အပိုင်း ၁၀၈
Viewers 10k

Chapter 108


ဘူတာရုံအပြင်ဘက်တွင်။

တာဝန်ချိန်မှ ခွာမရသောကြောင့် ဝူစူးကသူတို့အားလာမကြိုနိုင်ဘဲသူ့အစားအခြားတစ်ယောက်ကိုလွှတ်လိုက်သည်။ ချန်းစစ်ကျီသည် ကားပေါ်မှခေါင်းပြူပြီး သူ့အရှေ့ရှိလူများကိုတောက်ပနေသည့်အပြုံးဖြင့် လက်ယမ်းပြသည်။

"ဒီမှာဟေ့!!!"

သူသည်ယဲ့ကျားအနောက်မှကပ်လိုက်လာသည့် လူငယ်လေးအားမြင်ပြီး အနည်းငယ်အံ့အားသင့်သွားသည်။

"ဟမ်?...ဘယ်သူလဲဟ"

ယဲ့ကျားမှာလည်း ယခုမှပင်သတိရသွားသည်ထင့်။ သူသည်ကျီရွှမ်ကိုစကားတစ်ခွန်းမှမပြောဘဲ ဖျတ်ကနဲလှမ်းကြည့်လိုက်သည်။

"အို့...ငါ့မိတ်ဆွေရဲ့ကလေးပါ၊ သူ M မြို့မှာရက်နည်းနည်းလောက်နေလိမ့်မယ်"

"....."

အခြားသုံးယောက်၏မျက်နှာများမှာ တောင့်တင်းနေကြသည်။ ဘလပ်၏နဖူးကြောများက ထောင်နေသည်။ မျက်နှာတစ်ချက်မပြောင်းဘဲလိမ်နေတယ်၊ ထင်တဲ့အတိုင်းပဲ...ခွေးသူတောင်းစား!

"အို့...ဟိုင်း...ကောင်လေး"

ချန်းစစ်ကျီက ပို၍ပင်ဖော်ရွေလာသည်။ သူသည် တဖက်လူသုံးယောက်၏ထူးဆန်းနေသောအမူအရာများကို ဂရုမစိုက်ဘဲ အိတ်ထဲမှသကြားလုံးများကိုခေါင်းငုံ့ထုတ်သည်။

"မင်းသကြားလုံးကြိုက်လား"

ကျီရွှမ်: "....."

ယဲ့ကျားကသူ့အားအေးစက်စက်ဖြင့်တချက်ကြည့်သည်။

"ဘာလို့ မယူတာလဲ"

ကျီရွှမ်၏နှုတ်ခမ်းထောင့်များတွန့်သွားသည်။ သူလက်လှမ်းပြီးသကြားလုံးများကိုယူလိုက်ရသည်။

ယဲ့ကျား: "ကျေးဇူးတင်ပါတယ် လို့မပြောတော့ဘူးလား"

ကျီရွှမ်က အဆုတ်ထဲအထိလေကိုတဝကြီးရှူလိုက်ပြီး ဖျစ်ညှစ်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ချန်းစစ်ကျီက သဘောကျစွာဖြင့်ရယ်သည်။

"အို့...ယဉ်ကျေးနေစရာမလိုပါဘူး၊ မင်းငါ့ကို အခုကစပြီး အစ်ကိုချန်းလို့ခေါ်လို့ရတယ်...."

သူစကားပြော၍ပင်မဆုံးသေးခင် ယဲ့ကျားကသူ့အား ကော်လံမှမပြီးကားထဲပစ်ထည့်သည်။ ကားအနောက်မှ တန်းစီနေသောသုံးယောက်ကိုကြည့်ကာ အေးအေးဆေးဆေးပင် "နောက်ကျတော့မယ်၊ ငါတို့လမ်းပိတ်ထားဖို့မသင့်ဘူး"

"အို့...ဟုတ်သားပဲ"

ချန်းစစ်ကျီက ကားစက်နှိုးလိုက်သည်။ ကျီရွှမ်က မျက်လုံးပင့်ပြီးဘေးမှလူငယ်လေးအားကြည့်သည်။

