာအချိန်တွေဖြုန်းနေခဲ့တာလား၊ကိုယ့်ဌာနရဲ့တံဆိပ်တောင် ကိုယ်မသိဘူးလား"

"သိတာတော့သိတယ်လေ...ဒါပေမဲ့...."

ယဲ့ကျားကချောင်းဖွဖွဆိုးကာ "အဲဒီလိုမဟုတ်ပါဘူး၊ လက်ရှိတံဆိပ်နဲ့နည်းနည်းမတူတာရှိနေလို့ပါ၊ အဲဒါကြောင့် မေးချင်တာ...ဒီတစ်ခုကိုဘယ်လိုထင်လဲ"

၎င်းကဌာန၏တံဆိပ်မှန်းသိနေသည့်တိုင် အသေးစိတ်အရ ကွာခြားမှုရှိနေသေးသည်။ ဖုန်းသံကတိတ်ဆိတ်နေသည်။ ယဲ့ကျားက စိတ်ရှည်လက်ရှည်ဖြင့်စောင့်နေပြီး မိနစ်အနည်းငယ်အကြာ၌ လျိုကျောက်ချန်၏အသံကထပ်မံထွက်လာသည်။

"အို့...ဒါကဌာနရဲ့တံဆိပ်အဟောင်းပဲ"

မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာပြီ။ ယဲ့ကျားကမေးလိုက်၏။

"ဘာကိုပြောချင်တာလဲ"

"လွန်ခဲ့တဲ့နှစ်သုံးဆယ်က ဌာနကိုပြန်ဖွဲ့စည်းခဲ့တယ်၊ အရင်ကတော့ အဲဒီတံဆိပ်တွေကိုသုံးခဲ့သေးတယ်၊ ပြီးတော့ ဖျက်သိမ်းလိုက်တယ်လေ"

"လွန်ခဲ့တဲ့နှစ်သုံးဆယ်....?"

ယဲ့ကျားက ခပ်ရေးရေးမျက်မှောင်ကြုံ့သည်။

"ပြန်ဖွဲ့စည်းခဲ့တယ်? ဘာလို့လဲ"

လျိုကျောက်ချန်: "ငါကဘယ်လိုလုပ်သိပါ့မလဲ၊ အဲဒီအချိန်တုန်းက ငါဌာနကိုရောက်ခါစရှိသေးတယ် ပြီးတော့ ရာထူးလည်းနိမ့်သေးတယ်၊ အထက်ကဘာတွေတွေးနေလဲ ငါလည်းဘယ်သိပါ့မလဲ၊ ဘာပဲဖြစ်ဖြစ်အထက်ပိုင်းမှာ အပြောင်းအလဲကြီးဖြစ်ခဲ့တယ်ထင်တယ်၊ ပြီးတော့ ဖွဲ့စည်းပုံတွေအများကြီးလည်းပြောင်းကုန်တယ်၊ နောက်ပိုင်း ဒီနေ့ဌာနဖြစ်လာခဲ့တာပဲ၊ ဘာလို့ငါ့ကိုဒါတွေမေးတာလဲ"

ယဲ့ကျား: "ဘာရယ်မဟုတ်ပါဘူး....ဌာနရဲ့အပိုင် ပစ္စည်းဟောင်းတစ်ခုတွေ့လိုက်တော့သိချင်စိတ်ဖြစ်လာလို့ပါ"

"ဌာနအပိုင် ပစ္စည်းဟောင်း? ဘာလဲ?"

လျိုကျောက်ချန်က အမိန့်ပေးသည်။

"ငါ့ကိုဓာတ်ပုံပြစမ်း"

ယဲ့ကျားသည် ချန်ချင်းယဲ့အကူအညီဖြင့် ဖုန်းကိုအချိန်အတန်ကြာအောင်ကလိလိုက်သည်၊ နောက်ဆုံး ဖုန်းကိုမချဘဲ ဓာတ်ပုံပို့နည်းကိုရှာတွေ့သွားသည်။ တဖက်လူကမပြောခင် ချင့်ချိန်နေပြီးမှ "ငါဒါကိုသိတယ်"

ယဲ့ကျား အားရှိသွား၏။

"ပြောကြည့်"

လျိုကျောက်ချန်၏အသံက လေလှိုင်းထဲမှဝင်ရောက်လာသည်။

"လွန်ခဲ့တဲ့နှစ်တွေက ဖွံ့ဖြိုးလာခဲ့တဲ့ပစ္စည်းပေါ့ကွာ၊ ဆုံးရှုံးမှုကြီးတဲ့ပစ္စည်းတွေအတွက်ဌာနက သိုလှောင်ထားတာ၊ ပြီးတော့ အတင်းအားသုံးပြီးဖျက်ဆီးလိုက်ရင် အထဲကပစ္စည်းပါပျက်စီးသွားမှာ"