သူ့ဘက်မှကြည့်လျှင် တစ်ဖက်လူ၏အေးစက်ပြီးပြတ်သားသောမေးရိုးအပါအဝင် မတူကွဲပြားသောအေးစက်မှုဖြင်စေ့ထားသော နှုတ်ခမ်းတစ်စုံကိုမြင်တွေ့ရသည်။ ကျီရွှမ်၏အပြုံးက ပိုနက်ရှိုင်းလာသည်။ သူ့အားပေးထားသည့် သကြားလုံးအခွံကိုဖောက်ပြီး ပါးစပ်ထဲထည့်ကာ သူ၏လက်ညိုးကိုတဖက်လူ၏လက်သန်းနှင့်တွယ်ချိတ်လိုက်သည်။ တချက်သာထိရသေးစဉ် ထိုလူကရှောင်သွားသည်။ ဒုတိယတကြိမ်လည်းထိုနည်းတူပင်။

ဘယ်လောက်ကြာသွားသည်မသိ၊ ယဲ့ကျားမှာလည်း နောက်ဆုံးပတ်ပြေးရန်အားမရှိတော့ပေ။ သူသည်တိတ်တိတ်လေးပင် ကျီရွှမ်၏မထိတထိကစားနေမှုကို ခွင့်ပြုထားပေးလိုက်ရသည်။ ကျီရွှမ်ကဖြည်းဖြည်းချင်း အခွင့်အရေးယူသည်။ လက်တစ်ချောင်းမှနှစ်ချောင်း၊ အဆုံး၌ သူ လက်တစ်ဖက်လုံးကို ဆုပ်ကိုင်လိုက်ပြီး တဖက်လူ၏ခံစားချက်မရှိသည့်မျက်နှာကိုမော့ကြည့်လိုက်သည်။

သကြားလုံးက သူ၏အေးစက်စက်ပါးစပ်ထဲတွင် တဖြည်းဖြည်းအရည်ပျော်သွားသည့်တိုင် မာဆတ်ဆတ်သကြားလုံးမှ နူးညံ့သောအချိုဓာတ်သည်လျှာထိပ်မှတဆင့် ပျံ့နှံ့လာသည်။ ၎င်းကသူ့လို အခွံမရှိသောခက်ထန်သည့်အဆင့်တစေၦကိုပင် ချိုမြိန်မှုလေးအနည်းငယ်ခံစားရစေသည်။

ကျီရွှမ်က ကျေနပ်အားရစွာပြုံးပြီး အရူးထနေသည်ကိုရပ်လိုက်သည်။မကြာခင် ကားသည် ဌာနချုပ်အပြင်ဘက်တွင်ရပ်သွားပြီး လူကြီးလေးယောက်နှင့်ကလေးတစ်ယောက်ကဆင်းလာသည်။ ချန်စစ်ကျီက ခေါင်းပြူလာပြန်ကာ "ခင်ဗျားတို့အရင်သွားနှင့်လိုက်၊ ကျွန်တော်ကားသွားထားလိုက်အုံးမယ်!"

ယဲ့ကျားက ကျန်သည့်လူသုံးယောက်ကိုကြည့်ကာ "ငါတို့အခုချက်ချင်းရှာရမှာက မယ်တော်ကသူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုဘယ်လိုရွေးချယ်လဲဆိုတာပဲ၊ အဲဒါကိုပဲသိထားရင် သူ့ရဲ့နောက်ရွှေ့မယ့်အကွက်ကိုမှန်းလို့ရပြီ"

သူချန်းချင်းယဲ့ကိုကြည့်လိုက်ပြီး "အရေခွံဆုပ်ခံရတဲ့အမှုမှာ ပါခဲ့တဲ့လူတွေကိုမင်းရှာပေးနိုင်လား"

ချန်းချင်းယဲ့ကခေါင်းညိတ်ပြသည်။ "ရတယ်"

ယဲ့ကျားက ဝေ့ရွှယ်ချုးကိုကြည့်ပြီး "မင်းကဇနီးသည်သေဆုံးရတဲ့အကြောင်းကိုရှာ"

"အိုကေ"

"မင်းကတော့...."

ယဲ့ကျားသည် ဘလပ်ကိုကြည့်ကာ အနည်းငယ်တွေဝေနေသည်။

"မင်းချန်းချင်းယဲ့နဲ့လိုက်သွားလိုက်၊ အဆင်ပြေလား"

ဘလပ်စ်ကဒေါသထွက်နေသည်။

"ဟေ့...အဲဒါကဘာစကားလဲ၊ ဘာတွေတွန့်ဆုတ်ဆုတ်လုပ်နေတာလဲ၊မင်းငါ့ကိုအထင်သေးတာလား"

သူသည်ဒေါသထွက်လွန်း၍ အကျႌလက်များကိုခေါက်တင်ပြီးယဲ့ကျားကိုတိုက်ခိုက်ရန်အသင့်ပြင်နေသည်။

"မဟုတ်ဘူး...မဟုတ်ဘူး...အရေခွံဆုတ်တဲ့အမှုမှာ ပတ်သတ်နေတဲ့လူတွေအများကြီးပဲလေ၊ ချန်းချင်းယဲ့ကမင်းအကူအညီမပါဘဲ မလုပ်နိုင်မှာစိုးလို့ပါ"

ယဲ့ကျားက မျက်နှာတစ်ချက်လေးပင်မပြောင်းဘဲဆက်လိမ်လိုက်သည်။

ဘလပ်စ်က သူ့အားသံသယဖြင့်ကြည့်ခေသည်။

"တကယ်လား"

ယဲ့ကျားကခေါင်းညိတ်ပြလိုက်သည်။

"တကယ်ပေါ့"

"ထင်တဲ့အတိုင်းပဲ"

ဘလပ်စ်၏အမူအရာက အတည်ပေါက်ကြီးဖြစ်နေသော်ငြား သူ၏နှုတ်ခမ်းထောင့်လေးများက မနေနိုင်ဘဲမြင့်တက်သွားသည်။

"အိုကေ...အိုကေ...အလုပ်သွားပြန်လုပ်ကြမယ်"

သူ ချန်းချင်းယဲ့ကို ဌာနချုပ်၏ဝင်ပေါက်ထံပြန်ဆွဲခေါ်သွားသည်။ ထိုသူထွက်သွားသည်နှင့် တဖက်လူကိုတံတောင်ဖြင့်တွက်ကာ "ဟေးကြားလိုက်လား အေ့စ်ကငါ့ကို....."

ပုံရိပ်နှင့်အသံများက သူတို့ပြောသည်ကိုမကြားနိုင်သည်အထိ ဝေးပြီးရင်းဝေးသွားသည်။

ယဲ့ကျား: "....."

သူကအချော့ကြိုက်တာသေချာသည်။ အနောက်တွင်ကျန်ခဲ့သောဝေ့ရွှယ်ချုးက ယဲ့ကျားကိုကြည့်ပြီးမေးသည်။

"ရှင်ကရော?"

ယဲ့က်ားက သူ၏လက်ထဲမှသတ္တုသေတ္တာလေးအားကြည့်သည်။

"ငါ မှုခင်းဆေးအဖွဲ့ဘက်ကိုသွားပြီး အလောင်းစစ်ဆေးချက်သွားရှာမယ်"

"ဘာလို့ မြို့တော်မှာထဲကမလုပ်တာလဲ"

ဝေ့ရွှယ်ချုးကနားမလည်နိုင်သေးပေ။ ယဲ့က်ားက စကားပြောသည်ကိုရပ်လိုက်သည်။ ပင်ရင်းဌာနချုပ်အပေါ်မှသူ၏သံသယများကိုမသိကျေးကျွန်ပြုရင်း

ပြုံးလိုက်၏။ "M မြို့က အဓိကသော့ချက်ပဲ"

ထို့ကြောင့် သူတတ်နိုင်သမျှ ပြန်သွားရမည်။ ဝေ့ရွှယ်ချုးကခေါင်းညိတ်ကာ "မှန်တယ်"

သူယဲ့ကျားကိုလက်ယမ်းပြသည်။

"ကံကောင်းပါစေ!"

ယဲ့ကျားက ဘေးမှကျီရွှမ်ကိုကြည့်ကာ မျက်ခုံးပင့်ပြီး "မင်းဒီအတိုင်းနေချင်သေးတာလား"

ကျီရွှမ်က နောင်တများနှင့်သက်ပြင်းချပြီး လူကြီးတစ်ယောက်၏ပုံစံပြန်ပြောင်းလိုက်သည်။ ယဲ့ကျားက မျက်နှာသေဖြင့်သာတဖက်လူ၏ခေါင်းကိုပုတ်ပြီး ပေါ့ပေါ့ပါးပါးအမိန့်ပေးလိုက်သည်။

"သွားမယ်"

ကျီရွှမ်သည် သူ၏ပြောင်သလင်းခါနေသောလက်ကိုငုံ့ကြည့်ကာ သက်ပြင်းချသည်။ ထင်ထားခဲ့သည့်အတိုင်း သူကြီးကောင်ကြီးမားပုံပြောင်းလိုက်သည်နှင့် အစောပိုင်းက အသားယူထားသမျှများပြန်ပါသွားသည်။

သေလိုက်တော့....

ယဲ့ကျားက မှုခင်းဆေးဆရာဝန်ကိုအရင်ဆုံးရှာချင်နေသည်။ သူသည်ဌာနမှဝန်ထမ်းကတ်ကိုထုတ်ပြပြီး တဖက်လူကိုမျက်လုံးပါသည့်သေတ္တာပေးလိုက်ကာ အနည်းငယ်မေးမြန်းကြည့်ပြီးသည်နှင့်အဖြေရလာသည်။ သို့ထိတိုင် သူထွက်မသွားသေးပေ။

"ဒီမှာဗျ..ကျွန်တော် မှုခင်းဆေးဌာနရဲ့လွန်ခဲ့တဲ့နှစ်သုံးဆယ်ကမှတ်တမ်းတွေကိုစစ်ကြည့်ချင်လို့ပါ၊ ဘယ်နေရာသွားရမလဲ"

"လွန်ခဲ့တဲ့နှစ်သုံးဆယ်က?"

ထိုလူ အံ့ဩသင့်သွားသည်။

"အဲဒီအချိန်ကတစ်ခုခုဖြစ်ခဲ့ရင်တောင် နည်းပညာကခေတ်မမီသေးဘူးလေ၊ စာရင်းဌာနရုံးခန်းမှာ သွားရှာကြည့်ပါလား"

တဖက်လူ၏ လမ်းညွှန်မှုဖြင့် ယဲ့ကျား စာရင်းဌာနရုံးခန်းသို့ရောက်လာ၏။ မီးရောင်ခပ်မှိန်မှိ်န်သာထွန်းထားသည့် အခန်းက စာရွက်အဟောင်းများ၏အနံ့များနှင့်ပြည့်ကျပ်နေသည်။ သူ စင်များကြားထဲ ဖြည်းဖြည်းချင်းသွားနေပြီး မရင်းနှီးသောနေ့စွဲများအကြား သူ၏မျက်လုံးများကဝေ့ဝဲနေသည်။

ရုတ်တရက် ယဲ့ကျား သွားနေရာမှရပ်သွား၏။သူ၏မျက်လုံးများက မဝေးလှသောနေရာမှ စင်မြင့်ပေါ်သို့ရောက်သွားလေ၏။ စာအုပ်အနှောင့်ထက်မှ နေ့စွဲသည် ဝါးတားတား: စက်တင်ဘာလ ၁၂ ရက်၊ ၁၉xx ၊ ၎င်းနေ့ရက်ကို သူဘယ်သောအခါမှမေ့သွားမည်မဟုတ်ပေ။ ယဲ့က်ားက နှုတ်ခမ်းကိုဖိပြီး ဖိုင်တွဲအကြားတွင်ကပ်နေသောဖုန်မှုန့်များကို ဖယ်ရှားလိုက်သည်။

သူဖိုင်ကိုဖွင့်ပြီး တစ်ရွက်ပြီးတစ်ရွက်လှန်ကြည့်သည်၊ သို့ထိတိုင် သူသိထားသည့်အမည်ကိုရှာမတွေ့ပေ။ ဘယ်လိုလုပ်....?

ယဲ့ကျား မျက်မှောင်ကြုံ့လိုက်မိသည်။ သူနောက်တကြိမ် ဖြည်းဖြည်းချင်းလှန်ရှာကြည့်သည်။

တကယ်ကိုဒီနေရာမှာမဟုတ်ဘူး...အချို့စာရွက်များ ပျောက်နေသည်။ ထိုအနက် သူ၏မိခင်နှင့်ဖခင်သေဆုံးမှု၏ အလောင်းစစ်ဆေးချက်များလည်းပါသည်။ ယဲ့ကျား၏ မျက်ခုံးများကဖြည်းညှင်းစွာကြုံ့ဝင်သွားသည်။

နောက်စင်တစ်ခုပေါ်တွင် မှတ်တမ်းများရှိနေသေးသည်။ သူ၏မျက်လုံးတစ်စုံက ဆေးမှုခင်းဆရာဝန်၏အမည်ကိုတွေ့လိုက်ရသည့်အခိုက်စက္ကန့်အနည်းငယ်ရပ်တန့်နေသည်။ ယဲ့ကျားသည် မှတ်သားထားသည့် လိပ်စာကိုချရေးပြီး ဖိုင်ကိုမူလနေရာတွင်ပြန်ထားလိုက်သည်။ ထို့နောက်တံခါးတွင်ရပ်နေသောကျီရွှမ်အားလှမ်းပြောလိုက်၏။

"သွားမယ်"

သူတို့၏အရှေ့တွင် အဆောင်ဟောင်းတစ်လုံးရှိသည်။ အုတ်နံရံများပေါ်တွင် ရေညှိစိမ်းများကပ်နေပြီး အတော်အတန်ဟောင်းနွမ်းနေလေပြီ။အပြင်ဘက်ဝရန်တာ၌အရောင်အမျိုးမျိုးဖြင့် စောင်နှင့်အိပ်ရာခင်းများကိုတွဲလောင်းချိတ်ထားသည်။

အရပ်ရှည်ရှည်နှင့်လူငယ်လေးသည် ၎င်းရှေ့တွင်ရပ်နေပြီး မြင့်သွန်းလှသောအဆောင်ကို ကြည့်နေပြီးမှ အထဲဝင်သွားခဲ့သည်။

ကော်ရစ်တာသည် မှိန်ပြပြအလင်းရောင်ရှိပြီး ဖုန်နှင့်စားစရာများ၏အနံ့ကိုရတတ်သည်။ ယဲ့ကျားသည် တံခါးတစ်ချပ်ရှေ့တွင်ရပ်လိုက်သည်။သူခဏလေးသာရပ်ခဲ့ပြီး ပျောက်လုပျောက်ခင်အမှတ် ၃၀၃ ကိုစက္ကန့်အနည်းငယ်ကြာအောင်ကြည့်နေခဲ့သည်၊ ပြီးနောက် သူ၏လက်ချောင်းများကိုကွေးကာ ညင်သာစွာခေါက်လိုက်၏။ တံခါးအနောက်ဘက်မှဒယိမ်းဒယိုင်လျှောက်လာနေသောခြေသံကိုကြားရပြီး ပစ္စည်းများရွှေ့သံကိုလည်းကြားရသည်။

"လာပြီ...လာပြီ"

အပ်ကျသံပင်ကြားရအောင်တိတ်ဆိတ်နေသော ကော်ရစ်တာတွင်သော့ပွင့်လာသည့်အသံက ကျယ်လောင်ပြတ်သားနေသည်။

ချုံးချုံးကျနေသောတံခါးပွင့်လာပြီးနောက် ပါးရေများတွန့်လိမ်နေသောအမျိုးသမီးတစ်ယောက်၏မျက်နှာက ပေါ်လာသည်။ သူမသည်အတော်အတန်အိုမင်းနေပြီး မျက်နှာပေါ်ရှိအရေးအကြောင်းများက သူမဖြတ်သန်းလာခဲ့သောနှစ်များကိုကိုယ်စားပြုနေသည်။ သူမ၏မျက်မှန်အထူကြီးနောက်မှ ကြည့်လာသောမျက်လုံးများက နက်မှောင်နေသည်။

"ဘယ်သူလဲ"

ယဲ့ကျားက နှုတ်ခမ်းကိုဖိကာတိုးတိုးလေးပြောသည်။

"ဟယ်လို...ဒေါက်တာချန်း...ကျွန်တော်...ကျွန်တော်က...ခင်ဗျားတာဝန်ယူခဲ့ရတဲ့ နစ်နာသူတွေထဲကတစ်ယောက်ရဲ့ ရပ်ဝေးကဆွေမျိုးပါ၊ ကျွန်တော်မေးခွန်းနည်းနည်းမေးချင်လို့လာတာပါ"

"ငါတာဝန်ယူခဲ့ရတဲ့အမှု..."

ဒေါက်တာချန်းသည် အရိုးများငေါထွက်နေသောလက်ဖြင့် သူမ၏စာကြည့်မျက်မှန်ကိုပင့်တင်ပြီး ခေါင်းယမ်းသည်။

"ငါကအသက်ကြီးပြီဆိုတော့ အရင်ကိစ္စတွေကိုမမှတ်မိတော့ဘူး၊ မင်းဒီကိုလာတာအလကားဖြစ်သွားပြီ"

"နေပါအုံးဗျ"

ယဲ့ကျားက ပိတ်သွားတော့မည့်တံခါးကိုပြန်ကိုင်ထားသည်: "ခင်ဗျားချီရော့နဲ့ ယဲ့ဟွေ့ရုံတို့ အမှုကိုမှတ်မိသေးလား"

ဒေါက်တာချန်း၏လှုပ်ရှားမှုများက ရပ်သွားသည်။ သူမကယဲ့ကျားကိုအသေအချာကြည့်နေပြီးမှ သက်ပြင်းချပြီးတံခါးကိုင်ထားသည့်လက်ကိုလွှတ်ပေးလိုက်သည်။

"အထဲဝင်လာခဲ့"

"ကြောက်စရာပဲ၊ အရမ်းကိုကြောက်စရာကောင်းခဲ့တယ်"

အဘွားအိုသည် အတွင်းဘက်သို့ တောင်ဝှေးဖြင့်သူမကိုယ်သူမထောက်ကူရင်းဝင်သွားသည်။

"ငါအလုပ်လုပ်ခဲ့တဲ့နှစ်တွေထဲမှာ အဲဒီလောက်ကြောက်စရာကောင်းတဲ့အမှုမျိုးကိုမကြုံဖူးခဲ့ဘူး"

သူမကပြန်လှည့်လာပြီးမေးသည်: "ဟား..မင်းကရပ်ဝေးကဆွေမျိုးဆိုတော့ အဲဒီကလေးကဘာဖြစ်သွားလဲရောသိလား"

ယဲ့က်ား၏အသံက ချုပ်ထိန်းထားရမှုများအပြည့်: "သူပျောက်သွားတယ်လို့ပြောကြတယ်"

ဒေါက်တာချန်းကမှင်သက်သွားသည်: "အို့..ဘုရားရေ"

အနှစ်သုံးဆယ်ကျော်လွန်သွားခဲ့သည့်တိုင် သူမထိုအမှုကိုရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်။

ကောင်ငယ်လေးတစ်ယောက်သည် သွေးမရှိတော့သည့်မျက်နှာနှင့်ပြာနှမ်းနေသောနှုတ်ခမ်းတို့ဖြင့် တစ်ကိုယ်လုံးမိုးရေများရွှဲစိုလျက် ရဲစခန်းမှခုံတန်းပေါ်တွင်ထိုင်နေခဲ့သည်။ သူ၏အကျႌနှင့်ဘောင်းဘီများကသွေးများဖြင့် ဖုံးနေ၏။ သို့ထိတိုင် သူငိုထားသည့်အရိပ်အယောင်ကား တစ်စက်ပင်မရှိ။ သူသည် ထိုနေရာတွင်သာထိုင်နေပြီး အရှေ့မှမြေကွက်လပ်ကြီးသာကြည့်နေခဲ့သည်။

သူသည်တုန်လှုပ်ဖွယ်ညတစ်ညကို ဖြတ်သန်းခဲ့ရသည်။ ထိုတစ်ညတည်းမှာပင် သူ၏မိခင်ကိုဆုံးရှုံးလိုက်ရပြီး အဖေဖြစ်သူမှာလည်း ရာဇဝတ်ကောင်အဖြစ်ပြောင်းသွားခဲ့သည်။

အခန်းငယ်လေးမှာ သောင်းပြောင်းထွေလာပစ္စည်း အဟောင်းအနွမ်းများနှင့်ပြည့်နေပြီး ပြတင်းဘောင်များပေါ်၌လည်း ထူထဲသောဖုန်တစ်လွှာက ဖုံးအုပ်နေသည်၊ အခန်းထဲသို့မှိန်ဖျော့သည့် အလင်းရောင်ပမာဏအနည်းသာဝင်ရောက်နေ၏။

တစ်ခန်းလုံး အောက်သိုးသိုးအနံ့များလွင့်မြောနေသည်။

"ထိုင်ပါအုံး"

ဒေါက်တာချန်းသည် ခြေတစ်ဖက်တည်းကိုသာအားပြု၍ အခန်းထဲဝင်သွားပြီး ပစ္စည်းမျိုးစုံနေရာယူနေသည့်ဆိုဖာပေါ်တွင်ထိုင်ချလိုက်သည်။

"မင်းဘာသိချင်တာလဲ"

ယဲ့ကျားသည် အိုမင်းရင့်ရော်နေပြီး တခေါင်းလုံးဖွေးဖြူနေသောအမျိုးသမီးကိုငုံ့ကြည့်ကာ ဖြည်းဖြည်းချင်းပြောသည်။

"အဲဒီတုန်းက..ဒေါက်တာကအဲဒီအလောင်းနှစ်လောင်းကို စစ်ဆေးခဲ့တဲ့မှုခင်းဆရာဝန်တွေထဲကတစ်ယောက်နော်...ဟုတ်လား"

"ဟုတ်ပါတယ်၊ နှစ်တွေလည်းကြာခဲ့ပြီဆိုပေမဲ့ ဒီအဘွားကြီးအဲဒီနေ့ကိုအသေအချာမှတ်မိသေးတယ်...ကံဆိုးကြတာပါပဲကွယ်"

ဇနီးသည်က ခင်ပွန်းဖြစ်သူ၏ဓားဖြင့်ထိုးခြင်းကြောင့်သေဆုံးခဲ့ရသည်။

သူမကဲ့သို့သော မှုခင်းဆရာဝန်အတွက် ၎င်းကအသစ်အဆန်းမဟုတ်တော့ပါချေ။ သို့သော် ဤသို့သောနယ်ပယ်တွင်နှစ်ပေါင်းများစွာကြာအောင်အလုပ်လုပ်လာပြီး လူတစ်ယောက်၏အစာအိမ်နှင့်ကိုယ်တွင်းအဂါၤများ တစစီမွစာကျဲနေသည်ကိုမြင်ခဲ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ခဲ့သည်။ ဒေါသအလျောက်လုပ်ခြင်းဆိုသည်မှာမဖြစ်နိုင်။ ခွဲစိတ်ကုတင်ပေါ်မှအလောင်းသည် ပုခုံးအထက်နှင့်ဆီးခုံအောက်ပိုင်းတွင် အန္တရာယ်မရှိသော်ငြား ၎င်းနှစ်ခုကြားရှိအစိတ်အပိုင်းများက သွေးများဗရပွနှင့်ရှုပ်ထွေးနေခဲ့သည်။

ပျက်စီးမှုကများပြားလွန်းလှလေရာ သူတို့သည်နစ်နာသူ၏သေဆုံးရမှုအကြောင်းအရင်းကိုသာ အတည်ပြုနိုင်ခဲ့သည်။ အခြားအလောင်းအတွက်မှာမူ...နှိုင်းယှဉ်ကြည့်သည်ကပိုမိုလွယ်ကူလိမ့်မည်။

ယောကျ်ားဖြစ်သူ၏ လက်မောင်းနှင့်လက်များက ဇနီးသည်၏သွေးများနှင့်ခြောက်ကပ်နေပြီး ၎င်း၏လက်သည်းထဲတွင်သွေးနှင့်အသားစများရှိနေသေးသည်။ ရူးသွပ်နေဟန်ပုံပျက်ပန်းပျက်အပြုံးသည် ပြူးထွက်နေသောမျက်လုံးနှင့်ဖြူဖွေးတောင့်တင်းနေပြီးသော မျက်နှာထက်ဝယ်ကျန်ရစ်နေခဲ့သေးသည်။ ၎င်းမှာကျောချမ်းဖွယ်ရာပင်။

စုတ်ပြဲနေသောအသားပေါ်ရှိ ရင်ဘတ်အလယ်တည့်တည့်တွင်ဒဏ်ရာကြီးတစ်ခုရှိသည်။ အလောင်းကို ခွဲစိတ်စင်ပေါ်တင်လိုက်ပြီးတည်းက၎င်းဒဏ်ရာကသွေးတိတ်သွားခဲ့ပြီ။

ပြောကြသည်မှာ သားဖြစ်သူသည်ကျောင်းမှပြန်လာပြီး မိခင်ဖြစ်သူသေဆုံးရခြင်း၏မျက်မြင်သက်သေဖြစ်ကြောင်း၊ ကောင်လေးကထိတ်လန့်တကြားဖြင့် ထွက်ပြေးမည်အပြု ဖခင်ဖြစ်သူ၏ပြန်ဆွဲခြင်းကိုခံရပြီး သစ်သီးလှီးဓားဖြင့်အထိုးခံခဲ့ရကြောင်း။

အဖြူရောင်လက်ဖက်ရည်ခွက်ပေါ်မှ ဝေ့တက်လာသည့် အဖြူရောင်ရေနွေးငွေ့များမှာ ဒေါက်တာချန်း၏မျက်မှန်ပေါ်တွင် မြူခိုးအလွှားပါးလေးတစ်ခုဖွဲ့တည်သွားစေသည်။ သူမ သက်ပြင်းချလိုက်ပြီး စကားပြောနေသည်ကိုရပ်လိုက်ကာ ခွက်ကိုစားပွဲခုံပေါ်သို့ပြန်တင်ပြီး သူမအကျႌနှင့်ဖြည်းညှင်းစွာသုတ်နေသည်။ ယဲ့ကျားက မျက်လွှာချကာတိတ်တဆိတ်နားထောင်နေ၏။

သူ၏ရီဝေမှိုင်းပြသောမျက်လုံးများက စားပွဲပေါ်တွင်ဘောင်ဘင်ခတ်နေသော လက်ဖက်ရည်ကိုကြည့်နေသည်၊ သူ၏မှတ်ဉာဏ်တို့မှာ မိုးရေစက်များကြောင့် ပြိုကွဲသွားသော ရေကန်တစ်ကန်ကဲ့သို့ စိတ်၏နက်ရှိုင်းသောနေရာတွင်ပေါ်လာသည်။

အပြင်တွင် မိုးချုန်းသံများညံနေခဲ့သည်။ မိုးကသည်းသည်းမဲမဲရွာနေခဲ့သည်။ ပယင်းရောင်မျက်လုံးများကနာကျင်မှု၊ ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများဖြင့်တုန်လှုပ်နေသည့်တိုင် ထိုလူ၏ရင်ဘတ်တွင်စိုက်ဝင်နေသော သစ်သီးလှီးဓားကိုမလွှတ်တမ်းဆုပ်ကိုင်ထားခဲ့သည်။ ပူနွေးသောသွေးများက ဒဏ်ရာမှစိမ့်ကျနေခဲ့ပြီး လူငယ်လေး၏လက်ချောင်းများက ရဲရဲတောက်နေခဲ့၏။ လူငယ်လေးသည် ဆုပ်ထားသောလက်ချောင်းမှအားကိုလျှော့လိုက်သည်။ ထိုလူ၏ ကိုယ်အလေးကြီးသူ၏အရှေ့၌ လဲကျသြား၏။ သူမတ်တပ်ရပ်လိုက်ကာ စိတ်ချမ်းသာစရာမရှိသောအခန်းအတွင်း တစ်လှမ်းပြီးတစ်လှမ်းလျှောက်သွားသည်၊ သူ၏ခြေထောက်အောက်မှသွေးများက နင်းလိုက်တိုင်း တစွတ်စွတ်မြည်နေသည်။

သူ အိမ်သုံးဖုန်းအရှေ့တွင်ရပ်လိုက်ကာ ဖုန်းကိုဖြည်းဖြည်းချင်းကိုင်လိုက်သည်၊ သွေးပေထားသောသူ၏လက်ချောင်းများကြောင့် ဖုန်းခလုတ်ပေါ်တွင် လက်ဗွေရာများကျန်ရစ်ခဲ့သည်။ ဖုန်းခေါ်နေသည့်အသံအပြီး လိုင်းချိတ်မိသွားသည်။ ငယ်ရွယ်သောကောင်လေးတစ်ယောက်၏အသံက ထိတ်လန့်ဖွယ်ကောင်းလောက်အောင်တည်ငြိမ်အေးဆေးနေ၏။

"ဟဲလို..ကျွန်တော်သတင်းပေးစရာရှိလို့ပါ..."

"လူနှစ်ယောက်သေသွားပါတယ်...ဟုတ်ပါတယ်...ကျွန်တော့်အဖေနဲ့အေမပါ"

"လိပ်စာက...."

'ခွပ်' ဟူသောအသံဖြင့် သူဖုန်းပြန်ချလိုက်သည်။ လူငယ်လေးကအနောက်သို့ပြန်လှည့်ပြီး ယခုမှပင် ထိန်းသိမ်းမရအောင်တုန်လှုပ်လာသည်။ လျှပ်စီးများလက်နေသည့်အကြား မြူထုထဲမှသွေးထွက်သံယိုမြင်ကွင်းအလယ်တွင် သူသည်အေးခဲနေခဲ့သည်၊ အပြင်ဘက်တွင် မိုးသည် သည်းထန်စွာရွာနေဆဲဖြစ်ပြီး ဟာရီကိန်းအလယ်မှသစ်ရွက်လေးတစ်ရွက်ကဲ့သို့ တုန်ခါနေသည်။